မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်၏သမာဓိကို အဘယ်ကြောင့် စောင့်ထိန်းရမည်နည်း

သင်၏သမာဓိကို အဘယ်ကြောင့် စောင့်ထိန်းရမည်နည်း

သင်၏သမာဓိကို အဘယ်ကြောင့် စောင့်ထိန်းရမည်နည်း

‘အိုယေဟောဝါ အကျွန်ုပ်စုံလင်ခြင်း [“သမာဓိ၊” ကဘ] ကိုထောက်၍ အကျွန်ုပ်အမှုကို စီရင်ဆုံးဖြတ်တော်မူပါ။’—ဆာ. ၇:၈

၁၊ ၂။ ခရစ်ယာန်တစ်ဦး၏သမာဓိကို စိန်ခေါ်ရာရောက်သည့် အခြေအနေတချို့ကား အဘယ်နည်း။

ခြေအနေသုံးရပ်ကို မြင်ယောင်ကြည့်ပါ– ယောက်ျားလေးတစ်ဦးသည် ကျောင်းနေဖက်တချို့၏ ပြောင်လှောင်မှုကို ခံနေရသည်။ သူဒေါသထွက်လာစေရန်နှိုးဆွကြရာ မခံချိမခံသာဖြစ်အောင်ပြောဆိုခြင်း၊ တိုက်ခိုက်ခြင်းပင် ပြုလုပ်ကြပေမည်။ သူသည် ပြန်၍လက်တုံ့ပြန်မည်လော၊ သို့မဟုတ် မိမိစိတ်ကိုထိန်းပြီး ရှောင်ထွက်သွားမည်လော။ ခင်ပွန်းသည်တစ်ဦးသည် အိမ်တွင်တစ်ဦးတည်းရှိစဉ် အင်တာနက်တွင် ရှာဖွေမှုတချို့ပြုလုပ်နေသည်။ ကွန်ပျူတာဖန်သားပြင်တွင် ညစ်ညမ်းဝက်ဘ်ဆိုက်တစ်ခုပေါ်လာသည်။ သွေးဆောင်မှုကိုခံကာ ယင်းကိုဖွင့်ကြည့်မည်လော၊ သို့မဟုတ် ယင်းကိုရှောင်ရန် အသေအချာပြုလုပ်မည်လော။ ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် အခြားညီအစ်မတချို့နှင့် စကားစမြည်ပြောနေရာ စကားလမ်းကြောင်းသည် အပျက်သဘောဘက်သို့ပြောင်းသွားပြီး အသင်းတော်ရှိညီအစ်မတစ်ဦးနှင့်ပတ်သက်၍ ထိခိုက်စေသည့်အတင်းအဖျင်းစကားဖြစ်လာသည်။ သူသည် ယင်းစကားဝိုင်းတွင် ဝင်ပြောမည်လော၊ သို့မဟုတ် အကြောင်းအရာပြောင်းဖို့ ကြိုးစားမည်လော။

ယင်းအခြေအနေသုံးရပ်သည် တစ်ခုနှင့်တစ်ခုမတူကြသော်လည်း တူညီသောအရာတစ်ခုရှိသည်။ သူတို့သုံးဦးစလုံးသည် ခရစ်ယာန်တစ်ဦးအနေနှင့် သမာဓိစောင့်ထိန်းရန် ကြိုးစားကြရသည်။ သင်သည် ဘဝ၏စိုးရိမ်ပူပန်မှုများ၊ လိုအပ်ရာများ၊ ပန်းတိုင်များကို ရင်ဆိုင်ဖြေရှင်းရာတွင် မိမိ၏သမာဓိကို ထည့်စဉ်းစားပါသလော။ ပုံမှန်အနေနှင့် လူတို့သည် မိမိတို့၏အသွင်အပြင်၊ ကျန်းမာရေး၊ အသက်ရှင်နေထိုင်မှု၏စိန်ခေါ်ချက်များ၊ မိတ်ဆွေတို့နှင့်အဆင်ပြေမပြေနှင့် ဖြစ်နိုင်သည်မှာ ချစ်ရေးချစ်ရာအကြောင်းကိုပင် စဉ်းစားတွေးတောကြသည်။ ကျွန်ုပ်တို့သည် ထိုကဲ့သို့သောစိုးရိမ်ပူပန်မှုများကို အတော်အတန်အာရုံစိုက်ကြပေမည်။ သို့သော် ယေဟောဝါသည် ကျွန်ုပ်တို့၏နှလုံးရှိ အဘယ်အရာများကို အထူးသဖြင့်စစ်ဆေးသနည်း။ (ဆာ. ၁၃၉:၂၃၊ ၂၄) ကျွန်ုပ်တို့၏သမာဓိကိုဖြစ်သည်။

၃။ ယေဟောဝါသည် ကျွန်ုပ်တို့အား အဘယ်အခွင့်အရေးပေးထားသနည်း၊ ဤဆောင်းပါးတွင် အဘယ်အရာကို ကျွန်ုပ်တို့သုံးသပ်ကြမည်နည်း။

“ကောင်းမြတ်သောဆုကျေးဇူး၊ ပြည့်ဝစုံလင်သောလက်ဆောင်ရှိသမျှ” ကိုပေးတော်မူသောအရှင် ယေဟောဝါသည် ကျွန်ုပ်တို့တစ်ဦးစီကို ဆုကျေးဇူးအမျိုးမျိုး ပေးသနားတော်မူသည်။ (ယာ. ၁:၁၇) ကိုယ်တော်ပေးသနားထားသောကြောင့် ကျွန်ုပ်တို့တွင် ကိုယ်ခန္ဓာ၊ စိတ်၊ အတိုင်းအတာတစ်ခုအထိကျန်းမာခွင့်နှင့် အရည်အသွေးအမျိုးမျိုးကဲ့သို့သော ဆုကျေးဇူးများရှိကြသည်။ (၁ ကော. ၄:၇) သို့သော် ယေဟောဝါသည် ကျွန်ုပ်တို့သမာဓိရှိကြောင်းတင်ပြရန် အတင်းအကျပ်ပြုတော်မမူပါ။ ကျွန်ုပ်တို့သမာဓိရှိမည်မရှိမည်ကို မိမိတို့ဘာသာရွေးချယ်ရန် ခွင့်ပြုတော်မူသည်။ (တရား. ၃၀:၁၉) သို့ဖြစ်၍ သမာဓိရှိခြင်းဟူသည် အဘယ်အရာဖြစ်ကြောင်း ကျွန်ုပ်တို့ဆန်းစစ်ဖို့လိုသည်။ ဤအရည်အသွေးအလွန်အရေးကြီးရသည့် အကြောင်းရင်းသုံးရပ်ကိုလည်း သုံးသပ်ကြမည်။

သမာဓိရှိခြင်းဟူသည် အဘယ်နည်း

၄။ သမာဓိရှိခြင်းတွင် အဘယ်အရာ ပါဝင်ပတ်သက်သနည်း၊ တိရစ္ဆာန်ယဇ်ပူဇော်ခြင်းနှင့်စပ်လျဉ်း၍ ယေဟောဝါ၏ပညတ်မှ ကျွန်ုပ်တို့အဘယ်အရာ သင်ယူနိုင်သနည်း။

သမာဓိရှိခြင်းသည် အဘယ်အရာဖြစ်သည်နှင့်ပတ်သက်၍ လူအများမသေမချာဖြစ်နေကြပုံရသည်။ ဥပမာ၊ နိုင်ငံရေးသမားများက မိမိတို့၏သမာဓိကို ဂုဏ်ယူဝင့်ကြွားစွာပြောဆိုသည့်အခါ အများအားဖြင့် ရိုးသားဖြောင့်မတ်ခြင်းကို ဆိုလိုနေပုံရသည်။ ရိုးသားဖြောင့်မတ်ခြင်းသည် အရေးပါပါသည်၊ သို့သော် ယင်းသည် သမာဓိရှိခြင်းတွင် အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။ သမ္မာကျမ်းစာတွင် အသုံးပြုထားသည့်အတိုင်း သမာဓိရှိခြင်းတွင် ကိုယ်ကျင့်တရားပြည့်စုံခြင်း၊ ကောင်းမွန်ခြင်းပါဝင်ပတ်သက်သည်။ “သမာဓိ” နှင့်ဆက်နွှယ်သော ဟေဗြဲစကားလုံးများသည် ကောင်းမွန်ခြင်း၊ အကြွင်းမဲ့ဖြစ်ခြင်း သို့မဟုတ် အမှားကင်းခြင်းအဓိပ္ပာယ်ရှိသည့်ရင်းမြစ်မှ ဆင်းသက်လာသည်။ ယင်းစကားလုံးများထဲမှတစ်ခုကို ယေဟောဝါအားပူဇော်သည့် ပူဇော်ရာယဇ်များနှင့်စပ်လျဉ်း၍ အသုံးပြုသည်။ တိရစ္ဆာန်တစ်ကောင်ကို ပူဇော်သည့်အခါ ကောင်းမွန်ပြည့်စုံသော သို့မဟုတ် အပြစ်မပါသောအကောင်ဖြစ်မှသာ ကိုယ်တော်၏စိတ်တော်နှင့်တွေ့သည်။ (ဝတ်ပြုရာ ၂၂:၁၉၊ ၂၀ ကိုဖတ်ပါ။) ယေဟောဝါ၏ညွှန်ကြားချက်ကို တမင်တကာလျစ်လျူရှုပြီး ခြေဆွံ့သောအကောင်၊ နာသောအကောင်၊ သို့မဟုတ် မျက်စိကန်းသောအကောင်တို့ကို ယဇ်ပူဇော်သူတို့အား ကိုယ်တော်ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။—မာလ. ၁:၆-၈

၅၊ ၆။ (က) ကျွန်ုပ်တို့သည် ပြည့်ဝစုံလင်ရာကိုတန်ဖိုးထားလေ့ရှိကြောင်း အဘယ်ဥပမာများက ဖော်ပြသနည်း။ (ခ) မစုံလင်သောလူသားများနှင့်စပ်လျဉ်း၍ သမာဓိရှိခြင်းသည် စုံလင်ခြင်းကိုဆိုလိုသလော။ ရှင်းပြပါ။

ပြည့်ဝစုံလင်ရာကိုရှာဖွေခြင်း၊ တန်ဖိုးထားခြင်းသည် အသစ်အဆန်းမဟုတ်ပါ။ ဥပမာ၊ ဤအဖြစ်ကိုမြင်ယောင်ကြည့်ပါ၊ စာအုပ်စုဆောင်းသူတစ်ဦးသည် အချိန်များစွာအကုန်ခံရှာပြီးနောက် အလွန်အဖိုးထိုက်သောစာအုပ်ကိုတွေ့လေသည်၊ သို့သော် အရေးပါသောစာမျက်နှာများစွာမှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိရသည်။ စိတ်ပျက်လက်ပျက်ဖြစ်ကာ စာအုပ်ကို စာအုပ်စင်ပေါ် ပြန်ထားလိုက်ပေမည်။ သို့မဟုတ် ကမ်းခြေတစ်ခုတွင်လမ်းလျှောက်နေသော အမျိုးသမီးတစ်ဦးသည် ရေလှိုင်းကြောင့်ကမ်းခြေသို့ပါလာသည့် ခရုခွံတချို့ကောက်နေသည်ကို မြင်ယောင်ကြည့်ပါ။ ဤသတ္တဝါလေးများ၏ မျိုးပေါင်းစုံလင်မှု၊ လှပမှု၏ဖမ်းစားမှုခံရကာ သူသည်စိစစ်ကာကောက်ယူသည်။ အဘယ်အရာကို သူသိမ်းမည်နည်း။ မပဲ့သော၊ အပြည့်အစုံပါသောခရုခွံများကိုဖြစ်သည်။ အလားတူပင် ဘုရားသခင်သည် သမာဓိရှိခြင်းအရည်အသွေးကို အပြည့်အဝ၊ အစုံအလင်တင်ပြသူတို့ကို ရှာဖွေတော်မူသည်။—၆ ရာ. ၁၆:၉

သို့သော် သမာဓိရှိရန် စုံလင်ဖို့လိုသည်မလိုသည်နှင့်ပတ်သက်၍ သင်သိလိုပေမည်။ အပြစ်နှင့်မစုံလင်မှုကြောင့် ကျွန်ုပ်တို့သည် အပြည့်အစုံမပါသောစာအုပ် သို့မဟုတ် ပဲ့နေသောခရုခွံနှင့်တူသည်ဟု ခံစားရပေမည်။ ထိုသို့ပင် သင်ခံစားရတတ်ပါသလော။ ကျွန်ုပ်တို့သည် အပြည့်ဝဆုံးသဘောဖြင့် စုံလင်ရမည်ဟု ယေဟောဝါမျှော်လင့်တော်မမူကြောင်း စိတ်ချပါ။ ကိုယ်တော်သည် ဘယ်သောအခါမျှ ကျွန်ုပ်တို့လုပ်ဆောင်နိုင်သည်ထက်ပို၍ မမျှော်လင့်ပါ။ * (ဆာ. ၁၀၃:၁၄; ယာ. ၃:၂) သို့သော် ကိုယ်တော်သည် ကျွန်ုပ်တို့ သမာဓိစောင့်ထိန်းရန် မျှော်လင့်တော်မူသည်။ သို့ဖြစ်လျှင် စုံလင်ခြင်းနှင့် သမာဓိရှိခြင်းကြားတွင် ခြားနားမှုရှိပါသလော။ ရှိပါသည်။ ဥပမာပြရသော်– လူငယ်တစ်ဦးသည် လက်ထပ်မည်ရည်ရွယ်ချက်ဖြင့် အမျိုးသမီးငယ်တစ်ဦးကို ချစ်ကြိုက်လေသည်။ အမျိုးသမီးထံမှ ပြီးပြည့်စုံလင်မှုကိုမျှော်လင့်ခြင်းသည် ပညာမဲ့ရာကျပေမည်။ သို့သော် အမျိုးသမီးသည် သူ့အား နှလုံးအပြည့်အဝဖြင့်ချစ်မြတ်နိုးရန်၊ ဆိုလိုသည်မှာ သူတစ်ဦးတည်းကိုသာချစ်မြတ်နိုးရန်မျှော်လင့်ခြင်းသည် ပညာရှိရာရောက်ပေမည်။ ထိုနည်းတူပင် ယေဟောဝါသည် ‘အကြွင်းမဲ့စိတ်နှလုံးဖြင့်ဝတ်ပြုခြင်းကို ကျပ်တည်းစွာပြုစေလိုသောဘုရားသခင်’ ဖြစ်တော်မူသည်။ (ထွ. ၂၀:၅ကဘ) ကိုယ်တော်သည် ကျွန်ုပ်တို့ကို စုံလင်ရန်မမျှော်လင့်ဘဲ ကိုယ်တော်တစ်ပါးတည်းကိုသာဝတ်ပြုခြင်းဖြင့် ကိုယ်တော်အား နှလုံးအပြည့်အဝချစ်မြတ်နိုးရန် မျှော်လင့်တော်မူသည်။

၇၊ ၈။ (က) သမာဓိစောင့်သိမှုနှင့်ပတ်သက်၍ အဘယ်စံနမူနာကို ယေရှုပြတော်မူသနည်း။ (ခ) သမ္မာကျမ်းစာအရ သမာဓိရှိခြင်းသည် အမှန်မှာအဘယ်အဓိပ္ပာယ်ရှိသနည်း။

ပညတ်တကာတို့တွင် အဘယ်ပညတ်သည် အရေးအကြီးဆုံးနည်းဟု အမေးခံရစဉ် ယေရှုပြန်ဖြေကြားချက်ကို ကျွန်ုပ်တို့အမှတ်ရကြပေမည်။ (မာကု ၁၂:၂၈-၃၀ ကိုဖတ်ပါ။) ယေရှုက အဖြေပေးရုံသာမဟုတ်ဘဲ ယင်းအဖြေအတိုင်း အသက်ရှင်နေထိုင်ခဲ့သည်။ ကိုယ်တော်သည် ယေဟောဝါအား စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှဖြင့် တစ်သက်တာလုံးချစ်မြတ်နိုးရာတွင် အကောင်းဆုံးစံနမူနာပြခဲ့သည်။ သမာဓိရှိမှုကို အပြောအားဖြင့်သာမဟုတ်ဘဲ စိတ်ရင်းခံမှပေါက်ဖွားလာသော အပြုသဘောဆောင်သည့်လုပ်ရပ်များဖြင့် ကိုယ်တော်ထင်ရှားပြခဲ့သည်။ ကျွန်ုပ်တို့သမာဓိစောင့်သိရာတွင် ယေရှု၏ခြေရာကိုလိုက်လျှောက်ဖို့လိုသည်။—၁ ပေ. ၂:၂၁

သို့ဖြစ်၍ သမ္မာကျမ်းစာအရ သမာဓိရှိခြင်းနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ– ကောင်းကင်ဘုံ၌ရှိတော်မူသောအရှင် ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်ထုတ်ဖော်ပြသောအလိုတော်၊ ရည်ရွယ်တော်မူချက်ကို နှလုံးအကြွင်းမဲ့အလေးအနက်ထားခြင်းဖြစ်သည်။ သမာဓိစောင့်ထိန်းနေခြင်းဟူသည် ကျွန်ုပ်တို့၏ နေ့စဉ်အသက်တာတွင် ယေဟောဝါဘုရားသခင်နှစ်သက်မှုရရန် အဓိကကြိုးစားလုပ်ဆောင်နေမည်ကိုဆိုလိုသည်။ အရေးအကြီးဆုံးအရာအဖြစ် ကိုယ်တော်ရှုမြင်ရာများကို ကျွန်ုပ်တို့၏အသက်တာတွင် အရေးအကြီးဆုံးသောအရာအဖြစ် ကျွန်ုပ်တို့ရှုမြင်ကြမည်။ အဘယ်ကြောင့်ဤမျှအရေးကြီးကြောင်း အကြောင်းရင်းသုံးရပ်ကို သုံးသပ်ကြည့်ကြစို့။

၁။ ကျွန်ုပ်တို့​၏​သမာဓိ​စောင့်​သိ​မှု​နှင့် စကြဝဠာအကြွင်း​မဲ့​ပိုင်​သအုပ်စိုး​မှု​အ​ကိစ္စ

၉။ ကျွန်ုပ်တို့၏သမာဓိစောင့်သိမှုသည် စကြဝဠာပိုင်သအုပ်စိုးမှုအရေးကိစ္စနှင့် မည်သို့ဆက်နွှယ်သနည်း။

ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုသည် ကျွန်ုပ်တို့၏သမာဓိရှိမှုအပေါ်တွင် မူမတည်ပါ။ ကိုယ်တော်၏ပိုင်သအုပ်စိုးမှုသည် တော်တည့်ဖြောင့်မှန်ပြီး ထာဝစဉ်တည်ကာ စကြဝဠာတစ်ခုလုံးနှင့်ဆိုင်သည်။ ဖန်ဆင်းခံသတ္တဝါတစ်ဦးဦးက အဘယ်အရာပြောသည်ဖြစ်စေ၊ အဘယ်အရာပြုသည်ဖြစ်စေ ကိုယ်တော်၏ပိုင်သအုပ်စိုးမှုသည် ယင်းသို့အမြဲဖြစ်မည်။ သို့သော် ဘုရားသခင့်အကြွင်းမဲ့ပိုင်သအုပ်စိုးမှုသည် ကောင်းကင်နှင့်မြေကြီးပေါ်တွင် အလွန်တရာရှုတ်ချခံနေရသည်။ ထို့ကြောင့် အသိဉာဏ်ရှိသောသတ္တဝါအားလုံးရှေ့တွင် ကိုယ်တော်၏အုပ်စိုးမှုကို သံသယကင်းရှင်းစေရန်—ကိုယ်တော်၏အုပ်စိုးမှုသည် တော်တည့်ဖြောင့်မှန်ကာ မေတ္တာပါကြောင်းအတည်ပြုဖို့—လိုအပ်သည်။ ယေဟောဝါသက်သေများအနေနှင့် ကျွန်ုပ်တို့သည် နားထောင်လိုသူမည်သူနှင့်မဆို ဘုရားသခင်၏ စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးမှုအကြောင်း ဆွေးနွေးသည်ကို နှစ်သက်ကြသည်။ သို့သော် ယင်းအရေးကိစ္စတွင် ကျွန်ုပ်တို့မည်သို့ရပ်တည်နိုင်သနည်း။ ယေဟောဝါကို ကျွန်ုပ်တို့၏အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်အဖြစ် ရွေးချယ်ကြောင်း မည်သို့တင်ပြကြသနည်း။ သမာဓိစောင့်သိခြင်းအားဖြင့်ဖြစ်သည်။

၁၀။ လူသားတို့၏သမာဓိနှင့်စပ်လျဉ်း၍ စာတန် အဘယ်အရာစွပ်စွဲထားသနည်း၊ သင်မည်သို့တုံ့ပြန်လိုသနည်း။

၁၀ သင်၏သမာဓိပါဝင်ပတ်သက်ပုံကို သုံးသပ်ကြည့်ပါ။ မည်သည့်လူသားမျှ ဘုရားသခင်၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုဘက် ရပ်တည်ကြမည်မဟုတ်၊ ဆိုလိုသည်မှာ မည်သူမျှ ကိုယ်ကျိုးမရှာသည့်မေတ္တာနှင့် ယေဟောဝါအား ဝတ်ပြုကိုးကွယ်ကြမည်မဟုတ်ဟု စာတန်စွပ်စွဲခဲ့သည်။ ဝိညာဉ်သတ္တဝါအစုအဝေးကြီးရှေ့တွင် ယေဟောဝါအား စာတန်ဤသို့ဆိုခဲ့၏– “အရေဖို့အရေဟုဆိုသကဲ့သို့ လူသည် မိမိအသက်ဖို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်။” (ယောဘ ၂:၄) စာတန်သည် ယင်းအသရေဖျက်သည့်စကားကို ဖြောင့်မတ်သူယောဘတစ်ဦးတည်းကိုသာ ပြောခဲ့ခြင်းမဟုတ်ဘဲ လူသားထုတစ်ရပ်လုံးအား ပြောခဲ့ခြင်းဖြစ်သည်ကို သတိပြုပါ။ သို့ဖြစ်၍ သမ္မာကျမ်းစာက စာတန်ကို ‘ငါတို့၏ညီအစ်ကိုများကို စွပ်စွဲသူ’ ဟုခေါ်ဆိုထားသည်။ (ဗျာ. ၁၂:၁၀) စာတန်က သင်အပါအဝင် ခရစ်ယာန်များသည် ယေဟောဝါအား တည်ကြည်ကြမည်မဟုတ်ဟု ထိပါးပြောဆို၏။ သင်သည် မိမိ၏အသက်ကိုကယ်တင်ရန်အတွက် ယေဟောဝါအား သစ္စာဖောက်လိမ့်မည်ဟု စာတန်ဆိုသည်။ သင့်အားစွပ်စွဲထားသည့် ယင်းစွပ်စွဲချက်နှင့်စပ်လျဉ်း၍ သင်မည်သို့ခံစားရသနည်း။ စာတန်သည် မုသာကောင်ဖြစ်ကြောင်းသက်သေပြရန် အခွင့်အရေးတစ်ခုရလိုပါသလော။ သင်၏သမာဓိကိုစောင့်ထိန်းခြင်းအားဖြင့် စာတန်မုသာကောင်ဖြစ်ကြောင်း သင်သက်သေပြနိုင်သည်။

၁၁၊ ၁၂။ (က) သမာဓိစောင့်သိခြင်းကိစ္စနှင့်ဆက်နွှယ်သည့် နေ့စဉ်အရေးကိစ္စများတွင် ဆုံးဖြတ်ချက်ချနိုင်ပုံကို အဘယ်ဥပမာများက ဖော်ပြသနည်း။ (ခ) သမာဓိစောင့်သိခြင်းသည် အဘယ်ကြောင့် အခွင့်ထူးတစ်ခုဖြစ်သနည်း။

၁၁ သို့ဖြစ်၍ သင့်သမာဓိနှင့်ပတ်သက်သောအရေးကိစ္စက နေ့စဉ်ကျင့်ကြံနေထိုင်ပုံနှင့် ရွေးချယ်မှုများကို လုံးလုံးအရေးပါစေသည်။ အစပိုင်းတွင်ဖော်ပြခဲ့သော အခြေအနေသုံးရပ်ကို တစ်ဖန်ပြန်သုံးသပ်ကြည့်ပါ။ သူတို့သည် မည်သို့သမာဓိစောင့်ထိန်းကြမည်နည်း။ ကျောင်းနေဖက်များက ယောက်ျားလေးဒေါသထွက်လာကာလက်တုံ့ပြန်ဖို့ မခံချိမခံသာဖြစ်အောင်အပြင်းအထန်ကြိုးစားကြသော်လည်း သူသည် ဤဆုံးမစကားကို အမှတ်ရ၏– ‘ချစ်ရသောသူတို့၊ ကိုယ်တိုင်လက်စားမချေကြနှင့်။ အမျက်တော်ကိုအခွင့်ပေးကြလော့။ “လက်စားချေခြင်းသည် ငါ၏အမှုဖြစ်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟု ယေဟောဝါမိန့်တော်မူ၏” ဟူ၍ ကျမ်းစာ၌ရေးထား၏။’ (ရော. ၁၂:၁၉) သူသည် ရှောင်ထွက်သွားသည်။ အင်တာနက်အသုံးပြုနေသောခင်ပွန်းသည်သည် လိင်စိတ်ကိုနိုးကြွစေသည့် အကြောင်းအရာများကို ကြည့်မိနိုင်သည်၊ သို့သော် သူသည် ယောဘ၏ဤစကားတွင်ထင်ဟပ်သောမူကို အမှတ်ရ၏– “ငါသည် အပျိုကိုမျှမကြည့်ရှုမည်အကြောင်း ကိုယ်မျက်စိနှင့်ပဋိညာဉ်ဝန်ခံခြင်းကိုပြုပြီ။” (ယောဘ ၃၁:၁) အလားတူပင် ထိုသူသည် ညစ်ညမ်းရုပ်ပုံများကို အဆိပ်အလားရှောင်ကြည်ခြင်းဖြင့် ယင်းတို့ကို မကြည့်ဘဲငြင်းပယ်သည်။ အုပ်စုဖွဲ့စကားပြောဆိုမှုတွင် ထိခိုက်စေသောအတင်းအဖျင်းစကားပါလာသည်ကိုကြားရသည့် အမျိုးသမီးသည် ဤညွှန်ကြားချက်ကို သတိရသည်– “ငါတို့ရှိသမျှသည် လူသားချင်း၌ တည်ဆောက်ခြင်းကောင်းကျိုးရှိစေ . . . ကြစို့။” (ရော. ၁၅:၂) သူဝင်ပြောနိုင်သည့် အတင်းအဖျင်းစကားသည် တည်ဆောက်မှုမဖြစ်စေပါ။ မိမိ၏ခရစ်ယာန်ညီအစ်မအပေါ် အကောင်းရှုမြင်ရာမရောက်သည့်အပြင် ကောင်းကင်ခမည်းတော်လည်း နှစ်သက်မည်မဟုတ်ပါ။ သို့ဖြစ်၍ သူသည် မိမိနှုတ်ကိုချုပ်တည်းပြီး အကြောင်းအရာပြောင်းပြောသည်။

၁၂ ယင်းကိစ္စတစ်ခုစီတွင် ခရစ်ယာန်တစ်ဦးသည် ရွေးချယ်မှုတစ်ခုပြုလုပ်ရပြီး အမှန်မှာ ဤသို့ပြောခြင်းဖြစ်၏– ‘ယေဟောဝါဟာ ငါ့ရဲ့အုပ်စိုးရှင်ပဲ။ ဒီကိစ္စမှာ ငါဟာ ကိုယ်တော်နှစ်သက်တာကိုပဲ လုပ်ဆောင်ဖို့ကြိုးစားမယ်။’ သင်သည် ကိုယ်ပိုင်ရွေးချယ်မှုများ၊ ဆုံးဖြတ်ချက်များချရာတွင် ယေဟောဝါနှစ်သက်စေရန် ကြိုးစားပါသလော။ သင်ကြိုးစားပါက နယပုံပြင် ၂၇:၁၁ တွင်မှတ်တမ်းတင်ထားသည့် နှလုံးနွေးထွေးဖွယ် ဤစကားအတိုင်း သင်အမှန်နေထိုင်နိုင်ပါသည်– “ငါ့သား ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကိုငါချေနိုင်အောင် ငါ့စိတ်ကိုရွှင်လန်းစေလော့။” ဘုရားသခင်၏စိတ်ကိုရွှင်လန်းစေသည့် အခွင့်အရေးကို ကျွန်ုပ်တို့ရရှိထားသည်။ ယင်းက ကျွန်ုပ်တို့၏သမာဓိကိုစောင့်ထိန်းရန် ကြိုးစားအားထုတ်ထိုက်သည့် အချက်မဟုတ်ပေလော။

၂။ ဘု​သခင်​တ​စီ​င်​န်​အတွက် အခြေ​ခံ​အကြောင်း​ရင်း

၁၃။ ယောဘနှင့် ဒါဝိဒ်၏စကားများက သမာဓိသည် ယေဟောဝါ ကျွန်ုပ်တို့အားတရားစီရင်သည့် အခြေခံအကြောင်းရင်းဖြစ်ကြောင်း မည်သို့ဖော်ပြသနည်း။

၁၃ သမာဓိရှိခြင်းသည် ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုဘက် ကျွန်ုပ်တို့၏ရပ်တည်မှုကို တင်ပြရာရောက်နိုင်ကြောင်း တွေ့ရသည်။ ထို့ကြောင့် ယင်းသည် ကျွန်ုပ်တို့အား ဘုရားသခင်တရားစီရင်နိုင်သည့် အခြေခံအကြောင်းရင်းဖြစ်သည်။ ယောဘသည် ဤအမှန်တရားကို ကောင်းစွာသဘောပေါက်ခဲ့သည်။ (ယောဘ ၃၁:၆ [ကဘ] ကိုဖတ်ပါ။ *) ဘုရားသခင်သည် ကျွန်ုပ်တို့သမာဓိရှိမရှိသိရန် ကိုယ်တော်၏စုံလင်သောတရားမျှတမှုစံနှုန်းကို အသုံးပြုခြင်းဖြစ်သည့် “တိကျသောချိန်ခွင်” ဖြင့် လူသားအားလုံးကို ချိန်တော်မူကြောင်း ယောဘသိရှိခဲ့သည်။ ဒါဝိဒ်လည်း အလားတူပြောခဲ့၏– ‘ယေဟောဝါသည် လူမျိုးတို့ကိုတရားစီရင်တော်မူ၏။ အိုယေဟောဝါ အကျွန်ုပ်ဖြောင့်မတ်ခြင်းကိုလည်းကောင်း၊ စုံလင်ခြင်း [“သမာဓိ၊” ကဘ] ကိုလည်းကောင်းထောက်၍ အကျွန်ုပ်အမှုကို စီရင်ဆုံးဖြတ်တော်မူပါ။ . . . တရားသဖြင့်ပြုတော်မူသောဘုရားသခင် ကိုယ်တော်သည် နှလုံးနှင့်ကျောက်ကပ်ကို စစ်တော်မူတတ်ပါ၏။’ (ဆာ. ၇:၈၊ ၉) ဘုရားသခင်သည် အတွင်းလူဖြစ်သော ပုံဆောင် “နှလုံးနှင့်ကျောက်ကပ်” အတွင်းအကျဆုံးအပိုင်းသို့ စစ်ဆေးနိုင်ကြောင်း ကျွန်ုပ်တို့သိထားကြသည်။ သို့သော် ကိုယ်တော်ရှာသည့်အရာကို ကျွန်ုပ်တို့သတိရဖို့လိုသည်။ ဒါဝိဒ်ပြောခဲ့သည့်အတိုင်း ယေဟောဝါသည် ကျွန်ုပ်တို့၏သမာဓိကိုထောက်၍ ကျွန်ုပ်တို့အားစီရင်ဆုံးဖြတ်တော်မူသည်။

၁၄။ ကျွန်ုပ်တို့၏မစုံလင်မှု၊ အပြစ်ပြုတတ်သောသဘောသဘာဝက သမာဓိစောင့်ထိန်းရန် အဟန့်အတားဖြစ်စေသည်ဟု အဘယ်ကြောင့် ဘယ်တော့မျှမယူမှတ်သင့်သနည်း။

၁၄ ယေဟောဝါဘုရားသခင်သည် ယနေ့သန်းနှင့်ချီသောလူသားတို့၏နှလုံးများကို စစ်ဆေးနေသည်ဟု မြင်ယောင်ကြည့်ပါ။ (၅ ရာ. ၂၈:၉) ခရစ်ယာန်သမာဓိစောင့်ထိန်းသူ တစ်စုံတစ်ဦးကို ကိုယ်တော်မည်မျှရှာတွေ့လေ့ရှိသနည်း။ အတော်အတန်ရှားပါးသည်မှာ မှန်ပါသည်။ သို့သော် ကျွန်ုပ်တို့၏မစုံလင်မှုက သမာဓိစောင့်ထိန်းမှုကို အဟန့်အတားဖြစ်စေသည်ဟု မယူမှတ်သင့်ပါ။ ယင်းနှင့်ဆန့်ကျင်ကာ ကျွန်ုပ်တို့သည် မစုံလင်ကြသည့်တိုင် ယေဟောဝါသည် ကျွန်ုပ်တို့သမာဓိစောင့်ထိန်းနေသည်ကို တွေ့မည်ဖြစ်ကြောင်း ဒါဝိဒ်နှင့်ယောဘကဲ့သို့ ယုံကြည်စိတ်ချရန် အကြောင်းကောင်းရှိပါသည်။ စုံလင်မှုသည် သမာဓိစောင့်ထိန်းခြင်းအတွက် အာမခံချက်မဟုတ်ကြောင်း သတိရပါ။ ကမ္ဘာပေါ်တွင် စုံလင်သောသူသုံးဦးသာ အသက်ရှင်ခဲ့ပြီး နှစ်ဦးဖြစ်သော အာဒံနှင့်ဧဝသည် သမာဓိမစောင့်ထိန်းခဲ့ကြပါ။ သို့တိုင် သန်းနှင့်ချီသည့်မစုံလင်သောလူသားများစွာမှာမူ သမာဓိစောင့်ထိန်းခဲ့ကြသည်။ သင်လည်း ထိုသို့ဖြစ်နိုင်ပါသည်။

၃။ ကျွန်ုပ်တို့​၏​မျှော်​လင့်​ချက်​အတွက် အရေး​ပါ

၁၅။ သမာဓိရှိခြင်းသည် ကျွန်ုပ်တို့၏အနာဂတ်မျှော်လင့်ချက်အတွက် အရေးပါကြောင်း ဒါဝိဒ်မည်သို့ဖော်ပြခဲ့သနည်း။

၁၅ သမာဓိရှိခြင်းသည် ယေဟောဝါတရားစီရင်သည့် အခြေခံအကြောင်းရင်းဖြစ်သောကြောင့် ယင်းသည် ကျွန်ုပ်တို့၏ အနာဂတ်မျှော်လင့်ချက်အတွက် အရေးပါသည်။ ယင်းသို့မှန်ကန်ကြောင်း ဒါဝိဒ်သိခဲ့သည်။ (ဆာလံ ၄၁:၁၂ [ကဘ] ကိုဖတ်ပါ။ *) နှစ်သက်ဖွယ်ကောင်းသော ဘုရားသခင်၏ဂရုစိုက်မှု ထာဝစဉ်ရရှိမည်ဟူသည့် မျှော်လင့်ချက်ကို သူနှစ်သက်မြတ်နိုးခဲ့သည်။ ယနေ့ စစ်မှန်သောခရစ်ယာန်များကဲ့သို့ပင် ဒါဝိဒ်သည် ယေဟောဝါဘုရားသခင်အား ဝတ်ပြုကိုးကွယ်ရင်း ကိုယ်တော်နှင့် ပိုပို၍ရင်းနှီးလာကာ ထာဝစဉ်အသက်ရှင်ရန် မျှော်လင့်ခဲ့သည်။ ဒါဝိဒ်သည် ထိုမျှော်လင့်ချက်ပြည့်စုံသည်ကို တွေ့မြင်လိုပါက မိမိသည် သမာဓိစောင့်ထိန်းရမည်ဖြစ်ကြောင်း သိရှိခဲ့သည်။ အလားတူပင် ယေဟောဝါသည် ကျွန်ုပ်တို့သမာဓိစောင့်ထိန်းသည့်အခါ ကျွန်ုပ်တို့ကိုစောင်မ၊ သွန်သင်၊ လမ်းပြပြီး ကောင်းချီးပေးတော်မူသည်။

၁၆၊ ၁၇။ (က) သင်၏သမာဓိကိုအစဉ်ထိန်းသိမ်းရန် အဘယ်ကြောင့်သန္နိဋ္ဌာန်ချသနည်း။ (ခ) အဘယ်မေးခွန်းများကို နောက်ဆောင်းပါးတွင် သုံးသပ်ကြမည်နည်း။

၁၆ မျှော်လင့်ချက်သည် ကျွန်ုပ်တို့၏ လောလောဆယ်ပျော်ရွှင်မှုအတွက် အရေးပါသည်။ ယင်းသည် ခက်ခဲသောအချိန်များကို ကျော်လွှားအောင်မြင်ရန် လိုအပ်သည့်ရွှင်လန်းမှုကို ပေးစွမ်းနိုင်သည်။ မျှော်လင့်ချက်သည် ကျွန်ုပ်တို့၏အတွေးအခေါ်ကိုလည်း ကာကွယ်ပေးနိုင်သည်။ သမ္မာကျမ်းစာက မျှော်လင့်ချက်ကို သံခမောက်နှင့်ခိုင်းနှိုင်းထားသည်ကို သတိရပါ။ (၁ သက်. ၅:၈) သံခမောက်သည် တိုက်ပွဲတွင် စစ်သား၏ဦးခေါင်းကို ကာကွယ်ပေးသကဲ့သို့ မျှော်လင့်ချက်သည် ပျောက်ကွယ်လုနီးပြီဖြစ်သော ဤစနစ်ဟောင်းတွင် စာတန်မြှောက်ထိုးပင့်ကော်လုပ်သည့် အပျက်သဘော၊ အဆိုးဘက်သာရှုမြင်တတ်သော အတွေးအခေါ်များမှ ကျွန်ုပ်တို့၏စိတ်ကို ကာကွယ်ပေးသည်။ ကျွန်ုပ်တို့တွင်မျှော်လင့်ချက်မရှိပါက ဘဝသည် အဓိပ္ပာယ်ကင်းမဲ့သည်။ ကျွန်ုပ်တို့၏သမာဓိ၊ ယင်းနှင့်ဆက်နွှယ်သောမျှော်လင့်ချက်နှင့်ပတ်သက်၍ မိမိကိုယ်ကို ရိုးသားစွာ၊ အသေအချာဆင်ခြင်သုံးသပ်ဖို့လိုသည်။ သမာဓိစောင့်သိခြင်းအားဖြင့် သင်သည် ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ထောက်ခံရာရောက်ပြီး အနာဂတ်အတွက် အဖိုးထိုက်မျှော်လင့်ချက်ကို ကာကွယ်ရာရောက်ကြောင်း မမေ့ပါနှင့်။ သင်၏သမာဓိကို အစဉ်အမြဲစောင့်ထိန်းနိုင်ပါစေ။

၁၇ သမာဓိရှိခြင်းသည် အလွန်အရေးကြီးသောကြောင့် ကျွန်ုပ်တို့သည် နောက်ထပ်မေးခွန်းတချို့ကို ဆင်ခြင်သုံးသပ်ဖို့လိုသည်။ ကျွန်ုပ်တို့သည် သမာဓိကို မည်သို့တည်ဆောက်ကြသနည်း။ ယင်းကိုမည်သို့ထိန်းသိမ်းနိုင်သနည်း။ တစ်စုံတစ်ဦးသည် အချိန်အတန်အရာ သမာဓိစောင့်ထိန်းခြင်းမရှိခဲ့ပါက အဘယ်အရာပြုလုပ်နိုင်သနည်း။ နောက်ဆောင်းပါးတွင် ယင်းမေးခွန်းများကို သုံးသပ်ကြပါမည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 6 ယေရှုဤသို့မိန့်တော်မူခဲ့၏– “ကောင်းကင်ဘုံရှိ သင်တို့၏အဖသည် ပြည့်ဝစုံလင်တော်မူသည်နည်းတူ သင်တို့လည်း ပြည့်ဝစုံလင်ကြရမည်။” (မ. ၅:၄၈) မစုံလင်သောလူသားတို့ပင်လျှင် နှိုင်းရသဘောဖြင့် ပြည့်ဝစုံလင်နိုင်ကြသည်ကို ကိုယ်တော်နားလည်သဘောပေါက်ကြောင်း ထင်ရှားသည်။ ကျွန်ုပ်တို့သည် အခြားသူတို့ကို သဘောထားကြီးကြီးနှင့် ချစ်မြတ်နိုးပါဟူသည့်ပညတ်ကို လိုက်နာနိုင်ကြပြီး ယင်းကြောင့် ဘုရားသခင်၏နှစ်သက်မှုကိုရကြသည်။ သို့သော် ယေဟောဝါသည် အပြည့်ဝဆုံးသဘောဖြင့် စုံလင်တော်မူသည်။ ကိုယ်တော်နှင့်ပတ်သက်လျှင် “သမာဓိရှိခြင်း” အသုံးအနှုန်းတွင် စုံလင်ခြင်းလည်း ပါဝင်ပတ်သက်သည်။—ဆာ. ၁၈:၃၀

^ အပိုဒ်၊ 13 ယောဘ ၃၁:၆ [ကဘ]– “ကိုယ်တော်သည် တိကျသောချိန်ခွင်၌ ငါ့ကိုချိန်၍ ဘုရားသခင်သည် ငါ၏သမာဓိကို သိတော်မူလိမ့်မည်။”

^ အပိုဒ်၊ 15 ဆာလံ ၄၁:၁၂ [ကဘ]– ‘ကိုယ်တော်သည် အကျွန်ုပ်၏သမာဓိကြောင့် စောင်မတော်မူ၍ ကာလအစဉ်အဆက် ရှေ့တော်တွင်နေရာပေးတော်မူလတ္တံ့။’

သင်မည်သို့ဖြေဆိုမည်နည်း

• သမာဓိရှိခြင်းကား အဘယ်နည်း။

• သမာဓိသည် စကြဝဠာပိုင်သအုပ်စိုးမှုအရေးကိစ္စနှင့် မည်သို့ ပတ်သက်သနည်း။

• သမာဓိက ကျွန်ုပ်တို့၏မျှော်လင့်ချက်အတွက် အခြေခံအကြောင်းရင်းတစ်ခု မည်သို့ဖြစ်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၅ ပါပုံ]

နေ့စဉ်အသက်တာတွင် ကျွန်ုပ်တို့၏သမာဓိနှင့်ပတ်သက်၍ စိန်ခေါ်ချက်များစွာရှိ