မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဗျာဒိတ်ကျမ်းမှ ပေါ်လွင်ချက်များ—၂

ဗျာဒိတ်ကျမ်းမှ ပေါ်လွင်ချက်များ—၂

ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏

ဗျာဒိတ်ကျမ်းမှ ပေါ်လွင်ချက်များ—၂

ယေဟောဝါဘုရားသခင်အား ဝတ်ပြုကိုးကွယ်သူတို့နှင့် မကိုးကွယ်သူတို့ရှေ့တွင် အဘယ်အရာရှိသနည်း။ စာတန်နှင့် သူ၏နတ်ဆိုးများအတွက် အဘယ်အနာဂတ်ရှိသနည်း။ နာခံမှုရှိသောလူသားများသည် ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်ချိန်အတွင်း အဘယ်ကောင်းချီးများ တွေ့ကြုံခံစားကြမည်နည်း။ ယင်းတို့နှင့် အခြားအရေးကြီးသောမေးခွန်းများ၏အဖြေကို ဗျာ. ၁၃:၁–၂၂:၂၁ တွင်ဖော်ပြထားသည်။ * ယင်းအခန်းကြီးများတွင် စီအီးပထမရာစုကုန်ခါနီးက တမန်တော်ယောဟန်ရရှိခဲ့သည့် စိတ်အာရုံ ၁၆ ခုထဲမှ နောက်ဆုံး ၉ ခုပါဝင်သည်။

ယောဟန်ဤသို့ရေးသည်– “ဤပရောဖက်ပြုစကားများကို ဖတ်ရွတ်သူနှင့် ကြားနာသူတို့အပြင် ရေးထားသောအရာများကို လိုက်နာသူတို့သည် ပျော်ရွှင်ကြ၏။” (ဗျာ. ၁:၃; ၂၂:၇) ဗျာဒိတ်ကျမ်းကို ဖတ်ရှုပြီး သင်ယူသိရှိခဲ့ရာများကို လက်တွေ့ကျင့်သုံးခြင်းက ကျွန်ုပ်တို့အား ဘုရားသခင့်အမှုထမ်းဆောင်ရန် လှုံ့ဆော်ပေးနိုင်ပြီး ဘုရားသခင်၊ သားတော်ယေရှုခရစ်အပေါ်ထားသော ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေကာ တောက်ပသောအနာဂတ်မျှော်လင့်ချက် ရရှိစေသည်။ *ဟေဗြဲ ၄:၁၂

ဘုရားသခင်၏အမျက်တော်ဖလားခုနစ်လုံး သွန်းလောင်း

(ဗျာ. ၁၃:၁–၁၆:၂၁)

ဗျာ. ၁၁:၁၈ တွင် “လူမျိုးတို့သည် အမျက်ထွက်ကြ၏။ ကိုယ်တော်တိုင်လည်း အမျက်ထွက်တော်မူ၏။ . . . မြေကြီးကို ဖျက်ဆီးသောသူတို့ကို ဖျက်ဆီးရန် သတ်မှတ်ထားချိန် ရောက်ပါပြီ” ဟုဖော်ပြထားသည်။ ဘုရားသခင်အမျက်ထွက်ရသည့်အကြောင်းရင်းကို ဖော်ပြရန် အဋ္ဌမမြောက်စိတ်အာရုံက “ချိုဆယ်ချောင်းနှင့် ခေါင်းခုနစ်လုံးရှိသော သားရဲတစ်ကောင်” ၏လုပ်ဆောင်မှုကို တင်ပြထားသည်။—ဗျာ. ၁၃:၁

နဝမမြောက်စိတ်အာရုံတွင် ယောဟန်သည် “ဇိအုန်တောင်ပေါ်တွင် သိုးသငယ်ရပ်နေသည်ကို” နှင့်သူနှင့်အတူ “တစ်သိန်းလေးသောင်းလေးထောင်” ရှိသည်ကိုမြင်တွေ့သည်။ သူတို့သည် “လူသားတို့ထဲမှ ဝယ်ယူသောသူများ ဖြစ်ကြ၏။” (ဗျာ. ၁၄:၁၊) ကောင်းကင်တမန်တို့၏ကြေညာချက်များ လိုက်ပါလာသည်။ နောက်စိတ်အာရုံတွင် ယောဟန်သည် “ကပ်ဘေးခုနစ်ပါးကို ကိုင်ဆောင်သည့် ကောင်းကင်တမန်ခုနစ်ပါး” ကိုမြင်တွေ့သည်။ ယေဟောဝါကိုယ်တော်တိုင်သည် စာတန့်လောက၏အစိတ်အပိုင်းများအပေါ် “ဘုရားသခင်၏ အမျက်တော်ဖလားခုနစ်လုံးကို” သွန်းလောင်းရန် ထိုကောင်းကင်တမန်များကို အမိန့်ပေးတော်မူကြောင်း ထင်ရှားသည်။ ဖလားများတွင် ဘုရားသခင့်တရားစီရင်ချက်များဆိုင်ရာ ကြွေးကြော်ချက်များနှင့် သတိပေးချက်များပါဝင်သည်။ (ဗျာ. ၁၅:၁; ၁၆:၁) ယင်းစိတ်အာရုံနှစ်ခုက တတိယအမင်္ဂလာ၊ သတ္တမတံပိုးမှုတ်ခြင်းနှင့်ဆက်နွှယ်သော ဘုရားသခင့်နိုင်ငံတော်တရားစီရင်ခြင်းဆိုင်ရာ နောက်ထပ်အသေးစိတ်အချက်အလက်များကို ဖော်ပြသည်။—ဗျာ. ၁၁:၁၄၊ ၁၅

ကျမ်းစာမေးခွန်းများအဖြေ–

၁၃:၈—“သိုးသငယ်၏ အသက်စာလိပ်” ကားအဘယ်နည်း။ ယင်းသည် ကောင်းကင်နိုင်ငံတော်တွင် ယေရှုခရစ်နှင့်အတူအုပ်ချုပ်သူတို့၏အမည်များသာပါဝင်သော ပုံဆောင်စာလိပ်ဖြစ်သည်။ ယင်းတွင် ကောင်းကင်အသက်တာရရှိဖို့မျှော်လင့်ချက်ရှိသော ကမ္ဘာပေါ်ရှိကြဆဲ ဘိသိက်ပေးခံရသောခရစ်ယာန်များ၏အမည်များ ပါဝင်သည်။

၁၃:၁၁-၁၃—ချိုနှစ်ချောင်းရှိသောသားရဲသည် မည်သို့အားဖြင့် နဂါးကဲ့သို့ပြုမူပြီး ကောင်းကင်မှ မီးကျစေသနည်း။ ချိုနှစ်ချောင်းရှိသောသားရဲဖြစ်သည့် အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်သည် နဂါးကဲ့သို့စကားပြောဆိုသည်ဟူသည့်အချက်က သူသည် မိမိတို့အုပ်ချုပ်သည့်ပုံစံကို လူတို့လက်ခံစေရန် အတင်းအကျပ်ပြုရာတွင် ခြိမ်းခြောက်မှု၊ ဖိနှိပ်မှုနှင့် အကြမ်းဖက်မှုတို့ကို အသုံးပြုကြောင်း ညွှန်ပြသည်။ သူသည် ၂၀ ရာစုက ကမ္ဘာ့စစ်နှစ်ခုအတွင်း ဆိုးဝါးသောအင်အားစုများကို နှိမ်နင်းခဲ့ပြီ၊ ဘုရားသခင်မဲ့ကွန်မြူနစ်ဝါဒကိုလည်း အနိုင်ယူခဲ့ပြီဟုဆိုခြင်းဖြင့် စစ်မှန်သောပရောဖက်၏အခန်းကဏ္ဍကို ထမ်းဆောင်သယောင် ကောင်းကင်မှ မီးကျစေသည်။

၁၆:၁၇—အဘယ် “လေ” ပေါ်တွင် သတ္တမမြောက်ဖလားကို သွန်းလောင်းသနည်း။ “လေ” သည် စာတန့်အတွေးအခေါ်ဖြစ်သည့် ‘နာခံမှုမရှိသောသူတို့တွင် ရှင်သန်လှုပ်ရှားလျက်ရှိသောစိတ်ဓာတ်’ ကိုပုံဆောင်သည်။ အဆိပ်ရှိသောယင်းလေကို ဆိုးသွမ်းသောစာတန့်လောကစနစ်ရှိလူတိုင်း ရှူရှိုက်လျက်ရှိ၏။—ဧ. ၂:၂

ကျွန်ုပ်တို့အတွက် သင်ခန်းစာ–

၁၃:၁-၄၊ ၁၈လူ့အစိုးရများဖြင့်ပုံခိုင်းသော “သားရဲ” သည် ရုန်းရင်းဆန်ခတ်ဖြစ်နေသောလူသားထုဖြစ်သည့် “ပင်လယ်ထဲမှ” တက်လာသည်။ (ဟေရှာ. ၁၇:၁၂၊ ၁၃; ဒံ. ၇:၂-၈၊ ၁၇) စာတန်ဖြစ်ပေါ်စေပြီး တန်ခိုးအာဏာပေးထားသော ဤသားရဲတွင် လုံးလုံးလျားလျားမစုံလင်မှု အဓိပ္ပာယ်ရသော ၆၆၆ နံပါတ်ရှိသည်။ သားရဲသည် အဘယ်အရာဖြစ်ကြောင်း နားလည်ထားခြင်းက ယေဘုယျလူသားထုပြုသည့်အတိုင်း အံ့သြကြည်ညိုလျက် သူ့နောက်မလိုက်ရန်နှင့် သူ့အား မကိုးကွယ်မိရန် ကျွန်ုပ်တို့အား ထောက်ကူပေးသည်။—ယော. ၁၂:၃၁; ၁၅:၁၉

၁၃:၁၆၊ ၁၇ကျွန်ုပ်တို့သည် ‘ရောင်းဝယ်ခြင်း’ ကဲ့သို့သော နေ့စဉ်လုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် အခက်အခဲများကြုံတွေ့နိုင်သော်လည်း ကျွန်ုပ်တို့၏အသက်တာကို သားရဲလွှမ်းမိုးစေရန် ဖိအားပေးမှုကို ခွင့်မပြုသင့်ပါ။ ‘သားရဲ၏အမှတ်တံဆိပ်ကို လက်တွင်ဖြစ်စေ၊ နဖူးပေါ်တွင်ဖြစ်စေ’ လက်ခံခြင်းသည် ကျွန်ုပ်တို့၏လုပ်ရပ်များကို ထိန်းချုပ်စေရန် သို့မဟုတ် ကျွန်ုပ်တို့၏စဉ်းစားတွေးခေါ်မှုအပေါ် သက်ရောက်မှုရှိစေရန် သားရဲကိုခွင့်ပြုခြင်းဖြစ်ပါလိမ့်မည်။

၁၄:၆၊ ၇ကောင်းကင်တမန်၏ကြွေးကြော်ချက်က ကျွန်ုပ်တို့သည် တည်ထောင်ပြီဖြစ်သောဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို အရေးတကြီးဟောပြောသင့်ကြောင်း သင်ပေးသည်။ ကျွန်ုပ်တို့သည် မိမိတို့၏ကျမ်းစာသင်သားများအား ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတတ်ရန်နှင့် ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းလိုစိတ်ရှိလာရန် ကူညီပေးသင့်သည်။

၁၄:၁၄-၂၀ကယ်တင်ခြင်းခံရမည့်သူတို့အား စုသိမ်းခြင်းဖြစ်သော ‘မြေကြီးပေါ်မှ ရိတ်သိမ်းခြင်း’ ပြီးဆုံးသောအခါ ကောင်းကင်တမန်တို့သည် “မြေကြီးပေါ်မှ စပျစ်နွယ်ပင်၏အသီးများကို” ရိတ်သိမ်း၍ “ဘုရားသခင့်အမျက်တော်တည်းဟူသော ဧရာမစပျစ်သီးနယ်ရာကျင်းထဲသို့” သွန်ချရန် အချိန်ဖြစ်ပါလိမ့်မည်။ ယင်းစပျစ်နွယ်ပင်၏အသီးများ—လူသားများအပေါ်စိုးမိုးသော စာတန်၏ပျက်စီးယိုယွင်းသည့်မျက်မြင်ရအစိုးရများနှင့် ၎င်း၏အသီး “ပြွတ်များ”—သည် ထာဝစဉ်ပျက်သုဉ်းသွားမည်။ ကျွန်ုပ်တို့သည် မြေကြီးပေါ်မှစပျစ်နွယ်ပင်အသီးများ၏ ဩဇာလွှမ်းမိုးမှုမခံရအောင် စိတ်ပိုင်းဖြတ်ထားသင့်သည်။

၁၆:၁၃-၁၆“ညစ်ညူးသည့် သတင်းစကား” မှာ မြေကြီးရှင်ဘုရင်များသည် ဘုရားသခင်၏အမျက်တော်ဖလားခုနစ်လုံး သွန်းလောင်းခြင်းကြောင့် စိတ်မယိုင်သွားဘဲ ယေဟောဝါအား ဆန့်ကျင်တိုက်ခိုက်ဖို့သေချာစေရန်ရည်ရွယ်သည့် နတ်ဆိုးများ၏ဝါဒဖြန့်မှုကို ပုံဆောင်သည်။—မ. ၂၄:၄၂၊ ၄၄

၁၆:၂၁ဤလောကအဆုံးနီးလာသည်နှင့်အမျှ စာတန်၏ဆိုးသွမ်းသောစနစ်အပေါ် ယေဟောဝါ၏တရားစီရင်ခြင်းသတင်း ကြွေးကြော်ချက်တွင် ရေခဲတုံးဖြင့်ပုံတင်ပြနိုင်သော ဘုရားသခင့်တရားစီရင်ခြင်းဆိုင်ရာ အလွန်ပြင်းထန်သောတိုက်ရိုက်ပြောဆိုချက်များ ပါဝင်ပေမည်။ သို့တိုင် လူသားအများထုသည် ဘုရားသခင်အား ဆက်၍ရှုတ်ချပြစ်တင်ကြလိမ့်မည်။

အောင်ပွဲဆင်သောဘုရင့်အုပ်ချုပ်မှု

(ဗျာ. ၁၇:၁–၂၂:၂၁)

ကမ္ဘာ့အယူမှားဝတ်ပြုရေးအင်ပါယာဖြစ်သော “မဟာဗာဗုလုန်” သည် ဆိုးသွမ်းသောစာတန့်လောက၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းသောအစိတ်အပိုင်းဖြစ်သည်။ ၁၁ ခုမြောက်စိတ်အာရုံက သူ့ကို “နီမြန်းသော သားရဲတစ်ကောင်ပေါ် ထိုင်နေသည့်” အကျင့်ပျက်မိန်းမတစ်ဦးဖြစ်သော “ပြည့်တန်ဆာကြီး” အဖြစ်ဖော်ပြသည်။ သူထိုင်နေသည့် “ချိုဆယ်ချောင်းရှိ” ထိုသားရဲက သူ့အား လုံးဝဖျက်ဆီးတော့မည်ဖြစ်သည်။ (ဗျာ. ၁၇:၁၊ ၃၊ ၅၊ ၁၆) ပြည့်တန်ဆာကို “မြို့ကြီး” နှင့်နှိုင်းယှဉ်လျက် နောက်လိုက်လာသောစိတ်အာရုံက သူ၏ကျရှုံးခြင်းအကြောင်း ကြေညာပြီး ဘုရားသခင့်လူတို့အား “သူ၏အထဲမှ ထွက်ကြ” ရန်အရေးတကြီး ထုတ်ပြန်ကြေညာသည်။ မြို့ကြီးကျရှုံးခြင်းသည် လူများစွာအတွက် ဝမ်းနည်းပူဆွေးစရာဖြစ်၏။ သို့သော် “သိုးသငယ်၏ ထိမ်းမြားမင်္ဂလာပွဲ” ကြောင့် ကောင်းကင်တွင် ရွှင်လန်းဝမ်းမြောက်ခြင်းရှိသည်။ (ဗျာ. ၁၈:၄၊ ၉၊ ၁၀၊ ၁၅-၁၉; ၁၉:၇) ၁၃ ခုမြောက်စိတ်အာရုံတွင် “မြင်းဖြူ” စီးသူသည် လူမျိုးများနှင့်စစ်တိုက်ခြင်းငှာ ထွက်သွား၏။ ထိုသူသည် စာတန်၏ဆိုးသွမ်းသောလောကကို အဆုံးတိုင်စေသည်။—ဗျာ. ၁၉:၁၁-၁၆

စာတန်ဖြစ်သူ “မူလမြွေ” ကောအသို့နည်း။ အဘယ်အချိန်တွင် “ကန့်မီးအိုင်ထဲ” ပစ်ချခံရမည်နည်း။ ယင်းသည် ၁၄ ခုမြောက်စိတ်အာရုံ၏အကြောင်းအရာများထဲမှတစ်ခုဖြစ်သည်။ (ဗျာ. ၂၀:၂၊ ၁၀) နောက်ဆုံးစိတ်အာရုံနှစ်ခုက အနှစ်တစ်ထောင်အတွင်း အသက်တာကို ရိုးရိုးရိပ်ရိပ်မြင်စေသည်။ ‘စိတ်အာရုံ’ အဆုံးပိုင်းရောက်လာသည်နှင့် ယောဟန်သည် ‘လမ်းမအလယ်တစ်လျှောက် စီးဆင်းနေသော အသက်ရေစီးရာမြစ်ကို’ မြင်တွေ့၏၊ “ရေငတ်သူတိုင်း” အား နှစ်သက်ဖွယ်ဖိတ်ခေါ်ချက်ကို ကမ်းလှမ်းသည်။—ဗျာ. ၁:၁; ၂၂:၁၊ ၂၊ ၁၇

ကျမ်းစာမေးခွန်းများအဖြေ–

၁၇:၁၆; ၁၈:၉၊ ၁၀“မြေကြီးဘုရင်တို့” သည် သူတို့ကိုယ်တိုင် ပျက်ပြုန်းစေခဲ့သူအတွက် အဘယ်ကြောင့် ငိုကြွေးကြသနည်း။ သူတို့ငိုကြွေးရသည့်အကြောင်းရင်းမှာ မိမိတို့၏ကိုယ်ကျိုးအတွက်ကြောင့် ဖြစ်၏။ မြေကြီးရှင်ဘုရင်တို့သည် မဟာဗာဗုလုန်ကိုဖျက်ဆီးပြီးနောက် သူသည် မိမိတို့အတွက် မည်မျှအသုံးဝင်ကြောင်း သိမြင်လာကြမည်မှာ ထင်ရှားသည်။ သူသည် သူတို့၏နိုင်ထက်စီးနင်းပြုသောဆောင်ရွက်မှုများကို တရားသည့်ပုံစံပေါက်စေခဲ့သည်။ မဟာဗာဗုလုန်သည် သူတို့အား စစ်မြေပြင်များတွင် လူငယ်များကို လိုသရွေ့ဖြည့်ပေးရာတွင်လည်း ကူညီပေးခဲ့သည်။ ထို့ပြင် လူတို့ကို လက်အောက်ခံစေရာတွင် သူသည် အရေးကြီးသောအခန်းကဏ္ဍတွင်ပါဝင်ခဲ့သည်။

၁၉:၁၂—ဖော်ပြမထားသော မိမိနာမကို မည်သို့အားဖြင့် ယေရှုမှတစ်ပါး အဘယ်သူမျှမသိသနည်း။ ယင်းနာမသည် ဟေရှာယ ၉:၆ တွင်ဖော်ပြထားရာများကဲ့သို့သော အထူးအခန်းကဏ္ဍများကို ဆိုလိုပုံရ၏၊ ယင်းတို့ကို “သခင်ဘုရားနေ့” အတွင်း ယေရှုရရှိထားသည်။ ယင်းနာမကို အဘယ်သူမျှမသိသော်လည်း ကိုယ်တော်သိတော်မူ၏၊ အကြောင်းမှာ ယင်းအခန်းကဏ္ဍများသည် ထူးခြားပြီး ထိုသို့သောအလွန်မြင့်မားသည့်ရာထူးကို ရရှိခြင်းသည် အဘယ်အဓိပ္ပာယ်ရှိကြောင်း ကိုယ်တော်သာလျှင်နားလည်နိုင်သောကြောင့် ဖြစ်သည်။ သို့ရာတွင် ယင်းအခွင့်ထူးတချို့ကို မိမိ၏သတို့သမီးအတန်းအစားဝင်များအား ဝေမျှသည်၊ အမှန်တွင် ‘ကိုယ်တော်၏နာမသစ်ကို သူတို့အပေါ်တွင် ရေးသားသည်။’—ဗျာ. ၃:၁၂

၁၉:၁၄—အာမဂေဒုန်တွင် ယေရှုနှင့်အတူ မည်သူတို့ စီးနင်းလိုက်ပါလာကြမည်နည်း။ ဘုရားသခင့်စစ်ပွဲတွင် ယေရှုနှင့်ပူးပေါင်းကြသော “ကောင်းကင်ဗိုလ်ခြေတို့” တွင် ကောင်းကင်ဆုကျေးဇူးရရှိပြီဖြစ်သော ဘိသိက်ပေးခံရသည့်အောင်နိုင်သူများအပြင် ကောင်းကင်တမန်များ ပါဝင်ကြလိမ့်မည်။—မ. ၂၅:၃၁၊ ၃၂; ဗျာ. ၂:၂၆၊ ၂၇

၂၀:၁၁-၁၅—“အသက်စာလိပ် [သို့မဟုတ် “စာစောင်”]” တွင် မည်သူတို့၏အမည်များ စာရင်းဝင်သနည်း။ ယင်းသည် ထာဝရအသက်ရရှိကြမည့်—ဘိသိက်ပေးခံရသောခရစ်ယာန်များ၊ လူအုပ်ကြီးအဝင်များနှင့် ‘ဖြောင့်မတ်သောသူတို့၏ ရှင်ပြန်ထမြောက်ခြင်း’ တွင်ပါရှိမည့် ဘုရားသခင့်တည်ကြည်သောကျေးကျွန်များ—အားလုံးတို့၏ အမည်စာရင်းပါရှိသော စာလိပ်ဖြစ်သည်။ (တ. ၂၄:၁၅; ဗျာ. ၂:၁၀; ၇:၉) ‘မဖြောင့်မတ်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်း’ မှအသက်ရှင်လာမည့်သူတို့သည် အနှစ်တစ်ထောင်အတွင်းဖွင့်ထားသည့် ညွှန်ကြားချက်များပါရှိသော “စာလိပ်များတွင် ရေးထားချက်များ” နှင့်အညီပြုမူမှသာလျှင် “အသက်စာစောင်” တွင် သူတို့၏အမည်စာရင်း ပါဝင်မည်ဖြစ်သည်။ သို့သော် အမည်စာရင်းများကို ပယ်ဖျက်၍မရသောမင်ဖြင့် ရေးထားသည်မဟုတ်။ ဘိသိက်ပေးခံရသူတို့သည် သေသည်အထိ တည်ကြည်ကြောင်း သက်သေပြသည့်အခါ သူတို့၏အမည်များသည် ပယ်ဖျက်၍မရတော့ပါ။ (ဗျာ. ၃:၅) ကမ္ဘာပေါ်အသက်ရှင်ခွင့်ရသူတို့သည် အနှစ်တစ်ထောင်ကုန်ဆုံးချိန်တွင်ဖြစ်မည့် နောက်ဆုံးစမ်းသပ်မှုကို အောင်မြင်သောအခါ သူတို့၏အမည်များသည် ထာဝစဉ်တည်တံ့မည်ဖြစ်သည်။—ဗျာ. ၂၀:၇၊ ၈

ကျွန်ုပ်တို့အတွက် သင်ခန်းစာ–

၁၇:၃၊ ၅၊ ၇၊ ၁၆“အထက်မှဉာဏ်ပညာ” ကကျွန်ုပ်တို့အား “ထိုမိန်းမနှင့် သူထိုင်နေသော ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းရှိ [နီမြန်းသော] သားရဲနှင့်ဆိုင်သည့်လျှို့ဝှက်နက်နဲရာကို” နားလည်ရန် ထောက်ကူပေးသည်။ (ယာ. ၃:၁၇) ယင်းပုံဆောင်သားရဲသည် နိုင်ငံပေါင်းချုပ်အသင်းအဖြစ် အစပြုပြီး နောက်ပိုင်းတွင် ကုလသမဂ္ဂအဖြစ် ပြန်ပေါ်လာခဲ့သည်။ ဤလျှို့ဝှက်နက်နဲရာကို ရှင်းလင်းနားလည်လာခြင်းက ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းနှင့် ယေဟောဝါ၏တရားစီရင်ရာနေ့ကို ကြွေးကြော်ခြင်းတွင် ဇွဲထက်သန်စွာပါဝင်ရန် ကျွန်ုပ်တို့ကို လှုံ့ဆော်သည်မဟုတ်လော။

၂၁:၁-၆ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်ခံစားရမည့် ကြိုဟောထားသောကောင်းချီးများ အမှန်တကယ်ဖြစ်မြောက်လာမည်ကို လုံးလုံးလျားလျားစိတ်ချနိုင်သည်။ အဘယ်ကြောင့်နည်း။ ယင်းကောင်းချီးများနှင့်ပတ်သက်၍ ဤသို့ဆိုထားသောကြောင့်ဖြစ်၏– “အမှုပြီးပြီ။”

၂၂:၁၊ ၁၇“အသက်ရေ” သည် အပြစ်နှင့်သေခြင်းမှ ပြန်နာလန်ထူလာသော နာခံမှုရှိသည့်လူသားများအတွက် ယေဟောဝါ၏ပြင်ဆင်ပေးချက်များကို ကိုယ်စားပြုသည်။ ယင်းရေအတော်အတန်ကို ယခုအချိန်တွင် ရရှိနိုင်သည်။ လာ၍ “အသက်ရေကို အခမဲ့ယူပါ” ဟူသောဖိတ်ခေါ်ချက်ကို ဝမ်းမြောက်စွာလက်ခံရုံသာမဟုတ်ဘဲ ယင်းတို့ကို အခြားသူများကိုလည်း ထက်သန်စွာပေးကမ်းနိုင်ကြပါစေ!

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 1 ဗျာ. ၁:၁–၁၂:၁၇ ဆွေးနွေးမှုကို ဇန်နဝါရီ ၁၅၊ ၂၀၀၉ ကင်းမျှော်စင်ပါ “ဗျာဒိတ်ကျမ်းမှပေါ်လွင်ချက်များ—၁” ကိုကြည့်ပါ။

^ အပိုဒ်၊ 2 ဗျာဒိတ်ကျမ်း၏ အခန်းငယ်တစ်ခုချင်းစီ ဆင်ခြင်သုံးသပ်မှုအတွက် ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! စာအုပ်ကိုကြည့်ပါ။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

နာခံမှုရှိသောလူသားများသည် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်တွင် ထူးမြတ်လှသောကောင်းချီးများ တွေ့ကြုံခံစားကြလိမ့်မည်