မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မဖင့်နွှဲဘဲ ပြန်လာစေရန် သူတို့ကိုကူညီပါ

မဖင့်နွှဲဘဲ ပြန်လာစေရန် သူတို့ကိုကူညီပါ

မဖင့်နွှဲဘဲ ပြန်လာစေရန် သူတို့ကိုကူညီပါ

“သခင်၊ မည်သူ့ထံ ကျွန်ုပ်တို့သွားရပါမည်နည်း။ ထာဝရအသက်နှင့်ဆိုင်သောစကားသည် ကိုယ်တော်၌ရှိပါ၏။” —ယော. ၆:၆၈

၁။ တပည့်များစွာ ယေရှုထံမှထွက်သွားသည့်အခါ ပေတရုမည်သို့ဆိုခဲ့သနည်း။

စ်ခါက တပည့်များစွာသည် ယေရှုခရစ်၏သွန်သင်ချက်များထဲမှတစ်ခုကို မနှစ်လိုငြင်းဆိုကာ ကိုယ်တော့်ထံမှ ထွက်သွားခဲ့ကြသည်။ ကိုယ်တော်က မိမိ၏တမန်တော်များအား “သင်တို့သည်လည်း ထွက်သွားလိုကြသလော” ဟုမေးရာ ပေတရုက “သခင်၊ မည်သူ့ထံ ကျွန်ုပ်တို့ သွားရပါမည်နည်း။ ထာဝရအသက်နှင့်ဆိုင်သောစကားသည် ကိုယ်တော်၌ရှိပါ၏” ဟုပြန်ဖြေခဲ့သည်။ (ယော. ၆:၅၁-၆၉) ထွက်သွားစရာနေရာမရှိပါ။ ထိုအချိန်က ယုဒဘာသာတွင် “ထာဝရအသက်နှင့်ဆိုင်သောစကား” မရှိခဲ့သကဲ့သို့ ယနေ့ မဟာဗာဗုလုန်ဖြစ်သော ကမ္ဘာ့အယူမှားဝတ်ပြုရေးအင်ပါယာတွင်လည်း ထိုစကားကို ရှာမတွေ့နိုင်ပါ။ ဘုရားသခင့်သိုးတော်စုမှလမ်းလွဲသွားသော်လည်း ယေဟောဝါ၏နှစ်သက်လက်ခံမှုရလိုသူ မည်သူမဆိုအတွက် သိုးခြံထဲပြန်လာရန်နှင့် “နိုးကြားနေရန် အလွန်အရေးကြီးသည့်အချိန်” ဖြစ်သည်။—ရော. ၁၃:၁၁ဂျိမ်းစ်ဘုရင်ဘာသာပြန်ကျမ်း။

၂။ အတွင်းရေး သို့မဟုတ် တရားရေးကိစ္စများနှင့်ပတ်သက်၍ အဘယ်အရာကို စိတ်စွဲမှတ်ထားသင့်သနည်း။

ယေဟောဝါသည် ဣသရေလအမျိုးအဝင်ပျောက်လွင့်သောသိုးများအတွက် စိုးရိမ်မကင်းဖြစ်မှုကို ဖော်ပြခဲ့သည်။ (ယေဇကျေလ ၃၄:၁၅၊ ၁၆ ကိုဖတ်ပါ။) အလားတူပင် ခရစ်ယာန်အကြီးအကဲများသည် သိုးတော်စုမှလမ်းလွဲသွားသော သိုးကဲ့သို့သောသူကို ကူညီရန်တာဝန်ရှိပြီး ကူညီလိုစိတ်ရှိကြသည်။ သူတို့သည် အကူအညီပေးမှုကိုလိုလားသည့် မလှုပ်မရှားဖြစ်နေသူတစ်ဦးနှင့် သင်အံမှုပြုရန် ကြေညာသူတစ်ဦးအား တာဝန်ပေးသည့်အခါ သင်အံမှုပြုသူက ထိုသူသည် ကြီးလေးသည့်အပြစ်တစ်ခုကျူးလွန်ထားကြောင်း သိရှိရပါက အဘယ်အရာပြုလုပ်သင့်သနည်း။ တစ်စုံတစ်ရာသောတရားရေး သို့မဟုတ် အတွင်းရေးကိစ္စနှင့်ပတ်သက်၍ သွန်သင်ချက်ပေးမည့်အစား ကြေညာသူသည် ထိုအခြေအနေကို အကြီးအကဲများအားပြောပြရန် သူ့အား အကြံပေးသင့်သည်။ ထိုသို့သူမလုပ်ဆောင်ပါက ကြေညာသူကိုယ်တိုင် အကြီးအကဲများအား အသိပေးသင့်သည်။—ဝတ်. ၅:၁; ဂလ. ၆:၁

၃။ သိုးအကောင် ၁၀၀ ရှိသောသူသည် ပျောက်သောသိုးကိုပြန်တွေ့သည့်အခါ မည်သို့ပြုမူခဲ့သနည်း။

သိုးအကောင် ၁၀၀ ရှိသူတစ်ဦးအကြောင်း ယေရှု၏ပုံဥပမာကို ရှေ့ဆောင်းပါးတွင် ဖော်ပြခဲ့သည်။ သိုးအုပ်ထဲမှတစ်ကောင်ပျောက်သွားသောအခါ သူသည် ကျန် ၉၉ ကောင်ကိုထားပြီး ပျောက်သောသိုးကိုရှာဖွေခဲ့သည်။ ရှာတွေ့သည့်အခါ ထိုသူအလွန်ဝမ်းမြောက်ခဲ့သည်။ (လု. ၁၅:၄-၇) သိုးတော်စုမှပျောက်သွားသော ဘုရားသခင်၏သိုးတစ်ဦး ပြန်လာသည့်အခါ ကျွန်ုပ်တို့လည်း အလားတူရွှင်လန်းကြသည်။ မေတ္တာ၏လှုံ့ဆော်မှုကြောင့် အကြီးအကဲများနှင့် အသင်းတော်မှအခြားသူတို့သည် မလှုပ်မရှားဖြစ်နေသူထံ လည်ပတ်ခဲ့ကြပေမည်။ ထိုသူသိုးခြံအတွင်းပြန်လာပြီး ဘုရားသခင်၏ထောက်မမှု၊ ကာကွယ်မှု၊ ကောင်းချီးများခံစားရသည်ကိုလည်း သူတို့တွေ့မြင်လိုကြသည်။ (တရား. ၃၃:၂၇; ဆာ. ၉၁:၁၄; သု. ၁၀:၂၂) တစ်စုံတစ်ဦးကို အသင်းတော်သို့ပြန်လာစေရန် ကူညီဖို့အခွင့်အရေးတစ်ခု သူတို့၌ရှိပါက သူတို့အဘယ်အရာပြုလုပ်နိုင်သနည်း။

၄။ ဂလာတိ ၆:၂၊ မှ အဘယ်အရာကို သတိပြုမိစေနိုင်သနည်း။

ယေဟောဝါသည် မိမိ၏သိုးကိုချစ်မြတ်နိုးပြီး ကျွန်ုပ်တို့လုပ်ဆောင်နိုင်သည့်အရာများကိုသာ တောင်းဆိုတော်မူကြောင်း ကြင်နာစွာဖော်ပြပေးခြင်းအားဖြင့် လူတစ်ဦး အသင်းတော်သို့ပြန်လာရန် အားပေးနိုင်ကြသည်။ ဘုရားသခင်တောင်းဆိုရာများမှာ သမ္မာကျမ်းစာလေ့လာခြင်း၊ ခရစ်ယာန်အစည်းအဝေးများတက်ရောက်ခြင်း၊ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းတို့ ပါဝင်သည်။ ဂလာတိ ၆:၂၊ ကိုဖတ်ပြီး ခရစ်ယာန်များသည် အချင်းချင်း၏ဝန်များကို ထမ်းရွက်ရာတွင် အကူအညီပေးနိုင်ကြသော်လည်း “လူအသီးသီးသည် မိမိတို့၏ဝန် [ခရစ်ယာန်တာဝန်] ကို ထမ်းရွက်ကြရမည်” ဖြစ်ကြောင်းရှင်းပြခြင်းသည် သင့်လျော်ပေမည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ ကျွန်ုပ်တို့အတွက် ဘုရားသခင်ရှေ့တည်ကြည်ပေး၍ မရနိုင်ပါ။

“ဘဝ၏စိုးရိမ်ပူပန်ခြင်းတို့” က လမ်းလွဲစေ

၅၊ ၆။ (က) မလှုပ်မရှားဖြစ်နေသော ယုံကြည်သူချင်းတို့၏စကားကို ဂရုတစိုက်နားထောင်ရန် အဘယ်ကြောင့်အရေးကြီးသနည်း။ (ခ) မလှုပ်မရှားဖြစ်နေသူတို့သည် ဘုရားသခင့်လူမျိုးနှင့် မပေါင်းသင်းခြင်းက အကျိုးယုတ်စေကြောင်းသိမြင်ရန် သင်မည်သို့ကူညီပေးနိုင်သနည်း။

မလှုပ်မရှားဖြစ်နေသူယုံကြည်သူချင်းအား မည်သို့ကူညီနိုင်ပုံကိုသိရှိရန် အကြီးအကဲများနှင့် အခြားရင့်ကျက်သောကြေညာသူများသည် ထိုသူတို့ပြောသည့် နှလုံးထဲမှခံစားချက်များကို ဂရုစိုက်နားထောင်ပေးဖို့လိုသည်။ သင်သည် “ဘဝ၏စိုးရိမ်ပူပန်ခြင်းတို့” ကြောင့် မလှုပ်မရှားဖြစ်နေသောမောင်နှံစုံထံလည်ပတ်သည့် အကြီးအကဲတစ်ဦးဖြစ်သည်ဆိုပါစို့။ (လု. ၂၁:၃၄) ငွေကြေးပြဿနာများ သို့မဟုတ် တိုးများလာသောမိသားစုတာဝန်များကြောင့် ခရစ်ယာန်လုပ်ငန်းဆောင်တာများကို တဖြည်းဖြည်းနှင့် မလုပ်ဆောင်တော့ခြင်းဖြစ်ပေမည်။ သူတို့က ခရစ်ယာန်တာဝန်များကို ခေတ္တနားထားဖို့လိုမည်ဟု ခံစားရပေသည်၊ သို့သော် ထိုသို့သီးခြားနေခြင်းက ဖြေရှင်းနည်းမဟုတ်ကြောင်း သင်ထောက်ပြပေမည်။ (သု. ၁၈:၁ [သမ္မာ] ကိုဖတ်ပါ။ *) သင်သည် သူတို့ကို ဤသို့လိမ္မာပါးနပ်စွာမေးပေမည်– “အစည်းအဝေးတွေကို မတက်တော့တဲ့အချိန်ကစပြီး ခင်ဗျားတို့ပိုပျော်ရွှင်ခဲ့ကြသလား။ ခင်ဗျားတို့ရဲ့မိသားစုအသက်တာ ပိုကောင်းလာသလား။ ယေဟောဝါကိုကိုးစားခြင်းကနေ ရွှင်လန်းမှုခံစားရနေတုန်းပဲလား။”—နေ. ၈:၁၀

ယင်းမေးခွန်းများကိုသုံးသပ်ခြင်းက မလှုပ်မရှားဖြစ်နေသူတို့သည် အစည်းအဝေးများမတက်ရောက်တော့ဘဲ မိမိတို့၏အခြေအနေကို ယေဟောဝါရှုမြင်ပုံနည်းဖြင့် မရှုမြင်ကြတော့သောကြောင့် ပျော်ရွှင်သင့်သလောက် မပျော်ရွှင်ကြတော့ကြောင်း တွေ့မြင်စေရန် အထောက်အကူပြုပေမည်။ (မ. ၅:၃; ဟေဗြဲ ၁၀:၂၄၊ ၂၅) သတင်းကောင်းဟောပြောခြင်းမှ ခံစားရသည့်ရွှင်လန်းမှုကို လက်လွတ်ဆုံးရှုံးကြောင်း တွေ့မြင်လာစေရန် အကူအညီဖြစ်စေပေမည်။ (မ. ၂၈:၁၉၊ ၂၀) သို့ဆိုလျှင် အဘယ်အရာပြုလုပ်ခြင်းသည် သူတို့အတွက် ပညာရှိလမ်းစဉ်ဖြစ်မည်နည်း။

၇။ သိုးတော်စုမှလမ်းလွဲသွားသူတို့ကို အဘယ်အရာလုပ်ဆောင်ရန် အားပေးနိုင်သနည်း။

ယေရှု ဤသို့မိန့်တော်မူခဲ့၏– ‘သင်တို့သည် အစားအသောက်လွန်ကြူးခြင်းနှင့် ဘဝ၏စိုးရိမ်ပူပန်ခြင်းတို့ဖြင့် စိတ်နှလုံးပင်ပန်းလျက်မနေစေရန် ကိုယ့်ကိုယ်ကို သတိပြုကြလော့။ ထို့ကြောင့် နိုးကြားလျက်နေကြလော့။ အစဉ်တိုးလျှိုးအသနားခံ ဆုတောင်းလျက်နေကြလော့။ ထိုသို့ပြုမှသာ ဖြစ်ပျက်လာမည့် အမှုအရာအလုံးစုံနှင့် ကင်းလွတ်လိမ့်မည်။’ (လု. ၂၁:၃၄-၃၆) သိုးတော်စုမှလမ်းလွဲသွားသော်လည်း ယခင်က မိမိတို့ခံစားခဲ့ရသောပျော်ရွှင်မှုကို ခံစားလိုသူတို့ကို သန့်ရှင်းသောစွမ်းအားတော်နှင့် ဘုရားသခင်ကူညီမစမှုရဖို့ ဆုတောင်းကြရန်နှင့် မိမိတို့ဆုတောင်းချက်နှင့်အညီပြုမူကြရန် အားပေးနိုင်သည်။—လု. ၁၁:၁၃

သူတို့ ထိမိ၍လဲခဲ့ကြခြင်းလော

၈၊ ၉။ အကြီးအကဲတစ်ဦးသည် ထိမိလဲသူတစ်ဦးနှင့် မည်သို့ကျိုးကြောင်းဆင်ခြင်နိုင်သနည်း။

လူသားတို့သည် မစုံလင်ကြသောကြောင့် ပုဂ္ဂိုလ်ရေးမသင့်မြတ်မှုများဖြစ်ပွားပြီး ယင်းက တစ်ဦးတစ်ယောက်ကို ထိမိလဲစေပေမည်။ အသင်းတော်ရှိ လေးစားခံရသူတစ်ဦးသည် ကျမ်းစာမူနှင့်ဆန့်ကျင်ရာကိုပြုသည့်အခါ အချို့သူတို့ ထိမိလဲခဲ့ကြသည်။ ထိုကဲ့သို့သောအကြောင်းတစ်ခုကြောင့် မလှုပ်မရှားဖြစ်နေသူဖြစ်ပါက လည်ပတ်သောအကြီးအကဲက ယေဟောဝါသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိမိလဲစေမည်မဟုတ်ကြောင်း ပြောပြနိုင်သည်။ သို့ဖြစ်၍ သူသည် တစ်ဦးတစ်ယောက်ကြောင့် ဘုရားသခင်၊ ကိုယ်တော့်လူမျိုးနှင့် မိမိ၏ဆက်ဆံရေးကို အဘယ်ကြောင့် ပြတ်တောက်စေသင့်သနည်း။ ယင်းအစား “မြေကြီးလုံးကိုစီရင်တော်မူသောသခင်” သည် အဘယ်အရာဖြစ်ပျက်သည်ကိုသိရှိတော်မူပြီး ယင်းကို မှန်မှန်ကန်ကန်ကိုင်တွယ်ဖြေရှင်းမည်ကို ယုံကြည်စိတ်ချပါက တစ်ဦးတစ်ယောက်သည် ဘုရားသခင်အား ဆက်၍ဝတ်မပြုတော့ဘဲ နေသင့်သလော။ (က. ၁၈:၂၅; ကော. ၃:၂၃-၂၅) လူတစ်ဦးသည် ပကတိတိုက်မိ၍လဲသွားပါက ထိုသူသည် ပြန်ထရန်မကြိုးစားဘဲ ထိုနေရာ၌ပင် တမင်တကာဆက်၍နေမည်မဟုတ်ပါ။

ပြန်လှည့်လာဖို့ကြိုးစားကူညီပေးရာတွင် မိမိတို့အား ထိမိလဲစေခဲ့သောအရာသည် အချိန်ကာလကုန်လွန်သွားသည်နှင့်အမျှ အရေးကြီးပုံမရတော့သည်ကို အချို့သူတို့တွေ့ရှိကြောင်း အကြီးအကဲရှင်းပြနိုင်ပါသည်။ အမှန်မှာ၊ ထိမိလဲစေခဲ့သောအရာသည် မတည်ရှိတော့သည်မှာ ကြာပြီဖြစ်ပေမည်။ မလှုပ်မရှားဖြစ်နေသူမှာ ဆုံးမခံရခြင်းကြောင့် ထိမိလဲခဲ့သူဖြစ်လျှင် ဆုတောင်းကာဆင်ခြင်သုံးသပ်ခြင်းက မိမိသည်လည်း အတန်အရာဆုံးမခံထိုက်ကြောင်းနှင့် ထိုဆုံးမမှုကို မိမိအားထိမိလဲစေသည့်အရာ ဖြစ်ခွင့်မပြုသင့်ကြောင်း ကောက်ချက်ချစေရန် အထောက်အကူပြုပေမည်။—ဆာ. ၁၁၉:၁၆၅; ဟေဗြဲ ၁၂:၅-၁၃

သွန်သင်ချက်တစ်ခုကြောင့်လော

၁၀၊ ၁၁။ သမ္မာကျမ်းစာသွန်သင်ချက်တချို့ကို နားလည်သဘောပေါက်မှုလွဲသူအား ကြိုးစားကူညီရာတွင် အဘယ်ကျိုးကြောင်းဆင်ခြင်မှုက အကျိုးရှိမည်နည်း။

၁၀ အချို့သူတို့သည် သမ္မာကျမ်းစာသွန်သင်ချက်အချို့ကို သဘောမတူသောကြောင့် ဘုရားသခင့်သိုးတော်စုမှ ထွက်သွားကြခြင်းဖြစ်ပေမည်။ အီဂျစ်အချုပ်အနှောင်အောက်မှ လွတ်မြောက်ခဲ့ကြသော ဣသရေလလူမျိုးတို့သည် မိမိတို့အကျိုးအတွက်လုပ်ဆောင်ခဲ့သော ဘုရားသခင့် ‘အမှုတော်ကိုမေ့လျော့’ ခဲ့ကြပြီး ကိုယ်တော်၏ ‘အကြံအစည်တော်ကို မစောင့်ဆိုင်း’ ခဲ့ကြပါ။ (ဆာ. ၁၀၆:၁၃) ‘တည်ကြည်ပြီးသတိပညာရှိသောကျွန်’ သည်အလွန်ကောင်းမွန်သောကျမ်းစာစာပေများကို ဖြန့်ဝေပေးနေကြောင်း မလှုပ်မရှားဖြစ်နေသူအား ပြန်သတိရစေခြင်းသည် အထောက်အကူပြုပေမည်။ (မ. ၂၄:၄၅) ယင်းသည် လူတစ်ဦးအား အမှန်တရားစတင်သိရှိခဲ့စေခဲ့သည့်အရာဖြစ်သည်။ ထို့ကြောင့် အမှန်တရားတွင် တစ်ဖန်ပြန်လျှောက်လှမ်းရန် အဘယ်ကြောင့်စိတ်ပိုင်းမဖြတ်ဘဲ နေသင့်သနည်း။—၂ ယော. ၄

၁၁ ဘုရားသခင့်သိုးတော်စုမှလမ်းလွဲသွားသူကို ကြိုးစားကူညီသည့်အခါ ယေရှု၏သွန်သင်ချက်များထဲမှတစ်ခုကို မနှစ်လိုငြင်းပယ်ကာ ယေရှုကိုစွန့်သွားကြသော တပည့်များအကြောင်းကို အကြီးအကဲဖော်ပြပေမည်။ (ယော. ၆:၅၃၊ ၆၆) ခရစ်တော်၊ ကိုယ်တော်၏တည်ကြည်သောနောက်လိုက်တို့နှင့် မပူးပေါင်းတော့ခြင်းအားဖြင့် သူတို့သည် အမှန်တရားနှင့်ပတ်သက်၍ လေးမြတ်တန်ဖိုးထားမှုမရှိတော့ဘဲ ရွှင်လန်းမှုဆုံးရှုံးခဲ့သည်။ ခရစ်ယာန်အသင်းတော်နှင့် မပူးပေါင်းတော့သူတို့သည် အခြားနေရာတွင် အမှန်တရားနှင့်ပတ်သက်၍ ကြွယ်ဝလှသောအစာကို တွေ့ရှိကြပါသလော။ မည်သည့်နေရာတွင်မျှ တွေ့ရှိကြမည်မဟုတ်ပါ။

ကြီးလေးသောအပြစ် ကျူးလွန်ခဲ့ခြင်းကြောင့်လော

၁၂၊ ၁၃။ သိုးတော်စုမှလမ်းလွဲသွားသူတစ်ဦးက မိမိသည် ကြီးလေးသောအပြစ်ကျူးလွန်ခဲ့ကြောင်း ဝန်ခံပါက သူ့အားမည်သို့ကူညီပေးနိုင်မည်နည်း။

၁၂ အချို့သူတို့သည် ကြီးလေးသောအပြစ် ကျူးလွန်ခဲ့ခြင်းကြောင့် ဟောပြောခြင်း၌မပါဝင်တော့၊ အစည်းအဝေးများ မတက်ရောက်ကြတော့ပါ။ မိမိတို့၏အပြစ်ကို အကြီးအကဲများထံဝန်ခံပါက နှင်ထုတ်ခံရမည်ဟု ယူမှတ်ကြပေမည်။ သို့သော် သူတို့သည် ကျမ်းစာနှင့်မညီသောအပြုအမူကို ဆက်မလုပ်တော့ဘဲ အမှန်တကယ်နောင်တရသူဖြစ်ပါက အသင်းတော်မှ နှင်ထုတ်ခံရမည်မဟုတ်ပါ။ (၂ ကော. ၇:၁၀၊ ၁၁) ယင်းအစား သူတို့သည်ကြိုဆိုခံရမည်ဖြစ်ပြီး အကြီးအကဲများသည် သူတို့လိုအပ်သော ဝတ်ပြုရေးနှင့်ဆိုင်သည့်အကူအညီကို ပေးမည်ဖြစ်သည်။

၁၃ သင်သည် မလှုပ်မရှားဖြစ်နေသူကိုကူညီပေးရန် တာဝန်ပေးခြင်းခံရသော ရင့်ကျက်သည့်ကြေညာသူတစ်ဦးဖြစ်ပြီး ထိုသူသည် ကြီးလေးသည့်အပြစ်ကျူးလွန်ခဲ့ကြောင်း သင့်အားပြောပြလျှင် သင်အဘယ်အရာပြုလုပ်သင့်သနည်း။ အစပိုင်းတွင်သိရှိခဲ့ပြီးဖြစ်သည့်အတိုင်း ထိုအခြေအနေတွင် သင်ပါဝင်ပတ်သက်မည့်အစား အကြီးအကဲများထံ ချဉ်းကပ်ပြောဆိုရန်ပြောပါ။ သူသည် ထိုသို့မလုပ်ဆောင်လိုပါက သင်သည် ထိုသို့သောကိစ္စရပ်များနှင့်ပတ်သက်သည့် ဘုရားသခင့်ညွှန်ကြားချက်နှင့်အညီ လုပ်ဆောင်ခြင်းအားဖြင့် သင်သည် ယေဟောဝါ၏နာမတော်အတွက်နှင့် အသင်းတော်၏အကျိုးအတွက် စိုးရိမ်မကင်းဖြစ်မှုကို တင်ပြခြင်းဖြစ်ပေလိမ့်မည်။ (ဝတ်ပြုရာ ၅:၁ ကိုဖတ်ပါ။) အကြီးအကဲတို့သည် ပြန်လှည့်လာလိုစိတ်ရှိသော၊ ဘုရားသခင့်အလိုတော်နှင့်အညီ အသက်ရှင်နေထိုင်လိုသူအား မည်သို့ကူညီပေးရမည်ကို သိရှိကြပါလိမ့်မည်။ မေတ္တာပါသောဆုံးမပဲ့ပြင်မှု လိုအပ်ပေမည်။ (ဟေဗြဲ ၁၂:၇-၁၁) တစ်ဦးတစ်ယောက်က မိမိသည် ဘုရားသခင်ကို ပြစ်မှားမိကြောင်းအသိအမှတ်ပြုကာ ယင်းအမှားကိုမပြုလုပ်တော့ဘဲ အမှန်တကယ်နောင်တရသူဖြစ်ပါက အကြီးအကဲများသည် သူ့ကိုအကူအညီပေးကြမည်ဖြစ်ပြီး သူသည် ယေဟောဝါ၏ခွင့်လွှတ်မှုကို ရရှိနိုင်သည်။—ဟေရှာ. ၁:၁၈; ၅၅:၇; ယာ. ၅:၁၃-၁၆

ပြန်လာသောသားကြောင့် ရွှင်လန်း

၁၄။ ယေရှု၏ဖြုန်းတီးသောသားပုံဥပမာကို သင့်စကားဖြင့် ပြောပြပါ။

၁၄ လမ်းလွဲသွားသောသိုးတစ်ဦးကို ကြိုးစားကူညီပေးရာတွင် အကူအညီပေးရန်တာဝန်ရရှိထားသူသည် လုကာ ၁၅:၁၁-၂၄ တွင်မှတ်တမ်းတင်ထားသော ယေရှု၏ပုံဥပမာကို ဖော်ပြပေမည်။ ယင်းပုံဥပမာတွင် လူငယ်တစ်ဦးသည် လျော့ရဲသည့်နေထိုင်မှုဖြင့် မိမိ၏အမွေဥစ္စာများကို ဖြုန်းတီးပစ်သည်။ နောက်ဆုံးတွင် သူလိုက်စားခဲ့သော အပျော်အပါးလိုက်စားသည့်ဘဝကို စက်ဆုပ်ရွံရှာလာသည်။ သူသည် ဆာလောင်မွတ်သိပ်မှုဒဏ်ခံရပြီး အိမ်ကိုသတိရကာ အိမ်ပြန်ရန်ဆုံးဖြတ်လေသည်။ သူသည် အဝေး၌ရှိသေးစဉ် သူ၏ဖခင်သည် သူ့ကိုမြင်သဖြင့် ပြေးသွားပြီး သားဖြစ်သူကိုဖက်လျက်နမ်းရှုပ်ကာ အလွန်ဝမ်းမြောက်လေသည်။ ဤပုံဥပမာကိုပြန်လည်သုံးသပ်ခြင်းက ရွေ့မျောသွားသူတစ်ဦး သိုးခြံထဲပြန်လာစေရန် လှုံ့ဆော်မှုဖြစ်ပေမည်။ ဤလောကစနစ်သည် မကြာမီဖျက်ဆီးခံရတော့မည်ဖြစ်သောကြောင့် ထိုသူသည် မဖင့်နွှဲဘဲ ‘အိမ်ပြန်လာ’ သင့်သည်။

၁၅။ အချို့သူတို့သည် အသင်းတော်မှ အဘယ်ကြောင့် ရွေ့မျောသွားကြသနည်း။

၁၅ အသင်းတော်မှရွေ့မျောသွားသူအများစုသည် ဖြုန်းတီးသောသားနှင့် တစ်ထေရာတည်းတူကြသည်မဟုတ်ပါ။ အချို့သူတို့၏ရွေ့မျောခြင်းသည် လှေတစ်စီး ကမ်းမှဝေးရာသို့ တဖြည်းဖြည်းရွေ့မျောသွားသကဲ့သို့ပင် တဖြည်းဖြည်းချင်းဖြစ်သည်။ အခြားသူတို့သည် စိုးရိမ်ပူပန်မှုများကို အစိုးရိမ်လွန်လာပြီး ယေဟောဝါနှင့်သူတို့၏ဆက်ဆံရေးကို လျစ်လျူရှုကြသည်။ အခြားသူတို့မှာမူ အသင်းသားတစ်ဦးကြောင့် ထိမိလဲခြင်း သို့မဟုတ် တစ်စုံတစ်ရာသောသမ္မာကျမ်းစာသွန်သင်ချက်ကို သဘောမတူသောကြောင့် စွန့်ခွာသွားခြင်းဖြစ်သည်။ လူနည်းစုမှာ သမ္မာကျမ်းစာနှင့်မညီသောအမူအကျင့်တွင် ပါဝင်ပတ်သက်လာကြသည်။ သို့သော် ထိုအကြောင်းရင်းများ သို့မဟုတ် အခြားအကြောင်းရင်းများကြောင့် သိုးခြံမှထွက်သွားကြသူတို့အား အချိန်မနှောင်းမီပြန်လှည့်လာစေရန် အကူအညီပေးရာတွင် ထိုအခြေအနေတစ်ခုစီနှင့် ဆက်နွှယ်သောအကြံပေးချက်များသည် သင့်အားအထောက်အကူပြုပေမည်။

“ကြိုဆိုပါတယ်၊ သား”

၁၆-၁၈။ (က) နှစ်ပေါင်းများစွာ မလှုပ်မရှားဖြစ်နေသော ညီအစ်ကိုတစ်ဦးကို အကြီးအကဲတစ်ဦး မည်သို့ကူညီပေးခဲ့သနည်း။ (ခ) ထိုညီအစ်ကိုသည် အဘယ်ကြောင့် မလှုပ်မရှားဖြစ်ခဲ့သနည်း၊ သူမည်သို့အကူအညီရရှိခဲ့သနည်း၊ သူ့ကို အသင်းတော်က မည်သို့လက်ခံခဲ့သနည်း။

၁၆ ခရစ်ယာန်အကြီးအကဲတစ်ဦး ဤသို့ဆို၏– “ကျွန်တော်တို့ဒေသခံအကြီးအကဲအဖွဲ့ဟာ မလှုပ်မရှားဖြစ်နေတဲ့သူတွေဆီလည်ပတ်ဖို့ ပူးပေါင်းကြိုးစားကြတယ်။ ကျွန်တော်သင်အံမှုလုပ်ခဲ့ပြီး အမှန်တရားအသိပညာသိလာအောင် ကူညီပေးခဲ့ရတဲ့ ညီအစ်ကိုတစ်ဦးကို ပြန်အမှတ်ရတယ်။ သူဟာ ၂၅ နှစ်လောက် မလှုပ်မရှားဖြစ်သွားပြီး အရမ်းခက်ခဲတဲ့အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတယ်၊ ဒါကြောင့် သမ္မာကျမ်းစာမူတွေကို လက်တွေ့ကျင့်သုံးခြင်းက သူ့ကိုဘယ်လိုအထောက်အကူပြုနိုင်တယ်ဆိုတာကို ရှင်းပြခဲ့တယ်။ အဲ့ဒီနောက် သိပ်မကြာခင်မှာ သူဟာ ဘုရားသခင့်နိုင်ငံတော်ခန်းမကိုပြန်လာခဲ့ပြီး သိုးတော်စုထဲပြန်လာဖို့ သူ့ရဲ့ဆုံးဖြတ်ချက်ကိုခိုင်ခံ့အောင်အထောက်အကူပြုတဲ့ ကျမ်းစာသင်အံမှုကို လက်ခံခဲ့တယ်။”

၁၇ ထိုညီအစ်ကိုသည် အဘယ်ကြောင့် မလှုပ်မရှားဖြစ်ခဲ့သနည်း။ သူဤသို့ဝန်ခံ၏– “ယေဟောဝါနဲ့ ကျွန်တော့်ရဲ့ဆက်ဆံရေးထက် လောကပန်းတိုင်တွေနဲ့ ကျွန်တော်ရဲ့နေ့စဉ်အသက်တာကို ပိုပြီးအာရုံစိုက်ခဲ့တယ်။ အဲ့ဒီနောက် ကျွန်တော်လေ့လာမှုတွေမလုပ်တော့ဘူး၊ ဓမ္မအမှုမှာမပါဝင်တော့ဘူး၊ အစည်းအဝေးတွေကိုလည်း မတက်တော့ဘူး။ နောက်ကျွန်တော်သိလိုက်ရတာက ကျွန်တော်ဟာ ခရစ်ယာန်အသင်းတော်နဲ့ မပူးပေါင်းတော့ဘူးဆိုတာပါပဲ။ ဒါပေမဲ့ အကြီးအကဲတင်ပြတဲ့ အရင်းခံစိတ်၊ ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုက ကျွန်တော်ပြန်လှည့်လာအောင် အကူအညီရခဲ့တယ်။” ကျမ်းစာသင်အံမှုကိုလက်ခံပြီးနောက် ညီအစ်ကို၏ပြဿနာစတင်လျော့နည်းလာသည်။ သူဤသို့ပြော၏– “ကျွန်တော့်အသက်တာမှာ လက်လွတ်ဆုံးရှုံးနေတဲ့အရာက ယေဟောဝါနဲ့ကိုယ်တော့်အဖွဲ့အစည်းကလာတဲ့ မေတ္တာနဲ့လမ်းညွှန်မှုပဲဆိုတာကို ကျွန်တော်သိလိုက်ရတယ်။”

၁၈ ထိုညီအစ်ကိုကို အသင်းတော်က မည်သို့လက်ခံခဲ့သနည်း။ သူဤသို့ဆို၏– “ယေရှုခရစ်မိန့်တော်မူခဲ့တဲ့ ဖြုန်းတီးတဲ့သားလိုပဲ ကျွန်တော်ခံစားခဲ့ရတယ်။ တကယ်ပါပဲ၊ လွန်ခဲ့တဲ့အနှစ် ၃၀ ကတည်းကရှိခဲ့ပြီး အခုထိတည်ကြည်နေဆဲဖြစ်တဲ့ သက်ကြီးညီအစ်မတစ်ဦးက ကျွန်တော့်ကို ‘ကြိုဆိုပါတယ်၊ သား’ လို့ပြောပါတယ်။ အဲ့ဒါက ကျွန်တော့်ရဲ့နှလုံးကို တကယ်ပဲထိမိခဲ့တယ်။ ကျွန်တော်တကယ်ပဲ အိမ်ပြန်ရောက်ခဲ့ပါပြီ။ အကြီးအကဲနဲ့ အသင်းတော်တစ်ခုလုံး ကျွန်တော့်အပေါ်ပြသခဲ့တဲ့ မေတ္တာ၊ နွေးထွေးမှု၊ စိတ်ရှည်မှုနဲ့ စိတ်ဝင်စားမှုတွေကို တကယ်ပဲကျေးဇူးတင်တယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ ယေဟောဝါနဲ့ ကိုယ်နဲ့စပ်ဆိုင်သူကိုချစ်တဲ့ သူတို့ရဲ့မေတ္တာက ကျွန်တော်သိုးတော်စုထဲပြန်လာဖို့ တကယ်ပဲအထောက်အကူဖြစ်ခဲ့တယ်။”

ချက်ချင်းလုပ်ဆောင်ရန် သူတို့ကို အားပေးပါ

၁၉၊ ၂၀။ မလှုပ်မရှားဖြစ်နေသူတို့ကို မဖင့်နွှဲဘဲသိုးတော်စုထဲပြန်လာစေရန် သင်မည်သို့အားပေးနိုင်သနည်း၊ ဘုရားသခင်သည် ကျွန်ုပ်တို့ထံမှ တရားလွန်မမျှော်လင့်ကြောင်း သူတို့ကိုမည်သို့ပြောပြနိုင်သနည်း။

၁၉ ကျွန်ုပ်တို့သည် နောက်ဆုံးသောနေ့ရက်များတွင်အသက်ရှင်နေရကာ လက်ရှိလောကစနစ်၏အဆုံး ရောက်ရှိတော့မည်ဖြစ်သည်။ ထို့ကြောင့် မလှုပ်မရှားဖြစ်နေသူတို့ကို ခရစ်ယာန်အစည်းအဝေးများတက်ရောက်ရန် အားပေးပါ။ ချက်ချင်းစ၍တက်ရောက်ရန် တိုက်တွန်းပါ။ စာတန်သည် သူတို့နှင့်ဘုရားသခင်၏ဆက်ဆံရေးကိုဖျက်ဆီးရန်နှင့် မှန်သောဝတ်ပြုရေးကိုစွန့်ခြင်းအားဖြင့် ဘဝဝန်ထုပ်များမှ သက်သာရာရနိုင်သည်ဟု ယူမှတ်စေရန် ကြိုးစားနေကြောင်း သူတို့အားအသိပေးပါ။ ယေရှု၏တည်ကြည်သောနောက်လိုက်များဖြစ်မှသာလျှင် စစ်မှန်သောလန်းဆန်းမှုခံစားရနိုင်ကြောင်းကို သူတို့အားစိတ်ချစေနိုင်သည်။—မဿဲ ၁၁:၂၈-၃၀ ကိုဖတ်ပါ။

၂၀ ဘုရားသခင်သည် ကျွန်ုပ်တို့တတ်နိုင်ရာကိုလုပ်ဆောင်ရန်မျှော်လင့်ကြောင်း မလှုပ်မရှားဖြစ်နေသူတို့ကို အသိပေးပါ။ လာဇရု၏အစ်မ မာရိသည် ယေရှုမသေဆုံးမီ ရက်အနည်းငယ်အလိုတွင် ဈေးကြီးသောဆီမွှေးဖြင့် ကိုယ်တော်၏ခေါင်းပေါ်သွန်းလောင်းသောကြောင့် အပြစ်တင်ခံရသည့်အခါ ကိုယ်တော်က “ထိုအမျိုးသမီးကို ရှိစေလော့။ . . . သူသည် တတ်နိုင်သမျှကိုပြုပြီ” ဟုမိန့်တော်မူခဲ့သည်။ (မာ. ၁၄:၆-၈) ဝတ်ပြုရာအိမ်တော်တွင် အလွန်တန်ဖိုးနည်းသောအလှူငွေထည့်လှူသည့် ဆင်းရဲသောမုဆိုးမကို ယေရှုချီးမွမ်းခဲ့သည်။ သူသည်လည်း သူတတ်နိုင်သမျှထည့်ခဲ့ခြင်းဖြစ်သည်။ (လု. ၂၁:၁-၄) ကျွန်ုပ်တို့အများစုသည် ခရစ်ယာန်အစည်းအဝေးများကို တက်ရောက်နိုင်ပြီး ဘုရားသခင်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်နိုင်ကြသည်။ ယခုမလှုပ်မရှားဖြစ်နေသူများထဲမှ များစွာသောသူတို့သည် ယေဟောဝါ၏ထောက်မမှုဖြင့် ထိုအရာများကို လုပ်ဆောင်နိုင်ကြပေမည်။

၂၁၊ ၂၂။ ယေဟောဝါထံပြန်လှည့်လာသူတို့အား အဘယ်အရာကို ယုံကြည်စိတ်ချစေနိုင်သနည်း။

၂၁ သိုးတော်စုမှလမ်းလွဲသွားသော သိုးကဲ့သို့သောသူတစ်ဦးသည် သူ၏ညီအစ်ကိုများနှင့် တစ်ဖန်မျက်နှာချင်းဆိုင်ရမည်ကို စိုးရိမ်နေပါက ဖြုန်းတီးသောသားအိမ်ပြန်လာချိန်တွင်ဖြစ်ခဲ့သည့် ရွှင်လန်းမှုအကြောင်းကို သူ့အားအသိပေးနိုင်ပါသည်။ အသင်းတော်သို့ပြန်လာသူတို့သည်လည်း အလားတူရွှင်လန်းမှုကို ဖြစ်စေကြသည်။ စာတန်ကိုခုခံတွန်းလှန်ပြီး ဘုရားသခင်ထံချဉ်းကပ်ရန် ယခုလုပ်ဆောင်ဖို့ သူတို့ကိုအားပေးပါ။—ယာ. ၄:၇၊ ၈

၂၂ ယေဟောဝါထံပြန်လှည့်လာသူတို့အဖို့ ရွှင်လန်းဖွယ်ကြိုဆိုမှု စောင့်ကြိုလျက်ရှိသည်။ (မြည်. ၃:၄၀) ဘုရားသခင့်လုပ်ငန်းတွင်ရရှိခဲ့သော အတိတ်ကအတွေ့အကြုံများသည် သူတို့ကိုကြီးစွာရွှင်လန်းစေခဲ့သည်မှာ ယုံမှားဖွယ်မရှိပါ။ မဖင့်နွှဲဘဲ သိုးတော်စုထဲပြန်လာသူတို့အဖို့ အနာဂတ်ကောင်းချီးများစွာ စောင့်ကြိုလျက်ရှိသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 သု. ၁၈:၁၊ [သမ္မာ]– “သူတစ်ပါးနှင့်မရောနှောသောသူသည် မိမိအလိုဆန္ဒပြည့်စုံစေရန်သာရှာဖွေ၍ ပညာလမ်းအတိုင်းမလိုက်ဘဲ မကောင်းကြံစည်ပြုလုပ်တတ်၏။”

သင်မည်သို့ဖြေဆိုမည်နည်း

• ထိမိလဲပြီး မလှုပ်မရှားဖြစ်လာသူ ခရစ်ယာန်တစ်ဦးအား သင်မည်သို့ကူညီပေးနိုင်သနည်း။

• သွန်သင်ချက်တစ်ခုနှင့်ပတ်သက်၍ ကိုယ်ပိုင်ရှုမြင်ပုံကြောင့် ဘုရားသခင့်သိုးတော်စုကိုစွန့်ခဲ့သူ တစ်စုံတစ်ဦးအား အဘယ်ကျိုးကြောင်းဆင်ခြင်မှုက အထောက်အကူပြုမည်နည်း။

• အသင်းတော်သို့ပြန်လာရန် တွန့်ဆုတ်နေသူတစ်ဦးအား မည်သို့ကူညီပေးနိုင်မည်နည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၃ ပါပုံ]

မလှုပ်မရှားဖြစ်နေသူယုံကြည်သူချင်းက မိမိအကြောင်းပြောပြသည့်အခါ ဂရုတစိုက်နားထောင်ပါ

[စာမျက်နှာ ၁၅ ပါပုံ]

ယေရှု၏ပုံဥပမာပါ ဖြုန်းတီးသောသားအကြောင်း ပြန်သုံးသပ်ခြင်းက အချို့သူတို့ကို သိုးတော်စုထဲပြန်ရောက်ရှိ စေရန် လှုံ့ဆော်ပေမည်