မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ငြိမ်သက်ခြင်းရှိစေသော အမှုများကို လုပ်ဆောင်ရန် အစဉ်ကြိုးစားအားထုတ်ပါ’

‘ငြိမ်သက်ခြင်းရှိစေသော အမှုများကို လုပ်ဆောင်ရန် အစဉ်ကြိုးစားအားထုတ်ပါ’

‘ငြိမ်သက်ခြင်းရှိစေသော အမှုများကို လုပ်ဆောင်ရန် အစဉ်ကြိုးစားအားထုတ်ပါ’

ကျောက်ပြားခင်းလမ်းသစ်သည် ခိုင်ခံ့ပြီး မပျက်ဆီးနိုင်ဟု ထင်ရသည်။ သို့သော်၊ အချိန်ကြာလာသည့်အခါ အက်ကြောင်းများနှင့် ချိုင့်ခွက်များ ဖြစ်ပေါ်လာပေမည်။ ဘေးကင်းဖို့နှင့် လမ်းမပျက်စီးဘဲကြာရှည်ခံဖို့ ပြန်လည်ပြုပြင်ခြင်း လိုအပ်ပါသည်။

အလားတူပင်၊ အခြားသူများနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးသည် ရံဖန်ရံခါ အဆင်မပြေဖြစ်လာနိုင်ပြီး ပြတ်တောက်ခြင်းပင်ဖြစ်နိုင်သည်။ ရောမမြို့ရှိ ခရစ်ယာန်များကြားတွင် အမြင်မတူမှုများရှိကြောင်း တမန်တော်ပေါလုအသိအမှတ်ပြုခဲ့သည်။ သူသည် ခရစ်ယာန်ချင်းများအား ဤသို့အကြံပြုခဲ့သည်– “ငါတို့သည် ငြိမ်သက်ခြင်းရှိစေသော၊ အချင်းချင်း တည်ဆောက်ပေးသောအမှုများကို လုပ်ဆောင်ရန် အစဉ်ကြိုးစားအားထုတ်ကြစို့။” (ရော. ၁၄:၁၃၊ ၁၉) ‘ငြိမ်သက်ခြင်းရှိစေသောအမှုများကို လုပ်ဆောင်ရန် အစဉ်ကြိုးစားအားထုတ်’ ဖို့အဘယ်ကြောင့်လိုအပ်ရသနည်း။ ကျွန်ုပ်တို့သည် ငြိမ်သက်ခြင်းရှိရန် သတ္တိရှိရှိ၊ ထိထိရောက်ရောက် မည်သို့ကြိုးစားနိုင်သနည်း။

ငြိမ်သက်ခြင်းရှိရန် အဘယ်ကြောင့် ကြိုးစားအားထုတ်သင့်သနည်း

အကယ်၍ ကျောက်ပြားခင်းလမ်းရှိ အက်ကြောင်းငယ်များကို ပြန်လည်မပြုပြင်လျှင် အန္တရာယ်ရှိသောချိုင့်ခွက်များအဖြစ်သို့ ကြီးထွားလာနိုင်သည်။ အလားတူ၊ ကျွန်ုပ်တို့၏သဘောထားကွဲလွဲမှုများကို မဖြေရှင်းလျှင် ယင်းသည် အန္တရာယ်ရှိနိုင်ပါသည်။ တမန်တော်ယောဟန် ဤသို့ရေးခဲ့သည်– “‘ဘုရားသခင်ကို ငါချစ်၏’ ဟုဆိုလျက် မိမိညီအစ်ကိုကို မုန်းသောသူသည် လိမ်လည်သူဖြစ်၏။ မြင်ရသောညီအစ်ကိုကို မချစ်သောသူသည် မမြင်ရသောဘုရားသခင်ကို မချစ်နိုင်။” (၁ ယော. ၄:၂၀) မဖြေရှင်းသော ပုဂ္ဂိုလ်ရေးသဘောထားကွဲလွဲမှုတစ်ခုသည် ခရစ်ယာန်တစ်ဦးအား နောက်ဆုံး၌ မိမိညီအစ်ကို,ကို မုန်းတီးသွားစေနိုင်ပါသည်။

ကျွန်ုပ်တို့သည် အခြားသူများနှင့်ငြိမ်သက်မှုရှိရန် မပြုလုပ်ရသေးလျှင် ကျွန်ုပ်တို့၏ဝတ်ပြုကိုးကွယ်မှုကို ယေဟောဝါလက်မခံကြောင်း ယေရှုခရစ်ဖော်ပြခဲ့သည်။ ယေရှုသည် မိမိ၏တပည့်များအား ဤသို့ညွှန်ကြားခဲ့သည်– “သင်သည် ယဇ်ပလ္လင်သို့ ယဇ်ကိုယူဆောင်လာခဲ့ပြီးမှ သင့်ညီအစ်ကိုက သင့်ကိုမကျေမနပ်ဖြစ်နေသည်ဟု ခံစားမိလျှင် သင်၏ယဇ်ပလ္လင် ရှေ့၌ချထား၍ သွားဦးလော့။ သင်၏ညီအစ်ကိုနှင့် သင့်မြတ်အောင် အရင်ပြုဦးလော့။ သို့ပြီးမှ ပြန်လာ၍ သင်၏ယဇ်ကို ပူဇော်လော့။” (မ. ၅:၂၃၊ ၂၄) မှန်ပါသည်၊ ငြိမ်သက်ခြင်းရှိရန် ကြိုးစားအားထုတ်ရသည့် အဓိကအကြောင်းရင်းတစ်ခုမှာ ယေဟောဝါဘုရားသခင်၏စိတ်တော်နှင့် တွေ့လိုသောကြောင့် ဖြစ်သည်။ *

ငြိမ်သက်ခြင်းရှိရန် ကြိုးစားအားထုတ်ရသည့် နောက်ထပ်အကြောင်းရင်းတစ်ခုကို ဖိလိပ္ပိအသင်းတော်ရှိ အခြေအနေတစ်ခုက ပေါ်လွင်စေသည်။ ခရစ်ယာန်ညီအစ်မနှစ်ဦးဖြစ်သော ဧဝေါဒိနှင့်သုန္တုတ်တို့ကြားရှိ သတ်သတ်မှတ်မှတ်မဖော်ပြထားသောပြဿနာတစ်ခုက အသင်းတော်တစ်ခုလုံး၏ငြိမ်သက်မှုကို ခြိမ်းခြောက်ခဲ့သည်မှာ ထင်ရှား၏။ (ဖိ. ၄:၂၊ ၃) မဖြေရှင်းသော ပုဂ္ဂိုလ်ရေးသဘောထားကွဲလွဲမှုများသည် လျင်မြန်စွာ လူသိရှင်ကြားဖြစ်လာနိုင်ပါသည်။ အသင်းတော်တွင် မေတ္တာနှင့်စည်းလုံးမှုကို ထိန်းသိမ်းစောင့်ရှောက်လိုသည့်ဆန္ဒက ယုံကြည်သူချင်းများနှင့် ငြိမ်သက်ခြင်းရှိရန် ကြိုးစားအားထုတ်ဖို့ ကျွန်ုပ်တို့ကိုလှုံ့ဆော်မှုဖြစ်စေသည်။

“ငြိမ်သက်စေသူတို့သည် ပျော်ရွှင်ကြ၏” ဟုယေရှုပြောခဲ့သည်။ (မ. ၅:၉) ငြိမ်သက်ခြင်းရှိရန် ကြိုးစားအားထုတ်ခြင်းသည် ပျော်ရွှင်ကျေနပ်မှုကို ဖြစ်စေသည်။ ထို့ပြင်၊ “ငြိမ်သက်သောစိတ်သည် ကာယအသက်ရှင်ရာအကြောင်း” ဖြစ်စေသောကြောင့် ငြိမ်သက်ခြင်းသည် ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေသည်။ (သု. ၁၄:၃၀သမ္မာ) အခြားတစ်ဖက်တွင်မူ၊ နာကြည်းတေးထားခြင်းသည် ကာယရေးဖျားနာမှု ဖြစ်ပေါ်လာမည့်အန္တရာယ်ကို တိုးများစေနိုင်သည်။

ငြိမ်သက်ခြင်းရှိရန် ကြိုးစားအားထုတ်ဖို့လိုကြောင်း ခရစ်ယာန်အများစုသဘောတူသော်ငြား ပုဂ္ဂိုလ်ရေးသဘောထားကွဲလွဲမှုကို မည်သို့ဖြေရှင်းရမည်ဖြစ်ကြောင်း သင်သိလိုပေမည်။ ကျွန်ုပ်တို့အား လမ်းညွှန်ပေးနိုင်သည့် ကျမ်းဆိုင်ရာမူများကို သုံးသပ်ကြည့်ကြစို့။

အေးအေးဆေးဆေးဆွေးနွေးခြင်းသည် ငြိမ်သက်မှုကို ပြန်လည်ရရှိစေ

ပျက်စီးသွားသည့်နေရာကို ဖုံးအုပ်လိုက်ခြင်းအားဖြင့် ကျောက်ပြားခင်းလမ်းပေါ်ရှိ အက်ကြောင်းငယ်များကို ပြန်လည်ပြုပြင်နိုင်လေ့ရှိသည်။ ကျွန်ုပ်တို့ညီအစ်ကိုများ၏ သေးငယ်သောအပြစ်အနာအဆာလေးများကို ခွင့်လွှတ်ပြီးဖုံးအုပ်လိုက်ရန် ဖြစ်နိုင်ပါသလော။ တမန်တော်ပေတရုက “ချစ်ခြင်းမေတ္တာသည် များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်” သည်ဟု ရေးသားခဲ့သောကြောင့် ဤနည်းလမ်းသည် ပုဂ္ဂိုလ်ရေးသဘောထားကွဲလွဲမှုအများစုကို ဖြေရှင်းပေးနိုင်ပါလိမ့်မည်။—၁ ပေ. ၄:၈

တစ်ခါတစ်ရံ၊ ပြဿနာတစ်ခုသည် အလွယ်တကူ ဖုံးအုပ်၍မရနိုင်သည့်အထိ အလွန်ကြီးမားနေပုံရသည်။ ကတိထားရာပြည်ကို ဣသရေလလူတို့ သိမ်းပိုက်ပြီးနောက်မကြာမီ ဖြစ်ပျက်ခဲ့ရာကို သုံးသပ်ကြည့်ပါ။ “ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်တို့သည်” ယော်ဒန်မြစ်ကို မဖြတ်ကူးမီ ၎င်းတို့သည် “ထင်ရှားစွာသော ယဇ်ပလ္လင်ကြီးကိုတည်” ခဲ့ကြ၏။ ယဇ်ပလ္လင်ကြီးမှာ ရုပ်ပုံကိုးကွယ်ရာတွင် အသုံးပြုရန်အတွက်ဖြစ်ကြောင်း၊ ပြဿနာကို လျစ်လျူရှုလိုက်ရုံနှင့်မရနိုင်ကြောင်း အခြားသောဣသရေလအနွယ်များ ယူမှတ်ခဲ့ကြသည်။ ထိုသူတို့သည် စစ်တိုက်ရန်အတွက် ပြင်ဆင်ခဲ့ကြသည်။—ယောရှု ၂၂:၉-၁၂

အပြစ်ကျူးလွန်သည့်အထောက်အထား အလုံအလောက်ရှိနေပြီဖြစ်ကြောင်း၊ ရုတ်တရက်တိုက်ခိုက်ခဲ့ပါက အသေအပျောက်နည်းမည်ဖြစ်ကြောင်း အချို့သောဣသရေလလူမျိုးတို့ ထင်မှတ်မိပေမည်။ သို့သော်၊ အလျင်စလိုပြုမူမည့်အစား ယော်ဒန်မြစ်အနောက်ဘက်မှအနွယ်များသည် မိမိတို့၏ညီအစ်ကိုများနှင့် ပြဿနာကိုဆွေးနွေးရန် ကိုယ်စားလှယ်များစေလွှတ်ခဲ့သည်။ သူတို့ ဤသို့မေးခဲ့သည်– ‘ထာဝရဘုရားသခင်နောက်တော်သို့မလိုက် ယနေ့လွှဲသွားခြင်းငှာ ဣသရေလအမျိုး၏ဘုရားသခင်ကို ပြစ်မှားသောအပြစ်ကား အဘယ်သို့နည်း။’ အမှန်မှာ၊ ယဇ်ပလ္လင်ကြီးကို တည်ဆောက်ခဲ့သောမျိုးနွယ်စုများသည် သစ္စာမဲ့စွာပြုမူခဲ့ကြခြင်းမဟုတ်ပါ။ သို့သော် ထိုမျိုးနွယ်စုသည် ယင်းစွပ်စွဲချက်ကို မည်သို့တုံ့ပြန်မည်နည်း။ စွပ်စွဲသူများကို စကားစစ် ထိုးကြမည်လော သို့မဟုတ် စကားပြောရန် ငြင်းဆိုကြမည်လော။ စွပ်စွဲခံခဲ့ရသည့် မျိုးနွယ်စုများက မိမိတို့၏လုပ်ဆောင်ရာများမှာ အမှန်တကယ်အားဖြင့် ယေဟောဝါကိုကိုးကွယ်ရန်ဆန္ဒ၏ လှုံ့ဆော်ပေးမှုကြောင့်ဖြစ်ကြောင်း ညင်သာရှင်းလင်းစွာ ပြန်လည်ဖြေကြားခဲ့ကြသည်။ သူတို့၏ ညင်သာသောဖြေဆိုချက်သည် ဘုရားသခင်နှင့်သူတို့၏ဆက်ဆံရေးကို ထိန်းသိမ်းပေးခဲ့ပြီး အသက်များစွာကို ကယ်တင်ပေးခဲ့သည်။ အေးအေးဆေးဆေး ဆွေးနွေးခြင်းသည် ကိစ္စရပ်ကိုပြေလည်စေပြီး ငြိမ်သက်မှုကို ပြန်လည်ရရှိစေသည်။—ယောရှု ၂၂:၁၃-၃၄

ပြင်းထန်သောအရေးယူဆောင်ရွက်မှုများ မလုပ်ဆောင်မီ၊ အခြားသောဣသရေလလူမျိုးတို့သည် မိမိတို့၏ပြဿနာကို ရုဗင်၊ ဂဒ်၊ မနာရှေအမျိုးတစ်ဝက်တို့ဖြင့် ပညာရှိစွာဆွေးနွေးခဲ့ကြသည်။ “အမျက်ထွက်သည်တိုင်အောင် စိတ်မတိုနှင့်။ အမျက်သည် မိုက်သောသူ၏စိတ်နှလုံး၌ နေရာကျတတ်၏” ဟု ဘုရားသခင့်နှုတ်မြွက်တော်ကဆိုသည်။ (ဒေ. ၇:၉) ကြီးလေးသော ပုဂ္ဂိုလ်ရေးသဘောထားကွဲလွဲမှုများကို ကျမ်းဆိုင်ရာနည်းလမ်းဖြင့် ကိုင်တွယ်ခြင်းမှာ သက်ဆိုင်သူနှင့် အေးအေးဆေးဆေးပွင့်ပွင့်လင်းလင်း ဆွေးနွေးခြင်းဖြစ်သည်။ ကျွန်ုပ်တို့ကို ပြစ်မှားခဲ့သောသူအား နာကြည်း၍အငြိုးတေးထားကာ ချဉ်းကပ်ရန်ပျက်ကွက်သည်ဆိုလျှင် ကျွန်ုပ်တို့သည် ယေဟောဝါ၏ကောင်းချီးများကို အမှန်တကယ် မျှော်လင့်နိုင်ပါသလော။

အခြားတစ်ဖက်တွင်မူ၊ ခရစ်ယာန်ယုံကြည်သူချင်းတစ်ဦးသည် ပြဿနာတစ်ခုနှင့်ပတ်သက်၍ ကျွန်ုပ်တို့နှင့် ထိပ်တိုက်ရင်ဆိုင်သည်၊ ကျွန်ုပ်တို့အား မှားယွင်းစွာစွပ်စွဲခြင်းပင် ဖြစ်ကောင်းဖြစ်မည်ဆိုပါက မည်သို့နည်း။ “ဖြည်းညင်းသောစကားသည် စိတ်ကိုဖြေတတ်၏” ဟုကျမ်းစာကဆိုသည်။ (သု. ၁၅:၁) စိတ်အနှောင့်အယှက်ဖြစ်စေသော ဣသရေလအနွယ်များသည် ညင်သာရှင်းလင်းစွာ မိမိတို့၏ရပ်တည်ချက်ကို ရှင်းပြခဲ့သည်၊ သို့ဖြင့် မိမိတို့၏ညီအစ်ကိုများနှင့်ရင်ဆိုင်ရသည့် သေချာပေါက်စိတ်လှုပ်ရှားပြီး စွပ်စွဲခဲ့သည်ကို ပြေငြိမ်းစေခဲ့သည်။ ကျွန်ုပ်တို့သည် မိမိတို့၏ညီအစ်ကို,ကို အစပြုချဉ်းကပ်သည်ဖြစ်စေ၊ ကျွန်ုပ်တို့အား ပြဿနာတစ်ခုနှင့်ပတ်သက်၍ လာပြောသည်ဖြစ်စေ ကျွန်ုပ်တို့ကိုယ်ကို ဤသို့မေးသင့်သည်– ‘အဘယ်စကား၊ အဘယ်အသံနေအသံထားနှင့် အဘယ်ပြောဆိုပြုမူပုံသည် ငြိမ်သက်မှုကို တိုးပွားစေနိုင်ဖွယ်ရှိမည်နည်း။’

လျှာကို ပညာရှိစွာအသုံးပြုပါ

ကျွန်ုပ်တို့သည် မိမိတို့၏စိုးရိမ်မှုများကို ဖော်ပြရန်လိုအပ်ကြောင်း ယေဟောဝါ နားလည်တော်မူသည်။ ကျွန်ုပ်တို့သည် ပုဂ္ဂိုလ်ရေးသဘောထားကွဲလွဲမှုတစ်ခုကို ဖြေရှင်းရန်ပျက်ကွက်သည်ဆိုလျှင် ယင်းကိစ္စနှင့်ပတ်သက်၍ အခြားသူများကိုပြောပြရန် ကျွန်ုပ်တို့သွေးဆောင်ခံရနိုင်ဖွယ်ရှိသည်။ နာကြည်းတေးထားခြင်းသည် အပြစ်ရှာစကားများသည့်အဖြစ်သို့ လွယ်ကူစွာဦးတည်သွားစေနိုင်သည်။ လျှာကို မမှန်မကန်အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ နယပုံပြင် ၁၁:၁၁ ကဤသို့ဆိုသည်– ‘မတရားသောသူ၏နှုတ်ဖြင့် ဖြိုဖျက်ခြင်းသို့ ရောက်တတ်၏။’ အလားတူ၊ ခရစ်ယာန်ချင်းတစ်ဦးနှင့်ပတ်သက်၍ မဆင်မခြင်ပြောသောစကားသည် မြို့တစ်မြို့နှင့်တူသော အသင်းတော်၏ငြိမ်သက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။

ငြိမ်သက်ခြင်းရှိရန်ကြိုးစားအားထုတ်ခြင်းသည် ကျွန်ုပ်တို့၏ညီအစ်ကို၊ ညီအစ်မများအကြောင်း ပြောဆိုခြင်းမှန်သမျှကို ရှောင်ရှားရမည်ဟု မဆိုလိုပါ။ တမန်တော်ပေါလုက ယုံကြည်သူချင်းများကို ဤသို့အကြံပေးခဲ့သည်– “သင်တို့၏နှုတ်ထဲမှ မကောင်းသော စကားတစ်ခွန်းမျှ မထွက်ပါစေနှင့်။ ကြားနာသူတို့အတွက် နှစ်လို့ဖွယ်ဖြစ်စေရန် လိုအပ်သည့်အခါ တည်ဆောက်မှုဖြစ်စေသော ကောင်းသည့်စကားကိုသာ ပြောဆိုကြလော့။ . . . အချင်းချင်း ကြင်နာမှုပြ၍ သနားစာနာကြလော့။ . . . အချင်းချင်း အကြွင်းမဲ့ခွင့်လွှတ်ကြလော့။” (ဧ. ၄:၂၉-၃၂) သင့်အပြောအဆို သို့မဟုတ် အပြုအမူကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားသော ညီအစ်ကိုတစ်ဦးသည် သင့်ထံချဉ်းကပ်ပါက သူသည် သင့်မကောင်းကြောင်းကိုအခြားသူများအား မည်သည့်အခါကမျှ မပြောခဲ့ဖူးလျှင် တောင်းပန်ရန်နှင့် ငြိမ်သက်မှုရှိအောင်ပြုလုပ်ရန် ပို၍လွယ်ကူမည်မဟုတ်ပေလော။ သို့ဖြစ်၍ ခရစ်ယာန်ချင်းများအကြောင်းပြောဆိုသောအခါ တည်ဆောက်မှုဖြစ်စေသော စကားကိုအသုံးပြုပြောဆိုခြင်းသည် သဘောထားကွဲလွဲမှုများပေါ်ပေါက်လာသောအခါ ငြိမ်သက်ခြင်းပြန်လည်ရရှိရန် လွယ်ကူစေပါလိမ့်မည်။—လု. ၆:၃၁

ဘုရားသခင်၏အမှုတော်ကို “တညီတညွှတ်တည်း” ထမ်းဆောင်ကြ

ကျွန်ုပ်တို့၏အပြစ်ရှိသော လူ့သဘောသဘာဝမှာ ကျွန်ုပ်တို့အားစိတ်အနှောင့်အယှက်ဖြစ်စေသောသူနှင့် ဝေးဝေးတွင် နေခြင်း၊ ကျွန်ုပ်တို့ဘာသာကျွန်ုပ်တို့ သီးခြားခွဲနေခြင်းဖြစ်သည်။ သို့သော်၊ ယင်းသို့သော လမ်းစဉ်သည် ပညာမဲ့ပါသည်။ (သု. ၁၈:၁) ယေဟောဝါ၏နာမတော်ကိုခေါ်သော စည်းလုံးသည့်လူမျိုးတစ်မျိုးအနေနှင့် ကျွန်ုပ်တို့သည် ‘ယေဟောဝါ၏အမှုတော်ကို တညီတညွတ်တည်းဆောင်ရွက်’ ရန် ဆုံးဖြတ်ထားကြပါသည်။—ဇေ. ၃:၉

အခြားသူများ၏မသင့်တော်သောအပြောအဆို သို့မဟုတ် အပြုအမူသည် စင်ကြယ်သောဝတ်ပြုရေးအတွက် ကျွန်ုပ်တို့၏ဇွဲကို ဘယ်သောအခါမျှ မထိခိုက်စေသင့်ပါ။ ယေရှု၏ပူဇော်ရာယဇ်သည် ဝတ်ပြုရာအိမ်တော်ရှိ ပူဇော်ရာယဇ်များကို အစားမထိုးခင်ရက်ပိုင်းအလို၊ ကျမ်းတတ်များကို ယေရှု ပြင်းပြင်းထန်ထန်အပြစ်တင်ပြီး မကြာမီတွင် ဆင်းရဲသောမုဆိုးမတစ်ဦးသည် “မိမိအသက်မွေးစရာဥစ္စာရှိသမျှ” ကိုအလှူငွေပုံးထဲသို့ လှူဒါန်းနေသည်ကို ကိုယ်တော်သတိပြုမိသည်။ ယေရှုသည် မုဆိုးမအား တားရန်ကြိုးစားခဲ့ပါသလော။ ယင်းအစား၊ ထိုအချိန်ရှိ ယေဟောဝါ၏အသင်းတော်ကို မုဆိုးမ တည်ကြည်စွာထောက်ပံ့ပေးသည်ကို ကိုယ်တော်ချီးမွမ်းခဲ့သည်။ (လု. ၂၁:၁-၄) အခြားသူများ၏မဖြောင့်မတ်သောအပြုအမူများက ယေဟောဝါ၏ဝတ်ပြုရေးကို ထောက်ပံ့ရန် သူ၏တာဝန်ကို မလွတ်ကင်းစေခဲ့ပါ။

ခရစ်ယာန်ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးသည် မသင့်မလျော်၊ မတော်မတရားပင် ပြုမူခဲ့သည်ဟု ကျွန်ုပ်တို့ခံစားရနိုင်သော်လည်း ကျွန်ုပ်တို့ မည်သို့တုံ့ပြန်မည်နည်း။ ယေဟောဝါအား စိုးလ်အကြွင်းမဲ့အမှုဆောင်နေခြင်းကို ထိခိုက်ရန် မိမိကိုယ်ကိုခွင့်ပြုမည်လော။ သို့မဟုတ် ကျွန်ုပ်တို့သည် ယနေ့အချိန်တွင် ဘုရားသခင့်အသင်းတော်၏ အဖိုးတန်ငြိမ်သက်မှုကို ထိန်းသိမ်းရန်အတွက် မည်သည့်ပုဂ္ဂိုလ်ရေးသဘောထားကွဲလွဲမှုကိုမဆို ပြေလည်ရန်ဖြေရှင်းဖို့ သတ္တိရှိရှိလုပ်ဆောင်မည်လော။

“သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအားလုံးနှင့် သင့်မြတ်စွာနေကြလော့” ဟုကျမ်းစာက ကျွန်ုပ်တို့ကို အကြံပြုသည်။ (ရော. ၁၂:၁၈) ကျွန်ုပ်တို့သည် ထိုကဲ့သို့လုပ်ဆောင်ရန် သန္နိဋ္ဌာန်ချထားပြီး အသက်လမ်းပေါ်တွင် လုံခြုံစွာ ရှိနေနိုင်ကြပါစေ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 မဿဲ ၁၈:၁၅-၁၇ တွင်မှတ်တမ်းတင်ထားသော ယေရှု၏အကြံပြုချက်နှင့်စပ်လျဉ်း၍ အောက်တိုဘာ ၁၅၊ ၁၉၉၉၊ ကင်းမျှော်စင် စာမျက်နှာ ၁၇-၂၂ ကိုကြည့်ပါ။

[စာမျက်နှာ ၁၇ ပါပုံ]

ဧဝေါဒိနှင့် သုန္တုတ်တို့သည် ငြိမ်သက်ခြင်းကို ကြိုးစားလုပ်ဆောင်ရန် လိုအပ်ခဲ့

[စာမျက်နှာ ၁၈ ပါပုံ]

အဘယ်စကား၊ အဘယ်အသံနေအသံထားနှင့် အဘယ်ပြောဆိုပြုမူ ပုံသည် ငြိမ်သက်မှုကို တိုးပွားစေနိုင်ဖွယ်ရှိမည်နည်း