မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်ရည်ရွယ်တော်မူချက်တွင် ယေရှု၏ထူးခြားသောအခန်းကဏ္ဍကို လေးမြတ်တန်ဖိုးထားပါ

ဘုရားသခင့်ရည်ရွယ်တော်မူချက်တွင် ယေရှု၏ထူးခြားသောအခန်းကဏ္ဍကို လေးမြတ်တန်ဖိုးထားပါ

ဘုရားသခင့်ရည်ရွယ်တော်မူချက်တွင် ယေရှု၏ထူးခြားသောအခန်းကဏ္ဍကို လေးမြတ်တန်ဖိုးထားပါ

“ငါသည် လမ်းခရီးဖြစ်၏။ အမှန်တရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုဘဲ အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။”—ယော. ၁၄:၆

၁၊ ၂။ ဘုရားသခင့်ရည်ရွယ်တော်မူချက်တွင် ယေရှု၏ထူးခြားသောအခန်းကဏ္ဍကို ဆန်းစစ်လေ့လာဖို့ အဘယ်ကြောင့် စိတ်ဝင်စားသင့်သနည်း။

ခေတ်ကာလတစ်လျှောက်တွင် များစွာသောသူတို့သည် မိမိတို့ဝန်းကျင်ရှိသူတို့နှင့်မတူအောင် ထင်ပေါ်ရန်ကြိုးစားအားထုတ်ခဲ့ကြသော်လည်း လူနည်းစုသာ အောင်မြင်ကြသည်။ ထိုထက်ပင်နည်းသောလူတို့သည် သိသာထင်ရှားသောနည်းများဖြင့် ထူးခြားသည်ဟု မှန်ကန်စွာပြောနိုင်ကြသည်။ သို့တိုင် ဘုရားသခင့်သားတော်ဖြစ်သော ယေရှုခရစ်မှာမူ နည်းများစွာတွင် ထူးခြား၏။

ယေရှု၏ထူးခြားသောအခန်းကဏ္ဍကို အဘယ်ကြောင့် ကျွန်ုပ်တို့စိတ်ဝင်စားသင့်သနည်း။ အကြောင်းမှာ ကောင်းကင်ခမည်းတော်ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေး ပါဝင်ပတ်သက်သောကြောင့်ဖြစ်သည်။ ယေရှုဤသို့မိန့်တော်မူ၏– “ငါသည် လမ်းခရီးဖြစ်၏။ အမှန်တရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုဘဲ အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။” (ယော. ၁၄:၆; ၁၇:၃) ယေရှုအား ထူးခြားစေသည့်နည်းတချို့ကို ဆန်းစစ်ကြည့်ကြစို့။ ယင်းသို့ပြုခြင်းက ဘုရားသခင့်ရည်ရွယ်တော်မူချက်တွင် ကိုယ်တော်၏အခန်းကဏ္ဍကို လေးမြတ်တန်ဖိုးထားစေမည်။

“တစ်ပါးတည်းသောသားတော်”

၃၊ ၄။ (က) တစ်ပါးတည်းသောသားတော်အဖြစ် ယေရှု၏အခန်းကဏ္ဍတွင် ကိုယ်တော်သည် ထူးခြားသည်ဟု အဘယ်ကြောင့်ပြောနိုင်သနည်း။ (ခ) ဖန်ဆင်းခြင်းတွင် ယေရှု၏အခန်းကဏ္ဍသည် မည်သို့ထူးခြားသနည်း။

ယေရှုသည် “ဘုရားသခင်၏သားတော်” မျှသာမဟုတ်ပါ။ ယေရှုကို စာတန်စုံစမ်းစဉ် စာတန်သည် ကိုယ်တော်အား ထိုသို့ရည်ညွှန်းခဲ့သည်။ (မ. ၄:၃၊) ယေရှုကို “ဘုရားသခင့်တစ်ပါးတည်းသောသားတော်” ဟုမှန်ကန်စွာခေါ်ဆိုနိုင်သည်။ (ယော. ၃:၁၆၊ ၁၈) “တစ်ပါးတည်းသော” ဟုပြန်ဆိုခဲ့သည့်ဂရိစကားလုံးကို “အမျိုးတစ်မျိုးမှ တစ်ပါးတည်း၊ တစ်ဦးတည်း၊” သို့မဟုတ် “အမျိုးတစ်မျိုးမှ တစ်ဦးတည်းသောအဖွဲ့ဝင်၊” သို့မဟုတ် “ပြိုင်ဘက်ကင်းသော” ဟုအနက်ဖွင့်ဆိုထားသည်။ ယေဟောဝါတွင် သန်းပေါင်းများစွာသော ဝိညာဉ်သတ္တဝါသားများရှိတော်မူ၏။ သို့ဆိုလျှင် ယေရှုသည် အဘယ်သဘောဖြင့် “အမျိုးတစ်မျိုးမှ” တစ်ပါးတည်းဖြစ်သနည်း။

ယေရှုသည် ခမည်းတော်၏တိုက်ရိုက်ဖန်ဆင်းခြင်းခံရသည်ဟူသော အဖြစ်တော်ကြောင့် ထူးခြား၏။ ကိုယ်တော်သည် သားဦးဖြစ်တော်မူ၏။ အမှန်တွင် ကိုယ်တော်သည် “ဖန်ဆင်းရာအပေါင်းတို့တွင် သားဦး” ဖြစ်တော်မူ၏။ (ကော. ၁:၁၅) ကိုယ်တော်သည် “ဘုရားသခင့် ဖန်ဆင်းခြင်း၏အစ” ဖြစ်တော်မူ၏။ (ဗျာ. ၃:၁၄) တစ်ပါးတည်းသောသားတော်၏အခန်းကဏ္ဍသည် ဖန်ဆင်းခြင်းတွင်လည်း ထူးခြား၏။ ကိုယ်တော်သည် ဖန်ဆင်းရှင်၊ သို့မဟုတ် ဖန်ဆင်းခြင်းကို အစပြုရှင်မဟုတ်ပါ။ သို့သော် ယေဟောဝါသည် အခြားအရာခပ်သိမ်းကိုဖန်ဆင်းရန် ယေရှုကို ကိုယ်စားလှယ် သို့မဟုတ် အသုံးတော်ခံအဖြစ် အသုံးပြုတော်မူခဲ့သည်။ (ယောဟန် ၁:၃ ကိုဖတ်ပါ။) တမန်တော်ပေါလုဤသို့ရေးခဲ့သည်– “ငါတို့၌ကား ခမည်းတော်ဘုရားသခင်တစ်ဆူတည်း ရှိတော်မူ၏။ အရာခပ်သိမ်းသည် ကိုယ်တော်ကြောင့် ဖြစ်တည်လာ၍ ငါတို့သည် ကိုယ်တော်အတွက် အသက်ရှင်ကြ၏။ ယေရှုခရစ်တည်းဟူသော သခင်တစ်ပါးတည်းရှိတော်မူ၏။ အရာခပ်သိမ်းသည် ကိုယ်တော်အားဖြင့် ဖြစ်တည်လာ၍ ငါတို့သည် ကိုယ်တော်အားဖြင့် အသက်ရှင်ကြ၏။”—၁ ကော. ၈:၆

၅။ သမ္မာကျမ်းစာက ယေရှု၏ထူးခြားမှုကို မည်သို့ပေါ်လွင်စေသနည်း။

သို့သော် ယေရှုသည် အခြားနည်းများစွာတွင် ထူးခြား၏။ ဘုရားသခင့်ရည်ရွယ်တော်မူချက်တွင် ယေရှု၏ထူးခြားသောအခန်းကဏ္ဍကို ပေါ်လွင်စေသည့်ဘွဲ့အမည်များ သို့မဟုတ် ဘွဲ့ရာထူးများစွာကို ကိုယ်တော်ရရှိထားကြောင်း သမ္မာကျမ်းစာဖော်ပြသည်။ ခရစ်ယာန်ဂရိကျမ်းစောင်များတွင် ယေရှုနှင့်သက်ဆိုင်သည့် နောက်ထပ်ဘွဲ့နာမငါးခုကို ယခု ဆန်းစစ်ကြည့်ကြစို့။ *

‘နှုတ်မြွက်တော်’

၆။ ယေရှုအား ‘နှုတ်မြွက်တော်’ ဟုခေါ်ခြင်းသည် အဘယ်ကြောင့်သင့်လျော်သနည်း။

ယောဟန် ၁:၁၄ ကိုဖတ်ပါ။ ယေရှုကို ‘နှုတ်မြွက်တော်၊’ သို့မဟုတ် လိုဂေါ့စ်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဤဘွဲ့အမည်က အခြားအသိဉာဏ်ရှိသတ္တဝါများ တည်ရှိလာခဲ့ချိန်မှစ၍ ကိုယ်တော်ဆောင်ရွက်ခဲ့သောအလုပ်တာဝန်ကို သိရှိစေသည်။ ယေဟောဝါသည် အခြားဝိညာဉ်သတ္တဝါသားများထံ သတင်းအချက်အလက်များနှင့် ညွှန်ကြားချက်များဖော်ပြရန် မိမိ၏သားတော်ကို အသုံးပြုတော်မူခဲ့သည်၊ ဘုရားသခင်သည် မြေကြီးပေါ်ရှိလူသားများထံ မိမိ၏သတင်းစကားကို ပြောကြားစေရန် ဤသားတော်ကိုပင် အသုံးပြုတော်မူ၏။ ယေရှုသည် နှုတ်မြွက်တော် သို့မဟုတ် ဘုရားသခင့်ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည်ဟူသောအချက်သည် မိမိစကားကိုနားထောင်နေသော ဂျူးဘာသာဝင်တို့အား ခရစ်တော်ပြောသည့်ဤစကားတွင် ထင်ရှား၏– “ငါသွန်သင်သောတရားသည် ငါ၏တရားမဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏ တရားတော်ဖြစ်၏။ မည်သူမဆို ထိုအရှင်၏အလိုတော်ကို ဆောင်ရွက်လိုလျှင် ဤသွန်သင်ချက်သည် ဘုရားသခင်ထံမှလော၊ ငါ့သဘောအတိုင်း ဟောပြောသလောဆိုသည်ကို သိမြင်လိမ့်မည်။” (ယော. ၇:၁၆၊ ၁၇) ယေရှုသည် ကောင်းကင်သို့ ပြန်ကြွသွားသည့်နောက်၌ပင် ‘ဘုရားသခင်၏နှုတ်မြွက်တော်‘ ဟူသောဘွဲ့အမည်ကို ဆက်၍ခံယူထားသည်။—ဗျာ. ၁၉:၁၁၊ ၁၃၊ ၁၆

၇။ ‘နှုတ်မြွက်တော်’ အဖြစ် ယေရှု၏အခန်းကဏ္ဍတွင် ကိုယ်တော်တင်ပြသောနှိမ့်ချမှုကို ကျွန်ုပ်တို့ မည်သို့တုပနိုင်သနည်း။

ဤဘွဲ့အမည်သည် အဘယ်အရာဆိုလိုသည်ကို စဉ်းစားကြည့်ပါ။ ယေရှုသည် ယေဟောဝါဖန်ဆင်းသမျှအရာအားလုံးတွင် ဉာဏ်ပညာအရှိဆုံးဖြစ်သော်လည်း ကိုယ်တော်သည် မိမိ၏ဉာဏ်ပညာကို အားမကိုးပါ။ မိမိခမည်းတော်နည်းပေးသည့်အတိုင်း မိန့်တော်မူ၏။ ကိုယ်တော်သည် မိမိအားအာရုံစိုက်စေမည့်အစား ယေဟောဝါကို အမြဲအာရုံစိုက်စေသည်။ (ယော. ၁၂:၅၀) တုပဖို့အလွန်ကောင်းသောပုံသက်သေပင်! ကျွန်ုပ်တို့လည်း “ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်ဖွယ်သတင်းကို ကြားပြော” ရန်ထူးမြတ်သောအခွင့်ထူး ပေးအပ်ခံရကြသည်။ (ရော. ၁၀:၁၅သမ္မာ) နှိမ့်ချမှုနှင့်ပတ်သက်သော ယေရှု၏ပုံသက်သေကို လေးမြတ်တန်ဖိုးထားခြင်းက ကိုယ်ပိုင်ဉာဏ်နှင့်ဟောပြောခြင်းကိုရှောင်ရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်သင့်သည်။ သမ္မာကျမ်းစာပါ အသက်ရစေသောသတင်းစကားကို ကြားပြောသောအခါ “ကျမ်းစာ၌ရေးထားသည်ထက် မလွန်ရ” ပါ။—၁ ကော. ၄:၆

“အာမင်”

၈၊ ၉။ (က) “အာမင်” ဟူသောစကားလုံးသည် အဘယ်အဓိပ္ပာယ်ရှိသနည်း၊ ယေရှုကို အဘယ်ကြောင့် “အာမင်” ဟုခေါ်သနည်း။ (ခ) ယေရှုသည် “အာမင်” အဖြစ် မိမိ၏အခန်းကဏ္ဍကို မည်သို့ပြည့်စုံစေခဲ့သနည်း။

ဗျာ. ၃:၁၄ ကိုဖတ်ပါ။ ယေရှုကို အဘယ်ကြောင့် “အာမင်” ဟုခေါ်သနည်း။ “အာမင်” ဟုပြန်ဆိုခဲ့သောစကားလုံးသည် ဟေဗြဲစကားလုံးကို အက္ခရာလှယ်ရေးခြင်းဖြစ်ပြီး “ဖြစ်ပါစေ၊” သို့မဟုတ် “ဧကန်မုချ” ဟုအဓိပ္ပာယ်ရှိသည်။ ယင်းသည် “တည်ကြည်မှုရှိပါ” သို့မဟုတ် “ယုံကြည်စိတ်ချထိုက်သော” ဟုအဓိပ္ပာယ်ရှိသည့် ဟေဗြဲမူရင်းစကားလုံးမှ ဆင်းသက်လာသည်။ ယေဟောဝါ၏တည်ကြည်မှုကို ဖော်ပြရန် ယင်းစကားလုံးကိုပင် အသုံးပြုခဲ့သည်။ (တရား. ၇:၉; ဟေရှာ. ၄၉:၇) ထို့ကြောင့် ယေရှုအား “အာမင်” အဖြစ်ရည်ညွှန်းသောအခါ ကိုယ်တော်သည် အဘယ်နည်းဖြင့်ထူးခြားသနည်း။ ၂ ကောရိန္သု ၁:၁၉၊ ၂၀ တွင် ဤသို့ဖြေဆိုထားသည်ကို သတိပြုပါ– “ဘုရားသခင်၏သား ခရစ်တော်ယေရှုနှင့်ပတ်သက်၍ ဟုတ်သည်၊ တစ်ချိန်တည်းတွင် မဟုတ်ဟူ၍ မဖြစ်ခဲ့ဘဲ ဟုတ်သည်ကား ဟုတ်သည်ဟူ၍သာ ဖြစ်၏။ ဘုရားသခင်၏ကတိတော်သည် မည်မျှပင်များပါစေ ခရစ်တော်အားဖြင့် အဟုတ်အမှန် ဖြစ်လာကြ၏။ ထို့ကြောင့် ကိုယ်တော်အားဖြင့်လည်း ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေရန် ‘အာမင်’ ဟူ၍ ငါတို့ဆိုကြ၏။”

ယေရှုသည် ဘုရားသခင့်ကတိတော်အားလုံးအတွက် “အာမင်” ဖြစ်တော်မူ၏။ ပူဇော်ရာယဇ်အဖြစ် ကိုယ်တော်၏သေခြင်းအပါအဝင် အပြစ်ဆိုဖွယ်မရှိသော ကိုယ်တော်၏မြေကြီးအသက်တာက ယေဟောဝါဘုရားသခင့်ကတိတော်အားလုံး၏ပြည့်စုံမှုကို သေချာစေခဲ့၊ ဖြစ်နိုင်စေခဲ့သည်။ ဘုရားသခင့်ကျေးကျွန်များသည် ဆင်းရဲနွမ်းပါးမှု၊ ဆင်းရဲခက်ခဲမှုနှင့် စမ်းသပ်မှုအောက်တွင် ကိုယ်တော်ကို စွန့်ပယ်လိမ့်မည်ဟူသော ယောဘကျမ်းမှတ်တမ်းပါ စာတန်၏အဆို မှားကြောင်းကိုလည်း ယေရှု ဆက်၍တည်ကြည်ခြင်းဖြင့် သက်သေပြခဲ့သည်။ (ယောဘ ၁:၆-၁၂; ၂:၂-၇) ဘုရားသခင်ဖန်ဆင်းရာအားလုံးထဲမှ ဤသားဦးက ထိုစွပ်စွဲချက်အတွက် မငြင်းနိုင်သောအဖြေကို ပေးနိုင်ခဲ့သည်။ ထို့ပြင် ယေရှုသည် ယေဟောဝါ၏စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးထိုက်မှုနှင့်ဆိုင်သော မဟာအရေးကိစ္စတွင် ခမည်းတော်ဘက်၌ထောက်ခံကြောင်း အကောင်းဆုံးသက်သေပြခဲ့သည်။

၁၀။ “အာမင်” အဖြစ် ယေရှု၏ထူးခြားသောအခန်းကဏ္ဍကို ကျွန်ုပ်တို့မည်သို့တုပနိုင်သနည်း။

၁၀ “အာမင်” အဖြစ် ယေရှု၏ထူးခြားသောအခန်းကဏ္ဍကို ကျွန်ုပ်တို့မည်သို့တုပနိုင်သနည်း။ ယေဟောဝါအား ဆက်၍တည်ကြည်ခြင်းနှင့် ကိုယ်တော်၏စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ထောက်ခံခြင်းအားဖြင့်ဖြစ်သည်။ ထိုသို့ပြုခြင်းဖြင့် ကျွန်ုပ်တို့သည် နယပုံပြင် ၂၇:၁၁ တွင်မှတ်တမ်းတင်ထားသော ဤဖိတ်ခေါ်ချက်ကို အပြုသဘောပါပါ တုံ့ပြန်ခြင်းဖြစ်မည်– “ငါ့သား ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင် ငါ့စိတ်ကို ရွှင်လန်းစေလော့။”

“ပဋိညာဉ်တရားသစ်၏ ဖျန်ဖြေသူ”

၁၁၊ ၁၂။ ဖျန်ဖြေသူအဖြစ် ယေရှု၏အခန်းကဏ္ဍသည် မည်သို့ထူးခြားသနည်း။

၁၁ ၁ တိမောသေ ၂:၅၊ ၆ ကိုဖတ်ပါ။ ယေရှုသည် “ဘုရားသခင်နှင့် လူတို့စပ်ကြားတွင် . . . ဖျန်ဖြေသူတစ်ပါးတည်း” ဖြစ်တော်မူ၏။ ကိုယ်တော်သည် “ပဋိညာဉ်တရားသစ်၏ဖျန်ဖြေသူ” ဖြစ်တော်မူ၏။ (ဟေဗြဲ ၉:၁၅; ၁၂:၂၄) သို့သော် မောရှေကိုလည်း ဖျန်ဖြေသူတစ်ဦးအဖြစ်ဆိုထားပြီး ပညတ်တရား၏ဖျန်ဖြေသူဖြစ်သည်။ (ဂလ. ၃:၁၉) သို့ဆိုလျှင် ဖျန်ဖြေသူတစ်ဦးအဖြစ် ယေရှု၏အခန်းကဏ္ဍသည် မည်သို့ထူးခြားသနည်း။

၁၂ “ဖျန်ဖြေသူ” ဟုပြန်ဆိုခဲ့သောမူရင်းစကားလုံးသည် တရားဥပဒေဆိုင်ရာအသုံးအနှုန်းဖြစ်သည်။ ယင်းက ယေရှုသည် “ဘုရားသခင်၏အစ္စရေးလူမျိုး” ဖြစ်သောလူမျိုးသစ်ကို မွေးဖွားစေနိုင်သည့် ပဋိညာဉ်သစ်၏တရားဝင်ဖျန်ဖြေသူ (သို့မဟုတ် တစ်နည်းအားဖြင့် ရှေ့နေ) တစ်ဦးအဖြစ်ကို ရည်ညွှန်းသည်၊ ယင်းက “ဘုရားသခင်၏အစ္စရေးလူမျိုး” ဖြစ်သောလူမျိုးအသစ်ကို မွေးဖွားစေနိုင်သည်။ (ဂလ. ၆:၁၆) ဤလူမျိုးသည် ကောင်းကင်ဆိုင်ရာ “တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့” ဖြစ်သော စွမ်းအားတော်ဖြင့်ဘိသိက်ပေးခြင်းခံရသည့် ခရစ်ယာန်များဖြင့် ဖွဲ့စည်းထားသည်။ (၁ ပေ. ၂:၉; ထွ. ၁၉:၆) ဖျန်ဖြေသူအဖြစ် မောရှေပါဝင်သည့် ပညတ်ပဋိညာဉ်သည် ယင်းကဲ့သို့လူမျိုးတစ်မျိုးကို မမွေးဖွားစေနိုင်ပါ။

၁၃။ ဖျန်ဖြေသူအဖြစ် ယေရှု၏အခန်းကဏ္ဍတွင် အဘယ်အရာပါဝင်သနည်း။

၁၃ ဖျန်ဖြေသူအဖြစ် ယေရှု၏အခန်းကဏ္ဍတွင် အဘယ်အရာပါဝင်သနည်း။ ယေဟောဝါသည် ယေရှုအသွေးတော်၏တန်ဖိုးကို ပဋိညာဉ်သစ်ထဲခေါ်သွင်းခံခဲ့ရသူတို့အား အကျိုးခံစားစေတော်မူ၏။ ဤနည်းဖြင့် ယေဟောဝါသည် သူတို့ကို ဖြောင့်မတ်သူများအဖြစ် တရားဝင်လက်ခံတော်မူသည်။ (ရော. ၃:၂၄; ဟေဗြဲ ၉:၁၅) သို့ဖြင့် ဘုရားသခင်သည် သူတို့ကို ကောင်းကင်ဘုရင်ယဇ်ပုရောဟိတ်များဖြစ်လာမည့် အလားအလာနှင့်အတူ ပဋိညာဉ်သစ်ထဲဝင်ထိုက်သူများအဖြစ် ယူမှတ်နိုင်သည်။ ဖျန်ဖြေသူအနေနှင့် ယေရှုသည် သူတို့ကို ဘုရားသခင့်မျက်မှောက် စင်ကြယ်သောအနေအထားတွင် ဆက်ရပ်တည်နိုင်ရန် ကူညီတော်မူသည်။—ဟေဗြဲ ၂:၁၆

၁၄။ ခရစ်ယာန်အားလုံးသည် မည်သည့်မျှော်လင့်ချက်ရှိပါစေ ဖျန်ဖြေသူအဖြစ် ယေရှု၏အခန်းကဏ္ဍကို အဘယ်ကြောင့် အမှန်လေးမြတ်တန်ဖိုးထားသင့်သနည်း။

၁၄ ကောင်းကင်တွင်မဟုတ်ဘဲ မြေကြီးပေါ်ထာဝစဉ်အသက်ရှင်ရန် မျှော်လင့်ချက်ရှိသူတို့ဖြစ်သော ပဋိညာဉ်သစ်တွင်မပါဝင်သူတို့ကော အသို့နည်း။ ပဋိညာဉ်သစ်တွင် မပါဝင်ကြသော်လည်း ဤသူတို့သည် ယင်းမှအကျိုးခံစားရသူများဖြစ်ကြသည်။ သူတို့၏အပြစ်များ ခွင့်လွှတ်ခံရပြီး ဘုရားသခင့်မိတ်ဆွေများအဖြစ် ဖြောင့်မတ်သည်ဟု ယူမှတ်ခံရကြသည်။ (ယာ. ၂:၂၃; ၁ ယော. ၂:၁၊ ၂) ကျွန်ုပ်တို့သည် ကောင်းကင်မျှော်လင့်ချက်ရှိသည်ဖြစ်စေ၊ မြေကြီးမျှော်လင့်ချက်ရှိသည်ဖြစ်စေ ပဋိညာဉ်သစ်၏ဖျန်ဖြေသူအဖြစ် ယေရှု၏အခန်းကဏ္ဍကို လေးမြတ်တန်ဖိုးထားရန် ကျွန်ုပ်တို့ယောက်တိုင်းတွင် အကြောင်းကောင်းများရှိသည်။

‘ယဇ်ပုရောဟိတ်မင်းကြီး’

၁၅။ ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် ယေရှု၏အခန်းကဏ္ဍသည် ယဇ်ပုရောဟိတ်မင်းများအဖြစ်ထမ်းဆောင်ကြသော အခြားအမျိုးသားများနှင့် မည်သို့ခြားနားသနည်း။

၁၅ အတိတ်တွင် အမျိုးသားများစွာသည် ယဇ်ပုရောဟိတ်မင်းများအဖြစ် အမှုဆောင်ခဲ့ကြသည်၊ သို့တိုင် ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် ယေရှု၏အခန်းကဏ္ဍသည် အမှန်ပင်ထူးခြား၏။ မည်သို့ထူးခြားသနည်း။ ပေါလုဤသို့ရှင်းပြသည်– “ဦးစွာ မိမိအတွက်၊ ထို့နောက် လူတို့အတွက် အပြစ်ဖြေရာယဇ်များကို နေ့စဉ်ပူဇော်ရသော ယဇ်ပုရောဟိတ်မင်းများနှင့်မတူဘဲ ကိုယ်တော်သည် မိမိကိုယ်ကိုတစ်ကြိမ်တည်း အပြီးပူဇော်၏။ ပညတ်တရားသည် အားနည်းချက်ရှိသော ယဇ်ပုရောဟိတ်မင်းများကိုခန့်အပ်၏။ သို့သော် ပညတ်တရားနောက်မှဖြစ်သော ကျိန်ဆိုတော်မူခြင်းသည် ထာဝရစုံလင်သော သားတော်ကိုခန့်အပ်၏။”—ဟေဗြဲ ၇:၂၇၊ ၂၈ *

၁၆။ ယေရှု၏ပူဇော်ရာယဇ်သည် အဘယ်ကြောင့် အမှန်ပင်ထူးခြားသနည်း။

၁၆ ယေရှုသည် စုံလင်သူဖြစ်၏၊ အပြစ်မပြုမီကအာဒံနှင့်အတိအကျတူညီသည်။ (၁ ကော. ၁၅:၄၅) ထိုသို့ဖြစ်သောကြောင့် ယေရှုသည် ထပ်မံပူဇော်ရန်မလိုသော ယဇ်အမျိုးအစားဖြစ်သည့် စုံလင်ပြည့်စုံသောယဇ်အနေအထားတွင်ရှိသည့် တစ်ဦးတည်းသောလူသားဖြစ်ခဲ့သည်။ မောရှေပညတ်အောက်တွင် ပူဇော်ရာယဇ်များကို နေ့စဉ်နေ့တိုင်း ပူဇော်ခဲ့ကြသည်။ သို့သော် ယင်းပူဇော်ရာယဇ်အားလုံးနှင့် ယဇ်ပုရောဟိတ်လုပ်ငန်းများသည် ယေရှုပြီးမြောက်စေခဲ့ရာ၏ ပုံရိပ်သာဖြစ်သည်။ (ဟေဗြဲ ၈:၅; ၁၀:၁) ယေရှုပြီးမြောက်စေခဲ့ရာ၏ အကျိုးဖြစ်ထွန်းမှုနှင့် တည်မြဲမှုကြောင့် ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် ယေရှု၏ရာထူးသည် ထူးခြား၏။

၁၇။ ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် ယေရှု၏အခန်းကဏ္ဍကို အဘယ်ကြောင့် ကျွန်ုပ်တို့လေးမြတ်တန်ဖိုးထားသင့်သနည်း၊ ယင်းသို့ မည်သို့ပြုနိုင်သနည်း။

၁၇ ကျွန်ုပ်တို့သည် ဘုရားသခင့်ရှေ့မှောက် တော်မှန်သောအနေအထားရှိရန် အကူအညီအတွက် ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် ယေရှု၏လုပ်ဆောင်မှုများကို ကျွန်ုပ်တို့လိုအပ်သည်။ အထူးကောင်းမွန်သောယဇ်ပုရောဟိတ်မင်းကြီးကို ကျွန်ုပ်တို့ရရှိထားသည်။ “အကြောင်းမူကား ငါတို့၏ယဇ်ပုရောဟိတ်မင်းသည် ငါတို့၏အားနည်းချက်များကို မစာနာနိုင်သောသူမဟုတ်၊ ငါတို့ကဲ့သို့ အဘက်ဘက်တွင် စမ်းသပ်ခံရသူဖြစ်၏။ သို့သော် အပြစ်ကင်းတော်မူ၏” ဟုပေါလုရေးခဲ့သည်။ (ဟေဗြဲ ၄:၁၅) မှန်ပါသည်၊ ယင်းအချက်ကိုလေးမြတ်တန်ဖိုးထားခြင်းက ‘ကိုယ့်အတွက် အသက်မရှင်တော့ဘဲ မိမိတို့အတွက် အသေခံသောသခင်အတွက် အသက်ရှင်ကြ’ ရန်ကျွန်ုပ်တို့ကို လှုံ့ဆော်သင့်သည်။—၂ ကော. ၅:၁၄၊ ၁၅; လု. ၉:၂၃

ကြိုဟောထားသော “အမျိုးအနွယ်”

၁၈။ အာဒံအပြစ်ပြုပြီးနောက် အဘယ်ပရောဖက်ပြုချက်ကို မိန့်ဆိုခဲ့သနည်း၊ ယင်းပရောဖက်ပြုချက်နှင့်ပတ်သက်၍ နောက်ပိုင်းတွင် အဘယ်အရာဖော်ပြခဲ့သနည်း။

၁၈ ဧဒင်တွင် လူသားတို့သည် ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေး၊ ထာဝရအသက်၊ ပျော်ရွှင်မှုနှင့် ပရဒိသုစသောအရာအားလုံး ဆုံးရှုံးခဲ့ပုံရသောအခါ ယေဟောဝါဘုရားသခင်သည် ကယ်နုတ်ရှင်တစ်ဦးအကြောင်း ကြိုဟောခဲ့သည်။ ဤအရှင်ကို “အမျိုးအနွယ်” အဖြစ်ရည်ညွှန်းခဲ့သည်။ (က. ၃:၁၅) မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြမထားသောဤအမျိုးအနွယ်သည် ရာစုနှစ်များတစ်လျှောက်တွင် များစွာသောကျမ်းစာပရောဖက်ပြုချက်၏ အဓိကအကြောင်းဖြစ်လာခဲ့သည်။ သူသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့မှ ဆင်းသက်လာရန်ဖြစ်၏။ သူသည် ဒါဝိဒ်မင်းဆက်မှ ဆင်းသက်ရန်လည်းဖြစ်၏။—က. ၂၁:၁၂; ၂၂:၁၆-၁၈; ၂၈:၁၄; ၂ ရာ. ၇:၁၂-၁၆

၁၉၊ ၂၀။ (က) မည်သူသည် ကတိထားရာအမျိုးအနွယ်ဖြစ်သနည်း။ (ခ) ကြိုဟောထားသောအမျိုးအနွယ်တွင် ယေရှုထက်မကပါဝင်သည်ဟု အဘယ်ကြောင့် ပြောနိုင်သနည်း။

၁၉ ဤကတိထားရာအမျိုးအနွယ်ကား မည်သူနည်း။ ယင်းမေးခွန်းအတွက်အဖြေကို ဂလာတိ ၃:၁၆ (ဖတ်ပါ။) တွင်တွေ့နိုင်သည်။ သို့သော် ယင်းအခန်းကြီးတွင်ပင် နောက်ပိုင်း၌ တမန်တော်ပေါလုက ဘိသိက်ပေးခံရသောခရစ်ယာန်များကို ဤသို့ဆက်ပြောသည်– “ထို့ပြင် သင်တို့သည် ခရစ်တော်နှင့်ဆိုင်ကြလျှင် အမှန်ပင် အာဗြဟံ၏အမျိုးအနွယ်ဖြစ်၍ ကတိတော်ဆိုင်ရာအမွေခံများ ဖြစ်ကြ၏။” (ဂလ. ၃:၂၉) ခရစ်တော်သည် ကတိထားရာအမျိုးအနွယ်ဖြစ်ပြီး ယင်းတွင် အခြားသူများလည်း ပါဝင်သည်မှာ မည်သို့နည်း။

၂၀ သန်းပေါင်းများစွာက အာဗြဟံမှဆင်းသက်လာသည်ဟု ဆိုကြသည်၊ အချို့သည် ပရောဖက်များအဖြစ်ပင် လုပ်ဆောင်နေကြသည်။ အချို့သောဝတ်ပြုရေးများက မိမိတို့၏ပရောဖက်များသည် အာဗြဟံမှဆင်းသက်လာခဲ့ကြသည်ဟူသောအဆိုကို အလွန်အလေးထားကြသည်။ သို့သော် ဤသူအားလုံးတို့သည် ကတိထားရာအမျိုးအနွယ်လော။ မဟုတ်ပါ။ ဘုရားသခင့်လမ်းညွှန်မှုအောက်တွင် တမန်တော်ပေါလုထောက်ပြသည့်အတိုင်း အာဗြဟံမှဆင်းသက်လာသူအားလုံးတို့သည် ကတိထားရာမျိုးနွယ်တော်ဖြစ်သည်ဟု မဆိုနိုင်ပါ။ အာဗြဟံ၏အခြားသောသားများမှ ဆင်းသက်လာသူများသည် လူသားများကောင်းချီးခံစားရဖို့ အသုံးမခံခဲ့ရပါ။ ကောင်းချီးနှင့်ဆိုင်သောအမျိုးအနွယ်မှာ ဣဇာက်တစ်ဦးတည်းမှဆင်းသက်လာရန်ဖြစ်သည်။ (ဟေဗြဲ ၁၁:၁၈) နောက်ဆုံး၊ သမ္မာကျမ်းစာတွင်မှတ်တမ်းတင်ထားသည့် အာဗြဟံမှဆင်းသက်လာသူတို့တွင် ယေရှုခရစ်တစ်ဦးတည်းသာ ကြိုဟောထားသောအမျိုးအနွယ်၏ အဓိကအပိုင်းဖြစ်သည်။ * နောက်ပိုင်းတွင် အာဗြဟံ အမျိုးအနွယ်၏ဒုတိယအပိုင်းဖြစ်လာသူအားလုံးတို့သည် “ခရစ်တော်နှင့်ဆိုင်ကြ” သောကြောင့် အာဗြဟံ၏အမျိုးအနွယ်ဖြစ်လာခဲ့ကြသည်။ မှန်ပါသည်၊ ဤပရောဖက်ပြုချက်ပြည့်စုံခြင်းတွင် ယေရှု၏အခန်းကဏ္ဍသည် အမှန်ပင်ထူးခြား၏။

၂၁။ ယေရှုသည် ယေဟောဝါ၏ရည်ရွယ်တော်မူချက်တွင် မိမိ၏ထူးခြားသောအခန်းကဏ္ဍကို ပြည့်စုံစေခဲ့သည့်နည်းနှင့်ပတ်သက်၍ အဘယ်အရာက သင့်ကိုစွဲမှတ်စေသနည်း။

၂၁ ယေဟောဝါ၏ရည်ရွယ်တော်မူချက်တွင် ယေရှု၏ထူးခြားသောအခန်းကဏ္ဍကို အကျဉ်းချုပ်ပြန်သုံးသပ်ခြင်းမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူခဲ့ရသနည်း။ ဘုရားသခင်၏တစ်ပါးတည်းသောသားတော်သည် ဖန်ဆင်းခံရသည့်အချိန်မှစ၍ အမျိုးတစ်မျိုးမှ တစ်ပါးတည်းအနေဖြင့် အမှန်ပင်ထူးခြားလှ၏။ သို့သော် ယေရှုဖြစ်လာခဲ့သည့် ဤထူးခြားသောဘုရားသခင့်သားတော်သည် ခမည်းတော်၏အလိုတော်နှင့်အညီ အစဉ်အမြဲ နှိမ့်ချစွာအမှုထမ်းဆောင်ခဲ့သည်၊ မိမိ၏ဂုဏ်အသရေကို ဘယ်သောအခါမျှ မရှာခဲ့ပါ။ (ယော. ၅:၄၁; ၈:၅၀) ယနေ့ ကျွန်ုပ်တို့အတွက် အလွန်ကောင်းသောပုံသက်သေပင်။ ယေရှုကဲ့သို့ ကျွန်ုပ်တို့သည် ‘ဘုရားသခင်၏ဂုဏ်အသရေအတွက် အရာခပ်သိမ်းကိုပြု’ ရန်ပန်းတိုင်ထားနိုင်ကြပါစေ။—၁ ကော. ၁၀:၃၁

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 5 ယင်းဘွဲ့အမည်အချို့ကို ဂရိစကားပါ တိကျအညွှန်းစကားလုံးနှင့်အတူ တွေ့ရပြီး ပညာရှင်တစ်ဦးဖော်ပြသကဲ့သို့ ယင်းဘွဲ့အမည်သည် “‘တစ်မျိုးတစ်ဘာသာ’ ဟူသည့်သဘောဖြစ်သည်။”

^ အပိုဒ်၊ 15 ကျမ်းပညာရှင်တစ်ဦး၏အဆိုအရ “တစ်ကြိမ်တည်းအပြီး” ဟုပြန်ဆိုခဲ့သောစကားလုံးသည် “ခရစ်တော်သေခြင်း၏ ရှင်းလင်းပြတ်သားမှု၊ ပြိုင်ဘက်ကင်းမှု သို့မဟုတ် အများနှင့်မတူမှုကို ညွှန်ပြ” သည့်အရေးကြီးသောကျမ်းစာဆိုင်ရာအယူအဆကို ဖော်ပြသည်။

^ အပိုဒ်၊ 20 စီအီးပထမရာစုဂျူးများက မိမိတို့သည် အာဗြဟံ၏ပကတိသားသမီး သို့မဟုတ် ဆွေစဉ်မျိုးဆက်များအနေနှင့် မျက်နှာသာရလူမျိုးဖြစ်မည်ဟု ယူမှတ်ခဲ့ကြသော်လည်း သူတို့သည် လူတစ်ဦးကို မေရှိယ သို့မဟုတ် ခရစ်တော်အဖြစ်ကြွလာမည်ဟု မျှော်လင့်ခဲ့ကြသည်။—ယော. ၁:၂၅; ၇:၄၁၊ ၄၂; ၈:၃၉-၄၁

သင်မှတ်မိသလော

• ယေရှု၏ဘွဲ့အမည်များ သို့မဟုတ် ဘွဲ့ရာထူးများမှ ကိုယ်တော်၏ထူးခြားသောအခန်းကဏ္ဍအကြောင်း အဘယ်အရာကို သင် သင်ယူရရှိခဲ့သနည်း။ (လေးထောင့်ကွက်ကို ကြည့်ပါ။)

• ယေဟောဝါ၏ထူးခြားသောသားတော်၏ ပုံသက်သေကို သင်မည်သို့တုပနိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါပုံစာ]

ဘုရားသခင့်ရည်ရွယ်တော်မူချက်တွင် ယေရှု၏ ထူးခြားသောကဏ္ဍကို ပေါ်လွင်စေသည့် အချို့သောဘွဲ့အမည်များ

တစ်ပါးတည်းသောသားတော်။ (ယော. ၁:၃) ယေရှုသည် ခမည်းတော်တိုက်ရိုက်ဖန်ဆင်းသည့် တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ်သည်။

နှုတ်မြွက်တော်။ (ယော. ၁:၁၄) ယေဟောဝါသည် အခြားသတ္တဝါများထံ သတင်းအချက်အလက်များနှင့် ညွှန်ကြားချက်များဖော်ပြရန် မိမိ၏သားတော်ကို ပြောရေးဆိုခွင့်ရှိသူအဖြစ် အသုံးပြုတော်မူ၏။

အာမင်။ (ဗျာ. ၃:၁၄) ပူဇော်ရာယဇ်အဖြစ် ယေရှု၏သေခြင်း အပါအဝင် အပြစ်ဆိုဖွယ်မရှိသော ကိုယ်တော်၏မြေကြီးအသက်တာက ယေဟောဝါဘုရားသခင့်ကတိတော်များ၏ပြည့်စုံမှုကို သေချာစေခဲ့၊ ဖြစ်စေနိုင်ခဲ့သည်။

ပဋိညာဉ်တရားသစ်၏ဖျန်ဖြေသူ။ (၁ တိ. ၂:၅၊ ၆) တရားဝင်ဖျန်ဖြေသူတစ်ဦးအနေနှင့် ယေရှုသည် လူမျိုးသစ်ကို မွေးဖွားစေနိုင်ခဲ့သည်၊ ယင်းမှာ ကောင်းကင်ဆိုင်ရာ “တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့” ဖြစ်မည့် ခရစ်ယာန်များဖြင့် ဖွဲ့စည်းထားသော “ဘုရားသခင်၏အစ္စရေးလူမျိုး” ဖြစ်သည်။—ဂလ. ၆:၁၆; ၁ ပေ. ၂:၉

ယဇ်ပုရောဟိတ်မင်းကြီး။ (ဟေဗြဲ ၇:၂၇၊ ၂၈) ယေရှုသည် ထပ်မံပူဇော်ရန်မလိုသော ယဇ်အမျိုးအစားဖြစ်သည့် စုံလင်သောယဇ်အနေအထားတွင်ရှိသည့် တစ်ဦးတည်းသောလူသားဖြစ်ခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား အပြစ်မှသန့်စင်စေနိုင်ပြီး ယင်း၏သေစေသောအကျိုးဆက်များမှ လွတ်မြောက်စေနိုင်သည်။

ကတိထားရာ အမျိုးအနွယ်။ (က. ၃:၁၅) ယေရှုခရစ်တစ်ပါးတည်းသာ ကြိုဟောထားသောအမျိုးအနွယ်၏ အဓိကအပိုင်းဖြစ်သည်။ နောက်ပိုင်းတွင် အာဗြဟံ အမျိုးအနွယ်၏ဒုတိယအပိုင်းဖြစ်လာကြသော အခြားသူအားလုံးတို့သည် “ခရစ်တော်နှင့်ဆိုင်ကြ” သည်။ —ဂလ. ၃:၂၉