မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တိတု၊ ဖိလေမုန်နှင့် ဟေဗြဲကျမ်းတို့မှ ပေါ်လွင်ချက်များ

တိတု၊ ဖိလေမုန်နှင့် ဟေဗြဲကျမ်းတို့မှ ပေါ်လွင်ချက်များ

ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏

တိတု၊ ဖိလေမုန်နှင့် ဟေဗြဲကျမ်းတို့မှ ပေါ်လွင်ချက်များ

ပေါလုသည် စီအီး ၆၁ တွင်ရောမ၌ ပထမအကြိမ်ထောင်ကျရာမှ လွတ်လာခဲ့ပြီးနောက် တစ်ချိန်ချိန်တွင် ကရေတေကျွန်းသို့ လည်ပတ်ခဲ့သည်။ ထိုတွင်ရှိအသင်းတော်များ၏ဝိညာဉ်ရေးအခြေအနေကို သတိပြုမိရာ သူတို့ကိုခိုင်ခံ့စေရန် တိတုကိုထားခဲ့သည်။ နောက်ပိုင်းတွင် ပေါလုသည် တိတု တာဝန်ထမ်းဆောင်ရာတွင် သူ့ကိုလမ်းညွှန်ဖို့နှင့် သူ၏လုပ်ဆောင်မှုကို တမန်တော်ကထောက်ပံ့ပေးနေကြောင်း တင်ပြဖို့ စာတစ်စောင်ကို မာကေဒေါနိပြည်မှ ရေးလိုက်ပုံရသည်။

အစောပိုင်း၊ စီအီး ၆၁ ထောင်မှမလွတ်မီလေးတွင် ပေါလုသည် ကောလောသဲမြို့နေ ခရစ်ယာန်ညီအစ်ကိုတစ်ဦးဖြစ်သော ဖိလေမုန်ထံ စာတစ်စောင်ရေးခဲ့သည်။ ယင်းစာသည် မိတ်ဆွေတစ်ဦးထံရေးသော ကိုယ်တိုင်မေတ္တာရပ်ခံချက်ဖြစ်သည်။

စီအီး ၆၁ ခန့်တွင် ပေါလုသည် ယုဒနယ်ရှိဟေဗြဲယုံကြည်သူများထံ စာတစ်စောင်ရေးသေးသည်၊ ယင်းတွင် ဂျူးစနစ်ထက် ခရစ်ယာန်ဘာသာ၏သာလွန်မြင့်မြတ်မှုကို တင်ပြထားသည်။ ယင်းစာသုံးစောင်စလုံးတွင် ကျွန်ုပ်တို့အတွက် အဖိုးတန်ဆုံးမစကားပါရှိသည်။—ဟေဗြဲ ၄:၁၂

ဝိညာဉ်ရေးတွင် ဆက်၍ကျန်းမာနေကြလော့

(တိ. ၁:၁–၃:၁၅)

“မြို့အသီးသီးတွင် အသက်ကြီးသူများကို ခန့်အပ်” ရန်ညွှန်ကြားချက်ပေးပြီးနောက် ပေါလုက တိတုအား “[အာခံတတ်] သူတို့ကို ပြင်းထန်စွာ ဆုံးမပဲ့ပြင်နေလော့။ သို့မှသာ သူတို့သည် ယုံကြည်ခြင်း ခိုင်ခံ့” ကြလိမ့်မည်ဟု အကြံပေးသည်။ ကရေတေကျွန်းရှိ အသင်းတော်များတွင်ရှိသူအားလုံးကို “တရားမဲ့ခြင်း . . . ကိုငြင်းပယ်၍ သမာသတိရှိ” ကြရန်တိုတ်တွန်းသည်။—တိ. ၁:၅၊ ၁၀-၁၃; ၂:၁၂ကဘ။

ပေါလုသည် ကရေတေကျွန်းရှိညီအစ်ကိုများ ဝိညာဉ်ရေးတွင် ဆက်၍ကျန်းမာနေကြရန် ထပ်ဆင့်သွန်သင်ချက်ပေးသည်။ သူသည် တိတုကို “မိုက်မဲသောပုစ္ဆာအမေးတို့ကိုလည်းကောင်း၊ . . . ပညတ်တရားကြောင့် ရန်တွေ့ခြင်း . . . ကိုလည်းကောင်း ရှောင်” ရန်ညွှန်ကြားသည်။—တိ. ၃:၉

ကျမ်းစာမေးခွန်းများအဖြေ–

၁:၁၅“စင်ကြယ်သောသူတို့အား ခပ်သိမ်းသောအရာတို့” သည်မည်သို့ “စင်ကြယ်လျက်ရှိ” နိုင်သနည်း၊ သို့သော် “မစင်ကြယ်၊ မယုံကြည်သောသူတို့” အား မည်သို့မစင်ကြယ်သနည်း။ အဖြေကိုသိရန် “ခပ်သိမ်းသောအရာတို့” ဟုပေါလုဆိုရာတွင် အဘယ်အရာကိုဆိုလိုကြောင်း နားလည်ဖို့လို၏။ ဘုရားသခင့်နှုတ်မြွက်စကားတော်တွင် တိုက်ရိုက်ပြစ်တင်ထားသောအရာများကိုမဟုတ်ဘဲ ယုံကြည်သူတစ်ဦးအနေနှင့် မိမိ၏ကိုယ်ကိုကိုယ်သိသောစိတ်ပေါ်မူတည်၍ ကိုယ်ပိုင်ဆုံးဖြတ်ရမည့်ကိစ္စများနှင့်ပတ်သက်၍ ပေါလုပြောနေခြင်းဖြစ်သည်။ ဘုရားသခင့်စံနှုန်းများနှင့်လျော်ညီစွာ တွေးခေါ်သူတစ်ဦးအတွက် ထိုအရာများသည် စင်ကြယ်၏။ သို့သော် မှားမှားယွင်းယွင်းတွေးခေါ်တတ်သူ၊ ကိုယ်ကိုကိုယ်သိသောစိတ်မစင်ကြယ်သူအတွက်မူကား ထိုအရာများသည် မစင်ကြယ်ပါ။ *

၃:၅—ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် “ဆေးကြောခြင်းအားဖြင့်” မည်သို့ “ကယ်တင်” ခံရကြပြီး ‘သန့်ရှင်းသောစွမ်းအားတော်၏ အသစ်ပြုပြင်ခြင်း’ မည်သို့ခံရကြသနည်း။ သူတို့သည် “ဆေးကြောခြင်းအားဖြင့် . . . ကယ်တင်” ခံရကြသည်ဟုဆိုရာတွင် ဘုရားသခင်သည် သူတို့ကို ယေရှု၏အသွေးတော်ရွေးနုတ်ဖိုးပူဇော်ရာယဇ်အကျိုးအားဖြင့် ဆေးကြော သို့မဟုတ် သန့်စင်သည်ကိုဆိုလိုသည်။ သူတို့သည် ဘုရားသခင့်စွမ်းအားတော်ဖြင့် ဖွားသောသားများအဖြစ် “အသစ်ပြုပြင်သောသတ္တဝါ” ဖြစ်လာကြသောကြောင့် ‘သန့်ရှင်းသောစွမ်းအားတော်၏အသစ်ပြုပြင်ခြင်း’ ကိုခံကြရသည်။—၂ ကော. ၅:၁၇

ကျွန်ုပ်တို့အတွက်သင်ခန်းစာ–

၁:၁၀-၁၄; ၂:၁၅ခရစ်ယာန်ကြီးကြပ်မှူးများသည် အသင်းတော်ရှိမှားယွင်းမှုများကို သတ္တိရှိရှိပြုပြင်တည့်မတ်ရမည်။

၂:၃-၅ပထမရာစုတွင်ကဲ့သို့ ယနေ့ရင့်ကျက်သောခရစ်ယာန်ညီအစ်မများသည် “ကျင့်ကြံပြုမူရာမှာ ဓမ္မအမှုနှင့်ထိုက်တန်သောသူ၊ မချောစားတတ်သောသူ၊ စပျစ်ရည်၌မလွန်ကြူးတတ်သောသူ၊ ကောင်းသောအတတ်ကိုသင်ပေးတတ်သောသူ” ဖြစ်ရန်လိုသည်။ ဤနည်းဖြင့် သူတို့သည် အသင်းတော်ရှိ “အသက်ပျိုသောမိန်းမတို့” ကိုနှစ်ကိုယ်ကြားလမ်းညွှန်ချက်ပေးနိုင်မည်ဖြစ်သည်။

၃:၈၊ ၁၄“ကောင်းသောအကျင့်တို့ကို အမြဲကျင့်အံ့သောငှာ သတိပြု” နေခြင်းသည် “ကောင်းသည်သာမက လူတို့၏အကျိုးကိုပြုစုတတ်” ၏၊ အကြောင်းမှာ ဘုရားသခင့်လုပ်ငန်းတော်တွင် သီးပွင့်ရန် အထောက်အကူပြုပြီး ဆိုးသွမ်းသောလောကမှ ဆက်၍သီးခြားနေစေသောကြောင့်ဖြစ်သည်။

“မေတ္တာအားဖြင့်” တိုက်တွန်းနှိုးဆော်ပါလေ

(ဖိလေ. ၁-၂၅)

ဖိလေမုန်သည် “ယုံကြည်၍ . . . ချစ်” ခြင်းတင်ပြရာတွင် ပုံသက်သေဖြစ်သောကြောင့် ချီးမွမ်းခံခဲ့ရသည်။ သူသည် ခရစ်ယာန်ချင်းများအတွက် သက်သာရာရင်းမြစ်တစ်ရပ်ဖြစ်နေခြင်းက ပေါလုအား “အလွန်ဝမ်းမြောက်ချမ်းသာခြင်းရှိ” စေခဲ့သည်။—ဖိလေ. ၄၊ ၅၊

ပေါလုသည် ဩနေသိမ်နှင့်ပတ်သက်သည့် သတိထားကိုင်တွယ်ရမည့်ကိစ္စကို အမိန့်ပေးခြင်းအားဖြင့်မဟုတ်ဘဲ “မေတ္တာအားဖြင့်” တိုက်တွန်းနှိုးဆော် ဖြေရှင်းခဲ့ပုံသည် ကြီးကြပ်မှူးအားလုံးအတွက် ပုံသက်သေဖြစ်သည်။ ဖိလေမုန်ကို သူဤသို့ပြောသည်– “သင်သည် နားထောင်မည်ဟု ယုံမှားခြင်းမရှိသည်သာမက ငါပြောသည်ထက်သာ၍ပြုမည်ဟုအမှန်သိလျက် ငါရေးလိုက်ပါ၏။”—ဖိလေ. ၈၊ ၉၊ ၂၁

ကျမ်းစာမေးခွန်းများအဖြေ–

၁၀၊ ၁၁ ၁၈—ယခင်က “အသုံးမရသော” ဩနေသိမ်သည် မည်သို့ “အသုံးရသော” သူဖြစ်လာခဲ့သနည်း။ ဩနေသိမ်သည် ကောလောသဲမြို့နေ ဖိလေမုန်၏အိမ်မှ ထွက်ပြေးခဲ့ပြီး ရောမသို့ထွက်ပြေးတိမ်းရှောင်သော တလိုတလားလုပ်ဆောင်လိုစိတ်မရှိသည့်ကျေးကျွန်တစ်ဦးဖြစ်ခဲ့သည်။ ဩနေသိမ်သည် ဤမိုင် ၉၀၀ ခရီးစရိတ်အတွက် သူ့သခင်ထံမှ ငွေကြေးခိုးယူခဲ့သည်လည်း ဖြစ်နိုင်သည်။ သူသည် ဖိလေမုန်အတွက် အမှန်ပင် အသုံးမရသောသူဖြစ်ခဲ့သည်။ သို့သော် ရောမတွင် ဩနေသိမ်ခရစ်ယာန်တစ်ဦးဖြစ်လာရန် ပေါလုကူညီပေးခဲ့သည်။ ယခုတွင် ဝိညာဉ်ရေးညီအစ်ကိုတစ်ဦးဖြစ်နေပြီး ယခင်က “အသုံးမရသော” ဤကျွန်သည် “အသုံးရသော” သူဖြစ်လာခဲ့သည်။

၁၅၊ ၁၆—ဩနေသိမ်ကို လွတ်လပ်ခွင့်ပေးရန် ဖိလေမုန်ကို ပေါလုအဘယ်ကြောင့် မတောင်းဆိုခဲ့သနည်း။ ပေါလုသည် မိမိတာဝန်ဖြစ်သော ‘ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြော၍ သခင်ယေရှုခရစ်၏အကြောင်းများကို သွန်သင်ပြသ’ ခြင်းတွင် စွဲစွဲမြဲမြဲလုပ်ဆောင်လိုခဲ့သည်။ ထို့ကြောင့် ကျွန်နှင့်ပတ်သက်သော လူမှုရေးကိစ္စများမှ ကင်းကင်းရှင်းရှင်းနေရန် ရွေးချယ်သည်။—တ. ၂၈:၃၁

ကျွန်ုပ်တို့အတွက်သင်ခန်းစာ–

ဖိလေမုန်သည် မိမိအိမ်ကို ခရစ်ယာန်အစည်းအဝေးများအတွက် အသုံးပြုခဲ့သည်။ ကျွန်ုပ်တို့၏အိမ်ကို လယ်ကွင်းလုပ်ငန်းတွေ့ဆုံမှုအတွက် အသုံးပြုခြင်းသည် အခွင့်ထူးဖြစ်၏။—ရော. ၁၆:၅; ကော. ၄:၁၅

၄-၇ယုံကြည်ခြင်းနှင့် ချစ်ခြင်းတွင် ပုံသက်သေကောင်းသော ယုံကြည်သူချင်းများကို ကျွန်ုပ်တို့သည် အစပြုချီးမွမ်းသင့်သည်။

၁၅၊ ၁၆ဘဝ၏အဆင်မပြေသောအခြေအနေများကြောင့် ကျွန်ုပ်တို့သည် အလွန်အကျွံစိုးရိမ်ပူပန်မှုမဖြစ်သင့်ပါ။ ဩနေသိမ်အဖြစ်တွင်ကဲ့သို့ အကျိုးရှိသောရလဒ်များ ထွက်ပေါ်လာနိုင်သည်။

၂၁ဖိလေမုန်သည် ဩနေသိမ်ကို ခွင့်လွှတ်မည်ဟု ပေါလုမျှော်လင့်ခဲ့သည်။ အလားတူ ကျွန်ုပ်တို့အား စိတ်ထိခိုက်အောင်လုပ်ခဲ့သောညီအစ်ကိုတစ်ဦးကို ခွင့်လွှတ်ရန်လိုသည်။—မ. ၆:၁၄

“ရင့်ကျက်သည့်အဖြစ်သို့ တက်လှမ်းနေကြ”

(ဟေဗြဲ ၁:၁–၁၃:၂၅)

ယေရှု၏ပူဇော်ရာယဇ်ကိုယုံကြည်ခြင်းသည် ပညတ်တရား၏အကျင့်ထက် သာလွန်ကြောင်းသက်သေပြရန် ခရစ်ယာန်ဘာသာကို စတင်တည်ထောင်သူ၏ထူးကဲမှု၊ ကိုယ်တော်၏ယဇ်ပုရောဟိတ်အရာ၊ ပူဇော်ရာယဇ်နှင့် ပဋိညာဉ်သစ်တို့ကို ပေါလုအလေးပေးဖော်ပြသည်။ (ဟေဗြဲ ၃:၁-၃; ၇:၁-၃၊ ၂၂; ၈:၆; ၉:၁၁-၁၄၊ ၂၅၊ ၂၆) ဤအသိပညာက ဂျူးတို့လက်ချက်ဖြင့် ခံခဲ့ရသောနှိပ်စက်ညှဉ်းပန်းမှုကို ခံရပ်နိုင်ရန် ဟေဗြဲခရစ်ယာန်များကို အမှန်တကယ်အထောက်အကူပြုခဲ့ရပေမည်။ ပေါလုသည် ဟေဗြဲယုံကြည်သူချင်းများကို “ရင့်ကျက်သည့်အဖြစ်သို့ တက်လှမ်းနေကြ” ရန်တိုက်တွန်းသည်။—ဟေဗြဲ ၆:၁ကဘ။

ယုံကြည်ခြင်းသည် ခရစ်ယာန်တစ်ဦးအတွက် မည်မျှအရေးကြီးသနည်း။ ပေါလုဤသို့ရေးသည်– “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။” ဟေဗြဲလူတို့ကို ဤသို့အားပေးသည်– “ငါတို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ အားမလျော့ဘဲပြေးကြကုန်အံ့။” ယင်းကို ယုံကြည်ခြင်းဖြင့်ပြုလုပ်ရန်ဖြစ်သည်။—ဟေဗြဲ ၁၁:၆; ၁၂:၁

ကျမ်းစာမေးခွန်းများအဖြေ–

၂:၁၄၊ ၁၅ကဘ—စာတန်သည် “သေခြင်းတရားကိုဖြစ်ပေါ်စေသူ” ဖြစ်သည်ဟူသောအချက်က သူသည် တစ်ဦးတစ်ယောက်ကိုရွေးပြီး အချိန်မတန်ဘဲသေဆုံးစေနိုင်ကြောင်း ဖော်ပြသလော။ ထိုသို့မဟုတ်ပါ။ သို့သော် ဧဒင်တွင် စာတန်၏ဆိုးညစ်သည့်လမ်းစဉ်အစပြုချိန်မှစ၍ သူ၏လိမ်လည်မှုက သေခြင်းကိုဖြစ်စေခဲ့သည်၊ အကြောင်းမှာ အာဒံသည် အပြစ်ပြုခဲ့ပြီး လူ့မိသားစုအား အပြစ်နှင့်သေခြင်းကို လက်ဆင့်ကမ်းပေးခဲ့သောကြောင့်ဖြစ်သည်။ (ရော. ၅:၁၂) ထို့ပြင် စာတန်၏မြေကြီးကိုယ်စားလှယ်များသည် ယေရှုအပေါ်ပြုခဲ့သကဲ့သို့ ဘုရားသခင့်ကျေးကျွန်များကို သေသည်အထိနှိပ်စက်ညှဉ်းဆဲခဲ့ကြသည်။ သို့သော် စာတန်သည် သူသတ်လိုသူတိုင်းကို အကန့်အသတ်မရှိသတ်နိုင်သည်ဟူ၍ကား မဆိုလို။ ထိုသို့သာသူလုပ်နိုင်ခဲ့ပါက ကြာမြင့်စွာကတည်းက ယေဟောဝါအားဝတ်ပြုကိုးကွယ်သူများကို သုတ်သင်ပယ်ရှင်းခဲ့မည်မှာ သေချာသည်။ ယေဟောဝါသည် မိမိလူမျိုးတော်ကို အုပ်စုလိုက်အနေဖြင့်ကာကွယ်တော်မူပြီး သူတို့ကိုအစတုံးဖျက်ဆီးရန် စာတန်ကိုခွင့်မပြုပါ။ စာတန်၏တိုက်ခိုက်မှုများအောက်တွင် ကျွန်ုပ်တို့ထဲမှတချို့သေဆုံးသွားရန် ဘုရားသခင်ခွင့်ပြုလျှင်ပင် ကျွန်ုပ်တို့အပေါ်ကျရောက်နိုင်သည့် မည်သည့်အန္တရာယ်ကိုမဆို ဘုရားသခင်ဖြေရှင်းပေးမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်သည်။

၄:၉-၁၁—ကျွန်ုပ်တို့သည် ဘုရားသခင်၏ “ငြိမ်ဝပ်ခြင်းချမ်းသာ” ထဲသို့မည်သို့ “ဝင်ရ” ကြသနည်း။ ဘုရားသခင်သည် ဖန်ဆင်းရာခြောက်ရက်ပြီးဆုံးပြီးနောက် ဖန်ဆင်းခြင်းအလုပ်မှ ငြိမ်ဝပ်စွာနေတော်မူခဲ့သည်၊ ကိုယ်တော်သည် ကမ္ဘာမြေ၊ လူသားတို့နှင့်ပတ်သက်သော မိမိရည်ရွယ်တော်မူချက်ပြည့်စုံမည်ကို ယုံကြည်စိတ်ချတော်မူ၏။ (က. ၁:၂၈; ၂:၂၊ ၃) ကျွန်ုပ်တို့သည် ကိုယ်ကျိုးရှာလုပ်ငန်းများမှရပ်တန့်ခြင်းနှင့် ကယ်တင်ခြင်းအတွက် ဘုရားသခင့်ပြင်ဆင်ချက်များကို လက်ခံခြင်းအားဖြင့် “ထိုချမ်းသာထဲသို့ဝင်ရ” ကြသည်။ ကျွန်ုပ်တို့သည် ယေဟောဝါကို ယုံကြည်ကြောင်းတင်ပြပြီး ကိုယ်ကျိုးရှာလုပ်ငန်းကို လိုက်စားမည့်အစား နာခံမှုရှိရှိသားတော်နောက်လိုက်ကြသောအခါ လန်းဆန်းမှုရကာ နေ့ရက်တိုင်း ငြိမ်သက်မှုကောင်းချီးများခံစားကြရသည်။—မ. ၁၁:၂၈-၃၀

၉:၁၆ကဘ—ပဋိညာဉ်သစ်၏ “ပဋိညာဉ်ဖွဲ့သောသူ” ကားမည်သူနည်း။ ယေရှုသည် “ပဋိညာဉ်ဖွဲ့သောသူ” ဖြစ်သော်လည်း ပဋိညာဉ်သစ်ကိုပြုလုပ်သူကား ယေဟောဝါဖြစ်တော်မူ၏။ ယေရှုသည် ထိုပဋိညာဉ်၏ဖျန်ဖြေသူဖြစ်ပြီး ကိုယ်တော်၏သေခြင်းက ထိုပဋိညာဉ်ကိုအတည်ဖြစ်စေဖို့ လိုအပ်သောပူဇော်ရာယဇ်ကို ပေးဆက်ခဲ့သည်။—လု. ၂၂:၂၀; ဟေဗြဲ ၉:၁၅

၁၁:၁၀၊ ၁၃-၁၆—အာဗြဟံသည် အဘယ် “မြို့” ကိုစောင့်မျှော်ခဲ့သနည်း။ ယင်းမှာ ပကတိမြို့မဟုတ်ဘဲ ပုံဆောင်ရာမြို့ဖြစ်သည်။ အာဗြဟံသည် ခရစ်တော်ယေရှုနှင့် ကိုယ်တော့်တွဲဖက်အုပ်စိုးရှင်များဖြစ်ကြသော ၁၄၄,၀၀၀ တို့ဖြင့် ဖွဲ့စည်းထားသော “ကောင်းကင်ယေရုရှလင်မြို့” ကိုစောင့်မျှော်ခဲ့သည်။ ကောင်းကင်ဘုန်းဝင်စားကြသော ဤတွဲဖက်အုပ်စိုးရှင်များကို “သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့သစ်” အဖြစ်လည်း ဖော်ပြထားသည်။ (ဟေဗြဲ ၁၂:၂၂; ဗျာ. ၁၄:၁; ၂၁:၂) အာဗြဟံသည် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်တွင် အသက်ရှင်ရန်မျှော်လင့်ခဲ့သည်။

၁၂:၂—“လက်ဝါးကပ်တိုင်၌ခံ” ရပ်စေခဲ့သည့် “[ယေရှု] ရှေ့၌ထားသောဝမ်းမြောက်ခြင်း” ကားအဘယ်နည်း။ ယင်းသည် ကိုယ်တော့်ဓမ္မအမှုက ပြီးမြောက်စေမည့်အရာကို မြင်တွေ့ရ၍ဝမ်းမြောက်ခြင်းဖြစ်ပြီး ယင်းတွင် ယေဟောဝါ၏နာမတော် သန့်ရှင်းမြင့်မြတ်ရေး၊ ဘုရားသခင်၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို သံသယကင်းရှင်းစေရေးနှင့် ရွေးနုတ်ဖိုးအဖြစ် မိမိအသက်ကိုပေးဆက်ခြင်းအားဖြင့် လူသားများ သေခြင်းမှကယ်နုတ်ရေးတို့ပါဝင်သည်။ ယေရှုသည် ဘုရင်အဖြစ်အုပ်စိုးခြင်းနှင့် လူသားများအကျိုးအတွက် ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် အမှုဆောင်ခြင်းဆိုင်ရာဆုကျေးဇူးကိုလည်း မျှော်မှန်းခဲ့သည်။

၁၃:၂၀—ပဋိညာဉ်သစ်ကို “ထာဝရ” တည်ရှိသည့်အရာအဖြစ် အဘယ်ကြောင့်ဖော်ပြသနည်း။ အကြောင်းရင်းသုံးခုရှိသည်– (၁) ယင်းကို ဘယ်တော့မျှ အစားထိုးလိမ့်မည်မဟုတ်၊ (၂) ၎င်းက ပြီးမြောက်စေသည့်အရာများသည် ထာဝရတည်ရှိမည်ဖြစ်၏၊ (၃) “အခြားသိုး” သည် အာမဂေဒုန်ပြီးနောက် ပဋိညာဉ်သစ်အစီအစဉ်မှ ဆက်၍အကျိုးခံစားကြမည်ဖြစ်သည်။—ယော. ၁၀:၁၆

ကျွန်ုပ်တို့အတွက်သင်ခန်းစာ–

၅:၁၄ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာကို လုံ့လဝီရိယရှိရှိလေ့လာသူများဖြစ်သင့်ပြီး သင်ယူခဲ့ရာများကို လက်တွေ့ကျင့်သုံးသင့်သည်။ “ကောင်းကျိုးမကောင်းကျိုးကို ပိုင်းခြား၍သိနိုင်သောဉာဏ်” ကိုရရှိနိုင်သည့် အခြားနည်းမရှိတော့ပါ။—၁ ကော. ၂:၁၀

၆:၁၇-၁၉ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို ဘုရားသခင့်ကတိတော်နှင့် ကိုယ်တော့်ကျိန်ဆိုချက်တွင် ခိုင်မြဲစွာအခြေခံထားခြင်းက အမှန်တရားတွင်လျှောက်လှမ်းနေခြင်းမှ သွေဖည်မသွားရန် အထောက်အကူပြုလိမ့်မည်။

၁၂:၃၊ ၄။ ကျွန်ုပ်တို့ကြုံတွေ့နိုင်သည့် သေးငယ်သောစမ်းသပ်မှုများ သို့မဟုတ် ဆန့်ကျင်မှုကြောင့် “အားလျော့စိတ်ပျက်ခြင်း” ရှိမည့်အစား ကျွန်ုပ်တို့သည် ရင့်ကျက်ခြင်းအဖြစ်သို့ တက်လှမ်းပြီး စမ်းသပ်မှုများခံရပ်နိုင်ရန် ကျွန်ုပ်တို့၏စွမ်းရည်ကို တိုးတက်စေသင့်သည်။ ကျွန်ုပ်တို့သည် သေသည်အထိဖြစ်သော “ကိုယ်အသွေးထွက်သည်တိုင်အောင်” ခံရပ်နိုင်ရန် စိတ်ပိုင်းဖြတ်ထားသင့်သည်။—ဟေဗြဲ ၁၀:၃၆-၃၉

၁၂:၁၃-၁၅ကျွန်ုပ်တို့သည် “ခါးစွာသောပင်မြစ်ပေါက်” ခြင်း သို့မဟုတ် အသင်းတော်တွင် ကိစ္စရပ်များလုပ်ဆောင်ပုံကို အပြစ်ရှာသူမည်သူ့ကိုမဆို ‘ကျွန်ုပ်တို့သွားဖို့ရာ ဖြောင့်သောလမ်းတို့ကို ပြင်ဆင်’ ခြင်းမှ ကျွန်ုပ်တို့အား တားဆီးရန်ခွင့်မပြုသင့်ပါ။

၁၂:၂၆-၂၈ဘုရားသခင်အားဖြင့်မဟုတ်ဘဲ လက်အားဖြင့်ပြုလုပ်သော “အရာတို့” သည် အဆုံးတိုင်ဖို့ လှုပ်ခါရန်ဖြစ်သည်၊ ယင်းမှာ လက်ရှိလောကစနစ်တစ်ခုလုံးဖြစ်ပြီး ဆိုးသွမ်းသည့် “ကောင်းကင်” ပင်ပါဝင်သည်။ ထိုသို့ဖြစ်သောအခါ ဘုရားသခင့်နိုင်ငံတော်နှင့် ယင်းကိုထောက်ခံသူများဖြစ်သော “မလှုပ်သောအရာတို့” သာဆက်တည်ရှိလိမ့်မည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်ကို ထက်သန်စွာကြွေးကြော်ကာ ၎င်း၏မူများအတိုင်း အသက်ရှင်နေထိုင်ရန် အလွန်အရေးကြီးလှသည်!

၁၃:၇၊ ၁၇အသင်းတော်ရှိကြီးကြပ်မှူးများကို နာခံရန်၊ လက်အောက်ခံရန်ဟူသော ဤတိုက်တွန်းချက်ကို မပြတ်အာရုံစိုက်ခြင်းက ပူးပေါင်းလုပ်ဆောင်သည့်စိတ်ဓာတ် တင်ပြရန် အထောက်အကူပြုပါလိမ့်မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 အောက်တိုဘာ ၁၅၊ ၂၀၀၇ ကင်းမျှော်စင်စာမျက်နှာ ၂၆-၂၇ ကိုကြည့်ပါ။