မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှု၏ဟောပြောချက်ကို သင်၏ သဘောထားအပေါ် အကျိုးသက်ရောက်စေပါ

ယေရှု၏ဟောပြောချက်ကို သင်၏ သဘောထားအပေါ် အကျိုးသက်ရောက်စေပါ

ယေရှု၏ဟောပြောချက်ကို သင်၏ သဘောထားအပေါ် အကျိုးသက်ရောက်စေပါ

“ဘုရားသခင် စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားတော်များကို ပြောဆိုတတ်၏။”—ယော. ၃:၃၄

၁၊ ၂။ ယေရှု၏တောင်ပေါ်တရားတော်ကို အဘယ်အရာနှင့် နှိုင်းယှဉ်နိုင်သနည်း၊ ယင်းသည် “ဘုရားသခင်၏စကားတော်” အပေါ်အခြေပြုသည်ဟု အဘယ်ကြောင့်ပြောနိုင်သနည်း။

ယနေ့သိထားကြသည့် အကြီးဆုံးစိန်များထဲမှ တစ်ခုမှာ ၅၃၀ ကရက်အလေးချိန်ရှိသော အာဖရိကစတားစိန်ဖြစ်သည်။ ယင်းသည် အလွန်အဖိုးတန်သောရတနာဖြစ်သည်။ သို့သော် ယင်းထက်ပို၍တန်ဖိုးရှိသော ရတနာများကို ယေရှု၏တောင်ပေါ်တရားတော်တွင် တွေ့ရသည်။ ခရစ်တော်မိန့်တော်မူချက်များ၏ အရင်းခံမှာ ယေဟောဝါဖြစ်သည့်အတွက် ကျွန်ုပ်တို့မအံ့သြကြပါ။ ယေရှုကိုရည်ညွှန်းကာ သမ္မာကျမ်းစာက ဤသို့ဆို၏– “ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားတော်ကို ပြောဆိုတတ်၏။”—ယော. ၃:၃၄-၃၆

တောင်ပေါ်တရားတော်ကိုဟောသည့်ကြာချိန်သည် နာရီဝက်ပင်ပြည့်မည်မဟုတ်သော်လည်း ဟေဗြဲကျမ်းစောင်ရှစ်စောင်ထဲမှ ကိုးကားချက် ၂၁ ချက်ပါရှိသည်။ သို့ဖြစ်၍ “ဘုရားသခင်၏စကားတော်” အပေါ် အခိုင်အမာအခြေခံသည်။ ဘုရားသခင့်ချစ်လှစွာသောသားတော်၏ ပြောင်မြောက်လှသောတရားတော်တွင်တွေ့ရသည့် အဖိုးမဖြတ်နိုင်သော မိန့်တော်မူချက်များစွာထဲမှတချို့ကို ကျွန်ုပ်တို့မည်သို့ကျင့်သုံးနိုင်ပုံကို ယခုကြည့်ကြစို့။

“သင်၏ညီအစ်ကိုနှင့် သင့်မြတ်အောင် အရင်ပြုဦးလော့”

၃။ ယေရှုသည် အမျက်ဒေါသ၏အကျိုးဆက်များနှင့်ပတ်သက်၍ တပည့်များကို သတိပေးပြီးနောက် အဘယ်သွန်သင်ချက်ပေးခဲ့သနည်း။

ကျွန်ုပ်တို့တွင် ဘုရားသခင်၏သန့်ရှင်းသောစွမ်းအားတော်ရှိပြီး ယင်းကြောင့်ဖြစ်ပေါ်လာသောအရည်အသွေးများတွင် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းပါသောကြောင့် ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် ပျော်ရွှင်ကြပြီး သင့်မြတ်မှုရှိကြသည်။ (ဂလ. ၅:၂၂၊ ၂၃) ယေရှုက မိမိ၏တပည့်များကို ငြိမ်သက်မှု၊ ပျော်ရွှင်မှုမပျောက်စေလိုသောကြောင့် ကြာရှည်စွာအမျက်ဒေါသထွက်ခြင်း၏ သေစေတတ်သောဆိုးကျိုးနှင့်ပတ်သက်၍ သူတို့ကို ကိုယ်တော်သတိပေးခဲ့သည်။ (မဿဲ ၅:၂၁၊ ၂၂ ကိုဖတ်ပါ။) ကိုယ်တော် ဤသို့ဆက်ဆို၏– “သင်သည် ယဇ်ပလ္လင်သို့ ယဇ်ကိုယူဆောင်လာခဲ့ပြီးမှ သင့်ညီအစ်ကိုက သင့်ကို မကျေမနပ်ဖြစ်နေသည်ဟု ခံစားမိလျှင်၊ သင်၏ယဇ်ကို ပလ္လင်ရှေ့၌ချထား၍ သွားဦးလော့။ သင်၏ညီအစ်ကိုနှင့် သင့်မြတ်အောင် အရင်ပြုဦးလော့။ သို့ပြီးမှ ပြန်လာ၍ သင်၏ယဇ်ကိုပူဇော်လော့။”မ. ၅:၂၃၊ ၂၄

၄၊ ၅။ (က) မဿဲ ၅:၂၃၊ ၂၄ တွင်မှတ်တမ်းတင်ထားသော ယေရှု၏ဖော်ပြချက်ပါ ‘ပူဇော်ရာယဇ်’ မှာ အဘယ်အရာကို ရည်ညွှန်းခြင်းနည်း။ (ခ) မကျေမနပ်ဖြစ်နေသောညီအစ်ကိုနှင့် သင့်မြတ်အောင်ပြုလုပ်ဖို့ မည်မျှအရေးကြီးသနည်း။

ယေရှုဖော်ပြသည့် ‘ပူဇော်ရာယဇ်’ မှာ ယေရုရှလင်ရှိ ဝတ်ပြုရာအိမ်တော်တွင်ပူဇော်သော မည်သည့်ပူဇော်ရာယဇ်ကိုမဆို ရည်ညွှန်းသည်။ ဥပမာ၊ တိရစ္ဆာန်ပူဇော်ရာယဇ်များသည် အရေးကြီးသည်၊ အကြောင်းမှာ ယင်းသည် ထိုအချိန်က ယေဟောဝါအားဝတ်ပြုကိုးကွယ်သူတို့၏ဝတ်ပြုရေးတွင် ကဏ္ဍတစ်ခုဖြစ်ခဲ့သည်။ သို့သော် ယေရှုက ပို၍အရေးကြီးသောအရာကို အလေးပေးဖော်ပြခဲ့သည်—ဘုရားသခင်အား ပူဇော်ရာယဇ်ကိုမပူဇော်မီ မိမိအားမကျေမနပ်ဖြစ်နေသည့်ညီအစ်ကိုနှင့် သင့်မြတ်အောင်ပြုလုပ်ဖို့ဖြစ်သည်။

သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် ယေရှု၏ယင်းမိန့်တော်မူချက်မှ အဘယ်သင်ခန်းစာယူနိုင်သနည်း။ အခြားသူတို့နှင့် ကျွန်ုပ်တို့ဆက်ဆံပုံနည်းလမ်းသည် ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို တိုက်ရိုက်သက်ရောက်မှုရှိသည်မှာ အသေအချာပင်။ (၁ ယော. ၄:၂၀) မှန်ပါသည်၊ ရှေးအချိန်က ဘုရားသခင်အား ယဇ်ပူဇော်သူသည် လူသားချင်းကိုသင့်လျော်စွာမဆက်ဆံပါက သူ၏ပူဇော်မှုများသည် အဓိပ္ပာယ်မဲ့ဖြစ်သွားသည်။—မိက္ခာ ၆:၆-၈ ကိုဖတ်ပါ။

နှိမ့်ချမှု အရေးပါသောကဏ္ဍတစ်ရပ်ဖြစ်

၆၊ ၇။ မကျေမနပ်ဖြစ်နေသော ညီအစ်ကိုတစ်ဦးနှင့် ပြန်လည်သင့်မြတ်စေဖို့ ကြိုးစားသည့်အခါ နှိမ့်ချမှုအဘယ်ကြောင့်လိုသနည်း။

မကျေမနပ်ဖြစ်နေသော ညီအစ်ကိုနှင့်သင့်မြတ်အောင်ပြုလုပ်ခြင်းသည် ကျွန်ုပ်တို့၏နှိမ့်ချမှုကို စမ်းသပ်ခြင်းဖြစ်ပုံရသည်။ နှိမ့်ချသူတို့သည် မှန်သည်ဟုယူမှတ်ရာကို အတည်ပြုဖို့ကြိုးစားခြင်းဖြင့် ယုံကြည်သူချင်းများနှင့် အငြင်းအခုံဖြစ်မည်မဟုတ်ပါ။ ယင်းသို့ပြုခြင်းသည် တစ်ချိန်က ရှေးကောရိန္သုမြို့ရှိ ခရစ်ယာန်များကြားတွင်ဖြစ်ခဲ့သော အခြေအနေနှင့်ဆင်တူသည့် အကျိုးယုတ်စေသည့်အခြေအနေကို ဖြစ်စေပေလိမ့်မည်။ ထိုအခြေအနေနှင့်ပတ်သက်၍ တမန်တော်ပေါလုက လှုံ့ဆော်မှုဖြစ်စေသည့် ဤအချက်ကို ဖော်ပြခဲ့၏– “အချင်းချင်း တရားစွဲဆိုနေခြင်းသည် သင်တို့အတွက် လုံးဝရှုံးနိမ့်ခြင်းဖြစ်၏။ သို့ဖြစ်၍ မတရားမှုကို အဘယ်ကြောင့် ကိုယ်တိုင် မခံကြသနည်း။ လိမ်လည်မှုကို အဘယ်ကြောင့် ကိုယ်တိုင် မခံကြသနည်း။”—၁ ကော. ၆:၇

ကျွန်ုပ်တို့သည်မှန်ပြီး ညီအစ်ကိုသည်မှားကြောင်း လက်ခံစေရန်ရည်ရွယ်ချက်ဖြင့် ညီအစ်ကိုထံသွားသင့်သည်ဟု ယေရှုမိန့်တော်မမူခဲ့ပါ။ ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ သင့်မြတ်သောဆက်ဆံရေး ပြန်လည်ရရှိရန်ဖြစ်သင့်သည်။ ပြန်လည်သင့်မြတ်စေရန် ကျွန်ုပ်တို့၏ခံစားချက်ကို ရိုးရိုးသားသားဖော်ပြရမည်။ အခြားသူလည်း စိတ်ထိခိုက်ကြောင်း ကျွန်ုပ်တို့ အသိအမှတ်ပြုဖို့လိုသည်။ ကျွန်ုပ်တို့အမှားပြုမိပါက နှိမ့်ချမှုရှိသောနည်းဖြင့် အမှန်တောင်းပန်လိုပေမည်။

“ညာဘက်မျက်စိသည် သင့်ကိုတိုက်မိ၍လဲစေလျှင်”

၈။ မဿဲ ၅:၂၉၊ ၃၀ ပါ ယေရှု၏စကားကို အကျဉ်းဖော်ပြပါ။

တောင်ပေါ်တရားတော်တွင် ယေရှုက ကိုယ်ကျင့်တရားနှင့်ပတ်သက်၍ ကောင်းမွန်သောသွန်သင်ချက်ပေးခဲ့သည်။ ကျွန်ုပ်တို့၏မစုံလင်သောကိုယ်အင်္ဂါများသည် ကျွန်ုပ်တို့ကို အန္တရာယ်ဖြစ်စေအောင် ဩဇာလွှမ်းမိုးနိုင်ကြောင်း ကိုယ်တော်သိတော်မူသည်။ သို့ဖြစ်၍ ယေရှုဤသို့မိန့်တော်မူခဲ့၏– “ညာဘက်မျက်စိသည် သင့်ကိုတိုက်မိ၍လဲစေလျှင် ထုတ်ပစ်လိုက်လော့။ တစ်ကိုယ်လုံး ဂေဟင်နာအရပ်သို့ရောက်သည်ထက် ကိုယ်အင်္ဂါတစ်ခု အဆုံးရှုံးခံရခြင်းက ပို၍ကောင်း၏။ ညာဘက်လက်သည် သင့်ကိုတိုက်မိ၍လဲစေလျှင် ဖြတ်ပစ်လိုက်လော့။ တစ်ကိုယ်လုံး ဂေဟင်နာအရပ်သို့ရောက်သည်ထက် ကိုယ်အင်္ဂါတစ်ခုကို အဆုံးရှုံးခံရခြင်းက ပို၍ကောင်း၏။”မ. ၅:၂၉၊ ၃၀

၉။ ကျွန်ုပ်တို့၏ “မျက်စိ” သို့မဟုတ် “လက်” သည် ကျွန်ုပ်တို့အား မည်သို့ “တိုက်မိ၍လဲစေ” နိုင်သနည်း။

“မျက်စိ” ဟုယေရှုမိန့်ဆိုရာတွင် တစ်စုံတစ်ခုကို ကျွန်ုပ်တို့ အာရုံစိုက်ကြည့်နိုင်စွမ်းကို ကိုယ်စားပြုပြီး “လက်” မှာ ကျွန်ုပ်တို့၏လက်များဖြင့် ကျွန်ုပ်တို့လုပ်ဆောင်ရာကို ရည်ညွှန်းသည်။ ကျွန်ုပ်တို့ ဂရုမစိုက်ပါက ယင်းကိုယ်ခန္ဓာအစိတ်အပိုင်းများသည် ကျွန်ုပ်တို့ကို “တိုက်မိ၍လဲစေ” နိုင်ပြီး ‘ဘုရားသခင်နှင့်အတူ လျှောက်လှမ်း’ ခြင်းကို ရပ်တန့်သွားစေနိုင်သည်။ (က. ၅:၂၂; ၆:၉) ထို့ကြောင့် ကျွန်ုပ်တို့သည် ယေဟောဝါအားမနာခံရန် သွေးဆောင်ခံရချိန်တွင် ပုံဆောင်စကားဖြင့်ပြောရလျှင် မျက်စိကိုထုတ်ပစ်လိုက်ခြင်း သို့မဟုတ် လက်ကိုဖြတ်ပစ်လိုက်ခြင်းတမျှဖြစ်သော ခိုင်မာပြတ်သားသည့်လုပ်ဆောင်မှုကို လုပ်ဖို့လိုမည်။

၁၀၊ ၁၁။ လိင်ဆိုင်ရာကိုယ်ကျင့်တရားပျက်ခြင်းကိုရှောင်ရန် ကျွန်ုပ်တို့အား အဘယ်အရာက အထောက်အကူပြုနိုင်သနည်း။

၁၀ ယုတ်ညံ့သောအရာများကို အာရုံစိုက်ခြင်းမှ ကျွန်ုပ်တို့၏မျက်စိကို မည်သို့ချုပ်တည်းနိုင်သနည်း။ ဘုရားသခင်ကိုကြောက်ရွံ့သူယောဘက “ငါသည် အပျိုကိုမျှမကြည့်ရှုမည်အကြောင်း ကိုယ်မျက်စိနှင့်ပဋိညာဉ်ဝန်ခံခြင်းကိုပြုပြီ” ဟုဆိုခဲ့သည်။ (ယောဘ ၃၁:၁) အိမ်ထောင်သည်ဖြစ်သောယောဘက ကိုယ်ကျင့်တရားနှင့်ဆိုင်သော ဘုရားသခင်၏ပညတ်များကို မချိုးဖောက်ရန် စိတ်ပိုင်းဖြတ်ထားသည်။ ကျွန်ုပ်တို့သည် အိမ်ထောင်သည်ဖြစ်စေ၊ လူလွတ်ဖြစ်စေ ယင်းသို့သဘောထားသင့်သည်။ လိင်ဆိုင်ရာကိုယ်ကျင့်တရားပျက်ခြင်းကိုရှောင်ရန် ဘုရားသခင်အားချစ်မြတ်နိုးသူတို့တွင် ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာသောအရည်အသွေးဖြစ်သည့် ချုပ်တည်းခြင်းလိုသည်။—ဂလ. ၅:၂၂-၂၅

၁၁ လိင်ဆိုင်ရာကိုယ်ကျင့်တရားပျက်ခြင်းကိုရှောင်ရန် ကျွန်ုပ်တို့သည် မိမိကိုယ်ကို ဤသို့မေးဖို့လိုပေမည်– ‘စာအုပ်၊ ရုပ်မြင်သံကြား သို့မဟုတ် အင်တာနက်တို့တွင် လွယ်လင့်တကူတွေ့ရသည့် ကိုယ်ကျင့်တရားပျက်ပြားစေသောအရာများကို ကြည့်လိုစိတ်ဖြစ်လာစေရန် ကျွန်ုပ်၏မျက်စိကို ခွင့်ပြုပါသလော။’ တပည့်ဖြစ်သူယာကုပ်၏ ဤစကားများကိုလည်း သတိရကြစို့– “လူတစ်ဦးစီသည် မိမိတပ်မက်မှု၏ ဖြားယောင်းသွေးဆောင်ခြင်းအားဖြင့် စမ်းသပ်ခံရ၏။ ထို့နောက် တပ်မက်မှုသည် သန္ဓေတည်သောအခါ အပြစ်ကိုဖွားတတ်၏။ တစ်ဖန် အပြစ်ပြုပြီးသည့်အခါ သေခြင်းသို့ ပို့ဆောင်တတ်၏။” (ယာ. ၁:၁၄၊ ၁၅) ဘုရားသခင်ထံအပ်နှံထားသူ မည်သူမဆိုသည် ဆန့်ကျင်ဘက်လိင်ရှင်အား မတော်လျော်သောဆန္ဒများဖြင့် “ဆက်ကြည့်နေ” ပါက ထိုသူသည် မျက်စိကိုထုတ်ကာ လွှင့်ပစ်လိုက်သည်နှင့် နှိုင်းယှဉ်နိုင်သော ကြီးမားသည့်ပြောင်းလဲမှု ပြုလုပ်ဖို့လိုသည်။—မဿဲ ၅:၂၇၊ ၂၈ ကိုဖတ်ပါ။

၁၂။ ကိုယ်ကျင့်တရားပျက်သော သွေးသားဆန္ဒများကို တိုက်ထုတ်ရာတွင် ပေါလု၏အဘယ်ဆုံးမစကားက အထောက်အကူပြုနိုင်သနည်း။

၁၂ ကျွန်ုပ်တို့၏လက်ကို မတော်မလျော်အသုံးပြုခြင်းဖြင့် ကိုယ်ကျင့်တရားနှင့်ဆိုင်သော  ယေဟောဝါ၏စံနှုန်းများကို ချိုးဖောက်မိနိုင်သောကြောင့် ကိုယ်ကျင့်တရား သန့်ရှင်းစင်ကြယ်မှုကို ဆက်ထိန်းသိမ်းရန် အခိုင်အမာစိတ်ပိုင်းဖြတ်ထားရမည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ပေါလု၏ဤဆုံးမစကားကို လိုက်နာသင့်သည်– “မတရားမေထုန်ပြုခြင်း၊ မသန့်ရှင်းခြင်း၊ သွေးသားဆန္ဒပြင်းပြခြင်း၊ မကောင်းသောတောင့်တခြင်း၊ . . . တပ်မက်ခြင်းနှင့်ဆိုင်သည့် မြေကြီးပေါ်ရှိ သင်တို့၏ကိုယ်အင်္ဂါများကို သေစေကြလော့။” (ကော. ၃:၅) “သေစေကြလော့” ဟူသောစကားလုံးက ကိုယ်ကျင့်တရားပျက်သော သွေးသားဆန္ဒများကို တိုက်ထုတ်ရမည်ကို လေးလေးနက်နက် အလေးပေးဖော်ပြသည်။

၁၃၊ ၁၄။ ကိုယ်ကျင့်တရားယိုယွင်းစေသည့် စဉ်းစားတွေးတောမှုနှင့် လုပ်ဆောင်မှုများကိုရှောင်ရန် အဘယ်ကြောင့် အရေးကြီးသနည်း။

၁၃ လူတစ်ဦးသည် မိမိ၏အသက်ကို ကယ်တင်ရန်အလို့ငှာ မိမိ၏ကိုယ်အင်္ဂါတစ်ခုကို လိုလိုလားလားခွဲစိတ်ဖြတ်တောက်လိုကြပေမည်။ ယေဟောဝါ၏မျက်နှာသာဆုံးရှုံးစေနိုင်သော ကိုယ်ကျင့်တရားယိုယွင်းစေသည့် စဉ်းစားတွေးတောမှုနှင့် လုပ်ဆောင်မှုများကိုရှောင်ရန် မျက်စိနှင့် လက်တို့ကို ပုံဆောင် ‘ဖြတ်ထုတ်ပစ်လိုက်’ ဖို့အရေးကြီးသည်။ စိတ်ပိုင်း၊ ကိုယ်ကျင့်တရားပိုင်းနှင့် ဝတ်ပြုရေးပိုင်းတွင် သန့်ရှင်းအောင်ထိန်းထားခြင်းသည် ထာဝရပျက်စီးခြင်းကိုပုံတင်ပြသော ဂေဟင်နာမှလွတ်မြောက်ရန် တစ်ခုတည်းသောနည်းဖြစ်သည်။

၁၄ အပြစ်နှင့်မစုံလင်မှုကို အမွေရထားသောကြောင့် ကိုယ်ကျင့်တရားသန့်ရှင်းအောင်ထိန်းသိမ်းဖို့ ကြိုးစားအားထုတ်မှုလိုသည်။ “သူတစ်ပါးကိုဟောပြောပြီးမှ ကိုယ်တိုင်ငြင်းပယ်ခြင်း မခံရမည်အကြောင်း ငါ၏ခန္ဓာကိုယ်ကို ထိုးနှက်၍ ကျွန်ဖြစ်စေ၏” ဟုပေါလုပြောခဲ့သည်။ (၁ ကော. ၉:၂၇) ထို့ကြောင့် ကျွန်ုပ်တို့သည် ယေရှု၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို ကျေးဇူးတင်လေးမြတ်မှုကင်းမဲ့ကြောင်း တင်ပြရာရောက်သည့်အရာများကို မပြုမူဘဲနေခြင်းဖြင့် ကိုယ်ကျင့်တရားနှင့်ဆိုင်သော ယေရှု၏ဆုံးမစကားကို လက်တွေ့ကျင့်သုံးရန် စိတ်ဆုံးဖြတ်ထားကြစို့။—မ. ၂၀:၂၈; ဟေဗြဲ ၆:၄-၆

“ပေးကမ်းခြင်းကို ကျင့်ယူကြလော့”

၁၅၊ ၁၆။ (က) ပေးကမ်းရာတွင် ယေရှုသည် အဘယ်ပုံသက်သေချမှတ်ခဲ့သနည်း။ (ခ) လုကာ ၆:၃၈ တွင်မှတ်တမ်းတင်ထားသော ယေရှု၏စကားများက အဘယ်အရာကိုဆိုလိုသနည်း။

၁၅ ယေရှု၏မိန့်တော်မူချက်များနှင့် အလွန်ကောင်းမွန်သောပုံသက်သေက ပေးကမ်းခြင်းစိတ်ဓာတ်ကို မြေတောင်မြှောက်ပေးသည်။ ကိုယ်တော်သည် မစုံလင်သောလူသားများအကျိုးအတွက် မြေကြီးပေါ်သို့ ကြွလာခြင်းဖြင့် အလွန်ကြီးမားသောရက်ရောမှုကို တင်ပြခဲ့သည်။ (၂ ကောရိန္သု ၈:၉ ကိုဖတ်ပါ။) ယေရှုသည် လူသားတစ်ဦးဖြစ်လာရန် ကောင်းကင်စည်းစိမ်ကို တလိုတလားစွန့်လွှတ်ခဲ့ပြီး မိမိ၏အသက်ကို အပြစ်သားများအတွက် ပေးဆက်ခဲ့သည်၊ ယင်းကြောင့် အချို့သူတို့သည် ကိုယ်တော်နှင့်အတူ ကောင်းကင်နိုင်ငံတော်တွင် တွဲဖက်အမွေခံများအဖြစ် ကြွယ်ဝလာကြမည်။ (ရော. ၈:၁၆၊ ၁၇) ထို့ပြင် ကိုယ်တော်သည် ရက်ရောရန် ဤသို့အသေအချာတိုက်တွန်းခဲ့၏–

၁၆ “ပေးကမ်းခြင်းကို ကျင့်ယူကြလော့။ သို့ပြုလျှင် သင်တို့အား ပေးကမ်းကြလိမ့်မည်။ ကိုယ်ချိန်ပေးသည့်ပမာဏအတိုင်း ရမည့်အပြင် ဖိသိပ်လှုပ်ခါပြည့်လျှံလျက် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား ကိုယ်ချိန်ပေးသည့် ပမာဏအတိုင်း ဆပ်ပေးခြင်းကို ခံကြရမည်။” (လု. ၆:၃၈) “ရင်ခွင်၌ ပေးကြလိမ့်မည်” ဟူသည် ဈေးဝယ်သူက အပေါ်ရုံအင်္ကျီပွကိုခါးစည်းကာ အင်္ကျီကိုပစ္စည်းပစ္စယများသယ်ယူနိုင်သည့် အိတ်ကဲ့သို့ပြုလုပ်ပြီး အချို့ဈေးရောင်းသူတို့က ယင်းထဲသို့ထည့်ပေးသည့်ထုံးစံကို ရည်ညွှန်းခြင်းဖြစ်သည်။ ကျွန်ုပ်တို့ကိုယ်တိုင်၏ တလိုတလားရက်ရောမှုကြောင့် ဖြစ်နိုင်သည်မှာ ကျွန်ုပ်တို့လိုအပ်ချိန်တွင် များစွာပြန်လည်ရရှိပေမည်။—ဒေ. ၁၁:၂

၁၇။ ယေဟောဝါသည်ပေးကမ်းခြင်းတွင် အကောင်းဆုံးပုံသက်သေ မည်သို့ချမှတ်ခဲ့သနည်း၊ မည်ကဲ့သို့သောပေးကမ်းမှုမျိုးက ရွှင်လန်းမှုဖြစ်စေနိုင်သနည်း။

၁၇ ယေဟောဝါသည် စေတနာစိတ်နှင့်ပေးကမ်းသူတို့ကို ချစ်မြတ်နိုးပြီး ဆုချတော်မူသည်။ “သားတော်ကို ယုံကြည်ကြောင်း တင်ပြသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ၊ ထာဝရအသက်ကိုရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို” ပေးခြင်းဖြင့် ကိုယ်တော်တိုင် အကောင်းဆုံးပုံသက်သေပြခဲ့သည်။ (ယော. ၃:၁၆) ပေါလုဤသို့ရေးခဲ့၏– “မျိုးစေ့ကို နည်းနည်းကြဲသောသူသည် နည်းနည်းရိတ်ရလိမ့်မည်။ များများကြဲသောသူသည် များများရိတ်ရလိမ့်မည်။ လူတိုင်း မိမိနှလုံး၌ ဆုံးဖြတ်ထားသည့်အတိုင်း လှူပါစေ။ နှမြောတွန့်တိုစိတ်နှင့်လည်းကောင်း၊ မလှူမနေရဟူသော သဘောနှင့်လည်းကောင်း မလှူရ။ အကြောင်းမူကား စေတနာစိတ်နှင့် လှူသောသူကို ဘုရားသခင် နှစ်သက်တော်မူ၏။” (၂ ကော. ၉:၆၊ ၇) မှန်သောဝတ်ပြုရေးကိုမြှင့်တင်ရာတွင် ကျွန်ုပ်တို့၏အချိန်၊ ခွန်အားနှင့် ရုပ်ပစ္စည်းပိုင်ဆိုင်ရာများကိုပေးခြင်းဖြင့် ရွှင်လန်းမှုနှင့် ကြွယ်ဝလှသောဆုကျေးဇူးများ ရရှိမည်မှာသေချာသည်။—သု. ၁၉:၁၇; လုကာ ၁၆:၉ တို့ကိုဖတ်ပါ။

‘တံပိုးခရာမှုတ်ခြင်း မပြုကြနှင့်’

၁၈။ အဘယ်အခြေအနေများက ကောင်းကင်ခမည်းတော်ထံမှ “အဘယ်ဆုကျေးဇူးကိုမျှရမည်မဟုတ်” သနည်း။

၁၈ “သင်တို့၏ဖြောင့်မတ်ခြင်းကို လူအများမြင်သာစေရန် လူမြင်ကွင်းတွင် မပြမည်အကြောင်း သတိပြုကြလော့။ သို့မဟုတ်လျှင် ကောင်းကင်ဘုံရှိ သင်တို့၏အဖထံမှ အဘယ်ဆုကျေးဇူးမျှ ရမည်မဟုတ်။” (မ. ၆:၁) “ဖြောင့်မတ်ခြင်း” မှာ ဘုရားသခင့်အလိုတော်နှင့်ညီသည့် အကျင့်အကြံကို ယေရှုဆိုလိုခြင်းဖြစ်သည်။ ဘုရားသခင်တောင်းဆိုသည့်အမူအကျင့်များကို လူရှေ့သူရှေ့တွင် ဘယ်တော့မျှမလုပ်ဆောင်သင့်ဟု ကိုယ်တော်ဆိုလိုခဲ့ခြင်းမဟုတ်ပါ၊ အကြောင်းမှာ ကိုယ်တော်က မိမိတပည့်များအား “သင်တို့၏အလင်းကို လူတို့ရှေ့၌ လင်းစေကြလော့” ဟုမိန့်တော်မူခဲ့၍ဖြစ်သည်။ (မ. ၅:၁၄-၁၆) သို့သော် ဇာတ်စင်ပေါ်တွင် တင်ဆက်နေသော သရုပ်ဆောင်များကဲ့သို့ ကျွန်ုပ်တို့သည် “လူအများမြင်သာစေရန်” နှင့် ချီးမွမ်းခံရရန်လုပ်ဆောင်ခြင်းဖြစ်ပါက ကောင်းကင်ခမည်းတော်ထံမှ “အဘယ်ဆုကျေးဇူးကိုမျှရမည်မဟုတ်” ပါ။ ကျွန်ုပ်တို့တွင် ထိုကဲ့သို့သောသဘောထားများရှိပါက ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးကို ပျော်မွေ့မည်မဟုတ် သို့မဟုတ် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက် ထာဝရကောင်းချီးများ ခံစားရမည်မဟုတ်ပါ။

၁၉၊ ၂၀။ (က) “ပေးကမ်းစွန့်ကြဲ” သည့်အခါ “တံပိုးခရာမှုတ်” ခြင်းမပြုသင့်ဟု ယေရှုမိန့်တော်မူရာတွင် ကိုယ်တော်အဘယ်အရာကိုဆိုလိုခဲ့ခြင်းနည်း။ (ခ) ကျွန်ုပ်တို့သည် မည်သို့သောအားဖြင့် လက်ယာလက်ပြုသောအမှုကို လက်ဝဲလက်မသိစေသနည်း။

၁၉ ကျွန်ုပ်တို့တွင် သဘောထားမှန်ရှိပါက ယေရှု၏ဤဆုံးမစကားကို လိုက်လျှောက်ကြမည်ဖြစ်သည်– “ထို့ကြောင့် ပေးကမ်းစွန့်ကြဲခြင်းကို ပြုသည့်အခါ ကြောင်သူတော်တို့သည် လူတို့၏ချီးမွမ်းခြင်းခံလို၍ တရားဇရပ်များနှင့် လမ်းများပေါ်တွင် တံပိုးခရာမှုတ်စေသည်နည်းတူ မပြုကြနှင့်။ ငါအမှန်ဆိုသည်ကား ထိုသူတို့သည် မိမိတို့၏အကျိုးကို ခံစားပြီးကြပြီ။” (မ. ၆:၂) “ပေးကမ်းစွန့်ကြဲခြင်း” မှာ လိုအပ်နေသူတို့ကိုထောက်ပံ့ရန် အလှူငွေထည့်ခြင်းဖြစ်သည်။ (ဟေရှာယ ၅၈:၆၊ ၇ ကိုဖတ်ပါ။) ယေရှုနှင့် ကိုယ်တော်၏တမန်တော်များတွင် ဆင်းရဲသူတို့ကိုအကူအညီပေးရန်အသုံးပြုဖို့အတွက် ဘုံရန်ပုံငွေရှိခဲ့သည်။ (ယော. ၁၂:၅-၈; ၁၃:၂၉) ဆင်းရဲသူတို့အားပေးကမ်းသည့်အခါ စာသားအတိုင်း တံပိုးမှုတ်ခြင်းမရှိသောကြောင့် ကျွန်ုပ်တို့ “ပေးကမ်းစွန့်ကြဲ” သည့်အခါ “တံပိုးခရာမှုတ်” ခြင်းမပြုသင့်ဟု ယေရှုမိန့်တော်မူရာတွင် လေးနက်အောင်ချဲ့ကားပြောဆိုခြင်းဖြစ်သည်မှာ ထင်ရှားသည်။ ကျွန်ုပ်တို့သည် ဂျူးဖာရိရှဲများပြုလုပ်ခဲ့သကဲ့သို့ ထိုကဲ့သို့ပေးကမ်းမှုကို လူသိရှင်ကြားဖြစ်စေရန် မပြုလုပ်ကြပါ။ ဖာရိရှဲတို့သည် မိမိတို့၏ပေးကမ်းစွန့်ကြဲမှုကို “တရားဇရပ်များနှင့် လမ်းများပေါ်တွင်” ကြေညာခြင်းကြောင့် ယေရှုက သူတို့အား ကြောင်သူတော်တို့ဟုခေါ်ခဲ့သည်။ ထိုကြောင်သူတော်တို့မှာ “မိမိတို့၏အကျိုးကို ခံစားပြီးကြပြီ” ဖြစ်သည်။ ယေဟောဝါသည် သူတို့ကို အဘယ်ဆုမျှပေးမည်မဟုတ်သောကြောင့် လူတို့၏ချီးမွမ်းခြင်းနှင့် ဖြစ်နိုင်သည်မှာ ထင်ပေါ်သောရဗ္ဗိများနှင့်အတူ တရားဇရပ်များတွင် ရှေ့ဆုံးနေရာတွင်ထိုင်ခြင်းသည် သူတို့ခံစားရသော အကျိုးဖြစ်ပေမည်။ (မ. ၂၃:၆) သို့သော် ခရစ်တော်၏တပည့်များသည် မည်သို့ပြုမူသင့်သနည်း။ သူတို့ကိုနှင့် ကျွန်ုပ်တို့ကို ယေရှုဤသို့မိန့်တော်မူခဲ့၏–

၂၀ “သင်သည် ပေးကမ်းစွန့်ကြဲသည့်အခါ လက်ယာလက်ပြုသောအမှုကို လက်ဝဲလက် မသိစေနှင့်။ သင်၏ပေးကမ်းစွန့်ကြဲခြင်းကို မထင်ရှားစေနှင့်။ သို့ပြုလျှင် မထင်ရှားသောအရာကို ရှုမြင်တော်မူသည့် ကောင်းကင်ဘုံရှိ သင်၏အဖသည် သင့်ကို အကျိုးဆပ်ပေးတော်မူမည်။” (မ. ၆:၃၊ ၄) ကျွန်ုပ်တို့၏လက်နှစ်ဖက်သည် ပုံမှန်အားဖြင့် အတူတကွလုပ်ဆောင်သည်။ ထို့ကြောင့် လက်ယာလက်ပြုသောအမှုကို လက်ဝဲလက်မသိစေနှင့်ဟုဆိုရာတွင် လက်ဝဲလက်နှင့် လက်ယာလက်တမျှနီးသော ကျွန်ုပ်တို့နှင့်ရင်းနှီးသောသူတို့ကိုပင် ကျွန်ုပ်တို့၏ပေးကမ်းစွန့်ကြဲသည့်လုပ်ရပ်များကို ထုတ်ဖော်ပြောဆိုမှုမပြုခြင်းကို ဆိုလိုသည်။

၂၁။ “မထင်ရှားသောအရာကို ရှုမြင်တော်မူသည့်” အရှင်ထံမှရရှိသော အကျိုးကျေးဇူးတွင် အဘယ်အရာပါဝင်သနည်း။

၂၁ ကျွန်ုပ်တို့သည် အခြားသူတို့အားပေးကမ်းခြင်းအကြောင်း ကြွားဝါပြောဆိုခြင်းမပြုပါက၊ ကျွန်ုပ်တို့၏ “ပေးကမ်းစွန့်ကြဲခြင်း” ကို မထင်ရှားစေခြင်းဖြစ်သည်။ သို့ပြုလျှင် “မထင်ရှားသောအရာကို ရှုမြင်တော်မူသည့်” ကျွန်ုပ်တို့၏ခမည်းတော်သည် ကျွန်ုပ်တို့ကိုအကျိုးဆပ်ပေးတော်မူမည်။ ကောင်းကင်တွင်ရှိတော်မူပြီး လူ့မျက်စိဖြင့်မမြင်နိုင်သော ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် လူသားတို့သိနိုင်သည်ထက် ပို၍အလှမ်းဝေးသည့် “မထင်ရှားသော” အရပ်တွင်ရှိတော်မူသည်။ (ယော. ၁:၁၈) “မထင်ရှားသောအရာကို ရှုမြင်တော်မူသည့်” အရှင်ထံမှရရှိသော အကျိုးကျေးဇူးတွင် ယေဟောဝါနှင့် ရင်းနှီးသောဆက်ဆံရေးရှိခြင်း၊ ကျွန်ုပ်တို့၏အပြစ်များ ခွင့်လွှတ်ခံရခြင်းနှင့် ထာဝရအသက်တို့ပါဝင်သည်။ (သု. ၃:၃၂; ယော. ၁၇:၃; ဧ. ၁:၇) ယင်းတို့သည် လူတို့၏ချီးမွမ်းခံရခြင်းထက် ပို၍ကောင်းမွန်သည်။

မြတ်နိုးတန်ဖိုးထားရမည့် အဖိုးထိုက်သော မိန့်တော်မူချက်များ

၂၂၊ ၂၃။ ယေရှု၏မိန့်တော်မူချက်များကို အဘယ်ကြောင့် မြတ်နိုးတန်ဖိုးထားသင့်သနည်း။

၂၂ တောင်ပေါ်တရားတော်သည် နှစ်လို့ဖွယ်ကောင်းသည့် မှန်ကူကွက်များစွာပါရှိသော ရတနာများနှင့်ပြည့်နေသည်မှာ အမှန်ပင်။ ပြဿနာပြည့်နေသောဤလောကတွင်ပင် ရွှင်လန်းမှုဖြစ်စေနိုင်သည့် အဖိုးထိုက်စကားများပါရှိသည်မှာ ယုံမှားဖွယ်မရှိပါ။ မှန်ပါသည်၊ ကျွန်ုပ်တို့သည် ယေရှု၏မိန့်တော်မူချက်များကို မြတ်နိုးတန်ဖိုးထားပြီး ယင်းတို့ကို ကျွန်ုပ်တို့၏သဘောထား၊ ဘဝလမ်းစဉ်တွင် သက်ရောက်မှုရှိစေပါက ကျွန်ုပ်တို့ပျော်ရွှင်ကြမည်။

၂၃ ယေရှုသွန်သင်ရာကို “ကြား၍ လိုက်နာ” သူတိုင်းသည် ကောင်းချီးခံစားရမည်။ (မဿဲ ၇:၂၄၊ ၂၅ ကိုဖတ်ပါ။) ထို့ကြောင့် ယေရှု၏သွန်သင်ချက်နှင့်အညီနေထိုင်ရန် စိတ်ဆုံးဖြတ်ထားကြစို့။ တောင်ပေါ်တရားတော်ပါ ယေရှု၏နောက်ထပ်မိန့်တော်မူချက်များကို ဤအခန်းဆက်၏ နောက်ဆုံးဆောင်းပါးတွင် သုံးသပ်ကြပါမည်။

သင်မည်သို့ဖြေဆိုမည်နည်း

• မကျေမနပ်ဖြစ်နေသောညီအစ်ကိုနှင့် သင့်မြတ်အောင် ပြုလုပ်ဖို့ အဘယ်ကြောင့် အရေးကြီးသနည်း။

• ကျွန်ုပ်တို့၏ “လက်ယာမျက်စိ” ကြောင့် ထိမိလဲခြင်း မဖြစ်စေရန် မည်သို့ရှောင်နိုင်သနည်း။

• ပေးကမ်းခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏သဘောထားမှာ အဘယ်အရာဖြစ်သင့်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

မကျေမနပ်ဖြစ်နေသောယုံကြည်သူချင်းနှင့် ‘သင့်မြတ်အောင်ပြုလုပ်’ ခြင်းသည် အလွန်ကောင်း၏

[စာမျက်နှာ ၁၂၊ ၁၃ ပါ ရုပ်ပုံ]

စေတနာစိတ်နှင့်ပေးကမ်းသူတို့ကို ယေဟောဝါကောင်းချီးပေး