မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆက်၍အသက်ရှင်ရန် အဘယ်အရာကို သင် ပေးဆက်မည်နည်း

ဆက်၍အသက်ရှင်ရန် အဘယ်အရာကို သင် ပေးဆက်မည်နည်း

ဆက်၍အသက်ရှင်ရန် အဘယ်အရာကို သင် ပေးဆက်မည်နည်း

‘လူသည် မိမိအသက်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။’—မ. ၁၆:၂၆

၁။ ယေရှုသည် ပေတရု၏အပြစ်တင်သောစကားကို အဘယ်ကြောင့်ငြင်းပယ်ခဲ့သနည်း။

မန်တော်ပေတရုသည် မိမိနားကို မိမိမယုံနိုင်ဖြစ်ခဲ့သည်။ မိမိချစ်မြစ်နိုးရသော ခေါင်းဆောင်ဖြစ်သူယေရှုခရစ်က ကိုယ်တော်သည် မကြာမီ ဝေဒနာခံကာသေဆုံးရမည်ဖြစ်ကြောင်း “အတည့်အလင်း” မိန့်တော်မူသောကြောင့်ဖြစ်သည်။ ယင်းကိုတုံ့ပြန်ရာတွင် ပေတရုက “ကိုယ့်ကိုယ်ကိုသနားပါသခင်။ ထိုအဖြစ်မျိုးကို ကိုယ်တော်လုံးဝမကြုံရပါ” ဟုအပြစ်တင်သောစကားဆိုခဲ့ပြီး ယင်းသည် အကောင်းဆုံးရည်ရွယ်ချက်ဖြင့်ဖြစ်မည်မှာ သေချာသည်။ ယေရှုသည် ပေတရုကိုကျောပေးလိုက်ကာ အခြားတပည့်များကို ကြည့်တော်မူခဲ့သည်။ ဖြစ်နိုင်သည်မှာ သူတို့လည်း ထိုသို့ပင်မှားယွင်းစွာယူမှတ်နေကြပုံရသည်။ ထို့နောက် ကိုယ်တော်က ပေတရုအား ဤသို့မိန့်တော်မူခဲ့၏– “အချင်းစာတန်၊ ငါ့နောက်သို့ ဆုတ်လော့။ သင်သည် ငါ့အတွက် တိုက်မိ၍လဲစရာအကြောင်းဖြစ်၏။ သင်သည် ဘုရားသခင်၏ရှုထောင့်မှ မစဉ်းစား၊ လူ့ရှုထောင့်ဖြင့်သာ စဉ်းစားသည်။”—မာ. ၈:၃၂၊ ၃၃; မ. ၁၆:၂၁-၂၃ကဘ။

၂။ တပည့်စစ်တစ်ဦးထံမှ အဘယ်အရာမျှော်လင့်ကြောင်း ယေရှုမည်သို့ဖော်ပြခဲ့သနည်း။

ယေရှုဆက်၍မိန့်တော်မူသည့်စကားများက ပေတရု၏ပြစ်တင်စကားကို ကိုယ်တော် အဘယ်ကြောင့် ပြင်းပြင်းထန်ထန်ငြင်းပယ်ခဲ့သည်ကို ပေတရုသိနားလည်စေရန် အထောက်အကူပြုခဲ့ပေမည်။ ယေရှုသည် ‘တပည့်တို့နှင့် ပရိသတ်များကိုခေါ်တော်မူပြီးလျှင်’ ဤသို့မိန့်တော်မူခဲ့၏– “အကြင်သူသည် ငါ၌ဆည်းကပ်ခြင်းငှာအလိုရှိ၏။ ထိုသူသည် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့လိုက်ရမည်။ အကြင်သူသည် မိမိအသက်ကိုကယ်ဆယ်ခြင်းငှာအလိုရှိ၏၊ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်လည်းကောင်း၊ ဧဝံဂေလိတရားကြောင့်လည်းကောင်း အသက်ရှုံး၏။ ထိုသူသည် မိမိအသက်ကိုကယ်ဆယ်လိမ့်မည်။” (မာ. ၈:၃၄၊ ၃၅) ကိုယ်တော်သည် မိမိအသက်ကိုစွန့်ရတော့မည်ဖြစ်သည့်အပြင် ကိုယ်တော့်နောက်လိုက်များသည်လည်း ဘုရားသခင့်အမှုတော်အတွက် မိမိတို့အသက်ကိုစွန့်ရန်အသင့်ရှိဖို့ ကိုယ်တော်မျှော်လင့်တော်မူသည်မှာ ရှင်းနေပါသည်။ သူတို့ထိုသို့ပြုခဲ့ပါက ကြွယ်ဝသည့်ဆုကျေးဇူး ရရှိကြမည်။—မဿဲ ၁၆:၂၇ ကိုဖတ်ပါ။

၃။ (က) ယေရှုသည် နားထောင်နေသူတို့အား အဘယ်မေးခွန်းများ မေးခဲ့သနည်း။ (ခ) ယေရှု၏ဒုတိယမေးခွန်းက နားထောင်နေသူတို့အား အဘယ်အရာကို အမှတ်ရစေမည်နည်း။

ထိုအချိန်အခါ၌ပင်  ယေရှုသည်  လှုံ့ဆော်မှုဖြစ်စေသော ဤမေးခွန်းနှစ်ခုကိုမေးခဲ့သည်– ‘လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း’ နှင့် ‘မိမိအသက်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း’ တို့ဖြစ်သည်။ (မာ. ၈:၃၆၊ ၃၇) ပထမမေးခွန်း၏အဖြေမှာ လူ့အမြင်နှင့်ကြည့်မည်ဆိုလျှင် ရှင်းနေပါသည်။ လူတစ်ဦးသည် တစ်လောကလုံးကိုပိုင်ဆိုင်သော်လည်း သူ၏အသက်ဆုံးရှုံးလျှင် အဘယ်အကျိုးမျှမရှိပါ။ ဥစ္စာအင်ခွင်များသည် လူတစ်ဦး အသက်ရှင်စဉ်အချိန်၌သာ ပျော်မွေ့ခံစားရန် အသုံးဝင်သည်။ ‘မိမိအသက်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း’ ဟူသည့် ယေရှု၏ဒုတိယမေးခွန်းသည် ကိုယ်တော့်စကားနားထောင်နေသူတို့ကို ယောဘခေတ်က စာတန်၏ဤစွပ်စွဲချက်ကို ပြန်အမှတ်ရကြပေမည်– “အရေဖို့အရေဟုဆိုသကဲ့သို့ လူသည် မိမိအသက်ဖို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်။” (ယောဘ ၂:၄) ယေဟောဝါအား ဝတ်ပြုကိုးကွယ်ခြင်းမရှိသူအချို့အဖို့ စာတန်၏စကားများသည် မှန်ကောင်းမှန်ပေမည်။ များစွာသောသူတို့သည် အသက်ဆက်ရှင်ရန် မည်သည့်အရာကိုမဆိုလုပ်ဆောင်ကြမည်ဖြစ်ပြီး တစ်စုံတစ်ရာသောကိုယ်ကျင့်တရားစံနှုန်းကို ဖောက်ဖျက်ကြပေမည်။ သို့သော် ခရစ်ယာန်များသည် ထိုသို့မရှုမြင်ကြပေ။

၄။ ယေရှု၏မေးခွန်းများသည် ခရစ်ယာန်များအတွက် အဘယ်ကြောင့် အဓိပ္ပာယ်ပိုလေးနက်သနည်း။

ယေရှုကမ္ဘာပေါ်ကြွလာသည်မှာ ဤလောကတွင် ကျွန်ုပ်တို့ကျန်းမာရေးကောင်းစေရန်၊ ကြီးပွားချမ်းသာစေရန်၊ အသက်ရှည်စေရန် လုပ်ဆောင်ပေးဖို့လာခြင်းမဟုတ်ကြောင်း ကျွန်ုပ်တို့သိထားကြသည်။ ကမ္ဘာသစ်တွင် ထာဝစဉ်အသက်ရှင်ရန်အခွင့်အရေးကိုဖွင့်ပေးဖို့ ကြွလာခဲ့ခြင်းဖြစ်ပြီး ယင်းအသက်ရှင်ခွင့်အလားအလာကို ကျွန်ုပ်တို့အလွန်တန်ဖိုးထားကြသည်။ (ယော. ၃:၁၆) ခရစ်ယာန်တစ်ဦးသည် ယေရှု၏ပထမမေးခွန်းဖြစ်သော ‘လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း’ ၏အဓိပ္ပာယ်ကိုနားလည်ကြပေမည်။ အဖြေမှာ အဘယ်အကျိုးကျေးဇူးမျှမရှိဟူ၍ဖြစ်သည်။ (၁ ယော. ၂:၁၅-၁၇) ယေရှု၏ဒုတိယမေးခွန်းကိုဖြေနိုင်ရန် အထောက်အကူအနေနှင့် ကျွန်ုပ်တို့သည် မိမိကိုယ်ကို ဤသို့မေးခြင်းသည် သင့်လျော်ပါသည်– ‘ကမ္ဘာသစ်တွင် ကျွန်ုပ်အသက်ရှင်ခွင့်မျှော်လင့်ချက်သေချာစေရန် ယခု ကျွန်ုပ်သည် မည်မျှကိုယ်ကျိုးစွန့်ကာ လိုလိုလားလားပေးဆက်မည်နည်း။’ ထိုမေးခွန်းအတွက် ကျွန်ုပ်တို့၏အဖြေမှာ မိမိတို့၏အသက်တာလမ်းစဉ်တွင်တွေ့မြင်ရသည့်အတိုင်း ကျွန်ုပ်တို့၏နှလုံးထဲတွင် ထိုမျှော်လင့်ချက်မည်မျှခိုင်မာသည်ကို ဖော်ပြသည်။—ယောဟန် ၁၂:၂၅ နှင့်နှိုင်းယှဉ်ပါ။

၅။ ကျွန်ုပ်တို့သည် ထာဝရအသက်ဆုကျေးဇူးကို မည်သို့ရရှိနိုင်သနည်း။

ထာဝရအသက်သည် ထိုက်တန်၍ရနိုင်သည့်အရာဖြစ်သည်ဟု ယေရှုမိန့်တော်မမူခဲ့ပါ။ အသက်—ဤလောကစနစ်အတွင်း အတန်အရာတိုတောင်းသည့် ကျွန်ုပ်တို့၏အသက်ပင်လျှင်—ဆုကျေးဇူးတစ်ခုဖြစ်သည်။ အသက်ကို ကျွန်ုပ်တို့မဝယ်နိုင်ပါ သို့မဟုတ် အသက်ရထိုက်သူဖြစ်ရန် အဘယ်အရာကိုမျှ မလုပ်ဆောင်နိုင်ပါ။ ထာဝရအသက်ဆုကျေးဇူးကို ကျွန်ုပ်တို့ရနိုင်သည့် တစ်ခုတည်းသောနည်းမှာ “ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူ” သောယေဟောဝါနှင့် “ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့်” ဖြစ်သည်။ (ဂလ. ၂:၁၆; ဟေဗြဲ ၁၁:၆) သို့သော် “အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်” သောကြောင့် ယုံကြည်ခြင်းကို လုပ်ရပ်များဖြင့်တင်ပြရမည်။ (ယာ. ၂:၂၆) ထို့ကြောင့် ယေရှု၏မေးခွန်းကို နောက်ထပ်တွေးတောဆင်ခြင်သည့်အခါ ကျွန်ုပ်တို့သည် ဤလောကစနစ်တွင် မည်မျှလိုလိုလားလားစွန့်လွှတ်ပြီး ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် အမှန်ပင်ရှင်သန်ကြောင်းဖော်ပြရန် ယေဟောဝါ၏လုပ်ငန်းတွင် အဘယ်အရာကို လိုလိုလားလားလုပ်ဆောင်လိုသည်တို့ကို အလေးအနက်တွေးတောဆင်ခြင်ဖို့ ကောင်းပေမည်။

“ခရစ်တော်ပင်လျှင် ကိုယ့်အလိုအတိုင်း ပြုတော်မမူ”

၆။ ယေရှု၏ဦးစားထားရာမှာ အဘယ်နည်း။

ယေရှုသည် မိမိခေတ်ကလောကကမ်းလှမ်းရာများကို အာရုံစိုက်ခဲ့မည့်အစား အရေးကြီးသည့်အရာများကိုအာရုံစိုက်ခဲ့ကာ သက်သောင့်သက်သာဘဝရစေသည့် ရုပ်ပစ္စည်းသွေးဆောင်မှုများကို ငြင်းပယ်ခဲ့သည်။ ကိုယ်တော်၏အသက်တာမှာ ကိုယ်ကျိုးစွန့်ပြီး ဘုရားသခင်အားနာခံသည့်အသက်တာဖြစ်ခဲ့သည်။ မိမိနှစ်သက်ရာကိုမဟုတ်ဘဲ “[ဘုရားသခင်] နှစ်သက်တော်မူသောအမှုကို အစဉ်မပြတ်ငါပြုသည်” ဟုကိုယ်တော်မိန့်တော်မူခဲ့၏။ (ယော. ၈:၂၉) ဘုရားသခင်နှစ်သက်ရာကို အဘယ်အတိုင်းအတာအထိ ယေရှုလုပ်ဆောင်ခဲ့သနည်း။

၇၊ ၈။ (က) ယေရှုသည် အဘယ်ကိုယ်ကျိုးစွန့်မှုကို ပြုတော်မူခဲ့သနည်း၊ အဘယ်ဆုကျေးဇူး ရရှိခဲ့သနည်း။ (ခ) မိမိကိုယ်ကို အဘယ်မေးခွန်းမေးသင့်သနည်း။

တစ်ခါက မိမိတပည့်များအား ယေရှုဤသို့မိန့်တော်မူ၏– “လူသားသည် သူတစ်ပါးကိုစေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကိုခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာလည်းကောင်း ကြွလာသည်။” (မ. ၂၀:၂၇၊ ၂၈) အစောပိုင်းက ယေရှုသည် မကြာမီ “မိမိအသက်ကိုစွန့်” ရတော့မည်ဖြစ်ကြောင်း နောက်တော်လိုက်များအား အစပြုသတိပေးချိန်တွင် ပေတရုက ကိုယ်တော်အား မိမိကိုယ်ကိုသက်ညှာရန် တိုက်တွန်းခဲ့သည်။ သို့တိုင် ယေရှုသည် မယိမ်းယိုင်ခဲ့ပါ။ လူသားတို့အတွက် မိမိ၏စုံလင်သောလူ့အသက်ကိုစွန့်လွှတ်ရန် ကိုယ်တော်လိုလိုလားလားရှိခဲ့သည်။ ယေရှု၏ ကိုယ်ကျိုးမရှာသောလမ်းစဉ်ကြောင့် ကိုယ်တော်၏အနာဂတ်သေချာခဲ့သည်။ ကိုယ်တော်ရှင်ပြန်ထမြောက်ခဲ့ပြီး “ဘုရားသခင်သည် လက်ယာလက်တော်နှင့်ချီးမြှင့်တော်မူ” ခဲ့သည်။ (တ. ၂:၃၂၊ ၃၃) ထိုသို့ ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် ပုံသက်သေကောင်းဖြစ်လာခဲ့သည်။

တမန်တော်ပေါလုက ရောမရှိခရစ်ယာန်များအား မိမိတို့ “အလိုအတိုင်းမပြု” ကြရန်သွန်သင်ပေးခဲ့ကာ “ခရစ်တော်ပင်လျှင် ကိုယ့်အလိုအတိုင်း ပြုတော်မမူ” ကြောင်းသတိပေးခဲ့သည်။ (ရော. ၁၅:၁-၃ကဘ) သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် တမန်တော်၏ထိုဆုံးမစကားကို အဘယ်အတိုင်းအတာအထိ လက်တွေ့ကျင့်သုံးကြပြီး ခရစ်တော်ကိုတုပသည့်အနေနှင့် မိမိကိုယ်ကို မည်မျှကိုယ်ကျိုးစွန့် ပေးဆက်ကြမည်နည်း။

ကျွန်ုပ်တို့၏ အကောင်းဆုံးပေးဆက်မှုကို ယေဟောဝါလိုလား

၉။ ခရစ်ယာန်တစ်ဦးသည် ဘုရားသခင်ထံ မိမိကိုယ်ကိုအပ်နှံသည့်အခါ အမှန်တွင် သူသည် အဘယ်အရာကိုလုပ်ဆောင်ခြင်းနည်း။

ရှေးဣသရေလနိုင်ငံတွင် မောရှေပညတ်၌ ဟေဗြဲကျွန်များကို ကျွန်ဘဝရောက်သည့်ခုနစ်နှစ်မြောက်တွင် သို့မဟုတ် ယုဘိလနှစ်အတွင်းတွင် ကျွန်ဘဝမှလွတ်ပေးရန် ဖော်ပြထားသည်။ သို့သော် သူတို့၌ နောက်ထပ်ရွေးချယ်စရာရှိသည်။ ကျွန်တစ်ဦးသည် မိမိ၏သခင်ကိုချစ်မြတ်နိုးလာပြီး မိမိ၏ကျန်အသက်တာကို ထိုအိမ်တွင်ကျွန်တစ်ဦးအနေနှင့်ဆက်နေရန် ရွေးချယ်နိုင်သည်။ (တရားဟောရာ ၁၅:၁၂၊ ၁၆၊ ၁၇ ကိုဖတ်ပါ။) ကျွန်ုပ်တို့သည် ဘုရားသခင်ထံ မိမိကိုယ်ကိုအပ်နှံချိန်တွင် အလားတူရွေးချယ်မှုပြုခဲ့ကြသည်။ မိမိတို့၏စိတ်အလိုအတိုင်းမဟုတ်ဘဲ ဘုရားသခင့်အလိုတော်နှင့်အညီနေရန် စိတ်လိုကိုယ်လျောက် သဘောတူကြသည်။ ယင်းသို့ပြုခြင်းက ကျွန်ုပ်တို့သည် ယေဟောဝါအား နက်ရှိုင်းစွာချစ်မြတ်နိုးကြောင်း၊ ကိုယ်တော်အား ထာဝစဉ်ဝတ်ပြုကိုးကွယ်လိုကြောင်း ဖော်ပြရာရောက်သည်။

၁၀။ ကျွန်ုပ်တို့သည် အဘယ်နည်းဖြင့် ဘုရားသခင်၏ပိုင်ဆိုင်ရာဖြစ်ကြသနည်း၊ ယင်းအချက်က ကျွန်ုပ်တို့၏အတွေးအခေါ်နှင့် လုပ်ဆောင်မှုများအပေါ် မည်သို့အကျိုးသက်ရောက်သင့်သနည်း။

၁၀ သင်သည် လောလောဆယ် ယေဟောဝါသက်သေများနှင့်ကျမ်းစာလေ့လာနေပြီး သတင်းကောင်းဟောပြောခြင်းတွင်ပါဝင်နေကာ ခရစ်ယာန်အစည်းအဝေးများကိုတက်ရောက်နေသူဖြစ်လျှင် သင့်ကို ကျွန်ုပ်တို့ချီးမွမ်းပါသည်။ မကြာမီ သင်သည် ယေဟောဝါထံ သင့်ကိုယ်ကိုအပ်နှံရန် လှုံ့ဆော်ခံရကာ ဖိလိပ္ပုအား အဲသယောပိအမတ် မေးသကဲ့သို့ “အကျွန်ုပ်ကိုဗတ္တိဇံမခံစေခြင်းငှာ မည်သည့်အကြောင်းဆီးတားပါသနည်း” ဟူ၍မေးလာလိမ့်မည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။ (တ. ၈:၃၅၊ ၃၆) ထိုအခါ ဘုရားသခင်နှင့်သင်၏ဆက်ဆံရေးသည် ပေါလုဤသို့ရေးခဲ့သော ခရစ်ယာန်များကဲ့သို့ဖြစ်ပါလိမ့်မည်– “သင်တို့သည် ကိုယ့်ကိုယ်ကိုမပိုင်ကြ။ အကြောင်းမူကား သင်တို့ကို အဖိုးနှင့်ဝယ်ထားတော်မူပြီ။” (၁ ကော. ၆:၁၉၊ ၂၀ကဘ) ကျွန်ုပ်တို့၏မျှော်လင့်ချက်သည် ကောင်းကင်ဖြစ်စေ၊ မြေကြီးဖြစ်ပါစေ ယေဟောဝါထံ မိမိတို့ကိုယ်ကိုအပ်နှံထားပါက ကိုယ်တော်သည် ကျွန်ုပ်တို့၏ပိုင်ရှင်ဖြစ်သည်။ သို့ဖြစ်၍ တစ်ကိုယ်ကောင်းဆန်သောဆန္ဒများကိုချိုးနှိမ်ပြီး “လူထံ၌ . . . ကျွန်မခံကြ” ရန်အလွန်အရေးကြီးလှသည်။ (၁ ကော. ၇:၂၃) ယေဟောဝါနှစ်သက်သည့်အတိုင်းနေထိုင်ကာ ကိုယ်တော်၏တည်ကြည်သောကျေးကျွန်တစ်ဦးဖြစ်ခြင်းသည် အခွင့်ထူးပင်။

၁၁။ အဘယ်ယဇ်ကိုပူဇော်ရန် ခရစ်ယာန်များအား တိုက်တွန်းထားသနည်း၊ မောရှေပညတ်အောက်ရှိ ပူဇော်ရာယဇ်များတင်ပြသည့်အတိုင်း ယင်းသည် အမှန်တွင် အဘယ်အဓိပ္ပာယ်ရှိသနည်း။

၁၁ ယုံကြည်သူချင်းတို့ကို ပေါလုဤသို့ပဲ့ပြင်ဆုံးမခဲ့၏– “အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဖွယ်သောလက္ခဏာနှင့် ပြည့်စုံသောယဇ်ကို သင်တို့သည်ပူဇော်၍ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အားဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သောဝတ်ကိုပြု” ကြလော့။ (ရော. ၁၂:၁) ယင်းစကားများက ဂျူးခရစ်ယာန်များအား ယေရှု၏နောက်လိုက်မဖြစ်လာမီ မိမိတို့ဝတ်ပြုရေး၏အသွင်အပြင်ဖြစ်ခဲ့သည့် ယဇ်ပူဇော်ခြင်းကို ပြန်အမှတ်ရကြပေမည်။ မောရှေပညတ်အောက်တွင် ယေဟောဝါ၏ယဇ်ပလ္လင်ပေါ်တွင်ပူဇော်သော တိရစ္ဆာန်များသည် အကောင်းဆုံးအကောင်များဖြစ်ရသည်ကို သူတို့သိရှိကြပေမည်။ အပြစ်အနာပါသောအကောင်မှန်သမျှသည် လက်သင့်ခံဖွယ်ရာမဟုတ်ခဲ့ပါ။ (မာလ. ၁:၈၊ ၁၃) ကျွန်ုပ်တို့သည် ‘အသက်ရှင်သောယဇ်’ ဖြစ်သည့် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာကို အပ်နှံသည့်အခါတွင်လည်း ယင်းအတိုင်းဖြစ်ပါသည်။ ကျွန်ုပ်တို့၏ကိုယ်ပိုင်ဆန္ဒများအားလုံးပြေစေပြီးနောက်မှ ကျန်ရှိသည့်အရာကိုသာမဟုတ်ဘဲ ကျွန်ုပ်တို့သည် မိမိတို့၏အကောင်းဆုံးအရာကို ယေဟောဝါအားပေးဆက်ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံ မိမိတို့ကိုယ်ကိုအပ်နှံချိန်တွင် ကျွန်ုပ်တို့၏ခွန်အား၊ ရုပ်ပစ္စည်းပိုင်ဆိုင်ရာများ၊ စွမ်းရည်များအပါအဝင် ကျွန်ုပ်တို့၏ “အသက်” ကိုကိုယ်တော်အား အကြွင်းမဲ့ပေးဆက်ကြသည်။ (ကော. ၃:၂၃) ယင်းကို ကျွန်ုပ်တို့၏အသက်တာတွင် မည်သို့လက်တွေ့ပြကြသနည်း။

သင်၏အချိန်ကို ပညာရှိစွာအသုံးပြုပါ

၁၂၊ ၁၃။ ယေဟောဝါအား ကျွန်ုပ်တို့၏အကောင်းဆုံးကိုပေးနိုင်သည့် နည်းတစ်နည်းမှာ အဘယ်နည်း။

၁၂ ကျွန်ုပ်တို့၏အကောင်းဆုံးကို ယေဟောဝါအားပေးဆက်သည့်နည်းတစ်နည်းမှာ ကျွန်ုပ်တို့၏အချိန်ကို ပညာရှိစွာအသုံးပြုခြင်းဖြစ်သည်။ (ဧဖက် ၅:၁၅၊ ၁၆ ကိုဖတ်ပါ။) ယင်းသို့ပြုရန် ချုပ်တည်းမှုလိုသည်။ အမွေရထားသည့်မစုံလင်မှုနှင့် လောကသြဇာလွှမ်းမိုးမှုများက အချိန်ကို ကျွန်ုပ်တို့၏ကိုယ်ပိုင်ပျော်ရွှင်မှု သို့မဟုတ် ကိုယ်ကျိုးအတွက်သာလုံးလုံးအသုံးပြုစေသည်။ မှန်ပါသည်၊ စိတ်ပြေလက်ပျောက်အနားယူခြင်းနှင့် ကျွန်ုပ်တို့၏ခရစ်ယာန်တာဝန်များကိုဆောင်ရွက်စေနိုင်ဖို့ အလုပ်လုပ်ခြင်းအပါအဝင် “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။” (ဒေ. ၃:၁) သို့သော် အပ်နှံထားသောခရစ်ယာန်တစ်ဦးသည် မျှတမှုရှိရန်နှင့် မိမိအချိန်ကိုပညာရှိစွာအသုံးပြုဖို့လိုသည်။

၁၃ အာသင်မြို့သို့ ပေါလုလည်ပတ်ခဲ့ချိန်တွင် “အာသင်မြို့သူမြို့သားအပေါင်းတို့နှင့် ဧည့်သည်များတို့သည် သတင်းစကားကိုကြားပြောခြင်း၊ နားထောင်ခြင်းအမှုမှတစ်ပါး အခြားသောအမှုဖြင့် ကာလကိုမလွန်စေတတ်ကြ” သည်ကို သူသတိပြုမိခဲ့သည်။ (တ. ၁၇:၂၁) ယနေ့အချိန်တွင်လည်း များစွာသောသူတို့သည် မိမိတို့အချိန်ကို အလားတူဖြုန်းတီးနေကြသည်။ မျက်မှောက်ခေတ် စိတ်ပျံ့လွင့်စေသည့်အရာများတွင် ရုပ်မြင်သံကြားကြည့်ခြင်း၊ ဗွီဒီယိုဂိမ်းကစားခြင်း၊ သတ်သတ်မှတ်မှတ်ရည်ရွယ်ချက်မရှိဘဲ အင်တာနက်ကြည့်ခြင်းတို့ ပါဝင်သည်။ ကျွန်ုပ်တို့ကို စိတ်အာရုံပျံ့လွင့်စေပြီး ကျွန်ုပ်တို့၏အချိန်ကိုဖြုန်းတီးစေသည့်အရာ များသည်ထက်များလာသည်။ ကျွန်ုပ်တို့သည် ယင်းတို့ကိုလိုက်စားပါက ယေဟောဝါနှင့်ပတ်သက်သော အသိပညာရယူခြင်းကို လျစ်လျူရှုလာပေမည်။ ယေဟောဝါအားဝတ်ပြုကိုးကွယ်ခြင်းနှင့်ဆက်နွှယ်သည့်ကိစ္စရပ်များဖြစ်သော “သာ၍အရေးကြီးသောအရာများ” ကိုဂရုမစိုက်နိုင်လောက်အောင် အလုပ်များလွန်းသည်ဟု ယူမှတ်လာသည့်အထိပင်ဖြစ်ပေမည်။—ဖိ. ၁:၉-၁၀ကဘ။

၁၄။ အဘယ်မေးခွန်းများကို လေးလေးနက်နက်သုံးသပ်ထိုက်သနည်း။

၁၄ ထို့ကြောင့် ယေဟောဝါထံအပ်နှံထားသောကျေးကျွန်တစ်ဦးအနေနှင့် မိမိကိုယ်ကို ဤသို့မေးပါ– ‘ကျွန်ုပ်၏နေ့စဉ်ဇယားတွင် ကျမ်းစာဖတ်ရှုခြင်း၊ တွေးတောဆင်ခြင်ခြင်း၊ ဆုတောင်းခြင်းအတွက် အချိန်ပါရှိပါသလော။’ (ဆာ. ၇၇:၁၂; ၁၁၉:၉၇; ၁ သက်. ၅:၁၇) ‘ခရစ်ယာန်အစည်းအဝေးများအတွက် ပြင်ဆင်ရန်အချိန်ကို ဖယ်ထားပါသလော။ အစည်းအဝေးများအတွင်း မှတ်ချက်များပေးခြင်းဖြင့် အခြားသူများကို အားပေးပါသလော။’ (ဆာ. ၁၂၂:၁; ဟေဗြဲ ၂:၁၂) ဘုရားသခင့်နှုတ်မြွက်တရားတော်က ပေါလုနှင့် ဗာနဗသည် အချိန် ‘အတန်ကြာနေ၍ ယေဟောဝါဘုရားသခင်၏ အခွင့်အာဏာဖြင့် ရဲရင့်စွာဟောပြောကြ၏’ ဟုဖော်ပြထား၏။ (တ. ၁၄:၃ကဘ) ဟောပြောခြင်းလုပ်ငန်းတွင် အချိန်ပို၍၊ အချိန် “အတန်ကြာ” ပင်အသုံးပြုရန်၊ ဖြစ်နိုင်သည်မှာ ရှေ့ဆောင်အဖြစ်အမှုဆောင်ရန် သင်၏အခြေအနေများကို ပြုပြင်ပြောင်းလဲနိုင်သလော။—ဟေဗြဲ ၁၃:၁၅ ကိုဖတ်ပါ။

၁၅။ အကြီးအကဲများသည် မိမိတို့၏အချိန်ကို ပညာရှိစွာ မည်သို့အသုံးပြုကြသနည်း။

၁၅ တမန်တော်ပေါလုနှင့် ဗာနဗသည် အန္တိအုတ်မြို့ရှိ ခရစ်ယာန်အသင်းတော်သို့လည်ပတ်ချိန်တွင် သူတို့ကိုအားပေးရန် ‘တပည့်တို့နှင့်အတူ ကြာမြင့်စွာနေကြ၏။’ (တ. ၁၄:၂၈) ယနေ့ မေတ္တာပြည့်ဝသောအကြီးအကဲတို့သည်လည်း အခြားသူများကိုအားပေးရန် မိမိတို့၏အချိန်များစွာကို အသုံးပြုကြသည်။ အကြီးအကဲများသည် မိမိတို့၏လယ်ကွင်းဓမ္မအမှုအပြင် သိုးတော်စုကိုထိန်းကျောင်းရန်၊ ပျောက်သောသိုးကိုရှာဖွေရန်၊ ဖျားနေသူကိုကူညီရန်နှင့် အသင်းတော်အတွင်း အခြားတာဝန်များစွာကိုဆောင်ရွက်ရန် ကြိုးစားလုပ်ဆောင်ကြသည်။ သင်သည် နှစ်ခြင်းခံပြီးသောညီအစ်ကိုတစ်ဦးဖြစ်လျှင် ထိုကဲ့သို့သော လုပ်ငန်းတော်ထပ်ဆင့်အခွင့်ထူးများအတွက် တက်လှမ်းရန် သင်၏အခြေအနေများက ခွင့်ပြုသလော။

၁၆။ ကျွန်ုပ်တို့သည် ‘ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့အား ကောင်းမှုပြု’ နိုင်သည့် နည်းတချို့မှာ အဘယ်နည်း။

၁၆ လူတို့လက်ချက်ကြောင့် သို့မဟုတ် သဘာဝဘေးဒဏ်များကြောင့် ဆင်းရဲဝေဒနာခံစားနေရသူတို့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွင်အကူအညီပေးခြင်းမှ များစွာသောသူတို့ ရွှင်လန်းမှုခံစားခဲ့ကြရသည်။ ဥပမာ၊ ဗေသလတွင်အမှုဆောင်နေသော အသက် ၆၀ ကျော်ညီအစ်မတစ်ဦးသည် ကယ်ဆယ်ရေးလုပ်သားတစ်ဦးအဖြစ် စေတနာ့ဝန်ထမ်းရန် ခရီးဝေးဒေသများသို့ အကြိမ်ကြိမ်ခရီးထွက်ခဲ့သည်။ သူ၏အားလပ်ရက်အချိန်များကို အဘယ်ကြောင့် ယင်းသို့အသုံးပြုခဲ့သနည်း။ သူဤသို့ပြော၏– “ကျွန်မမှာ အထူးစွမ်းရည်တော့မရှိပေမဲ့ လိုအပ်တဲ့ဘယ်အရာကိုမဆိုလုပ်ရတာဟာ အခွင့်ထူးတစ်ခုပါ။ ရုပ်ပစ္စည်းများစွာဆုံးရှုံးသွားပေမဲ့ ယုံကြည်ခြင်းမှာသန်မာတဲ့ ကျွန်မရဲ့ညီအစ်ကိုညီအစ်မတွေကိုတွေ့ရတာ အရမ်းခွန်အားရရှိတယ်။” ထို့ပြင် ကမ္ဘာတစ်ဝန်းတွင် ထောင်နှင့်ချီသောသူတို့သည် ဘုရားသခင့်နိုင်ငံတော်ခန်းမနှင့် စည်းဝေးပွဲခန်းမများဆောက်လုပ်ခြင်းတွင် ကူညီနေကြသည်။ ကျွန်ုပ်တို့သည် ထိုကဲ့သို့သောလုပ်ဆောင်မှုများတွင် ပါဝင်ခြင်းဖြင့် ကိုယ်ကျိုးမဖက်ဘဲ ‘ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့အား ကျေးဇူးပြု [“ကောင်းမှုပြု၊” ကဘ]’ ကြသည်။—ဂလ. ၆:၁၀

‘ငါသည် သင်တို့နှင့်အတူအစဉ်မပြတ်ရှိသည်’

၁၇။ ထာဝရအသက်အတွက် သင်ပိုင်ဆိုင်ရာ အဘယ်အရာကို ပေးဆက်မည်နည်း။

၁၇ ဘုရားသခင်နှင့်ကင်းကွာနေသောလူ့ဘောင်သည် ကွယ်ပျောက်သွားတော့မည်ဖြစ်သည်။ ယင်းသို့ဖြစ်မည့်အချိန်အတိအကျကို ကျွန်ုပ်တို့မသိကြပါ။ သို့သော် “ကျန်ကြွင်းသောကာလသည် ကျဉ်းကျပ် [“အချိန်အနည်းငယ်သာ ကျန်တော့၊” ကဘ]” ကြောင်း၊ “ဤလောက၏အဆင်းသဏ္ဌာန်သည် ရွေ့သွားကွယ်ပျောက် [“ပြောင်းလဲလျက်ရှိ၊” ကဘ]” ကြောင်းကို ကျွန်ုပ်တို့သိကြ၏။ (၁ ကောရိန္သု ၇:၂၉-၃၁ ကိုဖတ်ပါ။) အချိန်အနည်းငယ်သာကျန်တော့ကြောင်းသိထားခြင်းက ‘လူသည် မိမိအသက်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း’ ဟူသည့်ယေရှု၏မေးခွန်းကို ပို၍အရေးပါစေသည်။ ကျွန်ုပ်တို့သည် “မှန်သောအသက်” ရရန်အလို့ငှာ ယေဟောဝါတောင်းဆိုရာမှန်သမျှကို ကိုယ်ကျိုးစွန့်ပေးဆပ်မည်မှာ သေချာသည်။ (၁ တိ. ၆:၁၉) မှန်ပါသည်၊ ‘ကိုယ်တော့်နောက်မပြတ်ဆက်၍လိုက်’ ရန်နှင့် ‘ဘုရားသခင့်နိုင်ငံတော်ကို ရှေးဦးစွာရှာ’ ရန်ဟူသည့် ယေရှု၏သတိပေးချက်ကို မလွဲမသွေနာခံကြရမည်။—မ. ၆:၃၁-၃၃; ၂၄:၁၃

၁၈။ ကျွန်ုပ်တို့သည် အဘယ်အရာကို ယုံကြည်စိတ်ချနိုင်သနည်း၊ အဘယ်ကြောင့်နည်း။

၁၈ ယေရှုနောက်လိုက်ခြင်းသည် အမြဲမလွယ်ကူသည်မှာ မှန်ပါသည်၊ ယေရှု၏သတိပေးချက်အတိုင်း ဤလောကစနစ်တွင် အချို့သူတို့သည် မိမိတို့၏အသက်ကို ပေးဆက်ကြရသည်။ သို့သော် “ကိုယ့်ကိုယ်ကိုသနား” ရန်သွေးဆောင်ခံရသည့်အခါ ယေရှုကဲ့သို့ပင် ကျွန်ုပ်တို့ငြင်းပယ်ကြသည်။ ပထမရာစုရှိ ဘိသိက်ပေးခြင်းခံရသောနောက်လိုက်များအား ကိုယ်တော်ပေးခဲ့သည့် ဤအာမခံချက်ကို ကျွန်ုပ်တို့ယုံကြည်ကြ၏– “ငါသည်လည်း [“ဤလောကစနစ်ကုန်ဆုံးချိန်၊” ကဘ] တိုင်အောင် သင်တို့နှင့်အတူအစဉ်မပြတ်ရှိသည်။” (မ. ၂၈:၂၀) သို့ဖြစ်၍ ကျွန်ုပ်တို့သည် အတတ်နိုင်ဆုံး ကျွန်ုပ်တို့၏အချိန်၊ စွမ်းရည်တို့ကို မြင့်မြတ်သောလုပ်ငန်းတော်အတွက် အသုံးပြုကြစို့။ ယင်းသို့ပြုလုပ်ခြင်းက ယေဟောဝါသည် ကြီးစွာသောဆင်းရဲခြင်းဘေးတစ်လျှောက် ကျွန်ုပ်တို့ကို စောင့်ရှောက်တော်မူမည် သို့မဟုတ် ကမ္ဘာသစ်တွင်အသက်ပြန်ရှင်စေမည်ကိုယုံကြည်ကြောင်း တင်ပြကြခြင်းဖြစ်သည်။ (ဟေဗြဲ ၆:၁၀) သို့ဖြင့် ကျွန်ုပ်တို့သည် အသက်ဆုကျေးဇူးကို အလွန်တန်ဖိုးထားကြောင်း တင်ပြရာရောက်မည်။

သင်၏အဖြေကားအဘယ်နည်း

• ယေရှုသည် ဘုရားသခင်နှင့် လူတို့၏အမှုကိုဆောင်ရန် တလိုတလားရှိမှုကို မည်သို့တင်ပြခဲ့သနည်း။

• လူတစ်ဦးသည် မိမိကိုယ်ကို အဘယ်ကြောင့်ငြင်းပယ်သင့်သနည်း၊ မည်သို့ငြင်းပယ်နိုင်သနည်း။

• ရှေးဣသရေလနိုင်ငံတွင် မည်သို့သောယဇ်သည်သာ ယေဟောဝါလက်ခံဖွယ်ဖြစ်သနည်း၊ ယင်းက ယနေ့ကျွန်ုပ်တို့အား အဘယ်အရာဖော်ပြသနည်း။

• ကျွန်ုပ်တို့၏အချိန်ကို အဘယ်နည်းများဖြင့် ပညာရှိစွာ အသုံးပြုနိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၆ ပါပုံ]

ယေရှုသည် ဘုရားသခင်နှစ်သက်တော်မူရာကို အမြဲလုပ်ဆောင်ခဲ့

[စာမျက်နှာ ၂၈ ပါပုံ]

လေးမြတ်စိတ်ရှိသောဣသရေလလူတို့သည် မှန်သောဝတ်ပြုရေးကို ထောက်မရန် မိမိတို့၏အကောင်းဆုံးအရာကို ပေးဆက်ခဲ့ကြ

[စာမျက်နှာ ၂၉ ပါပုံ]

ကျွန်ုပ်တို့၏အချိန်ကို ပညာရှိစွာအသုံးပြုခြင်းဖြင့် ဘုရားသခင်၏ စိတ်တော်နှင့်တွေ့စေကြ