မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါသည် မိမိ၏သက်ကြီးရွယ်အိုကျေးကျွန်များကို ကြင်နာစွာဂရုစိုက်

ယေဟောဝါသည် မိမိ၏သက်ကြီးရွယ်အိုကျေးကျွန်များကို ကြင်နာစွာဂရုစိုက်

ယေဟောဝါသည် မိမိ၏သက်ကြီးရွယ်အိုကျေးကျွန်များကို ကြင်နာစွာဂရုစိုက်

“ဘုရားသခင်သည် သင်တို့၏လုပ်ရပ်များနှင့် နာမတော်အတွက် သင်တို့ပြသောမေတ္တာကို မေ့လျော့တော်မူသည်တိုင်အောင် မတရားသည်မဟုတ်။”—ဟေဗြဲ ၆:၁၀၊ ကဘ။

၁၊ ၂။ (က) ဖြူသောဆံပင်ရှိသူကိုမြင်ရခြင်းက အဘယ်အရာကို သတိရစေသနည်း။ (ခ) ယေဟောဝါသည် သက်ကြီးရွယ်အိုခရစ်ယာန်များကို မည်သို့ရှုမြင်တော်မူသနည်း။

သင်းတော်တွင် ဆံဖြူသက်ကြီးရွယ်အိုများကို တွေ့မြင်ရသောအခါ သမ္မာကျမ်းစာမှ ဒံယေလကျမ်းပါမှတ်တမ်းကို သတိရစေသည်မဟုတ်လော။ ယေဟောဝါဘုရားသခင်သည် ဒံယေလအားပေးခဲ့သော စိတ်အာရုံတစ်ခုတွင် မိမိကိုယ်ကို ဖြူသောဆံပင်ရှိသူအဖြစ် ဖော်ပြခဲ့သည်။ ဒံယေလဤသို့ရေးခဲ့သည်– “ထိုအခါ ငါကြည့်ရှုစဉ် ရာဇပလ္လင်များကိုတည်ထားလျက်ရှိ၍ အသက်ကြီးသောသူတစ်ဦးသည် ထိုင်တော်မူ၏။ အဝတ်တော်သည် မိုးပွင့်ကဲ့သို့ဖြူ၏။ ဆံပင်တော်သည် ဖြူသောသိုးမွေးနှင့်တူ၏။”—ဒံ. ၇:၉

သိုးမွေးသည် ပင်ကိုသဘာဝအားဖြင့်နွေး၍ များသောအားဖြင့် အဖြူရောင်ဖြစ်သည်။ ထို့ကြောင့် ဖြူသောဆံပင်နှင့် “အသက်ကြီးသောသူ” ဟုခေါ်ထားခြင်းက ကျွန်ုပ်တို့၏အနက်ရှိုင်းဆုံးသောလေးမြတ်မှုရထိုက်သည့် ဘုရားသခင်၏သက်တမ်းကြာညောင်းမှုနှင့် ဉာဏ်ပညာကို အာရုံစိုက်စေသည်။ သို့ဆိုလျှင် အသက်ကြီးသူယေဟောဝါသည် တည်ကြည်သောသက်ကြီးရွယ်အိုအမျိုးသား၊ အမျိုးသမီးများကို မည်သို့ရှုမြင်တော်မူသနည်း။ ဘုရားသခင့်နှုတ်မြွက်တော်တွင် ဤသို့ဆို၏– “ဖြူသောဆံပင်သည် ဖြောင့်မတ်ခြင်းတရားလမ်း၌တည်လျှင် ဘုန်းကြီးသောသရဖူဖြစ်၏။” (သု. ၁၆:၃၁) မှန်ပါသည်၊ တည်ကြည်သောခရစ်ယာန်တစ်ဦးသည် ဖြူသောဆံပင်ရှိလာပြီဆိုလျှင် ထိုသို့သောရင့်ကျက်သည့်ရုပ်သွင်သည် ဘုရားသခင်၏အမြင်တွင် လှပ၍နေသည်။ သက်ကြီးရွယ်အိုညီအစ်ကို၊ ညီအစ်မများကို ယေဟောဝါရှုမြင်သကဲ့သို့ သင်ရှုမြင်ပါသလော။

အဘယ်ကြောင့် အလွန်တန်ဖိုးထားခံရကြသနည်း

၃။ သက်ကြီးရွယ်အိုယုံကြည်သူချင်းများသည် ကျွန်ုပ်တို့အတွက် အဘယ်ကြောင့် အလွန်တန်ဖိုးရှိကြသနည်း။

ချစ်မြတ်နိုးခံရသော ဘုရားသခင်၏ ထိုသက်ကြီးရွယ်အိုကျေးကျွန်များထဲတွင် ယေဟောဝါသက်သေများ၏အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ယခင်နှင့် ယခုနယ်လှည့်ကြီးကြပ်မှူးများ၊ ထက်သန်သောရှေ့ဆောင်များ၊ အသင်းတော်များရှိ တည်ကြည်စွာအမှုဆောင်သောညီအစ်ကို၊ ညီအစ်မများဖြစ်သည့် ရင့်ကျက်သောဘုရားသခင့်နိုင်ငံတော်ကြေညာသူများ ပါဝင်ကြသည်။ သတင်းကောင်းကို ဆယ်စုနှစ်များစွာ ထက်ထက်သန်သန်ဟောပြောခဲ့သူအချို့ကို သင်သိပေမည်၊ သူတို့၏ကောင်းသောပုံသက်သေက လူငယ်လူရွယ်များကို လှုံ့ဆော်ရန်နှင့် သူတို့၏အသက်တာကိုပုံသွင်းရန် အထောက်အကူပြုခဲ့သည်။ သက်ကြီးရွယ်အိုယုံကြည်သူချင်းအချို့တို့သည် ကြီးလေးသောတာဝန်များကို ထမ်းဆောင်ခဲ့ကြ၊ သတင်းကောင်းအတွက် ညှဉ်းပန်းနှိပ်စက်မှု ခံရပ်ခဲ့ကြသည်။ ယေဟောဝါနှင့် “သစ္စာနှင့် သတိပညာရှိသောကျွန်” သည် ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းအတွက် သူတို့၏အတိတ်နှင့် မျက်မှောက်လုပ်ဆောင်မှုအားလုံးကို လွန်စွာလေးမြတ်တန်ဖိုးထားသည်။—မ. ၂၄:၄၅ကဘ။

၄။ သက်ကြီးရွယ်အိုခရစ်ယာန်များကို အဘယ်ကြောင့် ရိုသေလေးစားပြီး ဆုတောင်းပေးသင့်သနည်း။

ထိုတည်ကြည်သောသက်ကြီးရွယ်အိုများသည် ယေဟောဝါဘုရားသခင်၏အခြားသောကျေးကျွန်များ၏ ကျေးဇူးတင်လေးစားမှုကို ရထိုက်သည်။ အမှန်တွင် မောရှေမှတစ်ဆင့်ပေးသော ဘုရားသခင့်ပညတ်တွင် သက်ကြီးရွယ်အိုများအပေါ်ပြသော ထောက်ထားစာနာမှု၊ ရိုသေလေးစားမှုကို ယေဟောဝါအားကြောက်ရွံ့ခြင်းနှင့် ဆက်စပ်ထားသည်။ (ဝတ်. ၁၉:၃၂) ကျွန်ုပ်တို့သည် ဤတည်ကြည်သူတို့အတွက် မှန်မှန်ဆုတောင်းပေးသင့်ပြီး သူတို့၏မေတ္တာပါလုပ်ရပ်များအတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြသည်။ တမန်တော်ပေါလုသည် မိမိချစ်မြတ်နိုးသော လုပ်ဖော်ဆောင်ဖက်လူကြီးလူငယ်များအတွက် ဆုတောင်းပေးခဲ့သည်။—၁ သက်သာလောနိတ် ၁:၂-၄ ကိုဖတ်ပါ။

၅။ ယေဟောဝါကို ဝတ်ပြုကိုးကွယ်သောသက်ကြီးရွယ်အိုများနှင့် ပေါင်းသင်းခြင်းမှ မည်သို့အကျိုးခံစားနိုင်သနည်း။

ထို့ပြင် အသင်းတော်ရှိသူအားလုံး သက်ကြီးရွယ်အိုခရစ်ယာန်များနှင့်ပေါင်းသင်းခြင်းမှ အကျိုးခံစားနိုင်သည်။ ယေဟောဝါကို တည်ကြည်စွာဝတ်ပြုကိုးကွယ်သော သက်ကြီးရွယ်အိုများသည် လေ့လာမှု၊ ဂရုတစိုက်မှတ်သားမှု၊ အတွေ့အကြုံတို့မှတစ်ဆင့် အလွန်တန်ဖိုးရှိသောအသိပညာ များစွာပိုင်ဆိုင်ထားကြသည်။ သူတို့သည် သည်းခံခြင်းနှင့် စာနာခြင်းတင်ပြရန် သင်ယူခဲ့ကြပြီး မိမိတို့သင်ယူခဲ့ရာများကို နောက်လူမျိုးဆက်တို့အား လက်ဆင့်ကမ်းပေးခြင်းဖြင့် များစွာရွှင်လန်းမှုနှင့် ကျေနပ်မှုရရှိကြသည်။ (ဆာ. ၇၁:၁၈) ငယ်ရွယ်သောသူတို့ ပညာရှိကြပါ၊ နက်သောရေကိုခပ်ယူခြင်းမှ အကျိုးခံစားရသကဲ့သို့ ဤအသိပညာရင်းမြစ်မှ အကျိုးရယူကြပါ။—သု. ၂၀:၅

၆။ သက်ကြီးရွယ်အိုများကို သင်အမှန်တကယ်တန်ဖိုးထားကြောင်း မည်သို့တင်ပြနိုင်သနည်း။

သက်ကြီးရွယ်အိုများကို ယေဟောဝါတန်ဖိုးထားသကဲ့သို့ သူတို့ကို သင်တန်ဖိုးထားကြောင်း သိစေပါသလော။ ယင်းသို့ပြုနိုင်သည့်နည်းတစ်နည်းမှာ သူတို့၏တည်ကြည်မှုအတွက် သူတို့ကို သင်မည်မျှချစ်ကြောင်း၊ သူတို့၏ထင်မြင်ယူဆချက်များကို တန်ဖိုးထားကြောင်း သိရှိစေခြင်းဖြင့်ဖြစ်သည်။ သူတို့၏အကြံပေးချက်ကို လိုက်နာခြင်းဖြင့်လည်း သူတို့ကို သင်အမှန်တကယ်ရိုသေလေးစားကြောင်း သင်တင်ပြသည်။ သက်ကြီးရွယ်အိုခရစ်ယာန်များစွာသည် သူတို့ထက်အသက်ကြီးသောတည်ကြည်သူများထံမှရရှိသည့် ပညာရှိအကြံဉာဏ်နှင့် ယင်းနှင့်အညီပြုမူခြင်းက သူတို့အသက်တာတစ်လျှောက် မည်သို့အကျိုးရရှိခဲ့ပုံတို့ကို ပြန်ပြောပြနိုင်ကြသည်။ *

လက်တွေ့ကျနည်းများဖြင့် ကြင်နာမှုပြပါ

၇။ ယေဟောဝါသည် သက်ကြီးရွယ်အိုများကို ဂရုစိုက်စောင့်ရှောက်ရမည့်တာဝန်ကို မည်သူတို့အားအဓိကပေးထားသနည်း။

ဘုရားသခင်သည် သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ရန်တာဝန်ကို သူတို့၏မိသားစုများအား အဓိကပေးအပ်ထားသည်။ (၁ တိမောသေ ၅:၄၊ ကိုဖတ်ပါ။) မိသားစုများသည် သက်ကြီးရွယ်အိုဆွေမျိုးများနှင့်ပတ်သက်သော မိမိတို့၏တာဝန်ကိုကျေပွန်ခြင်းဖြင့် သက်ကြီးရွယ်အိုများကို ယေဟောဝါကိုယ်တော်တိုင် ဂရုစိုက်စောင့်ရှောက်သကဲ့သို့ သူတို့ကို ဂရုစိုက်စောင့်ရှောက်ကြောင်းတင်ပြသည့်အခါ ကိုယ်တော်နှစ်သက်တော်မူသည်။ ဘုရားသခင်သည် ဤမိသားစုများကို ထောက်မပြီး သူတို့၏ကြိုးစားအားထုတ်မှုများနှင့် ကိုယ်ကျိုးစွန့်မှုအားလုံးအတွက် ကောင်းချီးပေးတော်မူသည်။ *

၈။ အသင်းတော်များသည် သက်ကြီးရွယ်အိုခရစ်ယာန်များအတွက် စိုးရိမ်မကင်းဖြစ်ကြောင်း အဘယ်ကြောင့် တင်ပြသင့်သနည်း။

အကူအညီလိုအပ်နေသော်လည်း ဂရုစိုက်စောင့်ရှောက်မည့် ယုံကြည်သူ သို့မဟုတ် တလိုတလားရှိသောမိသားစုဝင်များမရှိသော တည်ကြည်သည့်သက်ကြီးရွယ်အိုများကို ဒေသခံအသင်းတော်များက ကူညီပေးသောအခါ အလားတူပင် ယေဟောဝါစိတ်တော်ရွှင်လန်းသည်။ (၁ တိ. ၅:၃၊ ၅၊ ၉၊ ၁၀) ဤသို့ဖြင့် အသင်းတော်များသည် သက်ကြီးရွယ်အိုများကို “စိတ်ကြင်နာခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ ချစ်ခြင်း၊ သနားစုံမက်ခြင်း” တို့ကိုတင်ပြကြသည်။ (၁ ပေ. ၃:၈) အသင်းတော်ရှိသက်ကြီးရွယ်အိုများအတွက် သူတို့၏စိုးရိမ်ပေးမှုကို ပေါလုက လူ့ကိုယ်ခန္ဓာ၏အစိတ်အပိုင်းတစ်ခု ဝေဒနာခံစားရလျှင် “အခြားအင်္ဂါအပေါင်းတို့သည်လည်း ထပ်တူခံစားရ၏” ဟုထောက်ပြခြင်းအားဖြင့် ကောင်းစွာပုံဖော်ပြခဲ့သည်။ (၁ ကော. ၁၂:၂၆ကဘ) သက်ကြီးရွယ်အိုများအတွက် ထောက်ထားစာနာမှုဖြင့် လက်တွေ့ကျကျလုပ်ဆောင်ပေးခြင်းသည် ပေါလု၏ဤအကြံပေးချက်နောက်ကွယ်ရှိမူကို လုပ်ရပ်ဖြင့်ပြခြင်းဖြစ်သည်– “ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ထမ်းရွက်သောအားဖြင့် ခရစ်တော်၏တရားကိုကျင့်ကြလော့။”—ဂလ. ၆:၂

၉။ အသက်အရွယ်ကြီးရင့်မှုက လူတစ်ဦးအပေါ် အဘယ်ဝန်ထုပ်များကို တင်စေနိုင်သနည်း။

သက်ကြီးရွယ်အိုများတွင် အဘယ်ဝန်ထုပ်ဝန်ပိုးများရှိသနည်း။ များစွာသောသူတို့သည် မောပန်းလွယ်သည်။ သူတို့သည် ဆရာဝန်ထံသွားခြင်း၊ စာရွက်စာတမ်းပြုလုပ်ခြင်း၊ အိမ်သန့်ရှင်းရေးလုပ်ခြင်း၊ အစားအသောက်ပြင်ဆင်ခြင်းကဲ့သို့သော အခြေခံအရာများပြုလုပ်ခြင်းသည်ပင် မိမိတို့မစွမ်းဆောင်နိုင်ဟု ယူမှတ်ကြပေမည်။ အသက်အရွယ်ကြီးရင့်မှုကြောင့် စားသောက်လိုစိတ်လျော့နည်းလာလေ့ရှိရာ သူတို့အမှန်တကယ်စားသောက်သင့်သလောက် စားရန်၊ သောက်ရန်မလိုဟုထင်မှတ်ပေမည်။ ဝိညာဉ်ရေးအစာစားခြင်းတွင်လည်း အလားတူဖြစ်နိုင်သည်။ သက်ကြီးရွယ်အိုတို့၏မျက်စိနှင့် နားတို့သည် ဝိညာဉ်ရေးအစီအစဉ်များကို ဖတ်ရှု၊ နားထောင်ရန် ခက်ခဲစေပေမည်၊ ခရစ်ယာန်အစည်းအဝေးများကို တက်ရောက်ဖို့ အသင့်ပြင်ဆင်ခြင်းသည်ပင် မောပန်းနွမ်းလျဖြစ်ပေမည်။ ထိုအခါမျိုးတွင် အခြားသူများသည် ထိုသို့သောသက်ကြီးရွယ်အိုများအတွက် အဘယ်အရာပြုလုပ်နိုင်သနည်း။

သင်အကူအညီပေးနိုင်ပုံ

၁၀။ သက်ကြီးရွယ်အိုများ လက်တွေ့ကျအကူအညီရရှိကြောင်းသေချာစေရန် အကြီးအကဲများ အဘယ်အရာလုပ်ဆောင်နိုင်သနည်း။

၁၀ အသင်းတော်များစွာသည် တုပစရာကောင်းလောက်အောင် သက်ကြီးရွယ်အိုများကို ဂရုစိုက်ကြည့်ရှုခဲ့ကြသည်။ ချစ်စရာကောင်းသောညီအစ်ကို၊ ညီအစ်မများသည် ဝယ်ခြမ်းခြင်း၊ ချက်ပြုတ်ခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းတို့တွင် ကူညီပေးကြသည်။ သူတို့သည် သက်ကြီးရွယ်အိုများလေ့လာမှုလုပ်ရန်၊ အစည်းအဝေးများတက်ရောက်ဖို့ အသင့်ဖြစ်ရန်နှင့် ဓမ္မအမှုတွင် မှန်မှန်ပါဝင်ရန် ကူညီပေးကြသည်။ ငယ်ရွယ်သောသက်သေခံများသည် သူတို့နှင့်အတူလိုက်ပါကြပြီး ကြိုပို့ခြင်းများပြုလုပ်ပေးကြသည်။ သက်ကြီးရွယ်အိုများသည် အိမ်ပြင်မထွက်နိုင်ပါက စည်းဝေးအစီအစဉ်ကို ဖုန်းလိုင်းချိတ်ပေးခြင်း သို့မဟုတ် အသံသွင်းပေးခြင်းတို့ ပြုလုပ်ပေးကြသည်။ ဖြစ်နိုင်သည့်အခါတိုင်း အကြီးအကဲများသည် အသင်းတော်ရှိသက်ကြီးရွယ်အိုများ၏လိုအပ်ရာများကို ဖြည့်ဆည်းပေးရန် လက်တွေ့ကျသောအစီအစဉ်များပြုလုပ်ထားကြောင်း သေချာစေကြသည်။ *

၁၁။ မိသားစုတစ်စုသည် သက်ကြီးရွယ်အိုညီအစ်ကိုတစ်ဦးအား မည်သို့ကူညီပေးခဲ့ပုံကို ပြန်ပြောပြပါ။

၁၁ ခရစ်ယာန်ယောက်တိုင်းသည်လည်း ဧည့်ဝတ်ကျေပွန်မှုနှင့် ရက်ရောမှု တင်ပြနိုင်ကြသည်။ သက်ကြီးရွယ်အိုညီအစ်ကိုတစ်ဦးသည် ဇနီးဆုံးပါးသွားပြီးနောက် ဇနီး၏ပင်စင်ငွေမပါဘဲ အိမ်ငှားခမပေးနိုင်တော့ပါ။ သူနှင့်သူ့ဇနီးသည် မိသားစုတစ်စုနှင့် ကျမ်းစာသင်အံမှုကျင်းပခဲ့သည်၊ ထိုမိသားစုတွင် ဖခင်၊ မိခင်နှင့် ဆယ်ကျော်သက်အရွယ်သမီးနှစ်ယောက်ရှိပြီး အိမ်ကြီးတစ်လုံးပိုင်ဆိုင်သည်။ သူတို့သည် သူ့ကို နေထိုင်ရန် အခန်းနှစ်ခန်းပေးခဲ့သည်။ သူတို့သည် ၁၅ နှစ်လုံးလုံး အတူတကွစားကြ၊ ပျော်ရွှင်ခဲ့ကြပြီး ညီအစ်ကိုချင်းမေတ္တာကိုလည်း တင်ပြခဲ့ကြသည်။ သမီးငယ်နှစ်ယောက်သည် သူ၏ယုံကြည်ခြင်းနှင့် တွေ့ကြုံမှုများမှ များစွာအကျိုးခံစားခဲ့ကြပြီး သူသည် ပျော်ရွှင်ဖွယ်ပေါင်းသင်းမှုမှ အကျိုးခံစားခဲ့သည်။ ဤသက်ကြီးရွယ်အိုညီအစ်ကိုသည် အသက် ၈၉ နှစ်၊ သူသေဆုံးချိန်အထိ သူတို့နှင့်အတူနေထိုင်ခဲ့သည်။ မိသားစုသည် ညီအစ်ကိုကြီးနှင့်ပေါင်းသင်းခြင်းမှ သူတို့ရရှိခဲ့သောကောင်းချီးများစွာအတွက် ဘုရားသခင်ကို ကျေးဇူးတင်နေဆဲဖြစ်သည်။ သူတို့သည် ယေရှုခရစ်၏တပည့်ဖြစ်သူချင်းတစ်ဦးအား ကူညီပေးခြင်းအတွက် “အကျိုးကိုမရဘဲ” မနေကြပါ။—မ. ၁၀:၄၂ *

၁၂။ သက်ကြီးရွယ်အိုညီအစ်ကို၊ ညီအစ်မများအပေါ် သင်၏ကြင်နာမှုကိုပြရန် အဘယ်အရာပြုလုပ်နိုင်သနည်း။

၁၂ သက်ကြီးရွယ်အိုညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးကို ဤမိသားစုကူညီပေးခဲ့သည့်နည်းအတိုင်း အကူအညီပေးရန် သင့်အတွက် အခြေအနေမပေးဘဲဖြစ်ပေမည်၊ သို့သော် သက်ကြီးရွယ်အိုများ အစည်းအဝေးသို့ရောက်ရှိရန်နှင့် လယ်ကွင်းဓမ္မအမှုတွင်ပါဝင်ရန် သင်ကူညီပေးနိုင်ပေမည်။ သူတို့ကို သင့်အိမ်သို့လည်း ဖိတ်ခေါ်နိုင်သည်၊ အပျော်ခရီးတိုထွက်ချိန်တွင် သူတို့ကိုပါဝင်စေပါ။ သူတို့ထံ လည်ပတ်နိုင်သည်၊ အထူးသဖြင့် သူတို့နာမကျန်းဖြစ်ချိန် သို့မဟုတ် အိပ်ရာပေါ်တွင်လှဲနေရချိန်တို့တွင်ဖြစ်သည်။ ထို့အပြင် သူတို့ကို ရင့်ကျက်သောလူကြီးများအဖြစ် အမြဲဆက်ဆံနိုင်ပြီး ဆက်လည်းဆက်ဆံသင့်ပါသည်။ သက်ကြီးရွယ်အိုခရစ်ယာန်များသည် စိတ်ပိုင်းအရလုပ်ဆောင်နိုင်သရွေ့ သူတို့နှင့်ပတ်သက်သော ဆုံးဖြတ်ချက်ချသည့်ကိစ္စအားလုံးတွင် သူတို့ပါဝင်သင့်သည်။ ဉာဏ်ရည်ဉာဏ်စွမ်း များစွာချို့တဲ့သူများပင် အခြားသူများက သူတို့ကို ဂုဏ်တင်ပြီး လေးစားစွာဆက်ဆံသည်၊ မဆက်ဆံသည်ကို သိနိုင်သည်။

ယေဟောဝါသည် သင်၏လုပ်ဆောင်မှုကို မေ့လျော့မည်မဟုတ်

၁၃။ သက်ကြီးရွယ်အိုခရစ်ယာန်များ၏ခံစားချက်ကို ထောက်ထားစာနာကြောင်းပြခြင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။

၁၃ သက်ကြီးရွယ်အိုများ၏ခံစားချက်ကို ထောက်ထားစာနာကြောင်းပြခြင်းသည် မရှိမဖြစ်လိုအပ်သည်! သက်ကြီးရွယ်အိုများသည် မိမိတို့ငယ်ရွယ်ချိန်၊ ကျန်းမာချိန်က လုပ်ဆောင်နိုင်ခဲ့ရာအားလုံးကို မလုပ်ကိုင်နိုင်တော့သဖြင့် များစွာစိတ်မကောင်းဖြစ်တတ်သည်မှာ သဘာဝပင်။ ဥပမာ၊ နှစ်ပေါင်း ၅၀ ခန့် ယေဟောဝါ၏အမှုတော်ကို တက်ကြွစွာထမ်းဆောင်ခဲ့သော၊ မှန်မှန်ရှေ့ဆောင်ဖြစ်ခဲ့သောညီအစ်မတစ်ဦးသည် အင်အားကုန်ခန်းစေသောရောဂါခံစားခဲ့ရပြီး အစည်းအဝေးများတက်ရောက်နိုင်ဖို့ အခက်အခဲများစွာရှိခဲ့သည်။ ယခင်က မိမိထမ်းဆောင်ခဲ့သောဓမ္မအမှုကို လက်ရှိမိမိ၏အကန့်အသတ်ဖြစ်နေမှုနှင့် နှိုင်းယှဉ်ကြည့်သည့်အခါ သူစငိုပါတော့သည်။ ခေါင်းငုံ့လျက် မျက်ရည်များကျပြီး ဤသို့ပြောခဲ့သည်– “ကျွန်မ ဘာမှမလုပ်နိုင်တော့ဘူး။”

၁၄။ ယေဟောဝါ၏သက်ကြီးရွယ်အိုကျေးကျွန်များသည် ဆာလံကျမ်းမှ အဘယ်အားပေးမှုရရှိနိုင်သနည်း။

၁၄ သင်သည် သက်ကြီးရွယ်အိုတစ်ဦးဖြစ်ပါက ထိုသို့သောနာကြည်းဖွယ်ခံစားချက်များရှိပါသလော။ သို့မဟုတ် ယေဟောဝါသည် သင့်ကို စွန့်ပစ်ထားပြီဟုခံစားရသည့်အချိန်များ ရှိပါသလော။ ဆာလံဆရာသည် သူအသက်ကြီးလာချိန်တွင် ထပ်တူခံစားချက်များရှိခဲ့ပေမည်၊ အကြောင်းမှာ ယေဟောဝါထံ ဤသို့အသနားခံခဲ့သောကြောင့်ဖြစ်သည်– “အကျွန်ုပ်ကို အိုသောအခါပယ်တော်မမူပါနှင့်။ အားလျော့သောအခါ စွန့်ပစ်တော်မမူပါနှင့်။ . . . အိုဘုရားသခင် အကျွန်ုပ်အသက်ကြီး၍ ဆံပင်ဖြူသည်ကာလတိုင်အောင် . . . အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်။” (ဆာ. ၇၁:၉၊ ၁၈) မှန်ပါသည်၊ ယေဟောဝါသည် ထိုဆာလံကျမ်းစပ်ဆိုသူကို မစွန့်ပစ်ခဲ့ပါ၊ ကိုယ်တော် သင့်ကိုလည်း စွန့်ပစ်လိမ့်မည်မဟုတ်။ နောက်ဆာလံသီချင်းတွင် ဒါဝိဒ်သည် ဘုရားသခင်၏ထောက်မမှုကို မိမိယုံကြည်စိတ်ချကြောင်း ဖော်ပြခဲ့သည်။ (ဆာလံ ၆၈:၁၉ [သမ္မာ] ကိုဖတ်ပါ။) * သင်သည် သစ္စာရှိသောသက်ကြီးရွယ်အိုခရစ်ယာန်တစ်ဦးဖြစ်ပါက ယေဟောဝါသည် သင်နှင့်အတူရှိပြီး နေ့စဉ်နှင့်အမျှ ဆက်၍ထောက်မမည်ကို ယုံကြည်စိတ်ချနိုင်သည်။

၁၅။ သက်ကြီးရွယ်အိုများ အပြုသဘောထားဆက်မွေးမြူရန် အဘယ်အရာက အထောက်အကူပြုနိုင်သနည်း။

၁၅ ယေဟောဝါ၏သက်ကြီးရွယ်အိုသက်သေခံများ ဘုရားသခင်၏ဘုန်းတော်အတွက် လုပ်ဆောင်ခဲ့ရာနှင့် ယခု လုပ်ဆောင်နေသည့်အရာအားလုံးကို ဘုရားသခင် ဘယ်တော့မျှမေ့လျော့မည်မဟုတ်ပါ။ “ဘုရားသခင်သည် သင်တို့၏လုပ်ရပ်များနှင့် နာမတော်အတွက် သင်တို့ပြသောမေတ္တာကို မေ့လျော့တော်မူသည်တိုင်အောင် မတရားသည်မဟုတ်” ဟုသမ္မာကျမ်းစာကဆိုသည်။ (ဟေဗြဲ ၆:၁၀ကဘ) ထို့ကြောင့် အသက်အရွယ်ကြီးရင့်လာသောကြောင့် ယေဟောဝါအတွက် သင်တို့သည် အသုံးမဝင်တော့ဟူ၍ အပျက်သဘောရှုမြင်ခြင်း၊ မှားယွင်းစွာတွေးခေါ်ခြင်းတို့ကို တွန်းလှန်ကြပါ။ စိတ်ပျက်အားလျော့ခြင်း၊ အပျက်သဘောထားရှိခြင်းတို့ကို အပြုသဘောထားများဖြင့် အစားထိုးရန်ကြိုးစားကြပါ။ သင်တို့ခံစားသောကောင်းချီးများနှင့် အနာဂတ်မျှော်လင့်ချက်အတွက် ဝမ်းမြောက်ရွှင်လန်းကြပါ! ကျွန်ုပ်တို့သည် အကောင်းဆုံးဖြစ်သော “အနာဂတ်နှင့် မျှော်လင့်ချက်” ရှိကြပြီး ယင်းတို့သည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်အာမခံထားရာများဖြစ်သည်။ (ယေ. ၂၉:၁၁၊ ၁၂ကဘ; တ. ၁၇:၃၁; ၁ တိ. ၆:၁၉) သင့်မျှော်လင့်ချက်ကို တွေးတောပါ၊ အပြုသဘောထားစိတ်ဓာတ်ကို ဆက်ထိန်းသိမ်းပါ၊ အသင်းတော်တွင် သင်ရှိနေခြင်း၏တန်ဖိုးကို ဘယ်သောအခါမျှလျော့မတွက်ပါနှင့်! *

၁၆။ သက်ကြီးရွယ်အိုညီအစ်ကိုတစ်ဦးသည် အကြီးအကဲအဖြစ်မှ ရပ်နားသင့်သည်ဟု အဘယ်ကြောင့် ယူဆခဲ့သနည်း၊ သို့သော် အကြီးအကဲအဖွဲ့က သူ့အား မည်သို့အားပေးကူညီခဲ့သနည်း။

၁၆ အသက် ၈၀ အရွယ်ရှိယိုဟန်သည် ယခု မကျန်းမမာဖြစ်နေသည့် သူ၏သစ္စာရှိဇနီး စဲန်နီကို အချိန်ပြည့်ဂရုစိုက်ကြည့်ရှုနေရသည်ကို သုံးသပ်ကြည့်ပါ။ * ယိုဟန် အစည်းအဝေးများသွားနိုင်ရန်နှင့် ဓမ္မအမှုတွင်ပါဝင်နိုင်ရန် ညီအစ်မများသည် စဲန်နီနှင့် အလှည့်ကျနေပေးကြသည်။ သို့သော် မကြာသေးမီတွင် ယိုဟန်သည် စိတ်ပိုင်းဆိုင်ရာနွမ်းနယ်မှုခံစားခဲ့ရပြီး အသင်းတော်အကြီးအကဲအဖြစ် မိမိဆက်မထမ်းဆောင်သင့်ဟု စဉ်းစားလာခဲ့သည်။ “ကျွန်တော် အကြီးအကဲတစ်ယောက်ဖြစ်နေလို့လည်း ဘာထူးမှာလဲ။ အသင်းတော်အကျိုး ဘာမှ ကျွန်တော်မလုပ်နိုင်တော့ဘူး” ဟုမျက်ရည်ဝဲလျက်ပြောခဲ့သည်။ သူ၏အတွေ့အကြုံနှင့် ဆုံးဖြတ်ချက်တို့သည် များစွာအထောက်အကူဖြစ်ကြောင်း သူ၏လုပ်ဖော်ဆောင်ဖက်အကြီးအကဲများက သူ့အား စိတ်ချစေခဲ့သည်။ သူ၏ပါဝင်နိုင်မှုသည် အကန့်အသတ်သာရှိလျှင်ပင် အကြီးအကဲအဖြစ် ဆက်အမှုထမ်းဆောင်ရန် သူ့ကို အားပေးခဲ့ကြသည်။ ယိုဟန်သည် များစွာခွန်အားရရှိပြီး အသင်းတော်ကောင်းချီးအတွက် အကြီးအကဲတစ်ဦးအဖြစ် ဆက်ထမ်းဆောင်ခဲ့သည်။

ယေဟောဝါသည် အမှန်ပင်ဂရုစိုက်တော်မူသည်

၁၇။ သက်ကြီးရွယ်အိုခရစ်ယာန်များကို သမ္မာကျမ်းစာက အဘယ်အာမခံချက်ပေးထားသနည်း။

၁၇ သက်ကြီးရွယ်အိုများသည် အသက်အရွယ်ကြီးရင့်လာခြင်းနှင့်အတူ ပြဿနာများဒွန်တွဲပါလာသော်လည်း ဝိညာဉ်ရေးတွင် ဆက်၍ကောင်းစွာသီးပွင့်နိုင်ကြောင်း သမ္မာကျမ်းစာက အထင်အရှားဖော်ပြသည်။ ဆာလံဆရာ ဤသို့ကြွေးကြော်ခဲ့သည်– ‘ယေဟောဝါ၏ အိမ်တော်၌စိုက်ပျိုးသောသူတို့သည် . . . အသက်ကြီးသောကာလတွင်ပင် အသီးကိုသီး၍ ကြွယ်ဝစိမ်းလန်းကြလိမ့်မည်။’ (ဆာ. ၉၂:၁၃၊ ၁၄) ကာယဝေဒနာနှင့်ကိုင်တွယ်ဖြေရှင်းနေရဖွယ်ရှိသူ တမန်တော်ပေါလု၏ “ပြင်လူသည် ဖောက်ပြန်ပျက်စီးခြင်းသို့ရောက်သော်လည်း” ‘အားလျော့စိတ်ပျက်ခြင်းနှင့်ကင်းလွတ်ခဲ့၏။’—၂ ကောရိန္သု ၄:၁၆-၁၈ ကိုဖတ်ပါ။

၁၈။ ယုံကြည်သူချင်းသက်ကြီးရွယ်အိုများနှင့် သူတို့ကိုပြုစုစောင့်ရှောက်သူတို့သည် အခြားသူတို့၏အကူအညီ အဘယ်ကြောင့်လိုအပ်သနည်း။

၁၈ သက်ကြီးရွယ်အိုများသည် “အသီးကိုသီး” နိုင်ကြောင်း မျက်မှောက်ခေတ်ပုံနမူနာများက သက်သေပြသည်။ မကျန်းမမာဖြစ်ခြင်းနှင့် အသက်အရွယ်ကြီးရင့်ခြင်း၏စိန်ခေါ်ချက်များက မိမိတို့အား ပြုစုစောင့်ရှောက်တာဝန်ယူသည့် မိသားစုဝင်များရှိသောသူတို့ကိုပင် စိတ်ပျက်အားလျော့စေနိုင်သည်။ ပြုစုစောင့်ရှောက်သူတို့သည်လည်း ပင်ပန်းနွမ်းလျလာပေမည်။ အသင်းတော်သည် သက်ကြီးရွယ်အိုများနှင့် သူတို့ကိုပြုစုစောင့်ရှောက်သူတို့အား မေတ္တာပါလုပ်ရပ်တင်ပြရန် အခွင့်ထူးဖြစ်ပြီး တာဝန်လည်းရှိသည်။ (ဂလ. ၆:၁၀) အမှန်တွင် ထိုသို့သောကူညီပေးမှုက ကျွန်ုပ်တို့သည် “နွေးကြလော့၊ ဝကြလော့” ဟုပြောလျက် လက်တွေ့ကျသောနည်းများဖြင့် ကူညီပေးခြင်းမရှိသောသူတို့နှင့်မတူကြောင်း ဖော်ပြသည်။—ယာ. ၂:၁၅-၁၇

၁၉။ တည်ကြည်သောသက်ကြီးရွယ်အိုခရစ်ယာန်များသည် အဘယ်ကြောင့် ယုံကြည်စိတ်ချမှုဖြင့် အနာဂတ်ကိုရှုမြင်နိုင်သနည်း။

၁၉ အသက်အရွယ်ကြီးရင့်လာခြင်းက ခရစ်ယာန်တစ်ဦး၏လုပ်ဆောင်မှုများကို အတော်အတန် ပြောင်းလဲစေပေမည်၊ သို့သော် မိမိ၏တည်ကြည်သောသက်ကြီးရွယ်အိုကျေးကျွန်များအပေါ်ထားသော ယေဟောဝါ၏မေတ္တာကို အချိန်ကာလက မယုတ်လျော့စေပါ။ ယင်းအစား ဤတည်ကြည်သောခရစ်ယာန်အားလုံးကို ကိုယ်တော်အလွန်တန်ဖိုးထားတော်မူသည်၊ သူတို့ကို ကိုယ်တော် ဘယ်တော့မျှစွန့်ပစ်မည်မဟုတ်။ (ဆာ. ၃၇:၂၈; ဟေရှာ. ၄၆:၄) ယေဟောဝါသည် သူတို့အသက်အရွယ်ကြီးရင့်စဉ်ကာလတစ်လျှောက်တွင် ထောက်ပံ့ကာ လမ်းညွှန်ပါလိမ့်မည်။—ဆာ. ၄၈:၁၄

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 6 ၂၀၀၇၊ ဇွန် ၁ ရက်ထုတ် ကင်းမျှော်စင်ပါ “သက်ကြီးရွယ်အိုများ—လူငယ်များအတွက်ကောင်းချီးတစ်ခုဖြစ်” ဆောင်းပါးကို ကြည့်ပါ။

^ အပိုဒ်၊ 7 ၁၉၉၄၊ ဖေဖော်ဝါရီ ၈ ရက်ထုတ် နိုးလော့! [လိပ်] စာမျက်နှာ ၃-၁၀ ကိုကြည့်ပါ။

^ အပိုဒ်၊ 10 အချို့နိုင်ငံများတွင် အစိုးရထောက်ပံ့ငွေရရှိရန် သက်ကြီးရွယ်အိုများကို ကူညီပေးခြင်းပါဝင်ပေမည်။ ၂၀၀၆၊ ဇွန် ၁ ရက်ထုတ် ကင်းမျှော်စင်မှ “သက်ကြီးရွယ်အိုများကို ဘုရားသခင်ဂရုစိုက်” ဆောင်းပါးကိုကြည့်ပါ။

^ အပိုဒ်၊ 11 ၂၀၀၃၊ စက်တင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင်ပါ “ကျွန်မတို့ကို ယေဟောဝါ အမြဲစောင့်ရှောက်” [လိပ်] ဆောင်းပါးကိုကြည့်ပါ။

^ အပိုဒ်၊ 14 ဆာလံ ၆၈:၁၉ [သမ္မာ]“ငါတို့၏ဝန်ကို နေ့စဉ်ထမ်းတော်မူသောဘုရားရှင်၊ ငါတို့ကို ကယ်တင်ခြင်းအကြောင်းဖြစ်တော်မူသော ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။”

^ အပိုဒ်၊ 15 ၁၉၉၃၊ မတ် ၁၅ ရက်ထုတ် ကင်းမျှော်စင် ဆံပင်ဖြူခြင်း၏ ဂုဏ်ကျက်သရေ” ဆောင်းပါးကိုကြည့်ပါ။

^ အပိုဒ်၊ 16 အမည်များကို ပြောင်းထားသည်။

သင်မည်သို့ဖြေဆိုမည်နည်း

• တည်ကြည်သောသက်ကြီးရွယ်အိုခရစ်ယာန်များကို တန်ဖိုးထားရန်ဖြစ်သည်ဟု အဘယ်ကြောင့် သင်ယူမှတ်သနည်း။

• သက်ကြီးရွယ်အိုယုံကြည်သူချင်းများအပေါ် ကြင်နာမှု မည်သို့ တင်ပြနိုင်သနည်း။

• ယေဟောဝါ၏သက်ကြီးရွယ်အိုကျေးကျွန်များတွင် အပြုသဘောထားရှိရန် အဘယ်အရာက အထောက်အကူပြုနိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၈ ပါပုံများ]

အသင်းတော်သားများသည် သက်ကြီးရွယ်အိုများကို အလွန်ရိုသေလေးမြတ်ကြ