မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှုပြုတော်မူခဲ့သကဲ့သို့ ‘စာတန်ကို ဆီးတားကြလော့’

ယေရှုပြုတော်မူခဲ့သကဲ့သို့ ‘စာတန်ကို ဆီးတားကြလော့’

ယေရှုပြုတော်မူခဲ့သကဲ့သို့ ‘စာတန်ကို ဆီးတားကြလော့’

‘စာတန်ကိုဆီးတားကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံကပြေးသွားလိမ့်မည်။’—ယာ. ၄:၇

၁။ မြေကြီးပေါ်တွင် အဘယ်ဆန့်ကျင်မှုခံရမည်ကို ယေရှုသိရှိခဲ့သနည်း၊ အဘယ်ရလဒ်ရှိသနည်း။

ယေရှုခရစ်သည် စာတန်၏ဆန့်ကျင်မှုနှင့်ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရှိခဲ့သည်။ မြွေမှတစ်ဆင့် ဆိုးသွမ်းသောပုန်ကန်သူဝိညာဉ်သတ္တဝါအား ဘုရားသခင်မိန့်ဆိုခဲ့သောဤစကားမှ ကိုယ်တော်သိရှိခြင်းဖြစ်ကြောင်း ထင်ရှား၏– “သင်နှင့်မိန်းမ [ယေဟောဝါ၏ကောင်းကင်အဖွဲ့အစည်း] ကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူ [ယေရှုခရစ်] သည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်။” (က. ၃:၁၄၊ ၁၅; ဗျာ. ၁၂:၉) ယေရှု၏ဖနောင့် အကြိတ်ခံရခြင်းသည် ကိုယ်တော်မြေကြီးပေါ်ရှိစဉ် အသတ်ခံရခြင်းဖြင့် ယာယီသာခံရမည့်ဒဏ်ချက်ကို ဆိုလိုသည်၊ အကြောင်းမှာ ယေဟောဝါသည် ကိုယ်တော်အား ကောင်းကင်ဂုဏ်အသရေကိုခံစားရရန် ထမြောက်စေမည်ဖြစ်သောကြောင့်ဖြစ်သည်။ သို့သော် မြွေ၏ခေါင်းကြိတ်ခြင်းမှာ စာတန်သည် ဘယ်သောအခါမျှပြန်နာလန်မထူနိုင်တော့သည့်သေဒဏ်ခံရမည်ကို ဆိုလိုသည်။—တမန်တော် ၂:၃၁၊ ၃၂; ဟေဗြဲ ၂:၁၄ တို့ကိုဖတ်ပါ။

၂။ ယေရှုသည် စာတန်ကို အောင်မြင်စွာခုခံတွန်းလှန်မည်ဖြစ်ကြောင်း အဘယ်ကြောင့် ယေဟောဝါယုံကြည်စိတ်ချတော်မူသနည်း။

ယေရှုသည် မြေကြီးပေါ်ရှိစဉ် မိမိတာဝန်ကိုကျေပွန်စွာဆောင်ရွက်မည်ဖြစ်ပြီး စာတန်ကို အောင်မြင်စွာဆီးတားမည်ဖြစ်ကြောင်း ယေဟောဝါယုံကြည်စိတ်ချသည်။ ယေဟောဝါသည် အဘယ်ကြောင့် ယင်းသို့ယုံကြည်စိတ်ချနိုင်သနည်း။ ကိုယ်တော်သည် ယေရှုကို နှစ်ပေါင်းများစွာကတည်းက ကောင်းကင်တွင်ဖန်ဆင်းတော်မူခဲ့ပြီး ဂရုတစိုက်စောင့်ကြည့်ခဲ့သောကြောင့် ဤ “ကျွမ်းကျင်လုပ်သား” လည်းဖြစ်၊ “ဖန်ဆင်းရာအပေါင်းတို့တွင် သားဦး” လည်းဖြစ်သူသည် နာခံမှုနှင့် တည်ကြည်မှုရှိမည်ကြောင်း သိတော်မူခဲ့သည်။ (သု. ၈:၂၂-၃၁ကဘ; ကော. ၁:၁၅) ထို့ကြောင့် ဘုရားသခင်သည် ယေရှုကို ကမ္ဘာပေါ်စေလွှတ်ပြီး သေသည်အထိစမ်းသပ်မှုခံရရန် စာတန်ကိုအခွင့်ပေးသောအခါ မိမိ၏တစ်ပါးတည်းသောသားတော်သည် စာတန်ကိုဆီးတားရာတွင် အောင်မြင်လိမ့်မည်ဖြစ်ကြောင်း ကိုယ်တော်ယုံကြည်စိတ်ချတော်မူသည်။—ယော. ၃:၁၆

ယေဟောဝါသည် မိမိကျေးကျွန်များကို ကာကွယ်စောင့်ရှောက်တော်မူ၏

၃။ ယေဟောဝါ၏ကျေးကျွန်များအပေါ် စာတန်၏သဘောထားကား အဘယ်နည်း။

ယေရှုသည် စာတန်ကို “ဤလောကကိုအစိုးရသောမင်း” အဖြစ်ရည်ညွှန်းခဲ့ပြီး နှိပ်စက်ညှဉ်းပန်းမှုကို မိမိခံခဲ့ရသကဲ့သို့ပင် တပည့်များလည်းခံရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ (ယော. ၁၂:၃၁; ၁၅:၂၀) စာတန်၏ဩဇာအောက်ရှိလောကသည် စစ်မှန်သောခရစ်ယာန်များကို မုန်းတီးသည်၊ အကြောင်းမှာ သူတို့သည် ယေဟောဝါ၏အမှုတော်ကိုဆောင်ရွက်ကြပြီး ဖြောင့်မတ်ခြင်းတရားဟောပြောသူများဖြစ်ကြသောကြောင့်ဖြစ်သည်။ (မ. ၂၄:၉; ၁ ယော. ၅:၁၉) ကောင်းကင်နိုင်ငံတော်တွင် ခရစ်တော်နှင့်အတူအုပ်ချုပ်မည့် ဘိသိက်ပေးခံရသောအကြွင်းအကျန်များကို စာတန် အဓိကပစ်မှတ်ထားသည်။ စာတန်သည် မြေကြီးပရဒိသုတွင် ထာဝစဉ်အသက်ရှင်ရန်မျှော်လင့်ချက်ရှိသူများဖြစ်သော ယေဟောဝါသက်သေများစွာကိုလည်း ပစ်မှတ်ထားသည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်က ကျွန်ုပ်တို့အား ဤသို့သတိပေးသည်– ‘သင်တို့၏ရန်သူ စာတန်သည် ဟောက်သောခြင်္သေ့ကဲ့သို့ တစ်ဦးတစ်ယောက်ကိုမျိုရန် လှည့်လည်ရှာဖွေလျက်ရှိ၏။’—၁ ပေ. ၅:၈

၄။ ကျွန်ုပ်တို့အချိန်တွင် ဘုရားသခင့်လူမျိုးသည် စာတန်ကို အောင်မြင်စွာဆီးတားခဲ့ကြကြောင်း အဘယ်အရာက သက်သေထူသနည်း။

ယေဟောဝါဘုရားသခင်၏ထောက်မမှုခံရသော အဖွဲ့အစည်းအနေဖြင့် ကျွန်ုပ်တို့သည် စာတန်ကို အောင်မြင်စွာဆီးတားကြသည်။ ဤအချက်များကို သုံးသပ်ကြည့်ပါ– လွန်ခဲ့သောအနှစ် ၁၀၀ အတွင်းတွင် သမိုင်း၌ အကြမ်းကြုတ်ဆုံးအာဏာရှင်အချို့သည် ယေဟောဝါသက်သေများ ပပျောက်သွားရန် ကြိုးစားခဲ့ကြသည်။ သို့သော် သက်သေခံများ၏အရေအတွက်သည် ဆက်၍တိုးများလာပြီး ယခုအခါ ကမ္ဘာတစ်ဝန်း အသင်းတော်ပေါင်း ၁၀၀,၀၀၀ ကျော်တွင် သက်သေခံ ၇,၀၀၀,၀၀၀ နီးပါးရှိနေပြီဖြစ်သည်။ ယေဟောဝါ၏လူမျိုးကို နှိပ်စက်ညှဉ်းပန်းခဲ့ကြသော ကြမ်းကြုတ်သည့်အာဏာရှင်များမှာမူ ပပျောက်သွားကြပြီ!

၅။ ဟေရှာယ ၅၄:၁၇ သည် ယေဟောဝါ၏ကျေးကျွန်များအဖြစ်တွင် မှန်ကန်ကြောင်း မည်သို့ထင်ရှားသနည်း။

ဘုရားသခင်သည် ရှေးဣသရေလအသင်းတော်ကို မိမိ၏ “မိန်းမ” အဖြစ်မိန့်ဆိုကာ ကိုယ်တော်ဤသို့ကတိပြုတော်မူခဲ့သည်– ‘သင့်တစ်ဖက်၌လုပ်သော လက်နက်တစ်စုံတစ်ခုမျှ အထမမြောက်ရ။ သင့်ကိုတရားတွေ့သောသူမည်သည်ကား အရှုံးခံရလိမ့်မည်။ ယေဟောဝါ၏ကျွန်တို့သည် ထိုသို့သောအမွေကိုခံရ၍ ငါ့ကြောင့် ဖြောင့်မတ်ရာသို့ရောက်ရကြလိမ့်မည်။’ (ဟေရှာ. ၅၄:၁၁ကဘ၊ ၁၇) ယင်းကတိတော်သည် ယုံကြည်စိတ်ချထိုက်ကြောင်း ဤ “နောက်ဆုံးသောနေ့ရက်များ” အတွင်း ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါ၏လူတို့အဖြစ်က သက်သေပြသည်။ (၂ တိ. ၃:၁-၅၊ ၁၃) ကျွန်ုပ်တို့သည် စာတန်ကို ဆက်၍ဆီးတားကြသည်၊ ဘုရားသခင့်လူမျိုးပပျောက်စေရန် သူကြိုးစားအသုံးပြုသောမည်သည့်လက်နက်မျှ အထမြောက်အောင်မြင်မည်မဟုတ်၊ အကြောင်းမှာ ယေဟောဝါသည် ကျွန်ုပ်တို့ဘက်တွင် ရှိတော်မူသောကြောင့်ဖြစ်သည်။—ဆာ. ၁၁၈:၆၊ ၇

၆။ ဒံယေလ၏ပရောဖက်ပြုချက်က စာတန်၏အုပ်ချုပ်မှုဆိုင်ရာအနာဂတ်အကြောင်း အဘယ်အရာဖော်ပြသနည်း။

ဆိုးသွမ်းသောဤလောကစနစ်တစ်ခုလုံး၏အဆုံး အလျင်အမြန်ချဉ်းကပ်လာနေရာ စာတန်၏အုပ်ချုပ်မှုကဏ္ဍအားလုံး လုံးဝပပျောက်ပါတော့မည်။ ဘုရားသခင့်မှုတ်သွင်းမှုဖြင့် ပရောဖက်ဒံယေလ ဤသို့ကြိုဟောခဲ့သည်– “ပျက်စီးခြင်းသို့မရောက်နိုင်သောနိုင်ငံတစ်ခုကို [ကျွန်ုပ်တို့အချိန်တွင်ရှိနေသော] ထိုမင်းကြီးများ လက်ထက်၌ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် [ကောင်းကင်တွင်] တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့မရောက်ရဘဲ အထက်ဆိုခဲ့ပြီးသော [ယခုတည်ရှိနေသော] နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။” (ဒံ. ၂:၄၅) ယင်းသို့ဖြစ်လာသောအခါ စာတန့်အုပ်ချုပ်မှုနှင့် မစုံလင်သောလူသားများ၏အုပ်ချုပ်မှုနှစ်ခုစလုံး ပျောက်ကွယ်သွားမည်။ စာတန့်လောကစနစ်၏ရှိသမျှသောအရာတို့သည် ထာဝစဉ်ပပျောက်သွားမည်ဖြစ်ပြီး ဘုရားသခင့်နိုင်ငံတော်သည် အတိုက်အခံမရှိ ကမ္ဘာတစ်ခုလုံးကို အုပ်ချုပ်မည်ဖြစ်သည်။—၂ ပေတရု ၃:၇၊ ၁၃ ကိုဖတ်ပါ။

၇။ ယေဟောဝါ၏ကျေးကျွန်များအနေနှင့် စာတန်ကို အောင်မြင်စွာဆီးတားနိုင်ကြောင်း မည်သို့သိရသနည်း။

ယေဟောဝါ၏အဖွဲ့အစည်းသည် ကာကွယ်စောင့်ရှောက်ခံရမည်ဖြစ်ပြီး ဘုရားသခင်၏မျက်နှာသာတော်ကို ဆက်၍ခံစားရမည်မှာ ယုံမှားဖွယ်မရှိချေ။ (ဆာလံ ၁၂၅:၁၊ ၂ ကိုဖတ်ပါ။) ကျွန်ုပ်တို့ကော အသို့နည်း။ ယေရှုသည် စာတန်ကိုဆီးတားရာတွင် အောင်မြင်ခဲ့သကဲ့သို့ပင် ကျွန်ုပ်တို့လည်း အောင်မြင်နိုင်ကြောင်း သမ္မာကျမ်းစာဖော်ပြသည်။ အမှန်တွင် တမန်တော်ယောဟန်မှတစ်ဆင့် ခရစ်တော်ပေးသော ပရောဖက်ပြုချက်က စာတန်၏ဆန့်ကျင်မှုရှိလင့်ကစား မြေကြီးမျှော်လင့်ချက်ရှိသော “လူအုပ်ကြီး” သည် ဤစနစ်အဆုံးကို ကပ်ကျော်လိမ့်မည်ဖြစ်ကြောင်း ဖော်ပြသည်။ သမ္မာကျမ်းစာအရ သူတို့ ဤသို့ကြွေးကြော်ကြသည်– “ပလ္လင်တော် ပေါ်တွင်ထိုင်တော်မူသော ဘုရားသခင်နှင့် သိုးသငယ် [ယေရှုခရစ်] တို့၏ ကျေးဇူးတော်ကြောင့် ငါတို့ကယ်တင်ခြင်းရကြ၏။” (ဗျာ. ၇:၉-၁၄) ဘိသိက်ပေးခံရသူများအား စာတန်ကို အောင်နိုင်သူများအဖြစ်ဖော်ပြပြီး သူတို့၏အပေါင်းပါ “အခြားသိုး” သည်လည်း စာတန်ကို အောင်မြင်စွာဆီးတားကြသည်။ (ယော. ၁၀:၁၆; ဗျာ. ၁၂:၁၀၊ ၁၁) သို့သော် ဇွဲရှိရှိကြိုးစားခြင်းနှင့် ‘ဆိုးညစ်သူ၏လက်မှ ကယ်နုတ်တော်မူပါ’ ရန်ထက်သန်စွာဆုတောင်းခြင်း ပြုလုပ်ဖို့လိုအပ်သည်။—မ. ၆:၁၃

စာတန်ကို ဆီးတားရာတွင် အကောင်းဆုံးပုံသက်သေ

၈။ တောကန္တာရ၌ ယေရှုနှင့်ရင်ဆိုင်ရာတွင် စာတန်အသုံးပြုသည့် ဦးဆုံးမှတ်တမ်းတင်သောစုံစမ်းသွေးဆောင်မှုမှာ အဘယ်နည်း၊ ခရစ်တော် မည်သို့တုံ့ပြန်ခဲ့သနည်း။

စာတန်သည် ယေရှု၏သမာဓိကို ချိုးဖျက်ရန် ကြိုးစားခဲ့သည်။ တောကန္တာရတွင် ယေဟောဝါအား ယေရှုနာခံမှုမတင်ပြရန် စာတန်ကြိုးစားရာ၌ စုံစမ်းသွေးဆောင်မှုများကို အသုံးပြုခဲ့သည်။ သို့သော် ယေရှုသည် စာတန်ကိုဆီးတားရာတွင် အကောင်းဆုံးပုံသက်သေကို ချမှတ်ခဲ့သည်။ ယေရှုသည် ရက် ၄၀ ပတ်လုံးအစာရှောင်ပြီးနောက်တွင် အစာစားလိုစိတ် ပြင်းပြပေမည်။ စာတန်က “သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲများကို မုန့်ဖြစ်စေရန် အမိန့်ပေးလော့” ဟုပြောခဲ့သည်။ သို့သော် ယေရှုသည် ဘုရားသခင်ပေးသောတန်ခိုးကို မိမိကိုယ်ကျိုးအတွက် အသုံးပြုရန်ငြင်းဆိုခဲ့သည်။ ယင်းအစား၊ ယေရှုဤသို့မိန့်တော်မူ၏– ‘“လူသည် မုန့်အားဖြင့်သာ အသက်ရှင်ရမည်မဟုတ်။ ယေဟောဝါမိန့်တော်မူသမျှအားဖြင့် အသက်ရှင်ရမည်” ဟူ၍ကျမ်းစာ၌ရေးထားသည်။’—မ. ၄:၁-၄; တရား. ၈:၃

၉။ ကျွန်ုပ်တို့၏သဘာဝသွေးသားဆန္ဒများကို အသုံးချရန် စာတန်၏စုံစမ်းသွေးဆောင်မှုများကို အဘယ်ကြောင့် ခုခံတွန်းလှန်ရမည်နည်း။

ယနေ့ စာတန်သည် ယေဟောဝါကျေးကျွန်များ၏ သဘာဝသွေးသားဆန္ဒများကို အသုံးချရန် ရှာကြံသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အထူးသဖြင့် အကျင့်ပျက်ပြားသောဤလောကတွင် တရားမဝင်သော လိင်ဆိုင်ရာသွေးဆောင်မှုများကိုခုခံတွန်းလှန်ရန် စိတ်ပိုင်းဖြတ်ထားကြရမည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်က ဤသို့အလေးအနက်ဖော်ပြသည်– “အဘယ်သို့နည်း။ မဖြောင့်မတ်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေခံရမည်မဟုတ်ကြောင်းကို သင်တို့မသိကြသလော။ လှည့်ဖြားခြင်းကို မခံကြနှင့်။ မတရားမေထုန်ပြုသူ၊ . . . အိမ်ထောင်ရေးဖောက်ပြန်သူ၊ မိန်းမလျှာဖြစ်သူ၊ ယောက်ျားချင်းမေထုန်ပြုသူ . . . တို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေခံရမည်မဟုတ်။” (၁ ကော. ၆:၉၊ ၁၀) ရှင်းနေသည်မှာ အကျင့်ပျက်ဘဝပုံစံနှင့်နေထိုင်ပြီး ပြောင်းလဲဖို့ငြင်းဆန်သောသူတို့သည် ဘုရားသခင့်ကမ္ဘာသစ်တွင် နေထိုင်ခွင့်ရကြမည်မဟုတ်။

၁၀။ မဿဲ ၄:၅၊ ၆ အရ ယေရှု၏သမာဓိကို ချိုးဖျက်ဖို့ကြိုးစားရာတွင် စာတန်အသုံးပြုသော နောက်ထပ်စုံစမ်းသွေးဆောင်မှုမှာ အဘယ်နည်း။

၁၀ တောကန္တာရတွင် ယေရှုကြုံခဲ့ရသောစုံစမ်းသွေးဆောင်မှုတစ်ခုနှင့်ပတ်သက်၍ သမ္မာကျမ်းစာက ဤသို့ဖော်ပြသည်– ‘စာတန်သည် ယေရှုကို သန့်ရှင်းသောမြို့တော်သို့ခေါ်ဆောင်သွား၍ ဝတ်ပြုရာအိမ်တော်အထွတ်၌ထားပြီးလျှင် “သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် အောက်သို့ခုန်ချလော့။ အကြောင်းမူကား ‘သင့်ကိုစောင့်ရှောက်ရန် ကောင်းကင်တမန်တို့အား မှာကြားထားတော်မူမည်။ သင်၏ခြေကို ကျောက်နှင့်မခိုက်မိစေရန် သူတို့သည် သင့်ကိုလက်နှင့် ချီပင့်ကြလိမ့်မည်’ ဟုကျမ်းစာ၌ ရေးထားသည်” ဟူ၍ဆို၏။’ (မ. ၄:၅၊ ၆) ယင်းသည် ယေရှုအား မေရှိယဖြစ်ကြောင်းကို တခမ်းတနားဖြင့်သက်သေပြရန် စာတန် စောင်းပါးရိပ်ခြည်ပြောခြင်းဖြစ်မည်ဟု ယူဆရသည်။ အမှန်မှာ ယင်းသည် ဘုရားသခင့်မျက်နှာသာနှင့် ထောက်မမှုရရှိမည်မဟုတ်သည့် မသင့်တော်သော၊ မာနထောင်လွှားသောလုပ်ရပ်ဖြစ်လိမ့်မည်။ ယေရှုသည် ယေဟောဝါအပေါ်ထားသည့် မိမိ၏သမာဓိကို ဆက်၍စောင့်ထိန်းခဲ့ပြန်ရာ ကျမ်းချက်တစ်ချက်ကိုးကားကာ တုံ့ပြန်ခဲ့သည်။ ကိုယ်တော်ဤသို့မိန့်တော်မူခဲ့သည်– “‘သင်၏ဘုရားသခင် ယေဟောဝါကို စမ်းသပ်ခြင်းမပြုရ’ ဟူ၍လည်း ကျမ်းစာ၌ ရေးထားသည်။”—မ. ၄:၇; တရား. ၆:၁၆

၁၁။ စာတန်သည် ကျွန်ုပ်တို့ကို မည်သို့စုံစမ်းသွေးဆောင်နိုင်သနည်း၊ အဘယ်ရလဒ်ဖြစ်နိုင်သနည်း။

၁၁ စာတန်သည် ကျွန်ုပ်တို့ ထင်ပေါ်ကျော်ကြားမှုကိုရှာရန် နည်းအမျိုးမျိုးဖြင့် သွေးဆောင်ပေမည်။ လောကတွင် အခိုက်အတန့်ခေတ်စားသည့်ဝတ်စားဖြီးလိမ်းပုံကို တုပရန်နှင့် ဒွိဟဖြစ်ဖွယ်ဖျော်ဖြေမှုများတွင် ပါဝင်ရန် ကျွန်ုပ်တို့ကို ကြိုးစားသွေးဆောင်ပေမည်။ သို့သော် ကျွန်ုပ်တို့သည် ကျမ်းစာဆုံးမစကားကို လျစ်လျူရှုပြီး လောကကို တုပမည်ဆိုလျှင် ထိုသို့သောလမ်းစဉ်၏ဆိုးကျိုးများမှ ကောင်းကင်တမန်များ၏ကာကွယ်မှုရရန် မျှော်လင့်နိုင်ပါမည်လော။ ဘုရင်ဒါဝိဒ်သည် ဗာသရှေဘနှင့်ပတ်သက်သော မိမိအမှားကို နောင်တရခဲ့သော်လည်း မိမိလုပ်ရပ်၏အကျိုးဆက်များမှ ကာကွယ်မခံခဲ့ရပါ။ (၂ ရာ. ၁၂:၉-၁၂) လောကနှင့် မိတ်ဆွေဖွဲ့ခြင်းဖြစ်နိုင်သည့် မသင့်တော်သောနည်းများဖြင့် ယေဟောဝါကို မစမ်းသပ်ကြပါနှင့်။—ယာကုပ် ၄:၄; ၁ ယောဟန် ၂:၁၅-၁၇ တို့ကိုဖတ်ပါ။

၁၂။ မဿဲ ၄:၈၊ ၉ တွင်မှတ်တမ်းတင်ထားသော စုံစမ်းသွေးဆောင်မှုကား အဘယ်နည်း၊ ဘုရားသခင့်သားတော်သည် မည်သို့တုံ့ပြန်ခဲ့သနည်း။

၁၂ တောကန္တာရတွင် စာတန်အသုံးပြုခဲ့သော နောက်ထပ်စုံစမ်းသွေးဆောင်မှုတွင် ယေရှုကို နိုင်ငံရေးတန်ခိုးအာဏာကမ်းလှမ်းခြင်း ပါဝင်သေးသည်။ စာတန်သည် ယေရှုအား တိုင်းနိုင်ငံရှိသမျှနှင့် ယင်းတို့၏တန်ခိုးစည်းစိမ်တို့ကို ပြညွှန်ပြီး ဤသို့ပြောခဲ့သည်– “သင်သည် ငါ့ကို တစ်ကြိမ်သာပျပ်ဝပ်၍ကိုးကွယ်လျှင် ဤအရာရှိသမျှတို့ကိုငါပေးမည်။” (မ. ၄:၈၊ ၉) ယင်းသည် ယေဟောဝါပိုင်ဆိုင်တော်မူသောကိုးကွယ်မှုကိုရရန်၊ ယေရှုသည် ဘုရားသခင်အပေါ်တည်ကြည်မှုမရှိကြောင်းသက်သေပြရန် မသမာသောကြိုးပမ်းမှုဖြစ်သည်! ဝတ်ပြုကိုးကွယ်ခံလိုသည့်ဆန္ဒကို တအုံနွေးနွေးစဉ်းစားခြင်းဖြင့် တစ်ချိန်ကသစ္စာရှိခဲ့သော ထိုကောင်းကင်တမန်သည် အပြစ်ရှိသော၊ တပ်မက်စိတ်ရှိသော၊ ဆိုးရွားလှသောသွေးဆောင်သူစာတန်ဖြစ်လာခဲ့သည်။ (ယာ. ၁:၁၄၊ ၁၅) ယင်းနှင့်လုံးလုံးခြားနားလျက် ယေရှုမူ ကောင်းကင်ခမည်းတော်အပေါ် အစဉ်အမြဲတည်ကြည်သွားရန် စိတ်ပိုင်းဖြတ်ထားသောကြောင့် ဤသို့မိန့်ဆိုခဲ့သည်– “အချင်းစာတန်၊ ထွက်သွားလော့။ ‘သင်၏ဘုရားသခင်ယေဟောဝါကို ကိုးကွယ်ရမည်။ ကိုယ်တော်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ ကျမ်းစာ၌ရေးထားသည်။” ဤသို့ဖြင့် ယေရှုသည် စာတန်ကို ရှင်းလင်းပြတ်သားစွာ ဆီးတားခဲ့ပြန်သည်။ ဘုရားသခင့်သားတော်သည် စာတန်၏လောကအဝင်မဖြစ်လိုခဲ့ပါ၊ ထိုဆိုးညစ်သူကို ဘယ်တော့မျှကိုးကွယ်မည်မဟုတ်ပါ!—မ. ၄:၁၀; တရား. ၆:၁၃; ၁၀:၂၀

‘စာတန်ကိုဆီးတားကြလော့၊ သင်တို့ထံကပြေးသွားလိမ့်မည်’

၁၃၊ ၁၄။ (က) လောကတိုင်းနိုင်ငံရှိသမျှကို ယေရှုအားပြညွှန်ခြင်းဖြင့် စာတန်သည် ကိုယ်တော်အား အဘယ်အရာကမ်းလှမ်းသနည်း။ (ခ) စာတန်သည် ကျွန်ုပ်တို့အား ယိုယွင်းပျက်စီးစေရန် မည်သို့သွေးဆောင်သနည်း။

၁၃ ယေရှုအား လောကတိုင်းနိုင်ငံရှိသမျှကိုပြသခြင်းဖြင့် ယခင်က မည်သည့်လူသားမျှမရရှိခဲ့ဖူးသော အခွင့်အာဏာကို စာတန်ကမ်းလှမ်းနေခြင်းဖြစ်သည်။ ယေရှုသည် မြင်တွေ့ရသည့်အရာတို့ကို နှစ်သက်မည်၊ ကမ္ဘာပေါ်တွင် တန်ခိုးအကြီးဆုံးနိုင်ငံရေးခေါင်းဆောင်ဖြစ်လာနိုင်ကြောင်း ယုံကြည်စိတ်ချမည်ဟု စာတန်မျှော်လင့်ခဲ့သည်။ ယနေ့အချိန်တွင် စာတန်သည် ကျွန်ုပ်တို့အား တိုင်းနိုင်ငံများကိုမကမ်းလှမ်းပါ၊ သို့သော် ကျွန်ုပ်တို့မြင်သည့်၊ ကြားသည့်၊ စဉ်းစားသည့်အရာများမှတစ်ဆင့် ကျွန်ုပ်တို့စိတ်နှလုံးယိုယွင်းစေရန် သွေးဆောင်သည်။

၁၄ စာတန်သည် ဤလောကကို ထိန်းချုပ်ထားသည်။ သို့ဖြစ်၍ လောကရှိ ဆက်သွယ်ရေးမီဒီယာများကို သူထိန်းချုပ်ထား၏။ ထို့ကြောင့် လောကရှိကြည့်ရှုစရာ၊ နားထောင်စရာ၊ ဖတ်စရာများသည် အကျင့်ယိုယွင်းမှု၊ အကြမ်းဖက်မှုတို့နှင့်ပြည့်နှက်နေသည်မှာ အံ့ဩစရာမဟုတ်ပါ။ ဤလောက၏ကြော်ငြာများက ကျွန်ုပ်တို့အတွက် မလိုအပ်သည့်အရာများစွာကို ဝယ်ယူလိုစိတ်ရှိရန် ကျွန်ုပ်တို့ကို ကြိုးစားပုံသွင်းသည်။ ဤနည်းဖြင့် စာတန်သည် ကျွန်ုပ်တို့၏မျက်စိ၊ နားနှင့်စိတ်နှလုံးနှစ်သက်စွဲမက်စေနိုင်သည့် ရုပ်ပစ္စည်းဆွဲဆောင်မှုများနှင့် အဆက်မပြတ်သွေးဆောင်သည်။ သို့သော် ကျွန်ုပ်တို့သည် ကျမ်းစာမူများနှင့်ဆန့်ကျင်သည့်အရာကို ကြည့်ရှုခြင်း၊ နားထောင်ခြင်းနှင့် ဖတ်ရှုခြင်းတို့ကိုမပြုသည့်အခါ အမှန်တွင် ဤသို့ပြောနေခြင်းဖြစ်သည်– “အချင်းစာတန်၊ ထွက်သွားလော့။” ဤသို့ဖြင့် ကျွန်ုပ်တို့သည် စာတန်၏မသန့်ရှင်းသောလောကကို ငြင်းပယ်ရာတွင် ခိုင်မာပြတ်သားမှုရှိခြင်းဖြင့် ယေရှုကို တုပကြသည်။ ကျွန်ုပ်တို့သည် စာတန့်လောကအဝင်မဖြစ်ကြောင်းကို အလုပ်၊ ကျောင်း၊ ရပ်ကွက်နှင့် ဆွေမျိုးများကြားတွင် မိမိတို့ကိုယ်ကို ယေဟောဝါသက်သေများနှင့် ခရစ်တော်၏နောက်လိုက်များဖြစ်ကြောင်း ရဲရင့်စွာခွဲခြားသိမြင်စေပုံတွင်လည်း တွေ့မြင်ရသည်။—မာကု ၈:၃၈ ကိုဖတ်ပါ။

၁၅။ စာတန်ကို ဆီးတားရာတွင် အဆက်မပြတ်နိုးကြားနေရမည်ဟု အဘယ်ကြောင့် ဆိုလိုသနည်း။

၁၅ ဘုရားသခင်အပေါ်ထားသော ယေရှု၏သမာဓိကိုချိုးဖျက်ရန် စာတန်၏တတိယအကြိမ်သွေးဆောင်မှု မအောင်မြင်သည့်နောက် ‘စာတန်သည် ကိုယ်တော်ထံမှထွက်သွားလေ၏။’ (မ. ၄:၁၁) သို့သော် စာတန်သည် ယေရှုကို နောက်ထပ်သွေးဆောင်ရန် မကြိုးစားဘဲမနေခဲ့ပါ၊ အကြောင်းမှာ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– ‘စာတန်သည် [တောကန္တာရတွင်] သွေးဆောင်ခြင်းအလုံးစုံကိုပြုပြီးလျှင် အထံတော်မှထွက်သွား၍ အခွင့်အခါကောင်းကို စောင့်နေလေ၏။’ (လု. ၄:၁၃) စာတန်ကို ဆီးတားရာတွင် ကျွန်ုပ်တို့အောင်မြင်သောအခါ ယေဟောဝါကို ကျွန်ုပ်တို့ကျေးဇူးတင်သင့်သည်။ သို့သော် ဘုရားသခင့်အကူအညီကိုလည်း ဆက်၍ရှာသင့်သည်၊ အကြောင်းမှာ စုံစမ်းသွေးဆောင်မှုလာနိုင်သည်ဟု ကျွန်ုပ်တို့မျှော်လင့်ချိန်တွင်မဟုတ်ဘဲ စာတန်သည် သူ့အတွက် အဆင်ပြေသည့်အခြားအချိန်တွင် ကျွန်ုပ်တို့အား သွေးဆောင်ရန် ပြန်လာမည်ဖြစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် တစ်ချိန်လုံးနိုးကြားနေရမည်ဖြစ်သည်၊ စုံစမ်းမှုများကြုံရမည်ဖြစ်သော်လည်း ယေဟောဝါ၏မြင့်မြတ်သောလုပ်ငန်းတော်ကို မဆုတ်မနစ်သောဇွဲဖြင့်ထမ်းဆောင်ရာတွင် အဆင်သင့်ရှိရမည်။

၁၆။ ယေဟောဝါသည် ကျွန်ုပ်တို့အား အဘယ်တန်ခိုးကြီးသောစွမ်းအားကို ပေးတော်မူသနည်း၊ ယင်းအတွက် အဘယ်ကြောင့် ဆုတောင်းသင့်သနည်း။

၁၆ စာတန်ကိုဆီးတားဖို့ ကြိုးစားအားထုတ်ရာတွင် အထောက်အကူရဖို့ စကြဝဠာတွင် တန်ခိုးစွမ်းအားအကြီးဆုံးဖြစ်သော ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်ကိုရရှိမည်ဟူသည့် ယုံကြည်စိတ်ချမှုအပြည့်ဖြင့် ဆုတောင်းသင့်သည်။ ယင်းက ကျွန်ုပ်တို့၏ကိုယ်ပိုင်ခွန်အားနှင့်မလုပ်ဆောင်နိုင်သည့်အရာများကို လုပ်ဆောင်စေနိုင်မည်ဖြစ်သည်။ ယေရှုသည် မိမိနောက်လိုက်မျာအား ဘုရားသခင့်စွမ်းအားတော် ရရှိနိုင်သည်ကို ဤသို့စိတ်ချစေခဲ့သည်– “သင်တို့သည် [မစုံလင်ကြဘဲ အနည်းနှင့်အများ] လူဆိုးဖြစ်လျက်ပင် ကိုယ့်သားသမီးတို့အား ကောင်းသောဆုလက်ဆောင်ကို ပေးတတ်လျှင် ထိုမျှမက ကောင်းကင်ဘုံရှိ သင်တို့၏အဖသည် တောင်းသောသူတို့အား သန့်ရှင်းသောစွမ်းအားတော်ကို သာ၍ပေးတော်မူမည်။” (လု. ၁၁:၁၃) ယေဟောဝါ၏သန့်ရှင်းသောစွမ်းအားတော်ရရှိရန် ကိုယ်တော့်ထံ ဆက်၍ဆုတောင်းကြပါစို့။ စာတန်ကိုဆီးတားဖို့ ကျွန်ုပ်တို့စိတ်ဆုံးဖြတ်ရာတွင် ဤတန်ခိုးအကြီးဆုံးစွမ်းအား၏အကူအညီဖြင့် အောင်မြင်မှုများစွာ ရရှိနိုင်ပါလိမ့်မည်။ ကျွန်ုပ်တို့သည် မှန်မှန်နှင့် ထက်ထက်သန်သန်ဆုတောင်းခြင်းအပြင် ‘စာတန်၏စဉ်းလဲသည့် ပရိယာယ်များကိုခုခံ၍ အခိုင်အမာရပ်တည်နိုင်ရန်’ ဘုရားသခင်ထံမှလာသောပုံဆောင်လက်နက်စုံကို ဝတ်ဆင်ရန်လိုသည်။—ဧ. ၆:၁၁-၁၈

၁၇။ စာတန်ကို ခုခံတွန်းလှန်ရာတွင် ယေရှုကို အဘယ်ရွှင်လန်းမှုက ထောက်ကူခဲ့သနည်း။

၁၇ စာတန်ကိုဆီးတားရာတွင် ယေရှုကို ထောက်ကူပေးသည့်အခြားအရာရှိသေးသည်၊ ယင်းက ကျွန်ုပ်တို့ကိုလည်း ထောက်ကူပေးနိုင်သည်။ သမ္မာကျမ်းစာဤသို့ဖော်ပြသည်– “ကိုယ်တော် [ယေရှု] သည် မိမိရှေ့၌ရှိသော ဝမ်းမြောက်စရာအကြောင်းကြောင့် အရှက်ခွဲခံရခြင်းကို ဂရုမစိုက်ဘဲ ညှဉ်းဆဲရာသစ်တိုင်တွင် အသေခံပြီးလျှင် ဘုရားသခင်၏ပလ္လင် လက်ယာတော်ဘက်တွင် ထိုင်နေ၏။” (ဟေဗြဲ ၁၂:၂) ကျွန်ုပ်တို့သည် ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ထောက်ခံခြင်း၊ ကိုယ်တော်၏သန့်ရှင်းသောနာမတော်ကို ဂုဏ်တင်ခြင်းနှင့် ကျွန်ုပ်တို့ရှေ့တွင်ရှိသော ထာဝရအသက်ဆုကျေးဇူးကို မျက်မှောက်ပြုခြင်းအားဖြင့် အလားတူဝမ်းမြောက်နိုင်ကြသည်။ စာတန်နှင့် သူ၏လုပ်ဆောင်မှုမှန်သမျှ ထာဝစဉ်ချေဖျက်ခံရပြီး ‘စိတ်နှိမ့်ချသောသူတို့မူကား မြေကြီးကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်’ သောအခါ ကျွန်ုပ်တို့ ရွှင်လန်းဝမ်းမြောက်ကြပါလိမ့်မည်! (ဆာ. ၃၇:၁၁) ထို့ကြောင့် ယေရှုသည် စာတန်ကို ဆီးတားခဲ့သကဲ့သို့ ကျွန်ုပ်တို့လည်း ဆက်၍ဆီးတားကြပါစို့။—ယာကုပ် ၄:၇၊ ၈ ကိုဖတ်ပါ။

သင်မည်သို့ဖြေဆိုမည်နည်း

• ယေဟောဝါသည် မိမိလူတို့ကို ကာကွယ်စောင့်ရှောက်ကြောင်း အဘယ်အထောက်အထားရှိသနည်း။

• ယေရှုသည် စာတန်ကိုဆီးတားရာတွင် မည်သို့ ပုံသက်သေ ချမှတ်ခဲ့သနည်း။

• အဘယ်နည်းများဖြင့် စာတန်ကို သင်ဆီးတားနိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၉ ပါပုံ]

လောကနှင့်မိတ်ဆွေဖွဲ့ခြင်းက ကျွန်ုပ်တို့ကို ဘုရားသခင်နှင့်ရန်ဘက်ဖြစ်စေသည်

[စာမျက်နှာ ၃၁ ပါပုံ]

ယေရှုသည် စာတန်ကမ်းလှမ်းသည့် လောကတိုင်းနိုင်ငံရှိသမျှကို ငြင်းပယ်ခဲ့