မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကောင်းကင်တမန်များ—‘အမှုထမ်းရန် စေလွှတ်ခံရသော ဝိညာဉ်သတ္တဝါများ’

ကောင်းကင်တမန်များ—‘အမှုထမ်းရန် စေလွှတ်ခံရသော ဝိညာဉ်သတ္တဝါများ’

ကောင်းကင်တမန်များ—‘အမှုထမ်းရန် စေလွှတ်ခံရသော ဝိညာဉ်သတ္တဝါများ’

‘ကောင်းကင်တမန်များသည် ကယ်တင်ခြင်းရမည့်သူတို့အတွက် အမှုထမ်းရန် စေလွှတ်ခံရသော ဝိညာဉ်သတ္တဝါများ ဖြစ်သည်မဟုတ်လော။’—ဟေဗြဲ ၁:၁၄

၁။ မဿဲ ၁၈:၁၀ နှင့် ဟေဗြဲ ၁:၁၄ မှအဘယ်နှစ်သိမ့်မှုရယူနိုင်သနည်း။

ယေရှုခရစ်သည် မိမိ၏နောက်လိုက်များကို ထိမိလဲမိစေနိုင်သည့် မည်သူမဆိုအား ဤသို့သတိပေးခဲ့၏– “ဤသူငယ်တစ်ယောက်ကို မထီမဲ့မြင် မပြုမိစေကြနှင့်။ သူတို့၏ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံရှိ ငါ့အဖ၏မျက်နှာတော်ကို အစဉ်မပြတ်ဖူးမြင်ကြ၏။” (မ. ၁၈:၁၀) ဖြောင့်မတ်သောကောင်းကင်တမန်များကို ရည်ညွှန်းကာ တမန်တော်ပေါလု ဤသို့ရေးခဲ့၏– ‘ထိုကောင်းကင်တမန်များသည် ကယ်တင်ခြင်းရမည့်သူတို့အတွက် အမှုထမ်းရန် စေလွှတ်ခံရသော ဝိညာဉ်သတ္တဝါများ ဖြစ်သည်မဟုတ်လော။’ (ဟေဗြဲ ၁:၁၄) ယင်းစကားများက ဘုရားသခင်သည် လူသားတို့ကိုကူညီရန် ကောင်းကင်သတ္တဝါများကို အသုံးပြုတော်မူကြောင်း နှစ်သိမ့်မှုဖြစ်စေသည့်အာမခံချက်တစ်ခုဖြစ်သည်။ ကောင်းကင်တမန်များနှင့်ပတ်သက်၍ သမ္မာကျမ်းစာက အဘယ်အရာဖော်ပြထားသနည်း။ သူတို့သည် ကျွန်ုပ်တို့ကို မည်သို့ကူညီကြသနည်း။ သူတို့၏ပုံသက်သေမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။

၂၊ ၃။ ကောင်းကင်ဝိညာဉ်သတ္တဝါများ၏ တာဝန်တချို့မှာအဘယ်နည်း။

ကောင်းကင်တွင် တည်ကြည်သောကောင်းကင်တမန် သန်းနှင့်ချီရှိသည်။ သူတို့အားလုံးသည် ‘တန်ခိုးကြီး၍ အမိန့်တော်အတိုင်းဆောင်ရွက်’ ကြသည်။ (ဆာ. ၁၀၃:၂၀; ဗျာ. ၅:၁၁ ကိုဖတ်ပါ။) ဘုရားသခင်၏ ထိုဝိညာဉ်သတ္တဝါသားများတွင် ပင်ကိုစရိုက်လက္ခဏာများ၊ ဘုရားသခင့်အရည်အသွေးများနှင့် လွတ်လပ်စွာလုပ်ပိုင်ခွင့်တို့ရှိကြသည်။ သူတို့ကို အထူးဖွဲ့စည်းထားပြီး ဘုရားသခင့်အစီအစဉ်တွင် အဆင့်မြင့်အနေအထားများ၌ရှိကြကာ ကောင်းကင်တမန်မင်းမှာ မိက္ခေလ (ယေရှု၏ကောင်းကင်အမည်) ဖြစ်သည်။ (ဒံ. ၁၀:၁၃; ယု. ၉) “ဖန်ဆင်းရာအပေါင်းတို့တွင် သားဦး” ဖြစ်သောဤသူသည် ‘နှုတ်မြွက်တော်’ သို့မဟုတ် ဘုရားသခင်၏ပြောရေးဆိုခွင့်ရှိသူဖြစ်ပြီး အခြားအရာအားလုံးကိုဖန်ဆင်းရာတွင် ယေဟောဝါအသုံးပြုသူဖြစ်သည်။—ကော. ၁:၁၅-၁၇; ယော. ၁:၁-၃

ကောင်းကင်တမန်မင်း၏အောက်တွင် သရပ်များရှိပြီး သူတို့သည် ယေဟောဝါ၏သန့်ရှင်းမှုကို ကြွေးကြော်ကြကာ ကိုယ်တော်၏လူမျိုးကို ဝိညာဉ်ရေးသန့်ရှင်းနေစေရန် အကူအညီပေးကြသည်။ ခေရုဗိမ်များလည်းရှိပြီး သူတို့သည် ကိုယ်တော်၏ပိုင်သအုပ်စိုးမှုကို ထောက်ခံသူများအဖြစ် အမှုဆောင်ကြသည်။ (က. ၃:၂၄; ဟေရှာ. ၆:၁-၃၊ ၆၊ ၇) အခြားကောင်းကင်တမန်များ သို့မဟုတ် သတင်းသယ်ဆောင်သူများသည် ဘုရားသခင့်အလိုတော်ကိုဆောင်ရာတွင် တာဝန်အမျိုးမျိုးရှိကြသည်။—ဟေဗြဲ ၁၂:၂၂၊ ၂၃

၄။ မြေကြီးအုတ်မြစ်တည်ချိန်တွင် ကောင်းကင်တမန်တို့ မည်သို့ပြုမူခဲ့ကြသနည်း၊ လွတ်လပ်စွာလုပ်ပိုင်ခွင့်ကို တော်လျော်စွာအသုံးပြုခဲ့မည်ဆိုပါက လူသားတို့အတွက် အဘယ်အဓိပ္ပာယ်ရှိနိုင်သနည်း။

‘မြေကြီးအုတ်မြစ်ကိုတည်’ ချိန်တွင် ကောင်းကင်တမန်အပေါင်းတို့သည် ဝမ်းမြောက်ရွှင်လန်းခဲ့ကြပြီး အာကာသတွင် ထူးခြားသောရတနာအလားဖြစ်သည့် မြေကြီးကို လူ့စံအိမ်အဖြစ်မွမ်းမံချိန်တွင် သူတို့သည် မိမိတို့တာဝန်ကို ရွှင်လန်းစွာလုပ်ဆောင်ခဲ့ကြသည်။ (ယောဘ ၃၈:၄၊) ယေဟောဝါသည် လူသားကို “ကောင်းကင်တမန်များထက် အနည်းငယ်နိမ့်ကျ” စေသော်လည်း ကိုယ်တော့် “ပုံသဏ္ဌာန်” နှင့်ဖန်ဆင်းထားခြင်းဖြစ်၍ လူသားတို့သည် ဖန်ဆင်းရှင်၏မြင့်မားသောအရည်အသွေးများကို တင်ပြနိုင်စွမ်းရှိကြသည်။ (ဟေဗြဲ ၂:၇; က. ၁:၂၆) အာဒံနှင့်ဧဝသည် လွတ်လပ်စွာလုပ်ပိုင်ခွင့်ဆုကျေးဇူးကို တော်လျော်စွာအသုံးပြုခဲ့မည်ဆိုပါက သူတို့နှင့် သူတို့၏သားမြေးများသည် ယေဟောဝါ၏ အသိဉာဏ်ရှိသတ္တဝါများဖြင့်ဖွဲ့စည်းထားသည့် စကြဝဠာမိသားစုဝင်များအနေနှင့် ပရဒိသုစံအိမ်တွင် ပျော်မွေ့ခံစားနိုင်ကြမည်ဖြစ်သည်။

၅၊ ၆။ ကောင်းကင်တွင် အဘယ်ပုန်ကန်မှုဖြစ်ခဲ့ပြီး ဘုရားသခင် မည်သို့တုံ့ပြန်ခဲ့သနည်း။

သန့်ရှင်းသောကောင်းကင်တမန်တို့သည် ဘုရားသခင့်မိသားစုတွင် ပုန်ကန်မှုစတင်သည်ကို မြင်ရသည့်အခါ ထိတ်လန့်တုန်လှုပ်ခဲ့ကြမည်မှာ သေချာသည်။ သူတို့ထဲမှတစ်ပါးသည် ကိုးကွယ်ခံလိုစိတ်ကြောင့် ယေဟောဝါအားချီးမွမ်းခြင်းတွင် မပျော်မွေ့တော့ပါ။ ယေဟောဝါ၏အုပ်စိုးပိုင်ထိုက်မှုကို သံသယဖြစ်စေခဲ့ပြီး ပြိုင်ဘက်အုပ်စိုးရှင်ဖြစ်ရန် ရည်မှန်းချက်ကြီးစွာ ကြိုးစားလုပ်ဆောင်ခဲ့ခြင်းဖြင့် မိမိကိုယ်ကို (“ဆန့်ကျင်သူ” ဟုအဓိပ္ပာယ်ရသော) စာတန်ဖြစ်စေခဲ့သည်။ ဦးဆုံးမှတ်တမ်းတင်ထားသော မုသာစကားဖြင့် စာတန်သည် မေတ္တာပြည့်ဝသည့်ဖန်ဆင်းရှင်အား ပုန်ကန်ရာတွင် မိမိနှင့်အတူပူးပေါင်းရန် ပထမလူသားမောင်နှံကို စဉ်းလဲစွာသွေးဆောင်ခဲ့သည်။—က. ၃:၄၊ ၅; ယော. ၈:၄၄

ယေဟောဝါသည် ဦးဆုံးကျမ်းစာပရောဖက်ပြုချက်ကို ဖော်ပြခြင်းဖြင့် စာတန်ကို အလျင်အမြန်တရားစီရင်ခဲ့သည်– “သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ငါသည် ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်၊ သင်သည်သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်။” (က. ၃:၁၅) စာတန်နှင့် ဘုရားသခင့် “မိန်းမ” ကြားတွင် ရန်ငြိုးတည်ရှိနေမည်ဖြစ်သည်။ မှန်ပါသည်၊ ယေဟောဝါသည် တည်ကြည်သောဝိညာဉ်သတ္တဝါများပါရှိသည့် ကောင်းကင်အဖွဲ့အစည်းကို ခင်ပွန်းသည်အလားဖြစ်သောကိုယ်တော်နှင့် နှောင်ကြိုးတွယ်လျက်ရှိသော ချစ်မြတ်နိုးရသည့်ဇနီးတစ်ဦးအဖြစ် ရှုမြင်ခဲ့သည်။ ယင်းပရောဖက်ပြုချက်၏ အသေးစိတ်အချက်အလက်များသည် တဖြည်းဖြည်းဖွင့်ပြမည့် “မြင့်မြတ်သောလျှို့ဝှက်ချက်” အဖြစ်တည်ရှိမည်ဖြစ်သော်လည်း ယင်းသည် မျှော်လင့်ချက်အတွက် သေချာသောအခြေခံဖြစ်သည်။ ဘုရားသခင့်ရည်ရွယ်ချက်မှာ ဘုရားသခင့်ကောင်းကင်အဖွဲ့အစည်းအဝင်မှတစ်ဦးသည် ပုန်ကန်မှုအားလုံးကို ချေဖျက်မည်ဖြစ်ကာ “ကောင်းကင်ပေါ်ရှိအရာများနှင့် မြေကြီးပေါ်ရှိအရာများ” ကိုပြန်လည်စုစည်းမည်။—ဧ. ၁:၈-၁၀

၇။ နောဧခေတ်တွင် ကောင်းကင်တမန်အချို့သည် အဘယ်အရာပြုလုပ်ခဲ့ကြသနည်း၊ သူတို့အဘယ်အကျိုးဆက်ခံရသနည်း။

နောဧခေတ်တွင် ကောင်းကင်တမန်အမြောက်အမြားသည် မြေကြီးပေါ်တွင် တစ်ကိုယ်ကောင်းဆန်သောပျော်ရွှင်မှုကို လိုက်စားရန် မိမိတို့၏ “နေသင့်ရာအရပ်” ကိုစွန့်ကာ အသွေးအသားကိုယ်ခန္ဓာကို ဖန်တီးယူခဲ့ကြသည်။ (ယု. ၆; က. ၆:၁-၄) ယေဟောဝါသည် ထိုပုန်ကန်သူတို့ကို မှောင်မိုက်ရာအရပ်တွင်ပစ်ထားရာ သူတို့သည် စာတန်နှင့်ပူးပေါင်းခြင်းဖြင့် “နတ်ဆိုးများ၊” ဘုရားသခင့်ကျေးကျွန်များ၏ ရက်စက်ကြမ်းကြုတ်သည့်ရန်သူများ ဖြစ်လာကြသည်။—ဧ. ၆:၁၁-၁၃; ၂ ပေ. ၂:၄

ကောင်းကင်တမန်များ ကျွန်ုပ်တို့ကို မည်သို့ကူညီကြသနည်း

၈၊ ၉။ ယေဟောဝါသည် လူတို့ကိုကူညီရန် ကောင်းကင်တမန်များကို မည်သို့အသုံးပြုခဲ့သနည်း။

အာဗြဟံ၊ ယာကုပ်၊ မောရှေ၊ ယောရှု၊ ဟေရှာယ၊ ဒံယေလ၊ ယေရှု၊ ပေတရု၊ ယောဟန်နှင့် ပေါလုတို့သည် ကောင်းကင်တမန်တို့၏ ကြည့်ရှုပြုစုမှုခံရသူတို့ထဲတွင် ပါဝင်ကြသည်။ ဖြောင့်မတ်သောကောင်းကင်တမန်များသည် ဘုရားသခင့်တရားစီရင်ချက်များကို လုပ်ဆောင်ပေးခဲ့ကြသည်၊ မောရှေပညတ်အပါအဝင် ပရောဖက်ပြုချက်များ၊ လမ်းညွှန်ချက်များကို ကြားသိစေခဲ့ကြသည်။ (၄ ရာ. ၁၉:၃၅; ဒံ. ၁၀:၅၊ ၁၁၊ ၁၄; တ. ၇:၅၃; ဗျာ. ၁:၁) ယခု ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်မြွက်တော်အပြည့်အစုံကို ရရှိထားပြီဖြစ်သောကြောင့် ဘုရားသခင့်သတင်းစကားများကိုသယ်ပို့ပေးဖို့ ကောင်းကင်တမန်များ လိုအပ်တော့မည်မဟုတ်ပါ။ (၂ တိ. ၃:၁၆၊ ၁၇) သို့သော် မျက်မြင်မရနယ်ပယ်မှနေ၍ ကောင်းကင်တမန်များသည် ဘုရားသခင့်အလိုတော်ဆောင်ရွက်ရာတွင်နှင့် ကိုယ်တော့်ကျေးကျွန်များကိုထောက်မရာတွင် အလုပ်များလျက်ရှိကြသည်။

သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဤသို့အာမခံထား၏– ‘ယေဟောဝါကိုကြောက်ရွံ့သောသူတို့ပတ်လည်၌ ကောင်းကင်တမန်တော်တို့သည် တပ်ချ၍ ကယ်လွှတ်တတ်ကြ၏။’ (ဆာ. ၃၄:၇; ၉၁:၁၁) စာတန်ပေါ်ပေါက်စေခဲ့သော သမာဓိစောင့်သိခြင်းဆိုင်ရာအရေးကိစ္စကြောင့် ယေဟောဝါသည် စမ်းသပ်မှုအမျိုးမျိုးကို ကျွန်ုပ်တို့ကြုံတွေ့ရန် ခွင့်ပြုထားသည်။ (လု. ၂၁:၁၆-၁၉) သို့သော် ကျွန်ုပ်တို့သည် စမ်းသပ်မှုတစ်ခုကို မည်သည့်အတိုင်းအတာတစ်ခုအထိခံရပ်ခဲ့ပြီဆိုလျှင် ဘုရားသခင်အပေါ် ဆက်၍တည်ကြည်မည်ကို ကိုယ်တော်သိတော်မူ၏။ (၁ ကောရိန္သု ၁၀:၁၃ ကိုဖတ်ပါ။) ကောင်းကင်တမန်များသည် ဘုရားသခင့်အလိုတော်နှင့်အညီကြားဝင်ရန် အမြဲနိုးနိုးကြားကြားရှိကြသည်။ သူတို့သည် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ၊ ဒံယေလနှင့် ပေတရုတို့ကို ကယ်တင်ခဲ့သော်လည်း သတေဖန်နှင့်ယာကုပ်ကို ရန်သူတို့လက်ချက်ဖြင့် မသေဆုံးစေရန် မဆီးတားခဲ့ကြပါ။ (ဒံ. ၃:၁၇၊ ၁၈၊ ၂၈; ၆:၂၂; တ. ၇:၅၉၊ ၆၀; ၁၂:၁-၃၊ ၇၊ ၁၁) အခြေအနေများ၊ ကိစ္စရပ်များသည် မတူကြပါ။ အလားတူပင် ကျွန်ုပ်တို့၏ညီအစ်ကိုအချို့သည် နာဇီချွေးတပ်စခန်းများ၌ အသတ်ခံခဲ့ကြရသည်၊ သို့သော် အများစုကိုမူ အသက်ရှင်လွတ်မြောက်ရန် ယေဟောဝါကူညီခဲ့သည်။

၁၀။ ကောင်းကင်တမန်အကူအညီအပြင် အဘယ်အကူအညီကို ကျွန်ုပ်တို့ရရှိနိုင်သနည်း။

၁၀ လူတိုင်းတွင် ကိုယ်စောင့်ကောင်းကင်တမန်တစ်ပါးရှိသည်ဟူ၍ သမ္မာကျမ်းစာတွင် မသွန်သင်ထားပါ။ “အလိုတော်နှင့်အညီ ငါတို့တောင်းသမျှကို [ဘုရားသခင်] နားညောင်းတော်မူကြောင်း” ကျွန်ုပ်တို့ယုံကြည်စိတ်ချကြသည်။ (၁ ယော. ၅:၁၄) ယေဟောဝါသည် ကျွန်ုပ်တို့ကို အကူအညီပေးရန် ကောင်းကင်တမန်တစ်ပါးကို စေလွှတ်နိုင်သည်မှာမှန်သော်လည်း အကူအညီသည် တခြားနည်းဖြင့်လာနိုင်ပါသည်။ အကူအညီနှင့်နှစ်သိမ့်မှုပေးရန် ခရစ်ယာန်ချင်းများ လှုံ့ဆော်ခံရနိုင်သည်။ “စာတန်၏တမန်” ကြောင့်ခံစားရသည့် “ကိုယ်၌စူးသောဆူး” ကိုရင်ဆိုင်ဖြေရှင်းရာတွင် လိုအပ်သည့်ဉာဏ်ပညာနှင့် အတွင်းခွန်အားကို ဘုရားသခင်ပေးပေမည်။—၂ ကော. ၁၂:၇-၁၀; ၁ သက်. ၅:၁၄

ယေရှုကိုတုပပါ

၁၁။ ယေရှုအားထောက်ကူရန် ကောင်းကင်တမန်များကို မည်သို့အသုံးပြုခဲ့သနည်း၊ ကိုယ်တော်သည် ဘုရားသခင်အပေါ်တည်ကြည်ခြင်းဖြင့် အဘယ်အရာကို ပြီးမြောက်အောင်မြင်စေခဲ့သနည်း။

၁၁ ယေရှု၏အဖြစ်တွင် ကောင်းကင်တမန်များအား ယေဟောဝါအသုံးပြုပုံကို သုံးသပ်ကြည့်ပါ။ ယေရှုမွေးဖွားခြင်း၊ ရှင်ပြန်ထမြောက်ခြင်းကို သူတို့ကြေညာခဲ့ကြပြီး ယေရှုမြေကြီးပေါ်ရှိစဉ် ကိုယ်တော်ကို သူတို့ကြည့်ရှုပြုစုခဲ့ကြသည်။ ကိုယ်တော်အဖမ်းခံရခြင်းနှင့် ရက်ရက်စက်စက်သေဆုံးခြင်းကို ကောင်းကင်တမန်များ ဆီးတားနိုင်ပါသည်။ သို့သော် ယင်းသို့ပြုမည့်အစား ကိုယ်တော့်ကိုအားပေးရန် ကောင်းကင်တမန်တစ်ပါး စေလွှတ်ခံခဲ့ရသည်။ (မ. ၂၈:၅၊ ၆; လု. ၂:၈-၁၁; ၂၂:၄၃) ယေဟောဝါ၏ရည်ရွယ်ချက်နှင့်အညီ ယေရှုသည် ပူဇော်ရာယဇ်အနေနှင့်သေဆုံးခဲ့ပြီး စုံလင်သောလူသားသည် ပြင်းထန်သည့်စမ်းသပ်မှုကြုံရသည့်ကြားမှ ဘုရားသခင်အပေါ် သမာဓိစောင့်ထိန်းနိုင်ကြောင်း သက်သေပြခဲ့သည်။ ထို့ကြောင့် ယေဟောဝါသည် ယေရှုကို မသေနိုင်သောကောင်းကင်အသက်တာသို့ ရှင်ပြန်ထမြောက်ပေးခဲ့ပြီး ကိုယ်တော်အား “အခွင့်အာဏာရှိသမျှ” ကိုအပ်နှင်းခဲ့ရာ ကောင်းကင်တမန်များသည် ကိုယ်တော့်ကို လက်အောက်ခံကြသည်။ (မ. ၂၈:၁၈; တ. ၂:၃၂; ၁ ပေ. ၃:၂၂) သို့ဖြင့် ယေရှုသည် ဘုရားသခင့် “မိန်းမ” ၏ “အမျိုးအနွယ်” အဓိကအပိုင်းဖြစ်ကြောင်း သက်သေထူခဲ့သည်။—က. ၃:၁၅; ဂလ. ၃:၁၆

၁၂။ ယေရှု၏မျှတမှုရှိသောပုံသက်သေကို အဘယ်နည်းဖြင့် ကျွန်ုပ်တို့တုပနိုင်သနည်း။

၁၂ ပညာမဲ့စွာပြုမူပြီး ကောင်းကင်တမန်များ မိမိအားကယ်တင်ရန်မျှော်လင့်ခြင်းဖြင့် ယေဟောဝါအားစမ်းသပ်ခြင်းသည်မှားကြောင်း ယေရှုသိတော်မူခဲ့သည်။ (မဿဲ ၄:၅-၇ ကိုဖတ်ပါ။) သို့ဖြစ်၍ ကျွန်ုပ်တို့သည် နှိပ်စက်ညှဉ်းပန်းမှုကို သတ္တိရှိရှိရင်ဆိုင်ကြသည့်တိုင် မလိုလားအပ်သောစွန့်စားမှုများမပြုဘဲ ‘သမာသတိရှိရှိ’ နေထိုင်ခြင်းဖြင့် ယေရှု၏ပုံသက်သေကို တုပကြစို့။—တိ. ၂:၁၂

တည်ကြည်သောကောင်းကင်တမန်များထံမှ သင်ယူနိုင်ရာ

၁၃။ ၂ ပေတရု ၂:၉-၁၁ တွင်ဖော်ပြထားသည့် ဖြောင့်မတ်သောကောင်းကင်တမန်တို့၏ပုံသက်သေမှ အဘယ်အရာသင်ယူနိုင်သနည်း။

၁၃ ယေဟောဝါဘိသိက်ပေးထားသော  ကျေးကျွန်များအား “ရင့်ရင့်သီးသီးပြောဆို” သူတို့ကို အပြစ်ဖော်ပြဆုံးမရာတွင် ဖြောင့်မတ်သောကောင်းကင်တမန်တို့၏ ပုံသက်သေကောင်းကို တမန်တော်ပေတရု ဖော်ပြ၏။ ကောင်းကင်တမန်တို့သည် တန်ခိုးကြီးမားကြသည့်တိုင် ‘ယေဟောဝါကို လေးစားသောကြောင့်’ တရားစီရင်သည့်စွပ်စွဲချက်များပြောခြင်းကို နှိမ့်ချစွာရှောင်ကြဉ်ကြသည်။ (၂ ပေတရု ၂:၉-၁၁ ကိုဖတ်ပါ။) ကျွန်ုပ်တို့လည်း မတော်မလျော်စီရင်ခြင်းမပြုဘဲနေကာ အသင်းတော်ကိုကြည့်ရှုစောင့်ထိန်းရန် တာဝန်ရထားသူတို့ကိုလေးစားပြီး ကိစ္စရပ်များကို တရားသူကြီးချုပ်ဖြစ်သော ယေဟောဝါလက်ထဲအပ်ထားကြစို့။—ရော. ၁၂:၁၈၊ ၁၉; ဟေဗြဲ ၁၃:၁၇

၁၄။ နှိမ့်ချမှုနှင့်ပတ်သက်၍ ကောင်းကင်တမန်တို့ထံမှ အဘယ်အရာသင်ယူနိုင်သနည်း။

၁၄ ယေဟောဝါ၏ကောင်းကင်တမန်တို့သည် နှိမ့်ချစွာအသုံးတော်ခံခြင်းတွင် ကျွန်ုပ်တို့အဖို့ ပုံသက်သေကောင်းဖြစ်သည်။ ကောင်းကင်တမန်အချို့သည် လူတို့အား မိမိတို့၏အမည်ကိုပြောပြရန် ငြင်းဆိုခဲ့ကြသည်။ (က. ၃၂:၂၉; သူကြီး. ၁၃:၁၇၊ ၁၈) ကောင်းကင်တွင် ဝိညာဉ်သတ္တဝါ သန်းနှင့်ချီရှိသော်လည်း သမ္မာကျမ်းစာတွင် မိက္ခေလနှင့် ဂါဗြေလအမည်ကိုသာ ဖော်ပြထားသည်။ ယင်းက ကျွန်ုပ်တို့သည် ကောင်းကင်တမန်တို့အား အလွန်အကျွံဂုဏ်တင်ခြင်းမပြုရန် အကာအကွယ်ဖြစ်ပေမည်။ (လု. ၁:၂၆; ဗျာ. ၁၂:၇) တမန်တော်ယောဟန်သည် ကောင်းကင်တမန်တစ်ပါးရှေ့ ပျပ်ဝပ်ကိုးကွယ်သည့်အခါ သူက “သတိထားလော့။ ဤသို့မပြုနှင့်။ ငါသည် သင်နှင့် သင့်ညီအစ်ကိုပရောဖက်များ၊ ဤစာလိပ်၌ပါသောစကားများကို လိုက်နာသူများ၏ ကျွန်ချင်းသာဖြစ်၏” ဟုဆိုခဲ့သည်။ (ဗျာ. ၂၂:၈၊ ၉) ကျွန်ုပ်တို့သည် ဘုရားသခင်တစ်ပါးတည်းကိုသာ ဝတ်ပြုကိုးကွယ်ကာ ဆုတောင်းသင့်သည်။—မဿဲ ၄:၈-၁၀ ကိုဖတ်ပါ။

၁၅။ ကောင်းကင်တမန်တို့သည် သည်းခံမှုတွင် မည်သို့ပုံသက်သေပြကြသနည်း။

၁၅ ကောင်းကင်တမန်တို့သည် သည်းခံမှုတွင်လည်း ပုံသက်သေပြကြသည်။ သူတို့သည် ဘုရားသခင်၏မြင့်မြတ်သောလျှို့ဝှက်ချက်ကို အလွန်စိတ်ဝင်စားခဲ့ကြသော်လည်း အားလုံးကို သူတို့မသိခဲ့ကြပါ။ “ကောင်းကင်တမန်များသည် ထိုအရာများကို စေ့စေ့ကြည့်ရှုလိုစိတ် ရှိကြ၏” ဟုသမ္မာကျမ်းစာကဆိုသည်။ (၁ ပေ. ၁:၁၂) သို့ဖြင့် သူတို့အဘယ်အရာပြုလုပ်ကြသနည်း။ “မျိုးပေါင်းစုံလင်လှသော ဉာဏ်ပညာတော်ကို အသင်းတော်အားဖြင့် သိစေ” သည့် ဘုရားသခင်သတ်မှတ်ထားချိန်အထိ စိတ်ရှည်စွာစောင့်ဆိုင်းခဲ့ကြသည်။—ဧ. ၃:၁၀၊ ၁၁

၁၆။ ကျွန်ုပ်တို့၏အမူအကျင့်သည် ကောင်းကင်တမန်များအပေါ် မည်သို့သက်ရောက်မှုရှိနိုင်သနည်း။

၁၆ စမ်းသပ်မှုခံနေရသည့် ခရစ်ယာန်များသည် ‘ကောင်းကင်တမန်တို့ရှေ့တွင် ပွဲဝင်သောသူများ ဖြစ်ကြ၏။’ (၁ ကော. ၄:၉) ကောင်းကင်တမန်တို့သည် ကျွန်ုပ်တို့၏ တည်ကြည်သည့်လုပ်ရပ်များကိုမြင်လျှင် ကြီးစွာစိတ်ကျေနပ်ကြပြီး အပြစ်သားတစ်ဦးနောင်တရလျှင်ပင် ဝမ်းမြောက်ကြသည်။ (လု. ၁၅:၁၀) ခရစ်ယာန်အမျိုးသမီးတို့၏ ဘုရားသခင်ကိုကြောက်ရွံ့သည့်အမူအကျင့်ကို ကောင်းကင်တမန်တို့ သတိပြုမိကြသည်။ “ကောင်းကင်တမန်တို့ကိုထောက်၍ မိန်းမသည် လက်အောက်ခံသည့်အထိမ်းအမှတ်အဖြစ် ခေါင်းကိုဖုံးအပ်၏” ဟုသမ္မာကျမ်းစာကဆိုသည်။ (၁ ကော. ၁၁:၃၊ ၁၀) မှန်ပါသည် ခရစ်ယာန်အမျိုးသမီးများနှင့် မြေကြီးပေါ်ရှိ ဘုရားသခင့်ကျေးကျွန်အားလုံးသည် သီအိုကရက်တစ်အစီအစဉ်နှင့်ဦးစီးမှုအတိုင်း လိုက်နာကြသည်ကို ကောင်းကင်တမန်တို့နှစ်သက်ကြသည်။ ထိုကဲ့သို့သောနာခံမှုသည် ဘုရားသခင်၏ ထိုကောင်းကင်သားများအဖို့ သင့်လျော်သည့်သတိပေးချက်ဖြစ်သည်။

ဟောပြောခြင်းလုပ်ငန်းကို ကောင်းကင်တမန်တို့ တက်ကြွစွာထောက်မကြ

၁၇၊ ၁၈။ ကောင်းကင်တမန်တို့သည် ဟောပြောခြင်းလုပ်ငန်းကို ထောက်မလျက်ရှိသည်ဟု အဘယ်ကြောင့်ပြောနိုင်သနည်း။

၁၇ “သခင့်နေ့တော်” အတွင်းဖြစ်ပျက်လျက်ရှိသည့် ထူးခြားသည့်အခြင်းအရာတချို့တွင် ကောင်းကင်တမန်များ ပါဝင်ကြသည်။ ယင်းတို့တွင် ၁၉၁၄ ခုနှစ်၌ ဘုရားသခင့်နိုင်ငံတော်စတည်ထောင်ပြီး “မိက္ခေလနှင့် သူ၏ကောင်းကင်တမန်တို့” သည် စာတန်နှင့်သူ၏နတ်ဆိုးများကို ကောင်းကင်မှနှင်ချခြင်းပါဝင်သည်။ (ဗျာ. ၁:၁၀; ၁၁:၁၅; ၁၂:၅-၉) ‘ကောင်းကင်အလယ်တွင် ကောင်းကင်တမန်တစ်ပါးပျံဝဲ’ နေသည်ကို တမန်တော်ယောဟန်မြင်တွေ့ခဲ့ပြီး ‘မြေကြီးပေါ်တွင်နေထိုင်သောသူတို့အားကြေညာရန် ထာဝရသတင်းကောင်း သူ၌ရှိသည်။’ ထိုကောင်းကင်တမန်က ‘ဘုရားသခင်အားကြောက်ရွံ့၍ တန်ခိုးတော်ကိုချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်တရားစီရင်တော်မူရာအချိန် ကျရောက်ပြီ။ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် စမ်းရေများကို ပြုလုပ်တော်မူသောအရှင်အား ကိုးကွယ်ကြလော့’ ဟုကြွေးကြော်ခဲ့သည်။ (ဗျာ. ၁၄:၆၊ ၇) ထို့ကြောင့် ယေဟောဝါ၏ကျေးကျွန်များသည် တည်ထောင်ပြီးဖြစ်သော ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောရာတွင် စာတန်၏ပြင်းထန်သောဆန့်ကျင်မှုရှိသော်လည်း ကောင်းကင်တမန်တို့ ထောက်မနေသည်ကို ယုံကြည်စိတ်ချကြသည်။—ဗျာ. ၁၂:၁၃၊ ၁၇

၁၈ ကောင်းကင်တမန်တစ်ပါးသည် ဖိလိပ္ပုအား အီသီယိုးပီးယားအမတ်ထံသွားရန် ပြောဆိုလမ်းညွှန်ခဲ့သကဲ့သို့ ယနေ့ ကျွန်ုပ်တို့ကို စိတ်နှလုံးရိုးဖြောင့်သူတို့ထံသွားရန် ကောင်းကင်တမန်တို့သည် စကားဖြင့်လမ်းညွှန်မည်မဟုတ်ပါ။ (တ. ၈:၂၆-၂၉) သို့သော် မျက်မှောက်ခေတ်တွေ့ကြုံမှုများစွာက ကောင်းကင်တမန်များသည် မျက်မြင်မရနယ်ပယ်မှနေ၍ ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းကို ထောက်မပေးနေပြီး “ထာဝရအသက်ကိုလိုလားသူ” တို့ထံလမ်းညွှန်လျက်ရှိကြောင်း ထင်ရှားသည်။ * (တ. ၁၃:၄၈) “စွမ်းအားတော်၏လမ်းပြမှုကိုခံယူ၍ အမှန်တရားနှင့်အညီ ခမည်းတော်ကိုကိုးကွယ်” လိုကြသူတို့ကိုရှာဖွေရာတွင် ကျွန်ုပ်တို့ဘက်မှ လုပ်ဆောင်နိုင်ရာကိုလုပ်ရန် ဓမ္မအမှုတွင်မှန်မှန်ပါဝင်ဖို့ အလွန်အရေးကြီးပေသည်။—ယော. ၄:၂၃၊ ၂၄

၁၉၊ ၂၀။ “လောကစနစ်နိဂုံးပိုင်း” ကိုမှတ်သားဖော်ပြသည့် အဖြစ်အပျက်များတွင် ကောင်းကင်တမန်တို့သည် အဘယ်အပိုင်းမှပါဝင်ကြသနည်း။

၁၉ ယေရှုက ကျွန်ုပ်တို့ခေတ်ကိုရည်ညွှန်းကာ “လောကစနစ်နိဂုံးပိုင်းတွင်” ကောင်းကင်တမန်တို့သည် “ဖြောင့်မတ်သူတို့အလယ်မှ ဆိုးညစ်သူတို့ကိုခွဲထုတ်” မည်ဟုမိန့်တော်မူခဲ့သည်။ (မ. ၁၃:၃၇-၄၃၊ ၄၉) ကောင်းကင်တမန်တို့သည် ဘိသိက်ပေးခြင်းခံရသူတို့ကို အပြီးသတ်စုသိမ်းခြင်းနှင့် တံဆိတ်ခတ်ခြင်းတို့တွင် ပါဝင်ကြသည်။ (မဿဲ ၂၄:၃၁ ကိုဖတ်ပါ; ဗျာ. ၇:၁-၃) ထို့ပြင် “သိုးနှင့်ဆိတ်တို့ကိုခွဲခြား” ချိန်တွင် ယေရှုသည် ကောင်းကင်တမန်တို့နှင့်အတူ ကြွလာမည်။—မ. ၂၅:၃၁-၃၃၊ ၄၆

၂၀ “သခင်ယေရှုသည် တန်ခိုးရှိသောကောင်းကင်တမန်များနှင့်အတူ ကောင်းကင်ဘုံမှပေါ်ထွန်းတော်မူသောအခါ” “ဘုရားသခင်ကိုမသိသောသူတို့နှင့် ငါတို့၏သခင်ယေရှုနှင့်ဆိုင်သော သတင်းကောင်းကို မနာယူသောသူ” အားလုံးကို ဖျက်ဆီးတော်မူမည်။ (၂ သက်. ၁:၆-၁၀) ထိုအဖြစ်အပျက်ကိုပင် ယောဟန်သည် စိတ်အာရုံ၌တွေ့မြင်ခဲ့ရာ ယေရှုနှင့်ကောင်းကင်တမန်ကောင်းကင်ဗိုလ်ခြေတို့သည် ဖြောင့်မတ်သောစစ်ပွဲကိုဆင်နွှဲရန် မြင်းဖြူများကိုစီးလျက် စစ်ချီနေကြသည်ဟု ဖော်ပြထား၏။—ဗျာ. ၁၉:၁၁-၁၄

၂၁။ “လက်ထဲ၌ တွင်းနက်ကြီး၏သော့နှင့် သံကြိုးကြီးကိုကိုင်” ထားသောကောင်းကင်တမန်သည် စာတန်နှင့်သူ၏နတ်ဆိုးတို့ကို အဘယ်အရာပြုလုပ်မည်နည်း။

၂၁ “ကောင်းကင်တမန်တစ်ပါးသည် လက်ထဲ၌ တွင်းနက်ကြီး၏သော့နှင့် သံကြိုးကြီးကိုကိုင်လျက် ကောင်းကင်မှဆင်းလာသည်ကို” လည်းယောဟန်မြင်ခဲ့သည်။ ယင်းကောင်းကင်တမန်မှာ ကောင်းကင်တမန်မင်း မိက္ခေလမှလွဲ၍ တခြားမည်သူမျှမဖြစ်နိုင်ပါ၊ သူသည် စာတန်ကိုဖမ်းဆီးပြီး တွင်းနက်ကြီးထဲသို့ပစ်ချမည်ဖြစ်ရာ ယင်းတွင် နတ်ဆိုးများလည်းပါမည်မှာ ထင်ရှားသည်။ စာတန်နှင့်နတ်ဆိုးတို့သည် ခရစ်တော်၏အနှစ်တစ်ထောင် အုပ်ချုပ်ချိန်ကုန်ဆုံးချိန်တွင် ခေတ္တလွတ်လာကြမည်ဖြစ်ပြီး စုံလင်ပြီဖြစ်သောလူသားတို့ကို နောက်ဆုံးစမ်းသပ်မည်။ ယင်းနောက် စာတန်နှင့် အခြားပုန်ကန်သူအားလုံး ဖျက်ဆီးခံရမည်။ (ဗျာ. ၂၀:၁-၃၊ ၇-၁၀; ၁ ယော. ၃:၈) ဘုရားသခင်အားပုန်ကန်သူအားလုံး ဖယ်ရှားခံရမည်။

၂၂။ ကောင်းကင်တမန်တို့သည် ရှေ့လက်တစ်ကမ်းတွင် မည်သို့ပါဝင်လုပ်ဆောင်ကြဦးမည်နည်း၊ သူတို့၏အခန်းကဏ္ဍနှင့်ပတ်သက်၍ ကျွန်ုပ်တို့စိတ်တွင် မည်သို့ဖြစ်ပေါ်သင့်သနည်း။

၂၂ စာတန်၏ဆိုးသွမ်းသောလောကစနစ်မှ လွတ်မြောက်မှုကြီးသည် ရှေ့လက်တစ်ကမ်းတွင်ရှိသည်။ ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှု သံသယကင်းရှင်းပြီး မြေကြီးနှင့်လူသားတို့အတွက် ကိုယ်တော်၏ရည်ရွယ်ချက် အပြီးသတ်ပြည့်စုံမည့် ယင်းအထူးအရေးပါသောအဖြစ်အပျက်များတွင် ကောင်းကင်တမန်တို့သည် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်ကြမည်။ အမှန်ပင် ဖြောင့်မတ်သောကောင်းကင်တမန်တို့သည် ‘ကယ်တင်ခြင်းရမည့်သူတို့အတွက် အမှုထမ်းရန် စေလွှတ်ခံရသော ဝိညာဉ်သတ္တဝါများဖြစ်သည်။’ ထို့ကြောင့် ဘုရားသခင့်အလိုတော်ဆောင်ရန်နှင့် ထာဝရအသက်ရရန် ကျွန်ုပ်တို့ကိုအကူအညီပေးဖို့ ကောင်းကင်တမန်များကို ကိုယ်တော်အသုံးပြုသည့်နည်းအတွက် ယေဟောဝါဘုရားသခင်အား ကျေးဇူးတင်ကြပါစို့။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 18 ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများစာအုပ် စာမျက်နှာ ၅၄၉-၅၅၁ [လိပ်] ကိုကြည့်ပါ။

သင်မည်သို့ဖြေဆိုမည်နည်း

• ကောင်းကင်ဝိညာဉ်သတ္တဝါများကို မည်သို့ဖွဲ့စည်းထားသနည်း။

• နောဧခေတ်တွင် ကောင်းကင်တမန်တချို့ အဘယ်အရာ ပြုခဲ့ကြသနည်း။

• ဘုရားသခင်သည် ကျွန်ုပ်တို့ကိုကူညီရန် ကောင်ကင်တမန်တို့ကို မည်သို့အသုံးပြုသနည်း။

• ကျွန်ုပ်တို့ခေတ်တွင် ဖြောင့်မတ်သောကောင်းကင်တမန်တို့သည် အဘယ်အခန်းကဏ္ဍတွင်ပါဝင်နေကြသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ကောင်းကင်တမန်တို့သည် ဘုရားသခင့်အလိုတော်ဆောင်ခြင်းတွင် ဝမ်းမြောက်ကြ

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ဒံယေလ၏အဖြစ်တွင်ကဲ့သို့ ကောင်းကင်တမန်တို့သည် ဘုရားသခင့် အလိုတော်နှင့်အညီ ကြားဝင်ဆောင်ရွက်ရန် အစဉ်နိုးနိုးကြားကြားရှိကြ

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ဘုရားသခင့်နိုင်ငံတော် ဟောပြောခြင်းလုပ်ငန်းကို ကောင်းကင်တမန်များထောက်မနေကြ၍ ရဲစွမ်းသတ္တိရှိပါ

[Credit Line]

Globe: NASA photo