မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သည် ယေဟောဝါကို မမေ့လျော့ရ

သင်သည် ယေဟောဝါကို မမေ့လျော့ရ

သင်သည် ယေဟောဝါကို မမေ့လျော့ရ

ဣသရေလလူအချို့သည် ယခင်က ဤသို့လုပ်ခဲ့ဖူးသည်။ သို့သော် ဣသရေလလူအများစုအဖို့မူ ရေမစိုဘဲ မြစ်ကြမ်းပြင်ကို ဖြတ်ကူးရသည်မှာ ဦးဆုံးနှင့် တစ်ကြိမ်တည်းသာဖြစ်ခဲ့သည်။ ယေဟောဝါသည် စီးဆင်းနေသောယော်ဒန်မြစ်ကို ရပ်တန့်စေခဲ့သည်။ ယခု သန်းနှင့်ချီသောဣသရေလလူတို့သည် ကတိထားရာပြည်ထဲဝင်ရန် ရှည်လျားကျယ်ပြန့်စွာစီတန်း၍ မြစ်ကြမ်းပြင်ကို ဖြတ်ကူးခဲ့ကြသည်။ လွန်ခဲ့သောအနှစ် ၄၀ ကပင်လယ်နီတွင်ရှိခဲ့သော သူတို့၏ရှေးဘိုးဘေးတို့ကဲ့သို့ ယခုယော်ဒန်မြစ်ကိုဖြတ်ကူးနေကြသောသူများစွာသည် ‘ဒီမှာယေဟောဝါပြုခဲ့တဲ့အရာကို ငါဘယ်တော့မှ မေ့မှာမဟုတ်ဘူး’ ဟုတွေးကိုတွေးခဲ့ကြပေမည်။—ယောရှု ၃:၁၃-၁၇

သို့သော် ဣသရေလလူအချို့သည် “အမှုတော်ကိုအလျင်အမြန်မေ့လျော့” ကြမည်ဖြစ်ကြောင်း ယေဟောဝါသိတော်မူ၏။ (ဆာ. ၁၀၆:၁၃) ထို့ကြောင့် ကိုယ်တော်သည် ဣသရေလခေါင်းဆောင်ယောရှုအား မြစ်ကြမ်းပြင်မှ ကျောက် ၁၂ နှစ်လုံးကို ယူသွားရန်နှင့် ယင်းတို့ကို သူတို့ဦးဆုံးစခန်းချရာအရပ်တွင်ထားရန် မှာကြားခဲ့သည်။ ယောရှု ဤသို့ရှင်းပြ၏– ‘ဤကျောက်တို့သည် ဣသရေလအမျိုးသား အောက်မေ့စရာဖို့ဖြစ်ကြလိမ့်မည်။’ (ယောရှု ၄:၁-၈) ထိုအောက်မေ့ရာကျောက်တို့က ဣသရေလလူတို့အား ယေဟောဝါ၏တန်ခိုးကြီးလုပ်ရပ်များကို သတိရစေမည်ဖြစ်ပြီး ကိုယ်တော်အား အဘယ်ကြောင့်တည်ကြည်စွာအမှုဆောင်သင့်ကြောင်းကို စွဲမှတ်စေသည်။

ထိုမှတ်တမ်းသည် ယနေ့ ဘုရားသခင့်လူမျိုးအတွက် အရေးကြီးပါသလော။ အရေးကြီးပါသည်။ ကျွန်ုပ်တို့လည်း ယေဟောဝါကို ဘယ်တော့မျှမမေ့လျော့ရပါ၊ ကိုယ်တော့်ကို တည်ကြည်စွာ ဆက်အမှုဆောင်ရမည်။ ဣသရေလလူတို့အားပေးသော အခြားသတိပေးချက်များသည် ယနေ့ ယေဟောဝါ၏ကျေးကျွန်များနှင့် သက်ဆိုင်နိုင်သည်။ မောရှေ၏ဤစကားကို သုံးသပ်ကြည့်ပါ– ‘စီရင်ထုံးဖွဲ့ချက် ပညတ်တရားတော်တို့ကို သင်သည်မစောင့်၊ သင်၏ဘုရားသခင်ယေဟောဝါကို မေ့လျော့သောအပြစ်ကို သတိနှင့်ရှောင်လော့။’ (တရား. ၈:၁၁) ယင်းက ယေဟောဝါကိုမေ့လျော့ခြင်းသည် စိတ်လိုကိုယ်လျောက်မနာခံခြင်းနှင့်ဆက်စပ်နေကြောင်း ဖော်ပြသည်။ ကျွန်ုပ်တို့အချိန်တွင်လည်း အမှန်ပင် အန္တရာယ်ရှိနေပါသည်။ ခရစ်ယာန်များကို စာရေးရာတွင် တမန်တော်ပေါလုက တောကန္တာရတွင် ဣသရေလလူများတင်ပြခဲ့သည့် “နာခံမှုကင်းမဲ့” သည့်အဖြစ်သို့မရောက်ရန် သတိပေးသည်။—ဟေဗြဲ ၄:၈-၁၁

ဘုရားသခင်ကို ကျွန်ုပ်တို့မမေ့လျော့သင့်ကြောင်း အလေးပေးမည့် ဣသရေလသမိုင်းကြောင်းပါ အဖြစ်အပျက်တချို့ကို သုံးသပ်ကြည့်ကြစို့။ ထို့ပြင် တည်ကြည်သောဣသရေလအမျိုးသားနှစ်ဦး၏ အသက်တာမှသင်ခန်းစာများသည် ယေဟောဝါအား ကျွန်ုပ်တို့ ခံနိုင်ရည်ရှိရှိ၊ ကျေးဇူးတင်လေးမြတ်စိတ်ဖြင့်အမှုဆောင်ရန် အထောက်အကူပြုပါလိမ့်မည်။

ယေဟောဝါကို သတိရရန်အကြောင်းရင်းများ

ဣသရေလလူတို့ အီဂျစ်ပြည်တွင်ရှိခဲ့သည့် နှစ်များတစ်လျှောက် သူတို့ကို ယေဟောဝါ ဘယ်တော့မှ မမေ့ခဲ့ပါ။ ကိုယ်တော်သည် “အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့်ပြုခဲ့ဖူးသောပဋိညာဉ်ကို အောက်မေ့တော်မူ၏။” (ထွ. ၂:၂၃၊ ၂၄) ထို့ကြောင့် သူတို့ကို ကျွန်ဘဝမှ ကိုယ်တော်လွတ်မြောက်စေခဲ့သည်ကို အမှန်ပင်မမေ့သင့်ပေ။

ယေဟောဝါသည် အီဂျစ်ပြည်ကို ကပ်ဘေးကိုးခုဖြင့် ဒဏ်ခတ်ပြီးဖြစ်သည်။ ဖာရော၏မှော်ဆရာများသည် ယင်းတို့ကို မရပ်တန့်စေနိုင်ခဲ့ပါ။ သို့တိုင် ဖာရောသည် ဣသရေလလူတို့ကို ထွက်သွားခွင့်မပြုခြင်းအားဖြင့် ယေဟောဝါကို အန်တုခဲ့သည်။ (ထွ. ၇:၁၄–၁၀:၂၉) သို့သော် ဆယ်ခုမြောက်ကပ်ဘေး၏ထိခိုက်မှုများက ထိုမောက်မာသောအုပ်စိုးရှင်ကို ဘုရားသခင်အား မဖြစ်မနေနာခံစေခဲ့သည်။ (ထွ. ၁၁:၁-၁၀; ၁၂:၁၂) မောရှေ၏ဦးဆောင်မှုအားဖြင့် ဣသရေလလူတို့နှင့် အမျိုးမျိုးသောလူအများတို့—စုစုပေါင်း ၃,၀၀၀,၀၀၀ မျှ—သည် အီဂျစ်ပြည်မှ ထွက်ခွာခဲ့ကြသည်။ (ထွ. ၁၂:၃၇၊ ၃၈) သူတို့အဝေးကြီးမရောက်မီ ဖာရောစိတ်ပြောင်းခဲ့သည်။ သူသည် မိမိ၏ကျွန်ဖြစ်ခဲ့ဖူးသူများကို ပြန်ဖမ်းရန် ထိုအချိန်က ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံးစစ်တပ်ဖြစ်သော မိမိ၏စစ်ရထားတပ်များ၊ မြင်းတပ်များကို အမိန့်ပေးခဲ့သည်။ ထိုအတောအတွင်း ယေဟောဝါသည် မောရှေအား ဣသရေလလူတို့ကို ပင်လယ်နီနှင့် တောင်ကြောတစ်ခုစပ်ကြားကျဉ်းကျုတ်ရာအရပ်သို့ ခေါ်ဆောင်သွားရန်မိန့်တော်မူခဲ့သည်၊ ပိဟဟိရုတ်ဟုခေါ်သော ယင်းနေရာသည် သူတို့အတွက် လွတ်လမ်းရှိပုံမရသောနေရာဖြစ်သည်။—ထွ. ၁၄:၁-၉

ဣသရေလလူတို့သည် ထောင်ချောက်ထဲရောက်ပြီဟု ဖာရောယူမှတ်ခဲ့ပြီး သူ၏စစ်တပ်သည် ဣသရေလတို့ကို တိုက်ခိုက်တော့မည်ဖြစ်သည်။ သို့သော် အီဂျစ်လူတို့နှင့် ဣသရေလလူတို့စပ်ကြား မိုးတိမ်တိုင်နှင့် မီးတိုင်ထားခြင်းဖြင့် ယေဟောဝါသည် အီဂျစ်လူတို့ကိုတားဆီးခဲ့သည်။ ထို့နောက် ဘုရားသခင်သည် ပင်လယ်နီကိုနှစ်ခြမ်းခွဲခဲ့ပြီး ပင်လယ်ကြမ်းပြင်လမ်းကြောင်းတစ်ခုဖွင့်ပေးရာ ရေနံရံတစ်ဖက်စီသည် အမြင့်ပေ ၅၀ မျှလောက်ဖြစ်နိုင်သည်။ ဣသရေလလူတို့သည် ခြောက်သွေ့သောမြေတွင် ပင်လယ်ကို စ၍ဖြတ်ကူးနေသည်။ မကြာမီတွင် အီဂျစ်လူတို့ ကမ်းခြေသို့ရောက်လာခဲ့ကြပြီး ဣသရေလလူတို့ တစ်ဖက်ကမ်းသို့သွားကြသည်ကို ကြည့်ရှုနေကြသည်။—ထွ. ၁၃:၂၁; ၁၄:၁၀-၂၂

ယင်းအခြေအနေတွင် ပို၍အမြော်အမြင်ရှိသောခေါင်းဆောင်တစ်ဦးသည် ဆက်လိုက်တော့မည်မဟုတ်ပါ၊ သို့သော် ဖာရောမှာမူ ထိုသို့မဟုတ်။ မိမိကိုယ်ကိုယုံကြည်စိတ်ချလွန်းသောဖာရောသည် ပင်လယ်ကြမ်းပြင်သို့လိုက်ဝင်ကာ ဣသရေလလူတို့နောက်လိုက်ရန် မိမိ၏စစ်ရထားများနှင့် မြင်းစီးသူရဲတို့ကို အမိန့်ပေးခဲ့သည်။ အီဂျစ်လူတို့သည် ဆက်၍လိုက်ခဲ့ကြသည်။ သို့သော် ဣသရေလလူတို့ကို လိုက်မမီ,မီ သူတို့ရပ်တန့်သွားခဲ့ကြသည်။ အီဂျစ်လူတို့၏စစ်ရထားများ ဆက်မသွားနိုင်တော့ပါ။ ယေဟောဝါသည် သူတို့၏ရထားဘီးများကို ကျွတ်ထွက်စေတော်မူခဲ့သည်။—ထွ. ၁၄:၂၃-၂၅; ၁၅:၉

အီဂျစ်လူတို့သည် သူတို့၏ကျိုးပျက်နေသောစစ်ရထားများနှင့်အတူအလွတ်ရုန်းနေစဉ် ဣသရေလလူအားလုံး အရှေ့ဘက်ကမ်းသို့ ရောက်ခဲ့ကြသည်။ ယခု မောရှေသည် ပင်လယ်နီအပေါ် မိမိလက်ကို ဆန့်ထုတ်လိုက်သည်။ ထိုအခါ ယေဟောဝါသည် လမ်းကြောင်းဖြစ်စေသောရေနံရံများကို ပြိုလဲစေခဲ့သည်။ အလွန်များပြားလှသောရေသည် ဖာရောနှင့် သူ၏စစ်တပ်အပေါ်လွှမ်းမိုးရာ သူတို့ရေနစ်သေဆုံးခဲ့ကြသည်။ ထိုရန်သူတစ်ယောက်မျှ မလွတ်မြောက်ခဲ့ပါ။ ဣသရေလလူတို့မူ လွတ်မြောက်ခဲ့ကြသည်။—ထွ. ၁၄:၂၆-၂၈; ဆာ. ၁၃၆:၁၃-၁၅

ယင်းအဖြစ်အပျက်က ပတ်ဝန်းကျင်နိုင်ငံများကို နှစ်ပေါင်းများစွာအထိ တုန်လှုပ်စေခဲ့သည်။ (ထွ. ၁၅:၁၄-၁၆) အနှစ်လေးဆယ်ကြာပြီးနောက် ယေရိခေါမြို့သူ ရာခပ်သည် ဣသရေလလူနှစ်ဦးကို ဤသို့ပြောခဲ့သည်– ‘သင်တို့ကို ငါတို့ကြောက်လန့်အားကြီး . . . ပါ၏။ သင်တို့သည် အဲဂုတ္တုပြည်မှထွက်လာသောအခါ ဧဒုံပင်လယ်ရေကို ထာဝရဘုရားသခင် ခန်းခြောက်စေတော်မူကြောင်းကို အကျွန်ုပ်တို့ကြားရကြပြီ။’ (ယောရှု ၂:၉၊ ၁၀) ယေဟောဝါသည် မိမိလူတို့အားကယ်တင်ခဲ့ပုံကို ထိုအယူမှားလူမျိုးများပင် မမေ့လျော့ခဲ့ပါ။ ရှင်းနေသည်မှာ ဣသရေလလူတို့သည် ကိုယ်တော်အား သတိရရန် ပို၍ပင်အကြောင်းကောင်းများရှိသည်။

“မျက်ဆန်တော်ကဲ့သို့စောင့်တော်မူ၏”

ပင်လယ်နီကိုဖြတ်ကူးပြီးနောက် ဣသရေလလူတို့သည် “ကြောက်မက်ဖွယ်သောတောကြီး” ဖြစ်သည့်သိနာတောကန္တာရထဲ ဝင်ခဲ့ကြသည်။ သူတို့သည် ထို “ရေမရှိ၊ အငတ်ခံရာအရပ်” တွင်ခရီးကြမ်းနှင်ခဲ့ကြစဉ် ယေဟောဝါသည် စားစရာမရှိဖြစ်နေသော ထိုလူအမြောက်အမြားကို ပစ်မထားခဲ့ပါ။ မောရှေ ဤသို့ပြန်ပြောခဲ့သည်– “လူဆိတ်ညံသောအရပ်၊ သားရဲမြည်၍ လွတ်လပ်သောတောလွင်ပြင်၌ [ဣသရေလ] ကိုတွေ့တော်မူသောအခါ ဝန်းရံဆီးကာခြင်း၊ သွန်သင်ခြင်း [‘စောင့်ရှောက်တော်မူခြင်း၊’ ခမ] ကျေးဇူးကိုပြု၍ မျက်ဆန်တော်ကဲ့သို့စောင့်တော်မူ၏။” (တရား. ၈:၁၅; ၃၂:၁၀) ဘုရားသခင်သည် သူတို့ကို မည်သို့စောင့်ရှောက်တော်မူခဲ့သနည်း။

ယေဟောဝါသည် သူတို့ကို မန္နဟုခေါ်သော “မိုးကောင်းကင်ကမုန့်” ကိုပေးတော်မူခဲ့သည်၊ ယင်းကို “မြေမျက်နှာပေါ်မှာ” ထူးဆန်းစွာတွေ့ရသည်။ (ထွ. ၁၆:၄၊ ၁၄၊ ၁၅၊ ၃၅) ယေဟောဝါသည် ‘မီးခတ်ကျောက်ထဲက’ ရေကိုလည်းထွက်စေတော်မူ၏။ သူတို့သည် တောကန္တာရတွင် အနှစ် ၄၀ ပတ်လုံးရှိခဲ့ချိန်တွင် ဘုရားသခင့်ကောင်းချီးကြောင့် သူတို့ဝတ်သောအဝတ် မဟောင်းမနွမ်း၊ ခြေလည်းမပွန်းမရောင်ခဲ့ပါ။ (တရား. ၈:၄) ကျေးဇူးတင်ကြောင်းတင်ပြသည့်အနေနှင့် သူတို့အဘယ်အရာပြုလုပ်ရန် ယေဟောဝါမျှော်လင့်တော်မူခဲ့သနည်း။ မောရှေသည် ဣသရေလလူတို့ကို ဤသို့ပြောခဲ့သည်– “ကိုယ်တိုင်မြင်သောအမှုအရာတို့ကို မမေ့မလျော့။ နောက်တစ်သက်လုံး နှလုံးသွင်းနိုင်မည်အကြောင်း ကိုယ်ကိုကိုယ်သတိပြုကြလော့။ ကိုယ်စိတ်နှလုံးကို ကြိုးစား၍စောင့်ရှောက်ကြလော့။” (တရား. ၄:၉) ဣသရေလလူတို့သည် ယေဟောဝါ၏ကယ်တင်တော်မူခြင်းဆိုင်ရာလုပ်ရပ်များကို ကျေးဇူးတင်စွာသတိရပါက ကိုယ်တော်၏အမှုတော်ကို အမြဲထမ်းဆောင်ကြမည်၊ ကိုယ်တော်၏ပညတ်များကို နာခံရန်ကြိုးစားကြမည်ဖြစ်သည်။ ဣသရေလလူတို့ အဘယ်အရာပြုလုပ်ကြသနည်း။

မေ့လျော့ခြင်းက ကျေးဇူးကန်းခြင်းကိုဖြစ်စေ

မောရှေဤသို့ကြွေးကြော်ခဲ့သည်– “သင်ဖြစ်ရာမူလအမြစ်ကို သင်မမှတ်မိ။ သင့်ကိုဖန်ဆင်းတော်မူသောဘုရားသခင်ကို သင်မေ့လျော့ပြီ။” (တရား. ၃၂:၁၈) ပင်လယ်နီ၌ ယေဟောဝါပြုတော်မူသည့်အရာများ၊ တောကန္တာရတွင် ဣသရေလလူမျိုးကို ဆက်အသက်ရှင်စေသည့် ကိုယ်တော့်ပြင်ဆင်ပေးမှုများနှင့် ယေဟောဝါပြုလုပ်တော်မူခဲ့သော အခြားကောင်းမွန်သည့်အရာအားလုံးကို မကြာမီတွင် လျစ်လျူရှု သို့မဟုတ် မေ့လျော့ခဲ့ကြသည်။ ဣသရေလလူတို့သည် ပုန်ကန်သူများဖြစ်လာခဲ့ကြသည်။

တစ်ကြိမ်တွင် ဣသရေလလူတို့သည် အဘယ်နည်းနှင့်မျှ ရေမရရှိနိုင်ဟု ယူဆခဲ့သောကြောင့် မောရှေထံချဉ်းကပ်ခဲ့ကြသည်။ (တော. ၂၀:၂-၅) သူတို့ကို ဆက်အသက်ရှင်စေသည့်မန္နမုန့်နှင့်ပတ်သက်၍ သူတို့ဤသို့ညည်းညူခဲ့ကြသည်– “ဤပေါ့ပျက်သောစားစရာကိုလည်း ငါတို့သည် အလွန်ရွံရှာ၏။” (တော. ၂၁:၅) သူတို့သည် ဘုရားသခင်၏တရားစီရင်ချက်ကို သံသယရှိခဲ့ကြပြီး ခေါင်းဆောင်အဖြစ်မောရှေကို ငြင်းပယ်ခဲ့ကြကာ ဤသို့ပြောဆိုခဲ့ကြသည်– “ငါတို့သည် အဲဂုတ္တုပြည်၌မသေပါလေ။ ဤတော၌မသေပါလေ။ . . . တစ်ဖန် လူတစ်စုံတစ်ယောက်ကိုချီးမြှောက်၍ အဲဂုတ္တုပြည်သို့ပြန်ကြစို့။”—တော. ၁၄:၂-၄

ဣသရေလလူတို့မနာခံသည့်အခါ ယေဟောဝါမည်သို့ခံစားခဲ့ရသနည်း။ ယင်းအဖြစ်အပျက်များကို ပြန်ပြောင်းသုံးသပ်ကာ ဆာလံဆရာတစ်ဦး နောက်ပိုင်းတွင်ဤသို့ရေးခဲ့သည်– ‘သူတို့သည် ကိုယ်တော်ကိုတော၌ပုန်ကန်၍ လူဆိတ်ညံရာအရပ်၌ စိတ်တော်နာဖွယ်သောအကြောင်းကို ကြိမ်ဖန်များစွာပြုကြပါသည်တကား။ ဘုရားသခင်ကို အဖန်ဖန်စုံစမ်း၍ ဣသရေလအမျိုး၌ သန့်ရှင်းတော်မူသောဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုကြပါသည်တကား။ တန်ခိုးတော်ကိုလည်းကောင်း၊ ဆင်းရဲခက်ခဲထဲကကယ်လွှတ်တော်မူသော နေ့ရက်ကာလကိုလည်းကောင်း မအောက်မေ့ကြ။ အဲဂုတ္တုပြည်၌ လက္ခဏာသက်သေတော်တို့ကိုပြုတော်မူ၏။’ (ဆာ. ၇၈:၄၀-၄၃) မှန်ပါသည်၊ ဣသရေလလူတို့၏မေ့လျော့ခြင်းက ယေဟောဝါအား အကြီးအကျယ်စိတ်ထိခိုက်စေခဲ့သည်။

မေ့လျော့ခြင်းမရှိခဲ့သူနှစ်ဦး

သို့သော် ဣသရေလအချို့သည် ယေဟောဝါကို မမေ့လျော့ခဲ့ကြပါ။ သူတို့ထဲမှ နှစ်ဦးမှာ ယောရှုနှင့် ကာလက်ဖြစ်သည်။ သူတို့သည် ကတိထားရာပြည်ကို သွားရောက်စူးစမ်းရန် ကာဒေရှဗာနာမှ စေလွှတ်ခံရသော သူလျှို ၁၂ ဦးတွင် ပါဝင်ခဲ့သည်။ ဆယ်ဦးက မကောင်းသတင်းပေးခဲ့သော်လည်း ယောရှုနှင့်ကာလက်မှာမူ ဣသရေလလူတို့ကို ဤသို့ပြောခဲ့သည်– ‘ငါတို့လျှောက်သွား၍စူးစမ်းသောပြည်သည် အလွန်တရာကောင်းသောပြည်ဖြစ်ပါ၏။ ယေဟောဝါသည် ငါတို့ကိုနှစ်သက်လျှင် နို့နှင့်ပျားရည်စီးသောထိုပြည်သို့ ငါတို့ကိုဆောင်သွင်း၍ အပိုင်ပေးတော်မူလိမ့်မည်။ ယေဟောဝါကို မပုန်ကန်ကြပါနှင့်။’ ယင်းစကားကို လူများကြားသောအခါ သူတို့သည် ယောရှုနှင့်ကာလက်ကို ကျောက်ခဲနှင့်ပေါက်ဖို့ စီရင်ကြသည်။ သို့သော် သူတို့နှစ်ဦးသည် ယေဟောဝါအပေါ် ယုံကြည်စိတ်ချမှုအပြည့်ဖြင့် ခိုင်မြဲစွာရပ်တည်ခဲ့ကြသည်။—တော. ၁၄:၆-၁၀

နောက်ပိုင်းနှစ်များတွင် ကာလက်သည် ယောရှုကို ဤသို့ပြောခဲ့သည်– ‘ဤပြည်ကိုစူးစမ်းစေခြင်းငှာ ဘုရားသခင်၏ကျွန်မောရှေသည် အကျွန်ုပ်ကို ကာဒေရှဗာနာအရပ်မှ စေလွှတ်သောအခါ အကျွန်ုပ်သည် ကိုယ်စိတ်ထင်သည်အတိုင်း ပြန်ကြားလျှောက်ထားပါ၏။ အကျွန်ုပ်နှင့်အတူသွားသော ညီအစ်ကိုတို့သည် လူများစိတ်ပျက်စရာကိုပြုသော်လည်း အကျွန်ုပ်သည် အကျွန်ုပ်၏ဘုရားသခင်ယေဟောဝါနောက်တော်သို့ လုံးလုံးလိုက်ပါ၏။’ (ယောရှု ၁၄:၆-၈) ဘုရားသခင်ကို ယုံကြည်အားကိုးလျက် ကာလက်နှင့်ယောရှုသည် အခက်အခဲအမျိုးမျိုးကို ခံရပ်ခဲ့ကြသည်။ သူတို့သည် သူတို့၏အသက်တာတစ်လျှောက်လုံးတွင် ယေဟောဝါကို သတိရအောက်မေ့ဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ကြသည်။

ယေဟောဝါသည် မိမိလူတို့အား မြေသြဇာကောင်းသောပြည်ကိုပေးမည်ဟူသော မိမိကတိကိုပြည့်စုံစေခဲ့ကြောင်း ကာလက်နှင့်ယောရှု အသိအမှတ်ပြုခြင်းဖြင့် ကျေးဇူးတင်လေးမြတ်မှုကိုလည်း တင်ပြခဲ့ကြသည်။ မှန်ပါသည်၊ ဣသရေလလူတို့သည် သူတို့ကိုထောက်မတော်မူသောအရှင်ကို ကျေးဇူးတင်သင့်သည်။ ယောရှုဤသို့ရေးခဲ့သည်– ‘ထာဝရဘုရားသခင်ကလည်း ငါပေးမည်ဟု ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်ရှိသမျှကို ဣသရေလအမျိုးသားတို့အားပေးတော်မူ၏။ ထာဝရဘုရားသခင်သည် ဣသရေလအမျိုးအဖို့ မိန့်တော်မူသောကောင်းကျိုးတစ်စုံတစ်ပါးမျှမလျော့၊ ရှိသမျှတို့သည် ပြည့်စုံကြ၏။’ (ယောရှု ၂၁:၄၃၊ ၄၅) ကာလက်နှင့်ယောရှုကဲ့သို့ ယနေ့ ကျွန်ုပ်တို့သည် ကျေးဇူးတင်လေးမြတ်မှုကို မည်သို့တင်ပြနိုင်သနည်း။

ကျေးဇူးတင်ပါ

ဘုရားသခင်ကိုကြောက်ရွံ့သူတစ်ဦးသည် တစ်ချိန်တွင် ဤသို့မေးခဲ့၏– ‘ငါ၌ ထာဝရဘုရားသခင်ပြုတော်မူသော ကျေးဇူးအလုံးစုံတို့ကို အဘယ်သို့ဆပ်ရမည်နည်း။’ (ဆာ. ၁၁၆:၁၂) ဘုရားသခင်သွန်းလောင်းသော ကာယရေးကောင်းချီးများ၊ ကိုယ်တော်၏လမ်းညွှန်မှုများနှင့် အနာဂတ်ကယ်တင်ခြင်းဆိုင်ရာ ကိုယ်တော်၏နည်းလမ်းများအတွက် ကိုယ်တော်ကို ကျွန်ုပ်တို့များစွာကျေးဇူးဆပ်စရာရှိသည်၊ ကျွန်ုပ်တို့သည် ယေဟောဝါကို ထာဝစဉ်ကျေးဇူးဆပ်လျှင်ပင် ယင်းသည် လုံလောက်မည်မဟုတ်ပါ။ အမှန်တွင် ကျွန်ုပ်တို့သည် ယေဟောဝါကို ဘယ်တော့မျှ ကျေးဇူးဆပ်၍ကုန်နိုင်မည်မဟုတ်။ သို့သော် ကျေးဇူးတင်လေးမြတ်မှုကို ကျွန်ုပ်တို့အားလုံး တင်ပြနိုင်သည်။

ယေဟောဝါ၏သွန်သင်မှုက ပြဿနာများရှောင်ရန် သင့်အား အထောက်အကူပြုသလော။ ကိုယ်တော်၏ခွင့်လွှတ်မှုက ကြည်လင်သောကိုယ်ကိုကိုယ်သိစိတ်ပြန်ရရှိရန် အထောက်အကူပြုသလော။ ဘုရားသခင်၏ယင်းလုပ်ဆောင်မှုများမှရရှိသော အကျိုးကျေးဇူးများသည် ကြာရှည်တည်မြဲသောကြောင့် ကိုယ်တော့်ကို ကျွန်ုပ်တို့ကျေးဇူးမတင်သင့်ပေလော။ စန္ဒြာအမည်ရှိ ၁၄ နှစ်အရွယ်မိန်းမငယ်လေးတစ်ဦးသည် ကြီးလေးသောပြဿနာများရင်ဆိုင်ခဲ့ရသော်လည်း ယေဟောဝါ၏အကူအညီဖြင့် ယင်းတို့ကို အောင်မြင်ကျော်လွှားနိုင်ခဲ့သည်။ သူဤသို့ပြောသည်– “အကူအညီရဖို့ ယေဟောဝါဆီ ကျွန်မဆုတောင်းတယ်၊ ကိုယ်တော်ကူညီထောက်မတဲ့နည်းတွေက ကျွန်မကို စွဲမှတ်စေခဲ့တယ်။ ကျွန်မအဖေက ကျွန်မကို နယပုံပြင် ၃:၅၊ ၆ အကြောင်း ဘာကြောင့်ပြောပြလေ့ရှိတယ်ဆိုတာ အခု ကျွန်မသိသွားပြီ၊ ဒီကျမ်းချက်မှာ ‘ထာဝရဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားသခင်ကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်’ ဆိုပြီးပြောထားတယ်။ ယေဟောဝါက ကျွန်မကို အခုထိ ကူညီထောက်မပေးခဲ့သလို အမြဲကူညီထောက်မဦးမယ်ဆိုတာ ကျွန်မစိတ်ချတယ်။”

ခံနိုင်ရည်ရှိခြင်းဖြင့် ယေဟောဝါကိုသတိရကြောင်း တင်ပြပါ

ယေဟောဝါကို သတိရခြင်းနှင့်ဆက်စပ်သော နောက်ထပ်အရည်အသွေးတစ်ခုကို ကျမ်းစာက ဤသို့အလေးပေးဖော်ပြသည်– “သင်တို့သည် မည်သည့်အရာကိုမျှမလိုဘဲ အရာရာ၌ ပြည့်ဝစုံလင်စေရန် ခံနိုင်ရည်သည် မိမိ၏အလုပ်ကိုပြီးမြောက်အောင် လုပ်ဆောင်ပါစေ။” (ယာကုပ် ၁:၄) “အရာရာ၌ ပြည့်ဝစုံလင်” ခြင်းတွင် အဘယ်အရာပါဝင်သနည်း။ ယေဟောဝါအား ယုံကြည်ကိုးစားလျက် ကျွန်ုပ်တို့ခံရသောစမ်းသပ်မှုများကို ရင်ဆိုင်ရန် ထောက်ကူပေးမည့်အရည်အသွေးများကို ပြုစုပျိုးထောင်ခြင်းနှင့် ယင်းစမ်းသပ်မှုများကို အောင်မြင်ကျော်လွှားမည်ဟူသောစိတ်ပိုင်းဖြတ်မှုဖြင့် အရှုံးမပေးခြင်းတို့ပါဝင်သည်။ ယင်းသို့သောခံနိုင်ရည်မျိုးသည် ယုံကြည်ခြင်းစမ်းသပ်မှုများပြီးဆုံးသောအခါ များစွာသောစိတ်ကျေနပ်မှုကို ဖြစ်စေသည်။ ထို့ပြင် ယင်းစမ်းသပ်မှုများသည် အမြဲတမ်းအဆုံးတိုင်လေ့ရှိသည်။—၁ ကော. ၁၀:၁၃

ယေဟောဝါ၏သက်တမ်းကြာကျေးကျွန်တစ်ဦးသည် စိုးရိမ်စရာရောဂါများစွာခံစားနေရရာ သူ့အား အဘယ်အရာက ခံနိုင်ရည်ရှိစေသည်ကို ဤသို့ရှင်းပြခဲ့သည်– “ကျွန်တော်လုပ်ချင်တဲ့အရာကိုမဟုတ်ဘဲ ယေဟောဝါလုပ်နေတဲ့အရာကို ကြိုးစားပြီးစဉ်းစားတယ်။ သမာဓိရှိတယ်ဆိုတာ ကိုယ်ရဲ့အလိုဆန္ဒတွေကိုမဟုတ်ဘဲ ဘုရားသခင်ရဲ့ရည်ရွယ်ချက်တွေကို အမြဲအာရုံပြုခြင်းဖြစ်တယ်။ ပြဿနာတွေကို ရင်ဆိုင်ရတဲ့အခါ ‘ယေဟောဝါ၊ ကျွန်တော့်ကျမှ ဘာလို့ဒီလိုဖြစ်ရတာလဲ’ လို့မပြောဘူး။ မျှော်လင့်မထားတဲ့အခက်အခဲတွေပေါ်လာရင်တောင်မှ ကိုယ်တော်ရဲ့အမှုတော်ကို ကျွန်တော်ဆက်ပြီးထမ်းဆောင်လိုက်တယ်၊ ကိုယ်တော်ထံချဉ်းကပ်တယ်။”

ယနေ့ ခရစ်ယာန်အသင်းတော်သည် ယေဟောဝါကို “စွမ်းအားတော်၏လမ်းပြမှုကိုခံယူ၍ အမှန်တရားနှင့်အညီ” ကိုးကွယ်ကြသည်။ (ယော. ၄:၂၃၊ ၂၄) အုပ်စုတစ်စုအနေနှင့် စစ်မှန်သောခရစ်ယာန်များသည် ဣသရေလလူမျိုးတို့ ဘုရားသခင်ကိုမေ့လျော့ခဲ့ကြသကဲ့သို့ ကိုယ်တော်အား ဘယ်တော့မျှမေ့လျော့ကြမည်မဟုတ်ပါ။ သို့သော် အသင်းတော်၏အစိတ်အပိုင်းတစ်ခုဖြစ်နေခြင်းက ကျွန်ုပ်တို့ကိုယ်တိုင်သမာဓိရှိနေမည်ဟူသည့် အာမခံချက်မဟုတ်ပါ။ ကာလက်နှင့်ယောရှုကဲ့သို့ ကျွန်ုပ်တို့တစ်ဦးစီသည် ယေဟောဝါ၏လုပ်ငန်းတော်တွင် ကျေးဇူးတင်လေးမြတ်မှုနှင့် ခံနိုင်ရည်တင်ပြကြရမည်ဖြစ်သည်။ ယင်းသို့ပြုရန် ကျွန်ုပ်တို့တွင် အကြောင်းကောင်းရှိ၏၊ အကြောင်းမှာ ဤခက်ခဲသောနောက်ဆုံးအချိန်တွင် ကျွန်ုပ်တို့တစ်ဦးစီကို ယေဟောဝါ ဆက်၍လမ်းညွှန်ပြီး ဂရုစိုက်သောကြောင့်ဖြစ်သည်။

ယောရှုတည်ခဲ့သော မှတ်တိုင်ကဲ့သို့ ဘုရားသခင်၏ကယ်တင်ခြင်းလုပ်ရပ်များဆိုင်ရာမှတ်တမ်းက ကိုယ်တော်သည် မိမိလူမျိုးအား စွန့်မည်မဟုတ်ကြောင်း သေချာစေသည်။ ထို့ကြောင့် ဤသို့ရေးသားခဲ့သူ ဆာလံဆရာ၏ခံစားချက်အတိုင်း ကျွန်ုပ်တို့ခံစားနိုင်ကြပါစေ– ‘ထာဝရဘုရားသခင်၏အမှုတော်တို့ကို အောက်မေ့ပါမည်။ ရှေးကာလ၌ ကိုယ်တော်ပြုဖူးသောအံ့သြဖွယ်တို့ကို အောက်မေ့ပါမည်။ ပြုတော်မူသမျှတို့ကိုဆင်ခြင်၍ စီရင်တော်မူသောအရာတို့ကို မြွက်ဆိုပါမည်။’—ဆာ. ၇၇:၁၁၊ ၁၂

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဣသရေလတစ်မျိုးလုံးသည် “အငတ်ခံရာအရပ်” တွင်ခရီးကြမ်းနှင်ကြရန်ဖြစ်သည်

[Credit Line]

Pictorial Archive (Near Eastern History) Est.

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ဣသရေလလူတို့သည် ကာဒေရှဗာနာတွင်စခန်းချခဲ့စဉ် သူလျှိုများကို ကတိထားရာပြည်သို့ စေလွှတ်ခဲ့ကြ

[Credit Line]

Pictorial Archive (Near Eastern History) Est.

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ဣသရေလလူတို့သည် တောကန္တာရတွင် နှစ်များစွာရှိနေကြပြီးနောက် မြေသြဇာကောင်းသောကတိထားရာပြည်တွင် နေရသောကြောင့် ကျေးဇူးတင်နိုင်ကြ

[Credit Line]

Pictorial Archive (Near Eastern History) Est.

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ယေဟောဝါ၏ရည်ရွယ်တော်မူချက်များအပေါ် အာရုံစိုက်ခြင်းက ကျွန်ုပ်တို့ရင်ဆိုင်ရသည့်အဘယ်စိန်ခေါ်ချက်ကိုမဆို ခံရပ်စေနိုင်