မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စေ့စေ့စပ်စပ်သက်သေခံရန် စိတ်ပိုင်းဖြတ်ထားပါ

စေ့စေ့စပ်စပ်သက်သေခံရန် စိတ်ပိုင်းဖြတ်ထားပါ

စေ့စေ့စပ်စပ်သက်သေခံရန် စိတ်ပိုင်းဖြတ်ထားပါ

“လူတို့အားဟောပြော၍ စေ့စေ့စပ်စပ်သက်သေခံကြရန် ငါတို့ကို [သခင်] မိန့်မှာတော်မူ၏။”—တ. ၁၀:၄၂

၁။ ကော်နေလိရှေ့ စကားပြောချိန်တွင် ပေတရုသည် အဘယ်တာဝန်ကိုပေါ်လွင်စေခဲ့သနည်း။

အီတလီလူမျိုး စစ်တပ်အရာရှိတစ်ဦးသည် မိမိ၏ဆွေမျိုးများနှင့် မိတ်ဆွေများကိုစုဝေးခဲ့ရာ လူသားတို့နှင့်ဘုရားသခင်ဆက်ဆံပုံ အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့သည်။ ဘုရားသခင်ကိုကြောက်ရွံ့သောထိုသူမှာ ကော်နေလိဖြစ်သည်။ တမန်တော်ပေတရုက တမန်တော်တို့သည် ယေရှုအကြောင်း “လူတို့အားဟောပြော၍ စေ့စေ့စပ်စပ်သက်သေခံကြရန်” အမိန့်ရရှိထားကြောင်း ထိုအုပ်စုအားပြောပြခဲ့သည်။ ပေတရု၏သက်သေခံချက်က အံ့ဖွယ်ရလဒ်များစွာရရှိခဲ့သည်။ အရေဖျားလှီးခြင်းမခံသောတစ်ပါးအမျိုးသားများသည် ဘုရားသခင့်စွမ်းအားတော်ကိုခံရပြီး နှစ်ခြင်းခံကြကာ ယေရှုနှင့်အတူ ကောင်းကင်တွင် ဘုရင်များဖြစ်ခွင့်အလားအလာ ရရှိလာခဲ့ကြသည်။ ပေတရု၏စေ့စေ့စပ်စပ်သက်သေခံမှု၏ ရလဒ်ကောင်းပင်။—တ. ၁၀:၂၂၊ ၃၄-၄၈

၂။ သက်သေခံရန်တာဝန်မှာ တမန်တော် ၁၂ ပါးနှင့်သာ မကန့်သတ်ထားကြောင်း မည်သို့သိရသနည်း။

ယင်းမှာ စီအီး ၃၆ ကဖြစ်သည်။ ယင်းမတိုင်မီနှစ်နှစ်ခန့်တွင် ခရစ်ယာန်များအား အပြင်းအထန်ဆန့်ကျင်ခဲ့သူတစ်ဦး၏ အသက်တာအပြောင်းအလဲ ဖြစ်ခဲ့သည်။ တာရှုမြို့သားရှောလုသည် ဒမတ်စကတ်မြို့သို့သွားနေစဉ် ယေရှုသည် သူ့ရှေ့ပေါ်ထွန်းပြီး “ထ၍မြို့ထဲသို့ဝင်လော့။ သင်ပြုရမည့်အမှုကို ပြောကြားလိမ့်မည်” ဟုမိန့်တော်မူခဲ့၏။ ယေရှုက တပည့်ဖြစ်သူအာနနိအား ရှောလုသည် ‘လူမျိုးခြားတို့နှင့် ရှင်ဘုရင်များထံသို့၊ အစ္စရေးလူမျိုးထံသို့’ သက်သေခံမည့်သူဖြစ်ကြောင်း စိတ်ချစေခဲ့သည်။ (တမန်တော် ၉:၃-၆၊ ၁၃-၂၀ ကိုဖတ်ပါ။) ရှောလုနှင့်တွေ့သည့်အခါ အာနနိဤသို့ပြော၏– “ငါတို့ဘိုးဘေးများ၏ဘုရားသခင်သည် သင့်ကိုရွေးကောက်တော်မူပြီ။ အကြောင်းမူကား သင်သည် . . . လူအပေါင်းတို့ထံ . . . ကိုယ်တော်၏သက်သေ ဖြစ်ရမည်။” (တ. ၂၂:၁၂-၁၆) နောက်ပိုင်း ပေါလုဟုလူသိများလာသူ ရှောလုသည် သက်သေခံရန်တာဝန်ကို မည်သို့အလေးအနက်လုပ်ဆောင်ခဲ့သနည်း။

သူသည် စေ့စေ့စပ်စပ်သက်သေခံခဲ့

၃။ (က) အထူးသဖြင့် အဘယ်မှတ်တမ်းကို အာရုံစိုက်ကြမည်နည်း။ (ခ) ပေါလု၏သတင်းကို ဧဖက်အကြီးအကဲများ မည်သို့တုံ့ပြန်ခဲ့သနည်း၊ အဘယ်ပုံသက်သေကောင်းကို ချမှတ်သနည်း။

ယင်းနောက်ပိုင်း ပေါလုပြုလုပ်ခဲ့ရာအားလုံးကို အသေးစိတ်လေ့လာခြင်းသည် အလွန်စိတ်ဝင်စားဖွယ်ကောင်းပေမည်၊ သို့သော် ယခု တမန်တော် အခန်းကြီး ၂၀ တွင်ဖော်ပြထားသည့် စီအီး ၅၆ ခုနှစ်ခန့်က ပေါလုဟောခဲ့သည့်ဟောပြောချက်တစ်ခုကို အာရုံစိုက်ကြစို့။ ပေါလုသည် ယင်းဟောပြောချက်ကို သူ၏တတိယခရစ်ယာန်သာသနာပြုခရီးပြီးခါနီးတွင် ဟောခဲ့ခြင်းဖြစ်သည်။ အေဂျီယန်ပင်လယ် ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သော မိလက်မြို့သို့ရောက်သော် သင်္ဘောပေါ်မှဆင်းပြီး ဧဖက်အသင်းတော်အကြီးအကဲများကို အခေါ်လွှတ်ခဲ့သည်။ ဧဖက်မြို့သည် မိုင် ၃၀ အကွာတွင်ရှိပြီး အကွေ့အကောက်များသောလမ်းများကြောင့် ခရီးပိုရှည်သည်။ ပေါလု၏သတင်းကိုလက်ခံရရှိသည့်အခါ ဧဖက်အကြီးအကဲများ မည်မျှစိတ်လှုပ်ရှားကြသည်ကို သင်မြင်ယောင်ကြည့်နိုင်သည်။ (သု. ၁၀:၂၈ နှင့်နှိုင်းယှဉ်ပါ။) သို့ဖြင့် သူတို့သည် မိလက်မြို့သို့သွားရန် အစီအစဉ်များပြုလုပ်ကြပေမည်။ သူတို့ထဲမှတချို့သည် အလုပ်မှခွင့်ယူခဲ့ကြ သို့မဟုတ် ဆိုင်များပိတ်ခဲ့ကြရပါသလော။ ယနေ့ ခရစ်ယာန်များစွာသည် နှစ်စဉ်ကျင်းပသောခရိုင်စည်းဝေးကြီး၏ အစီအစဉ်ပိုင်းတစ်ခုကိုပင်မပျက်ကွက်စေရန် ထိုသို့ပင်ပြုလုပ်မည်ဖြစ်ကြောင်း သေချာသည်။

၄။ ပေါလုသည် နှစ်အတန်ကြာဧဖက်မြို့၌ရှိစဉ် အဘယ်လမ်းစဉ်လိုက်ခဲ့သနည်း။

အကြီးအကဲများမရောက်လာမီအချိန်ဖြစ်သော သုံးလေးရက်အတွင်း မိလက်မြို့တွင် ပေါလုအဘယ်အရာပြုလုပ်ခဲ့သည်ဟု သင်ထင်သနည်း။ သင်သာဆိုလျှင် အဘယ်အရာပြုလုပ်မည်နည်း။ (တမန်တော် ၁၇:၁၆၊ ၁၇ နှင့်နှိုင်းယှဉ်ပါ။) အဖြေရရှိရန် ဧဖက်အကြီးအကဲများအားပြောခဲ့သည့် ပေါလု၏စကားများက အထောက်အကူပြုသည်။ ဧဖက်မြို့တွင်ရှိချိန်အပါအဝင် အစောပိုင်းနှစ်များတစ်လျှောက်တွင် သူ၏ဘဝပုံစံဖြစ်သော ဟောပြောခြင်းလုပ်ငန်းအကြောင်း သူပြောခဲ့သည်။ (တမန်တော် ၂၀:၁၈-၂၁ ကိုဖတ်ပါ။) ဆန့်ကျင်မှုကိုမကြောက်ဘဲ သူဤသို့ပြော၏– “ငါသည် အာရှနယ်သို့ ရောက်သောနေ့မှစ၍ . . . မည်သို့ကျင့်ကြံပြုမူသည်ကို သင်တို့ကောင်းစွာသိကြ၏။ . . . ငါသည် . . . စေ့စေ့စပ်စပ် သက်သေခံ၏။” မှန်ပါသည်၊ သူသည် ယေရှုထံမှရရှိထားသောတာဝန်ကိုဆောင်ရွက်ရန် စိတ်ပိုင်းဖြတ်ထားသည်။ ယင်းတာဝန်ကို ဧဖက်မြို့တွင် မည်သို့ဆောင်ရွက်ခဲ့သနည်း။ တစ်နည်းမှာ ဂျူးများကိုသက်သေခံခြင်း၊ ဂျူးများစွာကိုတွေ့နိုင်သည့်နေရာသို့သွားခြင်းဖြစ်သည်။ စီအီး ၅၂-၅၅ ခန့်က ဧဖက်မြို့တွင်ပေါလုရှိနေစဉ် သူသည် တရားဇရပ်သို့ဝင်၍ “ဟောပြောလျက် သွေးဆောင်လေ၏” ဟုလုကာမှတ်တမ်းတင်ထားသည်။ ဂျူးများက “စိတ်ခိုင်မာ၍မယုံကြည်” သည့်အခါ ပေါလုသည် မြို့၏အခြားနေရာသို့ပြောင်းကာ အခြားသူတို့ကိုဆက်ဟောပြောခဲ့သည်။ သို့ဖြင့် သူသည် ထိုမြို့ကြီးတွင်ရှိသော ဂျူးများနှင့် ဂရိလူမျိုးတို့ကို သက်သေခံခဲ့သည်။—တ. ၁၉:၁၊ ၈၊ ၉

၅၊ ၆။ ပေါလုတစ်အိမ်မှတစ်အိမ်ဟောပြောရာတွင် မယုံကြည်သူများပါကြောင်း အဘယ်ကြောင့်စိတ်ချနိုင်သနည်း။

ခရစ်ယာန်ဖြစ်လာသူအချို့သည် အချိန်တန်သည့်အခါ အကြီးအကဲများအဖြစ် အရည်အချင်းပြည့်မီလာကြပြီး ပေါလုသည် ထိုသူတို့ကို မိလက်မြို့၌ တွေ့ဆုံပြောဆိုခဲ့သည်။ သူတို့ကို ပေါလုက မိမိအသုံးပြုခဲ့သောနည်းကို ဤသို့ပြန်အသိပေးခဲ့၏– “သင်တို့၏အကျိုးကိုပြုစုရန် တစ်စုံတစ်ခုကိုမျှ ငါမထိမ်မဝှက်။ လူရှေ့သူရှေ့တွင်လည်းကောင်း၊ တစ်အိမ်မှတစ်အိမ်သွား၍လည်းကောင်း သင်တို့အား ဟောပြောသွန်သင်ပေးခဲ့၏။” မျက်မှောက်ခေတ်တွင် တချို့သူတို့က ဤတွင်ပေါလုသည် ယုံကြည်သူများထံသိုးထိန်းလည်ပတ်ခြင်းကိုသာ ရည်ညွှန်းခြင်းဖြစ်သည်ဟုဆိုကြ၏။ သို့သော် ထိုသို့မဟုတ်ပါ။ ‘လူရှေ့သူရှေ့တွင်နှင့် တစ်အိမ်မှတစ်အိမ်သွား၍ ဟောပြောသွန်သင်’ ဟူသည့်ဖော်ပြချက်က အဓိကအားဖြင့် မယုံကြည်သူတို့ကြားတွင် သတင်းကောင်းဟောပြောခြင်းနှင့်သက်ဆိုင်သည်။ ယင်းသို့ဖြစ်ကြောင်း သူနောက်ထပ်ပြောသည့်စကားများက ထင်ရှားသည်။ ပေါလုက မိမိသည် “ဘုရားသခင်၏ရှေ့တော်၌ နောင်တရခြင်းနှင့် ငါတို့၏သခင်ယေရှုကို ယုံကြည်ခြင်းအကြောင်း ဂျူးတို့နှင့် ဂရိလူတို့အား” သက်သေခံခဲ့သည်ဟု ပြောခဲ့၍ဖြစ်သည်။ ရှင်းနေသည်မှာ ပေါလုသည် နောင်တရရန်လိုအပ်သော၊ ယေရှုကိုယုံကြည်ရန်လိုအပ်သော မယုံကြည်သူများကို သက်သေခံခဲ့ခြင်းဖြစ်သည်။—တ. ၂၀:၂၀၊ ၂၁

ခရစ်ယာန်ဂရိကျမ်းစာကို ကျယ်ကျယ်ပြန့်ပြန့်ဆန်းစစ်လေ့လာရာတွင် ကျမ်းပညာရှင်တစ်ဦးက တမန်တော် ၂၀:၂၀ နှင့်ပတ်သက်၍ ဤသို့ဆို၏– “ပေါလုသည် ဧဖက်တွင် သုံးနှစ်နေခဲ့သည်။ သူသည် အိမ်တိုင်းကိုလည်ပတ်ခဲ့ သို့မဟုတ် အနည်းဆုံး လူအားလုံးကို ဟောပြောခဲ့သည်။ (အခန်းငယ် ၂၆) ဤသည်မှာ လူစုဝေးရာအစည်းအဝေးများ၌ ဟောပြောသည့်အပြင် တစ်အိမ်မှတစ်အိမ်သတင်းကောင်းဟောပြောခြင်းအတွက် ကျမ်းဆိုင်ရာအထောက်အထားဖြစ်သည်။” ဤကျမ်းပညာရှင်အဆိုအရ ပေါလုသည် စာသားအတိုင်း အိမ်တိုင်းသို့လည်ပတ်ခဲ့သည်ဖြစ်စေ၊ မလည်ပတ်ခဲ့သည်ဖြစ်စေ သူသည် ဧဖက်အကြီးအကဲများအား သူသက်သေခံခဲ့ပုံနှင့် ယင်း၏အကျိုးဆက်ကို မမေ့လျော့စေလိုခဲ့ပါ။ လုကာဤသို့မှတ်တမ်းတင်ခဲ့၏– “အာရှနယ်ရှိ ဂျူးနှင့် ဂရိလူရှိသမျှတို့သည် သခင်၏တရားစကားတော်ကို ကြားကြရ၏။” (တ. ၁၉:၁၀) သို့သော် အာရှနယ်ရှိ “ရှိသမျှ” တို့သည် မည်သို့ကြားနိုင်ခဲ့ကြသနည်း၊ ယင်းက ကျွန်ုပ်တို့၏သက်သေခံခြင်းနှင့်ပတ်သက်၍ အဘယ်အရာကိုဖော်ပြနိုင်သနည်း။

၇။ ပေါလု၏ဟောပြောခြင်းသည် သူတိုက်ရိုက်သက်သေခံခဲ့သူတို့ကိုကျော်လွန်ကာ မည်သို့အကျိုးရှိပုံရသနည်း။

ပေါလုသည် လူစုဝေးရာနေရာများနှင့် တစ်အိမ်မှတစ်အိမ်ဟောပြောခဲ့ခြင်းကြောင့် များစွာသောသူတို့ သတင်းစကားကိုကြားခဲ့ရသည်။ ဧဖက်တွင်နေထိုင်ကြသည့် ပေါလု၏သတင်းစကားကြားသူအားလုံးသည် စီးပွားရေးလုပ်ငန်းဖြင့်အခြားဒေသသို့သွားခြင်းမရှိသူ၊ အနီးအနားဆွေမျိုးများထံသို့သွားခြင်းမရှိသူ၊ ရှုပ်ထွေးပြီးပျာယာခတ်နေသည့်မြို့ကြီးဘဝမှ ထွက်ခွာခြင်းမရှိသူတို့သာဖြစ်ပုံရသည်ဟု သင်ထင်ပါသလော။ ထင်မည်မဟုတ်ပါ။ ယနေ့များစွာသောသူတို့သည် ယင်းအကြောင်းရင်းများကြောင့် သွားလာနေကြရာ သင်လည်း အလားတူသွားလာသူဖြစ်နိုင်သည်။ ထို့ပြင် ထိုအချိန်က အခြားဒေသမှလူတို့သည် လူမှုရေး သို့မဟုတ် ကူးသန်းရောင်းဝယ်ရေးကိစ္စများကြောင့် ဧဖက်မြို့သို့ရောက်ရှိခဲ့ကြသည်။ ဧဖက်တွင်ရှိစဉ် သူတို့သည် ပေါလုနှင့်ဆုံတွေ့ခဲ့ သို့မဟုတ် သူ၏သက်သေခံချက်ကို ကြားခဲ့ကြပေမည်။ အိမ်သို့ပြန်ရောက်သည့်အခါ မည်သို့ဖြစ်မည်နည်း။ အမှန်တရားကိုလက်ခံခဲ့ကြသူတို့သည် သက်သေခံကြပေမည်။ အခြားသူများမှာမူ ယုံကြည်သူများဖြစ်မလာသည့်တိုင် ဧဖက်တွင်ရှိစဉ် သူတို့ကြားခဲ့ရာကို ပြန်ပြောပြကြပေမည်။ သို့ဖြင့် ဆွေမျိုးများ၊ အိမ်နီးချင်းများ သို့မဟုတ် ဈေးဝယ်သူများသည် အမှန်တရားသတင်းကိုကြားရပြီး တချို့လက်ခံခဲ့ကြပေမည်။ (မာကု ၅:၁၄ နှင့်နှိုင်းယှဉ်ပါ။) ဤအချက်က စေ့စေ့စပ်စပ်သက်သေခံခြင်းမှ သင်ရရှိနိုင်သည့်အကျိုးဆက်နှင့်ပတ်သက်၍ အဘယ်အရာဖော်ပြသနည်း။

၈။ အာရှနယ်တစ်ဝန်းတွင်ရှိသောသူတို့သည် အမှန်တရားကို မည်သို့ကြားခဲ့ကြခြင်းဖြစ်မည်နည်း။

အစောပိုင်း ဧဖက်မြို့၌ ဓမ္မအမှုဆောင်ချိန်နှင့်ပတ်သက်၍ ပေါလုက “ငါ၏ရှေ့တွင် ဆောင်ရွက်စရာလုပ်ငန်းတံခါးကြီး ပွင့်လျက်ရှိ၏” ဟုရေးခဲ့သည်။ (၁ ကော. ၁၆:၈၊ ၉) အဘယ်တံခါးကြီးနည်း၊ သူ့အတွက် မည်သို့ပွင့်ခဲ့သနည်း။ ပေါလုသည် ဧဖက်မြို့တွင် စွဲစွဲမြဲမြဲဓမ္မအမှုဆောင်ခဲ့ခြင်းကြောင့် သတင်းကောင်းပျံ့နှံ့ခဲ့သည်။ ဧဖက်မှနေ၍ ကုန်းတွင်းမြို့သုံးမြို့ဖြစ်သော ကောလောသဲ၊ လောဒိကိနှင့် ဟေရပေါလိမြို့တို့ကို သုံးသပ်ကြည့်ပါ။ ထိုမြို့များသို့ ပေါလုတစ်ခါမျှမလည်ပတ်ခဲ့သော်လည်း ထိုဒေသများသို့ သတင်းကောင်းရောက်ရှိခဲ့သည်။ ဧပဖြသည် ထိုဒေသမှဖြစ်သည်။ (ကော. ၂:၁; ၄:၁၂၊ ၁၃) ဧပဖြသည် ဧဖက်တွင်ပေါလုသက်သေခံမှုကိုကြားပြီး ခရစ်ယာန်တစ်ဦးဖြစ်လာခဲ့ခြင်းလော။ သမ္မာကျမ်းစာက အသေးစိတ်မဖော်ပြပါ။ သို့သော် သူ၏ဇာတိဒေသ၌ အမှန်တရားကိုဝေမျှရာတွင် ဧပဖြသည် ပေါလုကိုယ်စားဆောင်ရွက်ခဲ့ခြင်းဖြစ်မည်။ (ကော. ၁:၇) ခရစ်ယာန်သတင်းတရားသည် ပေါလု ဧဖက်တွင်သက်သေခံနေစဉ်အချိန်အတွင်း ဖိလဒေလဖိ၊ သာဒိ၊ သွာတိရကဲ့သို့သော မြို့များသို့လည်း ရောက်ရှိခဲ့ပုံရသည်။

၉။ (က) ပေါလုတွင် အဘယ်ပြင်းပြသော စိတ်ဆန္ဒရှိခဲ့သနည်း။ (ခ) ၂၀၀၉ နှစ်ချုပ်ကျမ်းချက်မှာ အဘယ်နည်း။

ရလဒ်အနေနှင့် ဧဖက်အကြီးအကဲများသည် ပေါလု၏ဤပြောဆိုချက်ကိုလက်ခံရန် သင့်လျော်သည့်အကြောင်းရင်းရှိခဲ့၏– ‘ဘုရားသခင်၏ ကြီးမားလှသည့်ကြင်နာမှုနှင့်ဆိုင်သော သတင်းကောင်းကို စေ့စေ့စပ်စပ်သက်သေခံရန် သခင်ယေရှုထံမှ ငါရရှိထားသောတာဝန်နှင့်ဓမ္မအမှုကို အပြီးအစီးဆောင်ရွက်ခွင့်ရမည်ဆိုလျှင် ငါသည် ကိုယ့်အသက်ကိုပမာဏမပြု၊ နှမြောခြင်းမရှိ။’ ယင်းအခန်းငယ်တွင် အပြုသဘောဆောင်ပြီး လှုံ့ဆော်မှုဖြစ်စေသော ၂၀၀၉ နှစ်ချုပ်ကျမ်းချက် ပါရှိသည်– ‘သတင်းကောင်းကို စေ့စေ့စပ်စပ် သက်သေခံလော့။’—တ. ၂၀:၂၄

ယနေ့ စေ့စေ့စပ်စပ်သက်သေခံခြင်း

၁၀။ ကျွန်ုပ်တို့လည်း စေ့စေ့စပ်စပ်သက်သေခံရမည်ဖြစ်ကြောင်း မည်သို့သိရသနည်း။

၁၀ “လူတို့အားဟောပြော၍ စေ့စေ့စပ်စပ်သက်သေခံကြ” ပါဟူသည့်အမိန့်ကိုလုပ်ဆောင်ရာတွင် တမန်တော်များအပြင် အခြားသူတို့ပါ ပါဝင်လာကြသည်။ ရှင်ပြန်ထမြောက်ပြီဖြစ်သောယေရှုက ဂါလိလဲတွင်စုရုံးနေသော ၅၀၀ မျှရှိပုံရသည့်တပည့်များအား ဤသို့မိန့်တော်မူခဲ့၏– “ထို့ကြောင့် သွား၍ လူမျိုးတကာမှလူတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောစွမ်းအားတော်၏နာမ၌ နှစ်ခြင်းပေးကြလော့။ သင်တို့အား ငါမိန့်မှာသမျှကိုစောင့်ရှောက်စေရန် သွန်သင်ပေးကြလော့။” ယင်းအမိန့်တော်သည် ယနေ့စစ်မှန်သောခရစ်ယာန်အားလုံးနှင့်သက်ဆိုင်ကြောင်း ယေရှု၏ဤစကားကဖော်ပြ၏– “ငါသည်လည်း ဤလောကစနစ်နိဂုံးပိုင်းတိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်။”—မ. ၂၈:၁၉၊ ၂၀

၁၁။ ယေဟောဝါသက်သေများသည် အဘယ်အရေးပါသောအလုပ်ကို လုပ်ဆောင်ခြင်းကြောင့် အသိအမှတ်ပြုခံရသနည်း။

၁၁ ထက်သန်သောခရစ်ယာန်များသည် “သတင်းကောင်းကို စေ့စေ့စပ်စပ် သက်သေခံရန်” ကြိုးစားခြင်းဖြင့် ယင်းအမိန့်ကိုဆက်၍နာခံကြသည်။ ယင်းသို့ပြုရန်အဓိကနည်းလမ်းတစ်ခုမှာ ဧဖက် အကြီးအကဲများအား ပေါလုပြောခဲ့သည့်နည်းဖြစ်သော တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းဖြစ်သည်။ ထိရောက်မှုရှိသော ခရစ်ယာန်သာသနာပြုလုပ်ငန်းနှင့်ပတ်သက်၍ ၂၀၀၇ ခုနှစ်ထုတ်စာအုပ်တစ်အုပ်တွင် ဒေးဗစ် ဂျီ. စတူးဝပ် ဂျူနီယာက ဤသို့ဆိုခဲ့၏– “အခြားသူတို့အား မိမိတို့၏ယုံကြည်ချက်ကိုဝေမျှပုံနှင့်ပတ်သက်၍ တစ်ဦးစီအားသွန်သင်ပေးမှုဆိုင်ရာ ယေဟောဝါသက်သေများ၏နည်းလမ်းသည် ယေဘုယျသဘောတရား [တရားဟောစင်ပေါ်မှ အားပေးခြင်း] ထက်ပို၍ထိရောက်မှုရှိသည်။ မိမိတို့၏ယုံကြည်ချက်ကို အခြားသူတို့အားဝေမျှခြင်းသည် ယေဟောဝါသက်သေများစွာနှစ်သက်သော လုပ်ဆောင်မှုတစ်ခုဖြစ်သည်။” ရလဒ်ကားအဘယ်နည်း။ “၁၉၉၉ ခုနှစ်တွင် အရှေ့ဥရောပမြို့တော်နှစ်ခုကို ကျွန်ုပ်စာရင်းကောက်ယူရာ ၂ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းရှိသောလူတို့သာ နောက်မှပေါ်သည့်စိန့်များ သို့မဟုတ် ‘မော်မန်ဘုန်းတော်ကြီး’ ခရစ်ယာန်သာသနာပြုများ၏ ချဉ်းကပ်မှုကိုခံရဖူးကြောင်း မှတ်တမ်းရရှိခဲ့သည်။ ၇၀ ရာခိုင်းနှုန်းကျော်သောသူတို့မှာ ယေဟောဝါသက်သေများ၏ ကိုယ်တိုင်ကိုယ်ကျချဉ်းကပ်မှုကို အကြိမ်များစွာခံခဲ့ရကြောင်း မှတ်တမ်းရသည်။”

၁၂။ (က) ကျွန်ုပ်တို့၏ရပ်ကွက်ရှိအိမ်များကို အဘယ်ကြောင့် “အကြိမ်များစွာ” လည်ပတ်ကြသနည်း။ (ခ) ကျွန်ုပ်တို့၏သတင်းတရားအပေါ် သဘောထားပြောင်းလဲလာသူတစ်ဦး၏ အတွေ့အကြုံကို ပြန်ပြောပြနိုင်သလော။

၁၂ သင့်ဒေသရှိလူများသည် ထိုသို့သောအတွေ့အကြုံရှိကြပေမည်။ ယင်းတွင် သင်ပါဝင်နေပေမည်။ သင်သည် တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် လူများထံ “ကိုယ်တိုင်ကိုယ်ကျချဉ်းကပ်” သည့်အခါ အမျိုးသားများ၊ အမျိုးသမီးများနှင့် လူငယ်များကို အိမ်တံခါးဝ၌ စကားပြောခွင့်ရသည်။ အချို့သူတို့သည် “အကြိမ်များစွာ” ချဉ်းကပ်ခံရလျှင်ပင် နားထောင်မည်မဟုတ်ပါ။ အခြားသူတို့မှာမူ ကျမ်းစာအခန်းငယ်တစ်ခု သို့မဟုတ် ကျမ်းဆိုင်ရာအယူအဆတစ်ခုကို သင်ဝေမျှစဉ် ခဏတစ်ဖြုတ်နားထောင်ကြပေမည်။ သို့တိုင် သင်ကောင်းစွာသက်သေခံနိုင်ခွင့်ရခဲ့သော တခြားသူတို့မှာ သတင်းတရားကိုလက်ခံကြသည်။ ယင်းတို့အားလုံးသည် ကျွန်ုပ်တို့ “သတင်းကောင်းကို စေ့စေ့စပ်စပ်သက်သေခံ” စဉ် ကြုံတွေ့ရနိုင်သည့်ဖြစ်နိုင်ခြေများဖြစ်သည်။ သင်သိထားမည်ဖြစ်သည့်အတိုင်း “အကြိမ်များစွာ” ချဉ်းကပ်ခံရသော်လည်း စိတ်ဝင်စားမှုမရှိကြသည့်တိုင် နောက်ပိုင်း ပြောင်းလဲလာကြသူတို့၏သာဓကများစွာရှိပါသည်။ သူတို့၌ သို့မဟုတ် သူတို့ချစ်မြတ်နိုးရသူတို့၌ တစ်စုံတစ်ရာဖြစ်ခဲ့ဖွယ်ရှိပြီး ယင်းက သူတို့၏စိတ်နှလုံးကို သမ္မာတရားလက်ခံဖို့ ဖွင့်ပေးခဲ့သည်။ ယခု သူတို့သည် ကျွန်ုပ်တို့၏ညီအစ်ကို၊ ညီအစ်မများဖြစ်နေကြပြီ။ ထို့ကြောင့် သင်သည် မကြာသေးမီက လက်သင့်ခံသူများစွာကို မတွေ့ရသည့်တိုင် လက်မလျှော့ပါနှင့်။ ယောက်စီယောက်တိုင်း အမှန်တရားကိုလက်ခံကြမည်ဟု ကျွန်ုပ်တို့မမျှော်လင့်ကြပါ။ သို့သော် ကျွန်ုပ်တို့ထံမှ ဘုရားသခင်မျှော်လင့်ရာမှာ လုံ့လဝီရိယရှိရှိ၊ ထက်ထက်သန်သန်ဖြင့် စေ့စေ့စပ်စပ်ဆက်၍သက်သေခံရန်ဖြစ်သည်။

အဘယ်ရလဒ်ရမည်ကို ကျွန်ုပ်တို့မသိနိုင်

၁၃။ ကျွန်ုပ်တို့သိမည်မဟုတ်သော ကျွန်ုပ်တို့၏သက်သေခံမှုရလဒ် မည်သို့ဖြစ်နိုင်သနည်း။

၁၃ ခရစ်ယာန်များဖြစ်လာရန် ပေါလုတိုက်ရိုက်အကူအညီပေးခဲ့ရသူတို့သာ သူ၏ဓမ္မအမှုအကျိုးဆက်ကို ခံစားရသည်မဟုတ်ပါ၊ ကျွန်ုပ်တို့၏အဖြစ်တွင်လည်း ထိုသို့ပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် တတ်နိုင်သရွေ့ပုံမှန်သက်သေခံဖို့ စီစဉ်ထားသင့်သည်။ ကျွန်ုပ်တို့သည် သတင်းကောင်းကို အိမ်နီးချင်း၊ အလုပ်ဖော်၊ ကျောင်းနေဖက်နှင့် ဆွေမျိုးတို့အား ပြောပြကြသည်။ ရလဒ်အားလုံးကို ကျွန်ုပ်တို့သိကြပါသလော။ တချို့တွင် ရလဒ်ကောင်းများ ချက်ချင်းရရှိပေမည်။ အခြားအဖြစ်များတွင်မူ အမှန်တရားမျိုးစေ့သည် အချိန်အတန်ကြာမြုံနေနိုင်ပြီး နောက်ပိုင်းမှ တစ်စုံတစ်ဦး၏နှလုံးသားမြေပေါ်တွင် အမြစ်တွယ်ကာ အပင်ပေါက်လာသည်။ ထိုသို့မဖြစ်လျှင်ပင် ကျွန်ုပ်တို့ဟောပြောခဲ့သူတို့သည် ကျွန်ုပ်တို့ပြောခဲ့ရာ၊ ကျွန်ုပ်တို့ယုံကြည်ရာ၊ ကျွန်ုပ်တို့၏လုပ်ဆောင်မှုတို့ကို အခြားသူတို့အား ပြောပြကြပေမည်။ ယင်းသို့ဖြင့် ထိုမျိုးစေ့များသည် အခြားတစ်နေရာရာရှိ လက်သင့်ခံဖွယ်မြေကောင်းတွင် အမှတ်တမဲ့ကျသွားနိုင်ပါသည်။

၁၄၊ ၁၅။ ညီအစ်ကိုတစ်ဦး၏သက်သေခံမှုက အဘယ်ရလဒ်ရရှိခဲ့သနည်း။

၁၄ ဥပမာအနေနှင့် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါတွင်နေထိုင်သော ရိုင်ယန်နှင့် သူ၏ဇနီးမန်ဒီ၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ ရိုင်ယန်သည် မိမိ၏အလုပ်တွင် အလုပ်ဖော်တစ်ဦးအား အလွတ်သဘောသက်သေခံခဲ့သည်။ ဟိန္ဒူဘာသာနောက်ခံဖြစ်သော ထိုအမျိုးသားသည် ရိုင်ယန်၏ဝတ်စားပုံ၊ ပြောဆိုပုံကို စွဲမှတ်ခဲ့သည်။ သူတို့၏အပြန်အလှန်ပြောဆိုမှုများတွင် ရိုင်ယန်က ရှင်ပြန်ထမြောက်ခြင်းနှင့် လူသေတို့၏အခြေအနေ စသောအကြောင်းအရာများကိုပြောသည်။ ဇန်နဝါရီလ ညနေပိုင်းတစ်ခုတွင် ထိုအမျိုးသားက မိမိ၏ဇနီးဂျိုဒီအား ယေဟောဝါသက်သေများအကြောင်း သူသိထားရာရှိမရှိမေးမြန်းသည်။ ဇနီးသည်မှာ ကက်သလစ်တစ်ဦးဖြစ်ပြီး သက်သေခံများနှင့်ပတ်သက်၍ သူသိသည့်အရာမှာ “တစ်အိမ်မှတစ်အိမ်ဟောပြောခြင်း” သာဖြစ်သည်။ ထို့ကြောင့် ဂျိုဒီသည် အင်တာနက်တွင် “ယေဟောဝါသက်သေများ” ဟုရေးပြီးရှာဖွေရာ ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက် (www.watchtower.org) သို့ရောက်သွားသည်။ လအတန်ကြာသည်အထိ ဂျိုဒီသည် ဝက်ဘ်ဆိုက်ရှိ သမ္မာကျမ်းစာနှင့် စိတ်ဝင်စားသည့်ဆောင်းပါးများအပါအဝင် အကြောင်းအရာများစွာကို ဖတ်ရှုခဲ့သည်။

၁၅ အချိန်တန်သည့်အခါ ဂျိုဒီသည် မန်ဒီနှင့်တွေ့ဆုံခဲ့သည်၊ သူတို့နှစ်ဦးစလုံးမှာ သူနာပြုများဖြစ်ကြသည်။ ဂျိုဒီ၏မေးခွန်းများကို မန်ဒီ ဝမ်းသာအားရဖြေပေးခဲ့သည်။ အချိန်အတန်အရာကုန်လွန်ပြီးနောက် ဂျိုဒီ၏ဖော်ပြချက်အရ သူတို့သည် “အာဒံမှ အာမဂေဒုန်အထိ” ဆွေးနွေးခဲ့ပြီးဖြစ်သည်။ ဂျိုဒီသည် ကျမ်းစာသင်အံမှုကမ်းလှမ်းချက်ကို လက်ခံခဲ့သည်။ မကြာမီ ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် အစည်းအဝေးများစတင်တက်ရောက်ခဲ့သည်။ အောက်တိုဘာလတွင် ဂျိုဒီသည် နှစ်ခြင်းမခံရသေးသောကြေညာသူတစ်ဦးဖြစ်လာပြီး ဖေဖော်ဝါရီလတွင် နှစ်ခြင်းခံခဲ့သည်။ “အခုကျွန်မ အမှန်တရားကိုသိပြီး ကျွန်မရဲ့ဘဝဟာ ပျော်ရွှင်၊ ပြည့်စုံနေပါပြီ” ဟုစာရေးဖော်ပြသည်။

၁၆။ ဖလော်ရီဒါမှညီအစ်ကို၏တွေ့ကြုံမှုက စေ့စေ့စပ်စပ်သက်သေခံရန် ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုနှင့်ပတ်သက်၍ အဘယ်အရာဖော်ပြသနည်း။

၁၆ အမျိုးသားတစ်ဦးကို မိမိသက်သေခံလိုက်ခြင်းက အခြားသူတစ်ဦး အမှန်တရားလက်ခံလာမည်ဟူသည့်ရလဒ်ကို ရိုင်ယန်မသိရှိခဲ့ပါ။ သူ၏အဖြစ်မှ “စေ့စေ့စပ်စပ်သက်သေခံ” ရန်စိတ်ပိုင်းဖြတ်ထားခြင်း၏ အကျိုးဆက်ကို သူသိရှိလာခဲ့သည်။ သင်သည် အိမ်တံခါးဝတွင်၊ အလုပ်တွင်၊ ကျောင်းတွင် သို့မဟုတ် အလွတ်သဘောသက်သေခံမှုတစ်ခုတွင်နှင့် သင်မသိသူတစ်ဦးကို သက်သေခံခဲ့ခြင်းဖြစ်နိုင်ကာ ယင်းသည် အခြားသူများထံ အမှန်တရားပျံ့သွားစေရန် လမ်းကြောင်းဖြစ်လာသည်။ ပေါလုသည် “အာရှနယ်” တွင် သူ၏သက်သေခံမှု မည်မျှအထိပြီးမြောက်အောင်မြင်ခဲ့သည်ကို မသိခဲ့သကဲ့သို့ပင် သင်၏စေ့စေ့စပ်စပ်သက်သေခံခြင်းမှရရှိသည့် ရလဒ်ကောင်းအားလုံးကို သင်သိမည်မဟုတ်ပါ။ (တမန်တော် ၂၃:၁၁; ၂၈:၂၃ တို့ကိုဖတ်ပါ။) သို့သော် သင်ထိုသို့ဆက်၍ပြုလုပ်သွားရန် အလွန်အရေးကြီးသည်။

၁၇။ ၂၀၀၉ ခုနှစ်အတွင်း အဘယ်အရာပြုလုပ်ရန် သင်စိတ်ပိုင်းဖြတ်ထားသနည်း။

၁၇ ၂၀၀၉ ခုနှစ်အတွင်း ကျွန်ုပ်တို့အားလုံးသည် တစ်အိမ်မှတစ်အိမ်နှင့် အခြားနည်းလမ်းများဖြင့် သက်သေခံရန်ကျွန်ုပ်တို့၏တာဝန်ကို အလေးအနက်ထားဆောင်ရွက်နိုင်ကြပါစေ။ သို့ဖြင့် ကျွန်ုပ်တို့သည် ပေါလု၏ဤသဘောထားကို တင်ပြနိုင်ကြပါလိမ့်မည်– ‘ဘုရားသခင်၏ ကြီးမားလှသည့်ကြင်နာမှုနှင့်ဆိုင်သော သတင်းကောင်းကို စေ့စေ့စပ်စပ်သက်သေခံရန် သခင်ယေရှုထံမှ ငါရရှိထားသောတာဝန်နှင့်ဓမ္မအမှုကို အပြီးအစီးဆောင်ရွက်ခွင့်ရမည်ဆိုလျှင် ငါသည် ကိုယ့်အသက်ကိုပမာဏမပြု၊ နှမြောခြင်းမရှိ။’

သင်မည်သို့ဖြေဆိုမည်နည်း

• တမန်တော်ပေတရု၊ ပေါလုနှင့် ပထမရာစုရှိအခြားသူတို့သည် မည်သို့ စေ့စေ့စပ်စပ်သက်သေခံခဲ့ကြသနည်း။

• ကျွန်ုပ်တို့၏သက်သေခံမှုက အဘယ်ကြောင့် ကျွန်ုပ်တို့သိထားသည်ထက် ပို၍အကျိုးသက်ရောက်မှုရှိမည်နည်း။

• ၂၀၀၉ နှစ်ချုပ်ကျမ်းချက်မှာအဘယ်နည်း၊ ယင်းသည် သင့်လျော်သည်ဟု သင်အဘယ်ကြောင့်ယူမှတ်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၉ ပါလေးထောင့်ကွက်]

၂၀၀၉ နှစ်ချုပ်ကျမ်းချက်– ‘သတင်းကောင်းကို စေ့စေ့စပ်စပ် သက်သေခံလော့။’ —တမန်တော် ၂၀:၂၄

[စာမျက်နှာ ၁၇ ပါပုံစာ]

ဧဖက်အကြီးအကဲများက ပေါလုသည် တစ်အိမ်မှတစ်အိမ်သက်သေခံသည့် အလေ့အကျင့်ရှိကြောင်း သိထားကြ

[စာမျက်နှာ ၁၈ ပါပုံစာ]

သင်၏စေ့စေ့စပ်စပ်သက်သေခံမှုသည် မည်မျှထိတိုင် အကျိုးသက်ရောက်မှုရှိမည်နည်း