မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကိုယ့်အကြိုက်များကို မရမကလိုက်စေသင့်သလော

ကိုယ့်အကြိုက်များကို မရမကလိုက်စေသင့်သလော

ကိုယ့်အကြိုက်များကို မရမကလိုက်စေသင့်သလော

ကလေးနှစ်ယောက်အတူကစားနေသည်။ တစ်ယောက်က သူအနှစ်သက်ဆုံးကစားစရာအရုပ်ကို နောက်တစ်ယောက်ထံမှ ဆတ်ခနဲဆွဲယူပြီး “ငါ့ဟာ” ဟုအော်ပြောလိုက်သည်။ မစုံလင်သောလူသားများသည် ငယ်ရွယ်စဉ်မှစ၍ အတော်အတန်တစ်ကိုယ်ကောင်းဆန်ကြသည်။ (က. ၈:၂၁; ရော. ၃:၂၃) ထို့ပြင် လောကသားအများစုသည် ငါသာပဓာနသဘောထားကို မြေတောင်မြှောက်ပေးကြ၏။ ယင်းစိတ်ဓာတ်ကိုရှောင်ဖို့ဆိုလျှင် တစ်ကိုယ်ကောင်းဆန်သည့်သဘောထားများကို ကျွန်ုပ်တို့ အပြင်းအထန်တိုက်လှန်ရမည်။ ထိုသို့မတိုက်လှန်ပါက ကျွန်ုပ်တို့သည် အခြားသူများကို အလွယ်တကူထိမိလဲစေနိုင်ပြီး ယေဟောဝါနှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကို အားနည်းသွားစေနိုင်သည်။—ရော. ၇:၂၁-၂၃

ကျွန်ုပ်တို့၏လုပ်ရပ်များက အခြားသူများအပေါ်သက်ရောက်မှုရှိသည်ကို ကျွန်ုပ်တို့အလေးအနက်စဉ်းစားရန် တမန်တော်ပေါလုအားပေးရာတွင် ဤသို့ရေးခဲ့သည်– “အရာခပ်သိမ်းကိုပြုနိုင်သည်မှန်သော်လည်း အရာခပ်သိမ်းသည် အကျိုးရှိသည်မဟုတ်။ အရာခပ်သိမ်းကိုပြုနိုင်သည်မှန်သော်လည်း အရာခပ်သိမ်းသည် တည်ဆောက်တတ်သည်မဟုတ်။” ပေါလုဤသို့လည်းပြော၏– “တိုက်မိ၍လဲစရာအကြောင်း မဖြစ်စေကြနှင့်။” (၁ ကော. ၁၀:၂၃၊ ၃၂) သို့ဆိုလျှင် ကိုယ့်အကြိုက်ပါဝင်သည့်ကိစ္စများတွင် မိမိကိုယ်ကိုဤသို့မေးခြင်းက ပညာရှိရာရောက်သည်– ‘အသင်းတော်ရဲ့ငြိမ်သက်မှု ထိခိုက်လာတဲ့အခါ ငါ့အကြိုက်တွေကို ငါအနစ်နာခံစွန့်လွှတ်လိုသလား။ ကျမ်းစာမူတွေကို လိုက်လျှောက်ဖို့ခက်ခဲသည့်တိုင် အဲဒီမူကိုလိုက်လျှောက်ဖို့ ငါပြင်ဆင်ထားသလား။’

အလုပ်ရွေးချယ်ရာတွင်

အလုပ်ရွေးချယ်ခြင်းက အခြားသူများအပေါ် အနည်းငယ်ထိခိုက်သည်ဖြစ်စေ၊ မထိခိုက်သည်ဖြစ်စေ ယင်းကို မိမိတို့၏ကိုယ်ပိုင်ရွေးချယ်မှုအဖြစ် လူအများစုရှုမြင်ကြသည်။ သို့သော် တောင်အမေရိကရှိမြို့ငယ်တစ်မြို့မှ စီးပွားရေးသမားတစ်ဦး၏တွေ့ကြုံမှုကို သုံးသပ်ကြည့်ပါ။ သူသည် လောင်းကစားသမား၊ အရက်သမားအဖြစ် လူသိများသည်။ သို့သော် ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာရာမှ သင်ယူသိရှိရာများကို စတင်ကျင့်သုံးလာပြီး သူ့ဘဝလမ်းစဉ်ကို ပြောင်းလဲခဲ့သည်။ (၂ ကော. ၇:၁) သူသည် အသင်းတော်နှင့်အတူ ဟောပြောခြင်းတွင်ပါဝင်လိုကြောင်း တင်ပြလာသောအခါ အကြီးအကဲက သူ၏လောကအလုပ်အမျိုးအစားကို ထည့်စဉ်းစားရန် လိမ္မာပါးနပ်စွာအားပေးခဲ့သည်။ သူသည် အချိန်အတော်ကြာအထိ အရက်ဦးရေကို မြို့တွင်အဓိကဖြန့်ဝေသူဖြစ်သည်၊ ယင်းအရက်ကို လူများစွာသုံးဆောင်ကြသည်၊ သို့သော် ထိုဒေသတွင် ယင်းအရက်ကို အချိုရည်နှင့်ရောလေ့ရှိပြီး မူးရန်သက်သက်အတွက် သောက်သုံးကြသည်။

အကယ်၍ သူသည် လူအများရှေ့ဟောပြောသော်လည်း အရက်ရောင်းနေဆဲဖြစ်သည်ဆိုလျှင် အသင်းတော်၏ဂုဏ်သိက္ခာ ထိခိုက်မည်၊ ဘုရားသခင်နှင့်သူ၏ဆက်ဆံရေးလည်း ထိခိုက်နိုင်ကြောင်း သိမြင်လာခဲ့သည်။ မိသားစုကြီးကို ထောက်ပံ့ရမည့်တာဝန်ရှိသော်လည်း အရက်ရောင်းခြင်းကို စွန့်လိုက်သည်။ ယခု သူသည် စက္ကူပစ္စည်းထုပ်များရောင်းခြင်းဖြင့် မိသားစုကိုထောက်ပံ့နေသည်။ သူ၊ သူ့မိန်းမနှင့် ကလေးငါးယောက်ထဲမှ နှစ်ယောက်တို့သည် ယခုနှစ်ခြင်းခံပြီးပြီဖြစ်သည်။ သူတို့သည် သတင်းကောင်းကို လွတ်လွတ်လပ်လပ် ထက်သန်စွာဟောပြောကြသည်။

အပေါင်းအသင်းရွေးချယ်ရာတွင်

မယုံကြည်သူတို့နှင့် ပေါင်းသင်းခြင်းသည် ကိုယ့်အကြိုက်လိုက်ခြင်းမျှသာလော သို့မဟုတ် ယင်းတွင် ကျမ်းစာမူများပါဝင်ပတ်သက်မှုရှိသလော။ ညီအစ်မတစ်ဦးသည် စစ်မှန်သောခရစ်ယာန်မဟုတ်သောလူငယ်တစ်ဦးနှင့်အတူ ပါတီပွဲတစ်ခုကိုသွားလိုခဲ့သည်။ အန္တရာယ်ရှိကြောင်း သတိပေးခံရသော်လည်း ယင်းသည် မိမိ၏လုပ်ပိုင်ခွင့်ဖြစ်သည်ဟု ယူဆကာ ပါတီပွဲသို့သွားခဲ့သည်။ ထိုနေရာသို့ရောက်ပြီးမကြာမီတွင် စိတ်ငြိမ်ဆေးအပြင်းစားရောထားသည့်အရက် သူ့ကို တိုက်သည်။ နာရီအတော်ကြာမှ သူနိုးလာရာ သူ့သူငယ်ချင်းဟုခေါ်သောသူ၏ မုဒိမ်းကျင့်ခြင်းခံရကြောင်း သိလိုက်ရသည်။—ကမ္ဘာဦး ၃၄:၂ နှင့်နှိုင်းယှဉ်ပါ။

မယုံကြည်သူများနှင့်ပေါင်းသင်းခြင်းက ထိုသို့သောအဖြစ်ဆိုးနှင့်အမြဲကြုံတွေ့မည်မဟုတ်သော်လည်း သမ္မာကျမ်းစာက ဤသို့သတိပေးထားသည်– “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့်ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏။” (သု. ၁၃:၂၀) မကောင်းသောအပေါင်းအသင်းများ ရွေးချယ်ခြင်းက ကျွန်ုပ်တို့အား ဘေးသင့်ရောက်စေနိုင်သည်မှာ သံသယရှိစရာမလိုပါ! နယပုံပြင် ၂၂:၃ ကဤသို့ဖော်ပြသည်– ‘ကောင်းသောသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။ ဉာဏ်တိမ်သောသူမူကား အစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။’ ကျွန်ုပ်တို့၏အပေါင်းအသင်းများက ကျွန်ုပ်တို့ကိုရော ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကိုပါ ထိခိုက်စေနိုင်ပါသည်။—၁ ကော. ၁၅:၃၃; ယာ. ၄:၄

ဝတ်စားဖြီးလိမ်းရာတွင်

ပုံစံများနှင့် ဖက်ရှင်များသည် အချိန်တိုင်းပြောင်းလဲနေသည်။ သို့သော် ဝတ်စားဖြီးလိမ်းပုံနှင့်ပတ်သက်သော ကျမ်းစာမူများမှာမူ မပြောင်းလဲပါ။ ပေါလုက ခရစ်ယာန်အမျိုးသမီးများသည် “ဣန္ဒြေရှိခြင်း၊ သမာသတိရှိခြင်းနှင့်တကွ တင့်တယ်သောအဝတ်အစားဖြင့် ကိုယ်ကိုဆင်ယင်” ကြရန် အားပေးခဲ့သည်၊ ယင်းမူသည် အမျိုးသားများနှင့်လည်း အလားတူသက်ဆိုင်သည်။ (၁ တိ. ၂:၉) အလွန်ရိုးစင်းသောပုံစံကိုဝတ်ဆင်ရမည်ဟု ပေါလုအားပေးနေခြင်းမဟုတ်သကဲ့သို့ ခရစ်ယာန်အားလုံး အကြိုက်ချင်းတူရမည်ဟူ၍လည်း ပြောဆိုနေခြင်းမဟုတ်ပါ။ သို့သော် ဣန္ဒြေရှိခြင်းဟူသည်မှာ အဘယ်နည်း။ အဘိဓာန်တစ်အုပ်က ဣန္ဒြေရှိခြင်းကို “ကိုယ်၊ နှုတ်၊ နှလုံးစောင့်စည်းမှု သို့မဟုတ် တည်ငြိမ်သောအမူအရာ” ဟုအဓိပ္ပာယ်သတ်မှတ်သည်။

ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကိုဤသို့မေးဖို့လို၏– ‘ငါ့ရဲ့လုပ်ပိုင်ခွင့်ဆိုပြီး မလိုအပ်ဘဲ ငါ့ကိုအာရုံစိုက်စေတဲ့နည်းနဲ့ဝတ်ဆင်တဲ့အခါ ဣန္ဒြေရှိတယ်လို့ ငါရိုးသားစွာပြောနိုင်ပါ့မလား။ ငါ့ရဲ့ဝတ်ဆင်ပုံက ငါဟာ ဘယ်သူဘယ်ဝါ ဒါမှမဟုတ် ငါ့ရဲ့ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး လူတွေကို အထင်လွဲစေသလား။’ ကျွန်ုပ်တို့သည် “ကိုယ့်အရေးကိစ္စကိုသာ အာရုံမစိုက်ဘဲ သူတစ်ပါး၏အရေးကိစ္စကိုလည်း အာရုံစိုက်” ခြင်းအားဖြင့် ဤကိစ္စတွင် “တိုက်မိ၍လဲစရာအကြောင်း” မရှိရန်ပြုလုပ်နိုင်သည်။—၂ ကော. ၆:၃; ဖိ. ၂:၄

စီးပွားရေးကိစ္စများတွင်

ကောရိန္သုအသင်းတော်တွင် မတရားဆက်ဆံခံရ သို့မဟုတ် အလိမ်ခံရခြင်းနှင့်ပတ်သက်၍ ကြီးလေးသောအရေးကိစ္စပေါ်လာသောအခါ ပေါလုဤသို့ရေးခဲ့သည်– “မတရားမှုကို အဘယ်ကြောင့် ကိုယ်တိုင် မခံကြသနည်း။ လိမ်လည်မှုကို အဘယ်ကြောင့် ကိုယ်တိုင် မခံကြသနည်း။” ညီအစ်ကိုတစ်ဦးကို တရားစွဲခြင်းထက် တစ်စုံတစ်ရာစွန့်လွှတ်လိုစိတ်ရှိကြရန် ခရစ်ယာန်များကို ပေါလုအကြံပေးခဲ့သည်။ (၁ ကော. ၆:၁-၇) အမေရိကန်ပြည်ထောင်စုရှိ ညီအစ်ကိုတစ်ဦးသည် ယင်းအကြံပေးချက်ကို နှလုံးသွင်းခဲ့သည်။ သူသည် မိမိအားပေးရန်လုပ်ခများနှင့်ပတ်သက်၍ မိမိ၏ခရစ်ယာန်အလုပ်ရှင်နှင့် သဘောထားကွဲလွဲနေသည်။ ညီအစ်ကိုနှစ်ဦးသည် ကျမ်းစာလမ်းညွှန်ချက်များကိုလိုက်လျှောက်ကာ အကြိမ်ကြိမ်တွေ့ဆုံခဲ့ကြသည်၊ သို့သော် ပြဿနာမဖြေရှင်းနိုင်ဘဲဖြစ်နေ၏။ နောက်ဆုံးတွင် ယင်းကိစ္စကို ခရစ်ယာန်အကြီးအကဲများဖြင့်ကိုယ်စားပြုသော “အသင်းတော်ကို” တင်ပြခဲ့ကြသည်။—မ. ၁၈:၁၅-၁၇

ပြဿနာမဖြေရှင်းနိုင်သေးပဲရှိနေသည်မှာ ဝမ်းနည်းစရာပင်။ များစွာဆုတောင်းပြီးနောက် အလုပ်သမားဖြစ်သူက မိမိအားပေးရန်ရှိသည်ဟုယူဆသော ငွေကြေးအများစုကို အဆုံးခံလိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။ အဘယ်ကြောင့်နည်း။ နောက်ပိုင်းတွင် သူဤသို့ပြောသည်– “ဒီသဘောထားကွဲလွဲမှုက ကျွန်တော့်ကို မရွှင်မလန်းဖြစ်စေပြီး ခရစ်ယာန်လုပ်ငန်းမှာအသုံးပြုနိုင်တဲ့ တန်ဖိုးရှိအချိန်ကို စားပစ်လိုက်တယ်။” ယင်းသို့ဆုံးဖြတ်ချက်ချပြီးနောက် ညီအစ်ကိုသည် ရွှင်လန်းမှုပြန်ခံစားရပြီး သူ၏လုပ်ငန်းကို ယေဟောဝါကောင်းချီးပေးနေကြောင်း သိမြင်ခဲ့သည်။

သေးငယ်သောအရာများတွင်ပင်

မိမိတို့၏အကြိုက်ကို မရမကလိုက်စေခြင်းမပြုပါက သေးငယ်သောကိစ္စများတွင်လည်း ကောင်းချီးများရရှိစေသည်။ ရှေ့ဆောင်ဇနီးမောင်နှံသည် ခရိုင်စည်းဝေးကြီးပထမနေ့တွင် စောစောရောက်ရှိခဲ့ပြီး မိမိတို့စိတ်ကြိုက်ထိုင်ခုံများကို ဦးထားသည်။ အစီအစဉ်စသည်နှင့် ကလေးအတော်များများရှိသောမိသားစုကြီးသည် ပြည့်သိပ်နေသောခန်းမကြီးထဲသို့ ကသောကမျောဝင်လာကြသည်။ ထိုမိသားစုသည် အားလုံးထိုင်နိုင်သည့်ထိုင်ခုံများကို ရှာဖွေနေကြောင်း သတိပြုမိသောရှေ့ဆောင်ဇနီးမောင်နှံသည် မိမိတို့၏ထိုင်ခုံနှစ်နေရာကို ပေးလိုက်သည်။ ယင်းကြောင့် ထိုမိသားစုတစ်ခုလုံး အတူတကွထိုင်၍ရသွားသည်။ စည်းဝေးကြီးပြီး၍ရက်အနည်းငယ်အကြာတွင် ရှေ့ဆောင်ဇနီးမောင်နှံသည် ထိုမိသားစုထံမှ ကျေးဇူးတင်စာတစ်စောင်ရရှိခဲ့သည်။ ယင်းစာတွင် စည်းဝေးကြီးကို နောက်ကျမှရောက်လာခဲ့သည့်အတွက် မည်မျှစိတ်မကောင်းဖြစ်ခဲ့ကြကြောင်း ဖော်ပြထားသည်။ ရှေ့ဆောင်ဇနီးမောင်နှံ၏ကြင်နာမှုကြောင့် ချက်ချင်းဆိုသလိုရွှင်လန်းသွားပြီး ကျေးဇူးတင်စိတ်များဖြစ်လာခဲ့သည်။

ကျွန်ုပ်တို့သည် အခွင့်အရေးရသောအခါ မိမိတို့၏အကြိုက်များကို အခြားသူတို့အကျိုးအတွက် လိုလိုလားလားအနစ်နာခံစွန့်လွှတ်ကြစို့။ “ကိုယ့်အကျိုးကို မရှာတတ်” သောမေတ္တာကိုတင်ပြခြင်းအားဖြင့် ကျွန်ုပ်တို့သည် အသင်းတော်အတွင်းနှင့် အိမ်နီးချင်းများနှင့်ငြိမ်သက်မှုဆက်ရှိနေရန် ကူညီပေးကြသည်။ (၁ ကော. ၁၃:၅) သို့သော် အရေးကြီးဆုံးမှာ ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ထိန်းသိမ်းကြခြင်းဖြစ်သည်။

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ဖက်ရှင်ရွေးချယ်ရာတွင် သင်သည် ကိုယ်ပိုင်အကြိုက်များကို လိုလိုလားလား အနစ်နာခံစွန့်လွှတ်ပါသလော

[စာမျက်နှာ ၂၀၊ ၂၁ ပါ ရုပ်ပုံ]

ကျွန်ုပ်တို့၏ညီအစ်ကိုများအတွက် ကျွန်ုပ်တို့၏ထိုင်ခုံကို ပေးလိုစိတ်ရှိပါသလော