မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှု၏ဟောပြောချက် ပျော်ရွှင်မှုမည်သို့တိုးပွားစေနိုင်

ယေရှု၏ဟောပြောချက် ပျော်ရွှင်မှုမည်သို့တိုးပွားစေနိုင်

ယေရှု၏ဟောပြောချက် ပျော်ရွှင်မှုမည်သို့တိုးပွားစေနိုင်

‘[ယေရှုသည်] တောင်ပေါ်သို့ တက်သွား . . . လျှင် တပည့်တို့သည် အထံတော်သို့ ရောက်လာကြ၏။ ထို့နောက် ကိုယ်တော် စတင်ဟောပြော သွန်သင်တော်မူ၏။’—မ. ၅:၁၊ ၂

၁၊ ၂။ (က) ယေရှုသည် အဘယ်အခြေအနေအောက်တွင် တောင်ပေါ်တရားတော်ကို ဟောကြားခဲ့သနည်း။ (ခ) ယေရှုသည် ဟောပြောချက်ကို မည်သို့စတင်ခဲ့သနည်း။

ခုနှစ်ကား စီအီး ၃၁ တွင်ဖြစ်သည်။ ယေရှုသည် ဂါလိလဲတွင်ဟောပြောနေမှုကို ခေတ္တရပ်ဆိုင်းပြီး ဂျေရုဆလင်မြို့တွင် ပသခါပွဲတက်ရောက်သည်။ (ယော. ၅:၁) ဂါလိလဲသို့ပြန်လာကာ တမန်တော် ၁၂ ပါးကိုရွေးချယ်ရာတွင် ဘုရားသခင်လမ်းညွှန်ရန် တစ်ညလုံးဆုတောင်းခဲ့သည်။ နောက်နေ့တွင် လူအုပ်စုရုံးလာ၍ ယေရှုသည် ဖျားနာသူတို့ကို ကုသပေးတော်မူ၏။ ကိုယ်တော့်တပည့်များနှင့် အခြားသူတို့ရောက်ရှိနေရာ ကိုယ်တော်သည် တောင်စောင်းတစ်နေရာတွင်ထိုင်ပြီး စတင်သွန်သင်ခဲ့သည်။—မ. ၄:၂၃–၅:၂; လု. ၆:၁၂-၁၉

ဘုရားသခင်နှင့် ကောင်းသောဆက်ဆံရေးရှိခြင်းမှရရှိသည့် ပျော်ရွှင်မှုကို ဖော်ပြခြင်းဖြင့် ယေရှုသည် ဟောပြောချက်—တောင်ပေါ်တရားတော်—ကို အစပြုခဲ့သည်။ (မဿဲ ၅:၁-၁၂ ကိုဖတ်ပါ။) ပျော်ရွှင်ခြင်းဟူသည် ‘အားရကျေနပ်ခြင်းမှ အူလှိုက်သည်းလှိုက် ဝမ်းမြောက်ဝမ်းသာဖြစ်သည့်အထိ ချမ်းမြေ့သာယာသောအခြေအနေတစ်ခုဖြစ်သည်။’ ယေရှုဆွေးနွေးခဲ့သည့် ပျော်ရွှင်မှုကိုးခုသည် ခရစ်ယာန်များပျော်ရွှင်ရသည့်အကြောင်းရင်းကို ပေါ်လွင်စေပြီး ယင်းဟောပြောချက်သည် လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ ခန့်ကကဲ့သို့ပင် ယနေ့အချိန်တွင် အကျိုးပြုဆဲဖြစ်သည်။ ယင်းမိန့်တော်မူချက်တစ်ခုစီကို ယခုသုံးသပ်ကြည့်ကြစို့။

“ဘုရားသခင်ကို မှီခိုရန်လိုကြောင်း သိမှတ်သူတို့”

၃။ ဘုရားသခင်ကို မှီခိုရန်လိုကြောင်းသိမှတ်ခြင်းသည် အဘယ်အရာကိုဆိုလိုသနည်း။

“ဘုရားသခင်ကို မှီခိုရန်လိုကြောင်း သိမှတ်သူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။” (မ. ၅:၃) “ဘုရားသခင်ကို မှီခိုရန်လိုကြောင်း သိမှတ်သူတို့” က မိမိတို့သည် ဘုရားသခင်၏လမ်းညွှန်မှုနှင့် သနားကြင်နာမှုလိုကြောင်း အသိအမှတ်ပြုကြသည်။

၄၊ ၅။ (က) ဘုရားသခင်ကို မှီခိုရန်လိုကြောင်းသိမှတ်သူတို့သည် အဘယ်ကြောင့် ပျော်ရွှင်ကြသနည်း။ (ခ) ဘုရားသခင်၏လမ်းညွှန်မှုလိုအပ်ချက်ကို ကျွန်ုပ်တို့မည်သို့ဖြည့်စွက်နိုင်သနည်း။

ဘုရားသခင်ကို မှီခိုရန်လိုကြောင်းသိမှတ်သူတို့သည် ပျော်ရွှင်ကြ၏၊ “အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။” ယေရှုကို မေရှိယအဖြစ်လက်ခံခြင်းက ကိုယ်တော်၏အစောပိုင်းတပည့်တို့အဖို့ ဘုရားသခင့်ကောင်းကင်နိုင်ငံတော်တွင် ကိုယ်တော်နှင့်အတူ အုပ်ချုပ်ခွင့်အလားအလာပွင့်ခဲ့သည်။ (လု. ၂၂:၂၈-၃၀) ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ ကောင်းကင်တွင်အမွေခံဖြစ်ခွင့် မျှော်လင့်ချက်ရှိသည်ဖြစ်စေ၊ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက် မြေကြီးပရဒိသုတွင် ထာဝရအသက်ရှင်ခွင့်ကို မျှော်လင့်သည်ဖြစ်စေ ဘုရားသခင်ကိုမှီခိုရန်လိုကြောင်း အမှန်သိမှတ်ကြမည်ဆိုပါက ကျွန်ုပ်တို့ပျော်ရွှင်နိုင်ကြသည်။

များစွာသောသူတို့သည် ယုံကြည်ခြင်းမရှိ၊ မြင့်မြတ်သောအရာများကို တန်ဖိုးထားခြင်းမရှိကြသောကြောင့် ဘုရားသခင်၏လမ်းညွှန်မှုနှင့် သနားကြင်နာမှုလိုအပ်သည်ကို လူအားလုံး အသိအမှတ်ပြုကြမည်တော့မဟုတ်ပါ။ (၂ သက်. ၃:၁၊ ၂; ဟေဗြဲ ၁၂:၁၆) ဘုရားသခင်၏လမ်းညွှန်မှုလိုအပ်ချက်ကို ဖြည့်စွက်သည့်နည်းများတွင် သမ္မာကျမ်းစာကို ဝီရိယရှိရှိလေ့လာခြင်း၊ တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ဇွဲထက်သန်စွာလုပ်ဆောင်ခြင်း၊ ခရစ်ယာန်အစည်းအဝေးများကို မှန်မှန်တက်ရောက်ခြင်းတို့ပါဝင်သည်။—မ. ၂၈:၁၉၊ ၂၀; ဟေဗြဲ ၁၀:၂၃-၂၅

“ပျော်ရွှင်” ကြသော ဝမ်းနည်းပူဆွေးသူများ

၆။ မည်သူတို့သည် “ဝမ်းနည်းပူဆွေးသူတို့” ဖြစ်ကြပြီး သူတို့ အဘယ်ကြောင့် “ပျော်ရွှင်” ကြသနည်း။

“ဝမ်းနည်းပူဆွေးသူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ထိုသူတို့သည် နှစ်သိမ့်မှုရကြလိမ့်မည်။” (မ. ၅:၄) “ဝမ်းနည်းပူဆွေးသူတို့” မှာ “ဘုရားသခင်ကို မှီခိုရန်လိုကြောင်း သိမှတ်” ကြသောလူများပင်ဖြစ်သည်။ မိမိတို့၏ဘဝအခြေအနေကို ညည်းညူသည့်သဘောဖြင့် ဝမ်းနည်းပူဆွေးကြသည်မဟုတ်ပါ။ သူတို့ဝမ်းနည်းပူဆွေးကြသည်မှာ မိမိတို့၏အပြစ်ရှိသောအခြေအနေ၊ လူ့မစုံလင်မှုကြောင့် တည်ရှိနေသည့်အခြေအနေများကြောင့် ဝမ်းနည်းခြင်းဖြစ်သည်။ ထိုသို့သောဝမ်းနည်းပူဆွေးသူတို့သည် အဘယ်ကြောင့် “ပျော်ရွှင်” ကြသနည်း။ အကြောင်းမှာ သူတို့သည် ဘုရားသခင်နှင့် ခရစ်တော်ကို ယုံကြည်ကြောင်းတင်ပြကြပြီး ယေဟောဝါနှင့် ရင်းနှီးသောဆက်ဆံရေးရှိခြင်းဖြင့် နှစ်သိမ့်မှုရရှိကြသောကြောင့်ဖြစ်သည်။—ယော. ၃:၃၆

၇။ စာတန့်လောကနှင့်ပတ်သက်၍ ကျွန်ုပ်တို့ မည်သို့ယူမှတ်သင့်သနည်း။

စာတန့်လောကတွင် မဖြောင့်မတ်မှုများ ပျံ့နှံ့နေမှုကြောင့် ကျွန်ုပ်တို့တစ်ဦးစီသည် ဝမ်းနည်းပူဆွေးကြပါသလော။ ဤလောကကမ်းလှမ်းရာများနှင့်ပတ်သက်၍ ကျွန်ုပ်တို့ မည်သို့အမှန်ယူမှတ်ကြသနည်း။ တမန်တော်ယောဟန် ဤသို့ရေးခဲ့၏– “သွေးသားတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကစည်းစိမ်၌ ဝါကြွားခြင်းတည်းဟူသော လောက၌ရှိသမျှသောအရာတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်။ လောကနှင့်သာ စပ်ဆိုင်၏။” (၁ ယော. ၂:၁၆) သို့သော် ယေဟောဝါအားကျွန်ုပ်တို့ဝတ်ပြုကိုးကွယ်မှုတွင် တဖြည်းဖြည်းနှင့် “လောကစိတ်ဓာတ်”—ဘုရားသခင်နှင့်ကင်းကွာနေသော လူ့အဖွဲ့အစည်းကိုလွှမ်းမိုးနေသည့် အဓိကလှုံ့ဆော်သောစွမ်းအား—၏လွှမ်းမိုးမှုခံနေရသည်ကို သတိထားမိပါက အဘယ်အရာပြုလုပ်သင့်သနည်း။ ထိုသို့ဖြစ်နေလျှင် စိတ်အားထက်သန်စွာ ဆုတောင်းကြစို့၊ ဘုရားသခင့်နှုတ်မြွက်တော်ကိုလေ့လာပြီး အကြီးအကဲများထံမှ အကူအညီယူကြစို့။ ကျွန်ုပ်တို့သည် ယေဟောဝါနှင့် ပို၍ရင်းနှီးလာသည့်အခါ ကျွန်ုပ်တို့အား ခက်ခဲဆင်းရဲစေသည့်အရာရှိသည့်ကြားမှ “နှစ်သိမ့်” မှုခံစားကြရမည်။—၁ ကော. ၂:၁၂; ဆာ. ၁၁၉:၅၂; ယာ. ၅:၁၄၊ ၁၅

“နူးညံ့သိမ်မွေ့သူတို့” ပျော်ရွှင်ကြ

၈၊ ၉။ စိတ်နူးညံ့သိမ်မွေ့ခြင်းသည် အဘယ်အရာကို ဆိုလိုသနည်း၊ စိတ်နူးညံ့သိမ်မွေ့သူတို့သည် အဘယ်ကြောင့် ပျော်ရွှင်ကြသနည်း။

“နူးညံ့သိမ်မွေ့သူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ထိုသူတို့သည် မြေကြီးကို အမွေရကြလိမ့်မည်။” (မ. ၅:၅) “နူးညံ့သိမ်မွေ့ခြင်း” သို့မဟုတ် စိတ်နူးညံ့ခြင်းသည် အားနည်းခြင်း သို့မဟုတ် ဟန်ဆောင်နူးညံ့သိမ်မွေ့ခြင်းကို ဆိုလိုသည်မဟုတ်ပါ။ (၁ တိ. ၆:၁၁) ကျွန်ုပ်တို့သည် စိတ်နူးညံ့သိမ်မွေ့ပါက ယေဟောဝါ၏အလိုတော်ကိုဆောင်ခြင်း၊ ကိုယ်တော်၏လမ်းညွှန်မှုကို လိုက်နာခြင်းအားဖြင့် ကျွန်ုပ်တို့၏စိတ်နူးညံ့မှုကို တင်ပြကြမည်ဖြစ်သည်။ ယုံကြည်သူချင်းများ၊ အခြားသူများနှင့် ကျွန်ုပ်တို့ဆက်ဆံပုံတွင်လည်း စိတ်နူးညံ့သိမ်မွေ့မှု ထင်ရှားမည်ဖြစ်သည်။ ထိုကဲ့သို့သောစိတ်နူးညံ့မှုသည် တမန်တော်ပေါလု၏ဆုံးမစကားနှင့် ကိုက်ညီသည်။—ရောမ ၁၂:၁၇-၁၉ ကိုဖတ်ပါ။

နူးညံ့သိမ်မွေ့သူတို့သည် အဘယ်ကြောင့် ပျော်ရွှင်ကြသနည်း။ အကြောင်းမှာ “ထိုသူတို့သည် မြေကြီးကို အမွေရကြလိမ့်မည်” ဟုနူးညံ့သိမ်မွေ့သူယေရှု မိန့်တော်မူခဲ့၏။ ကိုယ်တော်သည် မြေကြီးကို အဓိကအမွေခံထိုက်သူဖြစ်သည်။ (ဆာ. ၂:၈; မ. ၁၁:၂၉; ဟေဗြဲ ၂:၈၊ ၉) သို့သော် စိတ်နူးညံ့သိမ်မွေ့ကြသော “ခရစ်တော်၏အမွေခံဖက်” တို့သည်လည်း ကိုယ်တော်နှင့်အတူ မြေကြီးကိုအမွေခံကြသည်။ (ရော. ၈:၁၆၊ ၁၇) ယေရှုနိုင်ငံတော်၏ မြေကြီးဆိုင်ရာနယ်ပယ်တွင် အခြားနူးညံ့သိမ်မွေ့သူများစွာတို့သည် ထာဝရအသက်ကို မွေ့လျော်ခံစားကြရမည်။—ဆာ. ၃၇:၁၀၊ ၁၁

၁၀။ နူးညံ့သိမ်မွေ့မှုမရှိပါက ကျွန်ုပ်တို့၏လုပ်ငန်းတော်အခွင့်ထူးများ၊ အခြားသူတို့နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို မည်သို့ထိခိုက်နိုင်သနည်း။

၁၀ ယေရှုကဲ့သို့ပင် ကျွန်ုပ်တို့သည် စိတ်နူးညံ့သိမ်မွေ့သင့်သည်။ သို့သော် ကျွန်ုပ်တို့ကို ရန်လိုတတ်သူတစ်ဦးအဖြစ် သိထားကြပါက အသို့နည်း။ ရန်ထောင်၊ ရန်မူတတ်သည့်သဘောထားကြောင့် လူတို့သည် ကျွန်ုပ်တို့ကို ရှောင်ကြပေမည်။ ကျွန်ုပ်တို့သည် အသင်းတော်တွင် တာဝန်များရလိုသော ညီအစ်ကိုများဖြစ်မည်ဆိုပါက ရန်လိုတတ်သည့်သဘောထားက ကျွန်ုပ်တို့ကို အရည်အချင်းမပြည့်မီစေပါ။ (၁ တိ. ၃:၁၊) ပေါလုက တိတုအား ခရိကျွန်းရှိခရစ်ယာန်များသည် “ရန်လိုခြင်းမပြုဘဲ လူအပေါင်းတို့အား အကျိုးသင့်အကြောင်းသင့်သဘောနှင့် နူးညံ့သိမ်မွေ့ခြင်းကို အတတ်နိုင်ဆုံး တင်ပြရန်” သတိပေးဖို့ပြောခဲ့သည်။ (တိ. ၃:၁၊ ၂) ထိုကဲ့သို့သောနူးညံ့သိမ်မွေ့မှုသည် အခြားသူများအဖို့ ကောင်းချီးတစ်ခုဖြစ်သည်။

“ဖြောင့်မတ်ခြင်းတရား” ကိုသူတို့ဆာငတ်ကြ

၁၁-၁၃။ (ခ) ဖြောင့်မတ်ခြင်းတရားကိုငတ်မွတ်ခြင်းသည် အဘယ်အရာကိုဆိုလိုသနည်း။ (ခ) ဖြောင့်မတ်ခြင်းတရားကို ငတ်မွတ်သူတို့သည် မည်သို့ “ဝပြော” ကြသနည်း။

၁၁ “ဖြောင့်မတ်ခြင်းတရားကို ဆာငတ်သူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဝပြောကြလိမ့်မည်။” (မ. ၅:၆) ယေရှု၏စိတ်တွင်ရှိခဲ့သော “ဖြောင့်မတ်ခြင်းတရား” မှာ ဘုရားသခင့်အလိုတော်ဆောင်ကာ ပညတ်တော်များကို လိုက်နာခြင်းဖြင့် မှန်ကန်ရာကိုလုပ်ဆောင်သည့် အရည်အချင်းဖြစ်သည်။ ဆာလံဆရာက ဘုရားသခင်၏ ဖြောင့်မတ်သောစီရင်တော်မူချက်များကို “တောင့်တသောအားဖြင့် . . . စိတ်နှလုံးကြေကွဲလျက်ရှိပါ၏” ဟုဆိုခဲ့သည်။ (ဆာ. ၁၁၉:၂၀) ကျွန်ုပ်တို့သည် ဖြောင့်မတ်ခြင်းတရားကို ဆာငတ်သည်အထိ ယင်းကိုအလွန်တန်ဖိုးထားပါသလော။

၁၂ ဖြောင့်မတ်ခြင်းတရားကို ဆာငတ်သူတို့သည် ပျော်ရွှင်ကြမည်ဟု ယေရှုမိန့်တော်မူခဲ့၏၊ အကြောင်းမှာ ထိုသူတို့သည် “ဝပြော” သို့မဟုတ် အပြည့်အဝစိတ်ကျေနပ်ကြမည်ဖြစ်သည်။ စီအီး ၃၃ ပင်တေကုတ္တေပွဲနေ့ပြီးနောက် ယင်းသို့ဖြစ်လာနိုင်ခဲ့သည်၊ ထိုအချိန်တွင် ယေဟောဝါ၏သန့်ရှင်းသောစွမ်းအားတော်က ‘ဖြောင့်မတ်ခြင်းအကြောင်းကို လောကအား ထင်ရှားစွာဖော်ပြ’ ခဲ့၍ဖြစ်သည်။ (ယော. ၁၆:၈) သန့်ရှင်းသောစွမ်းအားတော်အားဖြင့် ခရစ်ယာန်ဂရိကျမ်းစာစောင်များကို လူတို့ရေးသားစုဆောင်းရန် ဘုရားသခင်မှုတ်သွင်းတော်မူခဲ့ပြီး ယင်းကျမ်းစောင်တို့သည် “ဖြောင့်မတ်စေရန်ဆုံးမခြင်း” တွင်အလွန်အကျိုးရှိသည်။ (၂ တိ. ၃:၁၆) ဘုရားသခင့်စွမ်းအားတော်သည် ကျွန်ုပ်တို့အား “စစ်မှန်သောဖြောင့်မတ်ခြင်း . . . နှင့်အညီ ဘုရားသခင်၏ အလိုတော်အတိုင်း ဖန်ဆင်းခံရသောစရိုက်သစ်ကိုဝတ်ဆင်” ရန်လည်း တတ်စွမ်းနိုင်သည်။ (ဧ. ၄:၂၄) ယေရှု၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကိုအခြေခံကာ မိမိတို့၏အပြစ်များခွင့်လွှတ်ခံရဖို့ နောင်တစိတ်နှင့်ရှာဖွေသူတို့သည် ဘုရားသခင်ရှေ့ ဖြောင့်မတ်သောအနေအထားရနိုင်ကြောင်းသိရခြင်းသည် နှစ်သိမ့်မှုဖြစ်စေသည်မဟုတ်လော။—ရောမ ၃:၂၃၊ ၂၄ ကိုဖတ်ပါ။

၁၃ ကျွန်ုပ်တို့သည် မြေကြီးမျှော်လင့်ချက်ရှိပါက ဖြောင့်မတ်ခြင်းတရားကိုဆာငတ်မှုသည် ဖြောင့်မတ်သောအခြေအနေအောက် ကမ္ဘာပေါ်ထာဝရအသက်ခံစားရချိန်တွင် အပြည့်အဝစိတ်ကျေနပ်ကြမည်ဖြစ်သည်။ ဤအတောအတွင်း ကျွန်ုပ်တို့သည် ယေဟောဝါ၏စံနှုန်းများနှင့်အညီနေထိုင်ရန် စိတ်ဆုံးဖြတ်ထားကြစို့။ “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ဦးစွာရှာလျက်နေကြလော့” ဟုယေရှုမိန့်တော်မူခဲ့၏။ (မ. ၆:၃၃) ထိုသို့ပြုလုပ်ခြင်းက ကျွန်ုပ်တို့သည် ဘုရားသခင်၏ဝတ်ပြုရေးနှင့် ဆက်နွှယ်သောလုပ်ဆောင်မှုများစွာကို လုပ်ဆောင်စေပြီး ပျော်ရွှင်မှုဖြစ်စေမည်။—၁ ကော. ၁၅:၅၈

“သနားကြင်နာတတ်သူတို့” ပျော်ရွှင်ကြရသည့်အကြောင်းရင်း

၁၄၊ ၁၅။ သနားကြင်နာမှုကို ကျွန်ုပ်တို့ မည်သို့တင်ပြနိုင်သနည်း၊ “သနားကြင်နာတတ်သူတို့” သည် အဘယ်ကြောင့် ပျော်ရွှင်ကြသနည်း။

၁၄ “သနားကြင်နာတတ်သူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ထိုသူတို့သည် သနားကြင်နာခြင်း ခံရကြလိမ့်မည်။” (မ. ၅:၇) “သနားကြင်နာတတ်သူတို့” သည် ထောက်ထားစာနာမှု၏လှုံ့ဆော်မှုကြောင့် အခြားသူတို့ကို သနားကြင်နာသည်။ ယေရှုသည် လူများကိုသနားသောကြောင့် သူတို့၏ဆင်းရဲဝေဒနာများကို အံ့ဖွယ်နည်းဖြင့် သက်သာစေခဲ့သည်။ (မ. ၁၄:၁၄) ယေဟောဝါသည် နောင်တရသူတို့ကို သနားကြင်နာစွာခွင့်လွှတ်သကဲ့သို့ လူတို့သည် မိမိတို့အားပြစ်မှားသူတို့ကို ခွင့်လွှတ်သည့်အခါ တရားရေးသဘောအရ သနားကြင်နာမှုကို ထင်ရှားပြကြသည်။ (ထွ. ၃၄:၆၊ ၇; ဆာ. ၁၀၃:၁၀) ထိုကဲ့သို့သောနည်းဖြင့်ရော အခွင့်မသာသူတို့ကို သက်သာရာရစေသည့် ကြင်နာသောအပြောအဆို၊ အပြုအမူတို့အားဖြင့်ပါ သနားကြင်နာမှုကို ကျွန်ုပ်တို့တင်ပြနိုင်ကြသည်။ သနားကြင်နာမှုတင်ပြသည့် နည်းလမ်းကောင်းတစ်ခုမှာ အခြားသူတို့အား သမ္မာကျမ်းစာအမှန်တရား ဝေမျှခြင်းဖြစ်သည်။ ယေရှုသည် လူအုပ်ကိုသနားသောကြောင့် “များစွာသွန်သင်တော်မူ” ခဲ့သည်။—မာ. ၆:၃၄

၁၅ “သနားကြင်နာတတ်သူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ထိုသူတို့သည် သနားကြင်နာခြင်း ခံရကြလိမ့်မည်” ဟုဆိုခဲ့သော ယေရှု၏မိန့်တော်မူချက်ကို သဘောတူရန် ကျွန်ုပ်တို့တွင် အကြောင်းရင်းရှိ၏။ ကျွန်ုပ်တို့သည် အခြားသူတို့ကို သနားကြင်နာစွာဆက်ဆံပါက သူတို့လည်း ကြင်နာစွာတုံ့ပြန်လာနိုင်ဖွယ်ရှိသည်။ ကျွန်ုပ်တို့သည် အခြားသူတို့ကို သနားကြင်နာမှုတင်ပြပါက ကျွန်ုပ်တို့အား ဘုရားသခင်တရားစီရင်ချိန်တွင် ကိုယ်တော်သည် ကျွန်ုပ်တို့ကို ပြင်းထန်စွာစီရင်ရန် ရွေးချယ်မည်မဟုတ်ပါ။ (ယာ. ၂:၁၃) အပြစ်များမှခွင့်လွှတ်ခံရမှုနှင့် ထာဝရအသက်သည် သနားကြင်နာတတ်သူတို့အတွက်သာဖြစ်သည်။—မ. ၆:၁၅

“စိတ်နှလုံးဖြူစင်သူတို့” ပျော်ရွှင်ရသည့်အကြောင်းရင်း

၁၆။ “စိတ်နှလုံးဖြူစင်” ခြင်းဟူသည် အဘယ်အရာကိုဆိုလိုသနည်း၊ ယင်းအရည်အသွေးပိုင်ဆိုင်သူတို့သည် မည်သို့အားဖြင့် “ဘုရားသခင်ကိုမြင်ရ” ကြသနည်း။

၁၆ “စိတ်နှလုံးဖြူစင်သူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလိမ့်မည်။” (မ. ၅:၈) ကျွန်ုပ်တို့သည် “စိတ်နှလုံးဖြူစင်သူတို့” ဖြစ်မည်ဆိုလျှင် ကျွန်ုပ်တို့နှစ်သက်မြတ်နိုးရာများ၊ လိုအင်ဆန္ဒများ၊ သဘောထားများတွင် သန့်ရှင်းစင်ကြယ်မှု ထင်ရှားနေမည်။ “စင်ကြယ်သောနှလုံးမှ . . . ထွက်ပေါ်လာသော ချစ်ခြင်းမေတ္တာ” ကိုကျွန်ုပ်တို့တင်ပြကြမည်။ (၁ တိ. ၁:၅) အတွင်းစိတ်သန့်ရှင်းသောကြောင့် ကျွန်ုပ်တို့သည် “ဘုရားသခင်ကို မြင်ရကြလိမ့်မည်။” “[ဘုရားသခင်] ကိုမြင်လျှင် အသက်ရှင်ရသောလူ တစ်စုံတစ်ယောက်မျှမရှိ” သောကြောင့် ယေဟောဝါအား ပကတိမြင်ရခြင်းကို မဆိုလိုပါ။ (ထွ. ၃၃:၂၀) သို့သော် ယေရှုသည် ဘုရားသခင်၏အရည်အသွေးများကို စုံလင်စွာတင်ပြခဲ့သောကြောင့် “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏” ဟုကိုယ်တော်ပြောနိုင်ခဲ့သည်။ (ယော. ၁၄:၇-၉) ယေဟောဝါကိုဝတ်ပြုကိုးကွယ်ကြသော မြေကြီးပေါ်ရှိသူတို့အနေနှင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အကျိုးအတွက် ကိုယ်တော်၏လုပ်ဆောင်မှုကို ဂရုပြုမိခြင်းအားဖြင့် “ဘုရားသခင်ကိုမြင်” နိုင်ကြသည်။ (ယောဘ ၄၂:၅) ဘိသိက်ပေးခံရသောခရစ်ယာန်များအဖို့ ဘုရားသခင်ကိုမြင်ရခြင်းသည် ဝိညာဉ်အသက်တာသို့ရှင်ပြန်ထမြောက်ပြီး ကောင်းကင်ခမည်းတော်ကို ပကတိတွေ့မြင်ရချိန်တွင် အထွတ်အထိပ်သို့ရောက်သည်။—၁ ယော. ၃:၂

၁၇။ စိတ်နှလုံးဖြူစင်သူဖြစ်ခြင်းက ကျွန်ုပ်တို့အပေါ် အဘယ်အကျိုးသက်ရောက်မှုရှိမည်နည်း။

၁၇ စိတ်နှလုံးဖြူစင်သူသည် ကိုယ်ကျင့်တရားစင်ကြယ်ပြီး ယေဟောဝါရှေ့ စင်ကြယ်သည့်အနေအထားတွင်ရှိသောကြောင့် ယေဟောဝါအမြင်တွင် မသန့်ရှင်းသည့်အရာများ ထိုသူ၌မရှိပါ။ (၅ ရာ. ၂၈:၉; ဟေရှာ. ၅၂:၁၁) ကျွန်ုပ်တို့သည် စိတ်နှလုံးဖြူစင်သူဖြစ်ပါက ကျွန်ုပ်တို့ပြောဆိုရာ၊ လုပ်ဆောင်ရာတို့သည် သန့်ရှင်းမည်ဖြစ်ပြီး ယေဟောဝါအဖို့ကျွန်ုပ်တို့၏အမှုဆောင်ခြင်းသည် အရေခြုံဟန်ဆောင်မှုဖြစ်မည်မဟုတ်ပါ။

“ငြိမ်သက်စေသူတို့” သည် ဘုရားသခင်၏သားများဖြစ်လာကြ

၁၈၊ ၁၉။ “ငြိမ်သက်စေသူတို့” သည် မိမိတို့ကိုယ်တိုင် မည်သို့ကျင့်ကြံပြုမူကြသနည်း။

၁၈ “ငြိမ်သက်စေသူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ထိုသူတို့သည် ‘ဘုရားသခင်၏သားများ’ ဟုအခေါ်ခံရကြလိမ့်မည်။” (မ. ၅:၉) “ငြိမ်သက်စေသူတို့” ကို သူတို့လုပ်ဆောင်မည့်အရာ၊ သူတို့မလုပ်ဆောင်မည့်အရာတို့ဖြင့် ခွဲခြားသတ်မှတ်ကြသည်။ ကျွန်ုပ်တို့သည် ယေရှုစိတ်ထဲတွင်ရှိသော လူစားမျိုးဖြစ်မည်ဆိုလျှင် အသင့်အတင့်နေပြီး ‘အဆိုးကို အဆိုးနှင့်တုံ့ပြန်ကြမည်မဟုတ်ပါ။’ ကျွန်ုပ်တို့သည် အခြားသူတို့ကို “ကောင်းမှုပြုရန် အစဉ်ကြိုးစားအားထုတ်ကြ” သည်။—၁ သက်. ၅:၁၅

၁၉ မဿဲ ၅:၉ တွင် “ငြိမ်သက်စေသူတို့” ဟုပြန်ဆိုထားသော ဂရိအသုံးအနှုန်းမှာ စာသားအရ “ရန်ငြိမ်းစေသူများ” ဟုအဓိပ္ပာယ်ရှိသည်။ ငြိမ်သက်စေသူတို့တွင်ပါဝင်ရန် ကျွန်ုပ်တို့သည် ငြိမ်သက်မှုကို စိတ်အားထက်သန်စွာ တိုးပွားစေရမည်။ ရန်ငြိမ်းစေသူများသည် “မိတ်ဆွေတို့ကိုကွဲပြားစေ” သည့်အရာတစ်စုံတစ်ခုကိုမျှ မလုပ်ဆောင်ကြပါ။ (သု. ၁၆:၂၈) ငြိမ်သက်စေသူတို့အနေနှင့် ကျွန်ုပ်တို့သည် “လူအပေါင်းနှင့် သင့်မြတ်စွာနေရန် . . . အစဉ်ကြိုးစားအားထုတ်ကြ” ရာတွင် အပြုသဘောဆောင်သောအရာများကို လုပ်ဆောင်ကြသည်။—ဟေဗြဲ ၁၂:၁၄

၂၀။ ယခုအချိန်တွင် မည်သူတို့သည် “ဘုရားသခင်၏သားများ” ဖြစ်ကြပြီး အခြားမည်သူတို့သည်လည်း နောက်ဆုံးတွင် ဘုရားသခင်၏သားသမီးများ ဖြစ်လာကြမည်နည်း။

၂၀ ငြိမ်သက်စေသူတို့သည် ပျော်ရွှင်ကြ၏၊ အကြောင်းမူကား “ထိုသူတို့သည် ‘ဘုရားသခင်၏သားများ’ ဟုအခေါ်ခံရကြလိမ့်မည်။” ဘိသိက်ပေးခံရသည့် တည်ကြည်သောခရစ်ယာန်များကို ယေဟောဝါမွေးစားခဲ့ပြီး သူတို့သည် “ဘုရားသခင်၏သားများ” ဖြစ်ကြသည်။ သူတို့သည် ခရစ်တော်ကိုယုံကြည်ကြောင်း တင်ပြကြပြီး “ချစ်ခြင်းမေတ္တာနှင့် ငြိမ်သက်ခြင်း၏ ဘုရားသခင်” အား နှလုံးအကြွင်းမဲ့ဝတ်ပြုကိုးကွယ်ကြသောကြောင့် ယေဟောဝါ၏သားသမီးများအဖြစ် ကိုယ်တော်နှင့် ရင်းနှီးသောဆက်ဆံရေး ရှိပြီးသူများဖြစ်ကြသည်။ (၂ ကော. ၁၃:၁၁; ယော. ၁:၁၂) ငြိမ်သက်စေသူတို့ဖြစ်ကြသည့် ယေရှု၏ “အခြားသိုး” တို့ကောအသို့နည်း။ ယေရှု၏အနှစ်တစ်ထောင်အုပ်ချုပ်ချိန်အတွင်း ယေရှုသည် သူတို့၏ “ထာဝရအဘ” ဖြစ်မည်၊ သို့သော် ယင်းအုပ်ချုပ်ချိန်ပြီးနောက် ယေရှုကိုယ်တော်တိုင်သည် ယေဟောဝါအားလက်အောက်ခံမည်ဖြစ်၍ ထိုသူတို့သည် အပြည့်ဝဆုံးသဘောဖြင့် ဘုရားသခင်၏သားသမီးများ ဖြစ်လာကြမည်။—ယော. ၁၀:၁၆; ဟေရှာ. ၉:၆; ရော. ၈:၂၁; ၁ ကော. ၁၅:၂၇၊ ၂၈

၂၁။ ကျွန်ုပ်တို့သည် ‘စွမ်းအားတော်အားဖြင့် အသက်ရှင်နေ’ ကြသည်ဆိုလျှင် မည်သို့ပြုမူကြမည်နည်း။

၂၁ ကျွန်ုပ်တို့သည် ‘စွမ်းအားတော်အားဖြင့် အသက်ရှင်နေ’ ကြသည်ဆိုလျှင် အသင့်အတင့်နေတတ်ခြင်းသည် ကျွန်ုပ်တို့၏အရည်အသွေးများထဲတွင်တစ်ခုဖြစ်ပြီး ယင်းကို အခြားသူတို့ အလွယ်တကူမြင်တွေ့နိုင်မည်။ ကျွန်ုပ်တို့သည် “အချင်းချင်းပြိုင်ဆိုင်” သို့မဟုတ် “အမျက်ထွက်အောင် . . . ဆွ” သောသူများ ဖြစ်ကြမည်မဟုတ်ပါ။ (ဂလ. ၅:၂၂-၂၆ခမ) ယင်းအစား ကျွန်ုပ်တို့သည် “လူအားလုံးနှင့်သင့်မြတ်” ရန်ကြိုးစားကြသည်။—ရော. ၁၂:၁၈

နှိပ်စက်ညှဉ်းပန်းခံရသော်လည်း ပျော်ရွှင်

၂၂-၂၄။ (က) ဖြောင့်မတ်ခြင်းတရားကြောင့် နှိပ်စက်ခံရသူတို့ ပျော်ရွှင်ရသည့် အကြောင်းရင်းများမှာ အဘယ်နည်း။ (ခ) နောက်လေ့လာရန်ဆောင်းပါးနှစ်ခုတွင် အဘယ်အကြောင်းကို သုံးသပ်ကြမည်နည်း။

၂၂ “ဖြောင့်မတ်ခြင်းတရားကြောင့် နှိပ်စက်ညှဉ်းပန်းခံရသူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။” (မ. ၅:၁၀) ယင်းကို အကျယ်ချဲ့ကာ ယေရှုဤသို့ထပ်၍မိန့်တော်မူ၏– “ငါ့ကြောင့် လူတို့၏ရှုတ်ချခြင်း၊ ညှဉ်းဆဲခြင်း၊ မဟုတ်မမှန်ပြစ်တင်ပြောဆိုခြင်း ခံရသည့်အခါ သင်တို့သည် ပျော်ရွှင်ကြ၏။ ကောင်းကင်ဘုံ၌ သင်တို့၏ဆုလာဘ်သည် ကြီးမြတ်သောကြောင့် ပျော်ရွှင်မြူးထူးကြလော့။ သင်တို့ရှေ့က ပရောဖက်များကိုလည်း ထိုနည်းအတိုင်း ညှဉ်းဆဲခဲ့ကြပြီ။”မ. ၅:၁၁၊ ၁၂

၂၃ ခရစ်ယာန်များသည် ဘုရားသခင်၏ရှေးပရောဖက်များကဲ့သို့ “ဖြောင့်မတ်ခြင်းတရားကြောင့်” ရှုတ်ချပြောဆို၊ နှိပ်စက်ညှဉ်းပန်း၊ မဟုတ်မမှန်ပြစ်တင်ပြောဆိုခံရမည်ကို မျှော်လင့်ကြသည်။ သို့သော် ကျွန်ုပ်တို့သည် ထိုကဲ့သို့သောစမ်းသပ်မှုများကို တည်ကြည်စွာခံရပ်ခြင်းဖြင့် ယေဟောဝါ၏နှစ်သက်လက်ခံမှု၊ ကိုယ်တော့်ကိုဂုဏ်တင်မှုဖြစ်စေသည်ဟူသည့် စိတ်ကျေနပ်မှုကို ခံစားကြရသည်။ (၁ ပေ. ၂:၁၉-၂၁) ဆင်းရဲခက်ခဲမှုခံရခြင်းက ယခု သို့မဟုတ် အနာဂတ်တွင် ယေဟောဝါအမှုတော်ဆောင်ခြင်းမှရသည့် ကျွန်ုပ်တို့၏ရွှင်လန်းမှုကို မလျှော့ပါးသွားစေနိုင်ပါ။ ကောင်းကင်နိုင်ငံတော်တွင် ခရစ်တော်နှင့်အတူအုပ်ချုပ်ခွင့်ရသည့် ပျော်ရွှင်မှုကိုဖြစ်စေ၊ ယင်းအစိုးရ၏ မြေကြီးပေါ်ရှိလက်အောက်ခံတစ်ဦးအနေနှင့် ထာဝရအသက်ခံစားရသည့် ရွှင်လန်းမှုကိုဖြစ်စေ မလျော့နည်းသွားစေနိုင်ပါ။ ထိုကဲ့သို့သောကောင်းချီးများသည် ဘုရားသခင့်မျက်နှာသာ၊ စေတနာ၊ ရက်ရောမှုတို့၏အထောက်အထားဖြစ်သည်။

၂၄ တောင်ပေါ်တရားတော်မှ သင်ယူစရာ များစွာရှိသေးသည်။ သင်ခန်းစာအမျိုးမျိုးကို နောက်လေ့လာရန်ဆောင်းပါးနှစ်ခုတွင် သုံးသပ်ထားပါသည်။ ယေရှုခရစ်၏ ထိုမိန့်တော်မူချက်များကို ကျွန်ုပ်တို့ မည်သို့ကျင့်သုံးနိုင်ပုံကို ကြည့်ကြစို့။

သင်မည်သို့ဖြေဆိုမည်နည်း

• “ဘုရားသခင်ကို မှီခိုရန်လိုကြောင်း သိမှတ်သူတို့သည်” အဘယ်ကြောင့် ပျော်ရွှင်ကြသနည်း။

• “နူးညံ့သိမ်မွေ့သူတို့” ပျော်ရွှင်ရသည့် အကြောင်းရင်းများမှာ အဘယ်နည်း။

• ခရစ်ယာန်များသည် နှိပ်စက်ညှဉ်းပန်းခံရသော်လည်း အဘယ်ကြောင့် ပျော်ရွှင်ကြသနည်း။

• ယေရှုကြေညာခဲ့သော အဘယ်ပျော်ရွှင်မှုက သင့်ကို အထူးစွဲမှတ်စေသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ယေရှုပေါ်လွင်အောင်ဖော်ပြခဲ့သော ပျော်ရွှင်မှုကိုးခုသည် ထိုအချိန်ကကဲ့သို့ ယနေ့အချိန်တွင်လည်း အကျိုးပြု

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

သနားကြင်နာမှုတင်ပြရန် နည်းလမ်းကောင်းတစ်ခုမှာ အခြားသူတို့အား သမ္မာကျမ်းစာအမှန်တရားဝေမျှခြင်းဖြစ်