မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဓမ္မအမှုတွင် ခံနိုင်ရည် မည်သို့ရှိနိုင်သနည်း

ဓမ္မအမှုတွင် ခံနိုင်ရည် မည်သို့ရှိနိုင်သနည်း

ဓမ္မအမှုတွင် ခံနိုင်ရည် မည်သို့ရှိနိုင်သနည်း

ဟောပြောခြင်းလုပ်ငန်းတွင် မပါဝင်လိုတော့သည်အထိ မောပန်းနွမ်းနယ်ပြီး စိတ်ပျက်အားလျော့ဖူးပါသလော။ ပြင်းထန်သောဆန့်ကျင်မှု၊ စိုးရိမ်ပူပန်မှု၊ ကျန်းမာရေးချို့တဲ့မှု၊ ရွယ်တူချင်းဖိအား သို့မဟုတ် ကျွန်ုပ်တို့ဟောပြောသူတို့ထံမှ တုံ့ပြန်မှုမရှိခြင်းတို့သည် ကျွန်ုပ်တို့၏ခံနိုင်ရည်ကို စမ်းသပ်နိုင်၏။ သို့သော် ယေရှု၏ပုံသက်သေကို စဉ်းစားပါ။ ကိုယ်တော်သည် “မိမိရှေ့၌ရှိသော ဝမ်းမြောက်စရာအကြောင်းကြောင့်” အပြင်းထန်ဆုံးသောစမ်းသပ်မှုများကို ခံရပ်နိုင်ခဲ့သည်။ (ဟေဗြဲ ၁၂:၂) ဘုရားသခင်အား မဟုတ်မမှန်စွပ်စွဲချက်များသည် လုံးဝအခြေအမြစ်မရှိကြောင်း သက်သေပြခြင်းဖြင့် ယေရှုသည် ယေဟောဝါ၏နှလုံးကို ရွှင်လန်းစေကြောင်း သိတော်မူခဲ့သည်။—သု. ၂၇:၁၁

သင်လည်း ဓမ္မအမှုတွင် ခံနိုင်ရည်ရှိခြင်းဖြင့် ယေဟောဝါ၏နှလုံးကို ရွှင်လန်းစေနိုင်သည်။ သို့သော် အချို့သောအတားအဆီးများက ဟောပြောရန်သင့်ခွန်အားကုန်ခန်းစေပုံရပါက အသို့နည်း။ အသက်အရွယ်ကြီးရင့်ပြီး ကျန်းမာရေးချို့တဲ့နေသူ ခရစ္စတီးနားက ဤသို့ဝန်ခံသည်– “မောပန်းပြီး စိတ်ပျက်အားလျော့တာဟာ ကျွန်မအတွက် မဆန်းပါဘူး။ ကျန်းမာရေးချို့တဲ့တာ၊ နေ့စဉ်အသက်တာအတွက် စိုးရိမ်ပူပန်တာစတဲ့ အိုမင်းခြင်းနဲ့နွယ်နေတဲ့ကျွန်မရဲ့ပြဿနာတွေက ကျွန်မရဲ့စိတ်ထက်သန်မှုကို ခဏတစ်ဖြုတ်လျော့နည်းသွားစေနိုင်တယ်။” ထိုသို့သောအတားအဆီးများရှိသော်လည်း ဓမ္မအမှုတွင် ဇွဲမလျှော့ဘဲ မည်သို့ပါဝင်နိုင်သနည်း။

ပရောဖက်များကို တုပပါ

ဟောပြောခြင်းလုပ်ငန်းတွင် ဇွဲမလျှော့ဘဲဆက်ပါဝင်ရန် တည်ကြည်သောဘုရားသခင့်နိုင်ငံတော်ကြေညာသူများသည် ရှေးပရောဖက်များ၏စိတ်သဘောထားမျိုး မိမိတို့တွင်ရှိအောင် ကြိုးစားနိုင်သည်။ ဥပမာ၊ ယေရမိကို သုံးသပ်ကြည့်ပါ။ ပရောဖက်အဖြစ် အမှုထမ်းရန် ဖိတ်ခေါ်ခံခဲ့သောအခါ အစပိုင်းတွင် သူလက်မခံလိုခဲ့ချေ။ သို့တိုင် ယေရမိသည် ဘုရားသခင်အား အကြွင်းမဲ့ယုံကြည်ကိုးစားရန် သင်ယူခဲ့သောကြောင့် မိမိ၏ခက်ခဲသောတာဝန်ကို နှစ်ပေါင်း ၄၀ ကျော်ခံနိုင်ရည်ရှိရှိထမ်းဆောင်နိုင်ခဲ့သည်။—ယေ. ၁:၆; ၂၀:၇-၁၁

ဟန်ရစ်ခ်သည် ယေရမိ၏ပုံသက်သေမှ ခွန်အားယူခဲ့သည်။ သူဤသို့ပြော၏– “ဓမ္မအမှုမှာပါဝင်လာခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်အတွင်း လူတွေရဲ့တုံ့ပြန်မှု၊ သူတို့ရဲ့ရန်လိုမှု ဒါမှမဟုတ် လျစ်လျူရှုမှုတွေကြောင့် တစ်ခါတလေ စိတ်ဓာတ်ကျခဲ့တယ်။ အဲဒီအချိန်တွေမှာ ကိုယ့်ကိုယ်ကို ယေရမိရဲ့ပုံသက်သေကို ပြန်သတိရစေတယ်။ ယေဟောဝါအပေါ်ထားတဲ့ သူ့ရဲ့မေတ္တာ၊ ယေဟောဝါနဲ့ သူ့ရဲ့ခိုင်မြဲတဲ့ဆက်ဆံရေးက သူ့ကို ဆက်ပြီးပရောဖက်ပြုဖို့ ခွန်အားရှိစေခဲ့တယ်။” (ယေ. ၁:၁၇) ရာဖာသည်လည်း ယေရမိ၏ပုံသက်သေမှ ခွန်အားယူခဲ့သည်။ သူဤသို့ပြော၏– “ယေရမိဟာ မိမိကိုယ်ကိုနဲ့ မိမိရဲ့ခံစားချက်တွေကိုအာရုံစိုက်မဲ့အစား ဘုရားသခင်အပေါ် မှီခိုခဲ့တယ်။ လူအများက သူ့ကိုရန်လိုမုန်းတီးကြပေမဲ့ သူဟာ မကြောက်မရွံ့ဆက်ပြီးဟောခဲ့တယ်။ အဲဒီအချက်ကို စိတ်ထဲထားဖို့ ကျွန်တော်ကြိုးစားတယ်။”

ဓမ္မအမှုတွင်ခံနိုင်ရည်ရှိရန် များစွာသောသူတို့ကိုအထောက်အကူပြုသည့် ပုံသက်သေတင်ပြသူနောက်ပရောဖက်တစ်ဦးမှာ ဟေရှာယဖြစ်သည်။ ဘုရားသခင်က ဟေရှာယအား ပြည်သားချင်းတို့သည် သူ့ကို နားထောင်မည်မဟုတ်ဟု မိန့်တော်မူခဲ့သည်။ “သူတို့စိတ်နှလုံးကို မိုက်စေလော့။ သူတို့နားကိုလည်း ထိုင်းစေလော့” ဟုယေဟောဝါမိန့်တော်မူခဲ့သည်။ ဟေရှာယ ရှုံးနိမ့်ဖို့သာရှိခဲ့သလော။ ဘုရားသခင့်ရှုထောင့်မှကြည့်လျှင် ထိုသို့မဟုတ်! သူသည် ပရောဖက်တစ်ပါးအဖြစ် တာဝန်ပေးအပ်ခံခဲ့သောအခါ သူဤသို့ပြောသည်– “အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကိုစေလွှတ်တော်မူပါ။” (ဟေရှာ. ၆:၈-၁၀) ဟေရှာယသည် မိမိတာဝန်တွင် စွဲမြဲစွာလုပ်ဆောင်ခဲ့သည်။ သင်သည် ဟောပြောဖို့အမိန့်ကို ထိုသို့ပင်တုံ့ပြန်ပါသလော။

လျစ်လျူရှုသူတို့ရှိသော်လည်း ဓမ္မအမှုတွင်အားမလျော့ရန် ကျွန်ုပ်တို့သည် ဟေရှာယပြုခဲ့သကဲ့သို့ ကျွန်ုပ်တို့ကြုံတွေ့ရသည့်အပျက်သဘောတုံ့ပြန်မှုများကို အာရုံမစိုက်ဖို့လိုသည်။ ရာဖာသည် စိတ်ဓာတ်ကျမှုကို ဤနည်းဖြင့်အောင်မြင်ကျော်လွှားခဲ့သည်– “လူတွေရဲ့စာနာမှုမရှိပြောဆိုတာတွေကို အာရုံမစိုက်ဖို့ ကျွန်တော်ကြိုးစားတယ်။ ကျွန်တော့်ရပ်ကွက်မှာရှိတဲ့လူတွေမှာ သူတို့ကြိုက်သလိုတုံ့ပြန်ပိုင်ခွင့်ရှိတယ်။” အဲန်နာ ဤသို့ဖြည့်စွက်ပြောသည်– “နှစ်သက်ဖွယ်မကောင်းတဲ့ ဒါမှမဟုတ် စိတ်ဓာတ်ကျစေတဲ့ဘယ်အရာကိုမဆို မစဉ်းစားဖို့ ကျွန်မကြိုးစားတယ်။ အဲလိုလုပ်ဖို့ ကျွန်မကိုအကူအညီဖြစ်စေတာက ဆုတောင်းခြင်းနဲ့ လယ်ကွင်းလုပ်ငန်းမထွက်ခင် နေ့စဉ်ကျမ်းချက်သုံးသပ်ခြင်းဖြစ်တယ်။ အပျက်သဘောဆောင်တဲ့ သဘောထားတွေ ပျောက်သွားတော့တာပဲ။”

ပရောဖက်ယေဇကျေလသည် ဗာဗုလုန်ရှိ ခေါင်းမာသောပြည်နှင်ခံဂျူးများကြား အမှုဆောင်ခဲ့သည်။ (ယေဇ. ၂:၆) အကယ်၍ ပရောဖက်သည် ဘုရားသခင့်စကားတော်များကို လူတို့အား မပြောဘဲနေသောကြောင့် လူဆိုးတစ်ဦး သတိပေးခြင်းမခံဘဲသေဆုံးခဲ့ပါက ထိုသူ၏သေခြင်းအတွက် ယေဇကျေလ တာဝန်ယူရမည်ဖြစ်သည်။ ယေဇကျေလကို ယေဟောဝါဤသို့မိန့်တော်မူခဲ့သည်– ‘သူ၏အသက်ကို သင်၌ငါတောင်းမည်။’—ယေဇ. ၃:၁၇၊ ၁၈

ဟန်ရစ်ခ်သည် ယေဇကျေလကဲ့သို့ရှုမြင်ရန် ဤသို့ကြိုးစားခဲ့သည်– “လူအားလုံးရဲ့သွေးပြစ်ကနေ ကျွန်တော်ကင်းလွတ်ချင်တယ်။ တန်ဖိုးရှိတဲ့လူတွေရဲ့အသက်ဟာ အန္တရာယ်ကြုံနေရတယ်။” (တ. ၂၀:၂၆၊ ၂၇) ဇဘက်ဂ်ညက်ဗ်သည်လည်း အလားတူယူမှတ်ခဲ့သည်– “အခြားသူတွေ ဘယ်လိုပဲယူဆပါစေ ယေဇကျေလဟာ ဆက်ပြီးဟောပြောခဲ့တယ်။ အဲဒီအချက်က ဟောပြောခြင်းလုပ်ငန်းကို ဖန်ဆင်းရှင်ရဲ့ရှုထောင့်ကနေ ကြည့်မြင်တတ်ဖို့ ကျွန်တော့်ကို အထောက်အကူပြုခဲ့တယ်။”

သင်တစ်ဦးတည်းမဟုတ်

သင်သည် ဟောပြောခြင်းလုပ်ငန်းတွင်ပါဝင်သောအခါ သင်တစ်ဦးတည်းမဟုတ်ပါ။ တမန်တော်ပေါလုကဲ့သို့ ကျွန်ုပ်တို့ဤသို့ပြောနိုင်သည်– ‘ငါတို့သည် ဘုရားသခင်၏ လုပ်ဖော်ဆောင်ဖက်ဖြစ်ကြ၏။’ (၁ ကော. ၃:၉) တစ်ခါတလေ စိတ်ပျက်အားလျော့မိသည်ဟု ဝန်ခံသူ ခရစ္စတီးနား ဤသို့ပြောသည်– “ဒါကြောင့်လည်း ခွန်အားရရှိဖို့ ယေဟောဝါဆီ အမြဲအသနားခံနေရတယ်။ ကျွန်မကို ကိုယ်တော် ဘယ်တော့မှစွန့်ပစ်မထားဘူး။” မှန်ပါသည်၊ ကျွန်ုပ်တို့၏ဓမ္မအမှုကိုထောက်မဖို့ ဘုရားသခင့်စွမ်းအားတော်လိုအပ်သည်။—ဇာ. ၄:၆

ထို့ပြင် လယ်ကွင်းလုပ်ငန်းတွင် ကျွန်ုပ်တို့ပါဝင်သောအခါ “ဘုရားသခင့်စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာသော အရည်အသွေးများ” ကိုတင်ပြနိုင်ရန် သန့်ရှင်းသောစွမ်းအားတော်က ကူညီပေး၏။ (ဂလ. ၅:၂၂၊ ၂၃) ယင်းက တစ်ဖန် ဟောပြောခြင်းလုပ်ငန်းတွင် မည်သည့်အရာပင်ဖြစ်လာပါစေ စိတ်အားမလျော့ရန် အထောက်အကူပြုသည်။ ဟန်ရစ်ခ် ဤသို့ပြောသည်– “လယ်ကွင်းလုပ်ငန်းမှာပါဝင်ရတာက ကျွန်တော့်ရဲ့ပင်ကိုအရည်အသွေးတိုးတက်လာအောင် အထောက်အကူပြုတယ်။ စိတ်ရှည်ဖို့၊ ထောက်ထားစာနာတတ်ဖို့နဲ့ လွယ်လွယ်နဲ့အရှုံးမပေးဖို့ ကျွန်တော်သင်ယူတယ်။” အတားအဆီးအမျိုးမျိုးရှိသော်လည်း ဓမ္မအမှုတွင်ခံနိုင်ရည်ရှိခြင်းက ဘုရားသခင့်စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာသော အရည်အသွေးများကို ပို၍များများတင်ပြရန် အထောက်အကူပြုနိုင်သည်။

ဤထူးခြားသောလုပ်ငန်းကို ညွှန်ကြားရာတွင် ယေဟောဝါသည် မိမိ၏ကောင်းကင်တမန်များကို အသုံးပြုတော်မူသည်။ (ဗျာ. ၁၄:၆) ထိုသို့သောကောင်းကင်တမန်များသည် “အထောင်အသောင်းမက အတိုင်းမသိများပြားလှ” သည်ဟု သမ္မာကျမ်းစာဖော်ပြထားသည်။ (ဗျာ. ၅:၁၁) ယေရှု၏ညွှန်ကြားမှုအောက်ရှိ ကောင်းကင်တမန်များသည် ကမ္ဘာပေါ်ရှိဘုရားသခင့်ကျေးကျွန်များကို ကူညီပေးသည်။ ဓမ္မအမှုတွင်ပါဝင်သည့်အခါတိုင်း ယင်းအချက်ကို သင်စိတ်ထဲထားသလော။

အဲန်နာ ဤသို့ပြောသည်– “ဓမ္မအမှုမှာ ကျွန်မတို့နဲ့အတူ ကောင်းကင်တမန်တွေရှိတယ်ဆိုတာကို စေ့စေ့စဉ်းစားဆင်ခြင်တာဟာ ကျွန်မကို အဓိကအားရှိစေတဲ့အရာဖြစ်တယ်။ ယေဟောဝါနဲ့ ယေရှုရဲ့ကြီးကြပ်မှုအောက်မှာ သူတို့ရဲ့ကူညီထောက်ပံ့မှုကို ကျွန်မလေးမြတ်တန်ဖိုးထားတယ်။” တည်ကြည်သည့်ကောင်းကင်တမန်တို့နှင့်အတူ လုပ်ဆောင်ခွင့်ရခြင်းသည် အခွင့်ထူးပင်။

အခြားကြေညာသူများနှင့်တွဲလုပ်ဆောင်ခြင်းက ခံနိုင်ရည်ရှိရန် ကျွန်ုပ်တို့ကို မည်သို့အထောက်အကူပြုသနည်း။ တည်ကြည်သောသက်သေခံများဖြစ်သည့် လူများစွာနှင့် ရင်းနှီးကျွမ်းဝင်ခွင့်ရသည့်ကောင်းချီးကို ကျွန်ုပ်တို့ခံစားခဲ့ကြရပြီ။ သမ္မာကျမ်းစာပါ ဤပညာရှိစကား၏မှန်ကန်မှုကို သင်တွေ့ကြုံခံစားခဲ့ရသည်မှာ သေချာသည်– “သံကိုသံဖြင့်ထက်စေသကဲ့သို့ လူသည် အဆွေခင်ပွန်း၏မျက်နှာကို ထက်စေတတ်၏။”—သု. ၂၇:၁၇

ဓမ္မအမှုတွင် အခြားသူများနှင့် အတူတကွလုပ်ဆောင်ခြင်းက ကျွန်ုပ်တို့အတွက် အသစ်အဆန်းဖြစ်နိုင်သည့် ထိရောက်သောတင်ဆက်နည်းများသိရှိရန် အလွန်ကောင်းသောအခွင့်ထူးကို ရရှိစေသည်။ အဲလ်ဇ်ဘိုင်တာ ဤသို့ပြောသည်– “ကြေညာသူအသီးသီးနဲ့အတူလုပ်ဆောင်တာက ယုံကြည်သူချင်းတွေကိုရော ကျွန်မတို့ဆုံတွေ့တဲ့လူတွေကိုပါ မေတ္တာပြဖို့ အခွင့်အရေးတွေရရှိစေတယ်။” ဓမ္မအမှုတွင် ကြေညာသူအသီးသီးနှင့် တွဲအမှုဆောင်ဖို့ ကြိုးစားပါ။ ယင်းက သင်၏ဓမ္မအမှုကို စိတ်ဝင်စားစရာကောင်းစေပါလိမ့်မည်။

မိမိကိုယ်ကို ကောင်းစွာဂရုစိုက်ပါ

ဓမ္မအမှုတွင် ကျွန်ုပ်တို့၏စိတ်အားထက်သန်မှုကို ထိန်းသိမ်းရန် ကောင်းစွာစီစဉ်ရမည်၊ ကိုယ်ပိုင်လေ့လာမှုနှင့်ပတ်သက်၍ ကောင်းသောလုပ်ရိုးလုပ်စဉ်ရှိရမည်၊ လုံလောက်စွာအနားယူရမည်ဖြစ်သည်။ တစ်နည်းဆိုသော် ကျွန်ုပ်တို့သည် ဝတ်ပြုရေးနှင့်ကာယရေးနှစ်ခုစလုံးတွင် မိမိတို့ကိုယ်ကို ကောင်းစွာဂရုစိုက်ဖို့လိုသည်။

သမ္မာကျမ်းစာဤသို့ဆိုသည်– “လုံ့လဝီရိယပြုသောသူ၏အကြံအစည်သည် ကြွယ်ဝ [“အကျိုးရရှိ၊” ကဘ] ခြင်းနှင့် . . . ဆိုင်ပေ၏။” (သု. ၂၁:၅) ယခု အသက် ၈၈ နှစ်ရှိပြီဖြစ်သော ဇိမွန့်က ဤသို့ပြောသည်– “အစီအစဉ်ဇယားကောင်းရှိတာက ကျွန်တော့်ရဲ့ဓမ္မအမှုမှာ အသီးသီးပွင့်ဖို့ အထောက်အကူဖြစ်စေတယ်။ ဓမ္မအမှုမှာအချိန်အလုံအလောက်ပေးနိုင်ဖို့ ကျွန်တော့်ရဲ့အချိန်ကို ကောင်းစွာစီစဉ်ထားတယ်။”

သမ္မာကျမ်းစာဆိုင်ရာ တိကျမှန်ကန်သောအသိပညာသည် ကျွန်ုပ်တို့အား ဓမ္မအမှုအတွက် ခွန်အားရှိစေပြီး အသင့်ဖြစ်စေသည်။ ကျွန်ုပ်တို့သည် ဆက်အသက်ရှင်ရန် ကာယအစာလိုအပ်သကဲ့သို့ ဟောပြောခြင်းလုပ်ငန်းတွင် ဆက်ပါဝင်ရန် ပုံဆောင်အစာ မှန်မှန်စားသုံးရမည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို နေ့စဉ်စားသုံးခြင်းနှင့် “အချိန်တန်အစာ” ကိုစားသုံးခြင်းက ကျွန်ုပ်တို့အား ဓမ္မအမှုအတွက် ခွန်အားရှိစေနိုင်သည်။—မ. ၂၄:၄၅-၄၇

အဲလ်ဇ်ဘိုင်တာသည် သူ၏ဓမ္မအမှုတွင် တိုးတက်မှုရှိရန် သူ့ဘဝပုံစံတွင် အခြေခံကျသောပြောင်းလဲမှုများပြုလုပ်ခဲ့သည်။ သူဤသို့ပြောသည်– “ဓမ္မအမှုအတွက် ပြင်ဆင်ချိန်ပိုရရှိဖို့ ရုပ်မြင်သံကြားကြည့်ချိန်တွေကို များများလျှော့ချလိုက်တယ်။ ညနေတိုင်း ကျွန်မကျမ်းစာဖတ်တဲ့အခါ ရပ်ကွက်မှာ ဆုံတွေ့ခဲ့သူတွေအကြောင်း ကျွန်မစဉ်းစားတယ်။ သူတို့အတွက် အကူအညီဖြစ်စေနိုင်တဲ့ ကျမ်းချက်တွေ၊ ဆောင်းပါးတွေကို ကျွန်မရှာတယ်။”

ကောင်းစွာအနားယူခြင်းက ခွန်အားပြည့်နေစေပြီး ဓမ္မအမှုတွင် အပြည့်အဝပါဝင်စေနိုင်မည်။ တစ်ဖက်တွင်မူ အလွန်အကျွံအပန်းဖြေခြင်းက သင့်အလုပ်၏အရည်အသွေးအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်သည်။ ထက်သန်သောကြေညာသူတစ်ဦးဖြစ်သည့် အဲန်ဒရေဇ် ဤသို့မှတ်ချက်ချသည်– “အနားယူခြင်းမရှိတာက အလွန်မောပန်းနွမ်းနယ်မှုကို ဖြစ်စေတယ်၊ အဲဒီကနေတစ်ဆင့် စိတ်ဓာတ်ကျဆင်းမှု စဖြစ်လာတော့တာပဲ။ အဲဒီလိုမဖြစ်ဖို့ ကျွန်တော်တတ်နိုင်သမျှလုပ်တယ်။—ဒေ. ၄:၆

ကျွန်ုပ်တို့အတတ်နိုင်ဆုံးကြိုးစားကြသော်ငြား လူအများစုသည် သတင်းကောင်းကို လက်မခံကြပါ။ သို့သော် ယေဟောဝါသည် ကျွန်ုပ်တို့၏လုပ်ဆောင်မှုကို ဘယ်တော့မျှမေ့လျော့မည်မဟုတ်ပါ။ (ဟေဗြဲ ၆:၁၀) လူများစွာသည် ကျွန်ုပ်တို့နှင့် စကားမပြောလိုလျှင်ပင် သူတို့သည် ကျွန်ုပ်တို့ပြန်သွားပြီးနောက် ကျွန်ုပ်တို့၏လည်ပတ်မှုအကြောင်း ပြောဆိုကြပေမည်။ အကျိုးသက်ရောက်မှုသည် ယေဇကျေလနှင့်ပတ်သက်၍ ကျွန်ုပ်တို့ဖတ်ရသည့်အချက်နှင့် တူနိုင်သည်– လူတို့သည် “မိမိတို့တွင် ပရောဖက်ရှိသည်ကို သိရကြမည်။” (ယေဇ. ၂:၅) ကျွန်ုပ်တို့၏ဓမ္မအမှုလုပ်ငန်းသည် မလွယ်ကူသည်မှာ မှန်ပါသည်၊ သို့သော် ကျွန်ုပ်တို့သည် ယင်းဓမ္မအမှုမှ လက်ဆုပ်လက်ကိုင်ပြနိုင်သောအကျိုးကျေးဇူးများခံစားကြပြီး နားထောင်သူတို့လည်း အကျိုးရရှိကြမည်။

ဇိမွန့် ဤသို့မှတ်ချက်ချသည်– “ဓမ္မအမှုမှာပါဝင်တာက ဥပဓိရုပ်သစ်ကိုဝတ်ဆင်ဖို့ အထောက်အကူပြုပြီး ဘုရားသခင်နဲ့ လူသားချင်းတွေကို မေတ္တာတင်ပြခွင့်ရရှိစေပါတယ်။” အဲန်ဒရေဇ် ဤသို့ထပ်ပြောသည်– “အသက်ကယ်တဲ့ဒီလုပ်ငန်းမှာ ပါဝင်ခွင့်ရတာ အခွင့်ထူးပါပဲ။ ဒီလုပ်ငန်းကို ဒီလိုအခြေအနေတွေအောက်မှာ ဘယ်တော့မှ ပြန်လုပ်ရတော့မှာမဟုတ်ဘူး။” သင်လည်း ယနေ့ ဓမ္မအမှုတွင်ဇွဲမလျှော့ဘဲပါဝင်ခြင်းမှ ကောင်းချီးများစွာရိတ်သိမ်းနိုင်သည်။—၂ ကော. ၄:၁၊ ၂

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ကျွန်ုပ်တို့၏ဝတ်ပြုရေးနှင့် ကာယရေး လိုအပ်ရာများကို ဂရုစိုက်ခြင်းက ဓမ္မအမှုတွင် ခံနိုင်ရည်ရှိစေ