မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မောရှေထက်သာ၍ကြီးမြတ်သောအရှင်ကို တန်ဖိုးထားလေးမြတ်ခြင်း

မောရှေထက်သာ၍ကြီးမြတ်သောအရှင်ကို တန်ဖိုးထားလေးမြတ်ခြင်း

မောရှေထက်သာ၍ကြီးမြတ်သောအရှင်ကို တန်ဖိုးထားလေးမြတ်ခြင်း

“ယေဟောဝါဘုရားသခင်သည် သင်တို့၏ညီအစ်ကိုချင်းတို့ထဲမှ ငါနှင့်တူသော ပရောဖက်တစ်ပါးကို သင်တို့အတွက် ပေါ်ထွန်းစေတော်မူမည်။ ထိုပရောဖက် . . . ကို သင်တို့သည် နားထောင်ကြရမည်။”—တ. ၃:၂၂

၁။ ယေရှုခရစ်သည် သမိုင်းတွင် မည်သို့သြဇာလွှမ်းခဲ့သနည်း။

လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ကျော်တွင် ယောက်ျားကလေးတစ်ဦးမွေးဖွားလာခြင်းကြောင့် ကောင်းကင်တွင် ကောင်းကင်တမန်များစွာသည် ဘုရားသခင်အားချီးမွမ်းကြသည်ကို သိုးထိန်းတချို့ကြားခဲ့သည်။ (လု. ၂:၈-၁၄) နှစ်ပေါင်းသုံးဆယ်ကြာပြီးနောက် ထိုကလေးသည် ယခု အရွယ်ရောက်ပြီဖြစ်ပြီး ဓမ္မအမှုကိုစတင်ဆောင်ရွက်ခဲ့ရာ သုံးနှစ်ခွဲမျှသာကြာသော်လည်း လူ့သမိုင်းကိုပြောင်းလဲစေခဲ့သည်။ ၁၉ ရာစုက ကျော်ကြားသောသမိုင်းပညာရှင် ဖိလစ်ရှက်ဖ် က ထိုလူငယ်နှင့်ပတ်သက်၍ ဤသို့ဆိုရန်လှုံ့ဆော်ခံခဲ့ရ၏– “မိမိနှင့်ပတ်သက်၍ စာတစ်ကြောင်းပင်မရေးခဲ့သော်လည်း သူ၏လှုပ်ရှားဆောင်ရွက်မှုအကြောင်းကို စာအုပ်များစွာ ရေးသားခဲ့သည်၊ တရားတော်များ၊ မိန့်ခွန်းများ၊ ဆွေးနွေးခန်းများ၊ အသိပညာကြွယ်စေသော စာအုပ်တွဲများ၊ အနုပညာလက်ရာများနှင့် ချီးမွမ်းသီချင်းများစွာ ထွက်ပေါ်စေခဲ့ပြီး ရှေးခေတ်နှင့် မျက်မှောက်ခေတ် ထင်ပေါ်ကျော်စောသူအားလုံးထက် ပို၍သာလွန်သည်။” ဤထူးခြားသည့်လူငယ်မှာ ယေရှုခရစ်ပင်ဖြစ်သည်။

၂။ တမန်တော်ယောဟန်သည် ယေရှုနှင့် ကိုယ်တော်၏ဓမ္မအမှုအကြောင်း အဘယ်အရာဆိုခဲ့သနည်း။

တမန်တော်ယောဟန်သည် ယေရှု၏ဓမ္မအမှုမှတ်တမ်းကို ရေးသားခဲ့ပြီး နိဂုံးပိုင်းတွင် ဤသို့ဆိုထား၏– “ယေရှုပြုတော်မူသော အခြားအမှုအရာများစွာ ရှိသေး၏။ ထိုအမှုအရာရှိသမျှကို အသေးစိတ်ရေးထားလျှင် မြေကြီးမဆံ့နိုင်အောင် ကျမ်းစာလိပ် များပြားလိမ့်မည်ဟု ငါထင်မှတ်၏။” (ယော. ၂၁:၂၅) ယောဟန်က မိမိသည် ဤထူးခြားသောသုံးနှစ်ခွဲအတွင်း ယေရှုမိန့်တော်မူခဲ့ရာ၊ ပြုလုပ်ခဲ့ရာအားလုံးထဲမှ တချို့တစ်ပိုင်းကိုသာ မှတ်တမ်းတင်နိုင်ခဲ့သည်ကို သူသိသည်။ သို့တိုင် ယောဟန်ခရစ်ဝင်ကျမ်းတွင် မှတ်တမ်းတင်ခဲ့သော သမိုင်းဝင်အဖြစ်အပျက်များသည် အလွန်တန်ဖိုးရှိသည်။

၃။ ဘုရားသခင့်ရည်ရွယ်ချက်တွင် ယေရှု၏အခန်းကဏ္ဍကို မည်သို့ပို၍ထိုးထွင်းသိမြင်နိုင်သနည်း။

အရေးပါသောခရစ်ဝင်ကျမ်းလေးစောင်အပြင် အခြားကျမ်းစောင်များ၌ ယေရှု၏အသက်တာနှင့်ပတ်သက်သော ယုံကြည်ခြင်းကိုခိုင်ခံ့စေသည့် အသေးစိတ်အချက်အလက်များ ပါရှိသည်။ ဥပမာ၊ ယေရှုမတိုင်မီအသက်ရှင်ခဲ့ကြသည့် တည်ကြည်သောအမျိုးသားတချို့နှင့်ပတ်သက်သည့် သမ္မာကျမ်းစာမှတ်တမ်းများ၌ ဘုရားသခင့်ရည်ရွယ်ချက်တွင် ယေရှု၏အခန်းကဏ္ဍကို ပို၍ထိုးထွင်းသိမြင်စေသည့် အချက်အလက်များပါရှိသည်။ ယင်းတို့ထဲမှတချို့ကို သုံးသပ်ကြည့်ကြစို့။

ခရစ်တော်ကို ရှေ့ပြေးပုံရိပ်ပြခဲ့ကြသော တည်ကြည်သည့်အမျိုးသားများ

၄၊ ၅။ မည်သူတို့သည် ယေရှု၏ ရှေ့ပြေးပုံရိပ်များဖြစ်သနည်း၊ အဘယ်နည်းများတွင်နည်း။

ယောဟန်နှင့် ခရစ်ဝင်ကျမ်းရေးသူအခြားသုံးဦးက မောရှေ၊ ဒါဝိဒ်နှင့် ရှောလမုန်တို့သည် ဘုရားသခင်၏ဘိသိက်ပေးခြင်းခံရသူ၊ ခန့်အပ်ခံဘုရင်ဖြစ်သော ယေရှုကို ရှေ့ပြေးပုံရိပ်ပြခဲ့ကြကြောင်း ဖော်ပြထားသည်။ ဘုရားသခင်၏ ရှေးကျေးကျွန်များဖြစ်သော ထိုသူတို့သည် အဘယ်နည်းဖြင့် ယေရှု၏ရှေ့ပြေးပုံရိပ်များဖြစ်သနည်း၊ ယင်းမှတ်တမ်းများမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူရရှိနိုင်သနည်း။

အကျဉ်းဆိုရသော် သမ္မာကျမ်းစာက မောရှေကို ပရောဖက်၊ ဖျန်ဖြေသူ၊ ကယ်လွှတ်သူတစ်ဦးအဖြစ် ဖော်ပြထားသည်။ ယေရှုလည်း အလားတူပင်ဖြစ်သည်။ ဒါဝိဒ်သည် သိုးထိန်းတစ်ဦး၊ ဣသရေလရန်သူများကို အောင်နိုင်ခဲ့သောဘုရင်တစ်ပါးဖြစ်ခဲ့သည်။ ယေရှုသည်လည်း သိုးထိန်းဖြစ်ပြီး အောင်မြင်လျက်ရှိသောဘုရင်တစ်ပါးဖြစ်သည်။ (ယေဇ. ၃၇:၂၄၊ ၂၅) ရှောလမုန်တည်ကြည်စဉ်က သူသည် ပညာရှိဘုရင်ဖြစ်ခဲ့ပြီး သူ၏အုပ်ချုပ်မှုအောက်တွင် ဣသရေလလူမျိုးသည် ငြိမ်းချမ်းသာယာခဲ့သည်။ (၃ ရာ. ၄:၂၅၊ ၂၉) ယေရှုသည်လည်း ပညာအရှိဆုံးဖြစ်ပြီး ‘ငြိမ်သက်ခြင်းမင်းသား’ ဟုခေါ်ဆိုထားသည်။ (ဟေရှာ. ၉:၆) ခရစ်တော်ယေရှု၏အခန်းကဏ္ဍသည် ထိုအစောပိုင်းပုဂ္ဂိုလ်တို့နှင့် ဆင်တူသော်လည်း ဘုရားသခင့်ရည်ရွယ်ချက်တွင် ယေရှု၏အခန်းကဏ္ဍမှာ ပို၍ကြီးမြတ်သည်မှာ ရှင်းပါသည်။ ဦးဆုံး ယေရှုကို မောရှေနှင့်နှိုင်းယှဉ်ကြည့်ပြီး ယင်းသို့နှိုင်းယှဉ်ခြင်းက ဘုရားသခင့်ရည်ရွယ်ချက်တွင် ယေရှု၏အခန်းကဏ္ဍကို ပို၍အပြည့်အဝနားလည်သဘောပေါက်ရန် အထောက်အကူပြုပုံကို ကြည့်ကြစို့။

မောရှေ—ယေရှု၏ရှေ့ပြေးပုံရိပ်

၆။ တမန်တော်ပေတရုက ယေရှု၏စကားကိုနားထောင်ရန်လိုကြောင်း မည်သို့ရှင်းပြခဲ့သနည်း။

စီအီး ၃၃ ပင်တေကုတ္တေပွဲနေ့ပြီးနောက် မကြာမီအချိန်တွင် တမန်တော်ပေတရုသည် ယေရှုခရစ်၌ပြည့်စုံခဲ့သော မောရှေ၏ပရောဖက်ပြုချက်တစ်ခုကို ကိုးကားခဲ့သည်။ ပေတရုသည် ဝတ်ပြုရာအိမ်တော်ရှိ ဂျူးလူအုပ်ရှေ့ ရောက်နေခြင်းဖြစ်သည်။ ပေတရုနှင့်ယောဟန်သည် မွေးကတည်းကခြေဆွံ့နေသူ သူတောင်းစားတစ်ဦးအား ကုသပေးသည့်အခါ လူတို့သည် “အံ့သြသဖြင့်” စူးစမ်းလေ့လာရန် ပြေးဝင်လာကြသည်။ ပေတရုက ဤအံ့ဖွယ်အမှုသည် ယေရှုခရစ်မှတစ်ဆင့် ယေဟောဝါ၏သန့်ရှင်းသောစွမ်းအားတော် လုပ်ဆောင်မှုကြောင့်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ထို့နောက် ဟေဗြဲကျမ်းမှကိုးကားကာ သူဤသို့ဆို၏– ‘မောရှေက “ယေဟောဝါဘုရားသခင်သည် သင်တို့၏ညီအစ်ကိုချင်းတို့ထဲမှ ငါနှင့်တူသော ပရောဖက်တစ်ပါးကို သင်တို့အတွက် ပေါ်ထွန်းစေတော်မူမည်။ ထိုပရောဖက် ဟောပြောသမျှကို သင်တို့သည် နားထောင်ကြရမည်” ဟုဆို၏။’—တ. ၃:၁၁၊ ၂၂၊ ၂၃; တရားဟောရာ ၁၈:၁၅၊ ၁၈၊ ၁၉ ကိုဖတ်ပါ။

၇။ မောရှေထက်သာ၍ကြီးမြတ်သောပရောဖက်အကြောင်း ပေတရုပြောဆိုရာတွင် သူ၏ပရိသတ်သည် အဘယ်ကြောင့်နားလည်နိုင်ကြသနည်း။

ပေတရုစကားကိုနားထောင်နေသူပရိသတ်သည် မောရှေ၏ထိုစကားများနှင့် အကျွမ်းတဝင်ရှိကြပေမည်။ ဂျူးများဖြစ်သောကြောင့် သူတို့သည် မောရှေကိုအလွန်ရိုသေလေးစားကြသည်။ (တရား. ၃၄:၁၂) သူတို့သည် မောရှေထက်သာ၍ကြီးမြတ်သော ပရောဖက်ပေါ်လာမည်ကို စိတ်အားထက်သန်စွာ စောင့်မျှော်ခဲ့ကြသည်။ ထိုပရောဖက်သည် မောရှေကဲ့သို့ ဘုရားသခင်၏ဘိသိက်ပေးခြင်းခံရသူတစ်ဦးဖြစ်သည့် မေရှိယတစ်ပါးဖြစ်ကြောင်းသာ သက်သေထူမည်မဟုတ်ပါ၊ “ဘုရားသခင်၏ ခရစ်တော်တည်းဟူသော [ယေဟောဝါ] ရွေးချယ်ထားသူ” တစ်ပါးတည်းသောမေရှိယဖြစ်ကြောင်း သက်သေထူမည်။—လု. ၂၃:၃၅; ဟေဗြဲ ၁၁:၂၆

ယေရှုနှင့် မောရှေ၏ဆင်တူချက်များ

၈။ မောရှေနှင့်ယေရှု၏အသက်တာတွင် ဆင်တူချက်တချို့မှာ အဘယ်နည်း။

အချို့ကိစ္စများတွင် ယေရှု၏မြေကြီးအသက်တာသည် မောရှေ၏အသက်တာနှင့် ဆင်တူသည်။ ဥပမာ၊ ကလေးသူငယ်အရွယ်တွင် မောရှေရော၊ ယေရှုပါ ရက်စက်ကြမ်းကြုတ်သောအုပ်စိုးရှင်၏ သတ်ဖြတ်မှုမှ လွတ်မြောက်ခဲ့ကြသည်။ (ထွ. ၁:၂၂–၂:၁၀; မ. ၂:၇-၁၄) ထို့ပြင် နှစ်ဦးစလုံးသည် ‘အဲဂုတ္တုပြည်မှခေါ်ထုတ်’ ခံခဲ့ရသည်။ ပရောဖက်ဟောရှေ ဤသို့ဆိုခဲ့၏– “ဣသရေလသည် အသက်ငယ်သောအခါ ငါသည်ချစ်၍ ငါ့သားကို အဲဂုတ္တုပြည်မှခေါ်ခဲ့ပြီ။” (ဟော. ၁၁:၁) ဟောရှေ၏စကားများက ဣသရေလလူမျိုးသည် ဘုရားသခင်ခန့်အပ်သော မောရှေ၏ဦးဆောင်မှုအောက်တွင် အီဂျစ်ပြည်မှထွက်မြောက်ချိန်ကို ဖော်ပြသည်။ (ထွ. ၄:၂၂၊ ၂၃; ၁၂:၂၉-၃၇) သို့သော် ဟောရှေ၏စကားများသည် အတိတ်ကအဖြစ်အပျက်ကိုသာ ရည်ညွှန်းခြင်းမဟုတ်ဘဲ အနာဂတ်ကိုပါ ဖော်ပြခြင်းဖြစ်သည်။ သူ၏စကားများသည် ဟေရုဒ်မင်းသေဆုံးပြီးနောက် ယောသပ်နှင့်မာရိ ယေရှုနှင့်အတူ အီဂျစ်ပြည်မှပြန်လာချိန်တွင်ပြည့်စုံခဲ့သည့် ပရောဖက်ပြုချက်ဖြစ်ခဲ့သည်။—မ. ၂:၁၅၊ ၁၉-၂၃

၉။ (က) မောရှေနှင့်ယေရှုသည် အဘယ်အံ့ဖွယ်အမှုများကို ပြုခဲ့ကြသနည်း။ (ခ) ယေရှုနှင့် မောရှေ၏ အခြားဆင်တူချက်များကို ဖော်ပြပါ။ (စာမျက်နှာ ၂၆ ရှိ  “ယေရှုနှင့်မောရှေဆင်တူသည့် နောက်ထပ်နည်းလမ်းများ” လေးထောင့်ကွက်ကိုကြည့်ပါ။)

မောရှေနှင့်ယေရှုနှစ်ဦးစလုံးသည် အံ့ဖွယ်အမှုများပြုလုပ်ခဲ့ကြပြီး ယင်းက သူတို့သည် ယေဟောဝါ၏ကျောထောက်နောက်ခံမှုရှိကြောင်း ဖော်ပြသည်။ အမှန်မှာ မောရှေသည် အံ့ဖွယ်အမှုများပြုလုပ်သူအဖြစ် ပထမဦးဆုံးမှတ်တမ်းတင်ခံရသောသူဖြစ်သည်။ (ထွ. ၄:၁-၉) ဥပမာ၊ မောရှေသည် ရေနှင့်ပတ်သက်၍ အံ့ဖွယ်အမှုများပြုလုပ်ခဲ့သည်၊ နိုင်းမြစ်နှင့် ယင်း၏အင်းအိုင်ရေတို့ သွေးဖြစ်သွားခြင်း၊ ပင်လယ်နီနှစ်ခြမ်းကွဲခြင်း၊ တောကန္တာရရှိကျောက်မှ ရေထွက်စေခြင်းတို့ဖြစ်သည်။ (ထွ. ၇:၁၉-၂၁; ၁၄:၂၁; ၁၇:၅-၇) ယေရှုသည်လည်း ရေနှင့်ပတ်သက်သည့် အံ့ဖွယ်အမှုများကို ပြုလုပ်ခဲ့သည်။ ကိုယ်တော်၏ဦးဆုံးအံ့ဖွယ်အမှုမှာ မင်္ဂလာဧည့်ခံပွဲတစ်ခုတွင် ရေကို စပျစ်ရည်ဖြစ်စေခဲ့ခြင်းဖြစ်သည်။ (ယော. ၂:၁-၁၁) နောက်ပိုင်း ကိုယ်တော်သည် မုန်တိုင်းထန်နေသော ဂါလိလဲအိုင်ကို ငြိမ်သက်စေခဲ့သည်။ တစ်ကြိမ်တွင် ကိုယ်တော်သည် ရေပေါ်လမ်းပင်လျှောက်ခဲ့သည်။ (မ. ၈:၂၃-၂၇; ၁၄:၂၃-၂၅) မောရှေနှင့် မောရှေထက်သာ၍ကြီးမြတ်သူယေရှု၏ အခြားဆင်တူချက်အချို့ကို  စာမျက်နှာ ၂၆ မှလေးထောင့်ကွက်တွင်ကြည့်ပါ။

ခရစ်တော်ကို ပရောဖက်တစ်ပါးအနေနှင့် လေးမြတ်တန်ဖိုးထားပါ

၁၀။ စစ်မှန်သောပရောဖက်တစ်ဦး၏ လုပ်ဆောင်မှုများတွင် အဘယ်အရာပါဝင်သနည်း၊ မောရှေသည် အဘယ်ကြောင့် ထိုသို့သောပရောဖက်တစ်ဦးဖြစ်သနည်း။

၁၀ ပရောဖက်သည် အနာဂတ်ကိုကြိုဟောသူဖြစ်သည်ဟု လူအများစုထင်မှတ်ကြသည်၊ သို့သော် ယင်းသည် ပရောဖက်၏တာဝန်အပိုင်းတစ်ပိုင်းသာဖြစ်သည်။ စစ်မှန်သောပရောဖက်တစ်ဦးသည် “ဘုရားသခင်၏အံ့ဖွယ်အမှုများအကြောင်း” ကိုကြွေးကြော်သည့် ယေဟောဝါ၏ပြောရေးဆိုခွင့်ရှိသူဖြစ်သည်။ (တ. ၂:၁၁၊ ၁၆၊ ၁၇) အခြားအရာများအပြင် သူ၏ပရောဖက်ပြုချက်တွင် အနာဂတ်အဖြစ်အပျက်များကို ကြေညာခြင်း၊ ယေဟောဝါ၏ရည်ရွယ်ချက်များကို ဖွင့်လှစ်ပြခြင်း သို့မဟုတ် ဘုရားသခင်၏တရားစီရင်ချက်များကို ကြွေးကြော်ခြင်း ပါဝင်နိုင်သည်။ မောရှေသည် ထိုကဲ့သို့သောပရောဖက်ဖြစ်ခဲ့သည်။ အီဂျစ်ပြည်ပေါ်ကျရောက်ခဲ့သည့် ကပ်ဘေးဆယ်ပါးနှင့်ပတ်သက်၍ တစ်ခုစီကို ကြိုပြောခဲ့သည်။ သူသည် သိနာတောင်တွင် ပညတ်ပဋိညာဉ်ကို အစပြုပေးခဲ့သည်။ ထို့ပြင် သူသည် ဣသရေလလူမျိုးအား ဘုရားသခင့်အလိုတော်ကို သွန်သင်ပြသပေးခဲ့သည်။ သို့တိုင် နောက်ဆုံးတွင် မောရှေထက်ကြီးမြတ်သော ပရောဖက်တစ်ပါး ပေါ်လာရန်ဖြစ်သည်။

၁၁။ မောရှေထက်သာ၍ကြီးမြတ်သော ပရောဖက်၏အခန်းကဏ္ဍကို ယေရှုမည်သို့ပြည့်စုံစေခဲ့သနည်း။

၁၁ နောက်ပိုင်း၊ ပထမရာစုတွင် ဇာခရိသည် မိမိ၏သား ယောဟန်နှင့်ပတ်သက်၍ ဘုရားသခင့်ရည်ရွယ်ချက်ကို ဖွင့်ပြရာတွင် ပရောဖက်တစ်ဦးကဲ့သို့ လုပ်ဆောင်ခဲ့သည်။ (လု. ၁:၇၆) ထိုသားသည် နှစ်ခြင်းဆရာယောဟန်ဖြစ်လာခဲ့ပြီး ကြာရှည်စွာစောင့်မျှော်ခဲ့သည့် မောရှေထက်သာ၍ကြီးမြတ်သောပရောဖက်ဖြစ်သူ ယေရှုခရစ်ကြွလာမည်ကို ကြေညာခဲ့သည်။ (ယော. ၁:၂၃-၃၆) ပရောဖက်တစ်ပါးအနေနှင့် ယေရှုသည် အရာများစွာကို ကြိုဟောခဲ့သည်။ ဥပမာ၊ ကိုယ်တော်သည် မိမိကိုယ်တိုင်၏သေခြင်းအကြောင်း ပြောခဲ့သည်၊ မည်သို့သေဆုံးမည်၊ မည်သည့်နေရာတွင်သေဆုံးမည်နှင့် မည်သူ၏လက်ချက်ဖြင့် သေမည်တို့ကိုကြိုဟောခဲ့သည်။ (မ. ၂၀:၁၇-၁၉) ယေရုရှလင်မြို့နှင့် ယင်း၏ဝတ်ပြုရာအိမ်တော် ပျက်စီးမည့်အကြောင်းကိုလည်း ယေရှုကြိုဟောခဲ့သောကြောင့် နားထောင်နေသောသူတို့ အံ့အားသင့်ခဲ့ကြသည်။ (မာ. ၁၃:၁၊ ၂) ကိုယ်တော်၏ပရောဖက်ပြုချက်များသည် ကျွန်ုပ်တို့ခေတ်ကာလထိ သက်ရောက်မှုရှိသည်။—မ. ၂၄:၃-၄၁

၁၂။ (က) ယေရှုသည် ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းအတွက် မည်သို့အုတ်မြစ်ချခဲ့သနည်း။ (ခ) ယနေ့ ကျွန်ုပ်တို့သည် ယေရှု၏ပုံနမူနာကို အဘယ်ကြောင့်လိုက်လျှောက်ကြသနည်း။

၁၂ ယေရှုသည် ပရောဖက်တစ်ပါးဖြစ်သည့်အပြင် ဟောပြောသူ၊ သွန်သင်သူလည်းဖြစ်သည်။ ကိုယ်တော်သည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောခဲ့ပြီး ကိုယ်တော်ကဲ့သို့ ရဲစွမ်းသတ္တိရှိရှိဖြင့် မည်သူကမျှ မဟောပြောခဲ့ကြပါ။ (လု. ၄:၁၆-၂၁၊ ၄၃) သွန်သင်သူတစ်ဦးအနေနှင့် ကိုယ်တော်နှင့်တူသောသူ မည်သူမျှမရှိပါ။ ကိုယ်တော်၏စကားကိုကြားသူတချို့က “ထိုသူဟောသကဲ့သို့ မည်သူမျှ မဟောဖူးပါ” ဟုဆိုခဲ့ကြသည်။ (ယော. ၇:၄၆) ယေရှုသည် သတင်းကောင်းပျံ့နှံ့စေရန် ထက်ထက်သန်သန်ကြိုးစားအားထုတ်ခဲ့ပြီး ဘုရားသခင့်နိုင်ငံတော်အတွက် အလားတူထက်သန်မှုရှိရန် နောက်လိုက်များအား မှာကြားခဲ့သည်။ သို့ဖြင့် ကိုယ်တော်သည် ကမ္ဘာချီဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းအတွက် အုတ်မြစ်ချပေးခဲ့ပြီး ယင်းလုပ်ငန်းသည် ဆက်၍ဆောင်ရွက်လျက်ရှိသည်။ (မ. ၂၈:၁၈-၂၀; တ. ၅:၄၂) လွန်ခဲ့သောနှစ်က ခရစ်တော်၏နောက်လိုက် ခုနစ်သန်းခန့်သည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းနှင့် စိတ်ဝင်စားသူတို့ကို သမ္မာကျမ်းစာအမှန်တရားသင်ပေးခြင်းတွင် နာရီပေါင်း ၁,၅၀၀,၀၀၀,၀၀၀ ခန့်အသုံးပြုခဲ့ကြသည်။ သင်သည် ဤလုပ်ငန်းတွင် အဓိပ္ပာယ်ရှိရှိ ပါဝင်ပါသလော။

၁၃။ “နိုးကြား” ရန် အဘယ်အရာက အထောက်အကူပြုမည်နည်း။

၁၃ မောရှေနှင့်တူသောပရောဖက်တစ်ပါး ပေါ်လာမည်ဟူသည့် ပရောဖက်ပြုချက်ကို ယေဟောဝါပြည့်စုံစေခဲ့သည်နှင့်ပတ်သက်၍ မေးခွန်းထုတ်စရာမရှိပါ။ ယင်းအသိပညာက သင့်အား မည်သို့အကျိုးသက်ရောက်သနည်း။ မဝေးတော့သည့်အနာဂတ်တွင်ပြည့်စုံမည့် မှုတ်သွင်းခံပရောဖက်ပြုချက်များအပေါ် ပို၍ယုံကြည်စိတ်ချစေသည်မဟုတ်လော။ မှန်ပါသည်၊ သာ၍ကြီးမြတ်သောမောရှေ၏ပုံနမူနာကို တွေးတောဆင်ခြင်ခြင်းက မကြာမီ ဘုရားသခင်လုပ်ဆောင်မည့်အရာများကို “နိုးကြား၍ သတိရှိနေကြ” ရန်လှုံ့ဆော်ပေးသည်။—၁ သက်. ၅:၂၊

ဖျန်ဖြေသူအဖြစ် ခရစ်တော်ကို တန်ဖိုးထားပါ

၁၄။ မောရှေသည် ဣသရေလလူမျိုးနှင့် ဘုရားသခင်စပ်ကြား ဖျန်ဖြေပေးသူတစ်ဦး မည်သို့ဖြစ်ခဲ့သနည်း။

၁၄ မောရှေကဲ့သို့ပင် ယေရှုသည် ဖျန်ဖြေသူတစ်ဦးဖြစ်သည်။ ယေဟောဝါသည် ဣသရေလလူမျိုးနှင့် ပညတ်ပဋိညာဉ်ဖွဲ့ချိန်တွင် မောရှေကို အသုံးပြုခဲ့သည်။ ယာကုပ်အမျိုးသားတို့သည် ဘုရားသခင်၏ပညတ်များကိုနာခံမည်ဆိုလျှင် သူတို့သည် ဘုရားသခင်၏အထူးပိုင်ဆိုင်ရာ ကိုယ်တော်၏အသင်းတော်အဖြစ် ဆက်တည်ရှိမည်ဖြစ်သည်။ (ထွ. ၁၉:၃-၈) ယင်းပဋိညာဉ်သည် ဘီစီ ၁၅၁၃ မှ စီအီးပထမရာစုအထိ အကျိုးသက်ရောက်ခဲ့သည်။

၁၅။ ယေရှုသည် မည်သို့အားဖြင့် သာ၍ကြီးမြတ်သောဖျန်ဖြေသူဖြစ်သနည်း။

၁၅ စီအီး ၃၃ တွင် ယေဟောဝါသည် ဣသရေလလူမျိုးသစ်နှင့် ပိုကောင်းသောပဋိညာဉ်ကို အစပြုခဲ့ပြီး ယင်းလူမျိုးသစ်မှာ “ဘုရားသခင်၏ အစ္စရေးလူမျိုး” ဖြစ်သည့် ဘိသိက်ပေးခံရသောခရစ်ယာန်များဖြင့်ဖွဲ့စည်းထားသည့် ကမ္ဘာချီအသင်းတော်ဖြစ်လာခဲ့သည်။ (ဂလ. ၆:၁၆) မောရှေဖျန်ဖြေပေးခဲ့သော ပဋိညာဉ်တွင် ကျောက်ပေါ်ဘုရားသခင်ရေးသားခဲ့သော ပညတ်တရားပါဝင်ခဲ့သော်လည်း ယေရှုဖျန်ဖြေပေးသည့်ပဋိညာဉ်သည် ယင်းထက်ပို၍သာလွန်သည်။ ယင်း၏ပညတ်များကို လူတို့၏နှလုံးတွင် ဘုရားသခင်ရေးသားထားသည်။ (၁ တိမောသေ ၂:၅; ဟေဗြဲ ၈:၁၀ တို့ကိုဖတ်ပါ။) ထို့ကြောင့် “ဘုရားသခင်၏ အစ္စရေးလူမျိုး” သည် ယခု ဘုရားသခင်၏အထူးပိုင်ဆိုင်ရာ၊ မေရှိယနိုင်ငံတော်၏ “အသီး,သီးမည့်လူမျိုး” ဖြစ်သည်။ (မ. ၂၁:၄၃) ဘုရားသခင်လူမျိုး၏ထိုအဖွဲ့ဝင်များသည် ပဋိညာဉ်သစ်တွင် ပါဝင်ကြသည်။ သို့တိုင် ယင်းမှအကျိုးခံစားရသူတို့မှာ သူတို့သာမဟုတ်ပါ။ မရေမတွက်နိုင်သော များစွာသောသူတို့၊ ယခုအချိန်တွင် သေခြင်း၌အိပ်ပျော်နေကြသောများစွာသောသူတို့ပင်လျှင် အကောင်းဆုံးဖြစ်သော ယင်းပဋိညာဉ်သစ်ကြောင့် ထာဝရကောင်းချီးများ ရရှိကြမည်။

ကယ်နုတ်သူအဖြစ် ခရစ်တော်ကို လေးမြတ်ပါ

၁၆။ (က) ယေဟောဝါသည် ဣသရေလလူမျိုးအားကယ်နုတ်ရန် မောရှေကို အဘယ်နည်းများတွင် အသုံးပြုခဲ့သနည်း။ (ခ) ထွက်မြောက်ရာ ၁၄:၁၃ အရ ကယ်တင်ခြင်း၏ရင်းမြစ်မှာ မည်သူနည်း။

၁၆ အီဂျစ်ပြည်မှမထွက်လာမီ နောက်ဆုံးညတွင် ဣသရေလအမျိုးသားတချို့သည် အသက်အန္တရာယ်နှင့်ကြုံခဲ့ရသည်။ မကြာမီ ဘုရားသခင့်ကောင်းကင်တမန်သည် အီဂျစ်ပြည်ကိုဖြတ်သွားကာ သားဦးအားလုံးကို သတ်တော့မည်ဖြစ်သည်။ ဣသရေလလူမျိုးသည် ပသခါသိုးသငယ်၏အသွေးကို အိမ်၏တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဖက်တွင် သုတ်လိမ်းထားလျှင် ဣသရေလသားဦးများ ကယ်တင်ခံရမည်ဖြစ်ကြောင်း မောရှေအား ယေဟောဝါမိန့်တော်မူခဲ့၏။ (ထွ. ၁၂:၁-၁၃၊ ၂၁-၂၃) ယင်းသို့ပင်ဖြစ်ခဲ့သည်။ နောက်ပိုင်း၊ ဣသရေလလူမျိုးတစ်မျိုးလုံးသည် အလွန်အန္တရာယ်ရှိသောအခြေအနေတွင် ရောက်နေခဲ့ကြသည်။ သူတို့သည် ပင်လယ်နီနှင့် နောက်မှလိုက်လာသောအီဂျစ်စစ်တပ်ကြားတွင် ပိတ်မိနေခဲ့ကြသည်။ ဤတွင်တစ်ဖန် ယေဟောဝါသည် ပင်လယ်ရေကို အံ့ဖွယ်နှစ်ခြမ်းကွဲစေခဲ့သူ မောရှေအားဖြင့် လွတ်မြောက်ရာလမ်းကို ပြင်ဆင်ပေးခဲ့သည်။—ထွ. ၁၄:၁၃၊ ၂၁

၁၇၊ ၁၈။ ယေရှုသည် အဘယ်နည်းများဖြင့် မောရှေထက်သာ၍ကြီးမြတ်သော ကယ်နုတ်ရှင်ဖြစ်သနည်း။

၁၇ ကယ်နုတ်ခဲ့သည့်ထိုလုပ်ရပ်များသည် ကြီးမားလှသော်လည်း ယေရှုအားဖြင့် ယေဟောဝါပြုတော်မူသော ကယ်နုတ်မှုသည် ပို၍များစွာကြီးမားသည်။ ယေရှုအားဖြင့် နာခံမှုရှိသောလူသားတို့သည် အပြစ်၏ကျွန်ဘဝမှ ကယ်နုတ်ခံရသည်။ (ရော. ၅:၁၂၊ ၁၈) ယင်းကယ်နုတ်မှုသည် “ထာဝရကယ်နုတ်ခြင်း” ဖြစ်သည်။ (ဟေဗြဲ ၉:၁၁၊ ၁၂) ယေရှုအမည်သည် ‘ယေဟောဝါသည် ကယ်တင်ခြင်းဖြစ်၏’ ဟုအဓိပ္ပာယ်ရှိသည်။ ကျွန်ုပ်တို့၏ကယ်နုတ်ရှင် သို့မဟုတ် ကယ်တင်ရှင်အနေနှင့် ယေရှုသည် ကျွန်ုပ်တို့အတိတ်ကအပြစ်များမှ ကယ်လွှတ်ရုံသာမကပါ၊ ပို၍ကောင်းသောအနာဂတ်တွင်ပျော်မွေ့ရန် လမ်းကိုလည်းဖွင့်ပေးသည်။ အပြစ်၏ကျွန်ဘဝမှကယ်နုတ်ခြင်းဖြင့် ယေရှုသည် မိမိနောက်လိုက်များအား ဘုရားသခင်၏အမျက်တော်မှ ကယ်တင်ခဲ့ပြီး ယေဟောဝါနှင့် မေတ္တာပါဆက်ဆံရေးကို ဖြစ်စေသည်။—မ. ၁:၂၁

၁၈ အပြစ်မှ ယေရှုကယ်နုတ်ပေးခြင်းသည် အချိန်တန်သည့်အခါ ယင်း၏ဝမ်းနည်းဖွယ်အကျိုးဆက်များဖြစ်သော ဖျားနာခြင်း၊ သေခြင်းမှပင်လွတ်မြောက်ခြင်း ဖြစ်ပါလိမ့်မည်။ ယင်းသည်အဘယ်အရာဆိုလိုကြောင်း မြင်ယောင်စေရန် ၁၂ နှစ်အရွယ်သမီးသေဆုံးသွားသည့် ယာဣရုအမည်ရှိသောသူ၏အိမ်သို့ ယေရှုရောက်သွားချိန်တွင် ဖြစ်ပျက်ခဲ့ရာကို သုံးသပ်ကြည့်ပါ။ ယေရှုက ယာဣရုကို ဤသို့စိတ်ချစေခဲ့၏– “မကြောက်နှင့်။ ယုံကြည်ခြင်းသာရှိလော့။ သူငယ်မ ကျန်းမာလိမ့်မည်။” (လု. ၈:၄၁၊ ၄၂၊ ၄၉၊ ၅၀) ကိုယ်တော်၏စကားအတိုင်း သူငယ်မသည် သေခြင်းမှထမြောက်ခဲ့သည်။ သူ့မိဘတို့၏ရွှင်လန်းမှုကို သင်မြင်ယောင်နိုင်သလော။ “သင်္ချိုင်းများမှာ ရှိသောသူအပေါင်းတို့သည် [ယေရှု] ၏စကားသံကိုကြား၍” ရှင်ပြန်ထမြောက်ကာ “ထွက်” လာသည့်အခါ ကျွန်ုပ်တို့ခံစားရမည့် သာလွန်သောရွှင်လန်းမှုကို မြင်ယောင်နိုင်ပါသလော။ (ယော. ၅:၂၈၊ ၂၉) မှန်ပါသည်၊ ယေရှုသည် ကယ်တင်ရှင်၊ ကျွန်ုပ်တို့၏ကယ်နုတ်ရှင်ဖြစ်သည်။—တမန်တော် ၅:၃၁ ကိုဖတ်ပါ; တိ. ၁:၄; ဗျာ. ၇:၁၀

၁၉၊ ၂၀။ (က) မောရှေထက်သာ၍ကြီးမြတ်သောသူအဖြစ် ယေရှု၏အခန်းကဏ္ဍကို တွေးတောဆင်ခြင်ခြင်းက ကျွန်ုပ်တို့အပေါ် မည်သို့အကျိုးသက်ရောက်သနည်း။ (ခ) နောက်ဆောင်းပါးတွင် အဘယ်အကြောင်း သုံးသပ်ကြမည်နည်း။

၁၉ ယေရှု၏ကယ်တင်ခြင်းလုပ်ရပ်များမှ လူသားတို့အကျိုးခံစားရရန် ကျွန်ုပ်တို့သည် အသုံးတော်ခံများအဖြစ် အကူအညီပေးနိုင်သည်ကို သိရခြင်းက ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းတွင်ပါဝင်ရန် ကျွန်ုပ်တို့အား လှုံ့ဆော်သည်။ (ဟေရှာ. ၆၁:၁-၃) ထို့ပြင် မောရှေထက်သာ၍ကြီးမြတ်သူအဖြစ် ယေရှု၏အခန်းကဏ္ဍကို တွေးတောဆင်ခြင်ခြင်းက ကိုယ်တော်သည် လူဆိုးတို့အပေါ်တရားစီရင်ရန် ကြွလာချိန်တွင် မိမိ၏နောက်လိုက်များကို ကယ်နုတ်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့အား ပို၍ယုံကြည်စိတ်ချစေသည်။—မ. ၂၅:၃၁-၃၄၊ ၄၁၊ ၄၆; ဗျာ. ၇:၉၊ ၁၄

၂၀ မှန်ပါသည်၊ ယေရှုသည် မောရှေထက်သာ၍ကြီးမြတ်သောသူဖြစ်သည်။ ကိုယ်တော်သည် မောရှေတစ်ခါမျှမလုပ်ဆောင်ခဲ့သည့် အံ့ဖွယ်အရာများစွာကို လုပ်ဆောင်ခဲ့သည်။ ပရောဖက်တစ်ပါးအနေနှင့် ယေရှုမိန့်တော်မူချက်များ၊ ဖျန်ဖြေသူအနေနှင့် ကိုယ်တော်လုပ်ဆောင်ခဲ့ရာများသည် လူ့မိသားစုတစ်ခုလုံးအပေါ် အကျိုးပြုခဲ့သည်။ ကယ်နုတ်ရှင်အနေနှင့် ယေရှုသည် လူသားတို့ကို ခေတ္တယာယီမဟုတ်ဘဲ ထာဝရကယ်တင်ခြင်းကိုဖြစ်စေသည်။ သို့တိုင် ရှေးတည်ကြည်သူအမျိုးသားတို့ထံမှ ယေရှုအကြောင်း ပို၍သင်ယူစရာရှိသေးသည်။ နောက်ဆောင်းပါးတွင် ကိုယ်တော်သည် မည်သို့အားဖြင့် ဒါဝိဒ်ထက်သာ၍ကြီးမြတ်သောသူ၊ ရှောလမုန်ထက် သာ၍ကြီးမြတ်သောသူဖြစ်သည်ကို သုံးသပ်ကြပါမည်။

သင်ရှင်းပြနိုင်သလော

ယေရှုသည် အဘယ်နည်းဖြင့် မောရှေထက်သာ၍ကြီးမြတ်သနည်း။

• ပရောဖက်တစ်ပါးအနေနှင့်

• ဖျန်ဖြေသူတစ်ဦးအနေနှင့်

• ကယ်နုတ်ရှင်တစ်ဦးအနေနှင့်

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၆ မှ လေးထောင့်ကွက်နှင့် ရုပ်ပုံ]

  ယေရှုနှင့်မောရှေဆင်တူသည့် နောက်ထပ်နည်းလမ်းများ

□ နှစ်ဦးစလုံးသည် ယေဟောဝါနှင့် ကိုယ်တော့်လူမျိုးအတွက်အမှုဆောင်ရန် မိမိတို့၏ ကြီးမြတ်သည့်ရာထူးကို စွန့်လွှတ်ခဲ့ကြသည်။—၂ ကော. ၈:၉; ဖိ. ၂:၅-၈; ဟေဗြဲ ၁၁:၂၄-၂၆

□ နှစ်ဦးစလုံးသည် ဘိသိက်ပေးခံရသူများ သို့မဟုတ် ခရစ်တော်များအဖြစ် အမှုဆောင်ခဲ့ကြသည်။—မာ. ၁၄:၆၁၊ ၆၂; ယော. ၄:၂၅၊ ၂၆; ဟေဗြဲ ၁၁:၂၆

□ နှစ်ဦးစလုံးသည် ယေဟောဝါ၏နာမဖြင့် ရောက်လာခဲ့ကြခြင်းဖြစ်သည်။—ထွ. ၃:၁၃-၁၆; ယော. ၅:၄၃; ၁၇:၄၊ ၆၊ ၂၆

□ နှစ်ဦးစလုံးသည် နူးညံ့သိမ်မွေ့ မှုကို တင်ပြခဲ့ကြသည်။—တော. ၁၂:၃; မ. ၁၁:၂၈-၃၀

□ နှစ်ဦးစလုံးသည် လူများစွာကို ကျွေးမွေးရာတွင် ပါဝင်ခဲ့ကြသည်။—ထွ. ၁၆:၁၂; ယော. ၆:၄၈-၅၁

□ နှစ်ဦးစလုံးသည် တရားသူကြီး၊ ပညတ်ပေးသူအဖြစ် အမှုဆောင်ခဲ့သည်။—ထွ. ၁၈:၁၃; မာလ. ၄:၄; ယော. ၅:၂၂၊ ၂၃; ၁၅:၁၀

□ နှစ်ဦးစလုံးသည် ဘုရားသခင်၏အိမ်တော်ကိုဦးစီးရန် တာဝန်ခန့်အပ်ခံခဲ့ရသည်။—တော. ၁၂:၇; ဟေဗြဲ ၃:၂-၆

□ နှစ်ဦးစလုံးသည် ယေဟောဝါအပေါ်တည်ကြည်သောသက်သေအဖြစ် ဖော်ပြခံခဲ့ရသည်။—ဟေဗြဲ ၁၁:၂၄-၂၉; ၁၂:၁; ဗျာ. ၁:၅

□ မောရှေနှင့် လူသားယေရှုသေဆုံးပြီးနောက် ဘုရားသခင်သည် သူတို့၏ကိုယ်ခန္ဓာကို လက်စဖျောက်ခဲ့သည်။—တရား. ၃၄:၅၊ ၆; လု. ၂၄:၁-၃; တ. ၂:၃၁; ၁ ကော. ၁၅:၅၀; ယု. ၉