မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပြည့်ဝသောနှလုံးဖြင့် တည်ကြည်မှုကို ထိန်းသိမ်းပါ

ပြည့်ဝသောနှလုံးဖြင့် တည်ကြည်မှုကို ထိန်းသိမ်းပါ

ပြည့်ဝသောနှလုံးဖြင့် တည်ကြည်မှုကို ထိန်းသိမ်းပါ

‘ကိုယ်တော်၏အမှန်တရားလမ်းသို့ လိုက်သွားပါမည်။ နာမတော်ကိုကြောက်ရွံ့မည်အကြောင်း အကျွန်ုပ်၏နှလုံးကို စေ့စပ်စေတော်မူပါ။’—ဆာ. ၈၆:၁၁

၁၊ ၂။ ဆာလံ ၈၆:၂၊ ၁၁ အရ စမ်းသပ်မှုများ သို့မဟုတ် သွေးဆောင်မှုများရင်ဆိုင်ရချိန်တွင် ယေဟောဝါအပေါ် ကျွန်ုပ်တို့ဆက်၍တည်ကြည်ရန် အဘယ်အရာက အထောက်အကူပြုမည်နည်း။ (ခ) အဘယ်အချိန်တွင် အကြွင်းမဲ့တည်ကြည်မှုကို ပြုစုပျိုးထောင်သင့်သနည်း။

ရစ်ယာန်တချို့သည် ထောင်ချခံရ သို့မဟုတ် နှိပ်စက်ညှဉ်းပန်းခံရသည့်တိုင် ယင်းကိုနှစ်နှင့်ချီတည်ကြည်ခံရပ်ခဲ့ကြသော်လည်း နောက်ပိုင်း ရုပ်ပစ္စည်းတပ်မက်မှုကို ခုခံတွန်းလှန်ရာတွင် အဘယ်ကြောင့်ကျရှုံးသွားကြသနည်း။ အဖြေမှာ ကျွန်ုပ်တို့၏အတွင်းလူဖြစ်သော ပုံဆောင်နှလုံးနှင့် ပတ်သက်သည်။ ၈၆ ခုမြောက်ဆာလံကျမ်းသည် စေ့စပ်သည့်နှလုံး သို့မဟုတ် ကွဲပြားခြင်းမရှိသည့်ပြည့်ဝသောနှလုံးနှင့် တည်ကြည်မှုကို ဆက်စပ်ထားသည်။ ဆာလံဆရာဒါဝိဒ် ဤသို့ဆုတောင်းခဲ့၏– ‘အကျွန်ုပ်၏ဘုရားသခင်၊ သန့်ရှင်းသူ [‘တည်ကြည်သူ၊’ ကဘ] တို့အဝင်ဖြစ်သော အကျွန်ုပ်၏ဝိညာဉ်ကိုစောင့်မ၍ ကိုယ်တော်ကိုကိုးစားသော ကိုယ်တော်၏ကျွန်ကို ကယ်တင်တော်မူပါ။’ ဒါဝိဒ် ဤသို့လည်းဆုတောင်းခဲ့၏– ‘အိုယေဟောဝါ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အားပြညွှန်တော်မူပါ။ ကိုယ်တော်၏အမှန်တရားလမ်းသို့ လိုက်သွားပါမည်။ နာမတော်ကိုကြောက်ရွံ့မည်အကြောင်း အကျွန်ုပ်၏နှလုံးကို စေ့စပ်စေတော်မူပါ။’—ဆာ. ၈၆:၂၊ ၁၁

ကျွန်ုပ်တို့သည် ယေဟောဝါအား နှလုံးအကြွင်းမဲ့ယုံကြည်ကိုးစားခြင်းမရှိပါက အခြားစိုးရိမ်ပူပန်မှုများနှင့် တွယ်တာစရာများက မှန်သောဘုရားသခင်အပေါ် ကျွန်ုပ်တို့၏တည်ကြည်မှုကို အားနည်းသွားစေမည်။ ကိုယ်ကျိုးရှာသောစိတ်ဆန္ဒများသည် ကျွန်ုပ်တို့လျှောက်နေသည့်လမ်း၌မြှုပ်ထားသော မြေမြှုပ်မိုင်းများနှင့်တူသည်။ ကျွန်ုပ်တို့သည် ခက်ခဲသည့်အခြေအနေများအောက်တွင် ယေဟောဝါအပေါ် ဆက်၍တည်ကြည်ကြမည်ဖြစ်သည့်တိုင် စာတန်၏ထောင်ချောက် သို့မဟုတ် ကျော့ကွင်းတို့တွင် သားကောင်အဖြစ်ကျသွားနိုင်သည်။ ကျွန်ုပ်တို့အပေါ် စမ်းသပ်မှုများ သို့မဟုတ် သွေးဆောင်မှုများမကျရောက်မီ ယခုအချိန်တွင် ယေဟောဝါအပေါ် အကြွင်းမဲ့တည်ကြည်မှုကို ပြုစုပျိုးထောင်ဖို့ အလွန်အရေးကြီးသည်။ “သင်၏နှလုံးကို အထူးသဖြင့်စောင့်ရှောက်လော့” ဟုသမ္မာကျမ်းစာကဆိုသည်။ (သု. ၄:၂၃) ဤကိစ္စနှင့်စပ်လျဉ်း၍ ဣသရေလဘုရင် ယေရောဗောင်ထံသို့ ယေဟောဝါစေလွှတ်ခဲ့သူ ယုဒပြည်မှပရောဖက်၏အဖြစ်အပျက်မှ အဖိုးထိုက်သင်ခန်းစာများကို သင်ယူနိုင်သည်။

“လက်ဆောင်ပေးမည်”

၃။ ဘုရားသခင့်ပရောဖက်အားဖြင့် ထုတ်ဆင့်သည့် တရားစီရင်ချက်သတင်းကို ယေရောဗောင် မည်သို့တုံ့ပြန်ခဲ့သနည်း။

အဖြစ်အပျက်ကို မြင်ယောင်ကြည့်ပါ။ ဘုရားသခင်၏လူသည် မြောက်ပိုင်းဣသရေလဆယ်နွယ်နိုင်ငံတွင် နွားရုပ်ကိုးကွယ်မှုကိုအစပြုခဲ့သူ ဘုရင်ယေရောဗောင်အား ပြင်းထန်သည့်သတင်းစကား ထုတ်ဆင့်ပြီးခါစဖြစ်သည်။ ဘုရင်သည် ဒေါသူပုန်ထလာသည်။ သူ၏လူတို့အား ထိုတမန်ကိုဖမ်းရန် အမိန့်ပေးသည်။ သို့သော် ယေဟောဝါသည် မိမိ၏ကျေးကျွန်ဘက်တွင်ရှိသည်။ ဒေါသနှင့်ဆန့်လိုက်သော ဘုရင်၏လက်သည် အံ့ဖွယ်ချက်ချင်းသွေ့ခြောက်သွားပြီး မှားသောဝတ်ပြုရေးအတွက်အသုံးပြုသည့် ယဇ်ပလ္လင်ကွဲသွားလေသည်။ ချက်ချင်းဆိုသလိုပင် ယေရောဗောင်၏အပြုအမူ ပြောင်းလဲသွားသည်။ သူသည် ဘုရားသခင်၏လူကို ဤသို့တောင်းပန်၏– ‘ငါ့လက်၌ရောက်သောရောဂါကို ပျောက်စေမည်အကြောင်း ငါ့အတွက်ဆုတောင်း၍ သင်၏ဘုရားသခင် ထာဝရဘုရားသခင်ရှေ့တော်၌ တောင်းပန်ပါလော့။’ ပရောဖက်သည် ဆုတောင်းပေးသောကြောင့် ဘုရင်၏လက် ပျောက်ကင်းသက်သာသွားသည်။—၃ ရာ. ၁၃:၁-၆

၄။ (က) ဘုရင်၏ကမ်းလှမ်းမှုသည် ပရောဖက်၏တည်ကြည်မှုနှင့်ပတ်သက်၍ အဘယ်ကြောင့် အမှန်တကယ်စမ်းသပ်မှုဖြစ်သနည်း။ (ခ) ပရောဖက် မည်သို့တုံ့ပြန်ခဲ့သနည်း။

ထို့နောက် ယေရောဗောင်က မှန်သောဘုရားသခင်၏လူအား “ငါနှင့်အတူလိုက်၍ အားဖြည့်လော့။ လက်ဆောင်ပေးမည်” ဟုဖိတ်ခေါ်သည်။ (၃ ရာ. ၁၃:၇) ယခု ပရောဖက် အဘယ်အရာပြုမည်နည်း။ ဘုရင်အားပြစ်တင်ရှုတ်ချသည့် သတင်းစကားကို ထုတ်ဆင့်ပြီးနောက် ဘုရင်၏ဧည့်ဝတ်ပြုမှုကို လက်ခံသင့်သလော။ (ဆာ. ၁၁၉:၁၁၃) သို့မဟုတ် ဘုရင်သည် နောင်တရသည့်ပုံဖြစ်သည့်တိုင် ဘုရင်၏ဖိတ်ခေါ်ချက်ကို ငြင်းပယ်သင့်သလော။ ယေရောဗောင်သည် ချမ်းသာကြွယ်ဝသူဖြစ်ပြီး မိမိမိတ်ဆွေများအပေါ် အလွန်ရက်ရောနိုင်သည်။ ဘုရားသခင့်ပရောဖက်၏စိတ်တွင် ရုပ်ပစ္စည်းတပ်မက်မှု လျှို့ဝှက်စွာကိန်းအောင်နေမည်ဆိုလျှင် ဘုရင်၏ကမ်းလှမ်းမှုသည် သူ့အဖို့ အလွန်ကြီးမားသော သွေးဆောင်မှုဖြစ်ပေမည်။ သို့သော် ယေဟောဝါက ပရောဖက်အား “မုန့်ကိုမစားနှင့်။ ရေကိုမသောက်နှင့်။ လာသောလမ်းဖြင့်မပြန်နှင့်” ဟုမြစ်တားထားသည်။ ထို့ကြောင့် ပရောဖက်က ရှင်းလင်းပြတ်သားစွာ ဤသို့ပြန်ဖြေ၏– “နန်းတော်တစ်ဝက်ကိုပေးသော်လည်း သင်နှင့်အတူငါမလိုက်။ ဤအရပ်၌ မုန့်ကိုမစား၊ ရေကိုလည်းမသောက်။” ယင်းနောက် ပရောဖက်သည် အခြားလမ်းဖြင့် ဗေသလမှထွက်သွားသည်။ (၃ ရာ. ၁၃:၈-၁၀) ပရောဖက်၏ဆုံးဖြတ်ချက်က အကြွင်းမဲ့တည်ကြည်မှုနှင့်ပတ်သက်၍ ကျွန်ုပ်တို့အား အဘယ်သင်ခန်းစာ သင်ပေးသနည်း။—ရော. ၁၅:၄

“ရောင့်ရဲလျက်နေကြကုန်အံ့”

၅။ ရုပ်ပစ္စည်းတပ်မက်ခြင်းသည် တည်ကြည်မှုဆိုင်ရာအရေးကိစ္စ မည်သို့ဖြစ်သနည်း။

ရုပ်ပစ္စည်းတပ်မက်ခြင်းသည် တည်ကြည်မှုဆိုင်ရာအရေးကိစ္စဖြစ်ပုံမရသော်လည်း ယင်းသည် အမှန်ပင်တည်ကြည်မှုဆိုင်ရာအရေးကိစ္စဖြစ်သည်။ ကျွန်ုပ်တို့အမှန်တကယ်လိုအပ်ရာကို ထောက်မပေးမည်ဟူသည့် ယေဟောဝါ၏ကတိတော်ကို ကျွန်ုပ်တို့ ယုံကြည်ကိုးစားပါသလော။ (မ. ၆:၃၃; ဟေဗြဲ ၁၃:၅) ယခုလောလောဆယ် ကျွန်ုပ်တို့မပိုင်ဆိုင်နိုင်သည့် ဘဝကိုပို၍သက်သောင့်သက်သာဖြစ်စေသော အရာတချို့ကို မည်သည့်နည်းနှင့်မဆို ရရှိရန်ကြိုးစားမည့်အစား ယင်းတို့မရှိဘဲ နေထိုင်နိုင်ပါသလော။ (ဖိလိပ္ပိ ၄:၁၁-၁၃ ကိုဖတ်ပါ။) ကျွန်ုပ်တို့အလိုရှိရာကိုယခုရရန် သီအိုကရက်တစ်အခွင့်အရေးများကိုစွန့်လွှတ်ဖို့ သွေးဆောင်ခံနေရပါသလော။ ယေဟောဝါအား တည်ကြည်စွာအမှုဆောင်ခြင်းကို ကျွန်ုပ်တို့၏အသက်တာတွင် ပထမနေရာ၌ထားပါသလော။ ကျွန်ုပ်တို့၏အဖြေများသည် ဘုရားသခင်အား ကျွန်ုပ်တို့နှလုံးအကြွင်းမဲ့အမှုဆောင်နေမနေပေါ် များစွာမူတည်ပါသည်။ တမန်တော်ပေါလု ဤသို့ရေးခဲ့၏– ‘ရောင့်ရဲသောစိတ်ပါလျှင် ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းသည် ကြီးစွာသောအကျိုးစီးပွားမှန်၏။ အကြောင်းမူကား ငါတို့သည် ဤလောကထဲသို့ အဘယ်အရာမျှမပါဘဲလာသည်ဖြစ်၍ ထွက်သွားလျှင်လည်း အဘယ်အရာကိုမျှယူ၍မသွားနိုင်ဟု ထင်ရှားလျက်ရှိ၏။ သို့ဖြစ်၍ စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နေကြကုန်အံ့။’—၁ တိ. ၆:၆-၈

၆။ ကျွန်ုပ်တို့ အဘယ် “လက်ဆောင်” များကမ်းလှမ်းခံရနိုင်သနည်း၊ ယင်းတို့ကိုလက်ခံမခံဆုံးဖြတ်ရာတွင် အဘယ်အရာက အထောက်အကူပြုမည်နည်း။

ဥပမာ၊ ကျွန်ုပ်တို့၏အလုပ်ရှင်သည် လစာပိုပေးပြီး အခြားအကျိုးအမြတ်များပေးကာ အလုပ်ရာထူးတိုးပေးနိုင်သည်။ သို့မဟုတ် အလုပ်ရရန် အခြားနိုင်ငံ သို့မဟုတ် အခြားဒေသသို့ပြောင်းရွှေ့မည်ဆိုလျှင် ငွေကြေးအကျိုးအမြတ်များများရနိုင်သည်ဟု ကျွန်ုပ်တို့ယူမှတ်ခြင်းဖြစ်ပေမည်။ အစပိုင်းတွင် ထိုအခွင့်အရေးများသည် ယေဟောဝါထံမှ ကောင်းချီးတစ်ခုဖြစ်ပုံရပေမည်။ သို့သော် ဆုံးဖြတ်ချက်မချမီ ကျွန်ုပ်တို့၏သဘောထားကို ဆန်းစစ်သင့်သည်မဟုတ်လော။ ကျွန်ုပ်တို့ အဓိကသုံးသပ်သင့်သည့် မေးခွန်းမှာ “ငါ့ရဲ့ဆုံးဖြတ်ချက်ဟာ ယေဟောဝါနဲ့ ငါ့ရဲ့ဆက်ဆံရေးကို ဘယ်လိုထိခိုက်မလဲ” ဖြစ်သည်။

၇။ ရုပ်ပစ္စည်းတပ်မက်သည့်စိတ်ဆန္ဒများကို အမြစ်ပါမကျန်နုတ်ပစ်ရန် အဘယ်ကြောင့်အရေးကြီးသနည်း။

စာတန့်စနစ်သည် ရုပ်ပစ္စည်းတပ်မက်ရန် မပြတ်အားပေးအားမြှောက်ပြုလျက်ရှိသည်။ (၁ ယောဟန် ၂:၁၅၊ ၁၆ ကိုဖတ်ပါ။) စာတန်၏ရည်ရွယ်ချက်မှာ ကျွန်ုပ်တို့၏နှလုံးကို ယိုယွင်းဖောက်ပြန်စေရန်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့နှလုံးတွင်ရှိသော ရုပ်ပစ္စည်းတပ်မက်သည့်စိတ်ဆန္ဒများကို ခွဲခြားသိမြင်ရန်နှင့် အမြစ်ပါမကျန်နုတ်ပစ်ရန် နိုးနိုးကြားကြားရှိဖို့လိုသည်။ (ဗျာ. ၃:၁၅-၁၇) လောက၌ရှိသမျှသောတိုင်းနိုင်ငံတို့ကိုပေးမည်ဟူသော စာတန်၏ကမ်းလှမ်းချက်ကိုငြင်းပယ်ရန် ယေရှုအဖို့ မခက်ခဲခဲ့ပါ။ (မ. ၄:၈-၁၀) ကိုယ်တော် ဤသို့သတိပေးခဲ့၏– “လောဘလွန်ကျူးခြင်းကို သတိနှင့်ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား စည်းစိမ်ရှိသော်လည်း စည်းစိမ်၌အသက်မတည်။” (လု. ၁၂:၁၅) တည်ကြည်ခြင်းက မိမိကိုယ်ကိုမဟုတ်ဘဲ ယေဟောဝါအားယုံကြည်ကိုးစားရန် အထောက်အကူပြုမည်။

သက်ကြီးပရောဖက်တစ်ဦး “မုသာသုံး၍ပြောဆို၏”

၈။ ဘုရားသခင့်ပရောဖက်၏တည်ကြည်မှုသည် မည်သို့စမ်းသပ်ခံခဲ့ရသနည်း။

ဘုရားသခင့်ပရောဖက်သည် သူ၏ အိမ်ပြန်ခရီးဖြောင့်ဖြောင့်နှင်ခဲ့မည်ဆိုလျှင် အရာရာအဆင်ပြေချောမွေ့မည်ဖြစ်သည်။ သို့သော် ချက်ချင်းဆိုသလိုပင် သူသည် နောက်စမ်းသပ်မှုတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။ သမ္မာကျမ်းစာက ဤသို့ဖော်ပြ၏– “ဗေသလမြို့တွင် အသက်ကြီးသော ပရောဖက်တစ်ယောက်ရှိ၏။ သူ၏သားတို့သည်လာ၍” ထိုနေ့အစောပိုင်း၌ ဖြစ်ပျက်ခဲ့ရာအားလုံးကို ဖခင်အားပြန်ပြောပြကြ၏။ ထိုအကြောင်းကိုကြားလျှင် သက်ကြီးပရောဖက်သည် ဘုရားသခင့်ပရောဖက်နောက်လိုက်မီရန် မြည်းကုန်းနှီးတင်ပေးဖို့ သားတို့အားတောင်းဆိုသည်။ ယင်းနောက်သိပ်မကြာမီ သစ်ပင်ကြီးတစ်ပင်အောက်တွင် အနားယူနေသော ပရောဖက်ကိုတွေ့ကာ “ငါနှင့်အတူငါ့အိမ်သို့လိုက်၍ မုန့်ကိုစားပါလော့” ဟုဖိတ်ခေါ်သည်။ မှန်သောဘုရားသခင်၏လူက ဖိတ်ခေါ်ချက်ကိုငြင်းသည့်အခါ သက်ကြီးပရောဖက်က ဤသို့ပြန်ပြော၏– ‘ငါသည် သင်ကဲ့သို့ပရောဖက်ဖြစ်၏။ သင်သည် မုန့်ကိုစား၍ရေကိုသောက်စေခြင်းငှာ သင့်ကို ငါ့အိမ်သို့ခေါ်ရမည်အကြောင်း ကောင်းကင်တမန်သည် ယေဟောဝါ၏နှုတ်မြွက်စကားတော်အားဖြင့် မှာထားပြီ။’ သို့သော် ယင်းသည် “မုသာသုံး၍ပြောဆို” ခြင်းဖြစ်သည်ဟု သမ္မာကျမ်းစာကဆို၏။—၃ ရာ. ၁၃:၁၁-၁၈

၉။ လိမ်လည်လှည့်စားသူတို့နှင့်ပတ်သက်၍ သမ္မာကျမ်းစာတွင် အဘယ်အရာဆိုထားသနည်း၊ သူတို့သည် မည်သူတို့ကိုထိခိုက်စေသနည်း။

သက်ကြီးပရောဖက်၏သဘောထား မည်သို့ရှိသည်ကို ကျွန်ုပ်တို့မသိရသော်လည်း သူသည် လိမ်လည်ခဲ့သည်။ သက်ကြီးပရောဖက်သည် တစ်ချိန်က ယေဟောဝါအပေါ်တည်ကြည်သော ပရောဖက်တစ်ဦးဖြစ်ခဲ့ဖွယ်ရှိသည်။ သို့သော် ဤအကြိမ်တွင်မူ သူသည် မုသာသုံးလှည့်စားခဲ့သည်။ ယင်းသို့သောအမူအကျင့်ကို သမ္မာကျမ်းစာတွင် ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချထားသည်။ (သု. ၃:၃၂ ကိုဖတ်ပါ။) လိမ်လည်လှည့်စားသူတို့သည် ဝိညာဉ်ရေးအရ မိမိတို့ကိုယ်ကိုထိခိုက်စေရုံမက အခြားသူတို့ကိုလည်း ထိခိုက်စေသည်။

သူသည် သက်ကြီးပရောဖက် “နှင့်အတူပြန်လာ”

၁၀။ ဘုရားသခင်၏ပရောဖက်သည် သက်ကြီးပရောဖက်၏ဖိတ်ခေါ်ချက်ကို မည်သို့တုံ့ပြန်ခဲ့သနည်း၊ အဘယ်ရလဒ်ဖြစ်ခဲ့သနည်း။

၁၀ ယုဒပြည်မှပရောဖက်သည် သက်ကြီးပရောဖက်၏လှည့်စားမှုကို တွေ့မြင်ဖို့ကောင်းသည်။ မိမိကိုယ်ကို ဤသို့မေးနိုင်သည်– ‘ယေဟောဝါဟာ ငါ့အတွက်ညွှန်ကြားချက်အသစ်ပေးဖို့ ကောင်းကင်တမန်တစ်ပါးကို တခြားတစ်ယောက်ဆီ ဘာကြောင့်စေလွှတ်မှာလဲ။’ ပရောဖက်သည် ညွှန်ကြားချက်ကို ရှင်းရှင်းလင်းလင်းသိမြင်ရန် ယေဟောဝါထံတောင်းလျှောက်နိုင်သည်၊ သို့သော် သူထိုသို့ပြုလုပ်ခဲ့သည်ဟု သမ္မာကျမ်းစာတွင် မဖော်ပြထားပါ။ ယင်းအစား “ဘုရားသခင်၏လူသည် ပရောဖက်နှင့်အတူပြန်လာ၍ သူ၏အိမ်မှာမုန့်ကိုစား၏။ ရေကိုလည်းသောက်၏။” ယင်းကို ယေဟောဝါမနှစ်သက်ခဲ့ပါ။ နောက်ဆုံး လှည့်စားခံရသည့်ပရောဖက် ယုဒပြည်သို့ပြန်သည့်အခါ ခြင်္သေ့နှင့်တွေ့ပြီး ခြင်္သေ့ကိုက်သတ်ခံခဲ့ရသည်။ သူ၏ပရောဖက်တာဝန်သည် ဝမ်းနည်းစရာနှင့်နိဂုံးချုပ်ခဲ့သည်။—၃ ရာ. ၁၃:၁၉-၂၅ *

၁၁။ အဟိယသည် အဘယ်ပုံသက်သေကောင်း တင်ပြခဲ့သနည်း။

၁၁ ယင်းနှင့်ဆန့်ကျင်ကာ ယေရောဗောင်အား ဘုရင်အဖြစ်ဘိသိက်ပေးရန် စေလွှတ်ခံခဲ့ရသူ ပရောဖက်အဟိယသည် အသက်ကြီးသည်အထိ ဆက်၍တည်ကြည်ခဲ့သည်။ အဟိယသည် အသက်ကြီး၍မျက်စိမမြင်မှုန်လျက်ရှိချိန်တွင် ယေရောဗောင်သည် ဖျားနေသောသား သက်သာရာရစေဖို့တောင်းဆိုရန် မိမိ၏မယားကို အဟိယထံစေလွှတ်ခဲ့သည်။ အဟိယက ယေရောဗောင်၏သားသည် သေလိမ့်မည်ဟု ရဲရင့်စွာပြောခဲ့သည်။ (၃ ရာ. ၁၄:၁-၁၈) အဟိယခံစားခဲ့ရသော ကောင်းချီးများစွာထဲတွင် ဘုရားသခင့်မှုတ်သွင်းခံကျမ်းစောင် ဖြစ်ပေါ်လာရန် ကူညီရသည့်အခွင့်ထူးရရှိခဲ့သည်။ မည်သို့အားဖြင့်နည်း။ သူရေးခဲ့သောကျမ်းများကို နောက်ပိုင်းတွင် ယဇ်ပုရောဟိတ်ဧဇရက ရင်းမြစ်အကြောင်းအရာအဖြစ် အသုံးပြုခဲ့သည်။—၆ ရာ. ၉:၂၉

၁၂-၁၄။ (က) ကျွန်ုပ်တို့သည် ပရောဖက်ငယ်၏အဖြစ်အပျက်မှ အဘယ်သင်ခန်းစာကို သင်ယူရရှိနိုင်သနည်း။ (ခ) အကြီးအကဲများပေးသည့် သမ္မာကျမ်းစာအခြေပြု ဆုံးမစကားများကို ဂရုတစိုက်နှင့် များစွာဆုတောင်းကာ ဆင်ခြင်သုံးသပ်ဖို့လိုကြောင်း ပုံဥပမာပေးပါ။

၁၂ ပရောဖက်ငယ်သည် မုန့်ကိုစား၊ ရေကိုသောက်ဖို့ သက်ကြီးပရောဖက်နှင့်ပြန်မလိုက်သွားမီ ယေဟောဝါအား အဘယ်ကြောင့်မမေးမြန်းခဲ့ကြောင်းကို သမ္မာကျမ်းစာက မဖော်ပြထားပါ။ သက်ကြီးပရောဖက်ပြောသည့်စကားသည် သူကြားလိုသည့်အရာ ဖြစ်နိုင်သလော။ ယင်းမှ ကျွန်ုပ်တို့ အဘယ်သင်ခန်းစာရရှိသနည်း။ ကျွန်ုပ်တို့သည် ယေဟောဝါ၏တောင်းဆိုချက်များ ဖြောင့်မတ်မှန်ကန်မှုကို အကြွင်းမဲ့ယုံကြည်စိတ်ချဖို့လိုသည်။ မည်သည့်အရာပင်လာပါစေ ယင်းတို့ကိုလိုက်လျှောက်မည်ဟု စိတ်ဆုံးဖြတ်ထားရမည်။

၁၃ အချို့သောသူတို့သည် ဆုံးမသွန်သင်ခံရချိန်တွင် မိမိတို့ကြားလိုသည့်အရာကိုသာ နားထောင်ကြသည်။ ဥပမာ၊ ကြေညာသူတစ်ဦးက မိမိ၏မိသားစုနှင့် သီအိုကရက်တစ်လုပ်ဆောင်မှုများတွင် အသုံးပြုသည့်အချိန်ကို လျော့နည်းသွားစေနိုင်သည့် အလုပ်တစ်ခု ကမ်းလှမ်းခံရပေမည်။ သူသည် အကြီးအကဲတစ်ဦးထံ အကြံဉာဏ်တောင်းဆိုပေမည်။ အကြီးအကဲက စကားချီးတွင် ညီအစ်ကို၏မိသားစုကို မည်သို့ထောက်ပံ့ရမည်နှင့်ပတ်သက်၍ မိမိတွင်ပြောပိုင်ခွင့်မရှိကြောင်း ဝန်ခံပေမည်။ ထို့နောက် အကြီးအကဲက ညီအစ်ကိုကမ်းလှမ်းခံရသည့်အလုပ်ကို လက်ခံခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် ဝိညာဉ်ရေးအန္တရာယ်များကို သုံးသပ်ပေမည်။ ညီအစ်ကိုသည် အကြီးအကဲ၏ဦးဆုံးမှတ်ချက်ကိုသာ စိတ်စွဲထားပါသလော၊ သို့မဟုတ် နောက်ပိုင်းပြောရာတို့ကို အလေးအနက်ဆင်ခြင်သုံးသပ်မည်လော။ ညီအစ်ကိုသည် ဝိညာဉ်ရေးနည်းလမ်းတွင် မိမိအဖို့ အဘယ်အရာအကောင်းဆုံးဖြစ်သည်ကို ပိုင်းဖြတ်ဖို့လိုသည်မှာထင်ရှားသည်။

၁၄ အခြားဖြစ်နိုင်ခြေကို သုံးသပ်ကြည့်ပါ။ ညီအစ်မတစ်ဦးက ယုံကြည်ခြင်းမတူသူခင်ပွန်းနှင့် ခွဲနေသင့်မသင့် အကြီးအကဲအားမေးမြန်းပေမည်။ အကြီးအကဲက ခွဲနေမနေဆုံးဖြတ်ချက်ကို သူကိုယ်တိုင်ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ရှင်းပြမည်မှာ သေချာသည်။ ယင်းနောက် အကြီးအကဲက ကိစ္စရပ်နှင့်ပတ်သက်၍ သမ္မာကျမ်းစာသွန်သင်ချက်များကို သုံးသပ်ပေမည်။ (၁ ကော. ၇:၁၀-၁၆) ညီအစ်မသည် အကြီးအကဲပြောဆိုရာတို့ကို ထိုက်သင့်စွာဆင်ခြင်သုံးသပ်မည်လော။ သို့မဟုတ် ခင်ပွန်းနှင့်ခွဲနေရန် သူ၏စိတ်ထဲတွင်ဆုံးဖြတ်ပြီးသားဖြစ်သလော။ ဆုံးဖြတ်ချက်ချရာတွင် သမ္မာကျမ်းစာအခြေပြုဆုံးမစကားများကို များစွာဆုတောင်းကာ ဆင်ခြင်သုံးသပ်ခြင်းသည် ပညာရှိရာရောက်မည်။

ကျိုးနွံမှုရှိပါ

၁၅။ ဘုရားသခင့်ပရောဖက်၏အမှားမှ အဘယ်အရာသင်ယူရရှိသနည်း။

၁၅ ယုဒပြည်မှလာသော ပရောဖက်၏အမှားမှ ကျွန်ုပ်တို့ တခြားအဘယ်အရာသင်ယူနိုင်သနည်း။ နယပုံပြင် ၃:၅ ကဤသို့ဆို၏– ‘ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။’ ယုဒပြည်မှလာသောပရောဖက်သည် ယခင်ကအတိုင်း ယေဟောဝါအား ဆက်၍ယုံကြည်ကိုးစားမည့်အစား ဤအဖြစ်တွင်မူ သူသည် မိမိ၏ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ကိုးစားခဲ့သည်။ သူ၏အမှားက သူ၏အသက်နှင့် ဘုရားသခင်ရှေ့ သူ၏နာမည်ကောင်းကိုပါ ဆုံးရှုံးစေခဲ့သည်။ ယေဟောဝါ၏အမှုတော်ကိုထမ်းဆောင်ရာတွင် ကျိုးနွံခြင်း၊ တည်ကြည်ခြင်းရှိရန် အရေးကြီးမှုကို အလေးပေးဖော်ပြသည်။

၁၆၊ ၁၇။ ယေဟောဝါအပေါ် ဆက်၍တည်ကြည်ရန် အဘယ်အရာက အထောက်အကူပြုမည်နည်း။

၁၆ ကျွန်ုပ်တို့နှလုံးတွင်ရှိသော ကိုယ်ကျိုးရှာသဘောထားများသည် ကျွန်ုပ်တို့ကို လမ်းမှားသို့ဦးတည်စေသည်။ “စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသောသဘောရှိ၏။” (ယေ. ၁၇:၉) ယေဟောဝါအပေါ်ဆက်၍တည်ကြည်ရန် ရောင့်တက်သည့်သဘောထား၊ မိမိကိုယ်ကိုယုံကြည်ကိုးစားသည့်သဘောထားတို့ပါဝင်သော ဥပဓိရုပ်ဟောင်းကို ချွတ်ပယ်ရန် ကျွန်ုပ်တို့ဆက်၍ကြိုးစားအားထုတ်ရမည်။ ထို့နောက် “မှန်သောဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းပါရမီအားဖြင့် ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသော” ဥပဓိရုပ်သစ်ကို ယူတင်ဝတ်ဆောင်ရမည်။—ဧဖက် ၄:၂၂-၂၄ ကိုဖတ်ပါ။

၁၇ “စိတ်နှိမ့်ချ [“ကျိုးနွံ၊” ကဘ] သောသူတို့၌ကား ပညာရှိ၏” ဟု နယပုံပြင် ၁၁:၂ ကဆိုသည်။ ယေဟောဝါအား ကျိုးနွံစွာယုံကြည်ကိုးစားခြင်းက ကြီးလေးသည့်အမှားများပြုခြင်းကိုရှောင်ရန် အထောက်အကူပြုသည်။ ဥပမာ၊ စိတ်ဓာတ်ကျခြင်းသည် ကျွန်ုပ်တို့၏ပိုင်းခြားဝေဖန်မှုကို အလွယ်တကူအလွဲလွဲအမှားမှားဖြစ်စေနိုင်သည်။ (သု. ၂၄:၁၀) ကျွန်ုပ်တို့သည် မြင့်မြတ်သောလုပ်ငန်းတော်၏ အသွင်အပြင်တချို့တွင်ပါဝင်နေရခြင်းကို မောပန်းနွမ်းနယ်လာနိုင်ပြီး နှစ်များတစ်လျှောက်လုပ်ဆောင်ခဲ့သည်မှာ တော်လောက်ပြီဟုခံစားရကာ ဤတာဝန်ကို အခြားသူအားထမ်းဆောင်ရမည့်အချိန်ဟု တွေးထင်လာပေမည်။ သို့မဟုတ် ကျွန်ုပ်တို့သည် “သာမန်” ဘဝပုံစံနှင့် ပိုနေလိုစိတ်ရှိလာပေမည်။ သို့သော် ကျွန်ုပ်တို့သည် “ကြိုးစားအားထုတ်” ပြီး “သခင်၏အမှုတော်တွင် အလုပ်များလျက်နေ” ခြင်းဖြင့် ကျွန်ုပ်တို့၏နှလုံးကို စောင့်ရှောက်ကြမည်။—လု. ၁၃:၂၄; ၁ ကော. ၁၅:၅၈ကဘ။

၁၈။ အဘယ်အရာဆုံးဖြတ်ရမည်ကိုမသိဖြစ်နေလျှင် အဘယ်အရာပြုလုပ်နိုင်သနည်း။

၁၈ တစ်ခါတစ်ရံ ခက်ခဲသည့်ဆုံးဖြတ်ချက်များချရန် လိုအပ်မည်ဖြစ်ပြီး ရွေးချယ်ရမည့်လမ်းမှန်ကို အလွယ်တကူမသိနိုင်ဖြစ်ပေမည်။ ထိုအခါ ကိစ္စရပ်များကို မိမိဘာသာဖြေရှင်းရန် သွေးဆောင်ခံမည်လော။ ထိုအခြေအနေမျိုးနှင့် ကြုံတွေ့ရသည့်အခါတိုင်း ယေဟောဝါထံအကူအညီတောင်းခံခြင်းသည် ပညာရှိရာရောက်မည်။ ယာကုပ် ၁:၅ ကဤသို့ဆို၏– “သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ပညာကိုလိုလျှင် . . . ခပ်သိမ်းသောသူတို့အား စေတနာစိတ်နှင့်ပေးသနားတော်မူသော ဘုရားသခင်ကိုတောင်းစေ။” ကျွန်ုပ်တို့၏ ကောင်းကင်ခမည်းတော်သည် ဆုံးဖြတ်ချက်မှန်မှန်ကန်ကန်ချနိုင်ရန် ကျွန်ုပ်တို့လိုအပ်သည့် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မူမည်။—လုကာ ၁၁:၉၊ ၁၃ ကိုဖတ်ပါ။

ဆက်၍တည်ကြည်မည်ဟု သန္နိဋ္ဌာန်ချထားပါ

၁၉၊ ၂၀။ ကျွန်ုပ်တို့သည် အဘယ်အရာပြုလုပ်ဖို့ စိတ်ပိုင်းဖြတ်သင့်သနည်း။

၁၉ မှန်သောဝတ်ပြုရေးမှ ရှောလမုန်သွေဖည်ပြီးနောက်ပိုင်း ကသောင်းကနင်းနိုင်သောနှစ်များသည် ဘုရားသခင်ကျေးကျွန်များ၏တည်ကြည်မှုကို အပြင်းအထန်စမ်းသပ်ခဲ့သည်။ များစွာသောသူတို့သည် တစ်နည်းမဟုတ်တစ်နည်းဖြင့် အလျော့ပေးလိုက်လျောခဲ့ကြသည်မှာ မှန်ပါသည်။ သို့သော် အချို့သူတို့သည် ယေဟောဝါအပေါ် ဆက်၍တည်ကြည်ခဲ့ကြသည်။

၂၀ ကျွန်ုပ်တို့၏တည်ကြည်မှုကိုစမ်းသပ်သည့် ရွေးချယ်စရာများ၊ ဆုံးဖြတ်စရာများကို ကျွန်ုပ်တို့နေ့စဉ်ကြုံတွေ့ရသည်။ ကျွန်ုပ်တို့လည်း တည်ကြည်ကြောင်း သက်သေပြနိုင်သည်။ ယေဟောဝါသည် မိမိအပေါ်တည်ကြည်သူများအား ဆက်၍ကောင်းချီးပေးမည်ကို အပြည့်အဝယုံကြည်စိတ်ချလျက် ပြည့်ဝသောနှလုံးဖြင့် ယေဟောဝါအပေါ် ဆက်၍တည်ကြည်ကြစို့။—၂ ရာ. ၂၂:၂၆

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 ယေဟောဝါသည် သက်ကြီးပရောဖက်အား သေဆုံးစေသည်၊ မသေဆုံးစေသည်ကို သမ္မာကျမ်းစာတွင် မဖော်ပြထားပါ။

သင်မည်သို့ဖြေဆိုမည်နည်း

• ကျွန်ုပ်တို့၏နှလုံးရှိ ရုပ်ပစ္စည်းတပ်မက်သည့်စိတ်ဆန္ဒများကို အဘယ်ကြောင့် အမြစ်ပါမကျန်နုတ်ပစ်သင့်သနည်း။

• ယေဟောဝါအပေါ် ဆက်၍တည်ကြည်ရန် အဘယ်အရာက အထောက်အကူပြုမည်နည်း။

• ကျိုးနွံမှုက ဘုရားသခင်အပေါ် ဆက်၍တည်ကြည်ရန် မည်သို့အထောက်အကူပြုနိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၉ ပါပုံ]

သင်သည် သွေးဆောင်မှုများကို ခုခံတွန်းလှန်ရန် အခက်တွေ့ ပါသလော

[စာမျက်နှာ ၁၀ ပါပုံ]

သင်သည် သမ္မာကျမ်းစာအခြေပြုဆုံးမစကားများကို များစွာဆုတောင်းကာ ဆင်ခြင်သုံးသပ်မည်လော