မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျန်းမာရေးကို ဂရုစိုက်ရာတွင် ကျမ်းစာအမြင်ကို ထိန်းသိမ်းပါ

ကျန်းမာရေးကို ဂရုစိုက်ရာတွင် ကျမ်းစာအမြင်ကို ထိန်းသိမ်းပါ

ကျန်းမာရေးကို ဂရုစိုက်ရာတွင် ကျမ်းစာအမြင်ကို ထိန်းသိမ်းပါ

“သင်၏ဘုရားသခင် ယေဟောဝါကို . . . ဉာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှဖြင့် . . . ချစ်လော့။” —မာ. ၁၂:၃၀

၁။ လူသားတို့အတွက် ဘုရားသခင်၏မူလရည်ရွယ်ချက်မှာ အဘယ်နည်း။

လူသားတို့နှင့်ပတ်သက်၍ ယေဟောဝါဘုရားသခင်၏မူလရည်ရွယ်ချက်တွင် ဖျားနာခြင်းနှင့်သေခြင်းမပါပါ။ အာဒံနှင့်ဧဝကို သာယာပျော်ရွှင်ဖွယ်ကောင်းသောဧဒင်ဥယျာဉ်တွင် နေရာချပေးခဲ့ပြီး ထိုဥယျာဉ်ကို အနှစ် ၇၀၊ ၈၀ လောက်သာမဟုတ်ဘဲ အစဉ်အမြဲ “ပြုစုစောင့်” ရှောက်သွားကြဖို့ တာဝန်ပေးခဲ့သည်။ (က. ၂:၈၊ ၁၅; ဆာ. ၉၀:၁၀) ကနဦးလူသားမောင်နှံသာ ယေဟောဝါအပေါ်တည်ကြည်ပြီး ကိုယ်တော်၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို မေတ္တာနှင့်လက်အောက်ခံသွားခဲ့ကြမည်ဆိုလျှင် ကျန်းမာရေးချို့တဲ့ခြင်း၊ အိုမင်းမစွမ်းဖြစ်ခြင်းနှင့် သေခြင်းတို့ကို ဘယ်တော့မျှတွေ့ကြုံခံစားရမည်မဟုတ်ပါ။

၂၊ ၃။ (က) ဒေ.ကျမ်းတွင် အိုမင်းခြင်းကို မည်သို့ပုံဖော်ထားသနည်း။ (ခ) အာဒံ၏သေခြင်းမှာ မည်သူ့ကြောင့်နည်း၊ ယင်း၏အကျိုးဆက်များသည် မည်သို့ပယ်ဖျက်ခံရမည်နည်း။

ဒေ. အခန်းကြီး ၁၂ တွင် မစုံလင်သောလူသားများ၏ အိုမင်းခြင်းနှင့်ဒွန်တွဲနေသော “ဆိုးသော” နေ့ရက်များအကြောင်း ကွင်းကွင်းကွက်ကွက်ဖော်ပြထားသည်။ (ဒေ. ၁၂:၁-၇ ကိုဖတ်ပါ။) ဆံပင်ဖြူကို “ဗာတံပင်” ၏အပွင့်နှင့် နှိုင်းယှဉ်ထားသည်။ “ခိုင်ခံ့သောသူတို့” နှင့်နှိုင်းထားသော ခြေထောက်တို့သည် ယခုအခါ ကွေးညွတ်ပြီး တုန်တုန်ချည့်ချည့်ဖြစ်နေသည်။ အလင်းကိုမြင်ရရန် ပြတင်းပေါက်နားသွားသော်လည်း အမှောင်ကိုသာတွေ့ရသော အမျိုးသမီးများနှင့် မျက်စိမှုန်ခြင်းကို ထိထိမိမိသရုပ်ဖော်ထားသည်။ သွားတချို့မရှိတော့သောကြောင့် “ကြိတ်ဆုံကြိတ်သောမိန်းမ” တို့သည် လူအင်အားနည်း၍ အလုပ်ရပ်စဲလိုက်ရကြသည်။

ကတုန်ကယင်ဖြစ်နေသောခြေထောက်၊ မျက်စိမှုန်ခြင်း၊ သွားမရှိတော့သောသွားဖုံးတို့မှာ လူသားတို့အတွက် ဘုရားသခင်၏မူလရည်ရွယ်ချက် လုံးလုံးမဟုတ်ပါ။ အာဒံထံမှအမွေရခဲ့သောသေခြင်းမှာ ‘စာတန်၏အမှုအရာများ’ ထဲမှတစ်ခုဖြစ်ပြီး ဘုရားသခင့်သားတော်သည် မေရှိယနိုင်ငံတော်အားဖြင့် ယင်းကိုပယ်ဖျက်မည်။ တမန်တော်ယောဟန် ဤသို့ရေးခဲ့၏– “[စာတန်] ၏အမှုအရာများကိုချိုးဖျက်ရန် ဘုရားသခင်၏သားတော်ကြွလာရခြင်းဖြစ်၏။”—၁ ယော. ၃:၈

အတော်အသင့်စိုးရိမ်ပူပန်ခြင်းသည် သဘာဝကျ

၄။ ယေဟောဝါ၏ကျေးကျွန်များသည် မိမိတို့၏ကျန်းမာရေးနှင့်ပတ်သက်၍ အဘယ်ကြောင့် အတော်အသင့်စိုးရိမ်ပူပန်ကြသနည်း၊ သို့သော် အဘယ်အရာကို သူတို့သိရှိကြသနည်း။

လက်ရှိအချိန်တွင်  ယေဟောဝါ၏ကျေးကျွန်အချို့သည် အပြစ်သားဖြစ်သည့်လူသားများ ကြုံနေကျဖြစ်သော ကျန်းမာရေးပြဿနာ၊ အိုမင်းခြင်းပြဿနာတို့ကို ရင်ဆိုင်နေကြရသည်။ ယင်းအခြေအနေမျိုးအောက်တွင် ကျွန်ုပ်တို့၏ကျန်းမာရေးကို အတော်အသင့်စိုးရိမ်ပူပန်ခြင်းသည် သဘာဝကျသည့်အပြင် အကျိုးပင်ရှိပါသည်။ ကျွန်ုပ်တို့သည် ယေဟောဝါ၏အမှုတော်ကို “အစွမ်းသတ္တိရှိသမျှဖြင့်” ထမ်းဆောင်လိုကြသည်မဟုတ်လော။ (မာ. ၁၂:၃၀) သို့သော် ကျန်းမာရေးအတော်အသင့်ကောင်းဖို့ ကြိုးစားလိုကြသော်လည်း ကျွန်ုပ်တို့သည် လက်တွေ့ကျသင့်ကာ မအိုသွားအောင်၊ မဖျားမနာအောင် ကျွန်ုပ်တို့ဘာမျှမလုပ်နိုင်ကြောင်း အသိအမှတ်ပြုသင့်သည်။

၅။ ဘုရားသခင်အပေါ်တည်ကြည်သောကျေးကျွန်များ ဖျားနာမှုကိုကိုင်တွယ်ဖြေရှင်းပုံမှ ကျွန်ုပ်တို့ အဘယ်သင်ခန်းစာယူနိုင်သနည်း။

ယေဟောဝါအပေါ်တည်ကြည်သော ကျေးကျွန်များစွာသည် ကျန်းမာရေးပြဿနာများနှင့် ရင်ဆိုင်ခဲ့ကြရသည်။ ဧပဖြောဒိတ်သည် ထိုသူတို့ထဲမှတစ်ဦးဖြစ်သည်။ (ဖိ. ၂:၂၅-၂၇) တမန်တော်ပေါလု၏ တည်ကြည်သောအဖော်အဖက်ဖြစ်သူ တိမောသေသည် အစာအိမ်ဝေဒနာ မကြာခဏခံစားရသောကြောင့် ပေါလုက “စပျစ်ဝိုင်အနည်းငယ်” သောက်သုံးရန် သူ့ကိုတိုက်တွန်းခဲ့သည်။ (၁ တိ. ၅:၂၃) တမန်တော်ပေါလုကိုယ်တိုင်သည် “ကိုယ်၌စူးသောဆူး” ကိုခံစားခဲ့ရပြီး ယင်းဆူးသည် မျက်စိရောဂါ သို့မဟုတ် ထိုအချိန်က ဆေးကုသ၍မရသော အခြားအနာရောဂါဖြစ်နိုင်သည်။ (၂ ကော. ၁၂:၇; ဂလ. ၄:၁၅; ၆:၁၁) ထို “ကိုယ်၌စူးသောဆူး” နှင့်ပတ်သက်၍ ပေါလုသည် ယေဟောဝါထံ ထက်ထက်သန်သန် အသနားခံခဲ့သည်။ (၂ ကောရိန္သု ၁၂:၈-၁၀ ကိုဖတ်ပါ။) ဘုရားသခင်သည် ပေါလု၏ “ကိုယ်၌စူးသောဆူး” ကို အံ့ဖွယ်နည်းနှင့်မကုသပေးခဲ့ပါ။ ယင်းအစား ဘုရားသခင်သည် ပေါလုခံနိုင်ရည်ရှိအောင် ခွန်အားပေးခဲ့သည်။ သို့ဖြင့် ယေဟောဝါ၏တန်ခိုးတော်သည် ပေါလု၏အားနည်းသောအဖြစ်တွင် ထင်ရှားလာခဲ့သည်။ ယင်းအဖြစ်အပျက်မှ ကျွန်ုပ်တို့သင်ခန်းစာယူစရာ ရှိနိုင်ပါသလော။

ကျန်းမာရေးကိုဂရုစိုက်ရာတွင် အလွန်အမင်းစိုးရိမ်ခြင်းကို ရှောင်ပါ

၆၊ ၇။ ကျွန်ုပ်တို့၏ကျန်းမာရေးနှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်ပူပန်ခြင်း အဘယ်ကြောင့်မဖြစ်သင့်သနည်း။

သင်တို့သိထားသည့်အတိုင်း ယေဟောဝါသက်သေများသည် ဆေးဝါးကုသမှုနှင့် ကုသမှုနည်းစနစ်များစွာကို လက်ခံကြပါသည်။ ကျွန်ုပ်တို့၏နိုးလော့!ဂျာနယ်တွင် ကျန်းမာရေးဆိုင်ရာဆောင်းပါးများ မကြာခဏပါလေ့ရှိသည်။ ကျွန်ုပ်တို့သည် ကုသနည်းတစ်စုံတစ်ရာကို အတည်ပြုထောက်ခံခြင်းမပြုသော်လည်း ကျန်းမာရေးပညာရှင်များ၏အကူအညီနှင့် ပူးပေါင်းလုပ်ဆောင်မှုကို တန်ဖိုးထားလေးမြတ်ပါသည်။ ကျွန်ုပ်တို့သည် လုံးလုံးကျန်းမာသည့်အဖြစ်ကို မရရှိနိုင်သေးကြောင်းသိထားကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ကျန်းမာရေးကိုသာ အာရုံစွဲလမ်း သို့မဟုတ် အမြဲမပြတ်စိုးရိမ်နေခြင်းမရှိခြင်းသည် ပညာရှိရာရောက်သည်။ ကျွန်ုပ်တို့၏သဘောထားသည် ဤဘဝဤမျှသာဖြစ်သည်ဟုစဉ်းစားသူများ၊ မိမိရောဂါကို မည်သည့်ကုထုံးနှင့်မဆိုကုသဖို့ ကြိုးစားမည့်သူများဖြစ်သော “မျှော်လင့်ချက်မရှိ” သောသူတို့နှင့်မတူသင့်ပါ။ (ဧ. ၂:၂၊ ၁၂) ယေဟောဝါ၏မျက်နှာသာတော်ကို အဆုံးရှုံးခံပြီး ကျွန်ုပ်တို့၏လက်ရှိအသက်ကိုကယ်ဖို့ကြိုးစားခြင်း မဖြစ်စေရန် ကျွန်ုပ်တို့ စိတ်ပိုင်းဖြတ်ထားကြသည်၊ အကြောင်းမှာ ဘုရားသခင်အပေါ် ကျွန်ုပ်တို့တည်ကြည်မည်ဆိုလျှင် ကိုယ်တော်ကတိပြုထားသော အစီအစဉ်စနစ်သစ်တွင် “မှန်သောအသက်” ဖြစ်သော ထာဝရအသက်ကို “ခိုင်မြဲစွာကိုင်စွဲထားနိုင်ကြမည်” ကိုယုံကြည်စိတ်ချသောကြောင့်ဖြစ်သည်။—၁ တိ. ၆:၁၂၊ ၁၉; ၂ ပေ. ၃:၁၃

ကျွန်ုပ်တို့သည် နောက်အကြောင်းရင်းတစ်ခုကြောင့် ကျွန်ုပ်တို့၏ကျန်းမာရေးအတွက် အလွန်အမင်းစိုးရိမ်ခြင်းမရှိကြပါ။ ကျွန်ုပ်တို့၏ကျန်းမာရေးကို တရားလွန်စိုးရိမ်နေခြင်းဖြင့် ကျွန်ုပ်တို့သည် မိမိကိုယ်ကိုအာရုံစိုက်သောသူဖြစ်လာနိုင်၍ဖြစ်သည်။ ယင်းအန္တရာယ်နှင့်ပတ်သက်၍ ပေါလုက ဖိလိပ္ပိမြို့သားများအား ဤသို့တိုက်တွန်းသတိပေးခဲ့၏– “သင်တို့သည် ကိုယ့်အရေးကိစ္စကိုသာအာရုံမစိုက်ဘဲ သူတစ်ပါး၏အရေးကိစ္စကိုလည်း အာရုံစိုက်ကြလော့။” (ဖိ. ၂:၄) မိမိကျန်းမာရေးကို အတော်အသင့်ဂရုစိုက်ခြင်းသည် လျောက်ပတ်ပါသည်၊ သို့သော် ကျွန်ုပ်တို့၏ညီအစ်ကိုများနှင့် ‘ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း’ နားထောင်သူတို့အကျိုးကို စိတ်ဝင်စားမည်ဆိုလျှင် မိမိကျန်းမာရေးကိုသာ အာရုံစိုက်နေတော့မည်မဟုတ်ပေ။—မ. ၂၄:၁၄

၈။ ကျန်းမာရေးနှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်ခြင်းက အဘယ်အရာလုပ်ဆောင်မိစေနိုင်သနည်း။

ခရစ်ယာန်တစ်ဦးသည် ကျန်းမာရေးကို အဓိကထားကာ ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို လျစ်လျူရှုမိနိုင်သည့် အန္တရာယ်ရှိသည်။ ကျန်းမာရေးကိုဂရုစိုက်လွန်းခြင်းကြောင့် ဓာတ်စာ၊ ကုထုံး သို့မဟုတ် ဖြည့်စွက်အစာတချို့၏အကျိုးကျေးဇူးနှင့်ပတ်သက်၍ မိမိအမြင်ကို အခြားသူလက်ခံလာစေရန် အတင်းဖိအားပေးသည့်အဖြစ်သို့လည်း ရောက်သွားစေနိုင်သည်။ ယင်းနှင့်ပတ်သက်၍ ပေါလု၏ဤစကားများတွင်ပါသောမူကို သုံးသပ်ကြည့်ပါ– “သင်တို့သည် ခရစ်တော်၏နေ့ရက်တိုင်အောင် အပြစ်တင်ခွင့်နှင့်ကင်းလျက် သူတစ်ပါးကို တိုက်မိ၍လဲစရာမဖြစ်စေမည်အကြောင်း သာ၍အရေးကြီးသောအရာများကို သေချာစွာသိစေ” ပါ။—ဖိ. ၁:၁၀

သာ၍အရေးကြီးသောအရာမှာ အဘယ်နည်း

၉။ သာ၍အရေးကြီးသောအရာများတွင် ကျွန်ုပ်တို့လျစ်လျူမရှုသင့်သောအရာတစ်ခုမှာ အဘယ်နည်း၊ အဘယ်ကြောင့်နည်း။

ကျွန်ုပ်တို့သည် သာ၍အရေးကြီးသောအရာများကို သေချာစွာသိမည်ဆိုလျှင် ဘုရားသခင်ရှေ့ရပ်တည်မှုကောင်းရှိစေရန် လူတို့ကိုအကူအညီပေးခြင်းလုပ်ငန်းတွင် တက်တက်ကြွကြွ ပါဝင်နေကြမည်ဖြစ်သည်။ ဘုရားသခင့်နှုတ်မြွက်တရားတော်ကို ဟောပြော၊ သွန်သင်ခြင်းအားဖြင့် ယင်းကိုပြီးမြောက်စေကြသည်။ ရွှင်လန်းမှုဖြစ်စေသောယင်းလုပ်ငန်းက ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့သွန်သင်ပေးလိုက်သောသူတို့ကို အကျိုးပြုသည်။ (သု. ၁၇:၂၂; ၁ တိ. ၄:၁၅၊ ၁၆) ရောဂါကြီးကြီးမားမားခံစားနေရသော ကျွန်ုပ်တို့၏ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မများနှင့်ပတ်သက်သည့်ဆောင်းပါးများ ကင်းမျှော်စင်နှင့် နိုးလော့!မဂ္ဂဇင်းများတွင် မကြာမကြာပါလာတတ်သည်။ တစ်ခါတစ်ရံ ယင်းမှတ်တမ်းများတွင် သူတို့သည် ယေဟောဝါနှင့် ကိုယ်တော်၏အားရှိဖွယ်ကတိတော်များအကြောင်း တခြားသူတို့သိရှိလာစေရန် အကူအညီပေးဖို့ကြိုးစားခြင်းအားဖြင့် မိမိတို့၏အခက်အခဲများခံရပ်နိုင်ပုံ သို့မဟုတ် မိမိတို့၏ရောဂါကိုခဏမေ့ထားနိုင်အောင် ဖန်တီးကြပုံတို့ကို ရှင်းပြထားသည်။ *

၁၀။ ကုထုံးနှင့်ပတ်သက်၍ ကျွန်ုပ်တို့ရွေးချယ်မှုသည် အဘယ်ကြောင့်အရေးပါသနည်း။

၁၀ အရွယ်ရောက်ခရစ်ယာန်ယောက်တိုင်းသည် ကျန်းမာရေးပြဿနာတစ်ခုနှင့်ရင်ဆိုင်ရသောအခါ ကုသနည်းရွေးချယ်ရာတွင် “မိမိတို့၏ဝန်ကို ထမ်းရွက်ကြရ” မည့်တာဝန်ရှိသည်။ (ဂလ. ၆:၅) သို့သော် ကျွန်ုပ်တို့ရွေးချယ်သောကုထုံးသည် ယေဟောဝါအဖို့အရေးပါသည်ကို မမေ့သင့်ပါ။ ကျမ်းစာမူများကိုလေးစားခြင်းက ‘သွေးကိုကြဉ်ရှောင်’ ရန်လှုံ့ဆော်ပေးသကဲ့သို့ ဘုရားသခင့်နှုတ်မြွက်တရားတော်ကို နက်ရှိုင်းစွာလေးစားခြင်းက ကျမ်းစာမူများကိုချိုးဖောက်စေနိုင်သော သို့မဟုတ် ယေဟောဝါနှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကိုထိခိုက်စေသော ကုထုံးများကိုအသုံးမပြုဖို့ ကျွန်ုပ်တို့ကိုစေ့ဆော်ပေးသင့်သည်။ (တ. ၁၅:၂၀) တချို့သောရောဂါရှာဖွေနည်း၊ ကုသနည်းတို့သည် လျှို့ဝှက်ဆန်းကြယ်သောအတတ်ပညာများကို အသုံးပြုထားသည်။ “လျှို့ဝှက်ဆန်းကြယ်သောအတတ်” သို့မဟုတ် နတ်ဆိုးပညာကို အသုံးပြုခဲ့ကြသည့် အယူဖောက်ပြန်သော ဣသရေလလူမျိုးတို့ကို ယေဟောဝါမနှစ်မြို့ခဲ့ပါ။ ကိုယ်တော်ဤသို့မိန့်တော်မူခဲ့၏– ‘အချည်းနှီးသောပူဇော်ရာယဇ်ကို နောက်တစ်ဖန်မဆောင်ခဲ့ကြနှင့်။ သင်တို့မီးရှို့သောနံ့သာပေါင်းကို ငါရွံရှာ၏။ လဆန်းနေ့၊ ဥပုသ်နေ့၊ ပရိသတ်စည်းဝေးသောနေ့ကိုလည်း ရွံရှာ၏။ [“လျှို့ဝှက်ဆန်းကြယ်သောအတတ်၊” ကဘ] နှင့်ရောနှောသော ဓမ္မစည်းဝေးခြင်းတို့ကို သည်းမခံနိုင်။’ (ဟေရှာ. ၁:၁၃) ဖျားနာနေချိန်တွင် ကျွန်ုပ်တို့၏ဆုတောင်းချက်ကို အတားအဆီးဖြစ်စေသည့်အရာ၊ ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကိုထိခိုက်စေသည့်အရာ တစ်စုံတစ်ရာကို လုံးဝမပြုသင့်ပါ။—မြည်. ၃:၄၄

“သမာသတိရှိခြင်း” မရှိမဖြစ်လိုအပ်

၁၁၊ ၁၂။ ကျန်းမာရေးစောင့်ရှောက်မှုကို ရွေးချယ်သည့်အခါ “သမာသတိရှိခြင်း” သည် မည်သို့ပါဝင်ပတ်သက်လာသနည်း။

၁၁ ကျွန်ုပ်တို့ဖျားနာသည့်အခါ အံ့ဖွယ်နည်းနှင့်ယေဟောဝါကုသပေးမည်ဟု မမျှော်လင့်နိုင်သော်လည်း ကုသနည်းရွေးချယ်ရာတွင် ဉာဏ်ပညာပေးပါရန် ဆုတောင်းနိုင်သည်။ ကျွန်ုပ်တို့၏ရွေးချယ်မှုကို ကျမ်းစာမူများ၊ ကောင်းစွာစဉ်းစားဆင်ခြင်မှုတို့က လမ်းညွှန်စေရန် ကြိုးစားသင့်သည်။ ရောဂါပြင်းထန်ချိန်တွင် “တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏။ တိုင်ပင်သောသူများလျှင်မူကား အကြံတည်တတ်၏” ဟုပါရှိသော နယပုံပြင် ၁၅:၂၂ နှင့်အညီ ဖြစ်နိုင်မည်ဆိုလျှင် အထူးကုအတော်များများနှင့် တိုင်ပင်ဆွေးနွေးခြင်းသည် ပညာရှိရာရောက်သည်။ တမန်တော်ပေါလုက ယုံကြည်သူချင်းများအား ‘လက်ရှိလောကစနစ်တွင် သမာသတိရှိခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်၏တရား၌ဆည်းကပ်ခြင်းတို့ဖြင့် အသက်ရှင်ကြရန်’ တိုက်တွန်းခဲ့သည်။—တိ. ၂:၁၂

၁၂ များစွာသောသူတို့သည် ယေရှုခေတ်က ရောဂါသည်အမျိုးသမီးတစ်ဦး၏အခြေအနေနှင့် တူကြသည်။ မာကု ၅:၂၅၊ ၂၆ တွင် ဤသို့ဖတ်ရ၏– “တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်နာစွဲသော အမျိုးသမီးတစ်ဦးရှိ၏။ သူသည် သမားတော်တို့လက်၌ ဝေဒနာပြင်းစွာခံရ၍ မိမိဥစ္စာရှိသမျှကုန်သွားသော်လည်း သက်သာခြင်းမရှိ၊ ရောဂါပိုဆိုးလာ၏။” ယေရှုသည် ထိုအမျိုးသမီးကို ကုသပေးခဲ့ပြီး သနားကြင်နာစွာဆက်ဆံခဲ့သည်။ (မာ. ၅:၂၇-၃၄) ခရစ်ယာန်တချို့သည် စိတ်ဓာတ်ကျလာကာ စင်ကြယ်သောဝတ်ပြုရေးနှင့်ဆိုင်သောမူများကိုချိုးဖောက်သည့် ရောဂါရှာဖွေနည်း၊ ကုသနည်းများကိုရွေးချယ်ရန် သွေးဆောင်ခံခဲ့ကြသည်။

၁၃၊ ၁၄။ (က) စာတန်သည် ကျွန်ုပ်တို့၏သမာဓိကိုချိုးဖျက်ရန် ကျွန်ုပ်တို့၏ကျန်းမာရေးကုထုံးရွေးချယ်မှုကို မည်သို့အသုံးပြုနိုင်သနည်း။ (ခ) နတ်ဆိုးပညာနှင့်နှီးနွှယ်နေသော မည်သည့်အရာကိုမဆို အဘယ်ကြောင့် ဝေးဝေးရှောင်သင့်သနည်း။

၁၃ မှန်သောဝတ်ပြုရေးမှ ကျွန်ုပ်တို့သွေဖည်သွားစေရန် မည်သည့်နည်းလမ်းကိုမဆို စာတန်အသုံးပြုမည်ဖြစ်သည်။ စာတန်သည် လိင်အကျင့်ယိုယွင်းခြင်းနှင့် ရုပ်ပစ္စည်းတပ်မက်ခြင်းတို့ကိုအသုံးပြုကာ တချို့သောသူတို့ကို ခြေလှမ်းမှားစေခဲ့သကဲ့သို့ပင် လျှို့ဝှက်ဆန်းကြယ်သောအတတ်၊ နတ်ဆိုးပညာကိုအသုံးပြုသော သံသယဖြစ်ဖွယ်ကုသနည်းများအားဖြင့် အခြားသူတို့၏သမာဓိကိုချိုးဖျက်ဖို့ ကြိုးစားသည်။ “ဆိုးညစ်သူ၏လက်မှ” နှင့် “မတရားမှုအမျိုးမျိုးတို့မှ” ကယ်နုတ်တော်မူပါရန် ယေဟောဝါထံ ကျွန်ုပ်တို့ဆုတောင်းကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် နတ်ဆိုးပညာ၊ လျှို့ဝှက်ဆန်းကြယ်သောအတတ်တို့နှင့် နှီးနွှယ်နေသော ကုသနည်းများကိုလက်ခံခြင်းဖြင့် စာတန့်လက်ထဲမရောက်သွားသင့်ပါ။—မ. ၆:၁၃; တိ. ၂:၁၄

၁၄ ယေဟောဝါသည် ဣသရေလလူတို့အား ရှေ့ဖြစ်ဟောခြင်း၊ နတ်ဆိုးပညာလိုက်စားခြင်းမပြုရန် တားမြစ်ခဲ့သည်။ (တရား. ၁၈:၁၀-၁၂) ပေါလုသည် “နတ်ဆိုးပညာလိုက်စားခြင်း” ကို “လူ့ဇာတိနှင့်ဆိုင်သော အကျင့်များ” ထဲတွင် ထည့်သွင်းဖော်ပြထားသည်။ (ဂလ. ၅:၁၉၊ ၂၀) ထို့ပြင် “နတ်ဆိုးပညာလိုက်စားသူများ” သည် ယေဟောဝါ၏အစီအစဉ်သစ်တွင် ပါဝင်ခွင့်ရမည်မဟုတ်ပါ။ (ဗျာ. ၂၁:၈) သို့ဖြစ်၍ နတ်ဆိုးပညာအငွေ့အသက်ပါနေသော မည်သည့်အရာကိုမဆို ယေဟောဝါစက်ဆုပ်ရွံရှာသည်မှာ ရှင်းနေပါသည်။

‘သင်တို့၏အကျိုးသင့်အကြောင်းသင့်သဘောကို ထင်ရှားစေကြလော့’

၁၅၊ ၁၆။ ကျန်းမာရေးပြုစုစောင့်ရှောက်မှုကို ရွေးချယ်ရာတွင် အဘယ်ကြောင့် ဉာဏ်ပညာလိုအပ်သနည်း၊ ပထမရာစုအုပ်ချုပ်ရေးအဖွဲ့သည် အဘယ်ပညာရှိသွန်သင်ချက်ကို ပေးခဲ့သနည်း။

၁၅ အထက်ဆိုခဲ့ရာကိုထောက်ရှုကာ  ရောဂါရှာဖွေနည်း သို့မဟုတ် ကုသနည်းအချို့သည် သံသယရှိဖွယ်ဖြစ်မည်ဆိုလျှင် ကျွန်ုပ်တို့ ယင်းကိုငြင်းပယ်ခြင်းသည် ပညာရှိရာရောက်မည်ဖြစ်သည်။ ကုသနည်းတစ်ခုမည်သို့လုပ်ဆောင်ပုံကို မိမိမရှင်းပြနိုင်ရုံဖြင့် ယင်းတွင်နတ်ဆိုးပညာပုံစံတချို့ပါဝင်မည်ဟု မဆိုလိုပါ။ ကျန်းမာရေးကို ကျမ်းစာအမြင်နှင့်ဂရုစိုက်ဖို့ ကျွန်ုပ်တို့ဘက်မှ ဘုရားသခင့်နှုတ်မြွက်တော်ပေါ်အခြေခံသည့်ဉာဏ်ပညာနှင့် ကောင်းစွာချင့်ချိန်နိုင်စွမ်းရှိဖို့လိုသည်။ နယပုံပြင် အခန်းကြီး ၃ တွင် ဤတိုက်တွန်းချက်ကိုတွေ့ရ၏– ‘ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားသခင်ကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။ [“လက်တွေ့ကျသောဉာဏ်ပညာနှင့် စဉ်းစားဆင်ခြင်နိုင်စွမ်း၊” ကဘ] ကို အစဉ်စောင့်ရှောက်လော့။ သို့ပြုလျှင် ထိုရတနာတို့သည် သင်၌အသက်ဖြစ်လိမ့်မည်။’—သု. ၃:၅၊ ၆၊ ၂၁၊ ၂၂

၁၆ ကျွန်ုပ်တို့သည် ကျန်းကျန်းမာမာရှိရန် အတတ်နိုင်ဆုံးကြိုးစားနေရင်း ဖျားနာမှု၊ ဇရာထောင်းလာမှုတို့ကို ကြိုးစားရင်ဆိုင်ဖြေရှင်းသည့်အခါ ဘုရားသခင်၏မျက်နှာသာမဆုံးရှုံးရလေအောင် ဂရုစိုက်ရမည်။ ကျန်းမာရေးကိုဂရုစိုက်သောအခါ တခြားကိစ္စများတွင်ကဲ့သို့ ကျမ်းစာမူများနှင့်အညီအသက်ရှင်ခြင်းဖြင့် ကျွန်ုပ်တို့၏ “အကျိုးသင့်အကြောင်းသင့်သဘောကို လူအပေါင်းတို့ရှေ့တွင် ထင်ရှားစေ” သင့်သည်။ (ဖိ. ၄:၅) ပထမရာစုအုပ်ချုပ်ရေးအဖွဲ့၏ အလွန်အရေးပါသောစာတစ်စောင်တွင် ခရစ်ယာန်များအား ရုပ်ပုံကိုးကွယ်မှု၊ သွေးနှင့် မတရားမေထုန်တို့ကိုရှောင်ဖို့ ညွှန်ကြားခဲ့သည်။ ထိုစာတွင် ဤအာမခံချက်ပါရှိ၏– “ထိုအရာများကို သတိနှင့်ကြဉ်ရှောင်လျှင် ကောင်းစားလိမ့်မည်။” (တ. ၁၅:၂၈၊ ၂၉) အဘယ်သို့အားဖြင့်နည်း။

လုံးလုံးကျန်းမာမည့်အချိန်ကိုရှုမျှော်ကာ တော်သင့်ရုံဂရုစိုက်ပါ

၁၇။ ကျမ်းစာမူများကို လိုက်နာခြင်းမှ ကာယရေးအကျိုးကျေးဇူး မည်သို့ခံစားရသနည်း။

၁၇ ကျွန်ုပ်တို့ယောက်စီသည် မိမိကိုယ်ကိုဤသို့မေးသင့်သည်– ‘သွေး၊ မတရားမေထုန်နဲ့ပတ်သက်တဲ့ ကျမ်းစာမူတွေကို ငါတိတိကျကျလိုက်နာတဲ့အတွက် အကျိုးကျေးဇူးရတယ်ဆိုတာကို ငါသဘောပေါက်ရဲ့လား။’ “ကိုယ်စိတ်နှစ်ပါးကို ညစ်ညူးစေသောအရာရှိသမျှတို့နှင့် ကိုယ်ကိုကင်းစင်စေ” ရန်ကြိုးပမ်းသောကြောင့် ကျွန်ုပ်တို့ရရှိကြသော အကျိုးကျေးဇူးများကိုလည်း စဉ်းစားကြည့်ပါလေ။ (၂ ကော. ၇:၁) တစ်ကိုယ်ရေသန့်ရှင်းမှုနှင့်ပတ်သက်သော ကျမ်းစာစံနှုန်းများကိုလိုက်နာခြင်းအားဖြင့် ရောဂါအတော်များများကို ကျွန်ုပ်တို့ရှောင်ကြဉ်နိုင်ကြသည်။ ကျွန်ုပ်တို့၏ကိုယ်ခန္ဓာ၊ ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကို ညစ်ညူးပျက်ယွင်းစေသော ဆေးရွက်ကြီးနှင့် တရားမဝင်သောဆေးဝါးများကို ငြင်းပယ်ကြသည့်အတွက် ကျွန်ုပ်တို့အကျိုးရသည်။ တော်သင့်ရုံစားသောက်သောကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများကိုလည်း သုံးသပ်ကြည့်ပါ။ (သု. ၂၃:၂၀; တိတု ၂:၂၊ ၃ တို့ကိုဖတ်ပါ။) အနားယူခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းကဲ့သို့သော အရာတို့သည် ကျွန်ုပ်တို့ကို ယေဘုယျအားဖြင့်ကျန်းမာစေသော်လည်း အထူးသဖြင့် ကျွန်ုပ်တို့သည် ကျမ်းစာလမ်းညွှန်ချက်များကိုလက်ခံကြသောကြောင့် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာ၊ ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကို အကျိုးပြုသည်။

၁၈။ ကျွန်ုပ်တို့သည် အဘယ်အရာကို အဓိကစိုးရိမ်မကင်းဖြစ်သင့်သနည်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ အဘယ်ပရောဖက်ပြုချက်ပြည့်စုံမည်ကို ကျွန်ုပ်တို့မျှော်လင့်နိုင်သနည်း။

၁၈ ထို့ထက်ကား၊ ကျွန်ုပ်တို့၏ “ယခုအသက်” နှင့် ကတိပြုထားသောကမ္ဘာသစ်တွင်ရရှိမည့် “အနာဂတ်အသက်” ၏ရင်းမြစ်ဖြစ်သော ကောင်းကင်ခမည်းတော်နှင့် ဆက်ဆံရေးကောင်းစေရန်၊ ခိုင်မြဲစေရန် ဂရုစိုက်သင့်သည်။ (၁ တိ. ၄:၈; ဆာ. ၃၆:၉) ဘုရားသခင့်ကမ္ဘာသစ်တွင် ယေရှု၏ရွေးဖိုးပူဇော်ရာယဇ်ကိုအခြေခံကာ အပြစ်လွှတ်ခံရခြင်းအားဖြင့် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာသည် ပြည့်ဝစုံလင်စွာကုသခံရမည်ဖြစ်ပြီး ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးပါ အပြည့်အဝကောင်းမွန်လာမည်။ ဘုရားသခင်၏သိုးသငယ်ဖြစ်သော ယေရှုခရစ်သည် ကျွန်ုပ်တို့ကို “အသက်စမ်းရေ” သို့ပို့ဆောင်တော်မူမည်ဖြစ်ပြီး ဘုရားသခင်သည် ကျွန်ုပ်တို့၏မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ (ဗျာ. ၇:၁၄-၁၇; ၂၂:၁၊ ၂) ထိုအချိန်တွင် ကျွန်ုပ်တို့သည် စိတ်လှုပ်ရှားဖွယ်ဖြစ်သော ဤပရောဖက်ပြုချက်ပြည့်စုံသည်ကို ခံစားရမည်– “မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ။”—ဟေရှာ. ၃၃:၂၄

၁၉။ ကျွန်ုပ်တို့၏ကျန်းမာရေးကို တော်သင့်ရုံဂရုစိုက်နေစဉ် အဘယ်အရာကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သနည်း။

၁၉ ကျွန်ုပ်တို့ကို ကယ်နုတ်မည့်အချိန် နီးပြီဖြစ်ကြောင်း ယုံကြည်စိတ်ချကာ လူသားများခံစားနေကြရသော ဖျားနာခြင်းနှင့်သေခြင်းကို ယေဟောဝါပပျောက်စေမည့်နေ့ကို ကျွန်ုပ်တို့စိတ်ထက်သန်စွာ စောင့်မျှော်နေကြသည်။ ဤအတောအတွင်း ကျွန်ုပ်တို့၏မေတ္တာရှင်ခမည်းတော်သည် ကျွန်ုပ်တို့ကို “ဂရုစိုက်တော်မူသောကြောင့်” ကိုယ်တော်သည် ကျွန်ုပ်တို့၏နာကျင်မှုများ၊ ဝေဒနာများကိုခံရပ်နိုင်အောင် ကူညီပေးမည်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချကြသည်။ (၁ ပေ. ၅:၇) ထို့ကြောင့် ကျွန်ုပ်တို့၏ကျန်းမာရေးကို ဘုရားသခင်၏မှုတ်သွင်းခံနှုတ်မြွက်တော်ပါ ရှင်းလင်းပြတ်သားသော လမ်းညွှန်ချက်များနှင့်အညီ အစဉ်အမြဲဂရုစိုက်သွားကြပါစို့။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 9 ထိုကဲ့သို့သောဆောင်းပါးတချို့၏စာရင်းကို စက်တင်ဘာ ၁၊ ၂၀၀၃ ကင်းမျှော်စင်၊ စာမျက်နှာ ၂၃ ပါလေးထောင့်ကွက်တွင် ဖော်ပြထားသည်။

ပြန်လည်သုံးသပ်ချက်

• ဖျားနာရသည်မှာ မည်သူ့ကြောင့်နည်း၊ အပြစ်၏ အကျိုးဆက်များမှ ကျွန်ုပ်တို့အား မည်သူလွတ်မြောက်စေမည်နည်း။

• ကျွန်ုပ်တို့၏ကျန်းမာရေးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခြင်းသည် သဘာဝကျသည့်တိုင် အဘယ်အရာကို ရှောင်သင့်သနည်း။

• ကျွန်ုပ်တို့ရွေးချယ်သောကုထုံးသည် ယေဟောဝါအဖို့ အဘယ်ကြောင့်အရေးပါသနည်း။

• ကျွန်ုပ်တို့၏ကျန်းမာရေးနှင့်ပတ်သက်၍ ကျမ်းစာမူများကိုလိုက်နာခြင်းမှ မည်သို့အကျိုးရှိနိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါပုံ]

လူသားတို့ကို ဖျားနာမှုနှင့် အိုမင်းမစွမ်းဖြစ်မှု ခံစားရရန် ဖန်ဆင်းထားခြင်းမဟုတ်ပါ

[စာမျက်နှာ ၂၅ ပါပုံ]

ကျန်းမာရေးပြဿနာများရှိသည့်ကြားမှ ယေဟောဝါ၏ လူမျိုးသည် ဓမ္မအမှုတွင် ရွှင်လန်းမှုခံစားကြရ