မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယောဘသည် ယေဟောဝါ၏ နာမတော်ကို ဂုဏ်တင်ခဲ့

ယောဘသည် ယေဟောဝါ၏ နာမတော်ကို ဂုဏ်တင်ခဲ့

ယောဘသည် ယေဟောဝါ၏ နာမတော်ကို ဂုဏ်တင်ခဲ့

‘ယေဟောဝါ၏နာမတော်သည် မင်္ဂလာရှိပါစေသတည်း။’—ယောဘ ၁:၂၁

၁။ ယောဘကျမ်းကို မည်သူရေးခဲ့ဖွယ်ရှိသနည်း၊ အဘယ်အချိန်တွင်နည်း။

မောရှေသည် အသက် ၄၀ ခန့်တွင် ဖာရော၏ရန်မှလွတ်မြောက်ရန် အီဂျစ်ပြည်မှထွက်ပြေးခဲ့ရပြီး မိဒျန်ပြည်၌ နေထိုင်ခဲ့သည်။ (တ. ၇:၂၃) ထိုပြည်တွင်နေထိုင်စဉ် သူသည် ဥဇပြည်အနီးတွင်နေထိုင်သူ ယောဘခံရသည့်စုံစမ်းမှုများကို ကြားခဲ့ပေမည်။ နှစ်များစွာကြာပြီးနောက် မောရှေနှင့် ဣသရေလလူတို့သည် သူတို့၏တောကန္တာရခရီးအဆုံးပိုင်းတွင် ဥဇပြည်အနီး၌ရှိခဲ့ကြရာ မောရှေသည် ယောဘ၏နောက်ဆုံးနှစ်များအကြောင်း သိရှိခဲ့ပေမည်။ ဂျူးထုံးတမ်းအဆိုအရ မောရှေသည် ယောဘသေဆုံးပြီး မကြာမီတွင် ယောဘကျမ်းကိုရေးခဲ့ခြင်းဖြစ်သည်။

၂။ မျက်မှောက်ခေတ် ယေဟောဝါ၏ကျေးကျွန်များကို ယောဘကျမ်းက အဘယ်နည်းများဖြင့် ခွန်အားရှိစေသနည်း။

ယောဘကျမ်းသည် မျက်မှောက်ခေတ်ဘုရားသခင့်ကျေးကျွန်များ၏ယုံကြည်ခြင်းကို ခိုင်ခံ့စေသည်။ အဘယ်နည်းများဖြင့်နည်း။ မှတ်တမ်းက ကောင်းကင်တွင်ဖြစ်ပျက်ခဲ့သည့် အလွန်အရေးပါသောအဖြစ်အပျက်များကို သိမြင်နားလည်စေပြီး ဘုရားသခင်၏ စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးမှုဆိုင်ရာ အဓိကအရေးကိစ္စကို သတိရစေ၏။ ယောဘမှတ်တမ်းက သမာဓိစောင့်သိခြင်းတွင် အဘယ်အရာပါဝင်ကြောင်း ပိုမိုနားလည်စေပြီး ယေဟောဝါသည် မိမိ၏ကျေးကျွန်များကို တစ်ခါတစ်ရံ ဆင်းရဲဝေဒနာခံစားခွင့်ပြုရသည့်အကြောင်းရင်းကို သဘောပေါက်စေသည်။ ထို့ပြင် ယောဘကျမ်းက စာတန်သည် ယေဟောဝါ၏ အဓိကရန်သူကြီးဖြစ်သည့်ပြင် လူသားတို့၏ရန်သူဖြစ်ကြောင်း ဖော်ထုတ်သည်။ ယောဘကဲ့သို့ မစုံလင်သည့်လူသားများသည် ပြင်းထန်သောစမ်းသပ်မှုများကြား ယေဟောဝါအပေါ် တည်ကြည်မြဲတည်ကြည်နိုင်ကြောင်းကိုလည်း ဖော်ပြ၏။ ယောဘကျမ်းတွင်ဖော်ပြထားသော အဖြစ်အပျက်တချို့ကို ဆန်းစစ်ကြည့်ကြစို့။

ယောဘသည် စာတန်၏စမ်းသပ်မှုကိုခံခဲ့ရ

၃။ ကျွန်ုပ်တို့သည် ယောဘအကြောင်း အဘယ်အရာသိရှိရသနည်း၊ စာတန်သည် သူ့ကို အဘယ်ကြောင့်ပစ်မှတ်ထားသနည်း။

ယောဘသည် ချမ်းသာကြွယ်ဝသူ၊ ဩဇာအာဏာရှိသူ၊ မိသားစုကိုကောင်းစွာဦးစီးသူဖြစ်သည်။ သူသည် လိုအပ်နေသူများကို အကူအညီပေးသော အလွန်လေးစားခံရသည့် အကြံဉာဏ်ပေးသူတစ်ဦးဖြစ်သည်မှာ သေချာသည်။ အရေးအကြီးဆုံးမှာ ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခဲ့သည်။ ယောဘကို ‘စုံလင်ဖြောင့်မတ်သူ၊ ဘုရားသခင်ကိုကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကိုရှောင်သောသူ’ အဖြစ်ဖော်ပြခဲ့သည်။ ထိုသို့ဖော်ပြရခြင်းမှာ သူ၏ချမ်းသာကြွယ်ဝမှု၊ ဩဇာအာဏာရှိမှုကြောင့်မဟုတ်ဘဲ သူ့ကို စာတန်အဓိကပစ်မှတ်ထားရသည့်အကြောင်းရင်းဖြစ်သော သူ၏ ဘုရားသခင်ဝတ်၌ မွေ့လျော်ခြင်းကြောင့်ဖြစ်သည်။—ယောဘ ၁:၁; ၂၉:၇-၁၆; ၃၁:၁

၄။ သမာဓိစောင့်သိခြင်းကား အဘယ်နည်း။

ကောင်းကင်တမန်များသည် ယေဟောဝါရှေ့တော်မှောက် ခစားခြင်းငှာ ကောင်းကင်တွင်စုရုံးကြကြောင်း ယောဘကျမ်း၏နိဒါန်းမှတ်တမ်းက ဖော်ပြသည်။ စာတန်လည်း ရောက်ရှိလာ၏၊ သူသည် ယောဘကိုစွပ်စွဲခဲ့သည်။ (ယောဘ ၁:၆-၁၁ ကိုဖတ်ပါ။) စာတန်သည် ယောဘ၏ပိုင်ဆိုင်ရာများကို ဖော်ပြသော်လည်း သူသည် ယောဘ၏သမာဓိစောင့်သိမှုကို အဓိကစိန်ခေါ်ခဲ့ခြင်းဖြစ်သည်။ “သမာဓိစောင့်သိခြင်း” ဟူသောအသုံးအနှုန်းသည် သမာသမတ်ဖြစ်ခြင်း၊ အပြစ်မရှိခြင်း၊ ဖြောင့်မတ်ခြင်းနှင့် အပြစ်ကင်းစင်ခြင်း အဓိပ္ပာယ်ဆောင်၏။ လူ့သမာဓိကို သမ္မာကျမ်းစာတွင်အသုံးပြုသည့်အခါ ယေဟောဝါအား နှလုံးအကြွင်းမဲ့ကိုးကွယ်ခြင်းကို ဆိုလိုသည်။

၅။ ယောဘနှင့်ပတ်သက်၍ စာတန်အဘယ်အရာဆိုခဲ့သနည်း။

ယောဘ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သည်မှာ သမာဓိစောင့်သိခြင်းကြောင့်မဟုတ်၊ ကိုယ်ကျိုးအတွက်ကြောင့်ဖြစ်သည်ဟု စာတန်စွပ်စွဲခဲ့သည်။ ဘုရားသခင်သည် ယောဘကို ဆုချနေသရွေ့၊ သူ့ကိုကာကွယ်နေသရွေ့သာ ယေဟောဝါကို ယောဘတည်ကြည်လိမ့်မည်ဟု စာတန်စွပ်စွဲခဲ့သည်။ စာတန်၏စွပ်စွဲချက်ကို အဖြေပေးနိုင်ရန် ယေဟောဝါသည် တည်ကြည်သောထိုသူကို စာတန်တိုက်ခိုက်ဖို့ ခွင့်ပြုခဲ့သည်။ ထို့ကြောင့် ယောဘသည် တစ်နေ့ချင်းတွင် သူ၏ခြံမွေးတိရစ္ဆာန်များ အခိုးခံရ သို့မဟုတ် သတ်ဖြတ်ခံရကြောင်း၊ သူ၏လူစောင့်တို့ အသတ်ခံရကြောင်း၊ သူ၏သားသမီးဆယ်ယောက် အသက်ဆုံးရှုံးခဲ့ကြောင်းသိလိုက်ရသည်။ (ယောဘ ၁:၁၃-၁၉) စာတန်၏တိုက်ခိုက်မှုက ယောဘ၏သမာဓိစောင့်သိမှုကို ချိုးဖျက်ခဲ့ပါသလော။ မိမိကြုံတွေ့ရသည့်ဘေးဆိုးကြီးနှင့်ပတ်သက်၍ ယောဘ၏တုံ့ပြန်မှုကို မှုတ်သွင်းခံမှတ်တမ်းတွင် ဤသို့ဖော်ပြသည်– ‘ယေဟောဝါပေးတော်မူ၏။ ယေဟောဝါလည်း ရုပ်သိမ်းတော်မူ၏။ ယေဟောဝါ၏နာမတော်သည် မင်္ဂလာရှိပါစေသတည်း။’—ယောဘ ၁:၂၁

၆။ (က) ကောင်းကင်၌ နောက်ထပ်စုရုံးချိန်တွင် အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။ (ခ) ယေဟောဝါအပေါ် ယောဘ၏သမာဓိစောင့်သိမှုကို စာတန်စိန်ခေါ်ခဲ့ချိန်တွင် သူ့စိတ်ထဲ မည်သူတို့ရှိခဲ့သနည်း။

နောက်ပိုင်းတွင် ကောင်းကင်၌ နောက်ထပ်စုရုံးခြင်းရှိခဲ့သည်။ စာတန်သည် ယောဘကို နောက်တစ်ကြိမ်စွပ်စွဲပြန်သည်– “အရေဖို့အရေဟုဆိုသကဲ့သို့ လူသည် မိမိအသက်ဖို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်။ ယခုတစ်ဖန် လက်တော်ကိုဆန့်၍ သူ့အရိုးနှင့်သူ့အသားကိုထိခိုက်တော်မူလျှင် သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကိုစွန့်ပယ်ပါလိမ့်မည်။” စာတန်သည် သူ၏စွပ်စွဲချက်တွင် အခြားသူတို့ကိုလည်း ပါဝင်စေခဲ့ကြောင်း သတိပြုပါ။ “လူသည် မိမိအသက်ဖို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်” ဟုဆိုခြင်းဖြင့် စာတန်သည် ယောဘ၏သမာဓိစောင့်သိမှုကိုသာမက ယေဟောဝါကိုဝတ်ပြုကိုးကွယ်သူ ‘မည်သူမဆို’ ၏သမာဓိစောင့်သိမှုကို စိန်ခေါ်ခဲ့သည်။ ထို့နောက် ဘုရားသခင်သည် စာတန်အား ယောဘကို နာကျင်သောရောဂါဖြင့်တိုက်ခိုက်ရန် ခွင့်ပြုခဲ့သည်။ (ယောဘ ၂:၁-၈) သို့သော် ယင်းသည် ယောဘကြုံတွေ့ရသောစုံစမ်းမှုအလုံးစုံမဟုတ်ပါ။

ယောဘ၏သဘောထားမှ သင်ယူနိုင်ရာ

၇။ ယောဘ၏မိန်းမနှင့် ယောဘထံလာလည်ပတ်သူတို့သည် သူ့အပေါ် အဘယ်နည်းများဖြင့် ဖိအားပေးခဲ့ကြသနည်း။

အစပိုင်းတွင် ယောဘမိန်းမသည် သူ့ခင်ပွန်းကဲ့သို့ပင် စိတ်ထိခိုက်ခဲ့သည်။ သားသမီးများ၊ မိသားစုကြွယ်ဝချမ်းသာမှုများဆုံးရှုံးရခြင်းက သူ့အား ဝမ်းနည်းပက်လက်ဖြစ်စေခဲ့သည်။ ခင်ပွန်းသည်၏ နာကျင်သောရောဂါဝေဒနာခံစားနေမှုကို မြင်တွေ့ရခြင်းက သူ့အား စိတ်ထိခိုက်စေခဲ့ပေမည်။ သူသည် ယောဘကို ဤသို့ပြောခဲ့သည်– ‘သင်သည် သင်၏သမာဓိကို စွဲကိုင်လျက်နေသေးသလော။ ဘုရားသခင်ကိုကျိန်ဆဲ၍သေလော့။’ ထို့နောက် လူသုံးဦးရောက်ရှိလာသည်—ဧလိဖတ်၊ ဗိလဒဒ်၊ ဇောဖာတို့သည် အပေါ်ယံအားဖြင့် ယောဘကို နှစ်သိမ့်မှုပေးဖို့ ဖြစ်ပုံရသည်။ ယင်းအစား သူတို့သည် လှည့်စားသောကျိုးကြောင်းဆင်ခြင်မှုကိုသုံးကာ “ပင်ပန်းစေသောသူဖြစ်” ကြောင်းသက်သေထူခဲ့ကြသည်။ ဥပမာ၊ ယောဘ၏သားသမီးများသည် မကောင်းမှုတွင်ပါဝင်ခဲ့ကြ၍ ဤသို့ဘေးဆိုးကြုံတွေ့ရခြင်းဖြစ်ကြောင်း ဗိလဒဒ်ပြောဆိုခဲ့သည်။ ဧလိဖတ်က ယောဘခံရသောဆင်းရဲဝေဒနာသည် အတိတ်ကပြုခဲ့သောအပြစ်များအတွက် ခံရသောပြစ်ဒဏ်ဖြစ်သည်ဟု စောင်းပါးရိပ်ခြည်ပြောခဲ့သည်။ သူက သမာဓိစောင့်သိသူတို့သည် ဘုရားသခင်အတွက် မည်မျှတန်ဖိုးရှိသနည်းဟူ၍ပင် မေးခွန်းထုတ်ခဲ့သည်။ (ယောဘ ၂:၉ [ကဘ]၊ ၁၁; ၄:၈; ၈:၄; ၁၆:၂; ၂၂:၂၊ ၃) ထိုသို့သောပြင်းထန်သည့်ဖိစီးမှုအောက်တွင် ယောဘသည် သူ၏သမာဓိစောင့်သိမှုကို ထိန်းသိမ်းခဲ့သည်။ “ဘုရားသခင်ထက် မိမိဖြောင့်မတ်ကြောင်းကိုပြသော” အခါ သူမှားခဲ့သည်။ (ယောဘ ၃၂:၂) သို့တိုင် သူသည် တောက်လျှောက် တည်ကြည်မြဲတည်ကြည်ခဲ့သည်။

၈။ ဧလိဟုသည် ယနေ့အကြံပေးသူတို့အတွက် အဘယ်ပုံသက်သေကောင်း တင်ပြခဲ့သနည်း။

ထို့နောက် ယောဘထံ လာလည်ပတ်သူ ဧလိဟုအကြောင်း ကျွန်ုပ်တို့ဖတ်ရသည်။ ဧလိဟုသည် ယောဘနှင့် သူ့အဖော်သုံးဦးတို့၏အချေအတင်ပြောဆိုချက်များကို ဦးစွာနားထောင်ခဲ့သည်။ သူတို့လေးဦးထက် ငယ်သော်လည်း ဧလိဟုသည် ပို၍ဉာဏ်ပညာရှိကြောင်း ပြခဲ့သည်။ သူသည် ယောဘကို ရိုသေလေးစားစွာ ပြောဆိုခဲ့သည်။ ဧလိဟုသည် ယောဘ၏ဖြောင့်မတ်သောလမ်းစဉ်အတွက် သူ့ကို ချီးမွမ်းခဲ့သည်။ သို့သော် ယောဘသည် မိမိဖြောင့်မတ်ကြောင်း သက်သေထူဖို့ကြိုးစားရာတွင် အာရုံစိုက်လွန်းသည်ဟုလည်း ပြောခဲ့သည်။ ထို့နောက် ဧလိဟုက ယောဘအား ဘုရားသခင်ကို တည်ကြည်စွာအမှုဆောင်ခြင်းသည် အမြဲအကျိုးရှိကြောင်း စိတ်ချစေခဲ့သည်။ (ယောဘ ၃၆:၁၊ ၁၁ ကိုဖတ်ပါ။) ယနေ့ သွန်သင်ချက်ပေးဖို့လိုအပ်နေသူများအတွက် ကောင်းသောပုံသက်သေပင်! ဧလိဟုသည် စိတ်ရှည်မှုတင်ပြခဲ့ပြီး ဂရုတစိုက်နားထောင်ခဲ့သည်၊ ဖြစ်နိုင်သည့်အခါတိုင်း ချီးမွမ်းသည်၊ တည်ဆောက်မှုဖြစ်စေသောသွန်သင်ချက်ကို ပေးခဲ့သည်။—ယောဘ ၃၂:၆; ၃၃:၃၂

၉။ ယေဟောဝါသည် ယောဘအား မည်သို့ကူညီထောက်မခဲ့သနည်း။

နောက်ဆုံးတွင် ယောဘသည် ယေဟောဝါ မိမိအားစကားပြောသည့် ထူးဆန်းအံ့ဩဖွယ်အတွေ့အကြုံကို ရရှိခဲ့သည်။ မှတ်တမ်းက ဤသို့ဆို၏– ‘ယေဟောဝါသည် ယောဘစကားကိုလှန်ပြန်၍ မိုးသက်မုန်တိုင်းထဲကမိန့်တော်မူသည်။’ ယေဟောဝါသည် မေးခွန်းများစွာကိုအသုံးပြုပြီး ယောဘ၏အတွေးအခေါ်ကို တည့်မတ်ပေးရန် ကြင်နာမှုပါသော်လည်း ခိုင်မာပြတ်သားစွာကူညီပေးခဲ့သည်။ ယောဘသည် ဆုံးမမှုကို လိုလိုလားလားလက်ခံခဲ့ပြီး ဤသို့ဝန်ခံခဲ့သည်– “အကျွန်ုပ်သည် အရေးမပါသူဖြစ်ပါ၏။ . . . မြေမှုန့်နှင့် မီးဖိုပြာ၌ထိုင်၍နောင်တရပါ၏။” ယေဟောဝါသည် ယောဘအား စကားပြောဆိုပြီးနောက် ကိုယ်တော်သည် ယောဘ၏မိတ်ဆွေသုံးဦးအပေါ် အမျက်ထွက်ကြောင်း ဖော်ပြခဲ့သည်၊ အကြောင်းမှာ သူတို့သည် ‘မှန်ကန်စွာမပြော’ ဆိုကြသောကြောင့်ဖြစ်၏။ ယောဘသည် သူတို့အတွက် ဆုတောင်းပေးရန်ဖြစ်၏။ ထို့နောက် ‘ယောဘသည် အဆွေခင်ပွန်းတို့အဖို့ဆုတောင်းပြီးမှ သူခံရသောဆင်းရဲဝေဒနာအကြောင်းကို ယေဟောဝါသည် ပယ်ရှင်း၍ အရင်ထက်နှစ်ဆသောဥစ္စာကို ပေးတော်မူ၏။’—ယောဘ ၃၈:၁; ၄၀:၄ ကဘ; ၄၂:၆-၁၀

ယေဟောဝါကို ကျွန်ုပ်တို့မည်မျှထိချစ်သနည်း

၁၀။ ယေဟောဝါသည် စာတန်ကို အဘယ်ကြောင့်လျစ်လျူမရှုခဲ့ သို့မဟုတ် မဖျက်ဆီးခဲ့သနည်း။

၁၀ ယေဟောဝါသည် စကြဝဠာဖန်ဆင်းရှင်၊ ဖန်ဆင်းသမျှအားလုံးကို အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် စာတန်၏စွပ်စွဲချက်များကို အဘယ်ကြောင့်လျစ်လျူမရှုခဲ့သနည်း။ စာတန်ကို လျစ်လျူရှုခြင်းဖြစ်စေ၊ သူ့ကိုဖျက်ဆီးခြင်းဖြစ်စေ ပေါ်ပေါက်လာသောအရေးကိစ္စကို ဖြေရှင်းလိမ့်မည်မဟုတ်ကြောင်း ဘုရားသခင်သိတော်မူခဲ့သည်။ ယေဟောဝါ၏ထင်ရှားသောကျေးကျွန်တစ်ဦးဖြစ်သူယောဘသည် သူ၏ချမ်းသာကြွယ်ဝမှုများ ဆုံးရှုံးသွားခဲ့ပါက ဆက်၍တည်ကြည်တော့မည်မဟုတ်ဟု စာတန်ဆို၏။ စမ်းသပ်မှုရှိလင့်ကစား ယောဘသည် ဆက်၍တည်ကြည်ခဲ့သည်။ ထို့နောက် မည်သူမဆို ကာယရေးတွင်ဆင်းရဲဝေဒနာခံစားရပါက ဘုရားသခင်ထံမှ သွေဖည်သွားလိမ့်မည်ဟု စာတန်ဆိုပြန်သည်။ ယောဘသည် ဆင်းရဲဝေဒနာခံစားခဲ့ရသည်၊ သို့သော် သူသည် ဆက်၍သမာဓိစောင့်သိခဲ့သည်။ ထို့ကြောင့် မစုံလင်သောလူသားဖြစ်သော်လည်း ထိုတည်ကြည်သူ၏အဖြစ်တွင် စာတန်သည် မုသာကောင်ဖြစ်ကြောင်း ထင်ရှားခဲ့သည်။ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ကြသော အခြားသူတို့နှင့်ပတ်သက်၍ကော အသို့နည်း။

၁၁။ ယေရှုသည် စာတန်၏စိန်ခေါ်ချက်ကို မည်သို့ အကြွင်းမဲ့ပြန်လည်ချေပခဲ့သနည်း။

၁၁ ဘုရားသခင့်ကျေးကျွန်တစ်ဦးစီသည် စာတန်မည်သည့်အရာပင် ဖြစ်ပေါ်စေငြား မိမိ၏သမာဓိကို စောင့်ထိန်းပါက ရက်စက်သောရန်သူ၏စွပ်စွဲချက်များ မှားကြောင်း ကိုယ်တိုင်တင်ပြရာရောက်သည်။ ယေရှုသည် မြေကြီးပေါ်ကြွလာခဲ့ပြီး စာတန်၏စိန်ခေါ်ချက်ကို အကြွင်းမဲ့ပြန်လည်ချေပခဲ့သည်။ ယေရှုသည် ကျွန်ုပ်တို့၏ကနဦးဖခင် အာဒံကဲ့သို့ပင် စုံလင်သောလူသားတစ်ဦးဖြစ်၏။ သေသည်အထိ ယေရှုတည်ကြည်ခဲ့ခြင်းက စာတန်သည် မုသာကောင်ဖြစ်ကြောင်းနှင့် သူ၏စွပ်စွဲချက်များမှားကြောင်း အပြီးသတ်တင်ပြတော်မူခဲ့သည်။—ဗျာ. ၁၂:၁၀

၁၂။ ယေဟောဝါ၏ကျေးကျွန်မည်သူမဆိုသည် အဘယ်အခွင့်ထူးနှင့် တာဝန်ရှိသနည်း။

၁၂ သို့သော် စာတန်သည် ယေဟောဝါအားဝတ်ပြုကိုးကွယ်သူများကို ဆက်၍စမ်းသပ်လျက်ရှိသည်။ ကျွန်ုပ်တို့တစ်ဦးစီသည် ကိုယ်ကျိုးအတွက်မဟုတ်ဘဲ ယေဟောဝါကိုချစ်သောကြောင့် ကိုယ်တော့်အမှုဆောင်ခြင်းဖြစ်ကြောင်း မိမိ၏သမာဓိစောင့်သိမှုအားဖြင့် တင်ပြခွင့်ရပြီး တင်ပြရမည့်တာဝန်လည်းရှိသည်။ ယင်းတာဝန်ကို ကျွန်ုပ်တို့မည်သို့ရှုမြင်သနည်း။ ယေဟောဝါအပေါ် တည်ကြည်ခြင်းကို အခွင့်ထူးအဖြစ် ကျွန်ုပ်တို့ရှုမြင်ကြသည်။ ကျွန်ုပ်တို့ခံရပ်နိုင်ရန် ယေဟောဝါခွန်အားပေးကြောင်းနှင့် ယောဘအဖြစ်တွင်ကဲ့သို့ ကျွန်ုပ်တို့ရင်ဆိုင်ရသည့်စုံစမ်းမှုများကို ကိုယ်တော်ကန့်သတ်ထားပေးကြောင်းသိရခြင်းကလည်း နှစ်သိမ့်မှုဖြစ်စေသည်။—၁ ကော. ၁၀:၁၃

စာတန်—အာခံတတ်သောရန်သူနှင့် ဖောက်ပြန်သူ

၁၃။ ယောဘကျမ်းက စာတန်အကြောင်း အဘယ်အသေးစိတ်အချက်အလက်များကို ဖော်ပြသနည်း။

၁၃ ယေဟောဝါကို စိန်ခေါ်ရာတွင်နှင့် လူသားများကို လမ်းလွဲစေရာတွင် စာတန်၏ရှက်ဖွယ်အခန်းကဏ္ဍနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို ဟေဗြဲကျမ်းစာစောင်များတွင် ဖော်ပြထားသည်။ ခရစ်ယာန်ဂရိကျမ်းစောင်များတွင် ယေဟောဝါအား စာတန်ဆန့်ကျင်သည့် ထပ်ဆင့်အချက်အလက်များကို တွေ့ရပြီး ဗျာဒိတ်ကျမ်းတွင် ယေဟောဝါ၏စကြဝဠာပိုင်သအုပ်စိုးမှု သံသယကင်းစေခြင်းနှင့် နောက်ဆုံးစာတန်ဖျက်ဆီးခံရခြင်းတို့ကို ကျွန်ုပ်တို့သိရှိရသည်။ စာတန်၏ပုန်ကန်သည့်လမ်းစဉ်နှင့်ပတ်သက်၍ ယောဘကျမ်းက ပို၍သိရှိစေပါသည်။ ကောင်းကင်စုရုံးခြင်း၌ စာတန်ရှိခဲ့ချိန်တွင် သူသည် ယေဟောဝါအား ချီးမွမ်းရန်ရည်ရွယ်ချက်ဖြင့် တက်ရောက်ခဲ့သည်မဟုတ်။ စာတန်တွင် မလိုတမာစိတ်နှင့် မကောင်းသောရည်ရွယ်ချက်ရှိ၏။ သူသည် ယောဘကို စွပ်စွဲပြီး သူ့ကိုစမ်းသပ်ရန် ခွင့်ပြုချက်ရပြီးနောက် ‘စာတန်သည် ယေဟောဝါထံတော်မှ ထွက်သွားလေ၏။’—ယောဘ ၁:၁၂; ၂:၇

၁၄။ ယောဘအပေါ် စာတန်သည် အဘယ်သဘောထားကို တင်ပြခဲ့သနည်း။

၁၄ ထို့ကြောင့် ယောဘကျမ်းက စာတန်သည် လူသားတို့၏ရက်စက်သောရန်သူတစ်ပါးဖြစ်ကြောင်း ဖော်ပြသည်။ ယောဘ ၁:၆ နှင့် ၂:၁ တွင်ဖော်ပြထားသော ကောင်းကင်တွင်စုရုံးခြင်းနှစ်ခုစပ်ကြား ဖော်ပြမထားသောအချိန်ကာလတစ်ခု လွန်သွားခဲ့ပြီး ထိုအချိန်အတောအတွင်း ယောဘသည် ရက်စက်စွာစမ်းသပ်ခံခဲ့ရသည်။ ယောဘ၏တည်ကြည်မှုကြောင့် စာတန်ကို ယေဟောဝါဤသို့ပြောနိုင်ခဲ့သည်– ‘အကြောင်းမရှိဘဲ [ယောဘ] ကိုပျက်စီးစေခြင်းငှာ သင်သည် ငါ့ကိုတိုက်တွန်းသော်လည်း သူသည် သမာဓိကို စွဲကိုင်လျက်နေသည်။’ သို့သော် စာတန်သည် ယောဘနှင့်ပတ်သက်သော သူ့အဆို မှားသည်ဟု ဝန်မခံခဲ့ပါ။ ယင်းအစား ယောဘအား နောက်ထပ်ပြင်းထန်သောစမ်းသပ်မှုခံရစေရန် သူတောင်းဆိုခဲ့သည်။ ထို့ကြောင့် စာတန်သည် ယောဘချမ်းသာကြွယ်ဝချိန်တွင်ရော ဆင်းရဲနွမ်းပါးချိန်တွင်ပါ သူ့ကိုစမ်းသပ်ခဲ့သည်။ စာတန်သည် ဆင်းရဲနွမ်းပါးသူများ သို့မဟုတ် ဘေးဆိုးကြုံနေရသူများကို သနားကြင်နာမှုမရှိကြောင်း ထင်ရှားသည်။ သူသည် သမာဓိစောင့်သိသူတို့ကို မုန်း၏။ (ယောဘ ၂:၃-၅ကဘ) သို့သော် ယောဘ၏တည်ကြည်မှုက စာတန်သည် မုသာကောင်ဖြစ်ကြောင်း တင်ပြခဲ့သည်။

၁၅။ မျက်မှောက်ခေတ်အယူဖောက်ပြန်သူတို့သည် စာတန်နှင့် အဘယ်တူညီချက်ရှိသနည်း။

၁၅ စာတန်သည် အယူဖောက်ခြင်းသို့လှည့်သွားသော ဦးဆုံးသတ္တဝါဖြစ်သည်။ မျက်မှောက်ခေတ်အယူဖောက်ပြန်သူများသည် စာတန်တွင်ရှိသည့်စရိုက်မျိုးကို တင်ပြကြသည်။ အသင်းတော်တွင်ရှိသူများ၊ ခရစ်ယာန်အကြီးအကဲများ သို့မဟုတ် အုပ်ချုပ်ရေးအဖွဲ့အပေါ် အပြစ်ရှာသည့်သဘောတင်ပြခြင်းဖြင့် သူတို့၏စိတ်ဓာတ်သည် အဆိပ်သင့်နေပေမည်။ အယူဖောက်ပြန်သူအချို့တို့သည် ဘုရားသခင်၏နာမတော်ယေဟောဝါကို အသုံးပြုခြင်းကို ဆန့်ကျင်ကြသည်။ သူတို့သည် ယေဟောဝါအကြောင်း သင်ယူခြင်း သို့မဟုတ် ကိုယ်တော့်အမှုတော်ဆောင်ခြင်းကို စိတ်မဝင်စားကြပါ။ သူတို့၏အဖစာတန်ကဲ့သို့ အယူဖောက်ပြန်သူတို့သည် သမာဓိစောင့်သိသူတို့ကို ပစ်မှတ်ထားကြသည်။ (ယော. ၈:၄၄) ယေဟောဝါ၏ကျေးကျွန်များသည် ထိုသူတို့နှင့် လုံးဝအဆက်အသွယ်မပြုကြသည်မှာ အံ့ဩစရာမဟုတ်ပါလေ။—၂ ယော. ၁၀၊ ၁၁

ယောဘသည် ယေဟောဝါ၏နာမတော်ကို ဂုဏ်တင်ခဲ့

၁၆။ ယောဘသည် ယေဟောဝါအပေါ် အဘယ်သဘောထား တင်ပြခဲ့သနည်း။

၁၆ ယောဘသည် ယေဟောဝါ၏နာမတော်ကို အသုံးပြုပြီး ဂုဏ်တင်ချီးမြှင့်ခဲ့သည်။ ယောဘသည် သူ၏သားသမီးများ သေဆုံးသည့်သတင်းကြောင့် စိတ်ကြေမွချိန်တွင်ပင် ဘုရားသခင်ကို အပြစ်တင်သည့်စကားတစ်ခွန်းမျှ မပြောဆိုခဲ့ပါ။ ယောဘက သူ၏ဆုံးရှုံးမှုသည် ဘုရားသခင်ကြောင့်ဟု မှားယွင်းစွာယူမှတ်ခဲ့သော်လည်း သူသည် ယေဟောဝါ၏နာမတော်ကို ချီးမွမ်းခဲ့သည်။ နောက်ပိုင်း သူပြောသည့် ဆိုရိုးစကားများထဲမှတစ်ခုတွင် ဤသို့မြွက်ဆိုသည်– ‘ယေဟောဝါကိုကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့် မကောင်းမှုကိုရှောင်ခြင်းသည် ဉာဏ်ဖြစ်၏။’—ယောဘ ၂၈:၂၈

၁၇။ ယောဘသည် မိမိ၏သမာဓိကို ဆက်ထိန်းသိမ်းရန် အဘယ်အရာက ထောက်ကူခဲ့သနည်း။

၁၇ ယောဘသည် သမာဓိစောင့်သိရန် အဘယ်အရာက ထောက်ကူခဲ့သနည်း။ ဘေးဆိုးမကျရောက်မီ သူသည် ယေဟောဝါနှင့်ရင်းနှီးသောဆက်ဆံရေး ပြုစုပျိုးထောင်ခဲ့သည်မှာ သေချာသည်။ စာတန်သည် ယေဟောဝါကို ဆန့်ကျင်စိန်ခေါ်ခဲ့သည်ကို ယောဘသိခဲ့သည်ဟူသော အထောက်အထားမရှိသော်လည်း ယောဘသည် တည်ကြည်မြဲတည်ကြည်ရန် စိတ်ပိုင်းဖြတ်ထားခဲ့သည်။ သူဤသို့ပြောခဲ့သည်– “ငါသည် သေသည်တိုင်အောင် ငါ့သမာဓိကိုမစွန့်လွှတ်။” (ယောဘ ၂၇:၅ကဘ) ယောဘသည် ဤရင်းနှီးသောဆက်ဆံရေးကို မည်သို့မွေးမြူခဲ့သနည်း။ ယောဘသည် မိမိနှင့် သွေးဝေးသောဆွေမျိုးများဖြစ်သည့် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့် ဘုရားသခင်ဆက်ဆံခဲ့သည့်အကြောင်း မိမိကြားခဲ့သည့်အရာများကို မြတ်နိုးခဲ့မည်မှာ သေချာသည်။ ထို့ပြင် ဖန်ဆင်းရာများကို လေ့လာသုံးသပ်ခြင်းဖြင့် ယောဘသည် ယေဟောဝါ၏အရည်အသွေးများစွာကို သိမြင်နိုင်သည်။—ယောဘ ၁၂:၇-၉၊ ၁၃၊ ၁၆ ကိုဖတ်ပါ။

၁၈။ (က) ယောဘသည် ယေဟောဝါအပေါ် တည်ကြည်ကြောင်း မည်သို့တင်ပြခဲ့သနည်း။ (ခ) ယောဘ၏ပုံသက်သေကောင်းကို အဘယ်နည်းများဖြင့် ကျွန်ုပ်တို့တုပကြသနည်း။

၁၈ ယောဘသင်ယူသိရှိခဲ့ရာက ယေဟောဝါ၏နှစ်သက်မှုရလိုသောဆန္ဒ ဖြစ်စေခဲ့သည်။ သူ့မိသားစုဝင်များသည် ဘုရားသခင်မနှစ်သက်သည့်အရာတစ်ခုခု ပြုမိနိုင်သည် သို့မဟုတ် သူတို့ “စိတ်နှလုံးထဲ၌ ဘုရားသခင်ကိုစွန့်ပယ်” မိနိုင်သောကြောင့် သူသည် မီးရှို့ရာယဇ်ကို မှန်မှန်ပူဇော်ခဲ့သည်။ (ယောဘ ၁:၅) ပြင်းထန်သည့်စမ်းသပ်မှုကြုံရချိန်တွင်ပင် ယောဘသည် ယေဟောဝါအကြောင်း အပြုသဘောပါပါ ပြောနေဆဲဖြစ်သည်။ (ယောဘ ၁၀:၁၂) အလွန်ကောင်းသောပုံသက်သေပင်! ကျွန်ုပ်တို့လည်း ယေဟောဝါနှင့် ကိုယ်တော့်ရည်ရွယ်တော်မူချက်များဆိုင်ရာ တိကျမှန်ကန်သောအသိပညာကို မှန်မှန်ဆည်းပူးရမည်။ ယေဟောဝါနှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကို ခိုင်မြဲစေသည့် လေ့လာခြင်း၊ အစည်းအဝေးတက်ခြင်း၊ ဆုတောင်းခြင်းနှင့် သတင်းကောင်းဟောပြောခြင်းကဲ့သို့သော အကျင့်ကောင်းများကို ကျွန်ုပ်တို့ထိန်းသိမ်းထားကြသည်။ ထို့ပြင် ယေဟောဝါ၏နာမတော်ကို ကြားသိစေရန် ကျွန်ုပ်တို့တတ်နိုင်သမျှလုပ်ဆောင်ကြသည်။ ယောဘ၏သမာဓိစောင့်သိမှုက ယေဟောဝါအား ရွှင်လန်းစေခဲ့သကဲ့သို့ ယနေ့ ဘုရားသခင့်ကျေးကျွန်များ၏သမာဓိစောင့်သိမှုက ယေဟောဝါ၏နှလုံးကို ရွှင်လန်းစေသည်။ ယင်းအကြောင်းကို နောက်ဆောင်းပါးတွင် သုံးသပ်ပါမည်။

သင်မှတ်မိသလော

• ယောဘသည် အဘယ်ကြောင့် စာတန်၏အာရုံစိုက်ခြင်း ခံခဲ့ရသနည်း။

• အဘယ်စမ်းသပ်မှုများကို ယောဘခံရပ်ခဲ့သနည်း၊ ယင်းကို သူမည်သို့တုံ့ပြန်ခဲ့သနည်း။

• ယောဘကဲ့သို့ သမာဓိစောင့်ထိန်းရန် ကျွန်ုပ်တို့ကို အဘယ်အရာက ထောက်ကူမည်နည်း။

• စာတန်နှင့်ပတ်သက်၍ ယောဘကျမ်းမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူရရှိသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ယောဘကျမ်းမှတ်တမ်းက ဘုရားသခင်၏စကြဝဠာပိုင်သအုပ်စိုးမှုဆိုင်ရာ အဓိကအရေးကိစ္စကို ကျွန်ုပ်တို့အား သိရှိစေ

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

အဘယ်အခြေအနေများအောက်တွင် သင်၏သမာဓိ စမ်းသပ်ခံရနိုင်သနည်း