မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖြောင့်မတ်သောသူတို့သည် ဘုရားသခင်အား ထာဝစဉ်ချီးမွမ်းကြမည်

ဖြောင့်မတ်သောသူတို့သည် ဘုရားသခင်အား ထာဝစဉ်ချီးမွမ်းကြမည်

ဖြောင့်မတ်သောသူတို့သည် ဘုရားသခင်အား ထာဝစဉ်ချီးမွမ်းကြမည်

“ဖြောင့်မတ်သောသူသည် အစဉ်အမြဲအောက်မေ့ဖို့ရာဖြစ်လိမ့်မည်။ . . . သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်တတ်၏။”—ဆာ. ၁၁၂:၆၊

၁။ (က) ဖြောင့်မတ်သူများအဖြစ် ဘုရားသခင်ရှုမြင်သူအားလုံးအတွက် အဘယ်ပျော်ရွှင်ဖွယ်အနာဂတ် စောင့်ကြိုနေသနည်း။ (ခ) အဘယ်မေးခွန်းပေါ်လာသနည်း။

ဖြောင့်မတ်သောသူအဖြစ် ဘုရားသခင်ရှုမြင်သူ လူသားအားလုံးအဖို့ အလွန်အံ့ချီးဖွယ်အနာဂတ် စောင့်ကြိုလျက်ရှိသည်။ သူတို့သည် ယေဟောဝါ၏ နှစ်လို့ဖွယ်ကောင်းသောအရည်အသွေးများအကြောင်း ထပ်ဆင့်သင်ယူရာတွင် ထာဝရပျော်မွေ့ကြမည်။ ဘုရားသခင်၏ဖန်ဆင်းရာလက်ရာများအကြောင်း ပို၍သင်ယူသိရှိလာသည်နှင့်အမျှ သူတို့၏နှလုံးသည် ချီးမွမ်းလိုစိတ်နှင့်ပြည့်နေမည်။ အလွန်နှစ်မြို့ဖွယ်ယင်းအနာဂတ်တွင်ပျော်မွေ့ရန် အဓိကလိုအပ်ချက်တစ်ခုမှာ ဆာလံ ၁၁၂ တွင်အလေးပေးဖော်ပြထားသည့် “ဖြောင့်မတ်ခြင်း” ဖြစ်သည်။ သန့်ရှင်းပြီးဖြောင့်မတ်တော်မူသောဘုရားသခင် ယေဟောဝါသည် အပြစ်သားများကို ဖြောင့်မတ်သူအဖြစ် မည်သို့ရှုမြင်နိုင်သနည်း။ ကျွန်ုပ်တို့သည် မှန်ကန်ရာကို မည်သို့ပင်ကြိုးစားလုပ်ဆောင်ပါစေ အမှားများ၊ တစ်ခါတစ်ရံ ကြီးလေးသည့်အမှားများကို ပြုလုပ်မိကြသည်။—ရော. ၃:၂၃; ယာ. ၃:၂

၂။ မေတ္တာကြောင့် ယေဟောဝါလုပ်ဆောင်ခဲ့သော အံ့ဖွယ်အမှုနှစ်ခုမှာ အဘယ်နည်း။

ယေဟောဝါသည် ပြီးပြည့်စုံလင်သောဖြေရှင်းနည်းတစ်ခုကို မေတ္တာဖြင့်စီစဉ်ပေးခဲ့သည်။ မည်သို့အားဖြင့်နည်း။ ဦးဆုံး၊ ကောင်းကင်ရှိကိုယ်တော့်သားတော်၏အသက်ကို အပျိုကညာတစ်ဦး၏သားအိမ်ထဲ အံ့ဖွယ်ရွှေ့ပြောင်းပေးခဲ့ရာ စုံလင်သူတစ်ဦးအနေနှင့် မွေးဖွားလာနိုင်ခဲ့သည်။ (လု. ၁:၃၀-၃၅) ရန်သူများက ယေရှုအားသတ်ပြီးနောက် ယေဟောဝါသည် နောက်ထပ်ထူးခြားသောအံ့ဖွယ်အမှုတစ်ခုကို ပြုတော်မူခဲ့သည်။ ဘုရားသခင်သည် ယေရှုအား တန်ခိုးကြီးဝိညာဉ်သတ္တဝါအဖြစ် ပြန်ရှင်စေခဲ့သည်။—၁ ပေ. ၃:၁၈

၃။ ဘုရားသခင်သည် သားတော်အား ကောင်းကင်အသက်တာဆုချရန် အဘယ်ကြောင့်နှစ်သက်တော်မူသနည်း။

ယေဟောဝါသည် ယေရှုအား လူသားဘဝမတိုင်မီက ကိုယ်တော်မပိုင်ဆိုင်ခဲ့သော—မပျက်စီးနိုင်သောအသက်ဖြင့် ကောင်းကင်တွင်အသက်ရှင်ခွင့်—ဆုကို ပေးအပ်ခဲ့သည်။ (ဟေဗြဲ ၇:၁၅-၁၇၊ ၂၈) ယင်းသို့ပေးအပ်ရသည်ကို ယေဟောဝါနှစ်သက်တော်မူ၏၊ အကြောင်းမှာ ယေရှုသည် ပြင်းထန်သောစမ်းသပ်မှုများအောက် အပြည့်အဝသမာဓိစောင့်သိခဲ့၍ဖြစ်သည်။ ထိုသို့အားဖြင့် လူသားတို့သည် ခမည်းတော်ဘုရားသခင်အား ကိုးကွယ်ကြသည်မှာ ခိုင်မြဲသောမေတ္တာကြောင့်မဟုတ်ဘဲ ကိုယ်ကျိုးအတွက်ကြောင့်ဖြစ်သည်ဟူသည့် စာတန်၏မုသာကို ယေရှုသည် အကောင်းဆုံး၊ စုံလင်ပြည့်ဝစွာအဖြေပေးနိုင်ခဲ့သည်။—သု. ၂၇:၁၁

၄။ (က) ယေရှုသည် ကောင်းကင်သို့ပြန်ရောက်သွားချိန်တွင် ကျွန်ုပ်တို့အတွက် အဘယ်အရာလုပ်ဆောင်ခဲ့ပြီး ယေဟောဝါမည်သို့တုံ့ပြန်ခဲ့သနည်း။ (ခ) သင့်အတွက် ယေဟောဝါနှင့်ယေရှုလုပ်ဆောင်ပေးခဲ့ရာများနှင့်ပတ်သက်၍ သင်မည်သို့ခံစားရသနည်း။

ကောင်းကင်တွင် ယေရှုသည် ထိုထက်မက လုပ်ဆောင်ခဲ့သည်။ ကိုယ်တော်သည် “မိမိအသွေးတော်” ၏တန်ဖိုးကိုယူဆောင်ကာ “ငါတို့အတွက် ဘုရားသခင့်ရှေ့တော်မှောက်သို့” သွားခဲ့သည်။ ကျွန်ုပ်တို့၏ မေတ္တာရှင်ကောင်းကင်ခမည်းတော်သည် ‘ကျွန်ုပ်တို့၏အပြစ်များအတွက် အပြစ်ဖြေရာယဇ်’ ဖြစ်သော ယေရှု၏အဖိုးထိုက်ပူဇော်ရာယဇ်ကို ကြင်နာစွာလက်ခံခဲ့သည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် ‘စင်ကြယ်သောကိုယ်ကိုကိုယ်သိသောစိတ်’ ဖြင့် “အသက်ရှင်တော်မူသော ဘုရားသခင်အား . . . ဝတ်ပြု” နိုင်ကြသည်။ ဤသည်မှာ ‘အသင်လူအပေါင်းတို့၊ ယကိုချီးမွမ်းကြလော့’ ဟူသည့် ဆာလံ ၁၁၂ [ကဘ] ပါအဖွင့်စကားလုံးများကို ပဲ့တင်ထပ်သီဆိုစေသည့် အကြောင်းရင်းပင်ဖြစ်သည်။—ဟေဗြဲ ၉:၁၂-၁၄၊ ၂၄; ၁ ယော. ၂:၂

၅။ (က) ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့ ဖြောင့်မတ်သောအနေအထားဖြင့် ဆက်ရပ်တည်ရန် အဘယ်အရာလုပ်ဆောင်ရမည်နည်း။ (ခ) ဆာလံ ၁၁၁ နှင့် ၁၁၂ ကိုမည်သို့စီစဉ်ထားသနည်း။

ဘုရားသခင်ရှေ့ ဖြောင့်မတ်သောအနေအထားဖြင့် ဆက်ရပ်တည်ရန် ကျွန်ုပ်တို့သည် ယေရှုသွန်းလောင်းခဲ့သောအသွေးတော်ကို ယုံကြည်ကြောင်းဆက်၍တင်ပြရမည်။ ကျွန်ုပ်တို့ကို ဤမျှချစ်မြတ်နိုးသော ယေဟောဝါကို ကျေးဇူးမတင်ဘဲ တစ်နေ့မကုန်သွားသင့်ပါ။ (ယော. ၃:၁၆) ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်မြွက်တော်ကိုလေ့လာနေပြီး ယင်းစကားတော်နှင့်အညီနေထိုင်ရန် အတတ်နိုင်ဆုံး လုပ်ဆောင်နေဖို့လိုသည်။ ဘုရားသခင်ရှေ့ စင်ကြယ်သောကိုယ်ကိုကိုယ်သိသောစိတ်ဆက်ရှိလိုသူ အားလုံးအတွက် အကြံဉာဏ်ကောင်းများ ဆာလံ ၁၁၂ တွင်ပါရှိသည်။ ဤဆာလံသည် ဆာလံ ၁၁၁ ကိုပြည့်စုံစေရန် ဖြည့်စွက်ခြင်းဖြစ်သည်။ နှစ်ခုစလုံးသည် မူရင်းဟေဗြဲကျမ်းတွင် ‘အသင်လူအပေါင်းတို့၊ ယကိုချီးမွမ်းကြလော့’ ဟူ၍အစပြုထားပြီး ယင်းနောက်တွင် စာကြောင်း ၂၂ ကြောင်းပါရှိကာ စာကြောင်းတစ်ကြောင်းစီသည် ဟေဗြဲဗျဉ်းအက္ခရာ ၂၂ မှတစ်ခုစီဖြင့် အစပြုသည်။ *

ပျော်ရွှင်မှုအတွက်အခြေခံ

၆။ ဆာလံ ၁၁၂ တွင်ဖော်ပြထားသော ဘုရားသခင်ကိုကြောက်ရွံ့ “သူ” သည် မည်သို့ကောင်းချီးခံစားရသနည်း။

‘ယေဟောဝါကိုကြောက်ရွံ့၍ ပညတ်တော်တို့၌ အလွန်မွေ့လျော်သောသူသည် ပျော်ရွှင်၏။ ထိုသူ၏သားမြေးတို့သည် မြေပေါ်မှာအားကြီးကြလိမ့်မည်။ ဖြောင့်မတ်သောသူတို့၏အမျိုးအနွယ်သည် မင်္ဂလာရှိတတ်၏ [“ကောင်းချီးခံစားကြရလိမ့်မည်၊” ကဘ]။” (ဆာ. ၁၁၂:၁၊ ၂) ဆာလံဆရာက အစပိုင်းတွင် တစ်ဦးတစ်ယောက်အဖြစ် “သူ” ဟူ၍ဖော်ပြပြီး အခန်းငယ် ၂ ၏အဆုံးပိုင်းတွင် “ဖြောင့်မတ်သောသူတို့” ဟုအများကိန်းအသုံးအနှုန်း ပြောင်းသုံးထားသည်ကို သတိပြုပါ။ ယင်းက ဆာလံ ၁၁၂ သည် လူများစွာပါဝင်သော အုပ်စုအဖွဲ့တစ်ခုကို ရည်ညွှန်းနိုင်သည်။ စိတ်ဝင်စားစရာမှာ ဆာလံ ၁၁၂:၉ ကို ပထမရာစုခရစ်ယာန်များနှင့် ဆက်စပ်ဖော်ပြရန် တမန်တော်ပေါလု မှုတ်သွင်းခံခဲ့ရသည်။ (၂ ကောရိန္သု ၉:၈၊ ၉ ကိုဖတ်ပါ။) ဤဆာလံသည် ယနေ့မြေကြီးပေါ်ရှိ ခရစ်တော်၏နောက်လိုက်များ ပျော်ရွှင်နိုင်ပုံကို ကောင်းစွာပုံဖော်ပြထားသည်။

၇။ ဘုရားသခင့်ကျေးကျွန်တို့သည် ကိုယ်တော်အား အဘယ်ကြောင့် ကြောက်ရွံ့ရိုသေဖို့လိုသနည်း၊ ဘုရားသခင့်ပညတ်တို့နှင့်ပတ်သက်၍ သင်မည်သို့ခံစားသင့်သနည်း။

ဆာလံ ၁၁၂:၁ တွင်ဖော်ပြထားသည့်အတိုင်း ခရစ်ယာန်စစ်တို့သည် ‘ယေဟောဝါအားကြောက်ရွံ့’ ခြင်းတွင်လျှောက်လှမ်းခြင်းဖြင့် ရွှင်လန်းမှုကြီးစွာခံစားကြရသည်။ ထိုသို့ကိုယ်တော်မနှစ်သက်မည်ကိုစိုးရွံ့ခြင်းက စာတန့်လောက၏စိတ်ဓာတ်ကို ခုခံတွန်းလှန်ရန် သူတို့ကိုအထောက်အကူပြုသည်။ သူတို့သည် ဘုရားသခင့်နှုတ်မြွက်တော်ကို လေ့လာခြင်းနှင့် ကိုယ်တော်၏ပညတ်များကို နာခံခြင်းတွင် “အလွန်မွေ့လျော်” ကြသည်။ ကိုယ်တော့်ပညတ်တွင် ကမ္ဘာတစ်ဝန်း ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောရန်ပညတ် ပါရှိသည်။ သူတို့သည် လူဆိုးတို့အား ရောက်ရှိလာတော့မည့် ဘုရားသခင့်တရားစီရင်ရာနေ့အကြောင်း သတိပေးနေစဉ် လူမျိုးတကာမှလူတို့ကို တပည့်ဖြစ်စေရန် ကြိုးစားကြသည်။—ယေဇ. ၃:၁၇၊ ၁၈; မ. ၂၈:၁၉၊ ၂၀

၈။ (က) ယနေ့ ဘုရားသခင်ထံအပ်နှံထားသူတို့သည် မိမိတို့၏ဇွဲထက်သန်မှုအတွက် မည်သို့ဆုချခံရကြသနည်း။ (ခ) မြေကြီးမျှော်လင့်ချက်ရှိသူတို့အတွက် အဘယ်အနာဂတ်ကောင်းချီးများ စောင့်ကြိုလျက်ရှိသနည်း။

ယင်းပညတ်တို့ကိုနာခံခြင်းကြောင့် ယနေ့ကမ္ဘာပေါ်ရှိဘုရားသခင့်ကျေးကျွန် ခုနစ်သန်းခန့်ရှိနေပြီဖြစ်သည်။ ကိုယ်တော်၏လူမျိုးသည် “မြေကြီးပေါ်မှာအားကြီး” လာသည်ကို မည်သူငြင်းဆိုနိုင်သနည်း။ (ယော. ၁၀:၁၆; ဗျာ. ၇:၉၊ ၁၄) ဘုရားသခင်သည် မိမိရည်ရွယ်ချက်ကို ဖော်ဆောင်နေစဉ် သူတို့သည် “ကောင်းချီးခံစားကြရ’ လိမ့်မည်။ မြေကြီးမျှော်လင့်ချက်ရှိသူတို့သည် ရောက်ရှိလာတော့မည့် ‘ကြီးစွာသောဆင်းရဲခြင်းဘေး’ တစ်လျှောက် အုပ်စုလိုက်အနေနှင့် ကာကွယ်ခံရမည်ဖြစ်ပြီး “ဖြောင့်မတ်ခြင်းတည်နေရာ” “မြေကြီးသစ်” သို့ပို့ဆောင်ခံရမည်။ အာမဂေဒုန်ကိုကပ်ကျော်သူတို့သည် အချိန်တန်သည့်အခါ ပို၍ပင် “ကောင်းချီးခံစားကြရလိမ့်မည်။” သူတို့သည် ရှင်ပြန်ထမြောက်လာကြသည့် သန်းနှင့်ချီသောသူတို့ကို အသင့်ကြိုဆိုခွင့်ရရှိကြမည်။ စိတ်လှုပ်ရှားဖွယ်ကောင်းသော အလားအလာပင်။ နောက်ဆုံးတွင်၊ ဘုရားသခင်၏ပညတ်တော်တို့ကို “အလွန်မွေ့လျော်” သောသူတို့သည် လူ့စုံလင်ခြင်းသို့ ရောက်ရှိကြမည်ဖြစ်ပြီး “ဘုရားသခင့် သားသမီးတို့၏ လွတ်လပ်မှုဘုန်းအသရေကို” ထာဝစဉ်ခံစားကြရမည်။—၂ ပေ. ၃:၁၃; ရော. ၈:၂၁

စည်းစိမ်ဥစ္စာကို ပညာရှိစွာအသုံးပြုခြင်း

၉၊ ၁၀။ စစ်မှန်သောခရစ်ယာန်တို့သည် မိမိတို့၏ပုံဆောင်စည်းစိမ်ဥစ္စာကို မည်သို့အသုံးပြုကြသနည်း၊ သူတို့၏ဖြောင့်မတ်ခြင်းသည် မည်သို့အစဉ်တည်သနည်း။

“ထိုသူ၏အိမ်၌ စည်းစိမ်ဥစ္စာကြွယ်ဝ၍ သူ၏ကောင်းကျိုး [“ဖြောင့်မတ်ခြင်း၊” ကဘ] သည် အစဉ်အမြဲတည်တတ်၏။ သဘောဖြောင့်သောသူတို့အဖို့ မှောင်မိုက်ထဲမှာ အလင်းပေါ်ထွန်းတတ်၏။ ထိုသို့သောသူသည် ကျေးဇူးပြုတတ်သောသဘောနှင့် သနားစုံမက်တတ်သောသဘောရှိ၍ တရားသဖြင့်ပြုတတ်၏။” (ဆာ. ၁၁၂:၃၊ ၄) သမ္မာကျမ်းစာခေတ်က ဘုရားသခင့်ကျေးကျွန်အချို့သည် သူတို့၏ရုပ်ပစ္စည်းကြွယ်ဝမှုကြောင့် ကျော်ကြားခဲ့သည်။ ရုပ်ပစ္စည်းကြွယ်ဝခြင်းမရှိသည့်တိုင် အမှန်ပင်ကြွယ်ဝသူများအဖြစ် ဘုရားသခင်လက်ခံသူတို့လည်း ရှိပါသည်။ အမှန်မှာ၊ ယေရှုခေတ်ကကဲ့သို့ ဘုရားသခင်ရှေ့ မိမိတို့ကိုယ်ကို နှိမ့်ချရန်ရွေးချယ်သူအများစုသည် ဆင်းရဲသားများ၊ အထင်အမြင်သေးခံရသူများဖြစ်ကြပေမည်။ (လု. ၄:၁၈; ၇:၂၂; ယော. ၇:၄၉) သို့သော် လူတစ်ဦးသည် ရုပ်ပစ္စည်း များစွာရှိသည်ဖြစ်စေ၊ အနည်းငယ်သာရှိသည်ဖြစ်စေ ဘုရားသခင့်ဉာဏ်ပညာနှင့်အသိပညာပိုင်ဆိုင်ခြင်းဖြစ်သော ပုံဆောင်စည်းစိမ်ဥစ္စာ ကြွယ်ဝနိုင်ပါသည်။—မ. ၆:၂၀; ၁ တိ. ၆:၁၈၊ ၁၉; ယာကုပ် ၂:၅ ကိုဖတ်ပါ။

၁၀ ဘိသိက်ပေးခံရသောခရစ်ယာန်များနှင့် သူတို့၏အပေါင်းပါတို့သည် ပုံဆောင်စည်းစိမ်ဥစ္စာကို မိမိတို့၌သာ သိုမထားကြပါ။ သူတို့သည် “သဘောဖြောင့်သောသူတို့အဖို့” စာတန်၏မှောင်မိုက်လောကတွင် “အလင်း” ထွန်းလင်းကြသည်။ ဘုရားသခင်နှင့်ပတ်သက်သော အဖိုးထိုက်ဉာဏ်ပညာ၊ အသိပညာမှ အခြားသူတို့အကျိုးခံစားရန် အကူအညီပေးခြင်းအားဖြင့် သူတို့သည်အလင်းထွန်းလင်းကြသည်။ ဆန့်ကျင်သူတို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းကို ရပ်တန့်စေရန် ကြိုးစားကြသော်လည်း ရှုံးနိမ့်ကြသည်။ လုပ်ငန်းရပ်တန့်မည့်အစား ဖြောင့်မတ်ခြင်းလုပ်ရပ်၏အကျိုးရလဒ်သည် “အစဉ်အမြဲတည်” မည်။ ဘုရားသခင့်ကျေးကျွန်တို့သည် ဖြောင့်မတ်သည့်လမ်းစဉ်တွင် ခံရပ်တည်ကြည်ခြင်းအားဖြင့် ထာဝစဉ်အသက်ရှင်ခြင်းဖြစ်သော “အစဉ်အမြဲတည်” မည့်အာမခံချက် ရရှိနိုင်ကြသည်။

၁၁၊ ၁၂။ ဘုရားသခင့်လူမျိုးသည် မိမိတို့တွင်ရှိသော ရုပ်ပစ္စည်းများကို အသုံးပြုကြသည့်နည်းလမ်းအချို့ကား အဘယ်နည်း။

၁၁ ဘိသိက်ပေးခြင်းခံရသော ကျွန်အတန်းအစားနှင့် “လူအုပ်ကြီး” တွင်ပါဝင်ကြသူတို့ဖြစ်ကြသော ဘုရားသခင့်လူမျိုးသည် ရုပ်ပစ္စည်းနှင့်ပတ်သက်၍ ရက်ရောသူများဖြစ်ကြသည်။ ဆာလံ ၁၁၂:၉ ၌ဤသို့ဆို၏– “သူသည်စွန့်ကြဲပြီ။ ဆင်းရဲသောသူတို့အား ပေးကမ်းပြီ။” ယနေ့ ခရစ်ယာန်စစ်တို့သည် ခရစ်ယာန်ချင်းများကိုနှင့် လိုအပ်နေသောအိမ်နီးချင်းများကိုပင် ရုပ်ပစ္စည်းဖြင့် ကူညီကြလေ့ရှိသည်။ ဘေးဆိုးများကျရောက်သည့်အခါ ကယ်ဆယ်ရေးကင်ပိန်းများတွင်ထောက်ပံ့ရန်လည်း မိမိတို့၏ရုပ်ပစ္စည်းများကို အသုံးပြုကြသည်။ ယေရှုမိန့်တော်မူခဲ့သကဲ့သို့ပင် ယင်းသို့ပြုခြင်းသည်လည်း ပျော်ရွှင်မှုဖြစ်စေသည်။—တမန်တော် ၂၀:၃၅; ၂ ကောရိန္သု ၉:၇ တို့ကိုဖတ်ပါ။

၁၂ ထို့ပြင် ဘာသာစကား ၁၇၂ ဘာသာဖြင့်ဤမဂ္ဂဇင်းကိုထုတ်ဝေရန် အသုံးပြုသည့်ငွေကိုလည်း စဉ်းစားကြည့်ပါ၊ ယင်းဘာသာစကားများထဲမှ များစွာမှာ အတော်အတန်ဆင်းရဲနွမ်းပါးသူတို့အတွက်ဖြစ်သည်။ ဤဂျာနယ်ကို မျက်မမြင်သူတို့အတွက် မျက်မမြင်စာဖြင့်သာမက နားမကြားသူတို့အတွက် လက်ဟန်ပြဘာသာစကားအမျိုးမျိုးဖြင့် ရရှိနိုင်သည်ကိုလည်း စဉ်းစားကြည့်ပါ။

ကြင်နာစိတ်နှင့် တရားမျှတမှု

၁၃။ ကြင်နာစွာပေးကမ်းရာတွင် အကောင်းဆုံးပုံသက်သေတို့ကို မည်သူတို့ချမှတ်ခဲ့သနည်း။ ယင်းပုံသက်သေကို ကျွန်ုပ်တို့ မည်သို့တုပနိုင်သနည်း။

၁၃ ‘ကြင်နာစိတ်ရှိ၍ ချေးငှားတတ်သောသူသည် ကောင်းစားတတ်၏။’ (ဆာ. ၁၁၂:၅) သူတစ်ပါးအားပေးကမ်းသူတို့သည် ကြင်နာစိတ်ကြောင့်သာ ပေးကမ်းခြင်းမဟုတ်ကြောင်း သင်သတိထားမိပေမည်။ အချို့သူတို့သည် အခြားသူတို့ထက် မိမိတို့ပိုပိုင်ဆိုင်ကြောင်းပြရန် သို့မဟုတ် မလွဲသာ၍ပေးကြခြင်းဖြစ်သည်။ သင့်အား သိမ်ငယ်သည့်ခံစားချက်ဝင်စေသူထံမှ သို့မဟုတ် သင်သည် အနှောင့်အယှက်ပေးသူ သို့မဟုတ် ဝန်ထုပ်ဖြစ်သည်ဟု ယူမှတ်သူထံမှ အကူအညီရရှိသည်ကို သင်ဝမ်းသာမည်မဟုတ်ပါ။ ယင်းနှင့်ဆန့်ကျင်ကာ ကြင်နာစိတ်ဖြင့်ပေးကမ်းသူထံမှ အကူအညီရရှိသည့်အခါ အလွန်လန်းဆန်းမှုဖြစ်စေသည်။ ယေဟောဝါသည် ကြင်နာစိတ်ဖြင့် ပျော်ရွှင်စွာပေးကမ်းရာတွင် အလွန်ကောင်းမွန်သောပုံသက်သေဖြစ်သည်။ (၁ တိ. ၁:၁၁; ယာ. ၁:၅၊ ၁၇) ယေရှုခရစ်သည် ခမည်းတော်၏ကြင်နာမှုပုံသက်သေကို စုံလင်စွာရောင်ပြန်ဟပ်ခဲ့သည်။ (မာ. ၁:၄၀-၄၂) ကျွန်ုပ်တို့ကို ဖြောင့်မတ်သူများအဖြစ် ဘုရားသခင်ရှုမြင်စေရန် ကျွန်ုပ်တို့သည် စေတနာစိတ်နှင့် ကြင်နာစွာပေးကမ်းကြသည်၊ အထူးသဖြင့် လယ်ကွင်းလုပ်ငန်းတွင် ကျွန်ုပ်တို့၏အိမ်နီးချင်းတို့အား ယေဟောဝါကိုသိရှိလာစေရန် အကူအညီပေးရာတွင်ဖြစ်သည်။

၁၄။ ‘ကျွန်ုပ်တို့၏ကိစ္စရပ်များကို တရားမျှတစွာ ဆောင်ရွက်’ နိုင်သည့်နည်းလမ်းတချို့မှာ အဘယ်နည်း။

၁၄ ‘သူသည် ကိစ္စရပ်များကို တရားမျှတစွာ ဆောင်ရွက်သည်။’ (ဆာ. ၁၁၂:၅ကဘ) ကြိုဟောထားသည့်အတိုင်း တည်ကြည်သောဘဏ္ဍာစိုးအတန်းအစားသည် သခင်၏ပိုင်ဆိုင်ရာများကို ယေဟောဝါ၏တရားမျှတမှုနှင့်အညီ ဂရုစိုက်စောင့်ရှောက်ကြသည်။ (လုကာ ၁၂:၄၂-၄၄ ကိုဖတ်ပါ။) တစ်ခါတစ်ရံ အသင်းတော်တွင် ကြီးလေးသောအပြစ်နှင့်ဆိုင်သည့်ကိစ္စများကို ကိုင်တွယ်ရကြသည့် အကြီးအကဲများအားပေးသော ကျမ်းစာလမ်းညွှန်ချက်တို့က ယင်းသို့ဖြစ်ကြောင်းထင်ဟပ်ပြသည်။ အသင်းတော်အားလုံး၊ ခရစ်ယာန်သာသနာပြုအိမ်များ၊ ဗေသလအိမ်များ မည်သို့စီမံဆောင်ရွက်သင့်ပုံတို့နှင့်ပတ်သက်၍ ကျမ်းစာအခြေပြုလမ်းညွှန်ချက်ပေးရာတွင်လည်း ကျွန်အတန်းအစားသည် ကိစ္စရပ်များကို တရားမျှတစွာလုပ်ဆောင်ကြောင်း ထင်ရှားသည်။ အကြီးအကဲများကိုသာ တရားမျှတမှုရှိရန် တောင်းဆိုသည်မဟုတ်ပါ၊ စီးပွားရေးကိစ္စများအပါအဝင်၊ ခရစ်ယာန်ချင်းတစ်ဦးနှင့်တစ်ဦးဆက်ဆံရာတွင်၊ မယုံကြည်သူတို့နှင့်ဆက်ဆံရာတွင်လည်း တရားမျှတမှုရှိဖို့လိုသည်။—မိက္ခာ ၆:၈၊ ၁၁ ကိုဖတ်ပါ။

ဖြောင့်မတ်ခြင်းအတွက် ကောင်းချီးများ

၁၅၊ ၁၆။ (က) ကမ္ဘာ့မကောင်းသတင်းများသည် ဖြောင့်မတ်သူတို့အပေါ် အဘယ်သက်ရောက်မှုရှိသနည်း။ (ခ) ဘုရားသခင့်ကျေးကျွန်တို့သည် အဘယ်အရာဆက်၍လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ထားကြသနည်း။

၁၅ ‘အကယ်စင်စစ် လှုပ်ရှားခြင်းနှင့်အစဉ်ကင်းလွတ်လိမ့်မည်။ ဖြောင့်မတ်သောသူသည် အစဉ်အမြဲအောက်မေ့ဖို့ရာဖြစ်လိမ့်မည်။ မကောင်းသောသတင်းကိုမကြောက်ရ။ စိတ်နှလုံးသည် ယေဟောဝါကိုကိုးစားသဖြင့် တည်ကြည်တတ်၏။ သူ၏စိတ်နှလုံးသည် မြဲမြံသည်ဖြစ်၍ ရန်သူတို့၌ အားမရမီတိုင်အောင် ကြောက်ခြင်းနှင့်လွတ်လိမ့်မည် [‘ရန်သူတို့ကို ကြည့်မြင်ရကြလိမ့်မည်၊’ ကဘ]။’ (ဆာ. ၁၁၂:၆-၈) သမိုင်းတွင်တစ်ခါမျှမရှိခဲ့ဖူးသည့်အတိုင်းအတာဖြင့် စစ်၊ အကြမ်းဖက်မှု၊ ရောဂါအသစ်များ၊ ရောဂါအဟောင်းများ ပြန်ခေါင်းထောင်လာမှု၊ ရာဇဝတ်မှု၊ ဆင်းရဲမွဲတေမှု၊ ပျက်စီးစေသည့်ညစ်ညမ်းမှု စသည့်အရာများပါဝင်သည့် မကောင်းသောသတင်းများ များလွန်းလှသည်။ ဖြောင့်မတ်သူအဖြစ် ဘုရားသခင်ရှုမြင်သူတို့သည် ယင်းမကောင်းသတင်းများ၏အကျိုးဆက်များမှ မလွတ်ကင်းကြသော်လည်း သူတို့သည် ကြောက်ကြောက်နှင့် လက်မလျှော့ကြပါ။ ယင်းအစား သူတို့သည် ဘုရားသခင့်ကမ္ဘာသစ်ရောက်ရှိတော့မည်ကို သိထားကြပြီး ယုံကြည်စိတ်ချမှုဖြင့် အနာဂတ်ကိုမျှော်လင့်ကြသောကြောင့် သူတို့၏နှလုံးသည် “တည်ကြည်” ပြီး “မြဲမြံ” သည်။ ဘေးဆိုးကျရောက်လျှင်ပင် ထောက်မပေးရန် ယေဟောဝါအားကိုးစားကြသောကြောင့် အခြေအနေကို ကောင်းစွာရင်ဆိုင်ဖြေရှင်းနိုင်ကြသည်။ ကိုယ်တော်သည် မိမိ၏ဖြောင့်မတ်သူတို့ကို “လှုပ်ရှား” စေရန်ဘယ်တော့မျှခွင့်ပြုမည်မဟုတ်ပါ—ခံရပ်နိုင်ရန် အကူအညီနှင့် ခွန်အားပေးတော်မူသည်။—ဖိ. ၄:၁၃

၁၆ ဘုရားသခင်၏ဖြောင့်မတ်သောသူတို့သည် ဆန့်ကျင်သူတို့၏ မုန်းတီးမှုနှင့် သူတို့ဖြန့်သောမုသာစကားတို့ကို သည်းခံကြရမည်ဖြစ်သော်လည်း ခရစ်ယာန်စစ်များသည် ယင်းကြောင့် ဟောပြောခြင်းလုပ်ငန်းကို ဘယ်တော့မျှရပ်တန့်ကြမည်မဟုတ်ပါ။ ယင်းအစား ဘုရားသခင့်ကျေးကျွန်တို့သည် မိမိတို့အား ယေဟောဝါပေးအပ်ထားသည့် လုပ်ငန်းဖြစ်သည့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းနှင့် တုံ့ပြန်သူအားလုံးကို တပည့်ဖြစ်စေခြင်းလုပ်ငန်းအပေါ် ဆက်၍တည်ကြည်မြဲမြံကြသည်။ အဆုံးနီးလာသည်နှင့်အမျှ ဖြောင့်မတ်သူတို့သည် ဆန့်ကျင်မှုပို၍ခံစားရမည်မှာ သေချာသလောက်ဖြစ်သည်။ ယင်းမုန်းတီးမှု အထွတ်အထိပ်သို့ရောက်မည့်အချိန်မှာ စာတန်သည် မာဂေါဂပြည်မှ ဂေါဂအဖြစ် ကမ္ဘာတစ်ဝန်းတိုက်ခိုက်ချိန်တွင်ဖြစ်သည်။ ယင်းနောက် နောက်ဆုံးတွင် ကျွန်ုပ်တို့သည် ‘ရန်သူတို့’ ၏လုံးလုံးရှုံးနိမ့်မှုကို ‘ကြည့်မြင်’ ရကြမည်။ ယေဟောဝါ၏နာမတော် အပြည့်အဝသန့်ရှင်းမြင့်မြတ်သည်ကို တွေ့မြင်ရမည့် အတွေ့အကြုံဖြစ်မည်။—ယေဇ. ၃၈:၁၈၊ ၂၂၊ ၂၃

“ဂုဏ်အသရေနှင့် ချီးမြှင့်” ခံရ

၁၇။ ဖြောင့်မတ်သူသည် မည်သို့ “ဂုဏ်အသရေနှင့်ချီးမြှင့်ခြင်း” ခံရမည်နည်း။

၁၇ စာတန်နှင့် သူ၏လောကမှ ဆန့်ကျင်မှုတို့မရှိဘဲ ယေဟောဝါအား တစည်းတလုံးချီးမွမ်းရမည်မှာ အလွန်ရွှင်လန်းဖွယ်ဖြစ်မည်။ ဘုရားသခင်ရှေ့ဖြောင့်မတ်သောအနေအထားကို ဆက်၍ထိန်းသိမ်းသူအားလုံးသည် ယင်းရွှင်လန်းမှုကို ထာဝစဉ်ခံစားရမည်။ ဖြောင့်မတ်သောသူ၏ “ဦးချိုသည် ဂုဏ်အသရေနှင့်ချီးမြှင့်ခြင်းရှိလိမ့်မည်” ဟူ၍လည်း ယေဟောဝါကတိပေးထားသောကြောင့် သူတို့သည် အရှက်တကွဲအကျိုးနည်းရှုံးနိမ့်မည်မဟုတ်ပါ။ (ဆာ. ၁၁၂:၉) ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ဆန့်ကျင်သည့်ရန်သူအားလုံး ကျရှုံးသည်ကို တွေ့မြင်ရသည့်အခါ ယေဟောဝါ၏ဖြောင့်မတ်သူသည် အောင်မြင်စွာချီးမြှင့်ခံရမည်။

၁၈။ ဆာလံ ၁၁၂ ပါနိဂုံးချုပ်စကားများ မည်သို့ပြည့်စုံမည်နည်း။

၁၈ “မတရားသောသူတို့သည် မြင်၍နာကျင်သောစိတ်ရှိကြလိမ့်မည်။ အံသွားခဲကြိတ်၍ ပိန်ချုံး [“ပျောက်ကွယ်သွား၊” ခမ] ကြလိမ့်မည်။ မတရားသောသူတို့၏အလိုသည် ပျက်စီးရလိမ့်မည်။” (ဆာ. ၁၁၂:၁၀) ဘုရားသခင့်လူမျိုးကို ဆက်၍ဆန့်ကျင်သူအားလုံးသည် မကြာမီ မိမိတို့၏မနာလိုမှု၊ မုန်းတီးမှုတို့ကြောင့် “ပျောက်ကွယ်သွား” မည်ဖြစ်သည်။ ကျွန်ုပ်တို့၏လုပ်ငန်းရပ်တန့်သွားသည်ကို တွေ့မြင်လိုသော သူတို့၏ဆန္ဒတို့သည် ရောက်ရှိလာတော့မည့် ‘ကြီးစွာသောဆင်းရဲခြင်းဘေး’ တွင်ပျက်စီးသွားမည်။—မ. ၂၄:၂၁

၁၉။ ကျွန်ုပ်တို့သည် အဘယ်အရာကို ယုံကြည်စိတ်ချနိုင်သနည်း။

၁၉ ထိုကြီးကျယ်ခမ်းနားသောအောင်ပွဲတွင် ပျော်ရွှင်ကြသောကပ်ကျော်သူများ၌ သင်ပါဝင်မည်လော။ သို့မဟုတ် စာတန့်လောကနိဂုံးမချုပ်မီတွင် ဖျားနာမှု သို့မဟုတ် အသက်အရွယ်အိုမင်းမှုကြောင့် သေခြင်း၌အိပ်ပျော်ခဲ့သူဖြစ်ပါက ရှင်ပြန်ထမြောက်လာကြမည့် “ဖြောင့်မတ်သောသူ” တို့ထဲတွင် သင်ပါဝင်မည်လော။ (တ. ၂၄:၁၅) သင်သည် ယေရှု၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို ယုံကြည်ကြောင်းဆက်၍တင်ပြပြီး ဆာလံ ၁၁၂ တွင်ဖော်ပြထားသော ဖြောင့်မတ် “သူ” ကဲ့သို့လုပ်ဆောင်ကာ ယေဟောဝါကိုဆက်၍တုပနေမည်ဆိုလျှင် ပါဝင်မည်ဟု သင်အဖြေပေးနိုင်မည်။ (ဧဖက် ၅:၁၊ ၂ ကိုဖတ်ပါ။) ယေဟောဝါသည် ထိုကဲ့သို့သောသူတို့ကို ဘယ်တော့မျှမေ့လျော့မည်မဟုတ်ဘဲ “အောက်မေ့” တော်မူမည်ဖြစ်သည့်ပြင် သူတို့၏ဖြောင့်မတ်သောလုပ်ရပ်များကိုလည်း လျစ်လျူရှုမည်မဟုတ်ပါ။ ယေဟောဝါသည် သူတို့ကို ထာဝစဉ်အောက်မေ့ကာ ချစ်မြတ်နိုးမည်။—ဆာ. ၁၁၂:၃၊ ၆၊

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ယင်းဆာလံနှစ်ကျမ်းသည် တည်ဆောက်ပုံချင်းသာမက ပါရှိရာတို့သည် တစ်ခုနှင့်တစ်ခုပြည့်စုံစေရန် ဖြည့်စွက်ခြင်းဖြစ်ပုံရသည်။ ဆာလံ ၁၁၁ တွင်ချီးမွမ်းဖော်ပြထားသော ယေဟောဝါ၏အရည်အသွေးများကို ဆာလံ ၁၁၂ တွင်ဖော်ပြထားသော ဘုရားသခင်ကိုကြောက်ရွံ့ “သူ” ကတုပကြောင်း ဆာလံ ၁၁၁:၃၊ ၄ ကို ဆာလံ ၁၁၂:၃၊ ၄ နှင့်နှိုင်းယှဉ်ရာတွင်တွေ့ရသည်။

တွေးတောဆင်ခြင်ရန် မေးခွန်းများ

• “ဟာလေလုယ” ဟုကျွန်ုပ်တို့ကြွေးကြော်ရသည့် အကြောင်းရင်းတချို့မှာ အဘယ်နည်း။

• မျက်မှောက်ခေတ် အဘယ်ဖွံ့ဖြိုးတိုးတက်မှုတို့က စစ်မှန်သောခရစ်ယာန်များအား အလွန်ပျော်ရွှင်စေသနည်း။

• မည်ကဲ့သို့သောပေးကမ်းသူကို ယေဟောဝါ ချစ်မြတ်နိုးသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ဘုရားသခင်ရှေ့ဖြောင့်မတ်သော ရပ်တည်မှု ဆက်ရှိနေရန် ယေရှု သွန်းလောင်းခဲ့သောအသွေးတော်ကို ယုံကြည်ကြောင်းတင်ပြရမည်

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

လိုလိုလားလားအလှူငွေထည့်ခြင်းက ကယ်ဆယ်ရေးလုပ်ငန်းနှင့် ကျမ်းစာစာပေများဖြန့်ဝေရာတွင် အထောက်အကူပြုနိုင်