မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါသည် ကျွန်ုပ်တို့၏ တစည်းတလုံးချီးမွမ်းမှုကို ရထိုက်တော်မူ၏

ယေဟောဝါသည် ကျွန်ုပ်တို့၏ တစည်းတလုံးချီးမွမ်းမှုကို ရထိုက်တော်မူ၏

ယေဟောဝါသည် ကျွန်ုပ်တို့၏ တစည်းတလုံးချီးမွမ်းမှုကို ရထိုက်တော်မူ၏

‘အသင်လူအပေါင်းတို့၊ ယကိုချီးမွမ်းကြလော့။’—ဆာ. ၁၁၁:၁၊ ကဘ။

၁၊ ၂။ “ဟာလေလုယ” သည် အဘယ်အဓိပ္ပာယ်ရှိသနည်း၊ ခရစ်ယာန်ဂရိကျမ်းတွင် မည်သို့အသုံးပြုထားသနည်း။

“ဟာလေလုယ။” ယင်းသို့ဆိုမြည်သံကို ခရစ်ယာန်ဘောင်ချာ့ခ်ျများတွင် ကြားရလေ့ရှိသည်။ အချို့သူတို့သည် နေ့စဉ်စကားစမြည်ပြောဆိုမှုများတွင် ယင်းစကားလုံးကို အလေးအနက်ထားကြောင်း ကြားဖြတ်ကြားဖြတ်အသုံးပြုကြသည်။ သို့သော် အနည်းငယ်သောသူတို့သာ ယင်း၏မြင့်မြတ်သော အဓိပ္ပာယ်ကိုသိကြပြီး ယင်းကိုပြောကြသူများစွာတို့၏ ဘဝပုံစံမှာ ဘုရားသခင်ကို ရိုသေလေးမြတ်မှုမရှိကြပါ။ (တိ. ၁:၁၆) “ဟာလေလုယဟူသည် ဆာလံသီချင်းအမျိုးမျိုးကို ရေးစပ်သူတို့က မိမိတို့နှင့်အတူ ယေဟောဝါအားချီးမွမ်းရန် အားလုံးကိုဖိတ်ခေါ်ရာတွင် အသုံးပြုသည့်စကားလုံး” ဖြစ်သည်ဟု ကျမ်းစာအဘိဓာန်တစ်ခုက ရှင်းပြထား၏။ မှန်ပါသည်၊ ကျမ်းပညာရှင်များစွာက “ဟာလေလုယ” ၏အဓိပ္ပာယ်မှာ “ယေဟောဝါ [ဖြစ်သည့်] ‘ယကို ချီးမွမ်းကြ’” ဖြစ်သည်ဟုဆိုကြသည်။

ကမ္ဘာသစ်ဘာသာပြန်ကျမ်းက ဆာလံ ၁၁၁:၁ တွင် ‘အသင်လူအပေါင်းတို့၊ ယကိုချီးမွမ်းကြလော့’ ဟုပြန်ဆိုထားသည်ကို သဘောပေါက်နိုင်ပါသည်။ ယင်းအသုံးအနှုန်း၏ ဂရိစကားလုံးပုံစံကို ဗျာဒိတ် ၁၉:၁-၆ တွင်လေးကြိမ်တွေ့ရပြီး မှားယွင်းသောဝတ်ပြုရေးနိဂုံးချုပ်သွား၍ အောင်ပွဲခံချိန်တွင် သီဆိုခြင်းဖြစ်သည်။ ထိုသို့ဖြစ်သည့်အခါ စစ်မှန်သောဝတ်ပြုကိုးကွယ်သူတို့သည် “ဟာလေလုယ” အသုံးအနှုန်းကို ရိုသေလေးမြတ်စွာအသုံးပြုရန် အထူးအကြောင်းရင်းရှိကြမည်။

ကိုယ်တော်၏ကြီးမြတ်သောအမှုတော်များ

၃။ မှန်မှန်အတူတကွစုဝေးခြင်း၏ အဓိကရည်ရွယ်ချက်မှာ အဘယ်နည်း။

ဆာလံ ၁၁၁ ကိုစပ်ဆိုခဲ့သူက ယေဟောဝါသည် ကျွန်ုပ်တို့၏တစည်းတလုံးချီးမွမ်းမှုကို အလွန်ရထိုက်သည့် အကြောင်းရင်းများစွာကို ဖော်ပြသည်။ အခန်းငယ် ၁ တွင်ဤသို့ဖော်ပြ၏– ‘ငါသည် ဖြောင့်မတ်သောသူတို့၏ အစည်းအဝေး၌လည်းကောင်း၊ ပရိသတ်၌လည်းကောင်း ယေဟောဝါ၏ဂုဏ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်းမည်။’ ယနေ့အချိန်တွင် ယေဟောဝါသက်သေများလည်း အလားတူခံစားကြရသည်။ ဒေသခံအသင်းတော်များတွင်နှင့် ပို၍ကြီးသောစည်းဝေးကြီးများတွင် မှန်မှန်အတူတကွစုဝေးခြင်း၏ အဓိကရည်ရွယ်ချက်မှာ ယေဟောဝါအား ချီးမွမ်းရန်ဖြစ်သည်။

၄။ လူသားတို့သည် ယေဟောဝါ၏အမှုတော်တို့ကို မည်သို့ရှာဖွေလိုက်စစ်နိုင်သနည်း။

‘ယေဟောဝါ၏အမှုတော်တို့သည် ကြီးမြတ်ကြ၏။ ကြည်ညိုသောသူတို့သည် ထိုအမှုတော်တို့ကို ရှာဖွေလိုက်စစ်တတ်ကြ၏။’ (ဆာ. ၁၁၁:၂) “ရှာဖွေလိုက်စစ်” ဟူသောအသုံးအနှုန်းကို သတိပြုကြည့်ပါ။ ရည်ညွှန်းစာအုပ်တစ်အုပ်အဆိုအရ ယင်းအခန်းငယ်သည် ဘုရားသခင်၏အမှုတော်များကို “အဓိကရည်ရွယ်၍ စိတ်အားထက်သန်စွာ တွေးတောဆင်ခြင်၊ လေ့လာ” မှုပြုသူလူသားတို့နှင့် သက်ဆိုင်နိုင်သည်။ ယေဟောဝါ၏ဖန်ဆင်းရာများတွင် ထူးမြတ်လှသောရည်ရွယ်ချက်တို့နှင့် ပြည့်လျက်ရှိသည်။ ကိုယ်တော်သည် နေ၊ ကမ္ဘာနှင့် လတို့ကို နေရာချထားပြီး ယင်းတို့အားလုံးသည် သင့်တော်လျောက်ပတ်စွာ တစ်ခုနှင့်တစ်ခုချိတ်ဆက်လျက်ရှိရာ ကျွန်ုပ်တို့၏ကမ္ဘာတွင် အနွေးဓာတ်နှင့်အလင်း၊ နေ့နှင့်ည၊ ရာသီဥတုနှင့်ဒီရေအတက်အကျတို့ကို ဖြစ်စေသည်။

၅။ စကြဝဠာအကြောင်း လူတို့ပို၍သဘောပေါက်လာခြင်းက အဘယ်အရာဖော်ပြသနည်း။

သိပ္ပံပညာရှင်များသည် နေအဖွဲ့အစည်းအတွင်း ကမ္ဘာမြေကြီး၏တည်နေရာအပြင် လကမ္ဘာ၏ အပြစ်ဆိုဖွယ်မရှိသောပတ်လမ်းကြောင်း၊ အရွယ်အစား၊ ထုထည်တို့အကြောင်း များစွာရှာဖွေတွေ့ရှိခဲ့ကြပြီ။ ယင်းကောင်းကင်တန်ဆာတို့၏ အစီအစဉ်ကျမှု၊ တစ်ခုနှင့်တစ်ခုချိတ်ဆက်နေမှုတို့ကြောင့် လှပပြီးပုံမှန်ဖြစ်သော ရာသီဥတုအပြောင်းအလဲကို ဖြစ်စေနိုင်သည်။ ထို့ပြင် စကြဝဠာအတွင်းရှိ သဘာဝအင်အားစုများသည် ကောင်းစွာထိန်းညှိထားကြောင်း အချို့သူတို့သိရှိလာခဲ့ကြသည်။ စက်မှုအင်ဂျင်နီယာပါမောက္ခတစ်ဦးက “‘အတိအကျ’ ပုံစံပြုထားသောစကြဝဠာ” ခေါင်းစဉ်ရှိဆောင်းပါးတွင် ဤသို့ဖော်ပြထား၏– “စကြဝဠာဟာ မတော်တဆပေါက်ကွဲမှုကနေ ဖြစ်ပေါ်လာတဲ့အရာလို့ ယုံကြည်ရာကနေ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ အတွင်း တော်တော်များတဲ့သိပ္ပံပညာရှင်တွေရဲ့ယုံကြည်ချက် ပြောင်းလဲလာတာကို အလွယ်တကူပဲ နားလည်သဘောပေါက်နိုင်ပါတယ်။ အနုစိတ်နိုင်ပြီး လက်ရာမြောက်တဲ့ ကျွန်ုပ်တို့ရဲ့ကမ္ဘာအကြောင်း ပိုပြီးနားလည်သဘောပေါက်လေ ဉာဏ်ကြီးရှင်ဒီဇိုင်းနာတစ်ဦးရှိတယ်ဆိုတာယုံဖို့ အကြောင်းရင်းပိုများလေပါပဲ။”

၆။ လူကိုဘုရားသခင်ဖန်ဆင်းထားပုံနှင့်ပတ်သက်၍ သင်မည်သို့ခံစားရသနည်း။

ဖန်ဆင်းခြင်းဆိုင်ရာ နောက်ထပ်အမှုတော်တစ်ခုမှာ ကျွန်ုပ်တို့အား ဘုရားသခင်ဖန်ဆင်းထားပုံဖြစ်သည်။ (ဆာ. ၁၃၉:၁၄) လူကိုဖန်ဆင်းချိန်တွင် ကိုယ်တော်သည် လိုအပ်သောအင်္ဂါအပြည့်အစုံပါသည့် ကိုယ်ခန္ဓာနှင့် စိတ်အပြင် အလုပ်လုပ်ရန် စွမ်းရည်နှင့်ဉာဏ်စွမ်းကိုလည်း ပေးထားသည်။ ဥပမာ၊ ဘုရားသခင်ပေးထားသည့် စကားပြောဆိုနိုင်စွမ်း၊ နားထောင်နိုင်စွမ်းအပြင် ရေးနိုင်စွမ်း၊ ဖတ်နိုင်စွမ်းတို့သည် အံ့ဖွယ်ရာဖြစ်သည်။ များစွာသောသူတို့တွင် ထိုစွမ်းရည်များရှိ၏။ ထို့ပြင် သင်၌ မတ်တတ်အနေအထားရှိသော အလွန်လက်ရာမြောက်သည့် အံ့ဖွယ်ကောင်းသောကိုယ်ထည်လည်းရှိသည်။ သင့်ကိုယ်ခန္ဓာ၏ဒီဇိုင်းကျမှု၊ ဟန်ချက်ညီမှု၊ သဘာဝအလျောက်လှုပ်ရှားနိုင်မှုနှင့် ဓာတုဗေဒဆိုင်ရာဖြစ်စဉ်များသည် အလွန်အံ့သြမိန်းမောစေသည်။ ယင်းတို့အပြင် သင်၏စိတ်နှင့်အာရုံများ ဆိုင်ရာဆိုင်ရာဆောင်ရွက်နိုင်ရန် အာရုံကြောများ အံ့ဖွယ်ကောင်းလောက်အောင်ချိတ်ဆက်နေမှုကို မည်သည့်သိပ္ပံပညာရှင်ကမျှ ထပ်တူညီအောင် မလုပ်ဆောင်နိုင်ကြပါ။ အမှန်မှာ လူတို့၏ပြီးမြောက်အောင်မြင်မှုများသည် လူသားတို့ကိုပေးထားသော စိတ်နှင့်အာရုံများကြောင့်သာ လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။ သင့်လက်မနှင့်လက်ချောင်းများဖြစ်သော အံ့ဖွယ်ဒီဇိုင်းရှိမောင်းတံဆယ်ခုကဲ့သို့ လှပပြီးအလွန်အသုံးဝင်သည့်တစ်စုံတစ်ရာကို အကျွမ်းကျင်ဆုံး၊ စွမ်းရည်အပြည့်ဝဆုံးအင်ဂျင်နီယာပင်လျှင် မထုတ်လုပ်နိုင်ကြပါ။ သင့်ကိုယ်သင်ဤသို့မေးပါ– ‘ဘုရားသခင်ပေးထားသည့် လက်ချောင်းများကို ကျွမ်းကျင်စွာအသုံးပြုခြင်းမရှိဘဲ အလွန်လက်ရာမြောက်သော အနုပညာလက်ရာ၊ ဆောက်လုပ်ရေးအလုပ်တို့ကို လုပ်ဆောင်နိုင်ပါမည်လော။’

ယေဟောဝါ၏ ကြီးမြတ်သောအမှုတော်များနှင့် အရည်အသွေးများ

၇။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို ဘုရားသခင်၏ ကြီးမားလှသောအမှုတော်များထဲမှ တစ်ခုအဖြစ် အဘယ်ကြောင့်ရှုမြင်သင့်သနည်း။

ယေဟောဝါ၏ကြီးမားလှသောအမှုတော်များတွင် လူသားတို့အတွက် ကိုယ်တော်လုပ်ဆောင်ပေးခဲ့သည့် အခြားအံ့ဖွယ်ရာများပါဝင်ပြီး ယင်းတို့ကို သမ္မာကျမ်းစာ၌ဖော်ပြထားသည်။ ကျမ်းစာကိုယ်နှိုက်သည် အတွင်းသဘောချင်းညီညွတ်သော ထူးခြားသည့်စာအုပ်တစ်အုပ်ဖြစ်သည်။ အခြားမည်သည့်စာအုပ်နှင့်မျှမတူဘဲ “ဘုရားသခင့် စွမ်းအားတော်၏လမ်းညွှန်မှုဖြင့် ရေးထားသောကြောင့် သွန်သင်ခြင်း . . . တွင်အကျိုးရှိ၏။” (၂ တိ. ၃:၁၆) ဥပမာ၊ သမ္မာကျမ်းစာ၏ဦးဆုံးကျမ်းဖြစ်သော ကမ္ဘာဦးကျမ်းတွင် နောဧခေတ်က ဆိုးသွမ်းမှုကို မြေကြီးပေါ်မှ ဘုရားသခင်သုတ်သင်ပုံကို ရှင်းပြထား၏။ ဒုတိယကျမ်းဖြစ်သော ထွက်မြောက်ရာကျမ်းတွင် ယေဟောဝါသည် ဣသရေလလူမျိုးအား အီဂျစ်ကျွန်ဘဝမှကယ်နုတ်ခြင်းဖြင့် မိမိသည်ဘုရားသခင်ဖြစ်ကြောင်း သံသယကင်းရှင်းစေခဲ့ပုံကို ဖော်ပြထားသည်။ ဆာလံဆရာသည် ယင်းအဖြစ်အပျက်များကို စိတ်ထဲရှိခဲ့ပုံရသည်၊ သူဤသို့ဆိုထား၏– ‘[ယေဟောဝါ] စီရင်တော်မူသောအရာသည် အသရေနှင့်ပြည့်စုံ၍ ဖြောင့်မတ်တော်မူခြင်းတရားလည်း အစဉ်အမြဲတည်၏။ အံ့ဖွယ်သောအမှုတော်တို့ကို အောက်မေ့ဖို့ရာစီရင်တော်မူပြီ။ ယေဟောဝါသည် ကျေးဇူးပြုတတ်သောသဘော၊ သနားစုံမက်တတ်သောသဘောနှင့် ပြည့်စုံတော်မူ၏။’ (ဆာ. ၁၁၁:၃၊ ၄) သင့်ဘဝအသက်တာတွင် လုပ်ဆောင်တော်မူခဲ့ရာများအပါအဝင် သမိုင်းတစ်လျှောက် ယေဟောဝါစီရင်တော်မူသောအရာတို့သည် ကိုယ်တော်၏ “အသရေ” ကိုအောက်မေ့ဖို့ရာဖြစ်သည်ကို သင်သဘောတူသည်မဟုတ်လော။

၈၊ ၉။ (က) ဘုရားသခင်၏အမှုတော်တို့သည် လူတို့၏လုပ်ဆောင်မှုများနှင့် အဘယ်နည်းများတွင် ကွဲပြားခြားနားသနည်း။ (ခ) သင်တန်ဖိုးထားလေးမြတ်သည့် ဘုရားသခင်၏အရည်အသွေးတချို့မှာ အဘယ်နည်း။

ဆာလံဆရာသည် ယေဟောဝါ၏ထင်ရှားသောအရည်အသွေးများဖြစ်သော ဖြောင့်မတ်ခြင်း၊ ကျေးဇူးပြုတတ်သောသဘော၊ သနားစုံမက်တတ်သောသဘောစသည်တို့ကို အလေးပေးဖော်ပြထားသည်ကိုလည်း သတိပြုကြည့်ပါ။ အပြစ်သားလူတို့၏လုပ်ဆောင်မှုများသည် ဖြောင့်မတ်ခြင်းတရားအပေါ်အခြေခံကာပြုလုပ်ခြင်းမျိုး အလွန်ရှားကြောင်း သင်သိပါသည်။ များသောအားဖြင့် လောဘ၊ မနာလိုမှုနှင့် မာန်မာနတို့ကြောင့် ပြုလုပ်လေ့ရှိကြသည်။ လူတို့သည် စစ်ဖြစ်ဖို့ လှုံ့ဆော်ရန်အတွက်နှင့် စီးပွားရေးအကျိုးအမြတ်အတွက် ရက်စက်သောလက်နက်များကိုတီထွင်ခြင်းက အထောက်အထားဖြစ်သည်။ ယင်းသည် သန်းနှင့်ချီသောအပြစ်မဲ့သူတို့အား မပြောပြနိုင်လောက်သည့် ကိုယ်စိတ်ဆင်းရဲမှုတို့ကို ဖြစ်စေကြသည်။ ထို့ပြင် များစွာသောလူတို့၏အလုပ်များသည် ဆင်းရဲသားများကို ဖိနှိပ်အသုံးချခြင်းမှ ပြီးမြောက်ခြင်းဖြစ်သည်။ ကိုးကားဖော်ပြနိုင်သည့်ဥပမာများစွာထဲမှတစ်ခုမှာ ကျွန်များကိုသုံးကာ ပိရမစ်များကိုတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ပိရမစ်များသည် များသောအားဖြင့် မာနကြီးမောက်မာသောဖာရောဘုရင်တို့ကို မြှုပ်နှံသည့်နေရာများဖြစ်သည်။ ထို့ပြင် မျက်မှောက်ခေတ် များစွာသောလူတို့၏လုပ်ရပ်တို့သည် ဖိနှိပ်ရုံသာမကပါ၊ ‘မြေကြီးကိုပျက်စီးစေ’ ကြသည်။—ဗျာ. ၁၁:၁၈ ကိုဖတ်ပါ။

ယင်းတို့သည် ဖြောင့်မတ်ခြင်းတရားအပေါ်အမြဲအခြေခံသော ယေဟောဝါ၏အမှုတော်တို့နှင့် အလွန်ကွာခြားသည်။ ကိုယ်တော်၏အမှုတော်တို့တွင် အပြစ်သားလူတို့ကိုကယ်တင်ရန် သနားကြင်နာမှုပါသည့် ပြင်ဆင်ပေးချက်ပါဝင်သည်။ ရွေးနုတ်ဖိုးပြင်ဆင်ပေးရာတွင် ဘုရားသခင်သည် “ဖြောင့်မတ်တော်မူကြောင်း ဖော်ပြ” ခြင်းဖြစ်သည်။ (ရော. ၃:၂၅၊ ၂၆) မှန်ပါသည်၊ ကိုယ်တော်၏ ‘ဖြောင့်မတ်တော်မူခြင်းတရားသည် အစဉ်အမြဲတည်၏။’ အပြစ်သားများနှင့်ဆက်ဆံရာ၌ ဘုရားသခင်၏စိတ်ရှည်သည်းခံမှုတွင် ကျေးဇူးပြုတတ်သောသဘောကို အထင်အရှားတွေ့မြင်ခဲ့ရပြီဖြစ်သည်။ ကိုယ်စိတ်ဆင်းရဲစေသောလမ်းစဉ်မှပြန်လှည့်လာပြီး မှန်ရာလုပ်ဆောင်ဖို့ လူသားတို့အား ကိုယ်တော်တောင်းဆိုရာတွင် ကိုယ်တော်သည် သူတို့ကိုကြင်နာစွာမိန့်တော်မူခဲ့သည်။—ယေဇကျေလ ၁၈:၂၅ ကိုဖတ်ပါ။

မိမိ၏ကတိတော်များကိုတည်စေ

၁၀။ ယေဟောဝါသည် အာဗြဟံနှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကိုတည်စေခဲ့ကြောင်း အဘယ်ပုံသက်သေပြခဲ့သနည်း။

၁၀ “ကြောက်ရွံ့ရိုသေသောသူတို့ကို ကျွေးမွေးတော်မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အောက်မေ့တော်မူ၏။” (ဆာ. ၁၁၁:၅) ဤတွင် ဆာလံဆရာက အာဗြဟံပဋိညာဉ်ကို ရည်ညွှန်းခဲ့ပုံရသည်။ အာဗြဟံ၏အမျိုးအနွယ်ကို ကောင်းချီးပေးမည်၊ သူတို့သည် ရန်သူတို့၏မြို့တံခါးများကို အစိုးရလိမ့်မည်ဟု ယေဟောဝါကတိပြုခဲ့သည်။ (က. ၂၂:၁၇၊ ၁၈; ဆာ. ၁၀၅:၈၊ ၉) ယင်းကတိတော်၏ အစောပိုင်းပြည့်စုံမှုတွင် အာဗြဟံ၏အမျိုးအနွယ်မှာ ဣသရေလလူမျိုးဖြစ်လာခဲ့သည်။ ထိုလူမျိုးသည် အီဂျစ်ပြည်၌ ကြာရှည်စွာကျွန်ခံနေခဲ့ကြရသော်လည်း နောက်ပိုင်း ‘ဘုရားသခင်သည် အာဗြဟံနှင့်ပြုခဲ့ဖူးသောပဋိညာဉ်ကို အောက်မေ့တော်မူ’ ကာ သူတို့ကိုကယ်လွှတ်ခဲ့သည်။ (ထွ. ၂:၂၄) သူတို့နှင့်ယေဟောဝါဆက်ဆံပုံက ကိုယ်တော်သည် သူတို့အားအလွန်ရက်ရောကြောင်း ဖော်ပြသည်။ သူတို့၏ကိုယ်ခန္ဓာအားပြည့်ရန် ကာယအစာစီစဉ်ပေးပြီး မိမိစံနှုန်းများလိုက်လျှောက်ရန်အထောက်အကူအဖြစ် အချက်အလက်များကိုလည်းပေးခဲ့သည်။ (တရား. ၆:၁-၃; ၈:၄; နေ. ၉:၂၁) ယင်းနောက်ပိုင်းရာစုနှစ်များအတွင်း ဣသရေလလူမျိုးသည် ဘုရားသခင့်စကားကို အဖန်ဖန်နားမထောင်ခဲ့ကြသော်လည်း ဘုရားသခင်သည် သူတို့ပြန်လှည့်လာစေရန်တိုက်တွန်းဖို့ ပရောဖက်များကိုစေလွှတ်ခဲ့သည်။ ဣသရေလလူမျိုးကို အီဂျစ်ပြည်မှကယ်နုတ်ပြီးနောက် နှစ်ပေါင်း ၁,၅၀၀ ကျော်အချိန်တွင် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို မြေကြီးသို့စေလွှတ်ခဲ့သည်။ ဂျူးအများစုသည် ယေရှုကိုငြင်းပယ်ခဲ့ကြပြီး ကိုယ်တော်ကိုသတ်စေခဲ့သည်။ ထို့ကြောင့် ယေဟောဝါသည် လူမျိုးသစ်၊ ပုံဆောင်လူမျိုးဖြစ်သော “ဘုရားသခင်၏ အစ္စရေးလူမျိုး” ကိုဖွဲ့စည်းခဲ့သည်။ ထိုလူမျိုးသည် ခရစ်တော်နှင့်အတူ အာဗြဟံ၏ပုံဆောင်အမျိုးအနွယ်ဖြစ်ကြပြီး ယေဟောဝါသည် ယင်းအမျိုးအနွယ်ကိုသုံးကာ လူသားတို့ကိုကောင်းချီးပေးမည်ဟု ကြိုဟောထားသည်။—ဂလ. ၃:၁၆၊ ၂၉; ၆:၁၆

၁၁။ အာဗြဟံနှင့်ဖွဲ့ခဲ့သော “ပဋိညာဉ်တရားတော်ကို” မည်သို့ဆက်၍ “အောက်မေ့တော်မူ” သနည်း။

၁၁ ယေဟောဝါသည် “ပဋိညာဉ်တရားတော်” နှင့်ယင်းအားဖြင့်ကတိပြုခဲ့သော ကောင်းချီးများကို ဆက်၍ “အောက်မေ့တော်မူ” ခဲ့သည်။ ယနေ့အချိန်တွင် ကိုယ်တော်သည် ပုံဆောင်အစာကို ဘာသာစကား ၄၀၀ ကျော်ဖြင့် အလျှံပယ်ထောက်ပံ့ပြင်ဆင်ပေးလျက်ရှိသည်။ ကာယရေးလိုအပ်ရာများနှင့်ပတ်သက်၍ “ယနေ့အတွက် အသက်မွေးလောက်သောအစာကို ကျွန်ုပ်တို့အား ယနေ့ပေးသနားတော်မူပါ” ဟူသောစကားများနှင့်ဆင်တူသည့် ကျွန်ုပ်တို့၏ဆုတောင်းချက်များကိုလည်း ကိုယ်တော်ဆက်၍နားညောင်းတော်မူ၏။—လု. ၁၁:၃; ဆာ. ၇၂:၁၆၊ ၁၇; ဟေရှာ. ၂၅:၆-၈

စိုးရွံ့ထိတ်လန့်ဖွယ်ကောင်းသော ယေဟောဝါ၏တန်ခိုး

၁၂။ ရှေးဣသရေလလူမျိုးအား “တစ်ပါးအမျိုးသားတို့၏အမွေ” ကိုအဘယ်နည်းဖြင့်ပေးခဲ့သနည်း။

၁၂ “အမှုတော်တို့၌ရှိသောတန်ခိုးကို မိမိလူတို့အားပြ၍ တစ်ပါးအမျိုးသားတို့၏အမွေကို ပေးတော်မူ၏။” (ဆာ. ၁၁၁:၆) ဆာလံဆရာ၏စိတ်ထဲတွင်ရှိနေနိုင်သည့်အရာတစ်ခုမှာ ဣသရေလသမိုင်းတွင် ထူးခြားသောအဖြစ်အပျက်တစ်ခုဖြစ်သည့် အီဂျစ်ပြည်မှအံ့ဖွယ်ကယ်နုတ်ခံရခြင်းဖြစ်သည်။ နောက်ဆုံး ယေဟောဝါသည် ဣသရေလလူမျိုးကို ကတိထားရာပြည်တော်ထဲဝင်ခွင့်ပေးချိန်တွင် သူတို့သည် ယော်ဒန်မြစ်အရှေ့ဘက်နှင့် အနောက်ဘက်ရှိနိုင်ငံများကို အနိုင်တိုက်နိုင်ခဲ့ကြသည်။ (နေဟမိ ၉:၂၂-၂၅ ကိုဖတ်ပါ။) အမှန်ပင်၊ ယေဟောဝါသည် ဣသရေလလူမျိုးအား “တစ်ပါးအမျိုးသားတို့၏အမွေ” ကိုပေးခဲ့သည်။ ဘုရားသခင့်တန်ခိုးတော်တင်ပြချက်တစ်ရပ်ပင်။

၁၃၊ ၁၄။ (က) ဆာလံဆရာ၏စိတ်ထဲတွင် ဗာဗုလုန်နှင့်ပတ်သက်၍ ယေဟောဝါ၏အဘယ်တန်ခိုးတော်ဖော်ပြချက် ရှိခဲ့ခြင်းဖြစ်နိုင်သနည်း။ (ခ) အဘယ်နောက်ထပ်ကြီးမားသော ကယ်နုတ်ခြင်းအမှုတော်များကို ယေဟောဝါလုပ်ဆောင်ခဲ့သနည်း။

၁၃ ယေဟောဝါသည် ဣသရေလလူတို့အဖို့ လုပ်ဆောင်ပေးခဲ့သော်လည်း သူတို့သည် ဘုရားသခင်ကိုရော၊ သူတို့၏ဘိုးဘေးဖြစ်သော အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ကိုပါ လေးစားမှုမရှိကြောင်း ကျွန်ုပ်တို့တွေ့ရသည်။ သူတို့ဆက်၍ပုန်ကန်ခဲ့ကြသောကြောင့် သူတို့ကိုပြည်တော်မှဖယ်ရှားကာ သုံ့ပန်းများအဖြစ်ခေါ်ဆောင်သွားစေဖို့ ဗာဗုလုန်ကို ဘုရားသခင်အသုံးပြုခဲ့သည်။ (၆ ရာ. ၃၆:၁၅-၁၇; နေ. ၉:၂၈-၃၀) ကျမ်းပညာရှင်အချို့အဆိုအရ ဆာလံ ၁၁၁ ကိုစပ်ဆိုသူသည် ဗာဗုလုန်သို့ပြည်နှင်ခံပြီး ဣသရေလပြည်သို့ပြန်ရောက်ပြီးနောက် အသက်ရှင်ခဲ့သူဖြစ်မည်ဆိုလျှင် သူ့တွင် ယေဟောဝါ၏တည်ကြည်မှုနှင့် တန်ခိုးတော်အတွက် ကိုယ်တော်အားချီးမွမ်းရန် နောက်ထပ်အကြောင်းရင်းရှိခဲ့သည်။ သုံ့ပန်းများကို ပြန်လွှတ်ရိုးထုံးစံမရှိသော ဗာဗုလုန်အင်ပါယာ၏လက်မှ ဂျူးလူမျိုးကိုကယ်နုတ်ခြင်းဖြင့် ဘုရားသခင်သည် မိမိ၏တည်ကြည်မှုနှင့်တန်ခိုးတော်ကို တင်ပြခဲ့သည်။—ဟေရှာ. ၁၄:၄၊ ၁၇

၁၄ ယင်းနောက် ငါးရာစုခန့်ကြာသည့်အခါ ယေဟောဝါသည် နောင်တရသောအပြစ်သားများအား အပြစ်နှင့်သေခြင်းကျွန်ဘဝမှကယ်နုတ်ခြင်းဖြင့် မိမိ၏တန်ခိုးတော်ကို သာ၍ကြီးသောနည်းဖြင့်သုံးခဲ့သည်။ (ရော. ၅:၁၂) ရလဒ်တစ်ခုမှာ ၁၄၄,၀၀၀ သောသူတို့အဖို့ ခရစ်တော်၏ ဘိသိက်ပေးခံရသောနောက်လိုက်များဖြစ်လာရန် လမ်းပွင့်ခဲ့သည်။ ၁၉၁၉ ခုနှစ်တွင် ထိုဘိသိက်ပေးခံရသော အကြွင်းအကျန်အုပ်စုငယ်လေးကို မှားယွင်းသောဝတ်ပြုရေးတွင် သုံ့ပန်းဖြစ်နေခြင်းမှ ကယ်နုတ်ရန် မိမိ၏တန်ခိုးတော်ကို ယေဟောဝါ အသုံးပြုခဲ့သည်။ ဤနောက်ဆုံးသောကာလအတွင်း သူတို့၏ပြီးမြောက်အောင်မြင်မှုများက ဘုရားသခင်၏တန်ခိုးတော်ကြောင့်သာဖြစ်နိုင်သည်။ သေသည်အထိတည်ကြည်ကြောင်းတင်ပြခြင်းဖြင့် သူတို့သည် ကောင်းကင်မှနေ၍ မြေကြီးပေါ်ရှိ နောင်တရသောလူသားတို့အကျိုးအတွက် ယေရှုခရစ်နှင့်အတူ ပူးတွဲအုပ်ချုပ်ကြမည်။ (ဗျာ. ၂:၂၆၊ ၂၇; ၅:၉၊ ၁၀) သူတို့သည် ရှေးဣသရေလလူမျိုးထက် ပို၍သာလွန်ကြီးမြတ်သည့်နည်းဖြင့် မြေကြီးကို အမွေရကြလိမ့်မည်။—မ. ၅:၅

ထာဝရတည်မြဲပြီး ယုံကြည်အားထားထိုက်သည့်မူများ

၁၅၊ ၁၆။ (က) ဘုရားသခင့်လက်တော်နှင့်ပြုသောအမှုတို့တွင် အဘယ်အရာပါဝင်သနည်း။ (ခ) ဘုရားသခင်သည် ရှေးဣသရေလလူမျိုးအား အဘယ်ပညတ်များ ပေးခဲ့သနည်း။

၁၅ ‘လက်တော်နှင့်ပြုသောအမှုတို့သည် အမှန်တရားနှင့်လည်းကောင်း၊ တရားမျှတမှုနှင့်လည်းကောင်း ညီပါ၏။ ကိုယ်တော်၏ပညတ်တော်မှန်သမျှသည် ယုံကြည်အားထားထိုက်ပါပေသည်။ ထိုပညတ်တော်တို့သည် ထာဝစဉ်တည်ပါ၏။ ယင်းတို့ကို အမှန်တရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း စီရင်ထားတော်မူပြီ။’ (ဆာ. ၁၁၁:၇၊ ၈ကဘ) ‘[ယေဟောဝါ၏] လက်တော်နှင့်ပြုသောအမှုတို့’ တွင် ဣသရေလလူမျိုးအတွက် အရေးကြီးသောပညတ်တော်ဆယ်ပါးရေးသားထားသည့် ကျောက်ပြားနှစ်ပြားလည်း ပါဝင်သည်။ (ထွ. ၃၁:၁၈) မောရှေ၏ပညတ်ပဋိညာဉ်အဝင်ဖြစ်လာသော အခြားစည်းမျဉ်းအားလုံးအပါအဝင် ယင်းပညတ်တို့သည် ထာဝစဉ်တည်သော၊ ယုံကြည်အားထားထိုက်သောမူများအပေါ် အခြေခံသည်။

၁၆ ဥပမာ၊ ထိုကျောက်ပြားပေါ်ရေးထားသော ပညတ်များထဲမှတစ်ခုမှာ ‘သင်၏ဘုရားသခင် ငါယေဟောဝါသည် အကြွင်းမဲ့စိတ်နှလုံးဖြင့် အပ်နှံဝတ်ပြုခြင်းကို ကျပ်တည်းစွာပြုစေလိုသောဘုရားသခင်ဖြစ်၏’ ဟုဆိုထားသည်။ ထို့ပြင် ယေဟောဝါအား ‘ချစ်၍ ကိုယ်တော့်ပညတ်တို့ကိုကျင့်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင် ချစ်ခင်ကြင်နာမှုကိုပြသောဘုရားသခင်’ ဖြစ်ကြောင်း ဆက်၍ဖော်ပြထား၏။ ကျောက်ပြားပေါ်တွင်ပါရှိသောပညတ်တွင် “သင်၏မိဘကိုရိုသေစွာပြုလော့၊” “သူ့ဥစ္စာကိုမခိုးနှင့်” ပညတ်အပြင် အခြားသူပိုင်ဆိုင်ရာများကို တပ်မက်လိုချင်သောစိတ်မရှိနှင့်စသည့် အလွန့်အလွန်ထိုးထွင်းသိမြင်မှုရှိသည့်၊ မည်သည့်အချိန်ကာလတွင်မဆိုအသုံးဝင်သည့်မူများ ပါရှိသည်။—ထွ. ၂၀:၅ကဘ၊ ၁၂၁၅၁၇

သန့်ရှင်းသော၊ ကြောက်ရွံ့ရိုသေဖွယ်ဖြစ်သော ရွေးနုတ်ရှင်

၁၇။ ဣသရေလလူမျိုးသည် ဘုရားသခင်၏နာမတော်ကို သန့်ရှင်းစွာအသုံးပြုရန် အဘယ်အကြောင်းရင်းများရှိသနည်း။

၁၇ “မိမိလူတို့၌ ရွေးတော်မူခြင်းကျေးဇူးကို ပြုတော်မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အမြဲထားတော်မူ၏။ နာမတော်သည်သန့်ရှင်း၏။ ကြောက်ရွံ့ရိုသေဖွယ်ဖြစ်၏။” (ဆာ. ၁၁၁:၉) ဤတွင်တစ်ဖန် ဆာလံဆရာ၏စိတ်ထဲတွင် ယေဟောဝါသည် အာဗြဟံနှင့်ဖွဲ့သောပဋိညာဉ်အပေါ် တည်ကြည်ခဲ့ကြောင်း စိတ်ထဲရှိပုံရသည်။ ယင်းပဋိညာဉ်နှင့်အညီ ယေဟောဝါသည် မိမိလူမျိုးအား အစပိုင်း ရှေးအီဂျစ်ပြည်၌ကျွန်ဖြစ်နေစဉ်နှင့် နောက်ပိုင်း ဗာဗုလုန်တွင်သုံ့ပန်းဖြစ်နေစဉ်တွင် သူတို့ကို ကိုယ်တော်မစွန့်ပစ်ခဲ့ပါ။ ဖြစ်ရပ်နှစ်ခုစလုံးတွင် ဘုရားသခင်သည် မိမိလူမျိုးကိုရွေးနုတ်ခဲ့သည်။ ပြီးမြောက်အောင်မြင်မှုနှစ်ခုစလုံးအတွက် ဣသရေလလူမျိုးလုပ်ဆောင်သင့်သည့် တစ်ခုတည်းသောအရာမှာ ဘုရားသခင်၏နာမတော်ကို သန့်ရှင်းစွာအသုံးပြုခြင်းဖြစ်သည်။—ထွက်မြောက်ရာ ၂၀:၇; ရောမ ၂:၂၃၊ ၂၄ တို့ကိုဖတ်ပါ။

၁၈။ ဘုရားသခင့်နာမတော်ခံယူရခြင်းကို အခွင့်ထူးတစ်ရပ်အနေနှင့် သင်အဘယ်ကြောင့်ယူမှတ်သနည်း။

၁၈ ယနေ့၊ အပြစ်နှင့်သေခြင်း၏ကျွန်ဘဝတွင် မျှော်လင့်ချက်မဲ့နေသည့်အဖြစ်မှ ရွေးနုတ်ခံခဲ့ရသူခရစ်ယာန်တို့လည်း အလားတူပြုမူသင့်သည်။ ကျွန်ုပ်တို့သည် စံပြဆုတောင်းချက်ပါ ဦးဆုံးတောင်းဆိုချက်ဖြစ်သော “ကိုယ်တော်၏နာမတော်သည် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ” နှင့်အညီနေထိုင်ရန် အတတ်နိုင်ဆုံးလုပ်ဆောင်သင့်သည်။ (မ. ၆:၉) ထူးခြားသောယင်းနာမတော်အကြောင်း တွေးတောဆင်ခြင်ခြင်းဖြင့် ဘုရားသခင်အား ကြောက်ရွံ့ရိုသေစိတ်ဖြစ်စေသင့်သည်။ ဆာလံ ၁၁၁ ကိုရေးစပ်သူသည် ဘုရားသခင်အားကြောက်ရွံ့ရိုသေရာတွင် မှန်ကန်သောသဘောထားရှိခဲ့သည်၊ သူဤသို့ဆိုထား၏– ‘ယေဟောဝါကိုကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။ ပညတ်တော်တို့ကို စောင့်ရှောက်သမျှသောသူတို့သည် ကောင်းသောဉာဏ်ရှိကြ၏။’ဆာ. ၁၁၁:၁၀

၁၉။ နောက်ဆောင်းပါးတွင် အဘယ်အရာကို သုံးသပ်ကြမည်နည်း။

၁၉ ဘုရားသခင်အားကြောက်ရွံ့ရိုသေခြင်းသည် မကောင်းမှုကိုရွံမုန်းရန် အထောက်အကူပြုမည်။ ဆာလံ ၁၁၂ တွင်ဖော်ပြထားသည့်အတိုင်း ဘုရားသခင်၏ နှစ်လို့ဖွယ်ကောင်းသောအရည်အသွေးများကို တုပရန်လည်း အထောက်အကူပြုမည်ဖြစ်ပြီး ယင်းကို နောက်ဆောင်းပါးတွင် သုံးသပ်ကြပါမည်။ ယင်းဆာလံကျမ်းက ဘုရားသခင်အား ထာဝစဉ်ရွှင်လန်းစွာချီးမွမ်းကြမည့် သန်းနှင့်ချီသောသူများထဲတွင် ကျွန်ုပ်တို့ အရည်အသွေးပြည့်မီနိုင်ပုံကို ဖော်ပြပါမည်။ ကိုယ်တော်သည် ထာဝစဉ်ရွှင်လန်းစွာချီးမွမ်းမှုကို ခံထိုက်တော်မူသည်။ “ဂုဏ်အသရေတော်သည် အစဉ်အမြဲတည်သတည်း။”ဆာ. ၁၁၁:၁၀

တွေးတောဆင်ခြင်ရန်မေးခွန်းများ

• ယေဟောဝါသည် ကျွန်ုပ်တို့၏တစည်းတလုံးချီးမွမ်းမှုကို အဘယ်ကြောင့်ရထိုက်သနည်း။

• ယေဟောဝါ၏အမှုတော်များတွင် ကိုယ်တော်၏အဘယ်အရည်အသွေးများကို တွေ့ရသနည်း။

• ဘုရားသခင့်နာမတော်ခံယူရသည့်အခွင့်ထူးကို သင်မည်သို့ ရှုမြင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

အသင်းတော်တွင် မှန်မှန်စုဝေးခြင်း၏ အဓိကရည်ရွယ်ချက်မှာ ယေဟောဝါအား ချီးမွမ်းရန်ဖြစ်

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ယေဟောဝါ၏ပညတ်အားလုံးသည် ထာဝစဉ်တည်သော၊ ယုံကြည်အားထား ထိုက်သောမူများအပေါ် အခြေခံ