မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ယေဟောဝါသည် ငါ၏ခွန်အားဖြစ်တော်မူ၏’

‘ယေဟောဝါသည် ငါ၏ခွန်အားဖြစ်တော်မူ၏’

‘ယေဟောဝါသည် ငါ၏ခွန်အားဖြစ်တော်မူ၏’

ဂျုံး ကိုဗီးလ် ပြောပြသည်

ကျွန်မကို အင်္ဂလန်နိုင်ငံ ဟပ်ဒါဖီးလ်ဒ်မှာ ၁၉၂၅ ခုနှစ် ဇူလိုင်လမှာမွေးဖွားခဲ့တယ်။ ကျွန်မဟာတစ်ဦးတည်းသောသမီးဖြစ်ပြီး ကျန်းမာရေးလည်းမကောင်းဘူး။ ဒါကြောင့် အဖေက “မင်းဟာ လေတိုးတာနဲ့ကို ဖျားတော့တာပဲ” လို့ ပြောလေ့ရှိတယ်။ အဲ့ဒါကမှန်ပုံရပါတယ်။

ကျွန်မငယ်ငယ်တုန်းက တရားဟောဆရာတွေဟာ ငြိမ်းချမ်းရေးအတွက် ထက်ထက်သန်သန်ဆုတောင်းကြပေမဲ့ ဒုတိယကမ္ဘာစစ်ဖြစ်လာတဲ့အခါ အောင်ပွဲရဖို့သူတို့ဆုတောင်းခဲ့ကြတယ်။ အဲ့ဒါက ကျွန်မကိုအံ့သြစေပြီး သံသယစိတ်တွေဖြစ်ပေါ်စေခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ ကျွန်မတို့ဒေသမှာနေထိုင်တဲ့ တစ်ဦးတည်းသောယေဟောဝါသက်သေဖြစ်တဲ့ အယ်နီ ရာတ်ကလစ်ဖ်ဟာ ကျွန်မတို့အိမ်ကိုလာခဲ့တယ်။

အမှန်တရားနှင့်ထိတွေ့

အယ်နီဟာ ကျွန်မတို့ကို ကယ်တင်ခြင်းစာအုပ်ပေးခဲ့ပြီး သူ့အိမ်မှာကျင်းပတဲ့ သမ္မာကျမ်းစာဆွေးနွေးပွဲကိုလာတက်ဖို့ အမေ့ကိုဖိတ်ခေါ်ခဲ့တယ်။ * အမေက ကျွန်မကို သူနဲ့အတူလိုက်ဖို့ ပြောခဲ့တယ်။ အဲ့ဒီပထမဦးဆုံးအကြိမ်ဆွေးနွေးပွဲကို ကျွန်မမှတ်မိနေတုန်းပဲ။ ရွေးနုတ်ဖိုးအကြောင်းဖြစ်ပြီး ဆွေးနွေးမှုဟာ လုံးဝငြီးငွေ့စရာမဖြစ်တာကို ကျွန်မအံ့သြမိတယ်။ ကျွန်မရဲ့မေးခွန်းအများကြီးကို အဖြေပေးခဲ့တယ်။ နောက်အပတ်မှာ ကျွန်မတို့ထပ်ပြီးသွားတက်တယ်။ ဒီအခါမှာတော့ နောက်ဆုံးနေ့ရက်များရဲ့နိမိတ်လက္ခဏာနဲ့ပတ်သက်တဲ့ ယေရှုရဲ့ပရောဖက်ပြုချက်ကို ရှင်းပြတယ်။ ကမ္ဘာပေါ်မှာဖြစ်ပျက်နေတဲ့ ဝမ်းနည်းစရာအခြေအနေတွေကိုကြည့်ပြီး အမေနဲ့ကျွန်မက အဲဒီရှင်းပြချက်ဟာ အမှန်တရားဖြစ်တယ်ဆိုတာကို ချက်ချင်းပဲအသိအမှတ်ပြုခဲ့ကြတယ်။ အဲ့ဒီနေ့မှာပဲ ကျွန်မတို့ကို ဘုရားသခင့်နိုင်ငံတော်ခန်းမလာဖို့ ဖိတ်ခေါ်ခဲ့ကြတယ်။

ခန်းမမှာ လူငယ်ရှေ့ဆောင်တချို့နဲ့တွေ့ဆုံခဲ့တယ်၊ သူတို့ထဲကတစ်ယောက်ကတော့ ဂျွိုက်စ် ဘာဘာ (ယခု အဲလစ္စ) ဖြစ်ပြီး ယနေ့ထိတိုင် သူ့ခင်ပွန်း ပီတာနဲ့အတူ လန်ဒန်ဗေသလမှာ အမှုဆောင်နေကြတယ်။ ရှေ့ဆောင်ဆိုတာ လူတိုင်းလုပ်တဲ့အရာလို့ ကျွန်မထင်ခဲ့တယ်။ ဒါကြောင့် ချက်ချင်းပဲ ကျွန်မဟာ ကျောင်းတက်နေရင်း လတိုင်း နာရီ ၆၀ ဟောပြောခဲ့တယ်။

နောက်ငါးလအကြာ ၁၉၄၀၊ ဖေဖော်ဝါရီ ၁၁ မှာ အမေနဲ့ကျွန်မဟာ ဘရက်ဖော့ဒ်မြို့မှာကျင်းပတဲ့ တိုက်နယ်စည်းဝေးပွဲတစ်ခုမှာ နှစ်ခြင်းခံခဲ့ကြတယ်။ အဖေဟာ ကျွန်မတို့တွေ့ရှိတဲ့ယုံကြည်ခြင်းအသစ်နဲ့ပတ်သက်ပြီး အတိုက်အခံမလုပ်ပေမဲ့ သူဟာ သက်သေခံတစ်ယောက်ဖြစ်မလာခဲ့ဘူး။ ကျွန်မနှစ်ခြင်းခံပြီးချိန်လောက်မှာ လမ်းထောင့်သက်သေခံခြင်းကို အစပြုခဲ့ကြတယ်။ မဂ္ဂဇင်းအိတ်နဲ့ ကြော်ငြာကတ်တွေကိုသယ်သွားပြီး ကျွန်မလည်းပါဝင်ခဲ့တယ်။ စနေနေ့တစ်နေ့မှာ အသွားအလာများတဲ့ဈေးကြီးလေဟာပြင်တစ်နေရာမှာရပ်ဖို့ ကျွန်မတာဝန်ရခဲ့တယ်။ ကျွန်မဟာ လူကိုကြောက်တတ်တဲ့စိတ်ရှိနေဆဲပဲဆိုတော့ ကျွန်မရပ်နေတဲ့လမ်းထောင့်မှာ ကျောင်းကသူငယ်ချင်းတွေအားလုံး ဖြတ်သွားတယ်လို့ အလိုလိုခံစားနေရတယ်။

၁၉၄၀ ပြည့်နှစ်မှာ ကျွန်မတို့ရဲ့အသင်းတော်ကို ခွဲထုတ်ဖို့လိုအပ်လာတယ်။ အဲဒီလိုခွဲထုတ်ပြီးတဲ့နောက်မှာ ကျွန်မနဲ့ရွယ်တူအားလုံးနီးပါးဟာ တခြားအသင်းတော်ကိုရောက်သွားကြတယ်။ အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး ဦးစီးကြီးကြပ်မှူးကို ကျွန်မ ညည်းညူခဲ့တယ်။ သူဒီလိုပြောခဲ့တယ်– “မင်း လူငယ်သူငယ်ချင်းအဖော်လိုချင်ရင် လယ်ကွင်းကိုသွားပြီး လူငယ်တွေကိုဟောပါ။” ကျွန်မ အဲ့ဒီအတိုင်းမလွဲမသွေလုပ်ခဲ့တယ်။ မကြာခင်မှာပဲ ကျွန်မဟာ အဲလ်စီ နိုဘယ်လ်နဲ့တွေ့ဆုံခဲ့တယ်။ သူဟာ အမှန်တရားကိုလက်ခံခဲ့ပြီး ရာသက်ပန်မိတ်ဆွေဖြစ်လာခဲ့တယ်။

ရှေ့ဆောင်လုပ်ငန်းနှင့်ကောင်းချီးများ

ကျောင်းပြီးသွားပြီးနောက် ကျွန်မ စာရင်းကိုင်အလုပ်,လုပ်ခဲ့တယ်။ ဒါပေမဲ့ အချိန်ပြည့်အမှုဆောင်တွေရဲ့ပျော်ရွှင်မှုကိုတွေ့ပြီး ရှေ့ဆောင်တစ်ယောက်အဖြစ် ယေဟောဝါအမှုကိုဆောင်ချင်တဲ့ကျွန်မရဲ့ဆန္ဒဟာ တိုးများလာတယ်။ ၁၉၄၅၊ မေလမှာ အထူးရှေ့ဆောင်အဖြစ်စပြီးအမှုဆောင်ရတဲ့အတွက် ကျွန်မပျော်ရွှင်ခဲ့ရတယ်။ ရှေ့ဆောင်စလုပ်တဲ့နေ့မှာပဲ မိုးဟာ တစ်နေ့လုံးသဲကြီးမဲကြီးရွာခဲ့တယ်။ ဒါပေမဲ့ မိုးရွာတာကိုဂရုမစိုက်နိုင်ပဲ ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်မအရမ်းပျော်ခဲ့တယ်။ နေ့တိုင်း အိမ်ပြင်မှာရှိနေပြီး စက်ဘီးနဲ့အမှုဆောင်သွားတဲ့အတွက် မှန်မှန်လေ့ကျင့်ခန်းရရှိပြီး ကျွန်မရဲ့ကျန်းမာရေးတောင် ပိုကောင်းလာတယ်။ ကျွန်မရဲ့ကိုယ်အလေးချိန်ဟာ တစ်ခါမှပေါင် ၉၀ မကျော်ပေမဲ့ ကျွန်မရဲ့ရှေ့ဆောင်လုပ်ငန်းကိုတားဆီးဖို့ ဘာကိုမှခွင့်မပြုဘူး။ နှစ်တွေတစ်လျှောက် ‘ယေဟောဝါသည် ငါ၏ခွန်အားဖြစ်တော်မူ၏’ ဆိုတာကို ကျွန်မ အမှန်တကယ်ခံစားခဲ့ရတယ်။—ဆာ. ၂၈:၇

အသင်းတော်အသစ်တွေ စတင်ရမယ်ဆိုတဲ့ပန်းတိုင်နဲ့အတူ သက်သေခံတစ်ယောက်မှမရှိတဲ့မြို့တွေမှာ အထူးရှေ့ဆောင်အဖြစ် ကျွန်မကိုစေလွှတ်ခဲ့တယ်။ ပထမ အင်္ဂလန်မှာသုံးနှစ်၊ နောက်တော့ အိုင်ယာလန်မှာ သုံးနှစ်အမှုဆောင်ခဲ့တယ်။ အိုင်ယာလန်၊ လစ်ဗင်မှာရှေ့ဆောင်လုပ်တုန်းက ပရိုတက်စတင့်ချာ့ခ်ျက လက်ထောက်ဓမ္မဆရာတစ်ဦးနဲ့ ကျွန်မသင်အံမှုပြုလုပ်ခဲ့တယ်။ သမ္မာကျမ်းစာအခြေခံအယူဝါဒတွေနဲ့ပတ်သက်ပြီး အမှန်တရားကိုသိလာတာနဲ့အမျှ အဲ့ဒါတွေကို သူ့အသင်းတော်မှာပြန်သင်ပေးခဲ့တယ်။ အသင်းသားတချို့က ချာ့ခ်ျအာဏာပိုင်တွေကို အပြစ်တင်ကြတယ်၊ ဒီအယူဝါဒတွေကို ဘာကြောင့်သင်ပေးရတာလဲဆိုပြီး သူ့ကို ရှင်းပြခိုင်းတယ်။ သူဟာ အသင်းသားတွေကို အမှားတွေအများကြီးသင်ပေးခဲ့ကြောင်း သူတို့ကိုပြောပြဖို့ ခရစ်ယာန်တာဝန်သူ့မှာရှိတယ်လို့ ခံစားရလို့ပါဆိုပြီးပြောခဲ့တယ်။ သူ့မိသားစုက သူ့ကိုအကြီးအကျယ်ဆန့်ကျင်ခဲ့ပေမဲ့ သူ့အသက်တာကိုယေဟောဝါထံအပ်နှံပြီး သေတဲ့အထိသစ္စာရှိရှိကိုယ်တော့်အမှုတော်ကို ထမ်းဆောင်ခဲ့တယ်။

၁၉၅၀ ပြည့်နှစ်၊ နယူးယောက်မှာ သီအိုကရေစီတိုးပွားမှုစည်းဝေးပွဲကို ကျွန်မရဲ့ရှေ့ဆောင်အဖော်သွားတက်ရောက်နေတဲ့အတွက် ရှေ့ဆောင်တာဝန်ခန့်အပ်ခံရတဲ့ ဒုတိယနေရာဖြစ်တဲ့ အိုင်ယာလန်နိုင်ငံ၊ လိမ်းမြို့မှာ ကျွန်မတစ်ယောက်တည်း ခြောက်ပတ်လုံးလုံး အမှုဆောင်ခဲ့ရတယ်။ အဲ့ဒါဟာ ကျွန်မအတွက် ခက်ခဲတဲ့အချိန်ဖြစ်ခဲ့တယ်။ စည်းဝေးပွဲကို ကျွန်မအရမ်းတက်ချင်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီအပတ်တွေအတွင်း လယ်ကွင်းလုပ်ငန်းမှာ အားရှိစရာအတွေ့အကြုံတွေကို ကျွန်မရရှိခဲ့တယ်။ အစောပိုင်းအနှစ် ၂၀ ကျော်က ကျွန်မတို့ရဲ့စာပေတစ်ခုကို လက်ခံခဲ့တဲ့အသက်ကြီးသူအမျိုးသားတစ်ဦးနဲ့ တွေ့ဆုံခဲ့တယ်။ နှစ်တွေတစ်လျှောက် အဲဒီစာပေကိုပဲ သူခဏခဏဖတ်ခဲ့တဲ့အတွက် အလွတ်နီးပါးသိနေတယ်။ သူ့သား၊ သမီးနဲ့အတူ သူဟာအမှန်တရားကိုလက်ခံခဲ့တယ်။

ဂိလဒ်ကျောင်းတွင် လေ့ကျင့်မှုခံရခြင်း

၁၉၅၁ ခုနှစ်မှာ အင်္ဂလန်က အခြားရှေ့ဆောင်ဆယ်ယောက်နဲ့အတူ နယူးယောက်၊ တောင်လန်စင်းမှာ ၁၇ ကြိမ်မြောက်ဂိလဒ်သင်တန်းကျောင်း တက်ရောက်ဖို့ ကျွန်မဖိတ်ခေါ်ခံခဲ့ရတယ်။ အဲ့ဒီလတွေအတွင်းရရှိတဲ့ကျမ်းစာသွန်သင်ချက်တွေကြောင့် ကျွန်မအရမ်းပျော်ခဲ့တယ်။ အဲ့ဒီအချိန်တုန်းက ညီအစ်မတွေဟာ ဒေသခံအသင်းတော်တွေမှာ သီအိုကရက်တစ်ကျောင်းမှာ နာမည်စာရင်းမသွင်းရသေးဘူး၊ ဒါပေမဲ့ ဂိလဒ်ကျောင်းမှာတော့ ညီအစ်မတွေဟာ ကျောင်းသားဟောပြောချက်နဲ့ သတင်းမှတ်တမ်းတွေပေးဖို့တာဝန်တွေရရှိကြတယ်။ ကျွန်မတို့အရမ်းစိတ်လှုပ်ရှားခဲ့ကြတယ်။ ကျွန်မရဲ့ပထမဆုံးကျောင်းသားဟောပြောချက်ပေးချိန်တစ်လျှောက်လုံးမှာ မှတ်စုကိုင်ထားတဲ့ကျွန်မလက်ဟာ တုန်နေတယ်။ သင်တန်းပို့ချသူဖြစ်တဲ့ညီအစ်ကို မက်ခ်စ်ဝဲလ် ဖရဲ့န်ဒ်က ဟာသဖောက်ပြီးဒီလိုပြောခဲ့တယ်– “စကားပြောကောင်းသူအားလုံးဟာ အစပိုင်းမှာလောက်ပဲ စိတ်လှုပ်ရှားတယ်၊ မင်းကျတော့ အစအဆုံး စိတ်လှုပ်ရှားခဲ့တယ်။” သင်တန်းကာလအတွင်း ကျွန်မတို့အားလုံးဟာ အတန်းအရှေ့မှာ ပိုပြီးပြောရဲဆိုရဲရှိလာခဲ့ကြတယ်။ အရာရာဟာ ကုန်မြန်လွန်းလှပါတယ်၊ သင်တန်းပြီးဆုံးသွားပြီး သင်တန်းဆင်းတွေဖြစ်တဲ့ကျွန်မတို့ဟာ နိုင်ငံရပ်ခြားတာဝန်တွေရရှိခဲ့ကြတယ်။ ကျွန်မတာဝန်ကျတဲ့နေရာကတော့ ထိုင်းနိုင်ငံဖြစ်တယ်။

“ပြုံးပန်းဝေသောနိုင်ငံ”

ထိုင်းနိုင်ငံမှာ အက်စ်ထရစ် အက်ဒီဆင်ကို ကျွန်မရဲ့ခရစ်ယာန်သာသနာပြုအဖော်အနေနဲ့ခန့်အပ်တာဟာ ယေဟောဝါဆီကဆုကျေးဇူးလို့ ကျွန်မယူမှတ်တယ်။ ထိုင်းနိုင်ငံကိုရောက်ဖို့ ကုန်တင်သင်္ဘောပေါ်မှာ ကျွန်မတို့ခုနစ်ပတ်ကြာခဲ့တယ်။ မြို့တော်ဘန်ကောက်ကိုရောက်တဲ့အခါ အလုပ်ရှုပ်ဗျာများနေတဲ့ဈေးတွေနဲ့ မြို့ရဲ့အဓိကလမ်းမတွေအဖြစ်အသုံးပြုတဲ့ တူးမြောင်းကွန်ရက်ကို တွေ့ခဲ့ရတယ်။ ၁၉၅၂ ခုနှစ်မှာ ထိုင်းနိုင်ငံမှာ ဘုရားသခင်နိုင်ငံတော်ကြေညာသူ ၁၅၀ တောင်မရှိဘူး။

ထိုင်းဘာသာစကားနဲ့ကင်းမျှော်စင်ကို ဦးဆုံးအကြိမ်တွေ့ရတဲ့အခါ ‘ဒီဘာသာစကားကို ငါတို့ဘယ်လိုပြောနိုင်ပါ့မလဲ’ လို့တွေးမိခဲ့ကြတယ်။ စကားလုံးတွေကို မှန်ကန်တဲ့အသံနဲ့ပြောဖို့ဆိုတာ တော်တော်လေးကိုခက်ခဲခဲ့တယ်။ ဥပမာ၊ ခေါက်ဆိုတဲ့စကားလုံးကိုအသံမြင့်နဲ့ပြောရင် “ထမင်း” လို့အဓိပ္ပာယ်ရပေမဲ့ အဲ့ဒီစကားလုံးကိုပဲအသံနက်နက်နဲ့ပြောရင် “သတင်း” လို့အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့် လယ်ကွင်းလုပ်ငန်းမှာ “သတင်းကောင်း” လို့ပြောမယ့်အစား “ကျွန်မ ထမင်းကောင်းယူလာပါတယ်” လို့မှားယွင်းစွာပြောနေတယ်ဆိုတာကို မသိခဲ့ကြဘူး။ ဒါပေမဲ့ တဖြည်းဖြည်း—ရယ်စရာတွေအများကြီးဖြစ်ပြီးနောက်—ကျွန်မတို့အောင်မြင်ခဲ့ပါတယ်။

ထိုင်းလူမျိုးတွေဟာ အရမ်းကိုဖော်ရွေကြတယ်။ ဒါကြောင့် ထိုင်းနိုင်ငံကို ပြုံးပန်းဝေသောနိုင်ငံလို့ခေါ်တာ သင့်လျော်ပါတယ်။ ခိုရက်မြို့မှာ (အခု နာခေါင် ရက်ချာစီမာ လို့ခေါ်) ဦးဆုံးကျွန်မတို့တာဝန်ကျခဲ့တယ်၊ အဲ့ဒီမှာ နှစ်နှစ်အမှုဆောင်ခဲ့တယ်။ နောက်ပိုင်း ချင်းမိုင်မြို့မှာတာဝန်ကျတယ်။ ထိုင်းလူမျိုးအများစုဟာ သမ္မာကျမ်းစာနဲ့အကျွမ်းမဝင်ကြဘူး။ ခိုရက်မြို့မှာ ကျွန်မ စာတိုက်မှူးတစ်ယောက်နဲ့သင်အံမှုပြုခဲ့တယ်။ ဘိုးဘေးအာဗြဟံအကြောင်း ကျွန်မတို့ ဆွေးနွေးခဲ့ကြတယ်။ အာဗြဟံနာမည်ကို အရင်ကကြားဖူးတဲ့လူတစ်ယောက်လိုပဲ သူထက်ထက်သန်သန်နဲ့ခေါင်းညိတ်ခဲ့တယ်။ ဒါပေမဲ့ သူသိတဲ့အာဗြဟံအကြောင်း ကျွန်မတို့ပြောနေတာမဟုတ်ဘူးဆိုတာကို မကြာခင်မှာ သိလိုက်ရတယ်။ စာတိုက်မှူးရဲ့စိတ်ထဲမှာရှိတဲ့သူက အမေရိကန်ပြည်ထောင်စုသမ္မတဟောင်း အေဗရာဟမ်လင်ကွန်းဖြစ်နေတယ်။

စိတ်နှလုံးကောင်းရှိတဲ့ထိုင်းလူမျိုးတို့ကို ကျမ်းစာသင်ပေးရတာ ကျွန်မတို့ပျော်ရွှင်ခဲ့ကြတယ်၊ တစ်ချိန်တည်းမှာပဲ ထိုင်းလူမျိုးတို့ကလည်း ကျွန်မတို့ကို ရိုးရှင်းတဲ့ဘဝအသက်တာနဲ့ ပျော်ရွှင်အောင်နေထိုင်နိုင်ပုံကို သင်ပေးခဲ့ကြတယ်။ ဒီသင်ခန်းစာဟာ တန်ဖိုးရှိခဲ့ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ခိုရက်မြို့မှာရှိတဲ့ ဦးဆုံးခရစ်ယာန်သာသနာပြုအိမ်မှာ လျှပ်စစ်မီးရော ရေပိုက်လိုင်းရောမရှိခဲ့ဘူး။ ဒီလိုနေရာတွေမှာတာဝန်ကျတာကြောင့် ကျွန်မတို့ဟာ “စည်းစိမ်ရှိခြင်း၊ ဆင်းရဲခြင်းတို့ကို သင်” ယူသိရှိခဲ့ရတယ်။ ‘ခွန်အားနှင့်ပြည့်စုံစေတော်မူသော ကိုယ်တော်အားဖြင့် တတ်စွမ်း’ တယ်ဆိုတဲ့အဓိပ္ပာယ်ကို တမန်တော်ပေါလုလိုပဲ ကျွန်မတို့တွေ့ကြုံခဲ့ရတယ်။—ဖိ. ၄:၁၂၊ ၁၃

တွဲဖက်ဖော်အသစ်နှင့်တာဝန်အသစ်

၁၉၄၅ ခုနှစ်တုန်းက လန်ဒန်မြို့ကို လည်ပတ်ခဲ့တယ်။ အဲ့ဒီလည်ပတ်ချိန်အတွင်း ရှေ့ဆောင်တချို့၊ ဗေသလအိမ်သားတချို့နဲ့အတူ ဗြိတိသျှပြတိုက်ကိုသွားခဲ့တယ်။ အဲ့ဒီထဲကတစ်ယောက်ကတော့ အဲလ်လန် ကိုဗီးလ်ဖြစ်တယ်၊ သူဟာ ၁၁ ကြိမ်မြောက်ဂိလဒ်သင်တန်းကိုတက်ပြီးခါစဖြစ်တယ်။ သူဟာ ပြင်သစ်မှာ တာဝန်ခန့်အပ်ခံရပြီး နောက်ပိုင်း ဘယ်လ်ဂျီယံမှာဖြစ်တယ်။ * ထိုင်းနိုင်ငံမှာ ကျွန်မခရစ်ယာန်သာသနာပြုအနေနဲ့အမှုဆောင်စဉ် ကျွန်မကိုလက်ထပ်ခွင့်တောင်းဆိုခဲ့တယ်၊ သူ့ရဲ့ကမ်းလှမ်းချက်ကို ကျွန်မလက်ခံခဲ့တယ်။

၁၉၅၅၊ ဇူလိုင်လ ၉ ရက်နေ့မှာ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်စဲလ်စ်မြို့မှာ ကျွန်မတို့လက်ထပ်ခဲ့ကြတယ်။ ပျားရည်ဆမ်းခရီးအနေနဲ့ ပါရီမြို့ကိုသွားဖို့ ကျွန်မအမြဲစိတ်ကူးယဉ်ခဲ့တယ်၊ ဒါကြောင့် အဲလ်လန်က လာမယ့်အပတ် အဲ့ဒီမှာ ကျွန်မတို့ တိုက်နယ်စည်းဝေးပွဲတက်ဖို့ စီစဉ်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီကိုရောက်ရောက်ချင်းပဲ အဲလ်လန်ကို တိုက်နယ်စည်းဝေးပွဲတစ်လျှောက်လုံး ဘာသာပြန်အဖြစ်လုပ်ဆောင်ပေးဖို့ အကူအညီတောင်းခဲ့တယ်။ နေ့တိုင်း သူဟာ မနက်အစောကြီးထသွားပြီး ညမိုးချုပ်မှ ကျွန်မတို့တည်းခိုတဲ့နေရာကိုပြန်ခဲ့ကြရတယ်။ ပါရီမြို့ကိုတော့ ကျွန်မရဲ့ပျားရည်ဆမ်းခရီး သွားခဲ့ရပါတယ်၊ ဒါပေမဲ့ အများအားဖြင့် အဲလ်လန်ကို ခပ်လှမ်းလှမ်း စင်မြင့်ပေါ်မှာပဲ ကျွန်မတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့အသစ်စက်စက်ခင်ပွန်းဟာ သူ့ရဲ့ညီအစ်ကို၊ ညီအစ်မတွေအတွက် အသုံးတော်ခံနေတာကိုတွေ့ရတာ ကျွန်မဝမ်းသာခဲ့ပါတယ်၊ ကျွန်မတို့ရဲ့အိမ်ထောင်မင်္ဂလာမှာ ယေဟောဝါဟာ အရေးအကြီးဆုံးကဏ္ဍမှာပါရှိနေမယ်ဆိုရင် ကျွန်မတို့အမှန်တကယ်ပျော်ရွှင်မယ်ဆိုတာ ကျွန်မစိတ်ထဲသံသယမရှိယုံကြည်ခဲ့ပါတယ်။

အိမ်ထောင်ပြုလိုက်တဲ့အတွက် ဟောပြောဖို့ရပ်ကွက်အသစ်ဖြစ်တဲ့ ဘယ်လ်ဂျီယံကို ရောက်ရှိစေခဲ့တယ်။ ဘယ်လ်ဂျီယံနဲ့ပတ်သက်ပြီး ကျွန်မသိတာဆိုလို့ အဲ့ဒီနိုင်ငံကို စစ်ပွဲအတော်များများမှာ စစ်မြေပြင်အဖြစ်အသုံးပြုခဲ့တယ်ဆိုတာပဲ၊ ဒါပေမဲ့ မကြာခင်မှာ ဘယ်လ်ဂျီယံလူမျိုးအများစုဟာ အမှန်ပဲငြိမ်သက်မှုကိုမြတ်နိုးသူတွေဖြစ်တယ်ဆိုတာကို သိခဲ့ရတယ်။ ကျွန်မတာဝန်ကျတဲ့နေရာကလည်း ပြင်သစ်စကားသင်ယူဖို့ဖြစ်စေခဲ့တယ်၊ အဲ့ဒီစကားက နိုင်ငံရဲ့တောင်ဘက်ပိုင်းမှာပြောဆိုတဲ့စကားဖြစ်တယ်။

၁၉၅၅ ခုနှစ်မှာ ဘယ်လ်ဂျီယံမှာ ကြေညာသူ ၄,၅၀၀ လောက်ပဲရှိခဲ့တယ်။ အဲလ်လန်နဲ့ကျွန်မဟာ ဗေသလအိမ်နဲ့နယ်လှည့်လုပ်ငန်းမှာ ၄၉ နှစ်နီးပါးလုပ်ဆောင်ခဲ့ကြတယ်။ ပထမနှစ်နှစ်ခွဲမှာ ကျွန်မတို့ဟာ စက်ဘီးနဲ့ တောင်တက်တောင်ဆင်း၊ မိုးရွာရွာ၊ နေပူပူ ခရီးသွားခဲ့ကြတယ်။ နှစ်တွေတစ်လျှောက် သက်သေခံတွေရဲ့အိမ် ၂,၀၀၀ ကျော်မှာ ကျွန်မတို့တည်းခိုခဲ့ကြတယ်။ ကာယရေးပိုင်းမှာအားနည်းကြပေမဲ့ ခွန်အားရှိသမျှနဲ့ ယေဟောဝါအမှုတော်ကိုဆောင်နေကြတဲ့ ညီအစ်ကို၊ ညီအစ်မတွေနဲ့ ကျွန်မ မကြာခဏဆုံခဲ့ရတယ်။ သူတို့ရဲ့ပုံသက်သေက ကျွန်မ အမှုဆောင်နေတာကိုလက်မလျော့လိုက်ဖို့ တွန်းအားဖြစ်စေခဲ့တယ်။ အသင်းတော်ကိုလည်ပတ်ပြီး ရက်သတ္တပတ်အဆုံးရောက်ရင် ကျွန်မတို့ဟာ အမြဲခွန်အားရခဲ့တယ်။ (ရော. ၁:၁၁၊ ၁၂) အဲလ်လန်ဟာ အဖော်မွန်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ “လူသည် တစ်ယောက်တည်းထက် နှစ်ယောက်သာ၍ကောင်း၏။ . . . တစ်ယောက်လဲလျှင် တစ်ယောက်ထူလိမ့်မည်” ဆိုတဲ့ ဒေ. ၄:၉၊ ၁၀ ပါ စကားတွေဟာ တကယ်ပဲမှန်ကန်ပါတယ်။

‘ယေဟောဝါ၏ခွန်အား’ ဖြင့် အမှုဆောင်ရသည့်အသက်တာမှ ကောင်းချီးမင်္ဂလာများ

နှစ်များတစ်လျှောက် အဲလ်လန်နဲ့ကျွန်မဟာ တခြားသူတွေ ယေဟောဝါရဲ့အမှုတော်ဆောင်ဖို့ ကူညီပေးရာကနေ ပျော်ရွှင်စရာတွေ့ကြုံမှုတွေအများကြီးရရှိခဲ့ပါတယ်။ ဥပမာ၊ ၁၉၈၃ ခုနှစ်တုန်းက အဲန့်တ်ဝပ်မြို့မှာရှိတဲ့ပြင်သစ်အသင်းတော်ကို ကျွန်မတို့လည်ပတ်ခဲ့တယ်၊ မိသားစုတစ်စုအိမ်မှာတည်းခိုခဲ့တယ်၊ ဇိုင်ယာ (ယခုကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ) က လူငယ်ညီအစ်ကိုဘင်ဂျမင် ဘာဒီဝီလာလည်း အဲဒီမှာပဲ တည်းခိုခဲ့တယ်။ ဘင်ဂျမင်ဟာ အဆင့်မြင့်ပညာရေးလိုက်စားဖို့ ဘယ်လ်ဂျီယံကိုပြောင်းလာသူဖြစ်တယ်။ သူက ကျွန်မတို့ကိုဒီလိုပြောတယ်– “ယေဟောဝါရဲ့အမှုတော်ဆောင်ဖို့ လုံးလုံးအပ်နှံထားတဲ့ ခင်ဗျားတို့ရဲ့အသက်တာကို ကျွန်တော်တကယ်ပဲမနာလိုဖြစ်မိတယ်။” အဲလ်လန်ဒီလိုတုံ့ပြန်ခဲ့တယ်– “ကျွန်တော်တို့ရဲ့အသက်တာကို မနာလိုဖြစ်တယ်လို့ ခင်ဗျားပြောတယ်၊ ဒါပေမဲ့ လောကလုပ်ငန်းကိုပဲ ခင်ဗျားလိုက်စားနေတယ်။ ဒါဟာ အပြောနဲ့အလုပ်မညီဘူးလို့ ခင်ဗျားမထင်ဘူးလား။” အဲ့ဒီတဲ့တိုးကျတဲ့မှတ်ချက်လေးကြောင့် ဘင်ဂျမင်ဟာ သူ့အသက်တာနဲ့ပတ်သက်ပြီး စဉ်းစားလာတယ်။ နောက်ပိုင်းမှာ ဇိုင်ယာကိုပြန်သွားပြီး ရှေ့ဆောင်စလုပ်ခဲ့တယ်၊ အခုလောလောဆယ် သူဟာ ဌာနခွဲကော်မတီဝင်တစ်ဦးအဖြစ် ထမ်းဆောင်နေတယ်။

၁၉၉၉ ခုနှစ်မှာ ကျွန်မရဲ့အစာပြွန်ကနေအကြိတ်ဖယ်ထုတ်ပစ်ဖို့ ခွဲစိတ်ကုသမှုခံယူခဲ့ရတယ်။ အဲ့ဒီအချိန်ကစပြီး ကျွန်မကိုယ်အလေးချိန် ၆၅ ပေါင်ပဲရှိတော့တယ်။ ကျွန်မဟာ ကွဲလွယ်တဲ့ “မြေအိုး” တကယ်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ “သာမန်ထက် ထူးကဲသောတန်ခိုးတော်” ကိုယေဟောဝါပေးတဲ့အတွက် ကျွန်မကျေးဇူးတင်ပါတယ်။ ခွဲစိတ်ကုသပြီးနောက် ကိုယ်တော်ဟာ ကျွန်မကို အဲလ်လန်နဲ့အတူနယ်လှည့်လုပ်ငန်းမှာ ပြန်ပါဝင်စေနိုင်ခဲ့ပါတယ်။ (၂ ကော. ၄:၇ကဘ) အဲ့ဒီနောက် ၂၀၀၄၊ မတ်လမှာ အဲလ်လန်ဟာ အိပ်နေရင်းသေဆုံးခဲ့တယ်။ ကျွန်မ သူ့ကိုအရမ်းလွမ်းဆွတ်နေပေမဲ့ ယေဟောဝါရဲ့မှတ်ဉာဏ်မှာ သူရှိနေတယ်ဆိုတာကိုသိရခြင်းက ကျွန်မကိုနှစ်သိမ့်မှုဖြစ်စေပါတယ်။

ကနေ့ ကျွန်မအသက် ၈၃ နှစ်ရှိပြီ၊ အချိန်ပြည့်လုပ်ငန်းမှာပါဝင်တဲ့ ၆၃ နှစ်ကျော်ကာလကို ပြန်ပြောင်းစဉ်းစားမိတယ်။ ဓမ္မအမှုမှာ ကျွန်မပါဝင်နိုင်တုန်းပဲ၊ အိမ်မှာ ကျမ်းစာသင်အံမှုတစ်ခုကျင်းပပြီး ယေဟောဝါရဲ့အံ့ဖွယ်ရည်ရွယ်တော်မူချက်အကြောင်းပြောဆိုဖို့ နေ့တိုင်းအခွင့်အရေးတွေကို အသုံးပြုနေတယ်။ တစ်ခါတလေ ကျွန်မဒီလိုစဉ်းစားမိတယ်– ‘၁၉၄၅ ခုနှစ်မှာ ရှေ့ဆောင်သာစမလုပ်ခဲ့ရင် ကျွန်မရဲ့ဘဝ ဘယ်လိုများနေမလဲ။’ အဲဒီအချိန်တုန်းက ကျွန်မကျန်းမာရေးမကောင်းတာဟာ ရှေ့ဆောင်မလုပ်ဖို့ ခိုင်လုံတဲ့အကြောင်းပြချက်ဖြစ်ပုံရတယ်။ ဒါပေမဲ့ ကျွန်မငယ်ရွယ်ချိန်ကတည်းက ရှေ့ဆောင်လုပ်ငန်းမှာ ပါဝင်လာခဲ့တဲ့အတွက် များစွာဝမ်းမြောက်မိတယ်။ ယေဟောဝါကို ရှေးဦးထားမယ်ဆိုရင် ကိုယ်တော်ဟာ ကျွန်မတို့ရဲ့ခွန်အားဖြစ်လာမယ်ဆိုတာကို ကိုယ်တိုင်တွေ့ကြုံရတဲ့အခွင့်ထူး ရရှိခဲ့ပါတယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 ကယ်တင်ခြင်းကို ၁၉၃၉ ခုနှစ်၌ထုတ်ဝေခဲ့။ ယခုပုံမနှိပ်တော့ပါ။

^ အပိုဒ်၊ 22 ၁၉၆၁၊ မတ်လ ၁၅ ရက်ထုတ် ကင်းမျှော်စင် [လိပ်] တွင် ညီအစ်ကို ကိုဗီးလ်၏ဘဝအတ္ထုပ္ပတ္တိကိုဖော်ပြထားသည်။

[စာမျက်နှာ ၁၈ ပါပုံ]

ကျွန်မရဲ့ခရစ်ယာန်သာသနာပြုလုပ်ဖော်ဖြစ်တဲ့ အက်စ်ထရစ် အက်ဒီဆင် (ယာဘက်) နဲ့အတူ

[စာမျက်နှာ ၁၈ ပါပုံ]

၁၉၅၆ ခုနှစ် နယ်လှည့်လုပ်ငန်းမှာ ကျွန်မခင်ပွန်းနဲ့အတူ

[စာမျက်နှာ ၂၀ ပါပုံ]

၂၀၀၀ ပြည့်နှစ်မှာ အဲလ်လန်နဲ့အတူ