မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လှိုက်လှိုက်လှဲလှဲဆုတောင်းချက်ကို ယေဟောဝါဖြေကြားပုံ

လှိုက်လှိုက်လှဲလှဲဆုတောင်းချက်ကို ယေဟောဝါဖြေကြားပုံ

လှိုက်လှိုက်လှဲလှဲဆုတောင်းချက်ကို ယေဟောဝါဖြေကြားပုံ

‘ယေဟောဝါဟူ၍နာမတော်ရှိသော ကိုယ်တော်တစ်ပါးတည်းသာလျှင် မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသော ဘုရားသခင်ဖြစ်တော်မူကြောင်းကို သိကြပါစေသော။’—ဆာ. ၈၃:၁၈

၁၊ ၂။ များစွာသောသူတို့တွင် အဘယ်အတွေ့အကြုံရှိသနည်း၊ အဘယ်မေးခွန်းများ မေးနိုင်သနည်း။

လွန်ခဲ့သောနှစ်အနည်းငယ်က အမျိုးသမီးတစ်ဦးသည် သူ၏ဒေသ၌ဖြစ်ပွားခဲ့သော ဝမ်းနည်းဖွယ်အဖြစ်ဆိုးကြောင့် အကြီးအကျယ်စိတ်ပူပန်ခဲ့ရသည်။ သူသည် ရိုမန်ကက်သလစ်မိသားစုအတွင်း မွေးဖွားလာသူဖြစ်၍ အကူအညီအတွက် ဒေသခံခရစ်ယာန်ဘုန်းကြီးထံသွားခဲ့သော်လည်း မိမိအားစကားပြောရန်ပင် တလိုတလားမရှိခဲ့ပါ။ သို့ဖြစ်၍ ဘုရားသခင်ထံ သူဤသို့ဆုတောင်းခဲ့၏– “ကိုယ်တော်ဟာ ဘယ်သူလည်းဆိုတာ ကျွန်မ,မသိပေမဲ့ . . . ကိုယ်တော်ရှိတယ်ဆိုတာ ကျွန်မသိတယ်။ ကိုယ်တော့်ကိုသိရှိအောင် ကူညီတော်မူပါ။” ယင်းနောက်သိပ်မကြာမီတွင် ယေဟောဝါသက်သေများ သူ့ထံလည်ပတ်ရောက်ရှိလာပြီး သူရှာနေသည့် နှစ်သိမ့်မှုနှင့် အသိပညာကိုပေးခဲ့သည်။ အခြားအကြောင်းအရာများစွာအပြင် ဘုရားသခင်၌ ယေဟောဝါဟူသည့် ကိုယ်ပိုင်နာမတော်ရှိကြောင်း ပြောပြခဲ့ကြသည်။ ယင်းသို့သိလိုက်ရခြင်းက သူ့ကို အလွန်စိတ်လှုပ်ရှားစေခဲ့သည်။ သူဤသို့ပြော၏– “စဉ်းစားကြည့်၊ ကျွန်မကလေးဘဝကတည်းက သိချင်နေခဲ့တဲ့ဘုရားသခင်ဟာ ဒီဘုရားသခင်ပဲ။”

များစွာသောသူတို့တွင် အလားတူအတွေ့အကြုံရှိကြသည်။ များသောအားဖြင့် သမ္မာကျမ်းစာမှ ဆာလံ ၈၃:၁၈ ကိုဖတ်ရသည့်အခါ ယေဟောဝါနာမတော်ကို ဦးဆုံးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်းတွင် ယင်းအခန်းငယ်ကို ဤသို့ဖတ်ရ၏– ‘ယေဟောဝါဟူ၍ နာမတော်ရှိသော ကိုယ်တော်တစ်ပါးတည်းသာလျှင် မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရားသခင် ဖြစ်တော်မူကြောင်းကို သိကြပါစေသော။’ သို့သော် ဆာလံ ၈၃ တွင် အဘယ်ကြောင့်ထိုသို့ရေးသားထားသည်ကို သင်စဉ်းစားဖူးပါသလော။ ယေဟောဝါသည် စစ်မှန်သည့်တစ်ဆူတည်းသော ဘုရားသခင်ဖြစ်ကြောင်းသိရှိရန် အဘယ်အဖြစ်အပျက်များက ယောက်စီယောက်တိုင်းအား မဖြစ်မနေလက်ခံစေမည်နည်း။ ထိုဆာလံကျမ်းတွင် ယနေ့ ကျွန်ုပ်တို့အတွက် အဘယ်သတင်းစကားပါရှိသနည်း။ ဤဆောင်းပါးတွင် ယင်းမေးခွန်းများကို ကျွန်ုပ်တို့သုံးသပ်ကြမည်။ *

ယေဟောဝါ၏လူမျိုးတစ်ဖက် ပူးပေါင်းကြံစည်မှု

၃၊ ၄။ ဆာလံ ၈၃ ကို မည်သူစပ်ဆိုခဲ့ပြီး အဘယ်အန္တရာယ်အရိပ်အယောင်ကို ဖော်ပြထားသနည်း။

မူရင်းဟေဗြဲကျမ်းပါ ဆာလံ ၈၃ ၏ခေါင်းစီးစာတန်းအရ ယင်းဆာလံသည် “အာသပ်စပ်ဆိုသောသီချင်း” ဖြစ်သည်။ ဤဆာလံကျမ်းကိုစပ်ဆိုသူသည် လေဝိလူမျိုး အာသပ်မှဆင်းသက်လာသူဖြစ်ပြီး ဘုရင်ဒါဝိဒ်အုပ်ချုပ်ချိန်အတွင်း ထင်ပေါ်ကျော်ကြားသည့် တေးဂီတပညာရှင်တစ်ဦးဖြစ်ဖွယ်ရှိသည်။ ယင်းဆာလံသီချင်းတွင် ဆာလံဆရာက ယေဟောဝါအား ကိုယ်တော်၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ထိန်းသိမ်းထားရန် အရေးယူဆောင်ရွက်ဖို့နှင့် ကိုယ်တော်၏နာမတော်ကို ကြားသိစေဖို့ တောင်းလျှောက်ထားသည်။ ယင်းဆာလံကျမ်းသည် ရှောလမုန်သေဆုံးပြီးနောက် တစ်ချိန်ချိန်တွင် ရေးစပ်ခဲ့ခြင်းဖြစ်ရမည်။ အဘယ်ကြောင့်နည်း။ ဒါဝိဒ်နှင့်ရှောလမုန်အုပ်ချုပ်ချိန်အတွင်း တုရုဘုရင်နှင့် ဣသရေလနိုင်ငံသည် အဆွေခင်ပွန်းဖြစ်ခဲ့ကြသည်။ ဆာလံ ၈၃ ကိုရေးစပ်ချိန်တွင် တုရုမြို့သားများသည် ဣသရေလနိုင်ငံကို ဆန့်ကျင်ကြပြီး ရန်သူတို့ဘက်၌နေခဲ့ကြသည်။

ဘုရားသခင့်လူမျိုးကိုဖျက်ဆီးရန် ပူးပေါင်းကြံစည်ခဲ့ကြသော လူမျိုးဆယ်မျိုးကို ဆာလံဆရာဖော်ပြထားသည်။ ထိုရန်သူများသည် ဣသရေလဝန်းကျင်နိုင်ငံများမှဖြစ်ကြပြီး ဤသို့စာရင်းပြုထား၏– “ဧဒုံပြည်၌နေသောသူ၊ ဣရှမေလအမျိုးသား၊ မောဘပြည်သား၊ ဟာဂရပြည်သား၊ ဂေဗလပြည်သား၊ အမ္မုန်ပြည်သား၊ အာမလက်ပြည်သား၊ တုရုမြို့သားနှင့်တကွ ဖိလိတ္တိအမျိုးသားတို့သည် သင်းဖွဲ့ကြပါ၏။ အာရှုရိအမျိုးသားတို့သည်လည်းဝိုင်း၍ လောတအမျိုးသားတို့ဘက်သို့ ဝင်ကြပါ၏။” (ဆာ. ၈၃:၆-၈) ဆာလံဆရာသည် အဘယ်သမိုင်းအဖြစ်အပျက်ကို ရည်ညွှန်းခဲ့ခြင်းနည်း။ ဘုရင်ယောရှဖတ်လက်ထက်တွင် အမ္မုန်၊ မောဘနှင့် စိရတောင်သားတို့ပူးပေါင်းကာ ဣသရေလလူမျိုးအားတိုက်ခိုက်မှုကို ဆာလံဆရာရည်ညွှန်းခြင်းဖြစ်သည်ဟု အချို့သူတို့က ခန့်မှန်းကြသည်။ (၆ ရာ. ၂၀:၁-၂၆) အခြားသူတို့ကမူ ဣသရေလနိုင်ငံသည် သမိုင်းတစ်လျှောက်ကြုံခဲ့ရသော အိမ်နီးချင်းနိုင်ငံများ၏ရန်လိုမှုကို ပြောခြင်းဖြစ်သည်ဟု ယူမှတ်ကြသည်။

၅။ ယနေ့ ခရစ်ယာန်များသည် ဆာလံ ၈၃ မှ အဘယ်အကျိုးကျေးဇူး ရရှိကြသနည်း။

မည်သို့ပင်ဖြစ်စေ ယေဟောဝါဘုရားသခင်သည် မိမိ၏လူမျိုး အန္တရာယ်ကြုံနေရချိန်တွင် ဤဆာလံကျမ်းကိုရေးသားရန် မှုတ်သွင်းခဲ့ကြောင်း ထင်ရှားသည်။ ယင်းဆာလံကျမ်းသည် ယနေ့ ဘုရားသခင့်ကျေးကျွန်များအတွက်လည်း အားပေးမှုဖြစ်စေသည်၊ သူတို့၏သမိုင်းတစ်လျှောက်တွင် သူတို့အားဖျက်ဆီးရန် စိတ်ပိုင်းဖြတ်ထားကြသောရန်သူများ၏ မပြတ်တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ကြရ၍ဖြစ်သည်။ ထို့ပြင် မဝေးတော့သည့်အနာဂတ်တွင် မာဂေါဂပြည်မှဂေါဂသည် သူ၏တပ်များကိုစုစည်းကာ ဘုရားသခင်အား စွမ်းအားတော်လမ်းပြမှု၊ အမှန်တရားနှင့်အညီ ဝတ်ပြုကိုးကွယ်သူအားလုံးကိုဖျက်ဆီးရန် နောက်ဆုံးကြိုးစားချိန်တွင်လည်း ယင်းဆာလံကျမ်းသည် ကျွန်ုပ်တို့အား ခွန်အားပေးမည်မှာ သေချာသည်။—ယေဇကျေလ ၃၈:၂၊ ၈၊ ၉၊ ၁၆ ကိုဖတ်ပါ။

အဓိကစိုးရိမ်ပူပန်ရာ

၆၊ ၇။ (က) ဆာလံ ၈၃ အဖွင့်စကားများအရ ဆာလံဆရာသည် အဘယ်အရာကို အဓိကထားဆုတောင်းသနည်း။ (ခ) ဆာလံဆရာ၏ အဓိကစိုးရိမ်ရာမှာ အဘယ်နည်း။

ဆာလံဆရာသည် မိမိ၏ခံစားချက်ကို ဆုတောင်းချက်၌ ဤသို့ဖော်ပြထားသည်ကို နားထောင်ကြည့်ပါ– “အိုဘုရားသခင် တိတ်ဆိတ်စွာနေတော်မမူပါနှင့်။ အိုဘုရားသခင် အမိန့်တော်မရှိဘဲ ငြိမ်ဝပ်စွာနေတော်မမူပါနှင့်။ ကိုယ်တော်၏ရန်သူတို့သည် ရုန်းရင်းခတ်ပြုကြပါ၏။ ကိုယ်တော်ကိုမုန်းသောသူတို့သည် ထကြပါ၏။ ကိုယ်တော်၏လူစုတစ်ဖက်၌ ပရိယာယ်ကိုကြံ . . . ကြပါ၏။ သဘောတညီတညွတ်တည်းတိုင်ပင်၍ ကိုယ်တော်တစ်ဖက်၌ အချင်းချင်းသင်းဖွဲ့” ကြပါ၏။—ဆာ. ၈၃:၁-၃၊

ဆာလံဆရာ အဓိကစိုးရိမ်ပူပန်သည့်အရာမှာ အဘယ်နည်း။ သူသည် မိမိကိုယ်တိုင်နှင့် မိမိ၏မိသားစုလုံခြုံရေးအတွက် အလွန်စိုးရိမ်ခဲ့မည်မှာ မှန်ပါသည်။ သို့တိုင် သူဆုတောင်းသည့်အကြောင်းအရာမှာ ယေဟောဝါ၏နာမတော် ရှုတ်ချခံနေရခြင်းနှင့် ထိုနာမတော်ခံယူထားသည့်လူမျိုး ခြိမ်းခြောက်ခံနေရခြင်းတို့ဖြစ်သည်။ ကျွန်ုပ်တို့အားလုံးလည်း ဤလောကစနစ်ဟောင်း၏ ခက်ခဲကျပ်တည်းသည့် နောက်ဆုံးသောနေ့ရက်များတွင် ခံရပ်တည်ကြည်နေကြစဉ် အလားတူမျှတစွာရှုမြင်နိုင်ကြပါစေ။—မဿဲ ၆:၉၊ ၁၀ ကိုဖတ်ပါ။

၈။ ဣသရေလလူမျိုးတစ်ဖက် ပူးပေါင်းကြံစည်ကြသည့်လူမျိုးများ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။

ဣသရေလလူမျိုး၏ရန်သူများက “ဣသရေလ၏နာမကို နောက်တစ်ဖန်အောက်မေ့စရာမရှိစေခြင်းငှာ လာကြ။ သူတို့အမျိုးကိုပယ်ဖြတ်ကြကုန်အံ့” ဟုဆိုကြကြောင်း ဆာလံဆရာဖော်ပြထား၏။ (ဆာ. ၈၃:၄) ထိုလူမျိုးတို့သည် ဘုရားသခင်ရွေးချယ်ထားသောလူမျိုးကို အလွန်မုန်းတီးကြ၏။ သို့သော် ဣသရေလလူမျိုးတစ်ဖက် သူတို့ပူးပေါင်းကြံစည်ကြသည့် နောက်ထပ်အကြောင်းရင်းရှိသည်။ သူတို့သည် ဣသရေလပြည်ကို အလွန်ပိုင်ဆိုင်လိုကြပြီး “ငါတို့သည် ဘုရားသခင်၏အိမ်များ [“ဘုရားသခင်စံတော်မူရာ၊” သမ] ကို ကိုယ်ဖို့သိမ်းယူကြကုန်အံ့” ဟုကြွားလုံးထုတ်ကြ၏။ (ဆာ. ၈၃:၁၁) ကျွန်ုပ်တို့ခေတ်တွင်လည်း အလားတူအခြေအနေရှိပါသလော။ ရှိပါသည်။

“သန့်ရှင်းသောစံရာတော်”

၉၊ ၁၀။ (က) ရှေးအချိန်က ဘုရားသခင်၏သန့်ရှင်းသောစံရာတော်မှာ အဘယ်နည်း။ (ခ) ယနေ့ ဝိညာဉ်တော်ဖွားအကြွင်းအကျန်နှင့် “အခြားသိုး” တို့သည် အဘယ်ကောင်းချီးများ ခံစားကြရသနည်း။

ရှေးအချိန်က ကတိထားရာပြည်ကို ဘုရားသခင်၏ သန့်ရှင်းသောစံရာတော်အဖြစ် ရည်ညွှန်းခဲ့ကြသည်။ အီဂျစ်လက်မှကယ်နုတ်ခံရပြီးနောက် ဣသရေလလူတို့သီဆိုခဲ့သော အောင်ပွဲခံဤသီချင်းကို အမှတ်ရပါ– ‘ရွေးတော်မူသောလူမျိုးကို ချစ်ခင်ကြင်နာမှုအားဖြင့် ပို့ဆောင်တော်မူ၏။ သန့်ရှင်းသောနေတော်မူရာ [“သန့်ရှင်းသောစံရာတော်၊” သမ] သို့ တန်ခိုးတော်အားဖြင့် လမ်းပြတော်မူ၏။’ (ထွ. ၁၅:၁၃) နောက်ပိုင်း ထို “စံရာတော်” တွင် ယဇ်ပုရောဟိတ်လုပ်ငန်းလုပ်ဆောင်သည့် ဝတ်ပြုရာအိမ်တော်တစ်ခုနှင့် ယေဟောဝါ၏ ပလ္လင်ပေါ်မှာထိုင်လျက် ဒါဝိဒ်မှဆင်းသက်သောဘုရင်များနန်းစိုက်ရာ မြို့တော်ယေရုရှလင် ပါဝင်လာခဲ့သည်။ (၅ ရာ. ၂၉:၂၃) ယေရှုသည် ယေရုရှလင်မြို့ကို “မဟာမင်းကြီး၏မြို့တော်” ဟုခေါ်ဆိုခဲ့သည်မှာ အကြောင်းမဲ့မဟုတ်ပါ။—မ. ၅:၃၅

၁၀ ကျွန်ုပ်တို့ခေတ်နှင့်ပတ်သက်၍ကော အသို့နည်း။ စီအီး ၃၃ တွင် လူမျိုးသစ်ဖြစ်သော “ဘုရားသခင်၏ဣသရေလအမျိုး” မွေးဖွားလာခဲ့သည်။ (ဂလ. ၆:၁၆) ယေရှုခရစ်၏ ဝိညာဉ်တော်ဖွားညီတော်များဖြင့်ဖွဲ့စည်းထားသော ထိုလူမျိုးသည် ဘုရားသခင့်နာမတော်ကို သက်သေခံခြင်းဖြစ်သော ဇာတိဣသရေလလူမျိုး လုံးလုံးပျက်ကွက်ခဲ့သည့်တာဝန်ကို ကျေပွန်ခဲ့သည်။ (ဟေရှာ. ၄၃:၁၀; ၁ ပေ. ၂:၉) ယေဟောဝါသည် ရှေးဣသရေလလူမျိုးအားပေးခဲ့သည့် ဤကတိကိုပင် သူတို့အားပြန်ပေးတော်မူ၏– “သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။” (၂ ကော. ၆:၁၆; ဝတ်. ၂၆:၁၂) ၁၉၁၉ ခုနှစ်တွင် ယေဟောဝါသည် “ဘုရားသခင်၏ဣသရေလအမျိုး” မှကျန်ကြွင်းသူတို့ကို မျက်နှာသာရအနေအထားသို့ရောက်စေပြီး ထိုအချိန်တွင် သူတို့သည် ဝိညာဉ်ရေးဆိုင်ရာ လုပ်ဆောင်မှုနယ်ပယ်ဖြစ်သည့် ‘ပြည်တော်’ တစ်ခုကို ပိုင်ဆိုင်ခဲ့ကြပြီး ထိုဝိညာဉ်ရေးပရဒိသုတွင် ပျော်မွေ့ကြသည်။ (ဟေရှာ. ၆၆:၈) ၁၉၃၀ ပြည့်လွန်နှစ်များမှစ၍ သန်းနှင့်ချီသော “အခြားသိုး” သည် သူတို့နှင့်ပူးပေါင်းခဲ့ကြသည်။ (ယော. ၁၀:၁၆) မျက်မှောက်ခေတ်ခရစ်ယာန်များ၏ ပျော်ရွှင်မှုနှင့် ဝိညာဉ်ရေးကြွယ်ဝမှုတို့က ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုသည် တော်တည့်မှန်ကန်ကြောင်း ထင်ရှားမြင်သာသည့် အထောက်အထားဖြစ်သည်။ (ဆာလံ ၉၁:၁၊ ၂ ကိုဖတ်ပါ။) ယင်းက စာတန်ကို အလွန့်အလွန်ဒေါသထွက်စေသည်။

၁၁။ ဘုရားသခင့်ရန်သူများ၏အဓိကပန်းတိုင်မှာ အဘယ်အရာဆက်ဖြစ်နေဆဲနည်း။

၁၁ နောက်ဆုံးကာလတစ်လျှောက်တွင် စာတန်သည် ဝိညာဉ်တော်ဖွားအကြွင်းအကျန်နှင့် သူတို့၏အပေါင်းပါအခြားသိုးတို့အားဆန့်ကျင်ရန် မြေကြီးပေါ်ရှိမိမိ၏ကိုယ်စားလှယ်များကို လှုံ့ဆော်သည်။ နာဇီလက်အောက်ရှိအနောက်ဥရောပတွင်နှင့် ဆိုဗီယက်ပြည်ထောင်စုကွန်မြူနစ်အစိုးရလက်အောက်ရှိ အရှေ့ဥရောပတို့တွင် ယင်းသို့ဖြစ်ခဲ့သည်။ အခြားနိုင်ငံများစွာတွင်လည်း ထိုသို့ဖြစ်ခဲ့ပြီး အထူးသဖြင့် မာဂေါဂပြည်မှဂေါဂ၏ နောက်ဆုံးတိုက်ခိုက်ချိန်အတွင်း ယင်းသို့တစ်ဖန်ဖြစ်ဦးမည်။ ထိုတိုက်ခိုက်မှုတွင် ဆန့်ကျင်သူများသည် အတိတ်အချိန်က ရန်သူများပြုလုပ်ခဲ့သကဲ့သို့ပင် ယေဟောဝါလူမျိုး၏ ကြွယ်ဝမှုနှင့် ပိုင်ဆိုင်ရာများကို လောဘတကြီးနှင့်သိမ်းယူကြပေမည်။ သို့သော် စာတန်၏အဓိကပန်းတိုင်မှာ ဘုရားသခင်ပေးအပ်ထားသောနာမည်ကို နောက်တစ်ဖန် အောက်မေ့စရာမရှိစေခြင်းငှာ လူမျိုးတစ်မျိုးအဖြစ်မှဖျက်ဆီးပစ်ရန် အစဉ်ဖြစ်ခဲ့သည်။ မိမိ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ထိုသို့မထီမဲ့မြင်ပြုသည်ကို ယေဟောဝါ မည်သို့တုံ့ပြန်သနည်း။ ဆာလံဆရာ၏စကားများကို ပြန်ကြည့်ပါ။

ယေဟောဝါ၏အောင်ပွဲခံမှုဆိုင်ရာ ပုံနမူနာ

၁၂-၁၄။ ဆာလံဆရာသည် မေဂိဒ္ဒေါမြို့အနီးတွင်ဖြစ်ခဲ့သော သမိုင်းဝင်အဘယ်အောင်ပွဲနှစ်ခုအကြောင်းကို ဖော်ပြသနည်း။

၁၂ ယေဟောဝါသည် ရန်သူလူမျိုး၏အကြံအစည်များကို ပျက်ပြားနိုင်စွမ်းရှိကြောင်း ဆာလံဆရာ အခိုင်အမာယုံကြည်သည်ကို သတိပြုကြည့်ပါ။ မေဂိဒ္ဒေါချိုင့်ကိုအပေါ်စီးမှမြင်ရသော ရှေးခေတ်မေဂိဒ္ဒေါမြို့အနီးတွင် ဣသရေလလူမျိုးသည် ရန်သူများကို အပြတ်အသတ်အနိုင်ယူခဲ့သည့် တိုက်ပွဲနှစ်ခုအကြောင်း သူ၏ဆာလံကျမ်းတွင် ဖော်ပြထားသည်။ နွေရာသီအချိန်တွင် ရေခန်းနေသောကိရှုန်မြစ်ကြမ်းပြင်မြွေလိမ်မြွေကောက်ကို ချိုင့်ဝှမ်းတစ်လျှောက်တွေ့နိုင်သည်။ ဆောင်းမိုးရွာသွန်းပြီးနောက် ချိုင့်ဝှမ်းတွင် မြစ်ရေလွှမ်းသွားသည်။ ထိုအကြောင်းကြောင့် ယင်းမြစ်ကို “မေဂိဒ္ဒေါအိုင်” ဟုခေါ်ခြင်းလည်းဖြစ်နိုင်သည်။—သူကြီး. ၄:၁၃; ၅:၁၉

၁၃ မေဂိဒ္ဒေါမြို့မှ ချိုင့်ဝှမ်းကိုဖြတ်ကာ ဆယ်မိုင်ခန့်အကွာတွင် မောရေတောင်ရှိပြီး တရားသူကြီးဂိဒေါင်လက်ထက်တွင် မိဒျန်ပြည်သား၊ အာမလက်ပြည်သား၊ အရှေ့ပြည်သားတို့သည် ပူးပေါင်းကာစစ်ခင်းရန် ထိုနေရာ၌စုဝေးကြသည်။ (သူကြီး. ၇:၁၊ ၁၂) ဂိဒေါင်၏စစ်တပ်ငယ်လေးသည် နောက်ဆုံးတွင် လူ ၃၀၀ သာကျန်ရှိပြီး ယေဟောဝါ၏အကူအညီဖြင့် ရန်သူ၏အင်အားကြီးစစ်တပ်ကို အနိုင်ရရှိခဲ့သည်။ မည်သို့အားဖြင့်နည်း။ ဘုရားသခင်၏လမ်းညွှန်မှုကိုလိုက်ကာ သူတို့သည် ညအချိန်တွင် မီးတုတ်ကိုထည့်ဝှက်ထားသည့် အိုးတို့ကိုကိုင်ဆောင်ကာ ရန်သူ့စခန်းကိုဝိုင်းလိုက်သည်။ ဂိဒေါင်အချက်ပေးလိုက်သည့်အခါ သူ၏လူတို့သည် အိုးတို့ကိုခွဲလိုက်ရာ ဝှက်ထားသည့်မီးတုတ်များ ရုတ်တရက်ထွန်းလင်းလာသည်။ တစ်ချိန်တည်းတွင် သူတို့သည် တံပိုးမှုတ်ကြပြီး ‘ယေဟောဝါနှင့် ဂိဒေါင်၏ဓား’ ဟုဟစ်အော်ကြသည်။ ယင်းက ရန်သူများကို ရှုပ်ထွေးသွားစေပြီး သူတို့အချင်းချင်းသတ်ဖြတ်ကြကာ အသက်ရှင်လွတ်မြောက်သူများသည် ယော်ဒန်မြစ်ကို ဖြတ်ကျော်ထွက်ပြေးခဲ့ကြသည်။ ထိုအတောအတွင်း ရန်သူများနောက်လိုက်ရာတွင် များစွာသောဣသရေလလူတို့ ပူးပေါင်းခဲ့ကြသည်။ ရန်သူစစ်သားစုစုပေါင်း ၁၂၀,၀၀၀ ကိုသတ်ခဲ့ကြသည်။—သူကြီး. ၇:၁၉-၂၅; ၈:၁၀

၁၄ မောရေတောင်တစ်ဖက် မေဂိဒ္ဒေါချိုင့်ဝှမ်းကိုဖြတ်ကာ လေးမိုင်ခန့်အကွာတွင် တာဗော်တောင်ရှိသည်။ ထိုနေရာတွင် ခါနာန်လူမျိုး ဟာဇော်ရှင်ဘုရင်ယာဘိန်လက်အောက်ရှိ စစ်သူကြီးသိသရ၏စစ်တပ်ကိုတိုက်ခိုက်ရန် အစောပိုင်းတွင် တရားသူကြီးဗာရက်သည် ဣသရေလတပ်သား ၁၀,၀၀၀ စုစည်းသည်။ ထိုခါနာန်စစ်တပ်တွင် ဘီးများ၌ကြောက်ဖွယ်ကောင်းသော သံဓားရှည်များတပ်ထားသည့် စစ်ရထား ၉၀၀ ပါရှိသည်။ လက်နက်အနည်းငယ်သာရှိသော ဣသရေလစစ်တပ်သည် တာဗော်တောင်တွင်စုဝေးကြရာ သိသရ၏စစ်တပ်သည် ချိုင့်ဝှမ်းသို့လာရန် သွေးဆောင်ခံခဲ့ရသည်။ ထို့နောက် ‘ယေဟောဝါသည် သိသရမှစ၍ သူ၏ရထားများနှင့် ဗိုလ်ပါစစ်သည်များအပေါင်းတို့ကို . . . ရှုံးစေတော်မူ’ ခဲ့သည်။ ဖြစ်နိုင်သည်မှာ ရုတ်တရက်မိုးရွာချပြီး ကိရှုန်မြစ်ရေလွှမ်းသောကြောင့် စစ်ရထားများသည် ရွှံ့ထဲနစ်ခဲ့ပုံရသည်။ စစ်တပ်တစ်ခုလုံးသည် ဣသရေလလူတို့လက်ချက်ဖြင့် သေဆုံးခဲ့သည်။—သူကြီး. ၄:၁၃-၁၆; ၅:၁၉-၂၁

၁၅။ (က) ယေဟောဝါ အဘယ်အရာလုပ်ဆောင်ပေးပါရန် ဆာလံဆရာဆုတောင်းသနည်း။ (ခ) ဘုရားသခင်၏နောက်ဆုံးစစ်ပွဲ၏အမည်သည် ကျွန်ုပ်တို့အား အဘယ်အရာကို အမှတ်ရစေသနည်း။

၁၅ ဆာလံဆရာက မိမိခေတ်တွင် ဣသရေလလူမျိုးတည်ရှိနေမှုကို ခြိမ်းခြောက်သည့် တိုင်းနိုင်ငံများကိုလည်း အလားတူပြုပါရန် ယေဟောဝါထံတောင်းခံသည်။ သူဤသို့ဆုတောင်း၏– “မိဒျန်အမျိုးကိုလည်းကောင်း၊ ကိရှုန်ချောင်းနားမှာ သိသရမင်းနှင့်ယာဘိန်မင်းကိုလည်းကောင်း ပြုသကဲ့သို့ သူတို့ကိုပြုတော်မူပါ။ ထိုသူတို့သည် အင်ဒေါရအရပ်၌ဆုံးရှုံး၍ မြေပေါ်မှာနောက်ချေးကဲ့သို့ဖြစ်ကြပါ၏။” (ဆာ. ၈၃:၉၊ ၁၀) ထူးခြားသည်မှာ စာတန့်လောကကိုတိုက်ခိုက်မည့် ဘုရားသခင်၏နောက်ဆုံးစစ်ပွဲကို (“မေဂိဒ္ဒေါတောင်” ဟုအဓိပ္ပာယ်ရှိသော) အာမဂေဒုန်ဟုခေါ်ထားသည်။ ယင်းအမည်သည် မေဂိဒ္ဒေါတောင်အနီးဖြစ်ပွားခဲ့သော ထင်ရှားသည့်တိုက်ပွဲများကို ကျွန်ုပ်တို့အား အမှတ်ရစေသည်။ ယေဟောဝါ၏အောင်မြင်မှုဆိုင်ရာ ထိုရှေးစစ်ပွဲများက အာမဂေဒုန်စစ်ပွဲတွင်လည်း ကိုယ်တော်ကျိန်းသေအောင်မြင်မည်ကို ကျွန်ုပ်တို့အား ယုံကြည်စိတ်ချစေသည်။—ဗျာ. ၁၆:၁၃-၁၆

ယေဟောဝါ၏ပိုင်သအုပ်စိုးမှု သံသယကင်းရှင်းစေရန် ဆုတောင်းပါ

၁၆။ ယနေ့ ဆန့်ကျင်သူတို့၏မျက်နှာကို မည်သို့ “ရှက်စေတော်မူ” သနည်း။

၁၆ ဤ “နောက်ဆုံးသောနေ့ရက်များ” အတွင်း မိမိလူမျိုးအားပယ်ဖျက်ရန် ကြိုးစားအားထုတ်မှုအားလုံးကို ယေဟောဝါဆီးတားထားသည်။ (၂ တိ. ၃:၁ကဘ) ရလဒ်အနေနှင့် ဆန့်ကျင်သူများသည် အရှက်ရကြသည်။ ယင်းနှင့်ပတ်သက်၍ ဆာလံ ၈၃:၁၆ တွင် ဤသို့ကြိုပြောထား၏– ‘အိုယေဟောဝါ၊ သူတို့မျက်နှာကိုရှက်စေတော်မူ၍ သူတို့သည် နာမတော်ကိုရှာကြပါစေသော။’ ဆန့်ကျင်သူများသည် ယေဟောဝါသက်သေများအား နှုတ်ဆိတ်သွားစေရန် ကြိုးစားအားထုတ်မှု လုံးလုံးအထမမြောက်ကြောင်း တစ်နိုင်ငံပြီးတစ်နိုင်ငံတွင် တွေ့ရှိလာရသည်။ ထိုနိုင်ငံများတွင် မှန်သောဘုရားသခင်အား ဝတ်ပြုကိုးကွယ်သူများ၏ တည်ကြည်မြဲမြံမှုနှင့် ခံနိုင်ရည်သည် နှလုံးရိုးဖြောင့်သူတို့အတွက် သက်သေခံချက်တစ်ရပ်ဖြစ်ခဲ့ပြီး များစွာသောသူတို့သည် ‘ယေဟောဝါ၏နာမတော်ကိုရှာကြ’ သည်။ တစ်ချိန်က ယေဟောဝါသက်သေများအား အပြင်းအထန်နှိပ်စက်ညှဉ်းပန်းခဲ့သည့် နိုင်ငံများစွာတွင် ယခု ယေဟောဝါအား ဝမ်းမြောက်စွာချီးမွမ်းနေသူ သောင်းနှင့်ချီ၊ သိန်းနှင့်ချီပင်ရှိကြသည်။ ယေဟောဝါအဖို့ အောင်ပွဲပင်။ ကိုယ်တော်၏ရန်သူတို့မူ အလွန်ကသိကအောက်ဖြစ်ကြသည်။—ယေရမိ ၁:၁၉ ကိုဖတ်ပါ။

၁၇။ လူသားတို့သည် အဘယ်အကျဉ်းအကျပ်အခြေအနေကို ရင်ဆိုင်ကြရသနည်း၊ မကြာမီ ကျွန်ုပ်တို့သည် အဘယ်စကားကို သတိရကြမည်နည်း။

၁၇ ဆန့်ကျင်သူတို့သည် ကျွန်ုပ်တို့ကို ဆက်၍နှိပ်စက်ညှဉ်းပန်းကြမည်ကို ကျွန်ုပ်တို့သိထားသည်။ ကျွန်ုပ်တို့သည် သတင်းကောင်းကိုဆက်ဟောကြသည်၊ ဆန့်ကျင်သူတို့ကိုပင်ဟောကြသည်။ (မ. ၂၄:၁၄၊ ၂၁) သို့သော် ထိုဆန့်ကျင်သူတို့အဖို့ ယခုအချိန်သည် နောင်တယူရန်အခွင့်အရေးဖြစ်ပြီး မကြာမီရောက်ရှိလာတော့မည့်အဆုံးတွင် ကယ်တင်ခြင်းရနိုင်ကြသည်။ ယေဟောဝါ၏နာမတော်ကို သန့်ရှင်းမြင့်မြတ်စေခြင်းသည် လူတစ်ဦးကယ်တင်ခြင်းခံရဖို့ထက် ပို၍အရေးကြီးသည်။ (ယေဇကျေလ ၃၈:၂၃ ကိုဖတ်ပါ။) မြေကြီးပေါ်ရှိလူမျိုးအားလုံးသည် ဘုရားသခင့်လူမျိုးကိုဖျက်ဆီးရန် စုဝေးကြချိန်တွင် ကျွန်ုပ်တို့သည် ဆာလံဆရာ၏ဤဆုတောင်းချက်ပါ စကားများကို သတိရကြမည်ဖြစ်သည်– “စိတ်ပျက်၍ အစဉ်ပင်ပန်းခြင်းရှိကြပါစေသော။ အရှက်ကွဲ၍ ဆုံးရှုံးခြင်းသို့ရောက်ကြပါစေသော။”—ဆာ. ၈၃:၁၇

၁၈၊ ၁၉။ (က) ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို သဲသဲမဲမဲအတိုက်အခံပြုသူတို့အဖို့ အဘယ်အရာစောင့်ကြိုနေသနည်း။ (ခ) ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးပိုင်မှု နောက်ဆုံးသံသယကင်းရှင်းမည့်အချိန် နီးကပ်လာနေခြင်းက သင့်အပေါ် မည်သို့အကျိုးသက်ရောက်သနည်း။

၁၈ ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို အခိုင်အမာဆန့်ကျင်နေကြသူတို့အဖို့ အရှက်တကွဲရှုံးနိမ့်မှုသည် စောင့်ကြိုလျက်ရှိသည်။ အာမဂေဒုန်တွင် ဖျက်ဆီးခံရစေသည့် အကြောင်းရင်းဖြစ်သော ‘သတင်းကောင်းကိုနားမထောင်သောသူတို့’ သည် “ထာဝရပျက်စီးခြင်းတည်းဟူသောအပြစ်ဒဏ်” ကိုခံရကြမည်ဟု ဘုရားသခင့်နှုတ်မြွက်တော်ကဆို၏။ (၂ သက်. ၁:၇-၁၀) သူတို့၏ပျက်စီးခြင်းနှင့် အမှန်တရားအတိုင်းယေဟောဝါအားဝတ်ပြုကိုးကွယ်သူတို့၏ ကယ်တင်ခြင်းက ယေဟောဝါသည် တစ်ဆူတည်းသောစစ်မှန်သည့်အရှင်ဖြစ်ကြောင်း ယုံကြည်စိတ်ချစေသည့် အထောက်အထားဖြစ်မည်။ ကမ္ဘာသစ်တွင် ထိုကြီးကျယ်သည့်အောင်ပွဲကို အစဉ်အမှတ်ရကြမည်။ “သေခြင်းမှထမြောက်” လာကြသော “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူ” တို့သည် ယေဟောဝါ၏ကြီးမြတ်သောလုပ်ရပ်ကို သိရှိလာကြမည်။ (တ. ၂၄:၁၅) ကမ္ဘာသစ်တွင် သူတို့သည် ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုအောက်နေထိုင်ခြင်းသည် ပညာရှိရာရောက်ကြောင်း ယုံကြည်စိတ်ချရသည့်သက်သေအထောက်အထားကို တွေ့မြင်ကြရမည်။ ထို့ပြင် သူတို့ထဲမှစိတ်နှိမ့်ချသောသူတို့က ယေဟောဝါသည် တစ်ဆူတည်းသော စစ်မှန်သည့်ဘုရားသခင်ဖြစ်ကြောင်း အလျင်အမြန်လက်ခံယုံကြည်လာမည်။

၁၉ ကျွန်ုပ်တို့၏ မေတ္တာရှင်ကောင်းကင်ခမည်းတော်သည် မိမိအားတည်ကြည်စွာ ဝတ်ပြုကိုးကွယ်သူတို့အတွက် အလွန်အံ့ချီးဖွယ်အနာဂတ်ကို ပြင်ဆင်ထားတော်မူသည်။ မကြာမီ ယေဟောဝါသည် ဆာလံဆရာ၏ ဤဆုတောင်းချက်ကိုနောက်ဆုံးအဖြေပေးပါရန် ဆုတောင်းဖို့ သင်လှုံ့ဆော်မခံရပေလော– ‘[သင့်ရန်သူတို့သည်] အရှက်ကွဲ၍ ဆုံးရှုံးခြင်းသို့ရောက်ကြပါစေသော။ ယေဟောဝါဟူ၍နာမတော်ရှိသော ကိုယ်တော်တစ်ပါးတည်းသာလျှင် မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရားသခင်ဖြစ်တော်မူကြောင်းကို သိကြပါစေသော။’—ဆာ. ၈၃:၁၇၊ ၁၈

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 ဤဆောင်းပါးကိုမသုံးသပ်မီ သင်သည် ဆာလံ ၈၃ တွင်ပါရှိသောအကြောင်းအရာများနှင့် အကျွမ်းတဝင်ရှိရန် ယင်းကျမ်းကိုဖတ်ထားခြင်းသည် အကျိုးရှိပေမည်။

သင်ရှင်းပြနိုင်သလော

ဆာလံ ၈၃ ကိုရေးသားချိန်တွင် ဣသရေလလူမျိုးသည် အဘယ်အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသနည်း။

ဆာလံ ၈၃ ကိုရေးသားသူ အဓိကစိုးရိမ်မကင်းဖြစ်သည်မှာ အဘယ်အရာနည်း။

• ယနေ့ မည်သူတို့သည် စာတန်၏ရန်လိုမုန်းတီးမှုသားကောင်များ ဖြစ်ကြသနည်း။

• ယေဟောဝါသည် ဆာလံ ၈၃:၁၈ တွင်ဖော်ပြထားသောဆုတောင်းချက်ကို နောက်ဆုံးတွင် မည်သို့ဖြေကြားမည်နည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ မြေပုံ]

(အသေးစိတ်ကို စာအုပ်တွင် ရှု)

ရှေးမေဂိဒ္ဒေါအနီးတွင် တိုက်ခိုက်ခဲ့သောတိုက်ပွဲများသည် ကျွန်ုပ်တို့၏အနာဂတ်နှင့် မည်သို့ဆက်စပ်မှုရှိသနည်း

ကိရှုန်မြစ်

ဟာရောရှက်မြို့

ကရမေလတောင်

ယေဇရေလချိုင့်ဝှမ်း

မေဂိဒ္ဒေါ

တာနက်

ဂိလဗောတောင်

ဟာရုတ်ရေတွင်း

မောရေတောင်

အင်ဒေါရမြို့

တာဗော်တောင်

ဂါလိလဲအိုင်

ယော်ဒန်မြစ်

[စာမျက်နှာ ၁၂ ပါရုပ်ပုံ]

လှိုက်လှိုက်လှဲလှဲဆုတောင်းချက်တစ်ခုကို သီကုံးစပ်ဆိုရန် ဆာလံဆရာတစ်ဦးအား အဘယ်အရာက လှုံ့ဆော်ခဲ့သနည်း