မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သည် ဂုဏ်တင်ရာတွင် ဦးဆောင်သူလော

သင်သည် ဂုဏ်တင်ရာတွင် ဦးဆောင်သူလော

သင်သည် ဂုဏ်တင်ရာတွင် ဦးဆောင်သူလော

“အချင်းချင်း ဂုဏ်တင်ရာတွင် ဦးဆောင်ကြလော့။”—ရော. ၁၂:၁၀၊ ကဘ။

၁။ ကမ္ဘာ့ဒေသများစွာတွင် အဘယ်အရာကို မတွေ့ရတော့သနည်း။

ကမ္ဘာ့အချို့ဒေသများတွင် ငယ်ရွယ်သောကလေးငယ်များသည် လူကြီးများရှိရာသို့ရောက်သည့်အခါ ရိုသေစွာဒူးထောက်ခြင်းအားဖြင့် လူကြီးများကိုဂုဏ်တင်သည့်ထုံးစံရှိသည်။ ယင်းသို့ပြုခြင်းဖြင့် သူတို့သည် အသက်ကြီးသူများထက် ပို၍မြင့်နေသည်ဟု မြင်ရတော့မည်မဟုတ်ပေ။ ထိုသို့သောလူ့အဖွဲ့အစည်းများတွင် ကလေးငယ်တစ်ဦး လူကြီးတစ်ဦးအား ကျောပေးနေခြင်းကိုလည်း မရိုသေသည့်အပြုအမူအဖြင့် ရှုမြင်ကြသည်။ ယဉ်ကျေးမှုအမျိုးမျိုးတွင် နည်းများစွာဖြင့် ရိုသေလေးစားမှုတင်ပြကြပြီး ထိုသို့သောရိုသေလေးစားမှုတင်ပြခြင်းက မောရှေပညတ်ကို ကျွန်ုပ်တို့အားအမှတ်ရစေသည်။ ယင်းတွင် ဤပညတ်ပါရှိ၏– ‘ဆံပင်ဖြူသောသူရှေ့မှာထရမည်။ အသက်ကြီးသောသူ၏မျက်နှာကို ရိုသေရမည်။’ (ဝတ်. ၁၉:၃၂) ဝမ်းနည်းစရာမှာ ဒေသများစွာတွင် အခြားသူတို့အားဂုဏ်တင်မှုကို မတွေ့ရတော့ပါ။ အမှန်တွင် ရိုသေလေးစားမှုမရှိခြင်းကို ယနေ့ နေရာတကာတွင် တွေ့မြင်ရသည်။

၂။ ဘုရားသခင့်နှုတ်မြွက်တော်က မည်သူတို့ကိုဂုဏ်တင်ရန် ဖော်ပြထားသနည်း။

ဘုရားသခင့်နှုတ်မြွက်တော်က ဂုဏ်တင်ခြင်းကို အလွန်အလေးပေးဖော်ပြ၏။ ယေဟောဝါနှင့် ယေရှုခရစ်ကို ရိုသေဂုဏ်တင်ရန် ဖော်ပြထား၏။ (ယော. ၅:၂၃) ကျွန်ုပ်တို့သည် မိသားစုဝင်အချင်းချင်းနှင့် ယုံကြည်သူချင်းတို့အပြင် အသင်းတော်ပြင်ပရှိအချို့သူတို့ကို ဂုဏ်တင်ရန်လည်း ပညတ်ထား၏။ (ရော. ၁၂:၁၀; ဧ. ၆:၁၊ ၂; ၁ ပေ. ၂:၁၇) ယေဟောဝါအား ကျွန်ုပ်တို့ဂုဏ်တင်သည့် နည်းလမ်းအချို့မှာ အဘယ်နည်း။ ကျွန်ုပ်တို့၏ ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မများအား ဂုဏ်တင် သို့မဟုတ် အလွန်ရိုသေလေးစားကြောင်း မည်သို့တင်ပြကြသနည်း။ ယင်းမေးခွန်းများနှင့် ယင်းနှင့်ဆက်စပ်သည့်မေးခွန်းတချို့ကို သုံးသပ်ကြည့်ကြစို့။

ယေဟောဝါနှင့် ကိုယ်တော့်နာမတော်ကို ဂုဏ်တင်ပါ

၃။ ယေဟောဝါအားဂုဏ်တင်ရာတွင် အရေးပါသောနည်းတစ်နည်းမှာ အဘယ်နည်း။

ယေဟောဝါအားဂုဏ်တင်သည့် အရေးပါသောနည်းတစ်နည်းမှာ ကိုယ်တော်၏နာမတော်ကို သင့်လျော်စွာရိုသေလေးစားမှု တင်ပြခြင်းအားဖြင့်ဖြစ်သည်။ အမှန်မှာ ကျွန်ုပ်တို့သည် “[ကိုယ်တော်၏] နာမအဖို့” နုတ်ယူခံရသောလူမျိုးဖြစ်ကြသည်။ (တ. ၁၅:၁၄) အတိုင်းအဆမဲ့တန်ခိုးရှင်ဘုရားသခင်ဖြစ်သော ယေဟောဝါ၏နာမတော်ခံယူသည်မှာ အမှန်ပင်ဂုဏ်တင်မှုတစ်ခုဖြစ်သည်။ ပရောဖက်မိက္ခာ ဤသို့ဆိုခဲ့၏– ‘လူအမျိုးမျိုးတို့သည် အသီးအသီး ကိုယ်ဆိုင်ရာဘုရားသခင်၏နာမကိုအမှီပြုလျက် လိုက်လျှောက်တတ်ကြ၏။ ငါတို့မူကား ငါတို့၏ဘုရားသခင်ယေဟောဝါ၏နာမတော်ကိုအမှီပြုလျက် ကာလအစဉ်အမြဲ လိုက်လျှောက်ကြလိမ့်သတည်း။’ (မိ. ၄:၅သမ္မာ) ကျွန်ုပ်တို့ခံယူထားသောနာမတော်ကို ကောင်းစွာရောင်ပြန်ဟပ်သည့်နည်းနှင့် နေ့စဉ်အသက်ရှင်နေထိုင်ရန်ကြိုးစားခြင်းဖြင့် ကျွန်ုပ်တို့သည် ‘ယေဟောဝါ၏နာမတော်ကိုအမှီပြုလျက် လိုက်လျှောက်ကြ’ သည်။ ရောမရှိခရစ်ယာန်များအား ပေါလုသတိပေးခဲ့သည့်အတိုင်း ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ဟောပြောသည့်သတင်းကောင်းနှင့်အညီ မနေထိုင်ပါက ဘုရားသခင့်နာမတော်ကို “ကဲ့ရဲ့” စရာဖြစ်စေပြီး ဂုဏ်အသရေပျက်စေနိုင်သည်။—ရော. ၂:၂၁-၂၄

၄။ ယေဟောဝါအကြောင်းသက်သေခံခြင်း အခွင့်ထူးကို ကျွန်ုပ်တို့မည်သို့ရှုမြင်ကြသနည်း။

သက်သေခံခြင်းလုပ်ငန်းအားဖြင့်လည်း ယေဟောဝါကို ကျွန်ုပ်တို့ဂုဏ်တင်ကြသည်။ အတိတ်က ယေဟောဝါသည် ဣသရေလလူမျိုးကို မိမိ၏သက်သေများဖြစ်ရန် ဖိတ်ခေါ်ခဲ့သော်လည်း သူတို့သည် မိမိတို့၏တာဝန်ကိုလုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြသည်။ (ဟေရှာ. ၄၃:၁-၁၂) များသောအားဖြင့် သူတို့သည် ယေဟောဝါထံမှကျောခိုင်းသွားခဲ့ကြပြီး ‘ဣသရေလအမျိုး၌ သန့်ရှင်းတော်မူသောဘုရားသခင်ကို’ စိတ်တော်နာစေခဲ့ကြသည်။ (ဆာ. ၇၈:၄၀၊ ၄၁) နောက်ဆုံးတွင် သူတို့သည် ယေဟောဝါ၏မျက်နှာသာ လုံးလုံးဆုံးရှုံးခဲ့သည်။ သို့သော် ယနေ့ ကျွန်ုပ်တို့သည် ယေဟောဝါအကြောင်းသက်သေခံခွင့်၊ ကိုယ်တော်၏နာမတော်ကို ကြားသိစေခွင့်ကို အလွန်လေးမြတ်တန်ဖိုးထားကြသည်။ ကိုယ်တော်ကိုချစ်မြတ်နိုးပြီး ကိုယ်တော်၏နာမတော်ကို သန့်ရှင်းမြင့်မြတ်စေလိုသောကြောင့် ယင်းကို ကျွန်ုပ်တို့လုပ်ဆောင်ကြသည်။ ကောင်းကင်ခမည်းတော်နှင့် ကိုယ်တော်၏ရည်ရွယ်တော်မူချက်များနှင့်ပတ်သက်သော အမှန်တရားကို ကျွန်ုပ်တို့သိထားကြရာ ဟောပြောခြင်းကိုမလုပ်ဆောင်ပဲ မည်သို့နေနိုင်ကြမည်နည်း။ “မဟောဘဲမနေနိုင်။ မဟောဘဲနေလျှင် အမင်္ဂလာရှိ၏” ဟုဆိုခဲ့သော တမန်တော်ပေါလုကဲ့သို့ ကျွန်ုပ်တို့ခံစားကြရသည်။—၁ ကော. ၉:၁၆

၅။ ယေဟောဝါအားယုံကြည်ခြင်းနှင့် ကိုယ်တော့်ကိုရိုသေလေးမြတ်ခြင်းသည် မည်သို့ဆက်စပ်မှုရှိသနည်း။

ဆာလံဆရာဒါဝိဒ် ဤသို့ဖော်ပြခဲ့၏– ‘နာမတော်ကိုသိသောသူတို့သည် ကိုယ်တော်ကိုယုံကြည်ကြပါလိမ့်မည်။ အကြောင်းမူကား အိုယေဟောဝါ၊ ကိုယ်တော်ကိုရှာသောသူတို့ကို စွန့်ပစ်တော်မမူတတ်ပါ။’ (ဆာ. ၉:၁၀) ကျွန်ုပ်တို့သည် ယေဟောဝါကိုအမှန်တကယ်သိကျွမ်းပြီး ကိုယ်တော်၏နာမတော်ကိုယ်စားပြုသည့်အရာကို ရိုသေလေးစားကြောင်းပြမည်ဆိုလျှင် ရှေးခေတ်က ကိုယ်တော်၏တည်ကြည်သောကျေးကျွန်များကဲ့သို့ ကိုယ်တော်ကို ကျွန်ုပ်တို့ယုံကြည်ကိုးစားကြမည်ဖြစ်သည်။ ယင်းသို့ယုံကြည်ကိုးစားခြင်း၊ ယေဟောဝါအားယုံကြည်ခြင်းသည် ကိုယ်တော်အားဂုဏ်တင်သည့် အခြားနည်းလမ်းတစ်ခုဖြစ်ပြန်သည်။ ဘုရားသခင့်နှုတ်မြွက်တရားတော်က ယေဟောဝါအားယုံကြည်ကိုးစားခြင်းနှင့် ကိုယ်တော်အားရိုသေလေးမြတ်ခြင်းဆက်စပ်ထားပုံကို သတိပြုကြည့်ပါ။ ရှေးဣသရေလလူမျိုးသည် ယေဟောဝါအားယုံကြည်ကိုးစားရန် ပျက်ကွက်သည့်အခါ ကိုယ်တော်သည် မောရှေအား ဤသို့မေးခဲ့၏– “ဤလူမျိုးသည် အဘယ်မျှကာလပတ်လုံး ငါ့ကိုမရိုမသေပြုကြလိမ့်မည်နည်း။ သူတို့၌ငါပြခဲ့ပြီးသမျှသော နိမိတ်လက္ခဏာတို့ကိုမြင်ရသော်လည်း အဘယ်မျှကာလပတ်လုံး ငါ့ကိုမယုံဘဲနေကြလိမ့်မည်နည်း။” (တော. ၁၄:၁၁) ပြောင်းပြန်ပြောလျှင်လည်း မှန်ကန်ပါသည်။ စုံစမ်းနှောင့်ယှက်မှုများခံရစဉ်တွင်ပင် ယေဟောဝါကာကွယ်ပေးမည်၊ ထောက်မပေးမည်ကို ယုံကြည်ကိုးစားခြင်းသည် ကိုယ်တော်အား ရိုသေလေးမြတ်ရာရောက်သည်။

၆။ ယေဟောဝါအား နက်ရှိုင်းစွာရိုသေလေးမြတ်ကြောင်း တင်ပြရန် ကျွန်ုပ်တို့အား အဘယ်အရာကလှုံ့ဆော်သနည်း။

ယေဟောဝါအားရိုသေလေးမြတ်ခြင်းသည် နှလုံးထဲမှလာရမည်ဖြစ်ကြောင်း ယေရှုဖော်ပြခဲ့သည်။ စိတ်ရိုးမှန်နှင့်ဝတ်ပြုကိုးကွယ်ခြင်းမဟုတ်သူတို့အကြောင်း မိန့်တော်မူရာတွင် ယေရှုသည် ယေဟောဝါမိန့်တော်မူခဲ့သည့်စကားကို ဤသို့ကိုးကားခဲ့၏– “ဤလူမျိုးတို့သည် နှုတ်နှင့်ငါ့ကိုချဉ်းကပ်၍ နှုတ်ခမ်းနှင့်ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။” (မ. ၁၅:၈) ယေဟောဝါအား စိတ်အရိုးခံဖြင့် ရိုသေလေးမြတ်ခြင်းသည် ကိုယ်တော်အားနှလုံးအကြွင်းမဲ့ချစ်ခြင်းမှ ထွက်ပေါ်လာသည်။ (၁ ယော. ၅:၃) ထို့ပြင် ကျွန်ုပ်တို့သည် ယေဟောဝါ၏ဤကတိတော်ကိုလည်း စိတ်စွဲထားကြ၏– “ငါ့ကိုချီးမြှောက် [“ဂုဏ်တင်၊” ကဘ] သောသူတို့ကို ငါချီးမြှောက်မည်။”—၁ ရာ. ၂:၃၀

ဦးဆောင်သူတို့သည် အခြားသူတို့အား လေးစားမှုတင်ပြ

၇။ (က) တာဝန်ရှိအနေအထားတွင်ရှိသော ညီအစ်ကိုများသည် မိမိတို့၏ကြီးကြပ်မှုအောက်တွင်ရှိသူတို့ကို အဘယ်ကြောင့်ဂုဏ်တင်သင့်သနည်း။ (ခ) ပေါလုသည် ယုံကြည်သူချင်းတို့ကို ရိုသေလေးစားကြောင်း မည်သို့တင်ပြခဲ့သနည်း။

တမန်တော်ပေါလုက ယုံကြည်သူချင်းများအား ဤသို့တိုက်တွန်းခဲ့၏– “အချင်းချင်း ဂုဏ်တင်ရာတွင် ဦးဆောင်ကြလော့။” (ရော. ၁၂:၁၀ကဘ) အသင်းတော်၌ တာဝန်ရှိအနေအထားတွင်ရှိသော ညီအစ်ကိုများသည် မိမိတို့ကြီးကြပ်မှုအောက်ရှိသူတို့ကို ဂုဏ်တင်ရာတွင် “ဦးဆောင်” ခြင်းဖြင့် ပုံသက်သေတင်ပြသင့်သည်။ ယင်းနှင့်စပ်လျဉ်း၍ ကြီးလေးသည့်တာဝန်များရရှိထားသူတို့သည် ပေါလုတင်ပြခဲ့သောပုံသက်သေကို လိုက်လျှောက်သင့်သည်။ (၁ သက်သာလောနိတ် ၂:၇၊ ၈ ကိုဖတ်ပါ။) ပေါလုလည်ပတ်ခဲ့သော အသင်းတော်များရှိညီအစ်ကိုများက ပေါလုသည် မိမိကိုယ်တိုင်မလုပ်လိုသောအရာများကို သူတို့အားပြုလုပ်စေရန် ဘယ်တော့မျှတောင်းဆိုမည်မဟုတ်ကြောင်း သိထားကြသည်။ ပေါလုသည် ယုံကြည်သူချင်းများကို ရိုသေလေးစားကြောင်းတင်ပြခဲ့သည့်အတွက် ယုံကြည်သူချင်းများ၏ ရိုသေလေးစားမှုကိုပြန်ရရှိခဲ့သည်။ “ငါကျင့်သည်နည်းတူ သင်တို့သည်ကျင့်ကြမည်အကြောင်း ငါနှိုးဆော်တောင်းပန်၏” ဟုပေါလုပြောချိန်တွင် သူ၏ပုံသက်သေကောင်းကြောင့် များစွာသောသူတို့သည် ပေါလုကိုတုပရန် လိုလိုလားလားရှိခဲ့မည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သည်။—၁ ကော. ၄:၁၆

၈။ (က) ယေရှုသည် မိမိတပည့်များအား လေးစားကြောင်းတင်ပြရာတွင် အရေးပါသည့်နည်းတစ်နည်းကား အဘယ်နည်း။ (ခ) ယနေ့ ကြီးကြပ်မှူးများသည် ယေရှု၏ပုံသက်သေကို မည်သို့လိုက်လျှောက်နိုင်သနည်း။

တာဝန်ရှိညီအစ်ကိုတစ်ဦးသည် မိမိ၏ကြီးကြပ်မှုအောက်တွင်ရှိသူတို့ကို လေးစားကြောင်းတင်ပြနိုင်သည့် နောက်တစ်နည်းမှာ မိမိ၏တောင်းဆိုချက် သို့မဟုတ် မိမိပေးသောလမ်းညွှန်ချက်အတွက် အကြောင်းပြချက်များပေးခြင်းအားဖြင့်ဖြစ်သည်။ ယင်းသို့ပြုခြင်းက သူသည် ယေရှုကိုတုပခြင်းဖြစ်သည်။ ဥပမာ၊ စပါးရိတ်ရန် လုပ်သားများစွာစေလွှတ်ပေးဖို့ ဆုတောင်းကြရန် တပည့်များအားမိန့်တော်မူသည့်အခါ ယေရှုသည် အကြောင်းရင်းကို သူတို့အားပြောပြခဲ့သည်။ ကိုယ်တော်ဤသို့မိန့်တော်မူ၏– “စပါးရိတ်စရာ များစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။ ထို့ကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်ခြင်းငှာ စေလွှတ်တော်မူမည်အကြောင်း စပါးရှင်ကိုဆုတောင်းကြလော့။” (မ. ၉:၃၇၊ ၃၈) အလားတူပင် “စောင့်နေကြ” ရန်တပည့်များအား ကိုယ်တော်မိန့်တော်မူချိန်တွင်လည်း အကြောင်းရင်းကိုပေးခဲ့သည်။ ကိုယ်တော်ဤသို့မိန့်တော်မူ၏– “သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့်” ဖြစ်သည်။ (မ. ၂၄:၄၂) မိမိ၏တပည့်များ အဘယ်အရာလုပ်ဆောင်သင့်သည်ကိုသာမက ယင်းကိုအဘယ်ကြောင့်လုပ်ဆောင်သင့်ကြောင်းကိုလည်း ယေရှုအကြိမ်ကြိမ်မိန့်တော်မူခဲ့သည်။ ထိုနည်းအားဖြင့် ကိုယ်တော်သည် သူတို့ကိုလေးစား၊ ဂုဏ်တင်ခဲ့သည်။ ခရစ်ယာန်ကြီးကြပ်မှူးများလိုက်လျှောက်ရန် ကောင်းသောပုံသက်သေပင်။

ယေဟောဝါ၏အသင်းတော်နှင့် ယင်း၏ညွှန်ကြားချက်ကို လေးစားပါ

၉။ ကမ္ဘာချီခရစ်ယာန်အသင်းတော်နှင့် ယင်း၏ကိုယ်စားလှယ်များကိုလေးစားကြောင်း တင်ပြသည့်အခါ ကျွန်ုပ်တို့သည် မည်သူကို ဂုဏ်တင်ခြင်းဖြစ်သနည်း။ ရှင်းပြပါ။

ယေဟောဝါအားဂုဏ်တင်ရာတွင် ကျွန်ုပ်တို့သည် ကမ္ဘာချီခရစ်ယာန်အသင်းတော်နှင့် ယင်း၏ကိုယ်စားလှယ်များကို ဂုဏ်တင်ဖို့လည်းလိုသည်။ ကျွန်ုပ်တို့သည် တည်ကြည်သောကျွန်အတန်းအစားမှလာသည့် ကျမ်းစာဆုံးမစကားများကိုလိုက်နာသည့်အခါ ယေဟောဝါ၏အစီအစဉ်ကို လေးစားကြောင်း တင်ပြကြသည်။ ပထမရာစုခရစ်ယာန်အသင်းတော်တွင် ခန့်အပ်ခံရသူတို့အား ရိုသေလေးစားမှုတင်ပြရန်ပျက်ကွက်သူတို့ကို ပြစ်တင်ပြောဆိုဖို့လိုကြောင်း တမန်တော်ယောဟန် တွေ့မြင်ခဲ့သည်။ (၃ ယောဟန် ၉-၁၁ [ကဘ] ကိုဖတ်ပါ။ *) ကြီးကြပ်မှူးများကိုသာ မလေးစားခြင်းမဟုတ်ပါ၊ သူတို့၏သွန်သင်ချက်၊ လမ်းညွှန်ချက်တို့ကိုလည်း လေးစားမှုမရှိကြောင်း ယောဟန်၏စကားများက ဖော်ပြသည်။ ဝမ်းသာစရာမှာ ခရစ်ယာန်အများစုသည် ထိုကဲ့သို့မဟုတ်ခဲ့ပါ။ တမန်တော်များအသက်ရှင်စဉ်အတွင်း ညီအစ်ကိုအသင်းအပင်းတစ်ခုလုံးသည် ဦးဆောင်သူတို့ကို နက်ရှိုင်းစွာရိုသေလေးစားမှု တင်ပြခဲ့ကြောင်းထင်ရှားသည်။—ဖိ. ၂:၁၂

၁၀၊ ၁၁။ ခရစ်ယာန်အသင်းတော်တွင် အချို့သူတို့အခွင့်အာဏာအပ်နှင်းခံရခြင်းသည် သင့်လျော်ကြောင်း ကျမ်းစာမှရှင်းပြပါ။

၁၀ “သင်တို့အပေါင်းသည် ညီအစ်ကိုချင်းဖြစ်ကြ၏” ဟုတပည့်များအား ယေရှုမိန့်တော်မူခဲ့ခြင်းကြောင့် ခရစ်ယာန်အသင်းတော်တွင် အခွင့်အာဏာရှိအနေအထားများမရှိသင့်ဟု အချို့သူတို့ဆင်ခြင်ခဲ့ကြသည်။ (မ. ၂၃:၈) သို့သော် ဟေဗြဲနှင့်ဂရိကျမ်းနှစ်ခုစလုံးတွင် ဘုရားသခင်ပေးအပ်သည့် အခွင့်အာဏာကိုကျင့်သုံးခဲ့သူ အမျိုးသားများစွာ၏ပုံနမူနာများ ပါရှိသည်။ ရှေးဟေဗြဲလူတို့၏ ဘိုးဘေးများ၊ တရားသူကြီးများ၊ ဘုရင်များသမိုင်းတို့တွင် ယေဟောဝါသည် လူသားကိုယ်စားလှယ်များမှတစ်ဆင့် လမ်းညွှန်ပေးကြောင်း အထောက်အထားများစွာရှိသည်။ လူတို့သည် ခန့်အပ်ခံရသူတို့အား တော်လျော်စွာဂုဏ်မတင်သည့်အခါ ယေဟောဝါ၏ဆုံးမမှုကို ခံခဲ့ရသည်။—၄ ရာ. ၁:၂-၁၇; ၂:၁၉၊ ၂၃၊ ၂၄

၁၁ အလားတူပင် ပထမရာစုခရစ်ယာန်များသည် တမန်တော်များ၏အခွင့်အာဏာကို အသိအမှတ်ပြုခဲ့ကြသည်။ (တ. ၂:၄၂) ဥပမာ၊ ပေါလုသည် ညီအစ်ကိုများကို ညွှန်ကြားချက်ပေးခဲ့သည်။ (၁ ကော. ၁၆:၁; ၁ သက်. ၄:၂) သို့သော် သူသည်လည်း မိမိအပေါ်အခွင့်အာဏာရှိသူတို့ကို တလိုတလားလက်အောက်ခံခဲ့သည်။ (တ. ၁၅:၂၂; ဂလ. ၂:၉၊ ၁၀) မှန်ပါသည်၊ ပေါလုသည် ခရစ်ယာန်အသင်းတော်ရှိအခွင့်အာဏာကို တော်လျော်စွာရှုမြင်ခဲ့သည်။

၁၂။ အခွင့်အာဏာနှင့်ပတ်သက်၍ သမ္မာကျမ်းစာပုံနမူနာများမှ ကျွန်ုပ်တို့သင်ယူနိုင်သည့် သင်ခန်းစာနှစ်ခုမှာ အဘယ်နည်း။

၁၂ ကျွန်ုပ်တို့သင်ယူရရှိသည့် သင်ခန်းစာမှာ နှစ်ခုဖြစ်သည်။ ဦးဆုံး၊ ‘တည်ကြည်ပြီးသတိပညာရှိကျွန်၊’ ၎င်း၏အုပ်ချုပ်ရေးအဖွဲ့မှတစ်ဆင့် အမျိုးသားများအား တာဝန်ရှိအနေအထားများခန့်အပ်ခြင်းသည် သမ္မာကျမ်းစာနှင့်ညီပြီး အချို့အမျိုးသားများသည် အခြားခန့်အပ်ခံအမျိုးသားများအပေါ် အခွင့်အာဏာကျင့်သုံးရန် ခန့်အပ်ခံရကြသည်။ (မ. ၂၄:၄၅-၄၇; ၁ ပေ. ၅:၁-၃) ဒုတိယ၊ ခန့်အပ်ခံအမျိုးသားများအပါအဝင် ကျွန်ုပ်တို့အားလုံးသည် ကျွန်ုပ်တို့အပေါ် အခွင့်အာဏာရှိသူတို့အား ဂုဏ်တင်သင့်သည်။ သို့ဖြစ်လျှင် ကမ္ဘာချီခရစ်ယာန်အသင်းတော်ကို ကြီးကြပ်နေသည့်အနေအထားရှိသူတို့ကို ကျွန်ုပ်တို့ဂုဏ်တင်နိုင်သည့် လက်တွေ့ကျနည်းလမ်းတချို့မှာ အဘယ်နည်း။

နယ်လှည့်ကြီးကြပ်မှူးများကို လေးစားမှုတင်ပြခြင်း

၁၃။ ကျွန်ုပ်တို့သည် ခရစ်ယာန်အသင်းတော်၏ မျက်မှောက်ခေတ်ကိုယ်စားလှယ်များကို ရိုသေလေးစားကြောင်း မည်သို့တင်ပြနိုင်သနည်း။

၁၃ ပေါလုဤသို့ဆိုခဲ့၏– “ညီအစ်ကိုတို့၊ သင်တို့တွင် ကြိုးစားအားထုတ်သောသူတို့ကိုလည်းကောင်း၊ သခင်၏အမှုတော်တွင် သင်တို့အား ဦးစီးသောသူတို့ကိုလည်းကောင်း၊ သင်တို့အား သတိပေးဆုံးမသောသူတို့ကိုလည်းကောင်း လေးစားကြရန် ငါတို့တောင်းပန်ပါ၏။ သူတို့၏အလုပ်ကိုထောက်ရှု၍ သူတို့ကို ချစ်ခြင်းမေတ္တာဖြင့် သာ၍ရိုသေလေးစားရန်လည်း တောင်းပန်ပါ၏။ အချင်းချင်း သင့်မြတ်စွာနေကြလော့။” (၁ သက်. ၅:၁၂၊ ၁၃ကဘ) နယ်လှည့်ကြီးကြပ်မှူးများသည် “ကြိုးစားအားထုတ်သောသူတို့” ထဲတွင်အမှန်ပင်ပါဝင်ကြသည်။ ထို့ကြောင့် သူတို့ကို “သာ၍ရိုသေလေးစား” ကြစို့။ ယင်းသို့ပြုနိုင်သည့်နည်းတစ်နည်းမှာ သူတို့၏သွန်သင်ချက်နှင့် အားပေးချက်တို့ကို နှလုံးအကြွင်းမဲ့လိုက်လျှောက်ခြင်းအားဖြင့်ဖြစ်သည်။ ထိုကဲ့သို့သောကြီးကြပ်မှူးတစ်ဦးသည် တည်ကြည်သောကျွန်အတန်းအစားထံမှ လမ်းညွှန်ချက်ကို သယ်ဆောင်လာပေးသည့်အခါ “အထက်မှဉာဏ်ပညာ” သည် ကျွန်ုပ်တို့ “နာခံရန် အသင့်ရှိ” ဖို့လှုံ့ဆော်ပေးမည်။—ယာ. ၃:၁၇ကဘ။

၁၄။ အသင်းတော်သည် နယ်လှည့်ကြီးကြပ်မှူးများအား နက်ရှိုင်းစွာရိုသေလေးစားကြောင်း မည်သို့တင်ပြကြသနည်း၊ ရလဒ်မှာအဘယ်နည်း။

၁၄ သို့သော် ကျွန်ုပ်တို့လုပ်နေကျနည်းနှင့် ကွဲပြားခြားနားသောနည်းဖြင့်လုပ်ဆောင်ရန် ညွှန်ကြားခံရပါက အသို့နည်း။ တစ်ခါတစ်ရံ လေးစားမှုပြရန်လိုပေမည်၊ “ဒီမှာက အဲ့ဒီလိုနည်းနဲ့ မလုပ်ကြဘူး” သို့မဟုတ် “အဲ့ဒါက တခြားနေရာမှာတော့ အလုပ်ဖြစ်ကောင်းဖြစ်မယ်၊ ငါတို့အသင်းတော်မှာတော့ မဖြစ်ဘူး” ဟူ၍တွေးကာ ယင်းလမ်းညွှန်ချက်ကို ငြင်းပယ်ခြင်းမပြုဖို့လိုပေမည်။ ကျွန်ုပ်တို့သည် လမ်းညွှန်ချက်ကိုလိုက်နာရန် ကြိုးစားကြသည်။ အသင်းတော်သည် ယေဟောဝါ၏ပိုင်ဆိုင်ရာဖြစ်ပြီး ယင်း၏ဦးခေါင်းမှာယေရှုဖြစ်ကြောင်းစိတ်စွဲထားခြင်းက လမ်းညွှန်ချက်ကိုလိုက်နာရန် အထောက်အကူပြုမည်။ နယ်လှည့်ကြီးကြပ်မှူးထံမှလာသော လမ်းညွှန်ချက်ကို အသင်းတော်သည် ရွှင်လန်းစွာလက်ခံပြီးလုပ်ဆောင်ကြသောအခါ အမှန်လေးစားသည့် အထောက်အထားဖြစ်သည်။ ကောရိန္သုမြို့ရှိညီအစ်ကိုများသည် မိမိတို့ထံလည်ပတ်ခဲ့သော အကြီးအကဲတိတုပေးသည့်လမ်းညွှန်ချက်ကို တလေးတစားနာခံမှုတင်ပြခဲ့ခြင်းကြောင့် သူတို့ကို တမန်တော်ပေါလုချီးမွမ်းခဲ့သည်။ (၂ ကော. ၇:၁၃-၁၆) ယနေ့ နယ်လှည့်ကြီးကြပ်မှူးများထံမှရရှိသော လမ်းညွှန်မှုကို တလိုတလားလက်တွေ့ကျင့်သုံးခြင်းက ဟောပြောခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့ခံစားရသည့်ရွှင်လန်းမှု တိုးများစေသည်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်။၂ ကောရိန္သု ၁၃:၁၁ ကိုဖတ်ပါ။

“ခပ်သိမ်းသောသူတို့ကိုရိုသေကြလော့”

၁၅။ ယုံကြည်သူချင်းများအား လေးစားကြောင်းတင်ပြသည့် နည်းလမ်းအချို့မှာ အဘယ်နည်း။

၁၅ ပေါလုဤသို့ရေးခဲ့၏– “အသက်ကြီးသောသူကို ကျပ်တည်းစွာမဆုံးမနှင့်။ အဘကဲ့သို့မှတ်၍ တောင်းပန်လော့။ လူပျိုတို့ကို ညီအစ်ကိုကဲ့သို့လည်းကောင်း၊ အသက်ကြီးသောမိန်းမတို့ကို အမိကဲ့သို့လည်းကောင်း၊ မိန်းမပျိုတို့ကို အလွန်စင်ကြယ်သောအခြင်းအရာနှင့်တကွ၊ နှမကဲ့သို့လည်းကောင်းမှတ်၍ကျင့်ကြလော့။ မုဆိုးမအမှန်ဖြစ်သောမိန်းမတို့ကို မစလုပ်ကျွေး [“ရိုသေ၊” ကဘ] လော့။” (၁ တိ. ၅:၁-၃) မှန်ပါသည်၊ ဘုရားသခင့်နှုတ်မြွက်တရားတော်က ခရစ်ယာန်အသင်းတော်ရှိသူတိုင်းကို ရိုသေလေးစားရန် တိုက်တွန်းထားသည်။ သို့သော် သင်သည် သင့်ညီအစ်ကို သို့မဟုတ် ညီအစ်မနှင့် သဘောထားကွဲလွဲနေပါက အသို့နည်း။ ခရစ်ယာန်ချင်းအား ရိုသေလေးစားရန်ဟူသည့် သင်၏တာဝန်ကိုပျက်ကွက်ရန် ယင်းကိုဟန့်တားခွင့်ပြုမည်လော။ သို့မဟုတ် ဘုရားသခင်၏ကျေးကျွန်ဖြစ်သော ထိုသူ၏ခရစ်ယာန်အရည်အသွေးကောင်းများကို အသိအမှတ်ပြုခြင်းဖြင့် သင်၏သဘောထားကို ပြုပြင်ပြောင်းလဲနိုင်မည်လော။ အထူးသဖြင့် အခွင့်အာဏာရှိသူတို့သည် မိမိတို့၏ညီအစ်ကိုများအား အမြဲတလေးတစားရှုမြင်သင့်သည်—“သိုးတော်စု” အပေါ် ဘယ်တော့မျှ “အစိုးတရ” မပြုရပါ။ (၁ ပေ. ၅:၃) မှန်ပါသည်၊ အသင်းသားများကြားတွင်ရှိသော စစ်မှန်သည့်မေတ္တာအားဖြင့် မှတ်သားဖော်ပြသည့် ခရစ်ယာန်အသင်းတော်တွင် ကျွန်ုပ်တို့သည် တစ်ဦးကိုတစ်ဦးဂုဏ်တင်ရန် အခွင့်အရေးများစွာရှိပါသည်။—ယောဟန် ၁၃:၃၄၊ ၃၅ ကိုဖတ်ပါ။

၁၆၊ ၁၇။ (က) ကျွန်ုပ်တို့ဟောပြောသူတို့ကိုသာမက ကျွန်ုပ်တို့အားဆန့်ကျင်သူတို့ကိုပါလေးစားရန် အဘယ်ကြောင့်အရေးကြီးသနည်း။ (ခ) ကျွန်ုပ်တို့သည် မည်သို့ “ခပ်သိမ်းသောသူတို့ကိုရိုသေကြ” သနည်း။

၁၆ အမှန်မှာ ကျွန်ုပ်တို့သည် ခရစ်ယာန်အသင်းတော်ရှိသူတို့ကိုသာ ရိုသေလေးစားကြခြင်းမဟုတ်ပါ။ မိမိခေတ်ရှိခရစ်ယာန်များအား ပေါလုဤသို့ရေးခဲ့၏– “ငါတို့သည် အခွင့်အခါသင့်နေသရွေ့ လူတိုင်းကို ကောင်းမှုပြုကြစို့။” (ဂလ. ၆:၁၀ကဘ) အလုပ်ဖော် သို့မဟုတ် ကျောင်းနေဖက်တစ်ဦးသည် ကျွန်ုပ်တို့အား မကြင်မနာဆက်ဆံပါက အထက်ပါမူကိုကျင့်သုံးရန်မှာ စိန်ခေါ်ချက်တစ်ခုဖြစ်နိုင်ပါသည်။ ထိုကဲ့သို့သောအချိန်အခါများတွင် ကျွန်ုပ်တို့သည် ဤစကားကိုသတိရဖို့လိုသည်– “လူဆိုးတို့အကြောင်းကြောင့် စိတ်မပူနှင့်။” (ဆာ. ၃၇:၁) ယင်းဆုံးမစကားကိုလိုက်နာခြင်းသည် ဆန့်ကျင်သူများကိုပင် တလေးတစားဆက်ဆံရန် အထောက်အကူပြုမည်။ အလားတူပင် ကျွန်ုပ်တို့သည် လူထုဓမ္မအမှု၌ပါဝင်စဉ် မိမိကိုယ်ကို နှိမ့်ချစွာရှုမြင်ခြင်းက အားလုံးကို “နူးညံ့သောသဘော၊ အလွန်လေးစားသောသဘောဖြင့် ပြောဆို” ရန်အထောက်အကူပြုနိုင်သည်။ (၁ ပေ. ၃:၁၅ကဘ) ကျွန်ုပ်တို့၏အသွင်အပြင်နှင့် အဝတ်အစားဖြင့်ပင် ကျွန်ုပ်တို့ဟောပြောသူတို့ကို လေးစားကြောင်း တင်ပြနိုင်သည်။

၁၇ မှန်ပါသည်၊ ကျွန်ုပ်တို့သည် ယုံကြည်သူချင်းတို့နှင့်ဆက်ဆံသည်ဖြစ်စေ၊ အသင်းတော်အပြင်မှသူတို့နှင့်ဆက်ဆံသည်ဖြစ်စေ ဤတိုက်တွန်းချက်ကိုလိုက်နာရန် ကြိုးစားကြ၏– “ခပ်သိမ်းသောသူတို့ကို ရိုသေကြလော့။ ညီအစ်ကိုများကိုချစ်ကြလော့။ ဘုရားသခင်ကိုကြောက်ရွံ့ခြင်း၊ ရှင်ဘုရင်ကိုရိုသေခြင်းရှိကြလော့။”—၁ ပေ. ၂:၁၇

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 9 ၃ ယောဟန် ၉-၁၁ [ကဘ]– “အသင်းတော်သို့ ငါစာအနည်းငယ်ရေးလိုက်ပါ၏။ သို့သော် အသင်းတော်တွင် ထိပ်ဆုံးနေရာရလိုသော ဒယောတရပ်သည် ငါတို့ထံမှ အဘယ်အရာကိုမျှ လေးလေးစားစားဖြင့်လက်ခံခြင်းမရှိ။ ထို့ကြောင့် ငါလာလျှင် သူ၏လုပ်ရပ်များ၊ ငါတို့အကြောင်း မကောင်းပြောဆိုမှုများကို သူ့အားပြန်သတိရစေမည်။ သူသည် ထိုမျှနှင့်မကျေနပ်သေး။ ညီအစ်ကိုများကို လေးစားစွာလက်မခံ၊ လက်ခံလိုသူတို့ကိုလည်း တားဆီးတတ်ပြီး အသင်းတော်မှနှင်ထုတ်လေ့ရှိ၏။ ချစ်ရသောသူ၊ အဆိုးကို မတုပနှင့်။ အကောင်းကို တုပလော့။ ကောင်းမှုပြုသူသည် ဘုရားသခင်နှင့်စပ်ဆိုင်၏။ အဆိုးပြုသူသည် ဘုရားသခင်ကို မသိမမြင်စဖူး။”

သင်မည်သို့ဖြေဆိုမည်နည်း

• ယေဟောဝါ

• အသင်းတော်အကြီးအကဲများနှင့် နယ်လှည့်ကြီးကြပ်မှူးများ

• အသင်းသားတစ်ဦးစီ

• သင်ဟောပြောသောသူတို့

အား တော်လျော်စွာရိုသေလေးမြတ်ကြောင်း သင်မည်သို့တင်ပြနိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါပုံ]

ပထမရာစုခရစ်ယာန်များသည် အုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုကို လေးစားခဲ့ကြ

[စာမျက်နှာ ၂၄ ပါပုံ]

နေရာဒေသတိုင်းတွင်ရှိသော အကြီးအကဲများသည် အုပ်ချုပ်ရေးအဖွဲ့ခန့်အပ်ထားသည့် နယ်လှည့်ကြီးကြပ်မှူးများကို ရိုသေလေးစားကြ