မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“တိတ်ဆိတ်စွာနေရသောအချိန်”

“တိတ်ဆိတ်စွာနေရသောအချိန်”

“တိတ်ဆိတ်စွာနေရသောအချိန်”

“စကားပြောခြင်းသည် ငွေ၊ ဆိတ်ဆိတ်နေခြင်းသည် ရွှေ။” အရှေ့တိုင်းမှအစပြုသည်ဟုဆိုသော ရှေးစကားပုံတစ်ခုဖြစ်သည်။ စာအုပ်တစ်အုပ် (Brewer’s Dictionary of Phrase and Fable) အဆိုအရ ယင်းစကားပုံနှင့်တူညီသောဟေဗြဲစကားပုံမှာ– “စကားလုံးတစ်လုံးသည် တစ်ရှယ်ကယ်လ်တန်လျှင် ဆိတ်ဆိတ်နေခြင်းသည် နှစ်ရှယ်ကယ်လ်တန်၏။” ရှေးဣသရေလနိုင်ငံ၏ ပညာရှိဘုရင်ရှောလမုန်ဤသို့ရေးခဲ့သည်– “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ မိုးကောင်းကင်အောက်၌ ကြံစည်သမျှအသီးအသီးတို့ကို ပြုရသောအချိန်ရှိ၏။ . . . တိတ်ဆိတ်စွာနေရသောအချိန်နှင့် စကားပြောရသောအချိန်လည်းရှိ၏။”—ဒေ. ၃:၁၊

သို့သော် စကားပြောခြင်းထက် တိတ်ဆိတ်စွာနေခြင်းသည် အဘယ်အချိန်တွင် သင့်လျော်သနည်း။ သမ္မာကျမ်းစာတွင် “ဆိတ်ဆိတ်နေ” နှင့် “တိတ်ဆိတ်စွာနေ” ဟူသောစကားလုံး မကြာခဏပါရှိသည်။ ယင်းစကားလုံးသုံးထားသည့်စကားစပ်က အနည်းဆုံးဘဝကဏ္ဍသုံးခုတွင် နှုတ်ဆိတ်နေခြင်း၏လျောက်ပတ်မှုကို ဖော်ပြသည်။ တိတ်ဆိတ်စွာနေခြင်းကို ရိုသေလေးစားသည့်အမှတ်လက္ခဏာ၊ ပညာသတိရှိပြီး ပိုင်းခြားသိမြင်မှုရှိသည့်အထောက်အထား၊ တွေးတောဆင်ခြင်ရန်အထောက်အကူအနေနှင့် အနီးကပ်ကြည့်ကြစို့။

ရိုသေလေးစားသည့်အမှတ်လက္ခဏာ

တိတ်ဆိတ်စွာနေခြင်းသည် ရိုသေလေးစားသည့် သို့မဟုတ် ဂုဏ်တင်သည့်လက္ခဏာဖြစ်သည်။ ပရောဖက်ဟဗက္ကုတ် ဤသို့ပြောခဲ့သည်– ‘ယေဟောဝါမူကား သန့်ရှင်းသောဝတ်ပြုရာအိမ်တော်၌ရှိတော်မူ၏။ မြေကြီးသားအပေါင်းတို့ ရှေ့တော်၌ဆိတ်ဆိတ်နေကြလော့။’ (ဟဗ. ၂:၂၀သမ္မာ) မှန်သောဝတ်ပြုကိုးကွယ်သူများသည် ‘ယေဟောဝါ၏ကယ်တင်ခြင်းကျေးဇူးတော်ကို တိတ်ဆိတ်စွာနေလျက် စောင့်မျှော်’ ရန်ဖြစ်သည်။ (မြည်. ၃:၂၆သမ္မာ) ဆာလံဆရာဤသို့သီဆိုခဲ့သည်– ‘ယေဟောဝါရှေ့မှာငြိမ်ဝပ်စွာ [“တိတ်ဆိတ်စွာ၊” ကဘ] နေ၍ကိုယ်တော်ကိုငံ့လင့်လော့။ မိမိအမှု၌ အောင်တတ်သောသူ၏အကြောင်းကြောင့် စိတ်မပူနှင့်။’—ဆာ. ၃၇:၇

ကျွန်ုပ်တို့သည် စကားလုံးများမသုံးဘဲ ယေဟောဝါကိုချီးမွမ်းနိုင်သလော။ ဖန်ဆင်းရာလက်ရာများ၏အလှကို ရှုစားသောအခါ ကျွန်ုပ်တို့သည် စကားဖြင့်မျှမဖော်ပြနိုင်လောက်အောင် အလွန်အံ့သြမိန်းမောသည့်အခါများ ရှိသည်မဟုတ်လော။ ထိုသို့သောရင်သပ်ရှုမောဖွယ်အလှကို စဉ်းစားခြင်းသည် ကျွန်ုပ်တို့နှလုံးတွင် ဖန်ဆင်းရှင်ကို ချီးမွမ်းခြင်းဖြစ်သည်မဟုတ်လော။ ဆာလံဆရာဒါဝိဒ်သည် မိမိ၏တေးသီချင်းများထဲမှတစ်ခုကို ဤသို့အစပြုထားသည်– “အိုဘုရားသခင် ဇိအုန်မြို့၌ ကိုယ်တော်ရှေ့မှာငြိမ်ဝပ်စွာ [“တိတ်ဆိတ်စွာ၊” ကဘ] နေ၍ချီးမွမ်းရပါ၏။ ကိုယ်တော်အားလည်း သစ္စာဝတ်ကိုဖြေရပါ၏။”—ဆာ. ၆၅:၁

ယေဟောဝါကိုယ်တော်တိုင်သည် ကျွန်ုပ်တို့၏ရိုသေလေးမြတ်မှုရထိုက်သည်နည်းတူ ကိုယ်တော့်မိန့်တော်မူချက်များသည်လည်း ကျွန်ုပ်တို့၏လေးမြတ်မှုရထိုက်တော်မူ၏။ ဥပမာ၊ ဘုရားသခင့်ပရောဖက်မောရှေသည် ဣသရေလလူတို့အားဟောပြောရာ ဟောပြောချက်ပြီးခါနီးတွင် သူနှင့်ယဇ်ပုရောဟိတ်တို့သည် ထိုတွင်ရှိသူအားလုံးကို ဤသို့သတိပေးခဲ့သည်– ‘တိတ်ဆိတ်စွာနေ၍ သင်၏ဘုရားသခင် ယေဟောဝါ၏စကားတော်ကို နားထောင်ရမည်။’ ဘုရားသခင့်ပညတ်တရားကိုဖတ်ရွတ်ရန် ဣသရေလလူတို့လာရောက်စုဝေးကြသောအခါ ဣသရေလကလေးများပင် အာရုံစိုက်နားထောင်ရန် တောင်းဆိုခံခဲ့ရသည်။ မောရှေဤသို့ပြောသည်– ‘ယောက်ျား၊ မိန်းမ၊ သူငယ်များ နားလည်စောင့်ရှောက်စေခြင်းငှာ ပရိသတ်တို့ကိုစုဝေးစေကြလော့။’—တရား. ၂၇:၉၊ ၁၀သမ္မာ; ၃၁:၁၁၊ ၁၂

မျက်မှောက်ခေတ် ယေဟောဝါအား ကိုးကွယ်သူများသည် စည်းဝေးကြီးများအပါအဝင် ခရစ်ယာန်အစည်းအဝေးများတွင်ရရှိသော ညွှန်ကြားချက်များကို ရိုသေလေးစားစွာနားထောင်ကြသည်မှာ သင့်လျော်လှသည်။ စင်မြင့်ပေါ်မှ အရေးကြီးသောကျမ်းစာအမှန်တရားများ တင်ဆက်နေချိန်တွင် ကျွန်ုပ်တို့တစ်ဦးနှင့်တစ်ဦး မလိုအပ်ဘဲစကားပြောဆိုပါက ဘုရားသခင့်နှုတ်မြွက်တော်နှင့် ကိုယ်တော့်အဖွဲ့အစည်းကို မလေးစားရာရောက်မည်မဟုတ်လော။ အစီအစဉ်တစ်လျှောက် တိတ်ဆိတ်စွာနေပြီး နားထောင်ရန်အချိန်ဖြစ်သည်။

တစ်ဦးနှင့်တစ်ဦး သီးသန့်စကားပြောဆိုရာတွင်ပင် ကောင်းစွာနားထောင်သူတစ်ဦးဖြစ်ခြင်းသည် ရိုသေလေးစားမှုပြသည့်အမှတ်လက္ခဏာဖြစ်သည်။ ဥပမာ၊ ဘိုးဘေးယောဘသည် သူ့အားစွပ်စွဲသူတို့ကို ဤသို့ပြောခဲ့သည်– “ညွှန်ပြလော့။ ငါဆိတ်ဆိတ်နေပါမည်။” ယောဘသည် သူတို့စကားပြောဆိုချိန်တွင် လိုလိုလားလားတိတ်ဆိတ်စွာနားထောင်ခဲ့သည်။ သူပြောမည့်အလှည့်ရောက်သောအခါ သူဤသို့တောင်းဆိုခဲ့သည်– “တိတ်နေကြလော့။ ငါပြောဆိုပါမည်။”—ယောဘ ၆:၂၄; ၁၃:၁၃သမ။

ပညာသတိရှိပြီး ပိုင်းခြားသိမြင်မှုရှိသည့် အထောက်အထား

သမ္မာကျမ်းစာဤသို့ဖော်ပြသည်– “နှုတ်ကိုချုပ်တည်းတတ်သောသူမူကား ပညာသတိရှိ၏။” “ဉာဏ်ကောင်း [“ပိုင်းခြားသိမြင်မှုရှိ၊” ကဘ] သောသူမူကား တိတ်ဆိတ်စွာနေတတ်၏။” (သု. ၁၀:၁၉သမ္မာ; ၁၁:၁၂) ယေရှုသည် တိတ်ဆိတ်စွာနေခြင်းဖြင့် ပညာသတိရှိပြီး ပိုင်းခြားသိမြင်မှုရှိကြောင်း ကောင်းစွာတင်ပြခဲ့သည်ကို သုံးသပ်ကြည့်ပါ။ ရန်မူနေသော မိမိရန်သူများကို စကားပြောဆိုခြင်းသည် အဓိပ္ပာယ်ရှိမည်မဟုတ်ကြောင်း သိမြင်သောကြောင့် “ယေရှုသည် ဆိတ်ဆိတ်နေတော်မူ၏။” (မ. ၂၆:၆၃) နောက်ပိုင်းတွင် ပိလတ်ရှေ့စစ်ဆေးခံရသောအခါ ယေရှုသည် “ပြန်မဖြေဘဲနေတော်မူ၏။” မိမိ၏လူသိရှင်ကြားလုပ်ဆောင်ချက်များကိုယ်နှိုက်က သက်သေခံစေရန် ပညာသတိရှိရှိ ကိုယ်တော်ခွင့်ပြုခဲ့သည်။—မ. ၂၇:၁၁-၁၄

ကျွန်ုပ်တို့လည်း မိမိတို့၏နှုတ်ကို ပညာသတိရှိစွာချုပ်တည်းဖို့လိုသည်၊ အထူးသဖြင့် အမျက်နှိုးဆွခံရသောအခါတွင်ဖြစ်သည်။ ပညာရှိစကားက ဤသို့ဆိုသည်– “စိတ်ရှည်သောသူသည် ပညာကြီး [“ပိုင်းခြားသိမြင်မှုရှိ၊” ကဘ] ၏။ စိတ်တိုသောသူမူကား အထူးသဖြင့်မိုက်ပေ၏။” (သု. ၁၄:၂၉) ခံရခက်သည့်အခြေအနေတွင် အလျင်အမြန်ပြောဆိုတုံ့ပြန်ခြင်းက နောက်ပိုင်းနောင်တရစေသည့် စိတ်လိုက်မာန်ပါပြောဆိုခြင်းကို ဖြစ်စေနိုင်သည်။ ထိုသို့သောအခြေအနေများတွင် ကျွန်ုပ်တို့သည် မိုက်မိုက်မဲမဲပြောမိနိုင်ပြီး ရလဒ်အနေနှင့် ကျွန်ုပ်တို့၏စိတ်ငြိမ်သက်မှုကို ထိခိုက်ပေမည်။

ဆိုးသွမ်းသူတို့ရှေ့ရောက်နေချိန်တွင် ကျွန်ုပ်တို့ပြောသောစကားကို ဂရုစိုက်မည်ဆိုလျှင် ယင်းသည် ပညာသတိရှိသည့်လက္ခဏာဖြစ်သည်။ ကျွန်ုပ်တို့၏ဓမ္မအမှုတွင် ပြက်ရယ်ပြုသူများနှင့်ထိပ်တိုက်ရင်ဆိုင်ရသောအခါ တိတ်ဆိတ်စွာနေခြင်းသည် ကောင်းသောတုံ့ပြန်မှုဖြစ်ပေမည်။ ထို့ပြင် ကျွန်ုပ်တို့၏ကျောင်းနေဖက်များ သို့မဟုတ် အလုပ်ဖော်များက မဖွယ်မရာသောဟာသ သို့မဟုတ် ညစ်ညမ်းသောစကားများပြောကြသောအခါ မနှစ်သက်ကြောင်းပြရန် တိတ်ဆိတ်စွာနေခြင်းသည် ပညာရှိရာကျမည်မဟုတ်လော။ (ဧ. ၅:၃) ဆာလံဆရာဤသို့ရေးသားခဲ့သည်– “မတရားသောသူသည် ငါ့ရှေ့မှာရှိစဉ် ငါသည် ကိုယ်နှုတ်ကိုချည်နှောင်မည်။”—ဆာ. ၃၉:၁

“ပိုင်းခြားသိမြင်ခြင်း ကျယ်ပြန့်သောသူ” သည်အတွင်းရေးကို မဖော်ထုတ်တတ်ပါ။ (သု. ၁၁:၁၂ကဘ) စစ်မှန်သောခရစ်ယာန်တစ်ဦးသည် နှုတ်ကိုစောင့်စည်းခြင်းဖြင့် အတွင်းရေးကိစ္စများကို ဖော်ထုတ်လိမ့်မည်မဟုတ်။ ခရစ်ယာန်အကြီးအကဲများသည် အသင်းသားများ၏ယုံကြည်စိတ်ချမှုကို ထိန်းသိမ်းရန် ဤကိစ္စတွင် အထူးသဖြင့် ဂရုစိုက်ကြရမည်။

တိတ်ဆိတ်စွာနေခြင်းသည် စကားတစ်လုံးမှပြောဆိုခြင်းမရှိသော်လည်း ကောင်းသောအကျိုးသက်ရောက်မှုရှိနိုင်သည်။ ၁၉ ရာစုအင်္ဂလိပ်စာရေးဆရာ ဆစ်ဒနီစမစ်သည် မိမိနှင့်တစ်ခေတ်တည်းသားများထဲမှတစ်ဦးအကြောင်းကို ဤသို့ရေးခဲ့သည်– “သူသည် အခါအားလျော်စွာ နှုတ်ဆိတ်နေလိုက်သည်၊ ယင်းက သူ၏အပြန်အလှန်စကားပြောဆိုခြင်းကို လွန်စွာနှစ်သက်ဖွယ်ဖြစ်စေသည်။” မှန်ပါသည်၊ မိတ်ဆွေနှစ်ဦးကြား နေ့စဉ်စကားပြောဆိုခြင်းသည် နှစ်ဦးစလုံး အပြန်အလှန်စကားပြောဆိုခြင်းဖြစ်သင့်သည်။ ကောင်းစွာစကားပြောဆိုတတ်သူသည် ကောင်းစွာနားထောင်တတ်သူတစ်ဦးဖြစ်ရမည်။

ရှောလမုန်ဤသို့သတိပေးခဲ့သည်– “စကားများပြားသောအားဖြင့် လွန်ကျူးခြင်းအပြစ်မပါဘဲမရှိတတ်။ နှုတ်ကိုချုပ်တည်းတတ်သောသူမူကား ပညာသတိရှိ၏။” (သု. ၁၀:၁၉သမ္မာ) ထို့ကြောင့် စကားနည်းလေ အမှားနည်းလေဖြစ်သည်။ အမှန်တွင် “မိုက်သောသူပင် တိတ်ဆိတ်စွာနေလျှင် ပညာရှိဟူ၍လည်းကောင်း၊ မိမိနှုတ်ကိုမဖွင့်ဘဲနေသောသူကိုလည်း ဉာဏ်ကောင်းသောသူဟူ၍လည်းကောင်း သူတစ်ပါးထင်တတ်၏။” (သု. ၁၇:၂၈) သို့ဖြင့် ကျွန်ုပ်တို့သည် ‘ကျွန်ုပ်တို့၏နှုတ်ခမ်းတံခါးကို စောင့်တော်မူပါ’ ရန်ယေဟောဝါထံ ဆုတောင်းကြပါစို့။—ဆာ. ၁၄၁:၃

တွေးတောဆင်ခြင်ရန်အထောက်အကူ

ဖြောင့်မတ်ခြင်းတရားလမ်း၌လျှောက်လှမ်းသူသည် ‘[ဘုရားသခင်၏] တရားတော်ကို နေ့ညမပြတ်ဆင်ခြင်အောက်မေ့သည်’ ဟုကျမ်းစာဖော်ပြသည်။ (ဆာ. ၁:၂) ထိုသို့သောတွေးတောဆင်ခြင်မှုအတွက် အဘယ်အခြေအနေသည် အကောင်းဆုံးဖြစ်သနည်း။

ဘိုးဘေးအာဗြဟံ၏သားဣဇာက်သည် ‘ညဦးအချိန်၌ ဆင်ခြင်လိုသောငှာ တောအရပ်သို့ထွက်သွား၏။’ (က. ၂၄:၆၃) သူသည် တွေးတောဆင်ခြင်ရန် တိတ်ဆိတ်သောအချိန်နှင့်နေရာကို ရွေးချယ်သည်။ ဘုရင်ဒါဝိဒ်သည် ညယံတိတ်ဆိတ်ချိန်အတွင်း တွေးတောဆင်ခြင်ခဲ့သည်။ (ဆာ. ၆၃:၅) စုံလင်သူယေရှုသည် လူအုပ်၏ဆူညံသံမှဝေးရာတွင်၊ လူသူဝေးရာတောင်တန်းများ၊ တောအရပ်များနှင့် လူသူကင်းမဲ့ရာအခြားအရပ်၌ တစ်ကိုယ်တည်းရှိနေရန်နှင့် တွေးတောဆင်ခြင်မှုလုပ်ရန် အခိုင်အမာစိတ်ပိုင်းဖြတ်ခဲ့သည်။—မ. ၁၄:၂၃; လု. ၄:၄၂; ၅:၁၆

တိတ်ဆိတ်စွာနေခြင်းသည် ကျွန်ုပ်တို့အား ကောင်းကျိုးဖြစ်စေသည်။ တိတ်ဆိတ်စွာနေခြင်းက ကိုယ့်ကိုယ်ကိုယ်တိုးတက်အောင်လုပ်ဖို့ မရှိမဖြစ်လိုအပ်ရာဖြစ်သော မိမိကိုယ်ကိုကောင်းစွာဆန်းစစ်ရန်အတွက် အခြေအနေကောင်းကိုရရှိစေသည်။ တိတ်ဆိတ်စွာနေခြင်းသည် စိတ်ငြိမ်သက်မှုကို တိုးမြှင့်စေနိုင်သည်။ တိတ်ဆိတ်ချိန်တွင် တွေးတောဆင်ခြင်ခြင်းက ကျွန်ုပ်တို့အား ကျိုးနွံမှုနှင့် နှိမ့်ချမှုရှိစေနိုင်ပြီး ဘဝတွင် အမှန်တကယ်အရေးကြီးသောအရာများကို ပို၍လေးမြတ်တန်ဖိုးထားစေနိုင်သည်။

တိတ်ဆိတ်စွာနေခြင်းသည် ကောင်း၏၊ သို့သော် “စကားပြောရသောအချိန်လည်းရှိ၏။” (ဒေ. ၃:၇) ယနေ့ စစ်မှန်သောကိုးကွယ်သူများသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို “လူနေရာ မြေတစ်ပြင်လုံး၌” ဟောပြောရာတွင် အလုပ်များလျက်ရှိသည်။ (မ. ၂၄:၁၄) ဝတ်ပြုကိုးကွယ်သူများ တိုးပွားများပြားလာသည်နှင့်အမျှ ရွှင်လန်းဝမ်းမြောက်သံ ကြားနေရသည်။ (မိ. ၂:၁၂) သို့ဖြစ်၍ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ထက်သန်စွာကြွေးကြော်သူများ၊ ဘုရားသခင်၏အံ့ဖွယ်အမှုတော်များအကြောင်း ပြောဆိုကြသူများအဝင်ဖြစ်ကြစို့။ ဤအရေးကြီးသောလုပ်ငန်းတွင် ကျွန်ုပ်တို့ပါဝင်နေကြစဉ် တိတ်ဆိတ်စွာနေခြင်းကို လေးမြတ်တန်ဖိုးထားကြောင်း ကျွန်ုပ်တို့၏ဘဝပုံစံက တင်ပြပါစေ။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

ကျွန်ုပ်တို့၏ခရစ်ယာန်အစည်းအဝေးများတွင် နားထောင်ပြီး သင်ယူသင့်

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ကျွန်ုပ်တို့ဓမ္မအမှုတွင် စော်ကားပြောဆိုခံရချိန်တွင် တိတ်ဆိတ်စွာ နေခြင်းသည် လျော်ကန်သောတုံ့ပြန်ခြင်းဖြစ်ပေမည်

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

တိတ်ဆိတ်စွာနေခြင်းသည် တွေးတောဆင်ခြင်မှုကို ဖြစ်စေနိုင်