မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏ “မျက်စိတော်” သည် လူခပ်သိမ်းကို စစ်တော်မူ၏

ယေဟောဝါ၏ “မျက်စိတော်” သည် လူခပ်သိမ်းကို စစ်တော်မူ၏

ယေဟောဝါ၏ “မျက်စိတော်” သည် လူခပ်သိမ်းကို စစ်တော်မူ၏

‘[ယေဟောဝါ၏] မျက်စိတော်သည် လူသားတို့ကို စစ်တော်မူ၏။’—ဆာ. ၁၁:၄

၁။ ကျွန်ုပ်တို့သည် မည်သို့သောလူစားမျိုးထံ ဆွဲဆောင်ခံရကြသနည်း။

င့်ကို အမှန်တကယ်စိတ်ဝင်စားသောလူတို့နှင့်ပတ်သက်၍ သင်မည်သို့ခံစားရသနည်း။ သူတို့ထံမှ သင်အကြံဉာဏ်တောင်းဆိုသောအခါ ရိုးရိုးသားသားဖြင့် သူတို့အကြံပေးကြသည်။ သင်အကူအညီလိုအပ်ချိန်တွင် သူတို့လိုလိုလားလား ကူညီပေးကြသည်။ သင်ဆုံးမခံရဖို့လိုအပ်သောအခါ သင့်ကို မေတ္တာဖြင့် သူတို့ဆုံးမကြသည်။ (ဆာ. ၁၄၁:၅; ဂလ. ၆:၁) ထိုသို့သောသူတို့ထံ သင်ဆွဲဆောင်ခံရသည်မဟုတ်လော။ မှန်ပါသည်၊ ယေဟောဝါနှင့် ကိုယ်တော့်သားတော်သည်လည်း သင့်ကို အမှန်တကယ်စိတ်ဝင်စားသည်။ အမှန်တွင် ယေဟောဝါနှင့်သားတော်သည် သင့်ကို မည်သည့်လူသားထက်မဆို ပို၍စိတ်ဝင်စားသည်၊ သင့်ကို စိတ်ဝင်စားရခြင်းသည် တစ်ကိုယ်ကောင်းဆန်သည့်စိတ်ကြောင့်မဟုတ်၊ သင်သည် “မှန်သောအသက်ကို ခိုင်မြဲစွာကိုင်စွဲထားနိုင်” ရန်ကူညီပေးလိုကြသည်။—၁ တိ. ၆:၁၉ကဘ; ဗျာ. ၃:၁၉

၂။ ယေဟောဝါသည် မိမိကျေးကျွန်များအပေါ် အဘယ်အတိုင်းအတာထိ စိတ်ဝင်စားတော်မူသနည်း။

ကျွန်ုပ်တို့ကို ယေဟောဝါအလွန်စိတ်ဝင်စားကြောင်း ဆာလံဆရာဒါဝိဒ် ဤသို့ဖော်ပြသည်– “[ယေဟောဝါ၏] မျက်စိတော်သည်ကြည့်ရှု၍ မျက်ခမ်းတော်သည် လူသားတို့ကို စစ်တော်မူ၏။” (ဆာ. ၁၁:၄) မှန်ပါသည်၊ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကြည့်ရုံသက်သက်မျှသာမဟုတ်၊ ကျွန်ုပ်တို့ကို စစ်တော်မူ၏။ ဒါဝိဒ်ဤသို့လည်းရေးသည်– “အကျွန်ုပ်နှလုံးကို စစ်ဆေးတော်မူပါ။ ညအခါ အကျွန်ုပ်ကို အကြည့်အရှုကြွလာတော်မူပါ။ . . . အဘယ်အပြစ်ကိုမျှ [“မကောင်းသောအကြံကိုမျှ၊” သမ္မာ] တွေ့တော်မမူရာ။” (ဆာ. ၁၇:၃) မိမိကို ယေဟောဝါအလွန်စိတ်ဝင်စားတော်မူကြောင်း ဒါဝိဒ်သိခဲ့သည်မှာ သေချာသည်။ သူသည် အပြစ်ရှိသောအတွေးများကို မဖယ်ထုတ်ဘဲနေခဲ့မည် သို့မဟုတ် မကောင်းကြံစည်တတ်သောနှလုံးကို မွေးမြူခဲ့မည်ဆိုပါက ယေဟောဝါ၏စိတ်တော်နာစေမည်ဖြစ်ပြီး ကိုယ်တော်၏မျက်နှာသာဆုံးရှုံးမည်ကို သိထားသည်။ ယေဟောဝါသည် ဒါဝိဒ်အတွက် တကယ့်ပုဂ္ဂိုလ်ဖြစ်သကဲ့သို့ သင့်အတွက်ကော ထိုသို့ဖြစ်ပါသလော။

ယေဟောဝါသည် နှလုံးကို မြင်တော်မူ၏

၃။ ကျွန်ုပ်တို့၏မစုံလင်မှုနှင့်ပတ်သက်၍ ယေဟောဝါသည် မျှတသောသဘောထား မည်သို့တင်ပြသနည်း။

ယေဟောဝါသည် ကျွန်ုပ်တို့ မည်သို့သောနှလုံးသားပိုင်ရှင်ဖြစ်သည်ဟူသည့် အတွင်းလူကို အဓိကစိတ်ဝင်စားသည်။ (ဆာ. ၁၉:၁၄; ၂၆:၂) ကိုယ်တော်သည် သေးငယ်သောအမှားများကို အာရုံမစိုက်သည့်အတွက် ကျေးဇူးတင်စရာပင်။ ဥပမာ၊ အာဗြဟံ၏ဇနီး စာရာသည် ကိုယ်ယောင်ပြခဲ့သောကောင်းကင်တမန်အား မှန်မှန်ကန်ကန်မပြောသည့်အခါ သူသည် ကြောက်ရွံ့ပြီး စိတ်မလုံမလဲဖြစ်သည်ကို မြင်တွေ့နိုင်သော ထိုကောင်းကင်တမန်က သူ့ကို ညင်သာစွာဆုံးမခဲ့သည်။ (က. ၁၈:၁၂-၁၅) ဘိုးဘေးယောဘက “ဘုရားသခင်ထက် မိမိဖြောင့်မတ်ကြောင်း” ပြောသောအခါ စာတန့်လက်ချက်ကြောင့် ယောဘအကြီးအကျယ်ဆင်းရဲဝေဒနာခံစားရသည်ကို ယေဟောဝါသိတော်မူသည်ဖြစ်ရာ သူ့ကို ကောင်းချီးမပေးဘဲ နေတော်မမူခဲ့ပါ။ (ယောဘ ၃၂:၂; ၄၂:၁၂) ပရောဖက်ဧလိယအား ဇရတ္တမြို့ရှိမုဆိုးမ၏ဘွင်းဘွင်းပြောဆိုခဲ့သောစကားကို ယေဟောဝါ အပြစ်မတင်ခဲ့ပါ။ မုဆိုးမသည် သူ၏တစ်ဦးတည်းသောသားငယ်ကို ဆုံးရှုံးရ၍ နာကြည်းသောစိတ်ရှိသည်ကို ဘုရားသခင်နားလည်တော်မူခဲ့သည်။—၃ ရာ. ၁၇:၈-၂၄

၄၊ ၅။ ယေဟောဝါသည် အဘိမလက်နှင့်ဆက်ဆံရာတွင် သနားကြင်နာမှု မည်သို့တင်ပြခဲ့သနည်း။

ယေဟောဝါသည် နှလုံးကို စစ်ဆေးတော်မူသောကြောင့် ကိုယ်တော်သည် မယုံကြည်သူတို့ကိုပင် ထောက်ထားစာနာမှုပြသည်။ ဖိလိတ္တိပြည်၊ ဂေရာမြို့မင်းကြီးအဘိမလက်နှင့် ကိုယ်တော်၏ဆက်ဆံပုံကို သုံးသပ်ကြည့်ပါ။ အဘိမလက်သည် အာဗြဟံနှင့်စာရာတို့ လင်မယားဖြစ်သည်ကို အမှန်တကယ်မသိခဲ့သောကြောင့် စာရာကို မိမိဇနီးအဖြစ်သိမ်းရန် ခေါ်ယူစေခဲ့သည်။ သို့သော် စာရာနှင့်မပေါင်းဖော်သေးမီတွင် ယေဟောဝါက သူ့အား အိပ်မက်တွင် ဤသို့မိန့်တော်မူခဲ့သည်– “သင်သည် ဖြောင့်မတ်သောသဘောနှင့် ပြုသည်ကိုငါသိ၏။ သင်သည် ငါ့ကိုမပြစ်မှားစေခြင်းငှာ၊ သင့်ကိုငါဆီးတားပြီ။ သို့ဖြစ်၍ ထိုမိန်းမနှင့်ပေါင်းဖော်ရသောအခွင့်ကို ငါမပေး။ ယခုမှာ၊ သူ၏မယားကို သူ့အားပြန်ပေးလော့။ သူသည် ပရောဖက်ဖြစ်၏။ သင့်အဖို့ဆုတောင်းလျှင် သင်သည် အသက်ချမ်းသာရလိမ့်မည်။”—က. ၂၀:၁-၇

ယေဟောဝါသည် အယူမှားဘာသာ ကိုးကွယ်သူတစ်ဦးဖြစ်သူအဘိမလက်အား မသနားဘဲဆက်ဆံနိုင်သည်မှာ မှန်ပါသည်။ သို့သော် သူသည် ဤကိစ္စတွင် စိတ်ရင်းမှန်ဖြင့်ပြုမူခဲ့သည်ကို ဘုရားသခင်သိမြင်တော်မူခဲ့သည်။ ယေဟောဝါသည် ယင်းအချက်ကို သနားကြင်နာစွာ ထည့်သွင်းစဉ်းစားကာ ဘုရင်အား ခွင့်လွှတ်မှုရရှိနိုင်ပုံနှင့် “အသက်ချမ်းသာရ” နိုင်ပုံကို မိန့်ဆိုခဲ့သည်။ သင်ဝတ်ပြုကိုးကွယ်လိုသောဘုရားသခင်မှာ ယင်းသို့သောဘုရားသခင်မျိုး မဟုတ်ပေလော။

၆။ ယေရှုသည် အဘယ်နည်းများဖြင့် ခမည်းတော်ကို တုပခဲ့သနည်း။

ယေရှုသည် မိမိတပည့်များ၏ကောင်းကွက်များကို အာရုံစိုက်ခြင်း၊ သူတို့၏အမှားများကို ခွင့်လွှတ်ခြင်းဖြင့် မိမိခမည်းတော်ကို ပြည့်ဝစုံလင်စွာတုပခဲ့သည်။ (မာ. ၁၀:၃၅-၄၅; ၁၄:၆၆-၇၂; လု. ၂၂:၃၁၊ ၃၂; ယော. ၁၅:၁၅) ယေရှု၏စိတ်သဘောသည် ယောဟန် ၃:၁၇ [ကဘ] တွင်တွေ့ရသော ကိုယ်တော်၏ဤစကားများနှင့် ညီညွတ်သည်– “ဘုရားသခင်သည် သားတော်ကို ဤလောကသို့စေလွှတ်ရခြင်းမှာ လောကကို တရားစီရင်ရန်မဟုတ်၊ သားတော်အားဖြင့် ဤလောကကို ကယ်တင်ရန်ဖြစ်၏။” မှန်ပါသည်၊ ကျွန်ုပ်တို့အပေါ်ထားသော ယေဟောဝါနှင့်ယေရှု၏မေတ္တာမှာ နက်ရှိုင်းပြီး အမြဲတည်တော်မူ၏။ ကျွန်ုပ်တို့အား အသက်ရစေလိုသည်ကိုကြည့်ခြင်းဖြင့် ယင်းကိုသိနိုင်သည်။ (ယောဘ ၁၄:၁၅) ထိုသို့သောမေတ္တာက ယေဟောဝါသည် ကျွန်ုပ်တို့ကို အဘယ်ကြောင့် စစ်တော်မူသည်၊ ကျွန်ုပ်တို့ကို မည်သို့ရှုမြင်တော်မူသည်နှင့် ကိုယ်တော်မြင်တော်မူသည့်အရာပေါ် မည်သို့လုပ်ဆောင်သည်တို့ကို ရှင်းလင်းနားလည်စေသည်။—၁ ယောဟန် ၄:၈၊ ၁၉ ကိုဖတ်ပါ။

မေတ္တာပါစွာ စစ်တော်မူ

၇။ ယေဟောဝါသည် ကျွန်ုပ်တို့အား မည်သို့သောစိတ်ထားမျိုးဖြင့် စစ်တော်မူသနည်း။

သို့ဆိုလျှင် ကျွန်ုပ်တို့အပြစ်လုပ်နေသည်ကို ဖမ်းဆီးရန် အထက်မှ စောင့်ကြည့်နေသောရဲသားတစ်ဦးပမာ ယေဟောဝါကို ရှုမြင်ခြင်းသည် အလွန်မှား၏! စာတန်သည်သာ အပြစ်အနာရှာလွန်းသူ၊ သံသယစိတ်နှင့်စောင့်ကြည့်နေသူဖြစ်သည်။ (ဗျာ. ၁၂:၁၀) ကျွန်ုပ်တို့တွင် မကောင်းသည့်စိတ်ထားမရှိလျက်နှင့် ထိုစိတ်ထားမျိုးရှိသည်ဟုပင် သူယူမှတ်၏! (ယောဘ ၁:၉-၁၁; ၂:၄၊ ၅) ဘုရားသခင်နှင့်ပတ်သက်၍မူ ဆာလံဆရာက ဤသို့ရေးခဲ့သည်– ‘အို ထာဝရဘုရားသခင်၊ ကိုယ်တော်သည် အပြစ်များကိုမှတ်တော်မူလျှင် အဘယ်သူခံရပ်နိုင်ပါမည်နည်း။’ (ဆာ. ၁၃၀:၃) အဖြေကား မည်သူမျှ ခံရပ်နိုင်မည်မဟုတ်! (ဒေ. ၇:၂၀) ယင်းအစား မိမိချစ်မြတ်နိုးသောကလေးများကို အန္တရာယ်မှကာကွယ်လိုသည့် ကြင်နာသောမျက်စိဖြင့်ဂရုစိုက်တတ်သည့်မိဘကဲ့သို့ ယေဟောဝါသည် ကျွန်ုပ်တို့ကို ကရုဏာနှင့်စောင့်ကြည့်တော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ မိမိကိုယ်ကို အန္တရာယ်မှရှောင်နိုင်ရန် ကျွန်ုပ်တို့၏မစုံလင်မှုများနှင့် အားနည်းချက်များကို မကြာခဏသတိပေးလျက်ရှိသည်။—ဆာ. ၁၀၃:၁၀-၁၄; မ. ၂၆:၄၁

၈။ ယေဟောဝါသည် မိမိကျေးကျွန်များကို မည်သို့သွန်သင်ဆုံးမတော်မူသနည်း။

ဘုရားသခင်၏မေတ္တာကို သမ္မာကျမ်းစာတွင်နှင့် ‘သစ္စာနှင့်သတိပညာရှိကျွန်’ ပြင်ဆင်ပေးသော ကျမ်းစာအခြေပြုစာပေများ၊ အစည်းအဝေးများတွင် ဆုံးမသွန်သင်ခြင်းအားဖြင့် ဖော်ပြခဲ့သည်။ (မ. ၂၄:၄၅ကဘ; ဟေဗြဲ ၁၂:၅၊ ၆) ယေဟောဝါသည် ခရစ်ယာန်အသင်းတော်နှင့် “လူ့အသွင်ဆုများ” အားဖြင့်လည်း များစွာထောက်မတော်မူသည်။ (ဧ. ၄:၈ကဘ) ထို့အပြင် ယေဟောဝါသည် ဖခင်တစ်ဦးပမာ လေ့ကျင့်ပေးနေခြင်းကို ကျွန်ုပ်တို့မည်သို့တုံ့ပြန်သည်ကို ကြည့်ရှုတော်မူပြီး ထပ်ဆင့်အကူအညီများကို ရှာဖွေတော်မူသည်။ ဆာလံ ၃၂:၈ [သမ္မာ] တွင် ဤသို့ဖော်ပြသည်– “သင့်ကိုငါသွန်သင်မည်၊ သင်သွားရမည့်လမ်းကိုပြညွှန်မည်၊ သင့်ကိုငါကြည့်ရှု၍ အကြံပေးမည်။” သို့ဆိုလျှင် ကျွန်ုပ်တို့သည် ယေဟောဝါကို အမြဲနာခံရန် အလွန်အရေးကြီးသည်! ကိုယ်တော်သည် ကျွန်ုပ်တို့၏မေတ္တာရှိသောသွန်သင်ရှင်နှင့် ဖခင်ဖြစ်ကြောင်းကို သိမှတ်လျက် ကျွန်ုပ်တို့သည် ကိုယ်တော့်ရှေ့မှောက် မိမိတို့ကိုယ်ကို နှိမ့်ချရန်လိုသည်။—မဿဲ ၁၈:၄ ကိုဖတ်ပါ။

၉။ အဘယ်စရိုက်များကို ကျွန်ုပ်တို့ရှောင်သင့်သနည်း။ အဘယ်ကြောင့်နည်း။

အခြားတစ်ဖက်တွင်မူ ကျွန်ုပ်တို့သည် မာနကြောင့်၊ ယုံကြည်ခြင်းကင်းမဲ့မှုကြောင့် သို့မဟုတ် “အပြစ်၏လှည့်စားနိုင်စွမ်းကြောင့်” ဘယ်တော့မျှ စိတ်နှလုံးခိုင်မာလာသူများမဖြစ်ပါစေနှင့်! (ဟေဗြဲ ၃:၁၃ကဘ; ယာ. ၄:၆) များသောအားဖြင့် လူတစ်ဦးသည် မလျောက်ပတ်သောအတွေး သို့မဟုတ် စိတ်ဆန္ဒများရှိသောအခါ ယင်းစရိုက်များ စတင်ရှိလာတတ်သည်။ သင့်တော်သောကျမ်းစာအကြံပေးချက်ကို ငြင်းပယ်သည်အထိပင် ဖြစ်သွားနိုင်သည်! ပို၍ဆိုးသည်ကား သူသည် စိတ်ထားမကောင်းသူ သို့မဟုတ် အကျင့်မကောင်းသူဖြစ်လာနိုင်ပြီး မိမိကိုယ်ကို ဘုရားသခင့်ရန်သူဖြစ်စေသည်—အလွန်ကြောက်စရာကောင်းသောအခြေအနေပင်! (သု. ၁:၂၂-၃၁) အာဒံနှင့်ဧဝတို့၏ဦးဆုံးသား ကာဣန၏ပုံနမူနာကို သုံးသပ်ကြည့်ပါ။

ယေဟောဝါသည် လူခပ်သိမ်းကိုမြင်တော်မူပြီး ယင်းနှင့်လျော်ညီစွာလုပ်ဆောင်

၁၀။ ယေဟောဝါသည် အဘယ်ကြောင့် ကာဣန၏ပူဇော်ရာကို လက်မခံခဲ့သနည်း၊ ကာဣန မည်သို့တုံ့ပြန်ခဲ့သနည်း။

၁၀ ကာဣနနှင့်အာဗေလတို့သည် ယေဟောဝါထံ ပူဇော်ရာယဇ်များ ကိုယ်စီယူဆောင်လာခဲ့ရာ ကိုယ်တော်သည် သူတို့၏လက်ဆောင်များကိုသာမဟုတ်ဘဲ သူတို့၏စိတ်ဓာတ်ကိုလည်း စိတ်ဝင်စားတော်မူ၏။ သူတို့၏စိတ်တွင် အဘယ်အရာရှိသည်ကိုသိမြင်တော်မူလျက် ဘုရားသခင်သည် ယုံကြည်ခြင်းဖြင့် ပေးလှူသော အာဗေလ၏ပူဇော်ရာကို လက်ခံတော်မူခဲ့၏၊ သို့သော် ယုံကြည်ခြင်းကင်းမဲ့ကြောင်း တစ်နည်းနည်းဖြင့် ထင်ရှားခဲ့သော ကာဣန၏ပူဇော်ရာကိုမူ လက်မခံခဲ့ချေ။ (က. ၄:၄၊ ၅; ဟေဗြဲ ၁၁:၄) ဖြစ်ပျက်ရာမှ သင်ခန်းစာယူပြီး မိမိစိတ်ထားကိုပြောင်းလဲမည့်အစား ကာဣနသည် မိမိညီအပေါ် အမျက်ဒေါသထွက်ခဲ့သည်။—က. ၄:၆

၁၁။ ကာဣနသည် မိမိတွင် စဉ်းလဲသောနှလုံးရှိကြောင်း မည်သို့တင်ပြခဲ့သနည်း၊ ကျွန်ုပ်တို့အတွက်သင်ခန်းစာကား အဘယ်နည်း။

၁၁ ကာဣန၏စိတ်ထားသည် အန္တရာယ်ရှိနေပြီဖြစ်ကြောင်း ယေဟောဝါတွေ့မြင်တော်မူပြီး ကာဣနအနေနှင့် ကောင်းမွန်ရာကိုလုပ်ခဲ့ပါက ချီးမြှင့်ခံရဖို့အကြောင်းရှိမည်ဖြစ်ကြောင်း ကိုယ်တော်ထောက်ပြကာ သူ့ကို ကြင်နာစွာပြောဆိုခဲ့သည်။ ဝမ်းနည်းစရာမှာ ဖန်ဆင်းရှင်၏ဆုံးမစကားကို လျစ်လျူရှုကာ မိမိညီကို သတ်ခဲ့သည်။ “သင့်ညီအာဗေလသည် အဘယ်မှာရှိသနည်း” ဟုဘုရားသခင်မေးခဲ့သည်ကို “အကျွန်ုပ်မသိပါ။ အကျွန်ုပ်သည် ညီကိုစောင့်ရသောသူ ဖြစ်ပါသလော” ဟုမလေးစားသည့်သဘောဖြင့် ပြန်ဖြေကြားရာ၌ ကာဣန၏စိတ်ဓာတ်မကောင်းကြောင်း ထပ်ဆင့်ပေါ်လွင်ခဲ့သည်။ (က. ၄:၇-၉) ဘုရားသခင်၏တိုက်ရိုက်သွန်သင်ချက်ကို ဂရုမစိုက်သည်အထိပင် အလွန်ကောက်ကျစ်စဉ်းလဲသောနှလုံးဖြစ်နိုင်သည်! (ယေ. ၁၇:၉) ထို့ကြောင့် ထိုသို့သောမှတ်တမ်းများမှ ကျွန်ုပ်တို့သင်ယူပြီး မှားယွင်းသောအတွေးများနှင့် ဆန္ဒများကို အလျင်အမြန်ငြင်းပယ်ကြစို့။ (ယာကုပ် ၁:၁၄၊ ၁၅ ကိုဖတ်ပါ။) ကျမ်းစာမှသွန်သင်ချက်ကို ကျွန်ုပ်တို့လက်ခံရရှိပါက ယင်းကို လေးမြတ်တန်ဖိုးထားကာ ယေဟောဝါ၏မေတ္တာဖော်ပြချက်အဖြစ် ရှုမြင်နိုင်ကြပါစေ။

လျှို့ဝှက်အပြစ်ဟူ၍ မရှိ

၁၂။ အမှားပြုလုပ်ခြင်းကို ယေဟောဝါ မည်သို့တုံ့ပြန်တော်မူသနည်း။

၁၂ အချို့က မိမိတို့အမှားပြုသည်ကို မည်သူမျှမမြင်ပါက အပြစ်ပေးခံရမည်မဟုတ်ဟု ယူမှတ်ကြပေမည်။ (ဆာ. ၁၉:၁၂) အမှန်တွင် လျှို့ဝှက်အပြစ်ကဲ့သို့သောအရာ မရှိပါ။ “ခပ်သိမ်းသောအရာတို့သည် အကွယ်အကာမရှိဘဲ မျက်မှောက်တော်၌ လှန်ထားလျက်ရှိကြ၏။” (ဟေဗြဲ ၄:၁၃) ယေဟောဝါသည် ကျွန်ုပ်တို့၏အတွင်းအကျဆုံးစိတ်လှုံ့ဆော်မှုများကို စစ်တော်မူသောတရားသူကြီးဖြစ်ပြီး အမှားများကို စုံလင်သောတရားမျှတမှုဖြင့် ကိုယ်တော်တုံ့ပြန်တော်မူသည်။ ကိုယ်တော်သည် ‘ချစ်သနားခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ အမှန်တရားနှင့်ပြည့်စုံသောဘုရားသခင်ဖြစ်တော်မူ၏။’ သို့သော် နောင်တမရဘဲ “စိတ်လိုကိုယ်လျောက် အပြစ်ပြုကျင့်နေ” သူ သို့မဟုတ် မရိုးမသား၊ မကောင်းကြံစည်တတ်သောသဘောရှိကြောင်း ထင်ရှားသူတို့ကို ကိုယ်တော်သည် “အပြစ်ဒဏ်စီရင်ခြင်းကို အဘယ်နည်းနှင့်မျှ လွတ်ကင်းစေတော်မမူ” ပါ။ (ထွ. ၃၄:၆၊ ၇ကဘ; ဟေဗြဲ ၁၀:၂၆ကဘ) ယင်းအချက်ကို အာခန်၊ အာနနိနှင့် ရှဖိရေတို့နှင့် ယေဟောဝါ၏ဆက်ဆံပုံတွင် အထင်အရှားတွေ့မြင်ခဲ့ရသည်။

၁၃။ မှားယွင်းသောအတွေးအခေါ်က အာခန်ကိုဆိုးညစ်သောအပြုအမူပြုစေခဲ့ကြောင်း မည်သို့ထင်ရှားခဲ့သနည်း။

၁၃ အာခန်သည် ဘုရားသခင်၏အမိန့်တော်ကို တိုက်ရိုက်ဆန့်ကျင်ကာ ယေရိခေါမြို့မှလက်ရဥစ္စာကို ယူခဲ့ပြီး သူ့မိသားစု၏သဘောတူညီမှုဖြင့် မိမိ၏တဲတွင် ဝှက်ထားခဲ့သည်။ သူ၏အပြစ်ဖော်ထုတ်ခံရသောခါ အာခန်သည် မိမိပြုလုပ်ခဲ့သည့်အရာသည် အလွန်အပြစ်ကြီးလေးကြောင်း အသိအမှတ်ပြု တင်ပြခဲ့ကြောင်း သူဤသို့ပြောခဲ့သည်– ‘ယေဟောဝါကို ကျွန်တော်ပြစ်မှားပါပြီ။’ (ယောရှု ၇:၂၀) ကာဣနကဲ့သို့ပင် အာခန်သည် ဆိုးညစ်သောနှလုံးကို ပြုစုပျိုးထောင်ခဲ့သည်။ အာခန်၏အဖြစ်တွင် လောဘကြီးခြင်းသည် အဓိကကျသောအချက်ဖြစ်ခဲ့သည်၊ ယင်းသည် သူ့ကိုမရိုးမသားပြုသူ ဖြစ်စေခဲ့သည်။ ယေရိခေါမြို့မှ လက်ရဥစ္စာသည် ယေဟောဝါပိုင်ဆိုင်ရာဖြစ်သောကြောင့် အမှန်မှာ အာခန်သည် ဘုရားသခင်ထံမှ ခိုးယူခဲ့ခြင်းဖြစ်ပြီး ယင်းက သူနှင့်သူ့မိသားစုကို များစွာနစ်နာဆုံးရှုံးစေခဲ့သည်။—ယောရှု ၇:၂၅

၁၄၊ ၁၅။ အာနနိနှင့်ရှဖိရေတို့သည် ဘုရားသခင့်အမျက်တော်ကို အဘယ်ကြောင့်ခံခဲ့ကြရသနည်း၊ ကျွန်ုပ်တို့အတွက် သင်ခန်းစာကားအဘယ်နည်း။

၁၄ အာနနိနှင့်သူ၏ဇနီး ရှဖိရေတို့သည် ယေရုရှလင်မြို့ရှိ အစောပိုင်းခရစ်ယာန်အသင်းသားများဖြစ်ခဲ့ကြသည်။ စီအီး ၃၃ ပင်တေကုတ္တေပွဲပြီးနောက်၊ ယေရုရှလင်မြို့တွင်ကျန်ရစ်ခဲ့ကြသော အဝေးမှလာသည့်ယုံကြည်သူလူသစ်များ၏ ကာယလိုအပ်ရာများကို ထောက်ပံ့ရန် ဘုံရန်ပုံငွေကို စုဆောင်းခဲ့ကြသည်။ ရန်ပုံငွေသည် စေတနာအလျောက်ထည့်ဝင်သောအလှူငွေများဖြင့် ထောက်ပံ့ခဲ့ကြသည်။ အာနနိသည် လယ်ကွက်တစ်ကွက်ကို ရောင်းပြီး ရန်ပုံငွေအတွက် ငွေကြေးအချို့ကိုပေးလှူခဲ့သည်။ ယင်းကို သူ့ဇနီးလည်းကောင်းစွာသိသည်။ သို့သော် သူသည် ငွေကြေးအားလုံးကို ပေးလှူသည်ဟု လိမ်လည်ခဲ့သည်။ ဤမောင်နှံစုံသည် အသင်းတော်တွင် အထူးဂုဏ်တင်မှုခံလိုကြောင်း ထင်ရှားခဲ့သည်။ သို့သော် သူတို့၏အပြုအမူသည် လိမ်လည်လှည့်စားခြင်းဖြစ်၏။ ယေဟောဝါသည် အမှားပြုသူအာနနိနှင့် ရင်ဆိုင်တွေ့ခဲ့ရသူ တမန်တော်ပေတရုအား ယင်းလိမ်လည်မှုကို အံ့ဖွယ်နည်းဖြင့်ဖော်ပြခဲ့သည်။ ယင်းနောက်ချက်ချင်း အာနနိသည် လဲသေခဲ့သည်။ ယင်းသို့ဖြစ်ပြီး မကြာမီတွင် ရှဖိရေလည်း သေဆုံးခဲ့သည်။—တ. ၅:၁-၁၁

၁၅ အာနနိနှင့်ရှဖိရေတို့သည် အခိုက်အတန့်အားနည်းမှုကြောင့် သားကောင်အဖြစ်ကျသွားခဲ့ခြင်းမဟုတ်။ သူတို့သည် မကောင်းသောအကြံကိုကြံစည်ခဲ့ပြီး တမန်တော်များကို လိမ်လည်လှည့်စားရန်ကြိုးစားခဲ့ကြသည်။ ပို၍ဆိုးသည်ကား သူတို့သည် ‘သန့်ရှင်းသောစွမ်းအားတော်နှင့် ဘုရားသခင်ကို လိမ်ညာ’ ခဲ့ကြသည်။ ယေဟောဝါသည် အရေခြုံဟန်ဆောင်သူများမှ အသင်းတော်ကိုကာကွယ်ရန် အသင့်ရှိခဲ့ကြောင်း ကိုယ်တော်၏တုံ့ပြန်မှုက ရှင်းလင်းစွာဖော်ပြသည်။ မှန်ပါသည်၊ “အသက်ရှင်တော်မူသောဘုရားသခင်၏ လက်တော်သို့ကျရောက်ခြင်းအမှုသည် ကြောက်မက်ဖွယ်သောအမှုဖြစ်သတည်း။”—ဟေဗြဲ ၁၀:၃၁

အချိန်တိုင်း သမာဓိစောင့်ထိန်းပါ

၁၆။ (က) စာတန်သည် ဘုရားသခင့်လူတို့ကို အကျင့်ယိုယွင်းရန် မည်သို့ကြိုးစားနေသနည်း။ (ခ) သင့်ဒေသရှိလူတို့ကို ဖျက်ဆီးရန် စာတန်အသုံးပြုသည့်နည်းများကား အဘယ်နည်း။

၁၆ စာတန်သည် ကျွန်ုပ်တို့အား အကျင့်ယိုယွင်းရန်နှင့် ယေဟောဝါ၏နှစ်သက်လက်ခံမှုဆုံးရှုံးရန် သူတတ်နိုင်သမျှ လုပ်ဆောင်နေသည်။ (ဗျာ. ၁၂:၁၂၊ ၁၇) စာတန်၏ဆိုးညစ်သောရည်ရွယ်ချက်များသည် ဤလောကရှိ လိင်အကျင့်ယိုယွင်းမှုနှင့် အကြမ်းဖက်မှုကို စွဲလမ်းသည့်အဖြစ်တွင် အထင်အရှားထင်ဟပ်သည်။ ယခုအခါ ညစ်ညမ်းရုပ်ပုံများကို ကွန်ပျူတာ သို့မဟုတ် အခြားအီလက်ထရွန်နစ်ကိရိယာများမှတစ်ဆင့် အလွယ်တကူတွေ့ရှိနိုင်သည်။ ကျွန်ုပ်တို့သည် စာတန်၏တိုက်ခိုက်မှုများကို ဘယ်တော့မျှ အရှုံးမပေးကြစို့နှင့်။ ယင်းအစား ကျွန်ုပ်တို့၏စိတ်ပိုင်းဖြတ်မှုများသည် ဆာလံဆရာဒါဝိဒ်၏ ဤစကားများကဲ့သို့ဖြစ်ပါစေ– “စုံလင်သောတရားအတိုင်း ပညာသတိနှင့်ကျင့်ပါမည်။ . . . ကိုယ်အိမ်တွင် သန့်ရှင်းသောစိတ်နှလုံးနှင့်ကျင့်ပါမည်။”—ဆာ. ၁၀၁:၂

၁၇။ (က) ယေဟောဝါသည် လျှို့ဝှက်အပြစ်များကို နောက်ဆုံးတွင် အဘယ်ကြောင့် ဖော်ထုတ်တော်မူသနည်း။ (ခ) ကျွန်ုပ်တို့သည် မည်သို့စိတ်ပိုင်းဖြတ်ထားသင့်သနည်း။

၁၇ ယေဟောဝါသည် အတိတ်တွင် ကြီးလေးသောအပြစ်နှင့် လိမ်လည်လှည့်စားတတ်သောအမူအကျင့်တို့ကို တစ်ခါတစ်ရံ အံ့ဖွယ်နည်းဖြင့်ဖော်ထုတ်ခဲ့သကဲ့သို့ ကိုယ်တော်သည် ယနေ့အချိန်တွင် ထိုသို့မလုပ်ဆောင်တော့ပါ။ သို့တိုင် ကိုယ်တော်သည် လူခပ်သိမ်းကို တွေ့မြင်တော်မူပြီး ဖုံးကွယ်ထားသောအရာများသည် ကိုယ်တော်သတ်မှတ်သည့် အချိန်နှင့်နည်းလမ်းတို့ဖြင့် ဖော်ထုတ်မည်ဖြစ်သည်။ ပေါလုဤသို့ပြောခဲ့သည်– “အချို့သောသူတို့၏အပြစ်သည် လူအများရှေ့ ထင်ရှား၍ တရားစီရင်ခြင်းကို ချက်ချင်းခံရ၏။ အချို့သောသူတို့၏အပြစ်မှာမူ နောက်မှ ထင်ရှားတတ်၏။” (၁ တိ. ၅:၂၄ကဘ) ဆိုးညစ်သောလုပ်ရပ်များကို ဖော်ထုတ်ရန် ယေဟောဝါကို အဓိကလှုံ့ဆော်သည့်အရာမှာ မေတ္တာဖြစ်သည်။ ကိုယ်တော်သည် အသင်းတော်ကိုချစ်ပြီး ၎င်း၏သန့်ရှင်းမှုကို ကာကွယ်လိုသည်။ ထို့ပြင် အပြစ်ကျူးလွန်ခဲ့ကြသော်လည်း ယခု စစ်မှန်သောနောင်တရသူတို့ကို သနားကြင်နာမှု တင်ပြသည်။ (သု. ၂၈:၁၃) ထို့ကြောင့် ဘုရားသခင်ရှေ့တွင် ပြည့်ဝစုံလင်သောနှလုံးကို ထိန်းသိမ်းကာ အကျင့်ယိုယွင်းစေနိုင်သောသြဇာလွှမ်းမိုးမှုမှန်သမျှကို ငြင်းပယ်ကြပါစို့။

ပြည့်ဝစုံလင်သောနှလုံးကို ထိန်းသိမ်းပါ

၁၈။ ဘုရင်ဒါဝိဒ်သည် မိမိသားတော်ကို ဘုရားသခင်အပေါ်မည်သို့ခံစားစေလိုခဲ့သနည်း။

၁၈ ဘုရင်ဒါဝိဒ်သည် သားတော်ရှောလမုန်ကို ဤသို့ပြောခဲ့သည်– ‘သင့်အဘ၏ဘုရားသခင်ကိုသိလော့။ ပြည့်ဝစုံလင်သောနှလုံး၊ ကြည်ညိုသောစိတ်သဘောနှင့်ဝတ်ပြုလော့။ ထာဝရဘုရားသခင်သည် ခပ်သိမ်းသောစိတ်နှလုံးတို့ကိုစစ်၍ အကြံအစည်ရှိလေသမျှတို့ကို သိတော်မူ၏။’ (၅ ရာ. ၂၈:၉) ဒါဝိဒ်သည် မိမိသားတော်အား ဘုရားသခင်ကိုယုံကြည်ရုံထက်မက ပြုလုပ်စေလိုခဲ့သည်။ မိမိကျေးကျွန်များအပေါ်ပြသော ယေဟောဝါ၏နက်ရှိုင်းသောစိတ်ဝင်စားမှုကို ရှောလမုန်အား လေးမြတ်တန်ဖိုးထားစေလိုခဲ့သည်။ ယေဟောဝါသည် မိမိကျေးကျွန်များကို အလွန်စိတ်ဝင်စားသည့်အတွက် သင်ကျေးဇူးတင်ပါသလော။

၁၉၊ ၂၀။ ဆာလံ ၁၉:၇-၁၁ အရ ဘုရားသခင်ထံချဉ်းကပ်ရန် ဒါဝိဒ်ကို အဘယ်အရာက အထောက်အကူပြုခဲ့သနည်း၊ ကျွန်ုပ်တို့သည် ဒါဝိဒ်ကို မည်သို့တုပနိုင်သနည်း။

၁၉ စိတ်သဘောထားမှန်သူများ ကိုယ်တော်ထံဆွဲဆောင်ခံရမည်ဖြစ်ပြီး ကိုယ်တော်၏နှစ်သက်ဖွယ်ကောင်းသောအရည်အသွေးများကို သိရှိလာခြင်းက သူတို့၏နှလုံးကို နွေးထွေးစေမည်ကို ယေဟောဝါသိတော်မူ၏။ ထို့ကြောင့် ယေဟောဝါသည် ကျွန်ုပ်တို့အား ကိုယ်တော့်ကိုသိကျွမ်းပြီး ကိုယ်တော်၏အံ့ဖွယ်အရည်အသွေးတော်နှင့် အကျွမ်းတဝင်ရှိစေလိုသည်။ ထိုသို့ဖြစ်ရန် ကျွန်ုပ်တို့ မည်သို့ပြုလုပ်ကြသနည်း။ ကိုယ်တော်၏နှုတ်မြွက်တော်ကို လေ့လာခြင်းနှင့် ကျွန်ုပ်တို့အသက်တာတွင် ကိုယ်တော့်ကောင်းချီးများကို တွေ့ကြုံခံစားခြင်းအားဖြင့်ဖြစ်သည်။—သု. ၁၀:၂၂; ယော. ၁၄:၉

၂၀ သင်သည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို လေးမြတ်တန်ဖိုးထားစိတ်နှင့်နေ့စဉ်ဖတ်ပြီး လက်တွေ့ကျင့်သုံးရန် အကူအညီအတွက် ဆုတောင်းပါသလော။ ကျမ်းစာမူများအတိုင်း အသက်ရှင်နေထိုင်ခြင်း၏တန်ဖိုးရှိမှုကို သင်တွေ့မြင်ပါသလော။ (ဆာလံ ၁၉:၇-၁၁ ကိုဖတ်ပါ။) ထိုသို့မြင်တွေ့ပါက ယေဟောဝါအပေါ် သင့်ယုံကြည်ခြင်းနှင့် ကိုယ်တော့်ကိုချစ်သည့် သင်၏မေတ္တာသည် ဆက်၍တိုးပွားပါလိမ့်မည်။ ကိုယ်တော်သည်လည်း သင့်ထံ ပို၍ချဉ်းကပ်လာမည်၊ သင့်လက်ကိုဆွဲ၍အတူသွားလာနေသည်ဟု ခံစားရလိမ့်မည်။ (ဟေရှာ. ၄၂:၆; ယာ. ၄:၈) မှန်ပါသည်၊ အသက်ရှင်ခြင်းသို့ပို့ဆောင်သော ကျဉ်းမြောင်းသည့်လမ်းတွင် သင်လျှောက်လှမ်းနေသရွေ့ ယေဟောဝါသည် သင့်ကို ကောင်းချီးပေးပြီး ဝိညာဉ်ရေးအရ ကာကွယ်ပေးခြင်းအားဖြင့် သင့်ကိုချစ်ကြောင်း သက်သေပြလိမ့်မည်။—ဆာ. ၉၁:၁၊ ၂; မ. ၇:၁၃၊ ၁၄

သင်မည်သို့ဖြေဆိုမည်နည်း

• ယေဟောဝါသည် ကျွန်ုပ်တို့ကို အဘယ်ကြောင့် စစ်တော်မူသနည်း။

• အချို့သူတို့ကို အဘယ်အရာက ဘုရားသခင်၏ရန်သူများ ဖြစ်စေခဲ့သနည်း။

• ယေဟောဝါသည် ကျွန်ုပ်တို့အတွက် တကယ့်ပုဂ္ဂိုလ်ဖြစ်ကြောင်း မည်သို့တင်ပြနိုင်သနည်း။

• ဘုရားသခင်၏ရှေ့မှောက်တွင် ပြည့်ဝစုံလင်သောနှလုံးကို မည်သို့ထိန်းသိမ်းနိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၄ ပါပုံစာ]

ယေဟောဝါသည် ဂရုစိုက်စောင့်ရှောက်တတ်သောဖခင်တစ်ဦးပမာ ကျွန်ုပ်တို့ကို မည်သို့စောင့်ကြည့်သနည်း

[စာမျက်နှာ ၅ ပါပုံစာ]

ကျွန်ုပ်တို့သည် အာနနိ၏ပုံနမူနာမှ အဘယ်သင်ခန်းစာကို သင်ယူကြသနည်း

[စာမျက်နှာ ၆ ပါပုံစာ]

ပြည့်ဝစုံလင်သောနှလုံးနှင့် ယေဟောဝါ၏အမှုတော်ကို ဆက်၍ဆောင်ရွက်ရန် အဘယ်အရာက ကျွန်ုပ်တို့အား ထောက်ကူပေးမည်နည်း