မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါသည် ကျွန်ုပ်တို့၏ကောင်းကျိုးအတွက် ကျွန်ုပ်တို့ကိုကြည့်ရှုတော်မူ၏

ယေဟောဝါသည် ကျွန်ုပ်တို့၏ကောင်းကျိုးအတွက် ကျွန်ုပ်တို့ကိုကြည့်ရှုတော်မူ၏

ယေဟောဝါသည် ကျွန်ုပ်တို့၏ကောင်းကျိုးအတွက် ကျွန်ုပ်တို့ကိုကြည့်ရှုတော်မူ၏

‘[ယေဟောဝါ] သည် အထံတော်၌ ပြည့်ဝစုံလင်သောစိတ်နှလုံးရှိသူတို့ဘက်တွင် တန်ခိုးတော်ပြတော်မူခြင်းငှာ မျက်စိတော်သည်လျင်မြန်၍ မြေကြီးတစ်ပြင်လုံးကို တစ်ပြိုင်နက်နှံ့အောင်ကြည့်ရှုလျက်ရှိ၏။’—၆ ရာ. ၁၆:၉၊ သမ္မာ။

၁။ ယေဟောဝါသည် ကျွန်ုပ်တို့ကို အဘယ်ကြောင့်စစ်တော်မူသနည်း။

 ယဟောဝါသည် စုံလင်သောဖခင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကောင်းစွာသိကျွမ်းပြီး “[ကျွန်ုပ်တို့၏] အကြံအစည်” ကိုပင်သိမြင်တော်မူသည်။ (၅ ရာ. ၂၈:၉) သို့သော် အမှားတွေ့ဖို့သာ ကျွန်ုပ်တို့ကိုစစ်တော်မူသည်မဟုတ်။ (ဆာ. ၁၁:၄; ၁၃၀:၃) ယင်းအစား ကိုယ်တော်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေး ပျက်စီးနိုင်သော သို့မဟုတ် ထာဝရအသက်ရဖို့ ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို ထိခိုက်နိုင်သောမည်သည့်အရာမဆိုမှ မေတ္တာပါစွာကာကွယ်ပေးလိုသည်။—ဆာ. ၂၅:၈-၁၀၊ ၁၂၊ ၁၃

၂။ ယေဟောဝါသည် မည်သူတို့အတွက် မိမိတန်ခိုးတော်ကိုပြတော်မူသနည်း။

ယေဟောဝါသည် အတိုင်းအဆမဲ့တန်ခိုးရှင်ဖြစ်ပြီး လူခပ်သိမ်းကို မြင်တော်မူသည်။ ထိုအကြောင်းကြောင့် ကိုယ်တော်၏တည်ကြည်သောလူတို့ ကိုယ်တော့်ကိုဟစ်ခေါ်သည့်အခါတိုင်း ကူညီပေးနိုင်ပြီး စမ်းသပ်မှုများကြုံရချိန်တွင် သူတို့ကို ထောက်မနိုင်သည်။ ၂ ရာဇဝင်ချုပ် ၁၆:၉ [သမ္မာ] တွင် ‘[ယေဟောဝါ] သည်အထံတော်၌ ပြည့်ဝစုံလင်သောစိတ်နှလုံးရှိသူတို့ဘက်တွင် တန်ခိုးတော်ပြတော်မူခြင်းငှာ မျက်စိတော်သည်လျင်မြန်၍ မြေကြီးတစ်ပြင်လုံးကိုတစ်ပြိုင်နက်နှံ့အောင်ကြည့်ရှုလျက်ရှိ၏’ ဟုဖော်ပြထားသည်။ စင်ကြယ်ပြီး စိတ်ရင်းမှန်သောသဘောထားဖြစ်သည့် ပြည့်ဝစုံလင်သောစိတ်နှလုံးနှင့် ယေဟောဝါ၏ အမှုတော်ဆောင်ရွက်သူတို့အတွက် ကိုယ်တော်သည် မိမိတန်ခိုးတော်အသုံးပြုတော်မူကြောင်း သတိပြုပါ။ ကိုယ်တော်သည် လိမ်လည်လှည့်စားတတ်သော သို့မဟုတ် သူတော်ကောင်းယောင်ဆောင်သောသူတို့အတွက် ထိုသို့သောစိုးရိမ်မှုကို တင်ပြတော်မမူ။—ယောရှု ၇:၁၊ ၂၀၊ ၂၁၊ ၂၅; သု. ၁:၂၃-၃၃

ဘုရားသခင်နှင့်အတူသွားလာပါ

၃၊ ၄။ “ဘုရားသခင်နှင့်အတူသွားလာ” သည်ဟုဆိုရာတွင် အဘယ်အဓိပ္ပာယ်ရှိသနည်း၊ ယင်းကိုနားလည်ရန် အဘယ်ကျမ်းစာပုံနမူနာများရှိသနည်း။

ကြီးမားကျယ်ပြောလှသောစကြဝဠာကို ဖန်ဆင်းသောအရှင်သည် လူသားတို့အား ဝိညာဉ်ရေးသဘောအရ မိမိနှင့်အတူသွားလာခွင့်ပြုသည်ဟူသည့်အချက်သည် လူအများအတွက် မယုံနိုင်စရာဖြစ်သည်။ သို့တိုင် ယေဟောဝါသည် ကျွန်ုပ်တို့အား ထိုသို့ပင်သွားလာစေလိုတော်မူသည်။ ကျမ်းစာခေတ်တွင် ဧနောက်နှင့် နောဧတို့သည် “ဘုရားသခင်နှင့်အတူသွားလာ” ခဲ့ကြသည်။ (က. ၅:၂၄; ၆:၉) မောရှေသည် “မျက်မြင်မရသောဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ” ခဲ့သည်။ (ဟေဗြဲ ၁၁:၂၇) ဘုရင်ဒါဝိဒ်သည် ကောင်းကင်ခမည်းတော်နှင့်အတူ နှိမ့်ချစွာသွားလာခဲ့သည်။ သူဤသို့ပြောခဲ့သည်– “အကြောင်းမူကား [ယေဟောဝါ] သည် ငါ့လက်ယာဘက်၌တည်ရှိတော်မူသည်ဖြစ်၍ ငါသည်လှုပ်ရှားခြင်းမရှိရ။”—ဆာ. ၁၆:၈

မှန်ပါသည်၊ ကျွန်ုပ်တို့သည် ပကတိအတိုင်း ယေဟောဝါနှင့်လက်တွဲပြီး ကိုယ်တော်နှင့်အတူသွားလာ၍ မရပါ။ သို့သော် ပုံဆောင်သဘောဖြင့် ထိုသို့သွားလာနိုင်သည်။ မည်သို့အားဖြင့်နည်း။ ဆာလံဆရာအာသပ်ဤသို့ရေးသည်– “အကျွန်ုပ်သည် ကိုယ်တော်ထံမှာအစဉ်ရှိ၍ အကျွန်ုပ်၏လက်ယာလက်ကို ဆွဲကိုင်တော်မူ၏။ အကျွန်ုပ်ကိုဉာဏ်ပေး၍ ပဲ့ပြင်တော်မူမည်။” (ဆာ. ၇၃:၂၃၊ ၂၄) ရိုးရိုးလေးပြောရလျှင် ယေဟောဝါ၏ပဲ့ပြင်မှုကို ကျွန်ုပ်တို့အနီးကပ်လိုက်လျှောက်သောအခါ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူသွားလာခြင်းဖြစ်သည်၊ ယင်းပဲ့ပြင်မှုကို အဓိကအားဖြင့် ရေးသားထားသောကိုယ်တော့်နှုတ်မြွက်တော်နှင့် “သစ္စာနှင့် သတိပညာရှိသောကျွန်” မှတစ်ဆင့် ကျွန်ုပ်တို့ရရှိကြသည်။—မ. ၂၄:၄၅ကဘ; ၂ တိ. ၃:၁၆

၅။ ယေဟောဝါသည် မေတ္တာရှိသောဖခင်ကဲ့သို့ မိမိအပေါ်တည်ကြည်သောသူတို့ကို မည်သို့ကြည့်ရှုတော်မူသနည်း၊ ကိုယ်တော်နှင့်ပတ်သက်၍ ကျွန်ုပ်တို့မည်သို့ခံစားသင့်သနည်း။

ယေဟောဝါသည် မိမိနှင့်အတူသွားလာသူတို့ကို မြတ်နိုးသောကြောင့် မေတ္တာရှိဖခင်သဖွယ် သူတို့ကို ကြည့်ရှု၊ စောင့်ရှောက်၊ ကာကွယ်၊ သွန်သင်တော်မူသည်။ ဘုရားသခင်ဤသို့မိန့်တော်မူ၏– “သင့်ကိုငါသွန်သင်မည်။ သင်သွားရမည်လမ်းကိုပြညွှန်မည်။ သင့်ကိုကြည့်ရှုပြုစုမည်။” (ဆာ. ၃၂:၈) ကိုယ့်ကိုယ်ကိုဤသို့မေးပါ– ‘ကိုယ်တော်ရဲ့ဉာဏ်ပညာကို နားထောင်ပြီး မေတ္တာနဲ့ ငါ့ကိုကြည့်နေတယ်ဆိုတာကို သိမှတ်ခြင်းအားဖြင့် ယေဟောဝါနဲ့လက်ချင်းတွဲပြီး ကိုယ်တော်နဲ့အတူသွားလာနေတယ်လို့ ငါ့ကိုငါမြင်ရဲ့လား။ ကိုယ်တော်တည်ရှိတယ်ဆိုတဲ့ ငါ့ရဲ့အသိစိတ်က ငါ့ရဲ့အတွေးအခေါ်၊ အပြောအဆိုနဲ့အကျင့်အကြံတွေအပေါ် သက်ရောက်မှုရှိရဲ့လား။ ဒါ့အပြင် ငါအမှားလုပ်မိတဲ့အခါ ယေဟောဝါဟာ အေးတိအေးစက်နဲ့ ခက်ထန်တဲ့ဘုရားသခင်အဖြစ်မဟုတ်ဘဲ နောင်တရသူတွေကို မိမိနဲ့ရင်းနှီးတဲ့ဆက်ဆံရေးပြန်ရစေလိုတဲ့ မေတ္တာအကြင်နာရှိခမည်းတော်အဖြစ် ငါမြင်ရဲ့လား။’—ဆာ. ၅၁:၁၇

၆။ ယေဟောဝါသည် လူသားဖခင်တစ်ဦးထက် အဘယ်အကျိုးကျေးဇူးပြုနိုင်သနည်း။

မှားယွင်းသောလမ်းစဉ်ပေါ် ကျွန်ုပ်တို့ မရောက်မီတွင်ပင် ယေဟောဝါကူညီပေးသည့်အခါများလည်းရှိပေမည်။ ဥပမာ၊ ကျွန်ုပ်တို့၏စဉ်းလဲသောနှလုံးက မသင့်လျော်သောအရာများကို တောင့်တစပြုလာသည်ကို ကိုယ်တော်သိမြင်ပေမည်။ (ယေ. ၁၇:၉) ထိုသို့သောအခြေအနေတွင် လူသားဖခင်များလုပ်ဆောင်နိုင်သည်ထက်ပင် စော၍ ကိုယ်တော်လုပ်ဆောင်နိုင်သည်၊ အကြောင်းမှာ ကိုယ်တော်၏ “မျက်စိတော်” သည် ကျွန်ုပ်တို့၏အတွင်းအကျဆုံးအပိုင်းကို ကြည့်ရှုနိုင်ပြီး ကျွန်ုပ်တို့၏စိတ်နှလုံးအကြံအစည်များကို စစ်တော်မူသောကြောင့်ဖြစ်သည်။ (ဆာ. ၁၁:၄; ၁၃၉:၄; ယေ. ၁၇:၁၀) ပရောဖက်ယေရမိ၏စာရေးလည်းဖြစ်၊ ရင်းနှီးသောမိတ်ဆွေလည်းဖြစ်သူ ဗာရုတ်၏အသက်တာတွင်ဖြစ်ပေါ်ခဲ့သည့်အခြေအနေနှင့်ပတ်သက်၍ ဘုရားသခင်၏တုံ့ပြန်မှုကို သုံးသပ်ကြည့်ပါ။

ဗာရုတ်အတွက် စစ်မှန်သောဖခင်တစ်ဦး

၇၊ ၈။ (က) ဗာရုတ်ကား မည်သူနည်း၊ သူ၏နှလုံးတွင် အဘယ်အန္တရာယ်ရှိသောဆန္ဒများ ဖြစ်ပေါ်လာခဲ့သနည်း။ (ခ) ယေဟောဝါသည် ဗာရုတ်အပေါ် ဖခင်တစ်ဦးပမာစိုးရိမ်ပေးကြောင်း မည်သို့တင်ပြခဲ့သနည်း။

ဗာရုတ်သည် ယေရမိနှင့်အတူ တည်ကြည်စွာအမှုဆောင်ခဲ့သော ကျွမ်းကျင်သည့်ကျမ်းကူးသူတစ်ဦးဖြစ်ခဲ့ပြီး သူ၏ခက်ခဲသည့်တာဝန်မှာ ယုဒပြည်အပေါ် ယေဟောဝါ၏တရားစီရင်ချက်ကို ကြွေးကြော်ရန်ဖြစ်သည်။ (ယေ. ၁:၁၈၊ ၁၉) အထင်ကရမိသားစုဝင်တစ်ဦးဖြစ်နိုင်သည့်ဗာရုတ်သည် တစ်ချိန်ချိန်တွင် မိမိအတွက် “ကြီးစွာသောအရာ” ကိုရှာဖွေခဲ့သည်။ သူသည် ကိုယ်ပိုင်ရည်မှန်းချက်များ သို့မဟုတ် ရုပ်ပစ္စည်းပိုင်ဆိုင်လိုစိတ်ရှိလာခြင်း ဖြစ်ပေမည်။ မည်သည့်အရာပင်ဖြစ်ပါစေ ဗာရုတ်၏နှလုံးတွင် အန္တရာယ်ရှိသောအတွေးအခေါ် ဖြစ်ပေါ်လာကြောင်း ယေဟောဝါမြင်တော်မူခဲ့သည်။ ယေဟောဝါသည် ယေရမိမှတစ်ဆင့် ယင်းကိစ္စကိုချက်ချင်းဖော်ပြကာ ဗာရုတ်အား ဤသို့မိန့်တော်မူ၏– ‘သင်က ငါသည် အမင်္ဂလာရှိ၏။ ယေဟောဝါသည် ငါဝမ်းနည်းစရာအကြောင်း တစ်ပါးအပေါ်မှာတစ်ပါးကို ထပ်ဆင့်တော်မူသောကြောင့် ငါသည် သက်သာမရ။ ညည်းတွား၍ စိတ်ပျက်ပါပြီဟုဆိုသည်။’ ထို့နောက် ဘုရားသခင်ဤသို့မိန့်ဆိုသည်– “သင်သည် ကြီးစွာသောအရာတို့ကို ကိုယ်အဖို့ရှာသလော။ မရှာနှင့်။”—ယေ. ၄၅:၁-၅

ယေဟောဝါသည် ဗာရုတ်အပေါ် ပြတ်ပြတ်သားသားရှိသော်လည်း ဒေါသဖြင့်မဟုတ်ဘဲ ဖခင်တစ်ဦးပမာစိုးရိမ်ပေးကာ တည့်မတ်ခဲ့သည်။ ဗာရုတ်၌ အန္တရာယ်ဖြစ်စေနိုင်သည့်ဆန္ဒရှိသော်လည်း ဆိုးသွမ်းသော သို့မဟုတ် မရိုးဖြောင့်သောနှလုံးမရှိကြောင်း ဘုရားသခင်သိမြင်ခဲ့သည်မှာ ထင်ရှားသည်။ ယေရုရှလင်မြို့နှင့် ယုဒပြည်သည် နောက်ဆုံးနေ့ရက်များတွင်ရှိနေသည်ကိုလည်း ယေဟောဝါသိမြင်တော်မူခဲ့ပြီး ထိုခဲယဉ်းသောကာလတွင် ဗာရုတ်အား မလဲသွားစေလိုပါ။ ထို့ကြောင့် ဘုရားသခင်သည် မိမိ၏ကျွန်အသိတရားဝင်လာစေရန် ကိုယ်တော်သည် “ခပ်သိမ်းသောသတ္တဝါတို့အပေါ်သို့ ဘေးရောက်စေမည်” ဖြစ်သည့်အပြင် ဗာရုတ်သည် ပညာရှိစွာပြုမူပါက အသက်ရှင်မည်ဖြစ်ကြောင်း သတိပေးတော်မူခဲ့သည်။ (ယေ. ၄၅:၅) အမှန်တွင် ဘုရားသခင်ဤသို့မိန့်တော်မူခြင်းဖြစ်သည်– ‘သတိထားပါ၊ ဗာရုတ်။ အပြစ်ရှိသောယုဒနှင့် ယေရုရှလင်မြို့အပေါ် မကြာမီကျရောက်တော့မည့်အရာကို သတိရပါ။ နာခံမှုရှိပြီး အသက်ရှင်ပါ! သင့်ကို ငါကာကွယ်မည်။’ ယေဟောဝါ၏စကားသည် ဗာရုတ်နှလုံးကိုထိမိစေခဲ့သည်မှာ သေချာသည်၊ အကြောင်းမှာ သူသည် မိမိ၏စဉ်းစားတွေးခေါ်ပုံကို ပြုပြင်ပြောင်းလဲခဲ့ပြီး နောက် ၁၇ နှစ်အကြာတွင်ဖြစ်ခဲ့သော ယေရုရှလင်မြို့ဖျက်ဆီးခြင်းမှ လွတ်မြောက်ခဲ့သောကြောင့်ဖြစ်သည်။

၉။ စာပိုဒ်ပါမေးခွန်းများကို သင်မည်သို့ဖြေဆိုမည်နည်း။

ဗာရုတ်နှင့်ပတ်သက်သောမှတ်တမ်းကို သုံးသပ်ပြီးသောအခါ အောက်ပါမေးခွန်းများနှင့် ကျမ်းချက်များကို သုံးသပ်ပါ– ဗာရုတ်အပေါ် ယေဟောဝါ၏ဆက်ဆံပုံက ကိုယ်တော့်အကြောင်းနှင့် မိမိကျေးကျွန်များနှင့်ပတ်သက်၍ ကိုယ်တော့်ခံစားချက်အကြောင်း အဘယ်အရာဖော်ပြသနည်း။ (ဟေဗြဲ ၁၂:၉ ကိုဖတ်ပါ။) ကျွန်ုပ်တို့အသက်ရှင်သည့် ခဲယဉ်းသောကာလကိုထောက်သော် ဗာရုတ်အား ဘုရားသခင်ပေးသောအကြံဉာဏ်နှင့် ဗာရုတ်၏တုံ့ပြန်မှုမှ ကျွန်ုပ်တို့အဘယ်အရာသင်ယူနိုင်သနည်း။ (လုကာ ၂၁:၃၄-၃၆ ကိုဖတ်ပါ။) ယေရမိကိုတုပရာတွင် ခရစ်ယာန်အကြီးအကဲများသည် မိမိကျေးကျွန်များအတွက် ယေဟောဝါ၏စိုးရိမ်မှုကို မည်သို့ဖော်ပြနိုင်သနည်း။—ဂလာတိ ၆:၁ ကိုဖတ်ပါ။

ခမည်းတော်၏မေတ္တာသည် သားတော်တွင် ထင်ရှားခဲ့

၁၀။ ယေရှုသည် အသင်းတော်ဦးခေါင်းအဖြစ် မိမိ၏အနေအထားကိုစီမံကိုင်တွယ်ရန် မည်သို့စွမ်းရည်ရှိခဲ့သနည်း။

၁၀ ခရစ်ယာန်ခေတ်မတိုင်မီတွင် ယေဟောဝါသည် မိမိလူတို့အပေါ်ထားသော ကိုယ်တော်၏မေတ္တာတော်ကို ပရောဖက်များနှင့် အခြားတည်ကြည်သောကျေးကျွန်များမှတစ်ဆင့် ဖော်ပြခဲ့သည်။ ယနေ့အချိန်တွင် ယင်းမေတ္တာကို အထူးသဖြင့် ခရစ်ယာန်အသင်းတော်၏ဦးခေါင်းဖြစ်သော ယေရှုခရစ်၌ မြင်တွေ့နေရသည်။ (ဧ. ၁:၂၂၊ ၂၃) ထို့ကြောင့် ဗျာ.ကျမ်းတွင် ယေရှုကို “မြေကြီးတစ်ပြင်လုံး၌လွှတ်သော ဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးတည်းဟူသော မျက်စိခုနစ်လုံး” ရှိသိုးသငယ်အဖြစ် ဖော်ပြထားသည်။ (ဗျာ. ၅:၆) မှန်ပါသည်၊ ဘုရားသခင်၏သန့်ရှင်းသောစွမ်းအားတော်ဖြင့် အခွင့်အာဏာအပြည့်အဝပေးအပ်ခံရသောယေရှုတွင် စုံလင်သောပိုင်းခြားသိမြင်မှုရှိသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏အတွင်းအကျဆုံးအပိုင်းကိုလည်း သိမြင်တော်မူရာ ကိုယ်တော်မသိမမြင်သောအရာဟူ၍မရှိပါ။

၁၁။ ခရစ်တော်သည် အဘယ်အခန်းကဏ္ဍတွင် လုပ်ဆောင်သနည်း၊ ကျွန်ုပ်တို့နှင့်ပတ်သက်၍ ကိုယ်တော်၏စိတ်သဘောထားတွင် ခမည်းတော်၏စိတ်သဘော မည်သို့ထင်ဟပ်သနည်း။

၁၁ ယေဟောဝါကဲ့သို့ပင် ယေရှုသည် ကောင်းကင်မှစောင့်ကြည့်နေသော ရဲသားတစ်ဦးမဟုတ်ပါ။ ကိုယ်တော်သည် မေတ္တာရှိဖခင်တစ်ဦးပမာ ကျွန်ုပ်တို့ကို ကြည့်ရှုစစ်ဆေးတော်မူသည်။ “ထာဝရအဘ” ဟူသော ယေရှု၏ဘွဲ့နာမတစ်ခုက ကိုယ်တော့်အပေါ် ယုံကြည်ခြင်းတင်ပြသူတိုင်းကို ထာဝရအသက်ပေးရာတွင် ကိုယ်တော်လုပ်ဆောင်မည့်အခန်းကဏ္ဍကို သတိရစေသည်။ (ဟေရှာ. ၉:၆) ထို့ပြင် ခရစ်ယာန်အသင်းတော်ဦးခေါင်းအနေနှင့် ခရစ်တော်သည် တလိုတလားရှိပြီးဝိညာဉ်ရေးတွင်ရင့်ကျက်သော ခရစ်ယာန်များ အထူးသဖြင့် အကြီးအကဲများကို အကူအညီလိုအပ်နေသူတို့အား နှစ်သိမ့်ရန် သို့မဟုတ် အကြံပေးရန် လှုံ့ဆော်ပေးနိုင်သည်။—၁ သက်. ၅:၁၄; ၂ တိ. ၄:၁၊ ၂

၁၂။ (က) အာရှမိုင်းနားရှိ အသင်းတော်ခုနစ်ခုထံရေးသောစာများက ယေရှုအကြောင်း အဘယ်အရာဖော်ပြသနည်း။ (ခ) အကြီးအကဲများသည် ဘုရားသခင့်သိုးတော်စုအပေါ် ခရစ်တော်၏စိတ်သဘောကို မည်သို့တင်ပြကြသနည်း။

၁၂ သိုးတော်စုအပေါ် ခရစ်တော်အလွန်စိတ်ဝင်စားကြောင်း အာရှမိုင်းနားရှိ အသင်းတော်ခုနစ်ခု၏အကြီးအကဲများထံရေးသော စာများတွင် ထင်ဟပ်ခဲ့သည်။ (ဗျာ. ၂:၁–၃:၂၂) ထိုစာများတွင် ယေရှုက အသင်းတော်တစ်ခုစီ၌ ဖြစ်ပျက်နေသည့်အရာကို မိမိသတိပြုမိကြောင်းနှင့် မိမိနောက်လိုက်များအတွက် များစွာစိုးရိမ်မကင်းဖြစ်ကြောင်းတို့ကို ဖော်ပြခဲ့သည်။ ဗျာ.ကျမ်းပါစိတ်အာရုံသည် ‘သခင့်နေ့တော်’ အတွင်းပြည့်စုံသောကြောင့် ယနေ့အချိန်တွင် ပို၍ပင်သက်ဆိုင်သည်။ * (ဗျာ. ၁:၁၀) အသင်းတော်၏ဝိညာဉ်ရေးသိုးထိန်းများအဖြစ် အမှုထမ်းကြသောအကြီးအကဲများမှတစ်ဆင့် ခရစ်တော်၏မေတ္တာ ပေါ်လွင်ထင်ရှားလေ့ရှိသည်။ လိုအပ်လာသောအခါ နှစ်သိမ့်အားပေးရန် သို့မဟုတ် ဆုံးမသွန်သင်ရန် ဤ “လူ့အသွင်ဆုများကို” ကိုယ်တော်လှုံ့ဆော်နိုင်သည်။ (ဧ. ၄:၈ကဘ; တ. ၂၀:၂၈; ဟေရှာယ ၃၂:၁၊ ၂ ကိုဖတ်ပါ။) သူတို့၏ကြိုးစားအားထုတ်မှုများကို သင့်အပေါ် ခရစ်တော်၏စိတ်ဝင်စားမှုဖော်ပြချက်အဖြစ် ရှုမြင်ပါသလော။

လိုအပ်ချိန်တွင် အကူအညီ

၁၃-၁၅။ ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ဘုရားသခင် မည်သို့ဖြေကြားနိုင်သနည်း။ ဥပမာပေးပါ။

၁၃ သင်သည် အကူအညီအတွက် ထက်သန်စွာဆုတောင်းပြီး ဝိညာဉ်ရေးတွင်ရင့်ကျက်သောခရစ်ယာန်တစ်ဦးထံမှ အားပေးတည်ဆောက်မှုဖြစ်စေသည့် လည်ပတ်မှုအသွင်ဖြင့် ဆုတောင်းချက်ဖြေကြားခံရသည်ကို ကြုံဖူးသလော။ (ယာ. ၅:၁၄-၁၆) သို့မဟုတ် ခရစ်ယာန်အစည်းအဝေးမှ ဟောပြောချက်အသွင်ဖြင့် သို့မဟုတ် ကျွန်ုပ်တို့၏စာပေတစ်ခုခုတွင် သင်ဖတ်ရှုသည့်အကြောင်းအရာမှ အကူအညီရရှိခြင်းဖြစ်နိုင်သည်။ ယေဟောဝါသည် ဆုတောင်းချက်များကို ဤနည်းများဖြင့် ဖြေကြားလေ့ရှိသည်။ ဥပမာ၊ ဟောပြောချက်တစ်ခုပေးပြီးနောက် ယင်းမတိုင်မီရက်သတ္တပတ်များတွင် လုံးဝမတရားဆက်ဆံခံရသည်ဟု ခံစားရသူညီအစ်မတစ်ဦး အကြီးအကဲထံ ချဉ်းကပ်ခဲ့သည်။ သူ၏အခက်အခဲနှင့်ပတ်သက်၍ ညည်းညူနေမည့်အစား ဟောပြောချက်တွင်တင်ပြခဲ့သော ကျမ်းဆိုင်ရာအချက်အချို့အတွက် အလွန်လေးမြတ်တန်ဖိုးထားကြောင်း ဖော်ပြခဲ့သည်။ ယင်းအချက်များသည် သူ၏အခြေအနေနှင့် သက်ဆိုင်ခဲ့ပြီး ယင်းတို့က သူ့အား များစွာနှစ်သိမ့်မှုပေးခဲ့သည်။ ထိုအစည်းအဝေးကို တက်ရောက်ခဲ့သည့်အတွက် သူအလွန်ဝမ်းသာခဲ့သည်!

၁၄ ဆုတောင်းခြင်းမှတစ်ဆင့် အကူအညီရရှိပုံနှင့်ပတ်သက်၍ ထောင်ထဲရှိနေစဉ် ကျမ်းစာအမှန်တရားသိရှိလာခဲ့ပြီး နှစ်ခြင်းမခံသေးသောကြေညာသူများဖြစ်လာခဲ့ကြသော အကျဉ်းသားအဖော်သုံးဦး၏ပုံဥပမာကို သုံးသပ်ကြည့်ပါ။ အကြမ်းဖက်မှုတစ်ခု ဖြစ်ပွားသောကြောင့် အကျဉ်းထောင်ရှိအကျဉ်းသားအားလုံးထံမှ အခွင့်အရေးအတော်များများကို ရုပ်သိမ်းခဲ့သည်။ ယင်းကြောင့် ပုန်ကန်မှုစဖြစ်တော့သည်။ အကျဉ်းသားများက နောက်နေ့နံနက်စာစားပြီးနောက် ဖီဆန်သည့်အနေနှင့် မိမိတို့၏ပန်းကန်များကို ပြန်မပေးရန် ဆုံးဖြတ်ခဲ့ကြသည်။ နှစ်ခြင်းမခံသေးသောကြေညာသူသုံးဦးသည် ယခု အကျပ်ရိုက်နေကြသည်။ ပုန်ကန်မှုတွင် သူတို့ပါဝင်ခဲ့ပါက ရောမ ၁၃:၁ တွင်တွေ့ရသော ယေဟောဝါ၏သွန်သင်ချက်ကို ချိုးဖောက်ရာရောက်လိမ့်မည်။ ပုန်ကန်မှုတွင် မပါဝင်ခဲ့ပါက ဒေါသထွက်နေသောအကျဉ်းသားများထံမှ လက်တုံ့ပြန်မှုခံရနိုင်သည်။

၁၅ တစ်ဦးနှင့်တစ်ဦးဆက်သွယ်၍မရသော ဤသုံးဦးသည် ဉာဏ်ပညာရရှိဖို့အတွက် ဆုတောင်းခဲ့ကြသည်။ နောက်နေ့နံနက်တွင် သူတို့သုံးဦးသည် တူညီသောဖြေရှင်းချက်တစ်ခုတည်းကို ဆုံးဖြတ်ခဲ့ကြကြောင်း တွေ့ရှိခဲ့ကြသည်၊ ယင်းမှာ သူတို့အားကျွေးသောနံနက်စာကို မစားဘဲနေလိုက်ရုံဖြစ်သည်။ နောက်ပိုင်းတွင် ပန်းကန်သိမ်းရန် အစောင့်များလာကြသောအခါ သုံးဦးစလုံးတွင် သိမ်းစရာပန်းကန်မရှိပါ။ ‘ဆုတောင်းချက်ကို နားညောင်းတော်မူသောအရှင်’ သည် အနီးတွင်ရှိသည့်အတွက် သူတို့အလွန်ဝမ်းသာခဲ့ကြသည်!—ဆာ. ၆၅:၂သမ္မာ။

ယုံကြည်စိတ်ချမှုဖြင့် အနာဂတ်ကိုရင်ဆိုင်ခြင်း

၁၆။ သိုးလိုစိတ်ထားရှိသူတို့အတွက် ယေဟောဝါ၏စိုးရိမ်ပေးမှုကို ဟောပြောခြင်းလုပ်ငန်းက မည်သို့ဖော်ပြသနည်း။

၁၆ စိတ်နှလုံးရိုးဖြောင့်သူများ မည်သည့်နေရာတွင်နေထိုင်ပါစေ သူတို့ကို ယေဟောဝါစိုးရိမ်ပေးကြောင်း နောက်ထပ်အထောက်အထားတစ်ခုမှာ ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းဖြစ်သည်။ (က. ၁၈:၂၅) သတင်းကောင်းမရောက်သေးသည့်ဒေသတွင် သိုးလိုစိတ်ထားရှိသူများ နေထိုင်ကြလျှင်ပင် ယေဟောဝါသည် ကောင်းကင်တမန်များကိုသုံးခြင်းဖြင့် ထိုသူတို့ထံရောက်သွားရန် မိမိ၏ကျေးကျွန်များကို လမ်းညွှန်လေ့ရှိသည်။ (ဗျာ. ၁၄:၆၊ ၇) ဥပမာ၊ ဘုရားသခင်သည် ပထမရာစုတွင် သတင်းကောင်းဟောပြောသူဖိလိပ္ပုအား အဲသယောပိအမတ်ကို ရှာတွေ့ပြီး ကျမ်းစာအကြောင်းရှင်းပြရန် ကောင်းကင်တမန်အားဖြင့် ညွှန်ကြားခဲ့သည်။ ရလဒ်ကား အဘယ်နည်း။ ထိုသူသည် သတင်းကောင်းကိုလက်ခံကာ နှစ်ခြင်းခံခဲ့ပြီး ယေရှု၏နောက်လိုက်တစ်ဦးဖြစ်လာခဲ့သည်။ *ယော. ၁၀:၁၄; တ. ၈:၂၆-၃၉

၁၇။ ကျွန်ုပ်တို့သည် အဘယ်ကြောင့် အနာဂတ်နှင့်ပတ်သက်၍ အလွန်အကျွံမစိုးရိမ်သင့်သနည်း။

၁၇ ဤလက်ရှိလောကစနစ် နိဂုံးချုပ်ရန်နီးကပ်လာသည်နှင့်အမျှ ကြိုဟောထားသော “ဆင်းရဲခြင်း” သည်ဆက်၍ဖြစ်လိမ့်မည်။ (မ. ၂၄:၈) ဥပမာ၊ အကြောင်းရင်းအမျိုးမျိုးကြောင့်ဖြစ်စေ၊ ရာသီဥတုအလွန်ဆိုးဝါးလာမှု သို့မဟုတ် စီးပွားရေးမတည်ငြိမ်မှုတို့ကြောင့်ဖြစ်စေ စားသောက်ကုန်ဈေးနှုန်း သိသိသာသာမြှင့်တက်လာပေမည်။ အလုပ်ရှာတွေ့ရန် ပို၍ခက်လာပေမည်၊ အလုပ်သမားများသည် အချိန်များများအလုပ်ဆင်းရန် ပို၍ဖိအားပေးမှုခံရလာပေမည်။ မည်သို့ပင်ဖြစ်ပါစေ ဝိညာဉ်ရေးအကျိုးစီးပွားကို ပထမနေရာတွင်ထားပြီး ‘ရိုးရှင်းသောမျက်စိ’ ထားရန် ဆက်ကြိုးစားသူတိုင်းသည် အလွန်အကျွံစိုးရိမ်စရာမလိုပါ။ ဘုရားသခင်သည် သူတို့ကိုချစ်ပြီး ကြည့်ရှုစောင့်ရှောက်မည်ဖြစ်ကြောင်း သူတို့သိကြသည်။ (မ. ၆:၂၂-၃၄) ဥပမာ၊ ဘီစီ ၆၀၇၊ ယေရုရှလင်မြို့၏ကသောင်းကနင်းနိုင်သောအချိန်အဆုံး၌ ယေရမိကို ယေဟောဝါမည်သို့ထောက်ပံ့ခဲ့ကြောင်း သုံးသပ်ကြည့်ပါ။

၁၈။ ယေဟောဝါသည် ယေရမိကိုချစ်ကြောင်း ယေရုရှလင်မြို့ဝိုင်းရံခံရချိန်တွင် မည်သို့သက်သေပြခဲ့သနည်း။

၁၈ ယေရုရှလင်မြို့ကို ဗာဗုလုန်လူတို့ ဝိုင်းရံတပ်ချထားချိန်နှောင်းပိုင်းတွင် ယေရမိသည် ထောင်ဝင်းထဲမှာ အချုပ်ခံနေခဲ့ရသည်။ သူသည် အစားအစာ မည်သို့ရရှိမည်နည်း။ သူသာ အချုပ်မခံရပါက အစားအစာထွက်ရှာနိုင်ခဲ့မည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ သူသည် သူ့ဝန်းကျင်ရှိသူတို့အပေါ် လုံးလုံးမှီခိုနေရပြီး ထိုသူအများစုမှာ သူ့ကို မုန်းတီးကြသည်! သို့တိုင် ယေရမိသည် လူတို့ကိုမဟုတ်ဘဲ မိမိကိုဂရုစိုက်စောင့်ရှောက်မည်ဟု ကတိပေးခဲ့သောအရှင်ဘုရားသခင်ကို ယုံကြည်ကိုးစားခဲ့သည်။ ယေဟောဝါသည် မိမိကတိတော်အတိုင်း လုပ်ဆောင်ခဲ့သလော။ အမှန်လုပ်ဆောင်ခဲ့သည်! “မြို့တွင်မုန့်မကုန်မီတိုင်အောင် . . . မုန့်တစ်လုံးကို” ယေရမိ နေ့တိုင်းရရှိရန် ကိုယ်တော်လုပ်ဆောင်ခဲ့သည်။ (ယေ. ၃၇:၂၁) ဗာရုတ်၊ ဧဗဒမေလက်နှင့် အခြားသူတို့အပြင် ယေရမိသည် ထိုအစာခေါင်းပါးသည့်ကာလ၊ ကပ်ရောဂါနှင့် သေခြင်းတို့မှ အသက်ချမ်းသာရာရခဲ့ကြသည်။—ယေ. ၃၈:၂; ၃၉:၁၅-၁၈

၁၉။ အနာဂတ်ကို ရင်ဆိုင်ရာတွင် မည်သို့သန္နိဋ္ဌာန်ချထားသင့်သနည်း။

၁၉ မှန်ပါသည်၊ ‘ယေဟောဝါသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့ဆုတောင်းခြင်းကိုလည်း နားထောင်တော်မူ၏။’ (၁ ပေ. ၃:၁၂) သင်သည် သင့်ကောင်းကင်ခမည်းတော်၏စောင့်ကြည့်မှုအတွက် ကျေးဇူးတင်ပါသလော။ ကိုယ်တော်၏မျက်စိတော်သည် သင့်ကောင်းကျိုးအတွက် သင့်ကိုကြည့်ရှုနေကြောင်းသိရခြင်းမှ ဘေးကင်းလုံခြုံသည်ဟု ခံစားပါသလော။ ထို့ကြောင့် အနာဂတ်မည်သို့ပင်ဖြစ်လာပါစေ ဘုရားသခင်နှင့်အတူ ဆက်၍သွားလာရန် သန္နိဋ္ဌာန်ချထားပါလေ။ ယေဟောဝါသည် မိမိအပေါ်တည်ကြည်သူအားလုံးကို ဖခင်တစ်ဦးပမာ အနီးကပ်စောင့်ကြည့်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်သည်။—ဆာ. ၃၂:၈; ဟေရှာယ ၄၁:၁၃ ကိုဖတ်ပါ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 12 ဤစာများသည် အဓိကအားဖြင့် ခရစ်တော်၏ဝိညာဉ်တော်ဖွားနောက်လိုက်များနှင့် သက်ဆိုင်သည်မှန်သော်လည်း မူအားဖြင့် ဘုရားသခင့်ကျေးကျွန်အားလုံးနှင့်လည်း သက်ဆိုင်သည်။

^ အပိုဒ်၊ 16 ဘုရားသခင်ထံမှညွှန်ကြားချက်နှင့်ပတ်သက်၍ နောက်ထပ်ဥပမာကို တမန်တော် ၁၆:၆-၁၀ [ကဘ] တွင် တွေ့နိုင်သည်။ ထိုကျမ်းချက်တွင် ပေါလုနှင့် သူ၏အဖော်တို့သည် အာရှိပြည်နှင့် ဗိသုန်ပြည်တွင်ဟောပြောရန် “သန့်ရှင်းသောစွမ်းအားတော်သည် တားမြစ်” ကြောင်း ဖတ်ရသည်။ ယင်းအစား သူတို့သည် မာကေဒေါနိပြည်တွင် လုပ်ဆောင်ရန် ခေါ်တော်မူခြင်းခံရပြီး ထိုတွင် သူတို့၏သတင်းကောင်းဟောပြောခြင်းလုပ်ငန်းကို စိတ်နှိမ့်ချသူများစွာ တုံ့ပြန်ခဲ့ကြသည်။

သင်ရှင်းပြနိုင်သလော

• ကျွန်ုပ်တို့သည် “ဘုရားသခင်နှင့်အတူသွားလာ” နေကြောင်း မည်သို့တင်ပြနိုင်သနည်း။

• ယေဟောဝါသည် ဗာရုတ်ကိုချစ်ကြောင်း မည်သို့တင်ပြခဲ့သနည်း။

• ခရစ်ယာန်အသင်းတော်ဦးခေါင်းအနေနှင့် ယေရှုသည် ခမည်းတော်၏အရည်အသွေးများကို မည်သို့ပေါ်လွင်စေသနည်း။

• ခဲယဉ်းသောကာလအတွင်း ဘုရားသခင်ကို ယုံကြည်ကိုးစားကြောင်း အဘယ်နည်းများဖြင့် ကျွန်ုပ်တို့တင်ပြနိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၉ ပါပုံ]

ယေရမိသည် ဗာရုတ်အပေါ် စိုးရိမ်ခဲ့သည်နည်းတူ ယနေ့ ခရစ်ယာန်အကြီးအကဲများသည် ယေဟောဝါ၏စိုးရိမ်မှုကို တင်ပြကြသည်

[စာမျက်နှာ ၁၀ ပါပုံ]

ယေဟောဝါသည် ကျွန်ုပ်တို့လိုအပ်ချိန်တွင် မည်သို့ကူညီထောက်မနိုင်သနည်း