မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှု၏ဟောပြောချက်သည် သင့်ဆုတောင်းချက်တွင် ဩဇာလွှမ်းမိုးပါသလော

ယေရှု၏ဟောပြောချက်သည် သင့်ဆုတောင်းချက်တွင် ဩဇာလွှမ်းမိုးပါသလော

ယေရှု၏ဟောပြောချက်သည် သင့်ဆုတောင်းချက်တွင် ဩဇာလွှမ်းမိုးပါသလော

“ဤသို့ဟောပြောပြီးသည့်အဆုံး၌ လူအုပ်သည် ကိုယ်တော်၏သွန်သင်ပုံကို အလွန်အံ့သြကြ၏။”—မ. ၇:၂၈

၁၊ ၂။ လူအုပ်သည် ယေရှု၏သွန်သင်ပုံကို အဘယ်ကြောင့်အံ့သြကြသနည်း။

ကျွန်ုပ်တို့သည် ဘုရားသခင်၏တစ်ပါးတည်းသောသားတော် ယေရှုခရစ်၏ မိန့်တော်မူချက်များကိုလက်ခံကာ ယင်းတို့ကို ဘဝအသက်တာတွင် ကျင့်သုံးသင့်သည်။ ကိုယ်တော်သည် အခြားမည်သူတစ်ဦးတစ်ယောက်နှင့်မျှမတူဘဲ ဟောပြောခဲ့သည်။ ထို့ကြောင့် တောင်ပေါ်တရားတော်တွင် ကိုယ်တော်၏သွန်သင်ပုံကို လူများအံ့သြခဲ့ကြသည်။—မဿဲ ၇:၂၈၊ ၂၉ ကိုဖတ်ပါ။

ယေဟောဝါ၏သားတော်သည် ကျမ်းတတ်များကဲ့သို့ မသွန်သင်ခဲ့ပါ၊ စကားပိုများစွာပါသော သူတို့၏ဟောပြောချက်များသည် မစုံလင်သောလူ့သွန်သင်ချက်များပေါ်အခြေပြုသည်။ ခရစ်တော်၏သွန်သင်ချက်သည် ခမည်းတော်ထံမှဖြစ်သောကြောင့် “အာဏာရှိသောသူကဲ့သို့” သွန်သင်ခဲ့သည်။ (ယော. ၁၂:၅၀) သို့ဖြစ်၍ တောင်ပေါ်တရားတော်ပါ ယေရှု၏နောက်ထပ်မိန့်တော်မူချက်များသည် ကျွန်ုပ်တို့၏ဆုတောင်းချက်အပေါ် မည်သို့သြဇာလွှမ်းမိုးနိုင်ပုံနှင့် ဩဇာလွှမ်းမိုးသင့်ပုံတို့ကို ကြည့်ကြစို့။

ကြောင်သူတော်တို့နည်းတူ ဘယ်တော့မျှဆုမတောင်းကြနှင့်

၃။ မဿဲ ၆:၅ တွင်မှတ်တမ်းတင်ထားသည့် ယေရှု၏စကားကို အကျဉ်းဖော်ပြပါ။

ဆုတောင်းခြင်းသည် မှန်သောဝတ်ပြုရေးတွင် အရေးကြီးသောကဏ္ဍတစ်ခုဖြစ်ပြီး ကျွန်ုပ်တို့သည် ယေဟောဝါထံ မှန်မှန်ဆုတောင်းသင့်သည်။ သို့သော် တောင်ပေါ်တရားတော်ပါ ယေရှု၏မိန့်တော်မူချက်များသည် ကျွန်ုပ်တို့၏ဆုတောင်းချက်အပေါ် ဩဇာလွှမ်းမိုးသင့်သည်။ ကိုယ်တော်ဤသို့မိန့်တော်မူခဲ့၏– “သင်တို့သည် ဆုတောင်းသောအခါ ကြောင်သူတော်တို့နည်းတူ မပြုကြနှင့်။ အကြောင်းမူကား ထိုသူတို့သည် လူတို့မြင်စေရန် တရားဇရပ်များ၊ လမ်းဆုံလမ်းခွများတွင်ရပ်လျက် ဆုတောင်းခြင်းကို နှစ်သက်ကြ၏။ ငါအမှန်ဆိုသည်ကား ထိုသူတို့သည် မိမိတို့အကျိုးကို ခံစားပြီးကြပြီ။”မ. ၆:၅

၄-၆။ (က) ဖာရိရှဲတို့သည် “တရားဇရပ်များ၊ လမ်းဆုံလမ်းခွများတွင် ရပ်လျက်” ဆုတောင်းရသည်ကို အဘယ်ကြောင့်နှစ်သက်ကြသနည်း။ (ခ) ထိုကြောင်သူတော်တို့သည် မည်သို့ “အကျိုးကိုခံစားပြီးကြပြီ” နည်း။

ဆုတောင်းသည့်အခါ ယေရှု၏တပည့်များသည် မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုယူမှတ်သော “ကြောင်သူတော်” ဖာရိရှဲများကိုတုပရန်မဟုတ်ပါ၊ ထိုသူတို့သည် လူရှေ့သူရှေ့၌ ဝတ်ပြုရေးတွင်ကြည်ညိုဟန်ဆောင်ကြသည်။ (မ. ၂၃:၁၃-၃၂) ထိုကြောင်သူတော်တို့သည် “တရားဇရပ်များ၊ လမ်းဆုံလမ်းခွများတွင်ရပ်လျက် ဆုတောင်းခြင်းကို နှစ်သက်ကြ၏။” အဘယ်ကြောင့်နည်း။ “လူတို့မြင်စေရန်” ဖြစ်သည်။ ပထမရာစုတွင် ဂျူးတို့သည် ဝတ်ပြုရာအိမ်တော်၌ မီးရှို့ရာယဇ်ပူဇော်ချိန်အတွင်း (နံနက်ကိုးနာရီခန့်နှင့် မွန်းလွဲသုံးနာရီခန့်) အုပ်စုလိုက်အနေနှင့် ဆုတောင်းသည့်ထုံးစံရှိကြသည်။ ယေရုရှလင်မြို့သားများသည် ဝတ်ပြုရာအိမ်တော်ဝင်းအတွင်း ဝတ်ပြုကိုးကွယ်သူလူအုပ်နှင့်အတူ ဆုတောင်းကြပေမည်။ မြို့ပြင်ရှိ ဝတ်ပြုရေးကိုအလေးထားသူဂျူးတို့သည် ‘တရားဇရပ်များတွင်ရပ်လျက်’ တစ်နေ့လျှင်နှစ်ကြိမ် ဆုတောင်းလေ့ရှိသည်။—လုကာ ၁၈:၁၁၊ ၁၃ နှင့်နှိုင်းယှဉ်ပါ။

လူအများစုသည် ဖော်ပြပါဆုတောင်းမှုများအတွက် ဝတ်ပြုရာအိမ်တော် သို့မဟုတ် တရားဇရပ်တစ်ခုနှင့် မနီးသောကြောင့် ထိုအချိန်ရောက်လျှင် ရောက်နေသည့်နေရာ၌ ဆုတောင်းကြပေမည်။ အချို့သူတို့က ထိုဆုတောင်းသည့်အချိန်၌ “လမ်းဆုံလမ်းခွများတွင်” ရောက်နေရန်တမင်ပြုလုပ်ခဲ့ကြသည်။ ထိုလမ်းဆုံလမ်းခွတွင် ဖြတ်သွားသော “လူတို့မြင်စေရန်” အလိုရှိခဲ့ကြသည်။ ကြည်ညိုဟန်ဆောင်သူတို့သည် ဘေးမှကြည့်နေသူတို့ချီးမွမ်းစေရန် “ရှည်လျားစွာ ဆုတောင်း” ကြပေမည်။ (လု. ၂၀:၄၇) ယင်းသည် ကျွန်ုပ်တို့တွင်ရှိသင့်သည် သဘောထားမဟုတ်ပါ။

ထိုကြောင်သူတော်တို့သည် “မိမိတို့အကျိုးကို ခံစားပြီးကြပြီ” ဟုယေရှုမိန့်ဆိုခဲ့သည်။ သူတို့သည် အခြားသူတို့၏ အသိအမှတ်ပြုခြင်း၊ ချီးမွမ်းခြင်းကို အလွန်ရလိုကြရာ—ယင်းတို့ကိုသာ သူတို့ခံစားရမည်ဖြစ်သည်။ ယေဟောဝါသည် သူတို့၏ဟန်ဆောင်ဆုတောင်းချက်များကို နားညောင်းမည်မဟုတ်သောကြောင့် ယင်းတို့သည် သူတို့ခံစားရသည့် အကျိုးဖြစ်မည်။ အခြားတစ်ဖက်တွင်မူ ဘုရားသခင်သည် ခရစ်တော်နောက်လိုက်စစ်များ၏ ဆုတောင်းချက်ကို ဖြေကြားမည်ဖြစ်ကြောင်း ယင်းနှင့်စပ်လျဉ်း၍ ယေရှု၏နောက်မိန့်ဆိုချက်က ဖော်ပြသည်။

၇။ “အတွင်းခန်းထဲ” တွင်ဆုတောင်းရန်သွန်သင်ချက်က အဘယ်အရာကိုဆိုလိုသနည်း။

“သင်မူကား ဆုတောင်းသည့်အခါ အတွင်းခန်းထဲသို့ဝင်၍ တံခါးပိတ်ပြီးမှ မထင်ရှားသောအရပ်၌ရှိတော်မူသော ကောင်းကင်ဘုံရှိ သင်၏အဖထံ ဆုတောင်းလော့။ မထင်ရှားသောအရာကို ရှုမြင်တော်မူသည့် ကောင်းကင်ဘုံရှိ သင်၏အဖသည် သင့်ကို အကျိုးဆပ်ပေးတော်မူမည်။” (မ. ၆:၆) အတွင်းခန်းထဲသို့ဝင်၍ တံခါးပိတ်ပြီးဆုတောင်းရန် ယေရှု၏တိုက်တွန်းချက်က တစ်စုံတစ်ဦးသည် လူပရိသတ်ရှေ့ ကိုယ်စားပြုဆုတောင်းခြင်းမပြုနိုင်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ဤသွန်သင်ချက်က လူပရိသတ်ရှေ့ဆုတောင်းသည့်အခါ ဆုတောင်းသူကိုအာရုံစိုက်စေရန်နှင့် အခြားသူတို့၏ချီးမွမ်းမှုရရန်ဆုတောင်းခြင်းမဖြစ်ဖို့ ဆိုလိုခြင်းဖြစ်သည်။ ဘုရားသခင့်လူတို့အဖို့ ပရိသတ်ရှေ့ကိုယ်စားပြုဆုတောင်းရသည့်အခွင့်ထူးရရှိပါက ယင်းကို သတိရသင့်သည်။ ဆုတောင်းခြင်းနှင့်စပ်လျဉ်း၍ ယေရှု၏နောက်ထပ်သတိပေးချက်ကိုလည်း လက်တွေ့ကျင့်သုံးကြစို့။

၈။ မဿဲ ၆:၇ အရ မသင့်လျော်သောအဘယ်ဆုတောင်းနည်းကို ကျွန်ုပ်တို့ရှောင်သင့်သနည်း။

“ဆုတောင်းသည့်အခါ လူမျိုးခြားတို့နည်းတူ စကားတစ်မျိုးတည်းကို အထပ်ထပ်မရွတ်ဆိုကြနှင့်။ ထိုသူတို့သည် များစွာသောစကားအားဖြင့် နားညောင်းခံရမည်ဟု ထင်မှတ်ကြ၏။” (မ. ၆:၇) ယေရှုသည် မသင့်လျော်သောဆုတောင်းနည်း နောက်တစ်မျိုးကို ဖော်ပြ၏—အထပ်ထပ်ရွတ်ဆိုခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ဆုတောင်းရာတွင် နှလုံးပါပါအသနားခံချက်များနှင့် ကျေးဇူးတော်ချီးမွမ်းသည့်စကားများကို ဘယ်တော့မျှထပ်၍မပြောသင့်ဟု ကိုယ်တော်ဆိုလိုနေခြင်းမဟုတ်ပါ။ ယေရှုမသေဆုံးမီညက ဂေသရှေမန်ဥယျာဉ်တွင် “ရှေ့မြွက်ဆိုသည်နည်းတူ” ထပ်၍ဆုတောင်းခဲ့သည်။—မာ. ၁၄:၃၂-၃၉သမ္မာကျမ်း။

၉၊ ၁၀။ ကျွန်ုပ်တို့သည် အဘယ်သဘောဖြင့် ဆုတောင်းချက်ကို အထပ်ထပ်မရွတ်ဆိုသင့်သနည်း။

“လူမျိုးခြားတို့” ၏ အထပ်ထပ်ရွတ်သောဆုတောင်းချက်များကို တုပခြင်းသည် မှားမည်ဖြစ်သည်။ သူတို့သည် မလိုအပ်သောစကားလုံးများစွာပါသည့် အလွတ်ရထားသောစကားစုများကို “အထပ်ထပ်” ရွတ်ဆိုကြသည်။ ဗာလကိုဝတ်ပြုကိုးကွယ်သူများက “‘အိုဗာလဘုရား အကျွန်ုပ်တို့အား ထူးတော်မူပါ’ ဟု နံနက်အချိန်မှစ၍ မွန်းတည့်အချိန်တိုင်အောင်” ဟစ်ခေါ်ခဲ့ရာ အကျိုးမရှိခဲ့ပါ။ (၃ ရာ. ၁၈:၂၆) ယနေ့ သန်းနှင့်ချီသောသူတို့သည် စကားပိုများစွာပါသော၊ အထပ်ထပ်ရွတ်ဆိုသော ဆုတောင်းချက်များဖြင့် ဆုတောင်းကြကာ “နားညောင်းခံရမည်” ဟု အချည်းနှီးထင်မှတ်ကြသည်။ သို့သော် ယေရှုက “များစွာသောစကားဖြင့်” ရှည်လျားပြီး အထပ်ထပ်ရွတ်ဆိုသောဆုတောင်းချက်များသည် ယေဟောဝါ၏ရှုထောင့်မှကြည့်လျှင် တန်ဖိုးမရှိကြောင်း ကျွန်ုပ်တို့သိမြင်စေရန် ကူညီပေးသည်။ ယေရှုထပ်ဆင့်၍ဤသို့မိန့်တော်မူ၏–

၁၀ “ထိုသူတို့နည်းတူ မပြုကြနှင့်။ သင်တို့၏အဖ ဘုရားသခင်သည် သင်တို့လိုအပ်သည့်အရာများကို မတောင်းမီကပင် သိတော်မူ၏။” (မ. ၆:၈) ဂျူးဘာသာရေးခေါင်းဆောင်များစွာသည် ဆုတောင်းသည့်အခါ အလွန်အကျွံစကားဖောင်းပွခြင်းအားဖြင့် မိမိတို့ကိုယ်ကို လူမျိုးခြားတို့နှင့်တူစေခဲ့ကြသည်။ ချီးမွမ်းခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် အသနားခံခြင်းတို့ပါဝင်သော လှိုက်လှဲသည့်ဆုတောင်းချက်သည် မှန်သောဝတ်ပြုရေး၏ အရေးပါသောကဏ္ဍတစ်ခုဖြစ်သည်။ (ဖိ. ၄:၆) သို့တိုင် ကျွန်ုပ်တို့၏လိုအပ်ရာများကို ဘုရားသခင်အား အထပ်ထပ်ပြောရန်လိုအပ်သည့်အထင်ဖြင့် တစ်ခုသောအကြောင်းအရာကို အထပ်ထပ်ရွတ်ခြင်းသည် မှားပေလိမ့်မည်။ ကျွန်ုပ်တို့ဆုတောင်းသည့်အခါ ‘ကျွန်ုပ်တို့လိုအပ်သည့်အရာများကို မတောင်းမီကပင် သိတော်မူ’ သောအရှင်ထံ ဆုတောင်းခြင်းဖြစ်ကြောင်း သတိရသင့်သည်။

၁၁။ ပရိသတ်ရှေ့ဆုတောင်းရန် အခွင့်အရေးရရှိပါက အဘယ်အရာကို သတိရသင့်သနည်း။

၁၁ လက်သင့်ခံဖွယ်မဟုတ်သောဆုတောင်းချက်များအကြောင်း ယေရှု၏မိန့်တော်မူချက်အရ စကားကြီးစကားကျယ်အသုံးအနှုန်း၊ စကားအပိုများကို ဘုရားသခင်မနှစ်သက်ကြောင်း ကျွန်ုပ်တို့သတိရသင့်သည်။ လူထုရှေ့ဆုတောင်းခြင်းသည် နားထောင်နေသူတို့ စိတ်စွဲမှတ်သွားရန်ကြိုးစားဖို့ အခွင့်အရေးတစ်ခုအဖြစ် သို့မဟုတ် ဆုတောင်းချက်အလွန်ရှည်သောကြောင့် ပရိသတ်က ဆုတောင်းချက်ကိုနားထောင်မည့်အစား ဆုတောင်းချက်ဘယ်တော့ပြီးမည်ကို တွေးသည့်အဖြစ် မဖြစ်စေရန်ကိုလည်း သတိရသင့်သည်။ ဆုတောင်းချက်ကိုသုံးကာ ကြေညာချက်များထုတ်ဆင့်ခြင်း၊ ပရိသတ်ကိုဆုံးမသွန်သင်ခြင်းသည်လည်း တောင်ပေါ်တရားတော်ပါ ယေရှု၏မိန့်တော်မူချက်သဘောတရားနှင့် ညီညွတ်မည်မဟုတ်ပါ။

မည်သို့ဆုတောင်းရမည်ကို ယေရှုသွန်သင်ပေး

၁၂။ “ကိုယ်တော်၏နာမတော်သည် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ” ဟု ဆုတောင်းခြင်း၏အရေးကြီးမှုကို သင်မည်သို့ရှင်းပြမည်နည်း။

၁၂ ဆုတောင်းခြင်းအခွင့်ထူးကို မတော်မလျော်အသုံးမပြုရန် ယေရှုသတိပေးခဲ့ပြီး မည်သို့ဆုတောင်းရမည်ကို တပည့်များအား ကိုယ်တော်သွန်သင်ပေးခဲ့သည်။ (မဿဲ ၆:၉-၁၃ ကိုဖတ်ပါ။) စံပြဆုတောင်းချက်ကို အထပ်ထပ်ရွတ်ဆိုဖို့ အလွတ်ကျက်ထားရန်မဟုတ်ပါ။ ကျွန်ုပ်တို့၏ကိုယ်ပိုင်ဆုတောင်းချက်များအတွက် ပုံစံပြခြင်းဖြစ်သည်။ ဥပမာ၊ ယေရှုသည် အဖွင့်စကားဖြင့် ဘုရားသခင်အကြောင်း ဤသို့ဦးဆုံးဖော်ပြ၏– “ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ၊ ကိုယ်တော်၏နာမတော်သည် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ။” (မ. ၆:၉) ကမ္ဘာမှအလွန်အလှမ်းကွာဝေးသော “ကောင်းကင်ဘုံ” တွင်ကျိန်းဝပ်တော်မူသော ယေဟောဝါသည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်ကို “ကျွန်ုပ်တို့၏အဖ” ဟုလျောက်ပတ်စွာခေါ်ကြသည်။ (တရား. ၃၂:၆; ၆ ရာ. ၆:၂၁; တ. ၁၇:၂၄၊ ၂၈) “ကျွန်ုပ်တို့” ဟူ၍အများကိန်းအသုံးအနှုန်းကိုသုံးခြင်းက ကျွန်ုပ်တို့၏ယုံကြည်သူချင်းများသည်လည်း ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးရှိကြောင်း သတိရသင့်သည်။ “ကိုယ်တော်၏နာမတော်သည် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ” ဟူသည် ဧဒင်တွင်ပုန်ကန်မှုဖြစ်ကတည်းက ကိုယ်တော်၏နာမတော် နည်းအမျိုးအမျိုးဖြင့် ရှုတ်ချခံနေရမှုကို ကိုယ်တော်တိုင်ဖြေရှင်းရန် ယေဟောဝါအား အသနားခံခြင်းဖြစ်သည်။ ယေဟောဝါသည် ကမ္ဘာပေါ်မှဆိုးသွမ်းမှုကိုဖယ်ရှားကာ မိမိကိုယ်ကိုသန့်ရှင်းမြင့်မြတ်စေခြင်းဖြင့် ယင်းဆုတောင်းချက်ကို ဖြေကြားတော်မူမည်။—ယေဇ. ၃၆:၂၃

၁၃။ (က) ‘ဘုရားသခင့်နိုင်ငံတော်လာပါစေ’ ဟုတောင်းဆိုချက်သည် မည်သို့ပြည့်စုံလာမည်နည်း။ (ခ) မြေကြီးပေါ် ဘုရားသခင့်အလိုတော်ပြည့်စုံခြင်းတွင် အဘယ်အရာပါဝင်သနည်း။

၁၃ “[ဘုရားသခင့်]နိုင်ငံတော် လာပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ။” (မ. ၆:၁၀) စံပြဆုတောင်းချက်တွင်ပါသော ယင်းတောင်းဆိုချက်နှင့်ပတ်သက်၍ ‘ဘုရားသခင့်နိုင်ငံတော်’ ဟူသည် ခရစ်တော်နှင့် ကိုယ်တော်၏တွဲဖက်များဖြစ်သော ရှင်ပြန်ထမြောက်ပြီးသူ “သန့်ရှင်းသူများ” ၏လက်တွင်ရှိသည့် ကောင်းကင်မေရှိယအစိုးရဖြစ်ကြောင်း ကျွန်ုပ်တို့သတိရသင့်သည်။ (ဒံ. ၇:၁၃၊ ၁၄၊ ၁၈; ဟေရှာ. ၉:၆၊ ၇) ဘုရားသခင့်နိုင်ငံတော် “လာ” ရန်ဆုတောင်းခြင်းသည် ဘုရားသခင့်အုပ်ချုပ်မှုကိုဆန့်ကျင်သော မြေကြီးပေါ်ရှိသူအားလုံးကိုဖျက်ဆီးရန် ဘုရားသခင့်နိုင်ငံတော်လာဖို့ တောင်းဆိုခြင်းဖြစ်သည်။ မကြာမီ ထိုသို့ဖြစ်လာမည်ဖြစ်ပြီး ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်း၊ ဖြစ်ထွန်းအောင်မြင်ခြင်းရှိမည့် ကမ္ဘာချီပရဒိသုကို ပြင်ဆင်ကြမည်။ (ဆာ. ၇၂:၁-၁၅; ဒံ. ၂:၄၄၊ ၄၅; ၂ ပေ. ၃:၁၃) ယေဟောဝါ၏အလိုတော် ကောင်းကင်တွင်ပြည့်စုံလျက်ရှိပြီး မြေကြီးပေါ်တွင်လည်းပြည့်စုံရန် ဆုတောင်းခြင်းက ရှေးအချိန်ကကဲ့သို့ပင် ကိုယ်တော့်ကိုဆန့်ကျင်သူများအား ရှင်းလင်းသုတ်သင်ခြင်းအပါအဝင် ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်နှင့်ပတ်သက်၍ ဘုရားသခင်၏ရည်ရွယ်တော်မူချက်များ ပြည့်စုံစေရန် အသနားခံခြင်းဖြစ်သည်။—ဆာလံ ၈၃:၁၊ ၂၊ ၁၃-၁၈ ကိုဖတ်ပါ။

၁၄။ “ယနေ့အတွက် အသက်မွေးလောက်သောအစာ” ကိုတောင်းဆိုခြင်းသည် အဘယ်ကြောင့်သင့်လျော်သနည်း။

၁၄ “ယနေ့အတွက် အသက်မွေးလောက်သောအစာကို ကျွန်ုပ်တို့အား ယနေ့ပေးသနားတော်မူပါ။” (မ. ၆:၁၁; လု. ၁၁:၃) ဆုတောင်းချက်တွင် ဤတောင်းဆိုချက်ကိုထည့်တောင်းသည့်အခါ “ယနေ့အတွက်” လိုအပ်သောအစာကို ထောက်မပေးရန် ဘုရားသခင်ထံ တောင်းလျှောက်ခြင်းဖြစ်သည်။ ယင်းက ယေဟောဝါသည် ကျွန်ုပ်တို့၏နေ့စဉ်အခြေခံလိုအပ်ရာတို့ကို ကြည့်ရှုစောင့်ရှောက်ပေးနိုင်စွမ်းရှိသည်ကိုယုံကြည်ကြောင်း တင်ပြရာရောက်သည်။ အစားအစာအပိုအလျှံပေးရန် တောင်းဆိုခြင်းမဟုတ်ပါ။ နေ့စဉ်လိုအပ်ရာအတွက် တောင်းဆိုခြင်းက မန္နမုန့်ကို ဣသရေလလူမျိုး “နေ့တိုင်းထွက်၍ တစ်နေ့စားလောက်အောင် သိမ်းယူရကြမည်” ဟူသည့် ဘုရားသခင်၏မိန့်တော်မူချက်ကို ကျွန်ုပ်တို့ပြန်အမှတ်ရပေမည်။—ထွ. ၁၆:၄

၁၅။ “အပြစ်ကြွေးတင်သူတို့ကို ကျွန်ုပ်တို့ဖြေလွှတ်သကဲ့သို့ ကျွန်ုပ်တို့၏အပြစ်ကြွေးများကိုလည်း ဖြေလွှတ်တော်မူပါ” ဟုတောင်းဆိုခြင်းသည် အဘယ်အရာကိုဆိုလိုကြောင်း ရှင်းပြပါ။

၁၅ စံပြဆုတောင်းချက်ပါ နောက်ထပ်တောင်းဆိုမှုမှာ ကျွန်ုပ်တို့ပြုလုပ်ဖို့လိုသောအရာကို အာရုံစိုက်စေသည်။ ယေရှုဤသို့မိန့်တော်မူ၏– “အပြစ်ကြွေးတင်သူတို့ကို ကျွန်ုပ်တို့ဖြေလွှတ်သကဲ့သို့ ကျွန်ုပ်တို့၏အပြစ်ကြွေးများကိုလည်း ဖြေလွှတ်တော်မူပါ။” (မ. ၆:၁၂) ကျွန်ုပ်တို့အား ပြစ်မှားသူကို “ခွင့်လွှတ်” ပြီးမှသာလျှင် ယေဟောဝါထံမှခွင့်လွှတ်မှုကို ကျွန်ုပ်တို့မျှော်လင့်နိုင်ပါသည်။ (မဿဲ ၆:၁၄၊ ၁၅ ကိုဖတ်ပါ။) ကျွန်ုပ်တို့သည် အခြားသူတို့ကို အကြွင်းမဲ့ခွင့်လွှတ်သင့်သည်။—ဧ. ၄:၃၂; ကော. ၃:၁၃

၁၆။ သွေးဆောင်မှုနှင့် ဆိုးညစ်သူလက်မှကယ်နုတ်ရန် တောင်းဆိုချက်များကို ကျွန်ုပ်တို့ မည်သို့သဘောပေါက်ရန်ဖြစ်သနည်း။

၁၆ “အပြစ်သွေးဆောင်ရာနောက်သို့ မလိုက်ပါစေဘဲ ဆိုးညစ်သူ၏လက်မှ ကယ်နုတ်တော်မူပါ။” (မ. ၆:၁၃) ယေရှု၏စံပြဆုတောင်းချက်ပါ ယင်းသို့အချက်နှစ်ချက်ချိတ်ဆက်ထားမှုကို မည်သို့သဘောပေါက်ရန်ဖြစ်သနည်း။ ပထမအချက်ဤသို့ဖြစ်သည်မှာသေချာ၏– ယေဟောဝါသည် ကျွန်ုပ်တို့အပြစ်ကျူးလွန်စေရန် သွေးဆောင်တော်မမူပါ။ (ယာကုပ် ၁:၁၃ ကိုဖတ်ပါ။) “ဆိုးညစ်သူ” ဖြစ်သော စာတန်သည် “ဖြားယောင်းသွေးဆောင်သူ” အမှန်ပင်ဖြစ်၏။ (မ. ၄:၃) သို့သော် ဘုရားသခင်လုပ်ဆောင်ချက်နှင့်ပတ်သက်၍ သမ္မာကျမ်းစာဖော်ပြချက်မှာ ကိုယ်တော်သည် ယင်းတို့ကိုခွင့်ပြုခြင်းသာဖြစ်သည်။ (ရု. ၁:၂၀၊ ၂၁; ဒေ. ၁၁:၅) သို့ဖြစ်၍ “အပြစ်သွေးဆောင်ရာနောက်သို့ မလိုက်ပါစေ” ရန်အသနားခံခြင်းက ယေဟောဝါအားမနာခံရန် ကျွန်ုပ်တို့သွေးဆောင်ခံရသည့်အခါ လက်လျှော့သွားရန် ယေဟောဝါခွင့်မပြုဖို့ အသနားခံခြင်းဖြစ်သည်။ နောက်ဆုံး “ဆိုးညစ်သူ၏လက်မှကယ်နုတ်” ရန်အသနားခံခြင်းက ကျွန်ုပ်တို့ကို စာတန်အနိုင်ယူသည့်အဖြစ်ကို ယေဟောဝါခွင့်မပြုဖို့ တောင်းဆိုခြင်းဖြစ်သည်။ ထို့ပြင် ‘ဘုရားသခင်သည် သွေးဆောင်ခြင်းကို ကျွန်ုပ်တို့ခံနိုင်သည်ထက် ပို၍ခံစေတော်မူမည်မဟုတ်” ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သည်။—၁ ကောရိန္သု ၁၀:၁၃ ကိုဖတ်ပါ။

‘တောင်းမြဲတောင်း၊ ရှာမြဲရှာ၊ ခေါက်မြဲခေါက်ကြလော့’

၁၇၊ ၁၈။ ‘တောင်းမြဲတောင်း၊ ရှာမြဲရှာ၊ ခေါက်မြဲခေါက်’ ခြင်းသည် အဘယ်အရာကိုဆိုလိုသနည်း။

၁၇ တမန်တော်ပေါလုက ယုံကြည်သူချင်းများအား “ဆုတောင်းခြင်း၌ စွဲမြဲကြလော့” ဟုတိုက်တွန်းခဲ့သည်။ (ရော. ၁၂:၁၂) ယင်းနှင့်ဆင်တူသောမိန့်တော်မူချက်ကို ယေရှုဤသို့ဆိုခဲ့၏– “တောင်းမြဲတောင်းကြလော့။ တောင်းလျှင် ရလိမ့်မည်။ ရှာမြဲရှာကြလော့။ ရှာလျှင် တွေ့လိမ့်မည်။ ခေါက်မြဲခေါက်ကြလော့။ ခေါက်လျှင် တံခါးဖွင့်ပေးလိမ့်မည်။ တောင်းသောသူတိုင်း ရ၏။ ရှာသောသူတိုင်း တွေ့၏။ ခေါက်သောသူတိုင်းအားလည်း တံခါးကိုဖွင့်ပေးလိမ့်မည်။” (မ. ၇:၇၊ ၈) ဘုရားသခင့်အလိုတော်နှင့်ညီသည့် မည်သည့်အရာကိုမဆို “တောင်းမြဲတောင်းကြ” ရန်သင့်လျော်ပါသည်။ ယေရှု၏စကားကိုစိတ်ထဲထားကာ တမန်တော်ယောဟန် ဤသို့ရေးခဲ့၏– “အလိုတော်နှင့်အညီ ငါတို့တောင်းသမျှကို [ဘုရားသခင်] နားညောင်းတော်မူကြောင်း ငါတို့ယုံကြည်စိတ်ချကြ၏။”—၁ ယော. ၅:၁၄

၁၈ ‘တောင်းမြဲတောင်း၊ ရှာမြဲရှာ’ ရန်ယေရှုသွန်သင်ချက်က ကျွန်ုပ်တို့သည် ဇွဲကောင်းကောင်းဖြင့် လက်မလျှော့ဘဲဆုတောင်းသင့်သည်ကို ဆိုလိုသည်။ ဘုရားသခင့်နိုင်ငံတော်ထဲဝင်နိုင်ရန်နှင့် ယင်း၏ကောင်းချီးများ၊ အကျိုးကျေးဇူးများ၊ ဆုကျေးဇူးများကို မွေ့လျော်ခံစားရရန် “ခေါက်မြဲခေါက်” ကြဖို့လည်းလိုသည်။ သို့သော် ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ဘုရားသခင်နားညောင်းမည်ဟု ယုံကြည်စိတ်ချနိုင်သလော။ စိတ်ချနိုင်ပါသည်၊ ကျွန်ုပ်တို့သည် ယေဟောဝါအပေါ် တည်ကြည်ကြမည်ဆိုလျှင် ခရစ်တော်မိန့်တော်မူခဲ့သကဲ့သို့ “တောင်းသောသူတိုင်း ရ၏။ ရှာသောသူတိုင်း တွေ့၏။ ခေါက်သောသူတိုင်းအားလည်း တံခါးကိုဖွင့်ပေးလိမ့်မည်” ဖြစ်သည်။ ယေဟောဝါ၏ကျေးကျွန်များကြုံတွေ့ခဲ့ရသည့် တွေ့ကြုံမှုများစွာက ဘုရားသခင်သည် အမှန်ပင် ‘ဆုတောင်းချက်ကိုနားထောင်တော်မူသောဘုရားသခင်’ ဖြစ်ကြောင်း သက်သေထူသည်။—ဆာ. ၆၅:၂

၁၉၊ ၂၀။ မဿဲ ၇:၉-၁၁ တွင်မှတ်တမ်းတင်ထားသော ယေရှု၏စကားများကိုထောက်ရှုကာ ယေဟောဝါသည် မေတ္တာပြည့်ဝသောဖခင်တစ်ဦးနှင့် မည်သို့တူသနည်း။

၁၉ မိမိ၏သားသမီးအတွက် ကောင်းမွန်ရာကိုထောက်မပေးသော မေတ္တာပြည့်ဝသည့်ဖခင်တစ်ဦးနှင့် ဘုရားသခင်ကို ယေရှုခိုင်းနှိုင်းခဲ့သည်။ သင်သည် တောင်ပေါ်တရားတော်ဟောချိန်တွင် ရောက်ရှိနေပြီး ယေရှုဤသို့မိန့်တော်မူသည်ကို ကြားသည်ဟု မြင်ယောင်ကြည့်ပါ– “သားသည် မုန့်ကိုတောင်းလျှင် ကျောက်ခဲပေးမည့်သူ သင်တို့တွင်ရှိသလော။ ငါးကိုတောင်းလျှင် မြွေကိုပေးမည်လော။ ထို့ကြောင့် သင်တို့သည် လူဆိုးဖြစ်လျက်ပင် ကိုယ့်သားသမီးတို့အား ကောင်းသောဆုလက်ဆောင်များကိုပေးတတ်လျှင် ကောင်းကင်ဘုံရှိ သင်တို့၏အဖသည် တောင်းသောသူတို့အား ကောင်းသောအရာကို ထိုမျှမက သာ၍ပေးတော်မူမည်။”မ. ၇:၉-၁၁

၂၀ လူသားဖခင်တစ်ဦးသည် အပြစ်ကိုအမွေခံထားရသောကြောင့် အနည်းနှင့်အများ “လူဆိုး” ဖြစ်လျက်ပင် မိမိ၏သားသမီးကို သဘာဝအလျောက်ချစ်ခင်စုံမက်မှုရှိကြသည်။ သူသည် မိမိ၏ကလေးကို လှည့်စားမည်မဟုတ်ဘဲ “ကောင်းသောဆုလက်ဆောင်များ” ပေးရန် ကြိုးစားမည်ဖြစ်သည်။ မေတ္တာပြည့်ဝသော ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် ကျွန်ုပ်တို့အပေါ် ဖခင်တစ်ဦးကဲ့သို့ သန့်ရှင်းသောစွမ်းအားတော်ကဲ့သို့သော “ကောင်းသောဆုလက်ဆောင်များ” ပေးတော်မူသည်။ (လု. ၁၁:၁၃) ယင်းက “ကောင်းမြတ်သော ဆုကျေးဇူး၊ ပြည့်ဝစုံလင်သော လက်ဆောင်ရှိသမျှ” ကိုပေးတော်မူသောအရှင် ယေဟောဝါ၏အမှုတော်ကို လက်ခံနိုင်ဖွယ်ဖြစ်အောင် ထမ်းဆောင်ကြဖို့ ကျွန်ုပ်တို့အားခွန်အားပေးနိုင်သည်။—ယာ. ၁:၁၇

ယေရှု၏မိန့်တော်မူချက်များမှ ဆက်၍အကျိုးရယူပါ

၂၁၊ ၂၂။ တောင်ပေါ်တရားတော်နှင့်ပတ်သက်၍ အဘယ်အရာမှာ မှတ်သားဖွယ်ဖြစ်သနည်း၊ ယေရှု၏ယင်းမိန့်တော်မူချက်များနှင့်ပတ်သက်၍ သင်မည်သို့ခံစားရသနည်း။

၂၁ တောင်ပေါ်တရားတော်သည် ကမ္ဘာပေါ်ဟောခဲ့သောဟောပြောချက်ထဲတွင် အမှန်ပင်အကောင်းဆုံးဖြစ်သည်။ ဘုရားသခင်အကြောင်းသွန်သင်ပေးပြီး နားလည်ရန်လွယ်ကူမှုကြောင့် ထူးခြားသည့်တရားတော်ဖြစ်သည်။ ဤအခန်းဆက်ဆောင်းပါးတို့တွင် ယင်းထဲမှကောက်နုတ်ချက်များကို ဖော်ပြခဲ့ပြီးဖြစ်သည့်အတိုင်း ကျွန်ုပ်တို့သည် ယင်းတရားတော်တွင်ပါသော သွန်သင်ချက်များကို လက်တွေ့ကျင့်သုံးလျှင် အလွန်အကျိုးရှိနိုင်သည်။ ယေရှု၏အဆိုပါမိန့်တော်မူချက်များသည် ယခု ကျွန်ုပ်တို့၏အသက်တာကို တိုးတက်စေနိုင်ပြီး ပျော်ရွှင်ဖွယ်အနာဂတ်မျှော်လင့်ချက်ရှိစေသည်။

၂၂ ယေရှု၏တောင်ပေါ်တရားတော်တွင်ပါသော အဖိုးထိုက်ရတနာအနည်းငယ်ကိုသာ ဤဆောင်းပါးတို့တွင် ဆန်းစစ်ခဲ့ကြခြင်းဖြစ်သည်။ ကိုယ်တော်၏ဟောပြောချက်ကို ကြားသူတို့သည် “ကိုယ်တော်၏သွန်သင်ပုံကို အလွန်အံ့သြကြ” သည်မှာ အံ့အားသင့်စရာမဟုတ်ပါ။ (မ. ၇:၂၈) ကြီးမြတ်သောဆရာယေရှုခရစ်၏ ယင်းမိန့်တော်မူချက်များနှင့် အခြားအဖိုးထိုက်မိန့်တော်မူချက်များဖြင့် ကျွန်ုပ်တို့၏စိတ်နှလုံးကို ဖြည့်ထားသည့်အခါ ကျွန်ုပ်တို့လည်း အလားတူတုံ့ပြန်ကြမည်မှာ ယုံမှားဖွယ်မရှိပါ။

သင်၏အဖြေကား အဘယ်နည်း

• ဟန်ဆောင်ဆုတောင်းချက်များနှင့်ပတ်သက်၍ ယေရှုအဘယ်အရာ မိန့်တော်မူခဲ့သနည်း။

• ကျွန်ုပ်တို့ဆုတောင်းသည့်အခါ အထပ်ထပ်ရွတ်ဆိုခြင်းကို အဘယ်ကြောင့်ရှောင်သင့်သနည်း။

• ယေရှု၏စံပြဆုတောင်းချက်တွင် အဘယ်တောင်းဆိုချက်များ ပါရှိသနည်း။

• ကျွန်ုပ်တို့သည် မည်သို့ ‘တောင်းမြဲတောင်း၊ ရှာမြဲရှာ၊ ခေါက်မြဲခေါက်’ နိုင်ကြသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

လူမြင်စေ၊ ကြားစေရန်အတွက်သာ ဆုတောင်းခဲ့ကြသော ကြောင်သူတော်တို့ကို ယေရှုပြစ်တင်ရှုတ်ချခဲ့

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ယနေ့အတွက် အသက်မွေးလောက်သောအစာကိုတောင်းရန် အဘယ်ကြောင့် သင့်လျော်သည်ကို သင်သိပါသလော