မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသုဘအခမ်းအနားများကို ဂုဏ်သိက္ခာရှိစေပြီး တော်သင့်ရုံဖြစ်စေကာ ဘုရားသခင့်စိတ်တော်နှင့်တွေ့စေခြင်း

ခရစ်ယာန်အသုဘအခမ်းအနားများကို ဂုဏ်သိက္ခာရှိစေပြီး တော်သင့်ရုံဖြစ်စေကာ ဘုရားသခင့်စိတ်တော်နှင့်တွေ့စေခြင်း

ခရစ်ယာန်အသုဘအခမ်းအနားများကို ဂုဏ်သိက္ခာရှိစေပြီး တော်သင့်ရုံဖြစ်စေကာ ဘုရားသခင့်စိတ်တော်နှင့်တွေ့စေခြင်း

ဝမ်းနည်းပူဆွေးသည့်ငိုကြွေးသံများ နေရာတိုင်းတွင်ကြားနေရသည်။ အထူးချုပ်ထားသောအနက်ရောင်အင်္ကျီကို ဝတ်ဆင်ထားကြသော ဝမ်းနည်းပူဆွေးသူများသည် တစာစာငိုကြွေးမြည်တမ်းပြီး ဝမ်းနည်းပက်လက်ဖြင့် မြေပေါ်ပစ်လှဲကြသည်။ ကချေသည်များသည် တေးဂီတ၏စည်းချက်နှင့်အညီ ယိမ်းထိုးကကြသည်။ သို့တိုင် အခြားသူများမှာ စားလျက်၊ အားရပါးရရယ်မောလျက်၊ ပျော်ရွှင်မြူးထူးလျက်နေကြ၏။ အချို့တို့သည် ထန်းရည်နှင့် ဘီယာသောက်ပြီး မူးလဲနေကြသည်။ ဤအခါသမယကား အဘယ်နည်း။ ယင်းသည် ကမ္ဘာ့ဒေသတချို့တွင် သေလွန်သူအား နှုတ်ဆက်မေတ္တာပို့ရန် ရာနှင့်ချီသောလူတို့စုဝေးရာ အသုဘအခမ်းအနား၏ ထူးခြားသောသွင်ပြင်လက္ခဏာများဖြစ်သည်။

ယေဟောဝါသက်သေများစွာတို့သည် အလွန်အယူသီးသော၊ သေလွန်သူကိုကြောက်သောဆွေမျိုးများနှင့် အိမ်နီးနားချင်းများရှိရပ်ရွာများတွင် နေထိုင်ကြသည်။ လူသန်းပေါင်းများစွာက လူတစ်ဦးသေဆုံးသောအခါ ထိုသူသည် ဘိုးဘေးဝိညာဉ်တစ်ပါးဖြစ်သွားပြီး အသက်ရှင်သူတို့ကို ကူညီပေး သို့မဟုတ် အန္တရာယ်ပေးနိုင်သည်ဟု ယုံကြည်ကြသည်။ ယင်းအယူဝါဒသည် များစွာသောအသုဘအခမ်းအနားထုံးတမ်းများနှင့် ပတ်သက်ဆက်နွှယ်မှုရှိနေသည်။ မှန်ပါသည်၊ သေဆုံးသွားသူတစ်ဦးကြောင့် ဝမ်းနည်းပူဆွေးကြသည်မှာ သဘာဝပင်။ ယေရှုနှင့် ကိုယ်တော်၏တပည့်များသည် ချစ်ရသူများသေဆုံးခြင်းကြောင့် ဝမ်းနည်းပူဆွေးသည့်အခါများရှိသည်။ (ယော. ၁၁:၃၃-၃၅၊ ၃၈; တ. ၈:၂; ၉:၃၉) သို့တိုင် သူတို့ခေတ်တွင်ပြုလေ့ပြုထရှိသော အလွန့်အလွန်ဝမ်းနည်းပူဆွေးသည့်ဖော်ပြချက်များကို တစ်ခါမျှ သူတို့မပြသခဲ့ကြပါ။ (လု. ၂၃:၂၇၊ ၂၈; ၁ သက်. ၄:၁၃) အဘယ်ကြောင့်နည်း။ အကြောင်းရင်းတစ်ခုမှာ သေခြင်းနှင့်ပတ်သက်သောအမှန်တရားကို သူတို့သိထားသောကြောင့်ဖြစ်သည်။

ကျမ်းစာတွင် ရှင်းလင်းစွာဤသို့ဖော်ပြသည်– “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ။ . . . သူ၏ ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်း ပျောက်ပျက်၏။ . . . သင်ယခုသွား၍ ရောက်ရလတ္တံ့သောအရပ်တည်းဟူသော မရဏာနိုင်ငံ [လူသားတို့၏ ယေဘုယျသင်္ချိုင်း] ၌လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။” (ဒေ. ၉:၅၊ ၆၊ ၁၀) လူတစ်ဦးသေဆုံးသောအခါ သူသည် အဘယ်အရာမျှမသိတော့ကြောင်း ဤမှုတ်သွင်းခံကျမ်းချက်များက ရှင်းရှင်းလင်းလင်းဖော်ပြသည်။ သူသည် မစဉ်းစားနိုင်၊ မခံစားနိုင်၊ မဆက်သွယ်နိုင် သို့မဟုတ် အဘယ်အရာကိုမျှနားမလည်နိုင်ပါ။ ဤအရေးကြီးသောကျမ်းစာအမှန်တရားကို နားလည်ထားခြင်းက ခရစ်ယာန်အသုဘအခမ်းအနားများကျင်းပပုံအပေါ် မည်သို့သက်ရောက်မှုရှိသင့်သနည်း။

“မသန့် ရှင်းသောအရာကို မတို့မထိကြနှင့်”

ယေဟောဝါသက်သေများသည် မည်သည့်လူမျိုး သို့မဟုတ် ယဉ်ကျေးမှုနောက်ခံပင်ရှိပါစေ သေလွန်သူသည် အသိတရားရှိပြီး အသက်ရှင်သူတို့အပေါ် ဩဇာလွှမ်းမိုးနိုင်သည်ဟူသောယုံကြည်ခြင်းနှင့်ဆက်နွှယ်သည့် အဘယ်ဓလေ့ထုံးစံကိုမဆို ပြတ်ပြတ်သားသားရှောင်ကြဉ်ကြသည်။ သေလွန်သူကို မအိပ်ဘဲစောင့်ခြင်း၊ အသုဘအထိမ်းအမှတ်ပွဲများ၊ အသုဘနှစ်ပတ်လည်ပွဲနေ့များ၊ သေလွန်သူအတွက်ယဇ်တင်ခြင်းများ၊ မုဆိုးမဘဝထုံးတမ်းဓလေ့များကဲ့သို့သော ဓလေ့ထုံးစံတို့သည် မသန့်ရှင်းရာများ၊ ဘုရားသခင့်စိတ်တော်နှင့်မတွေ့သောအရာများဖြစ်သည်၊ အကြောင်းမှာ ယင်းတို့သည် စိုးလ် သို့မဟုတ် ဝိညာဉ်မသေဟူသော ကျမ်းစာနှင့်မကိုက်ညီသည့် နတ်ဆိုးသွန်သင်ချက်နှင့်ဆက်နွှယ်သောကြောင့်ဖြစ်သည်။ (ယေဇ. ၁၈:၄) စစ်မှန်သောခရစ်ယာန်များသည် ‘“ယေဟောဝါဘုရားသခင်၏စားပွဲ” နှင့် နတ်ဆိုးတို့၏စားပွဲ နှစ်မျိုးလုံးတွင် မသုံးဆောင်နိုင်’ ပါ၊ ထို့ကြောင့် သူတို့သည် ယင်းဓလေ့ထုံးစံများတွင် မပါဝင်ကြပါ။ (၁ ကော. ၁၀:၂၁) သူတို့သည် ဤအမိန့်တော်ကိုနာခံကြသည်– “တသီးတခြားနေကြလော့။ မသန့်ရှင်းသောအရာကို မတို့မထိကြနှင့်။” (၂ ကော. ၆:၁၇) သို့သော် ယင်းသို့ရပ်တည်ရန် အမြဲမလွယ်ကူပါ။

အာဖရိကနှင့် အခြားနိုင်ငံများတွင် အချို့သောဓလေ့ထုံးစံများကို မလိုက်လျှောက်ပါက ဘိုးဘေးဝိညာဉ်များ မကျေမနပ်ဖြစ်မည်ဟု ကျယ်ကျယ်ပြန့်ပြန့်ယုံကြည်ထားကြသည်။ လိုက်လျှောက်ဖို့ပျက်ကွက်ခြင်းသည် ရပ်ကွက်ကိုကျိန်စာသင့်စေနိုင် သို့မဟုတ် ဘေးဆိုးကျရောက်စေနိုင်သည့် ကြီးလေးသောအပြစ်အဖြစ် ယူမှတ်ကြသည်။ ကျမ်းစာနှင့်မညီသောအသုဘဓလေ့ထုံးစံများတွင် မပါဝင်ခြင်းကြောင့် ယေဟောဝါသက်သေများစွာတို့သည် ပြစ်တင်ဝေဖန်မှု၊ မထီလေးစားပြုမှုခံခဲ့ရကြပြီး သူတို့၏ရပ်ရွာများ သို့မဟုတ် မိသားစုဆွေမျိုးသားချင်းများ၏ ဝိုင်းပယ်ခြင်းခံခဲ့ကြရသည်။ အချို့ဆိုလျှင် လူမှုရေးခေါင်းပါးသူများ၊ သေလွန်သူကို မလေးစားသူများဟု စွပ်စွဲခံရကြသည်။ မယုံကြည်သူတို့သည် ခရစ်ယာန်အသုဘအစီအစဉ်များကို အတင်းအကျပ်ထိန်းချုပ်သည့်အခါများလည်းရှိ၏။ ထို့ကြောင့် ဘုရားသခင့်စိတ်တော်နှင့်မတွေ့သော အသုဘဓလေ့ထုံးစံများကို မရမကလိုက်နာခိုင်းသူတို့နှင့်ထိပ်တိုက်တွေ့ဆုံခြင်းကို မည်သို့ရှောင်နိုင်သနည်း။ ပို၍အရေးကြီးသည်ကား ယေဟောဝါနှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကို ပျက်စီးစေနိုင်သည့် မသန့်ရှင်းသောထုံးတမ်းဓလေ့များမှ ကျွန်ုပ်တို့ကိုယ်ကိုသီးခြားဖြစ်စေရန် အဘယ်အရာပြုလုပ်နိုင်သနည်း။

သင့်ရပ်တည်မှုကို ရှင်းရှင်းလင်းလင်းတင်ပြပါ

ကမ္ဘာ့ဒေသတချို့၌ သေလွန်သူကိုသင်္ဂြိုဟ်ခြင်းနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များချရာတွင် မျိုးနွယ်စုမှ လူကြီးများနှင့် မိသားစုရင်းချာမဟုတ်သောဆွေမျိုးများကို ပါဝင်စေလေ့ရှိသည်။ ထို့ကြောင့် အသုဘအခမ်းအနားကို ကျမ်းစာမူများနှင့်အညီ ယေဟောဝါသက်သေများ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တည်ကြည်သောခရစ်ယာန်တစ်ဦး သေချာစေရမည်။ (၂ ကော. ၆:၁၄-၁၆) ခရစ်ယာန်တစ်ဦး၏အသုဘတွင် လုပ်ဆောင်ရာများသည် ယုံကြည်သူချင်းများ၏ကိုယ်ကိုကိုယ်သိသောစိတ်ကို အနှောင့်အယှက်မဖြစ်စေသင့် သို့မဟုတ် သေလွန်သူတို့နှင့်ပတ်သက်၍ ကျွန်ုပ်တို့ယုံကြည်ရာ၊ သွန်သင်ရာများကိုသိထားသောအခြားသူတို့ကို ထိမိမလဲစေသင့်ပါ။

အသုဘအခမ်းအနားတစ်ခုကို ကျင်းပပေးရန် ခရစ်ယာန်အသင်းတော်မှ ကိုယ်စားလှယ်တစ်ဦး တောင်းဆိုခံရသောအခါ ခန့်အပ်ခံအကြီးအကဲများသည် အစီအစဉ်အားလုံး ကျမ်းစာလမ်းညွှန်ချက်များနှင့်ကိုက်ညီစေရန် အကူအညီဖြစ်စေသောအကြံပေးချက်များနှင့် ကျမ်းစာမူများကိုပေးနိုင်သည်။ သက်သေခံမဟုတ်သူအချို့က မသန့်ရှင်းသောဓလေ့ထုံးစံများကို ထည့်သွင်းလိုပါက ခိုင်မြဲစွာရပ်တည်ရန်နှင့် ကျွန်ုပ်တို့၏ခရစ်ယာန်အနေအထားကို ကြင်နာစွာ၊ တလေးတစားနှင့်သတ္တိရှိရှိရှင်းပြရန် အရေးကြီးသည်။ (၁ ပေ. ၃:၁၅) သို့သော် မယုံကြည်သောဆွေမျိုးများသည် မသန့်ရှင်းသောဓလေ့ထုံးစံများကို အစီအစဉ်များတွင် မရမကထည့်သွင်းခိုင်းပါက အသို့နည်း။ ထိုအခါမျိုးတွင် ယုံကြည်သူမိသားစုသည် အသုဘအခမ်းအနားမှထွက်သွားကြရန် ဆုံးဖြတ်ပေမည်။ (၁ ကော. ၁၀:၂၀) ယင်းသို့ဖြစ်သောအခါ ချစ်ရသူတစ်ဦးသေဆုံးခြင်းကြောင့် တကယ်ဝမ်းနည်းပူဆွေးသူတို့အား ‘ကျမ်းစာမှနှစ်သိမ့်’ နိုင်ရန် ဒေသခံဘုရားသခင့်နိုင်ငံတော်ခန်းမ သို့မဟုတ် သင့်တော်သောတစ်နေရာရာတွင် ရိုးရိုးလေးဖြစ်သောအသုဘဟောပြောချက်တစ်ခု ပြုလုပ်ပေမည်။ (ရော. ၁၅:၄) ကွယ်လွန်သူ၏အလောင်းမရှိသည့်တိုင် ထိုသို့သောအစီအစဉ်သည် ဂုဏ်သိက္ခာရှိပြီး လုံးဝလက်ခံနိုင်စရာဖြစ်၏။ (တရား. ၃၄:၅၊ ၆၊) မယုံကြည်သူများထံမှ ထောက်ထားမှုမရှိဝင်ရှုပ်ခြင်းက စိတ်ဖိစီးမှုနှင့် အခါသမယ၏ဝမ်းနည်းမှုကို ပိုတိုးစေပေမည်၊ သို့သော် “သာမန်ထက် ထူးကဲသောတန်ခိုးတော်” ပေးစွမ်းနိုင်သောဘုရားသခင်သည် မှန်ရာကိုလုပ်ဖို့ ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်ကို မသိဘဲမနေကြောင်းသိရခြင်းမှ ကျွန်ုပ်တို့နှစ်သိမ့်မှုခံစားနိုင်သည်။—၂ ကော. ၄:၇

သင့်ရပ်တည်ချက်ကို ရေးထားပါ

လူတစ်ဦးသည် မိမိ၏အသုဘအစီအစဉ်များနှင့်ပတ်သက်၍ ကိုယ်ပိုင်ညွှန်ကြားချက်များ ရေးထားသောအခါ သက်သေခံမဟုတ်သောမိသားစုဝင်များသည် သေဆုံးသူ၏ဆန္ဒကို လေးစားနိုင်ဖွယ်ရှိသောကြောင့် တိုင်ပင်ဆွေးနွေးရန် ပို၍လွယ်ကူစေသည်။ အသုဘအခမ်းအနားကို မည်သို့ကျင်းပသင့်ကြောင်း၊ မည်သည့်နေရာတွင်ပြုလုပ်သင့်ကြောင်း၊ စီစဉ်ဆောင်ရွက်ရန် မည်သူက အဓိကတာဝန်ယူသင့်ကြောင်းတို့သည် ရေးထားဖို့လိုသည့် အရေးကြီးသောအသေးစိတ်အချက်အလက်များဖြစ်သည်။ (က. ၅၀:၅) အထိရောက်ဆုံးကား လက်မှတ်ရေးထိုးထားသည့်၊ အသိသက်သေရှိသည့်စာရွက်စာတမ်းဖြစ်သည်။ ကျမ်းစာမူများကိုအခြေခံပြီး ထိုးထွင်းသိမြင်မှုရှိရှိ၊ ဉာဏ်ပညာရှိရှိအနာဂတ်ကို စီစဉ်ထားသူတို့သည် အလွန်အိုမှ သို့မဟုတ် ရောဂါကျွမ်းမှ ဤအဆင့်ကိုသုံးသပ်မည်မဟုတ်ကြောင်း သိထားကြသည်။—သု. ၂၂:၃; ဒေ. ၉:၁၂

ထိုသို့သောညွှန်ကြားချက်များကို စာရွက်စာတမ်းတစ်ခုတွင် ရေးချထားရန်မှာ မလွယ်ကူကြောင်း အချို့သူတို့ခံစားကြသည်။ သို့သော် ယင်းသို့ပြုခြင်းသည် ခရစ်ယာန်ရင့်ကျက်ခြင်းနှင့် အခြားသူများကို မေတ္တာပါပါစိုးရိမ်ခြင်း၏ အထောက်အထားဖြစ်သည်။ (ဖိ. ၂:၄) ဝမ်းနည်းကြေကွဲနေသောမိသားစုဝင်များက အစီအစဉ်များကို စီစဉ်ဆောင်ရွက်ရာတွင် သေဆုံးသူယုံကြည်လက်ခံခြင်းမရှိသော မသန့်ရှင်းသည့်ဓလေ့ထုံးစံများကိုလုပ်ဆောင်ရန် ဖိအားပေးခံရနိုင်ကာ ကိုယ်စိတ်ဆင်းရဲနိုင်သောကြောင့် မိမိကိုယ်တိုင်တာဝန်ယူခြင်းက ပိုကောင်းသည်။

အသုဘအခမ်းအနားကို တော်သင့်ရုံဖြစ်စေပါ

ဘိုးဘေးဝိညာဉ်များကို စိတ်မဆိုးစေရန် အသုဘအခမ်းအနားသည် ကြီးမားပြီး အထူးစွဲမှတ်စရာဖြစ်ရမည်ဟူ၍ အာဖရိကရှိဒေသအတော်များများတွင် ကျယ်ကျယ်ပြန့်ပြန့်ယုံကြည်ထားကြသည်။ အခြားသူတို့သည် မိမိတို့၏လူမှုအဆင့်အတန်းနှင့် စီးပွားရေးအခြေအနေကို “ဝါကြွား” ရန်အသုဘအခမ်းအနားများကို အခွင့်အရေးအဖြစ် အသုံးပြုကြသည်။ (၁ ယော. ၂:၁၆) လောကရှိလူတို့သတ်မှတ်ချက်အရ ကွယ်လွန်သူအလောင်းကို “သင့်တော်လျောက်ပတ်စွာ” သင်္ဂြိုဟ်ရန် များစွာသောအချိန်၊ ခွန်အား၊ ငွေကြေးအမြောက်အမြားကို ပေးဆက်ရသည်။ လူများနိုင်သလောက်များများကို ဆွဲဆောင်နိုင်ရန် ကွယ်လွန်သူ၏ဓာတ်ပုံပါသောပိုစတာကြီးများကို နေရာအနှံ့ထားခြင်းဖြင့် အသုဘအစီအစဉ်ကို လူသိများအောင် ကြေညာကြသည်။ ဝမ်းနည်းပူဆွေးသူများ ဝတ်ဆင်နိုင်ရန် ကွယ်လွန်သူ၏ရုပ်ပုံပါသည့်တီရှပ်များထုတ်လုပ်ပြီး ဖြန့်ဝေခဲ့ကြသည်။ ကြည့်ရှုသူများကို အထင်ကြီးစွဲမှတ်သွားစေရန် အနုစိတ်ပြုလုပ်ထားသည့် ဈေးကြီးသောခေါင်းများကို ဝယ်ယူခဲ့ကြသည်။ အာဖရိကရှိဒေသတစ်ခုတွင် အချို့သူတို့သည် ချမ်းသာကြွယ်ဝကြောင်း၊ ကြီးကျယ်ခမ်းနားကြောင်းပြရန် ခေါင်းများကို ကားများ၊ လေယာဉ်ပျံများ၊ လှေများနှင့် အခြားအရာဝတ္ထုများပုံစံပြုလုပ်ခဲ့ကြသည်။ ကွယ်လွန်သူ၏အလောင်းကို ခေါင်းမှထုတ်ပြီး အထူးပြင်ဆင်ထားသောခုတင်ပေါ်တွင် ပြသကြပေမည်။ သေဆုံးသူအမျိုးသမီးတစ်ဦးကို အဖြူရောင်မင်္ဂလာဝတ်စုံဆင်မြန်းစေပြီး များစွာသောအဖိုးတန်ကျောက်မျက်ရတနာ၊ ပုတီးကုံးများနှင့် မိတ်ကပ်များဖြင့် တန်ဆာဆင်ထားကြပေမည်။ ယင်းဓလေ့ထုံးစံများတွင်ပါဝင်ခြင်းသည် ဘုရားသခင့်လူမျိုးအတွက် အမှန်တကယ်သင့်လျော်ပါမည်လော။

ကျမ်းစာမူများကို သိလည်းမသိ၊ ဂရုလည်းမစိုက်သောသူတို့၏ အလွန်အကျွံစိတ်အလိုလိုက်ခြင်းကို ရှောင်ကြဉ်ခြင်း၏ပညာရှိမှုကို ရင့်ကျက်သောခရစ်ယာန်များ သိကြသည်။ မတော်လျော်သော၊ ကျမ်းစာနှင့်မကိုက်ညီသောဓလေ့ထုံးစံများသည် ‘ဘုရားသခင်နှင့်မစပ်ဆိုင်ဘဲ ရွေ့သွားကွယ်ပျောက်ဆဲရှိသောလောကနှင့်သာ စပ်ဆိုင်’ ကြောင်း ကျွန်ုပ်တို့သိထားကြသည်။ (၁ ယော. ၂:၁၅-၁၇) ကျွန်ုပ်တို့သည် ခရစ်ယာန်မဆန်သောစိတ်ဓာတ်ဖြစ်သည့် ပြိုင်ဆိုင်ခြင်း၊ ပို၍သာကြောင်းပြလိုခြင်းအဖြစ်သို့ မကျဆင်းမိစေရန် သတိကြီးစွာထားရမည်။ (ဂလ. ၅:၂၆) ဒေသခံယဉ်ကျေးမှုနှင့် လူမှုရေးကဏ္ဍတို့တွင် သေလွန်သူကိုကြောက်ရွံ့ခြင်းသည် အဓိကကျသောအခါ အသုဘအခမ်းအနားများသည် ကြီးမားပြီး ကြီးကြပ်ရခက်သောကြောင့် ထိန်းချုပ်မရသည့်အဖြစ်သို့ အလျင်အမြန်ရောက်သွားနိုင်ကြောင်း အတွေ့အကြုံများကတင်ပြသည်။ ကွယ်လွန်သူကို ကြည်ညိုလေးစားခြင်းက မယုံကြည်သူတို့အား မသန့်ရှင်းသောအမူအကျင့်များပြုသည်အထိ အလွယ်တကူလှုံ့ဆော်စေနိုင်သည်။ ထိုသို့သောအသုဘအခမ်းအနားများတွင် မဖြေဆည်နိုင်အောင် အော်ဟစ်ငိုကြွေးခြင်း၊ ကွယ်လွန်သူအလောင်းကိုဖက်ယမ်းခြင်း၊ ကွယ်လွန်သူအလောင်း အသက်ရှင်သေးသည့်အလား ယင်းကို တိုက်ရိုက်စကားပြောခြင်းနှင့် အလောင်းတွင် ပိုက်ဆံများနှင့် အခြားအရာများကပ်ခြင်းတို့ပြုကြပေမည်။ ခရစ်ယာန်တစ်ဦး၏အသုဘတွင် ယင်းတို့ဖြစ်ပျက်သောအခါ ယေဟောဝါ၏နာမတော်နှင့် ကိုယ်တော့်လူတို့အပေါ် အကြီးအကျယ်ရဲ့ကဲ့ရှုတ်ချစရာဖြစ်စေပါလိမ့်မည်။—၁ ပေ. ၁:၁၄-၁၆

သေလွန်သူ၏အခြေအနေမှန်ကိုသိထားခြင်းက ကျွန်ုပ်တို့၏အသုဘအခမ်းအနားများကို လောကရေးရာနှင့်လုံးဝပတ်သက်မှုမရှိဘဲလုပ်ဆောင်ရန် ရဲစွမ်းသတ္တိရှိသင့်သည်။ (ဧ. ၄:၁၇-၁၉) ယေရှုသည် အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးနှင့် အရေးပါဆုံးပုဂ္ဂိုလ်ဖြစ်သော်လည်း ကိုယ်တော့်ကို သိုသိုသိပ်သိပ်၊ အတော်အသင့်သာ သင်္ဂြိုဟ်ခဲ့ကြသည်။ (ယော. ၁၉:၄၀-၄၂) “ခရစ်တော်၏စိတ်သဘောထားမျိုး” ရှိသူတို့အတွက် ထိုသို့သင်္ဂြိုဟ်ခြင်းသည် ရှက်စရာမဟုတ်ပါ။ (၁ ကော. ၂:၁၆) သေချာသည်မှာ ခရစ်ယာန်အသုဘအခမ်းအနားများကို ရိုးရိုးလေး၊ အတော်အသင့်ပြုလုပ်ခြင်းသည် အကောင်းဆုံးဖြစ်သည်၊ သို့မှသာ ကျမ်းစာအရ မသန့်ရှင်းသည့်အရာကို ရှောင်ကြဉ်နိုင်ပြီး ဂုဏ်သိက္ခာရှိသော၊ လျော်ကန်သော၊ ဘုရားသခင်ကိုချစ်သူတို့အတွက်သင့်လျော်သော ငြိမ်သက်သည့်ဝန်းကျင်ကို ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။

ပျော်ပွဲရွှင်ပွဲပြုသင့်သလော

သင်္ဂြိုဟ်ပြီးနောက်တွင် ဆွေမျိုးများ၊ အိမ်နီးချင်းများနှင့် အခြားသူတို့သည် စားသောက်ပွဲလုပ်ပြီး တေးသံကျယ်ကျယ်နှင့်ကခုန်ကြရန် လူအမြောက်အမြားစုဝေးကြသည့်ထုံးစံ ရှိပေမည်။ ယင်းအသုဘအခမ်းအနားများသည် အလွန်အကျွံသောက်ကြူးခြင်း၊ အကျင့်ယိုယွင်းခြင်းလုပ်ရပ်များနှင့် ဆက်နွှယ်လေ့ရှိသည်။ ထိုသို့သောပျော်ပွဲရွှင်ပွဲပြုလုပ်ခြင်းက သေခြင်းကြောင့်ဝမ်းနည်းပူဆွေးမှုကို ဖြေဖျောက်ရန် အကူအညီဖြစ်စေသည်ဟု အချို့သူတို့ဆင်ခြေပေးကြသည်။ အခြားသူတို့က ယင်းသည် မိမိတို့ယဉ်ကျေးမှု၏အစိတ်အပိုင်းမျှသာဖြစ်သည်ဟု ယူမှတ်ကြသည်။ သို့သော် ထိုသို့သောပျော်ပွဲရွှင်ပွဲပြုလုပ်ခြင်းသည် သေဆုံးသူအား ဂုဏ်တင်ချီးမွမ်းရန်နှင့် သူ၏စိုးလ်ကို ဘိုးဘေးများနှင့်ပူးပေါင်းရန် ထွက်ခွာစေဖို့ ဆောင်ရွက်ရန်လိုအပ်သည့် ဘဝပြောင်းထုံးတမ်းဓလေ့ဖြစ်သည်ဟု လူအများယုံကြည်ကြသည်။

စစ်မှန်သောခရစ်ယာန်များသည် ကျမ်းစာတိုက်တွန်းချက်၏ဉာဏ်ပညာရှိမှုကို နားလည်ကြသည်– “ပြုံးရယ်ခြင်းထက် ဝမ်းနည်းခြင်းသည် သာ၍ကောင်း၏။ အကြောင်းမူကား မျက်နှာညှိုးငယ်သောအားဖြင့် နှလုံးသာ၍ကောင်းတတ်၏။” (ဒေ. ၇:၃) ထို့ပြင် သူတို့သည် ဘဝ၏တိုတောင်းမှုကို အေးအေးဆေးဆေးဆင်ခြင်ခြင်း၏အကျိုးကျေးဇူးများနှင့် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကို သိထားကြသည်။ မှန်ပါသည်၊ ယေဟောဝါနှင့် ရင်းနှီးသောနှစ်ကိုယ်ကြားဆက်ဆံရေးရှိသူတို့အဖို့ ‘သေရသောနေ့သည် ဖွားမြင်သောနေ့ထက် သာ၍ကောင်း၏။’ (ဒေ. ၇:၁) ထို့ကြောင့် အသုဘပျော်ရွှင်ပွဲပြုလုပ်ခြင်းတွင် နတ်ဆိုးဆိုင်ရာယုံကြည်ချက်များ၊ အကျင့်ယိုယွင်းမှုနှင့် ပတ်သက်ဆက်နွှယ်မှုရှိကြောင်းသိထားခြင်းက စီစဉ်ဆောင်ရွက်ရန် သို့မဟုတ် ထိုအခမ်းအနားများတွင်တက်ရောက်ရန်ပင် စစ်မှန်သောခရစ်ယာန်များအတွက် မသင့်လျော်ဆုံးဖြစ်စေသည်။ အသုဘတွင်မြူးထူးပျော်ရွှင်သူများနှင့် ပေါင်းသင်းသူတို့သည် ယေဟောဝါနှင့် ကိုယ်တော့်အားဝတ်ပြုကိုးကွယ်သူတို့၏ ကိုယ်ကိုကိုယ်သိသောစိတ်ကို လေးစားမှုမရှိကြောင်း တင်ပြရာရောက်မည်။

ခြားနားမှုကို အခြားသူများအား မြင်စေပါ

ကျွန်ုပ်တို့သည် အမှန်တရားမသိသူတို့အလယ်တွင် ဖြစ်လေ့ဖြစ်ထရှိသော သေလွန်သူကိုကြောက်ရွံ့ခြင်းမှ ကင်းလွတ်ကြသည့်အတွက် အလွန်ကျေးဇူးတင်စရာကောင်း၏! (ယော. ၈:၃၂) “အလင်း၏သားသမီးများ” အနေနှင့် ကျွန်ုပ်တို့သည် အမှန်တရားအလင်းကိုထင်ဟပ်စေသည့်နည်း၊ အတော်အသင့်ဖြစ်ပြီး လေးစားဖွယ်ကောင်းသောနည်းဖြင့် ကျွန်ုပ်တို့၏ဝမ်းနည်းပူဆွေးမှုကို ဖော်ပြကြသည်၊ သေချာသောရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ဖြင့် ကျွန်ုပ်တို့၏စိတ်အခြေအနေကို တင်ပြကြသည်။ (ဧ. ၅:၈; ယော. ၅:၂၈၊ ၂၉) “မျှော်လင့်ခြင်းမရှိသော” သူတို့အလယ်တွင် မြင်တွေ့ရလေ့ရှိသည့် အလွန်အကျွံဝမ်းနည်းပူဆွေးသည့်ဖော်ပြချက်များကို မတင်ပြမိရန် ထိုသို့သောမျှော်လင့်ချက်က ကျွန်ုပ်တို့အား ကာကွယ်ပေးပါလိမ့်မည်။ (၁ သက်. ၄:၁၃) လူကိုကြောက်ရွံ့ခြင်းမရှိဘဲ စင်ကြယ်သောဝတ်ပြုရေးအတွက် ခိုင်မြဲစွာရပ်တည်ရန် ယင်းက ခွန်အားဖြစ်စေပါလိမ့်မည်။—၁ ပေ. ၃:၁၃၊ ၁၄

ကျမ်းစာမူများကို ကျွန်ုပ်တို့တည်ကြည်စွာလိုက်လျှောက်ခြင်းက လူတို့အား ‘ဘုရားသခင်၏အမှုတော်ကိုဆောင်သောသူ၊ မဆောင်သောသူတို့၏ ခြားနားမှုကိုသိ’ မြင်ခွင့်ရရှိစေလိမ့်မည်။ (မာလ. ၃:၁၈) တစ်နေ့သောအခါ သေခြင်းရှိတော့မည်မဟုတ်။ (ဗျာ. ၂၁:၄) မြင့်မြတ်သောယင်းကတိတော်ဖြစ်လာမည့်အချိန်ကို စောင့်မျှော်နေစဉ် ကျွန်ုပ်တို့သည် အစွန်းအထင်း၊ အပြစ်အနာအဆာမရှိဘဲ ဆိုးညစ်သောဤလောကနှင့် ဘုရားသခင်အား ဂုဏ်မတင်သောအကျင့်ဓလေ့များမှ လုံးဝသီးခြားရှိနေသည်ကို ယေဟောဝါမြင်တွေ့နိုင်ပါစေ။—၂ ပေ. ၃:၁၄

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

အသုဘအစီအစဉ်များနှင့်ပတ်သက်၍ ကျွန်ုပ်တို့ကိုယ်ပိုင်လုပ်ဆောင်လိုရာများကို ရေးထားခြင်းသည် ပညာရှိလမ်းစဉ်ဖြစ်

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ခရစ်ယာန်အသုဘအခမ်းအနားများသည် တော်သင့်ရုံဖြစ်ပြီး ဂုဏ်သိက္ခာရှိသင့်