မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်တို့—သင်တို့၏ တိုးတက်မှုကို ထင်ရှားစေပါ

လူငယ်တို့—သင်တို့၏ တိုးတက်မှုကို ထင်ရှားစေပါ

လူငယ်တို့—သင်တို့၏ တိုးတက်မှုကို ထင်ရှားစေပါ

“ထိုအရာများကို ဆင်ခြင်သုံးသပ်လော့။ လူအပေါင်းတို့ရှေ့တွင် သင်၏တိုးတက်မှုကိုထင်ရှားစေရန် ထိုအရာများကို စွဲမှတ်လော့။”—၁ တိ. ၄:၁၅

၁။ လူငယ်များနှင့်ပတ်သက်၍ ယေဟောဝါ၌ အဘယ်ဆန္ဒရှိသနည်း။

“အချင်းလူငယ်လူရွယ်တို့၊ ပျိုရွယ်ချိန်၌ ပျော်ပျော်နေကြလော့။ အသက်ငယ်ရွယ်လျက်ရှိနေသေးစဉ် ဝမ်းမြောက်စွာနေကြလော့။” (ဒေ. ၁၁:၉ခမ) ယင်းသို့ရေးခဲ့သူမှာ ရှေးအစ္စရေးနိုင်ငံ၏ ပညာရှိဘုရင် ရှောလမုန်ဖြစ်သည်။ ယင်းစကား၏မူရင်းအမြစ်ဖြစ်သော ယေဟောဝါဘုရားသခင်သည် အသင်လူငယ်တို့ကို အမှန်ပင်ပျော်ရွှင်စေလိုတော်မူသည်။ ထို့ပြင် ယေဟောဝါသည် သင်တို့ငယ်ရွယ်ချိန်တွင်သာမက အသက်ကြီးသည်အထိ ဆက်၍ရွှင်လန်းစေလိုသည်။ သို့သော် ငယ်ရွယ်ချိန်နှစ်များအတွင်း နာကြည်းဖွယ်အမှားများပြုလုပ်မိလေ့ရှိရာ ယင်းတို့သည် အနာဂတ်ပျော်ရွှင်မှုကို ထိခိုက်ပေမည်။ တည်ကြည်သူယောဘပင်လျှင် “အသက်ငယ်စဉ်တွင်ပြုမိသောအပြစ်ကြောင့်” ဝမ်းနည်းခဲ့ရသည်။ (ယောဘ ၁၃:၂၆) မြီးကောင်ပေါက်အရွယ်နှင့် ယင်းနောက်ပိုင်း အသက်တာ၏အစောပိုင်းနှစ်များအတွင်းတွင် ခရစ်ယာန်လူငယ်တစ်ဦးသည် ကြီးလေးသည့်ဆုံးဖြတ်ချက်များ ချရလေ့ရှိသည်။ မှားမှားယွင်းယွင်းဆုံးဖြတ်ချက်များက နက်ရှိုင်းသည့် စိတ်ပိုင်းဆိုင်ရာဒဏ်ရာများကျန်ရစ်စေနိုင်ပြီး ကျန်အသက်တာအပေါ်သက်ရောက်မှုရှိသည့် ပြဿနာများဖြစ်ပေါ်စေနိုင်သည်။—ဒေ. ၁၁:၁၀

၂။ အဘယ်ကျမ်းစာအကြံပေးချက်ကို ကျင့်သုံးခြင်းက လူငယ်တို့အား ကြီးလေးသောအမှားများမပြုမိစေရန် အထောက်အကူပြုမည်နည်း။

လူငယ်များသည် မှန်မှန်ကန်ကန်ဆုံးဖြတ်ချက်ချဖို့လိုသည်။ ကောရိန္သုအသင်းသားများကိုပေးသော တမန်တော်ပေါလု၏အကြံဉာဏ်ကို သုံးသပ်ကြည့်ပါ။ သူဤသို့ရေးခဲ့၏– “သိနားလည်နိုင်စွမ်း၌ သူငယ်မဖြစ်ကြနှင့်။ . . . သိနားလည်နိုင်စွမ်း၌ ကြီးရင့်သောသူဖြစ်ကြလော့။” (၁ ကော. ၁၄:၂၀) ကြီးရင့်သောသူတစ်ဦးကဲ့သို့ စဉ်းစားဆင်ခြင်တတ်သည့်စွမ်းရည်ရှိပါဟူသည့် ယင်းအကြံဉာဏ်ကို အလေးဂရုပြုခြင်းသည် လူငယ်များကို ကြီးလေးသောအမှားများမပြုမိစေရန် အထောက်အကူပြုမည်။

၃။ ရင့်ကျက်လာရန် သင်အဘယ်အရာပြုလုပ်နိုင်သနည်း။

သင်သည် လူငယ်တစ်ဦးဖြစ်မည်ဆိုလျှင် ရင့်ကျက်သူဖြစ်လာရန်မှာ ကြိုးစားအားထုတ်မှုလိုကြောင်း စိတ်စွဲမှတ်ထားပါ။ ပေါလုက တိမောသေအား ဤသို့ပြောခဲ့၏– “သင်၏အသက်ငယ်ရွယ်ခြင်းကို မည်သူမျှ မထီမဲ့မြင်မပြုစေနှင့်။ သို့ဖြစ်မည့်အစား သင်၏အပြောအဆို၊ အပြုအမူနှင့် ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စင်ကြယ်ခြင်းတို့တွင် တည်ကြည်သူများအတွက် စံနမူနာဖြစ်စေလော့။ . . . လူထုရှေ့ကျမ်းစာဖတ်ခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်း၊ သွန်သင်ခြင်းတို့ကို အဆက်မပြတ် ကြိုးစားလုပ်ဆောင်လော့။ . . . ထိုအရာများကို ဆင်ခြင်သုံးသပ်လော့။ လူအပေါင်းတို့ရှေ့တွင် သင်၏တိုးတက်မှုကို ထင်ရှားစေရန် ထိုအရာများကို စွဲမှတ်လော့။” (၁ တိ. ၄:၁၂-၁၅) ခရစ်ယာန်လူငယ်များသည် တိုးတက်ဖို့လိုပြီး ထိုတိုးတက်မှုသည် အခြားသူတို့ရှေ့ထင်ရှားဖို့လိုသည်။

တိုးတက်မှုဟူသည် အဘယ်နည်း

၄။ ဝိညာဉ်ရေးတိုးတက်ခြင်းတွင် အဘယ်အရာပါဝင်ပတ်သက်သနည်း။

တိုးတက်မှုဟူသည် “ပိုကောင်းရန်အတွက်တိုးတက်မှုပြုခြင်း၊ အပြောင်းအလဲလုပ်ခြင်း” ဖြစ်သည်။ ပေါလုက တိမောသေအား ဓမ္မအမှုကိုကျေပွန်စေသည့်နည်းအပြင် အပြောအဆို၊ အပြုအမူ၊ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စင်ကြယ်ခြင်းတို့တွင်တိုးတက်ရန် တိုက်တွန်းခဲ့သည်။ ပုံသက်သေကောင်းသော ဘဝပုံစံဖြစ်ဖို့ ကြိုးစားရန်ဖြစ်သည်။ ထို့ကြောင့် တိမောသေသည် ဝိညာဉ်ရေးတိုးတက်ရန် မပြတ်ကြိုးစားဖို့လိုခဲ့သည်။

၅၊ ၆။ (က) အဘယ်အချိန်တွင် တိမောသေ၏တိုးတက်မှု စတင်ထင်ရှားလာသနည်း။ (ခ) တိုးတက်မှုပြုခြင်းနှင့်ပတ်သက်၍ ယနေ့လူငယ်တို့သည် တိမောသေကို မည်သို့တုပနိုင်သနည်း။

ပေါလုသည် ယင်းအကြံပေးချက်ကို စီအီး ၆၁ နှင့် ၆၄ အတွင်းတစ်ချိန်ချိန်တွင် ရေးခဲ့ခြင်းဖြစ်ပြီး ထိုအချိန်တွင် တိမောသေသည် အတွေ့အကြုံရှိအကြီးအကဲတစ်ဦး ဖြစ်နေပြီဖြစ်သည်။ သူသည် ဝိညာဉ်ရေးတွင်တိုးတက်ရန် အစပြုလုပ်ဆောင်နေခြင်း မဟုတ်ခဲ့ပါ။ စီအီး ၄၉ သို့မဟုတ် ၅၀ တွင် တိမောသေသည် ဆယ်ကျော်သက်အရွယ်နှောင်းပိုင်း သို့မဟုတ် အသက် ၂၀ ကျော်ခါစအရွယ်ဖြစ်နိုင်ပြီး “လုတ္တရမြို့၊ ဣကောနိမြို့၌ရှိသော ညီအစ်ကိုတို့” ကသူ၏ဝိညာဉ်ရေးတိုးတက်မှုကို တွေ့မြင်ခဲ့ကြပြီး “အသရေရှိသူ” အဖြစ်ထောက်ခံခဲ့ကြသည်။ (တ. ၁၆:၁-၅) ထိုအချိန်က ပေါလုသည် မိမိ၏ခရစ်ယာန်သာသနာပြုခရီးတွင် တိမောသေအား မိမိနှင့်အတူခေါ်ဆောင်သွားခဲ့သည်။ လအတန်အရာကြာပြီး တိမောသေ၏နောက်ထပ်တိုးတက်မှုကို ပေါလုတွေ့မြင်ရပြီးနောက် သက်သာလောနိတ်မြို့ရှိ ခရစ်ယာန်များကို နှစ်သိမ့်ပေးရန်နှင့် ခိုင်ခံ့စေရန် တိမောသေကိုစေလွှတ်ခဲ့သည်။ (၁ သက်သာလောနိတ် ၃:၁-၃၊ ကိုဖတ်ပါ။) ရှင်းနေသည်မှာ တိမောသေသည် လူငယ်တစ်ဦးအရွယ်တွင် သူ၏တိုးတက်မှုသည် အခြားသူတို့ရှေ့ ထင်ရှားခဲ့သည်။

အသင်းတော်ရှိ အသင်လူငယ်တို့၊ ခရစ်ယာန်အသက်တာတွင် သင်တို့၏တိုးတက်မှုနှင့် သမ္မာကျမ်းစာအမှန်တရားသင်ကြားပေးရာတွင် သင်တို့၏စွမ်းရည်ကို အထင်အရှားတွေ့မြင်ရန် ယခုမှစ၍ လိုအပ်သည့်ဝိညာဉ်ရေးအရည်အသွေးများကို ကြိုးစားပြုစုပျိုးထောင်ပါ။ ယေရှုသည် အသက် ၁၂ နှစ်အရွယ်မှစ၍ “ဉာဏ ကြီးထွားတိုးတက်” ခဲ့သည်။ (လု. ၂:၅၂) သို့ဖြစ်၍ သင့်ဘဝအသက်တာ၏ ကဏ္ဍသုံးခုဖြစ်သော (၁) ပြဿနာများနှင့်ရင်ဆိုင်ရစဉ်၊ (၂) အိမ်ထောင်ပြုရန်ပြင်ဆင်စဉ်၊ (၃) “အမှုတော်ဆောင်ကောင်း” ဖြစ်ရန်ကြိုးစားစဉ် သင်၏တိုးတက်မှုမည်သို့ထင်ရှားပြနိုင်ပုံကို ဆန်းစစ်ကြည့်ကြစို့။—၁ တိ. ၄:၆

ပြဿနာများကို “သမာသတိ” ဖြင့်ရင်ဆိုင်ဖြေရှင်းပါ

၇။ ဖိစီးမှုများသည့် အခြေအနေများသည် လူငယ်များကို မည်သို့ထိခိုက်နိုင်သနည်း။

ကာရိုလ်အမည်ရှိ ၁၇ နှစ်အရွယ်ခရစ်ယာန်တစ်ဦး ဤသို့ဆို၏– “တစ်ခါတလေ မနက်အိပ်ရာကမထချင်တဲ့အထိ စိတ်လှုပ်ရှားမှုပိုင်း၊ ကာယပိုင်း၊ စိတ်ဓာတ်ပိုင်း အားလျော့နေခဲ့တယ်။” * အဘယ်ကြောင့်ထိုသို့ စိတ်ပျက်အားလျော့ရသနည်း။ ကာရိုလ်ဆယ်နှစ်အရွယ်တွင် သူ၏မိဘတို့ကွာရှင်းခဲ့ကြပြီး သူသည် ကျမ်းစာကိုယ်ကျင့်တရားစံနှုန်းများကို မလိုက်နာသော မိခင်ဖြစ်သူနှင့် နေခဲ့ရသည်။ ကာရိုလ်ကဲ့သို့ပင် သင်သည် တိုးတက်ရန်အခွင့်အလမ်းမရှိသော အလွန့်အလွန်ဖိစီးမှုများသည့် အခြေအနေတချို့ကို ရင်ဆိုင်နေရခြင်းဖြစ်ပေမည်။

၈။ တိမောသေသည် အဘယ်ပြဿနာများကို ဆိုင်ပြိုင်တိုက်လှန်ခဲ့ရသနည်း။

တိမောသေသည်လည်း ဝိညာဉ်ရေးတိုးတက်မှုပြုလုပ်နေစဉ် ခက်ခဲသောအခြေအနေများကို ဆိုင်ပြိုင်တိုက်လှန်ခဲ့ရသည်။ ဥပမာ၊ သူသည် အစာအိမ်ပြဿနာကြောင့် ‘မကြာခဏ ဝေဒနာ’ ခံစားခဲ့ရသည်။ (၁ တိ. ၅:၂၃) တမန်တော်ပေါလု၏အခွင့်အာဏာကို စောဒကတက်သူတို့ကြောင့်ဖြစ်သော ပြဿနာအချို့ကို ကိုင်တွယ်ဖြေရှင်းရန် တိမောသေအား ကောရိန္သုသို့စေလွှတ်ချိန်တွင် ပေါလုက တိမောသေ “စိုးရိမ်ခြင်းမရှိ” စေရန် တိမောသေနှင့်အတူ ပူးပေါင်းဆောင်ရွက်ဖို့ အသင်းတော်အား တိုက်တွန်းခဲ့သည်။ (၁ ကော. ၄:၁၇; ၁၆:၁၀၊ ၁၁) တိမောသေသည် ရှက်ကြောက်ခဲ့ သို့မဟုတ် တွန့်ဆုတ်ခဲ့ပုံရသည်။

၉။ သမာသတိရှိသောစိတ်ဟူသည် အဘယ်နည်း၊ ယင်းသည် ကြောက်တတ်သည့်စိတ်နှင့် မည်သို့ကွာခြားသနည်း။

နောက်ပိုင်း ပေါလုသည် တိမောသေကိုအကူအညီပေးရာတွင် ဤသို့သတိပေးခဲ့၏– “ဘုရားသခင်သည် ငါတို့အား ကြောက်တတ်သည့်စိတ်ကို ပေးတော်မူသည်မဟုတ်။ တန်ခိုးပါသော၊ ချစ်တတ်သော၊ သမာသတိရှိသောစိတ်ကို ပေးတော်မူ၏။” (၂ တိ. ၁:၇) “သမာသတိရှိသောစိတ်” တွင် သတိပညာရှိရှိတွေးတောဆင်ခြင်နိုင်ခြင်း ပါဝင်သည်။ သင့်အခြေအနေကို သင်နှစ်သက်မည်မဟုတ်လျှင်ပင် အောင်မြင်စွာရင်ဆိုင်ဖြေရှင်းသည့်စွမ်းရည် ပါဝင်သည်။ မရင့်ကျက်သောလူငယ်အချို့သည် ဖိစီးမှုများသည့်အခြေအနေမှ လွတ်မြောက်ရန် အလွန်အကျွံအိပ်ခြင်း သို့မဟုတ် တီဗွီကြည့်ခြင်း၊ မူးယစ်ဆေး သို့မဟုတ် အရက်ကိုအလွဲသုံးခြင်း၊ ပါတီပွဲများမပြတ်တက်ခြင်း သို့မဟုတ် လိင်အကျင့်ယိုယွင်းခြင်းတို့ပြုခြင်းဖြင့် ကြောက်တတ်သည့်စိတ်ကို ထင်ရှားပြကြသည်။ ‘လက်ရှိလောကစနစ်တွင် တရားမဲ့ခြင်းနှင့် လောကတပ်မက်ခြင်းကိုငြင်းပယ်၍ သမာသတိရှိခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်၏တရားအတိုင်း ဝတ်ပြုခြင်းတို့ဖြင့် အသက်ရှင်ကြရန်’ ခရစ်ယာန်များကို သတိပေးထားသည်။—တိ. ၂:၁၂

၁၀၊ ၁၁။ သမာသတိစိတ်သည် ဝိညာဉ်ရေးတွင်တိုးတက်ရန် မည်သို့အထောက်အကူပြုသနည်း။

၁၀ သမ္မာကျမ်းစာက “ငယ်ရွယ်သောအမျိုးသားတို့ကို သမာသတိရှိသူများဖြစ်” ရန်တိုက်တွန်းထားသည်။ (တိ. ၂:၆) ယင်းအကြံပေးချက်ကိုလိုက်နာခြင်းမှာ သင်သည် ပြဿနာများကို ဆုတောင်းကာရင်ဆိုင်မည်ဖြစ်ပြီး ဘုရားသခင်ပေးသောခွန်အားကို ယုံကြည်ကိုးစားမည်ကို ဆိုလိုသည်။ (၁ ပေတရု ၄:၇ ကိုဖတ်ပါ။) သို့ဖြင့် သင်သည် “ဘုရားသခင်ပေးသနားသောခွန်အား” ကိုအကြွင်းမဲ့ယုံကြည်ကိုးစားစိတ် တိုးပွားလာမည်။—၁ ပေ. ၄:၁၁

၁၁ သမာသတိစိတ်နှင့် ဆုတောင်းခြင်းသည် ကာရိုလ်ကို အထောက်အကူပြုခဲ့ရာများဖြစ်သည်။ သူဤသို့ပြော၏– “အမေ့ရဲ့ ကိုယ်ကျင့်တရားပျက်တဲ့ ဘဝပုံစံနဲ့မနေဖို့ကြိုးစားရတာက ကျွန်မလုပ်ခဲ့သမျှထဲမှာ အခက်ခဲဆုံးပဲ။ ဒါပေမဲ့ ဆုတောင်းခြင်းက ကျွန်မကို တကယ်ပဲအထောက်အကူပြုခဲ့တယ်။ ယေဟောဝါ ကျွန်မနဲ့အတူရှိတယ်ဆိုတာ ကျွန်မသိတဲ့အတွက် မကြောက်တော့ဘူး။” အခက်အခဲများသည် သင့်ကိုပို၍ကောင်းသောသူဖြစ်စေကာ တိုးတက်စေနိုင်သည်ကို သတိရပါ။ (ဆာ. ၁၀၅:၁၇-၁၉; မြည်. ၃:၂၇) မည်သည့်အရာကိုမဆို သင်ကြုံတွေ့ရပါစေ ဘုရားသခင်သည် သင့်ကိုစွန့်မည်မဟုတ်ပါ။ ကိုယ်တော်သည် “သင့်ကိုစောင့်မမည်။”—ဟေရှာ. ၄၁:၁၀

အောင်မြင်သောအိမ်ထောင်ဖြစ်ရန် ပြင်ဆင်ခြင်း

၁၂။ အိမ်ထောင်ပြုရန်စဉ်းစားနေသော ခရစ်ယာန်တစ်ဦးသည် နယပုံပြင် ၂၀:၂၅ တွင်တွေ့ရသောမူကို အဘယ်ကြောင့်ကျင့်သုံးဖို့လိုသနည်း။

၁၂ လူကြီးအရွယ်မရောက်တတ်သေးသော လူငယ်တချို့သည် စိတ်မချမ်းမြေ့စရာ၊ အထီးကျန်မှု၊ ငြီးငွေ့ဖွယ်ရာနှင့် အိမ်တွင်းပြဿနာများဖြေရှင်းနည်းဟုယူဆကာ အဆောတလျင်အိမ်ထောင်ပြုခဲ့ကြသည်။ သို့သော် အပြန်အလှန်မင်္ဂလာကတိကဝတ်ပြုခြင်းသည် အလွန်အရေးကြီးသည့်အရာဖြစ်သည်။ ကျမ်းစာခေတ်မှလူအချို့သည် အဘယ်အရာပါဝင်ပတ်သက်သည်ကို အသေအချာဆန်းစစ်ခြင်းမရှိဘဲ ဘုရားသခင်အား မြန်မြန်ဆန်ဆန်ကတိပေးခဲ့ကြသည်။ (သု. ၂၀:၂၅ ကိုဖတ်ပါ။) တစ်ခါတစ်ရံ လူငယ်တို့သည် အိမ်ထောင်သည်ဘဝ၏တောင်းဆိုချက်များကို လေးလေးနက်နက်မဆန်းစစ်ကြပါ။ နောက်ပိုင်း မိမိတို့သိထားသည်ထက် ပို၍ခက်ခဲရှုပ်ထွေးကြောင်း တွေ့ရှိလာကြသည်။

၁၃။ ပိုးပန်းရန်ရည်ရွယ်နေသူတို့သည် အဘယ်မေးခွန်းများကို ဆင်ခြင်သုံးသပ်သင့်သနည်း၊ ထိုသူတို့အတွက် အဘယ်အထောက်အကူပြုအကြံဉာဏ်များ ရရှိသနည်း။

၁၃ သို့ဖြစ်၍ ပိုးပန်းခြင်းမပြုမီ မိမိကိုယ်ကို ဤသို့မေးပါ– ‘ဘာကြောင့် ငါ အိမ်ထောင်ပြုချင်တာလဲ။ ငါ့မှာ ဘာမျှော်လင့်စရာတွေရှိလဲ။ သူဟာ ငါ့အတွက် တကယ်ပဲသင့်တော်တဲ့သူလား။ အိမ်ထောင်သည်တစ်ဦးအနေနဲ့ ငါ့ရဲ့တာဝန်တွေအတွက် ငါပြင်ဆင်ထားသလား။’ အတွင်းကျကျဆန်းစစ်မှုပြုရန် အထောက်အကူအနေနှင့် ‘တည်ကြည်ပြီးသတိပညာရှိကျွန်’ သည် သတ်သတ်မှတ်မှတ်ဆောင်းပါးများကို ထုတ်ဝေထားသည်။ * (မ. ၂၄:၄၅-၄၇) ယင်းအကြောင်းအရာများကို ယေဟောဝါ သင့်အားပေးသော အကြံဉာဏ်အဖြစ်ရှုမြင်ပါ။ ထိုတွင်ဖော်ပြထားရာများကို အသေအချာချင့်တွက်ပြီး လက်တွေ့ကျင့်သုံးပါ။ သင့်ကိုယ်သင် “ဉာဏ်ပညာမဲ့သော မြင်းလားကဲ့သို့” ဖြစ်ရန် ဘယ်တော့မျှခွင့်မပြုပါနှင့်။ (ဆာ. ၃၂:၈၊ ၉) အိမ်ထောင်သည်ဘဝတောင်းဆိုချက်များနှင့်ပတ်သက်၍ သင်၏သိနားလည်မှုတွင် ကြီးရင့်သောသူဖြစ်ပါ။ သင်သည် ပိုးပန်းရန်သင့်တော်ပြီဟုယူမှတ်ပါက ‘စင်ကြယ်ခြင်းတွင် စံနမူနာဖြစ်’ ရန်အမြဲသတိရပါ။—၁ တိ. ၄:၁၂

၁၄။ သင်အိမ်ထောင်ပြုပါက ဝိညာဉ်ရေးတွင်တိုးတက်မှုသည် သင့်အားမည်သို့အထောက်အကူပြုနိုင်သနည်း။

၁၄ ဝိညာဉ်ရေးရင့်ကျက်မှုသည် အိမ်ထောင်ပြုပြီးနောက်တွင်လည်း အောင်မြင်စေသည်။ ရင့်ကျက်သောခရစ်ယာန်တစ်ဦးသည် “ခရစ်တော်၏ ပြည့်စုံခြင်းပမာဏ အဆင့်” သို့ရောက်ရန် ကြိုးစားသည်။ (ဧ. ၄:၁၁-၁၄) ခရစ်တော်ကဲ့သို့သော ကိုယ်ရည်ကိုယ်သွေး ထင်ရှားပေါ်လွင်စေရန် ကြိုးစားအားထုတ်သည်။ ကျွန်ုပ်တို့၏စံနမူနာရှင်ဖြစ်သော “ခရစ်တော်ပင်လျှင် ကိုယ့်အလိုအတိုင်း ပြုတော်မမူ” ခဲ့ပါ။ (ရော. ၁၅:၃) အိမ်ထောင်ဖက်နှစ်ဦးစလုံးသည် မိမိတို့ကိုယ်ကျိုးကိုမရှာဘဲ အချင်းချင်း၏အကျိုးကို ဆက်၍ရှာသည့်အခါ မိသားစုဘဝသည် အေးချမ်းသာယာသည့်ကွန်းခိုရာဖြစ်မည်။ (၁ ကော. ၁၀:၂၄) ခင်ပွန်းသည် ကိုယ်ကျိုးမဖက်သောမေတ္တာကို တင်ပြမည်ဖြစ်ပြီး ယေရှုသည် မိမိ၏ဦးခေါင်းကို လက်အောက်ခံသကဲ့သို့ ဇနီးသည် ခင်ပွန်းကို လက်အောက်ခံဖို့ စိတ်ပိုင်းဖြတ်ထားမည်။—၁ ကော. ၁၁:၃; ဧ. ၅:၂၅

“အမှုတော်ကို အကုန်အစင် ပြီးမြောက်စေလော့”

၁၅၊ ၁၆။ ဓမ္မအမှုတွင် သင်၏တိုးတက်မှုကို မည်သို့ထင်ရှားစေနိုင်သနည်း။

၁၅ ပေါလုသည် တိမောသေအား အရေးကြီးသောတာဝန်ကို အာရုံစိုက်စေရာတွင် ဤသို့ရေးခဲ့၏– ‘ဘုရားသခင့်ရှေ့တော်တွင်လည်းကောင်း၊ ခရစ်တော်ယေရှု၏ရှေ့တော်တွင်လည်းကောင်း သင့်ကို ငါမိန့်မှာသည်ကား တရားစကားတော်ကို ဟောပြောလော့။ အရေးတကြီးသဘောထားဖြင့် ဆောင်ရွက်လော့။’ ဤသို့ထပ်ဆင့်ဆိုခဲ့၏– “ဧဝံဂေလိတရားဟောပြောသူ၏အမှုကို ဆောင်ရွက်လော့။ အမှုတော်ကို အကုန်အစင်ပြီးမြောက်စေလော့။” (၂ တိ. ၄:၁၊ ၂၊) တိမောသေသည် ယင်းတာဝန်ကို ကျေပွန်အောင်ဆောင်ရွက်ရန် ‘ယုံကြည်ခြင်းနှင့်ဆိုင်သော တရားစကားတော်များဖြင့် မိမိကိုယ်ကို အားဖြည့်ထား’ ခဲ့ရသည်။—၁ တိမောသေ ၄:၆ ကိုဖတ်ပါ။

၁၆ သင်သည် မည်သို့အားဖြင့် ‘ယုံကြည်ခြင်းနှင့်ဆိုင်သော တရားစကားတော်များဖြင့် မိမိကိုယ်ကို အားဖြည့်ထား’ နိုင်သနည်း။ ပေါလုဤသို့ရေးခဲ့၏– “လူထုရှေ့ကျမ်းစာဖတ်ခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်း၊ သွန်သင်ခြင်းတို့ကို အဆက်မပြတ် ကြိုးစားလုပ်ဆောင်လော့။ ထိုအရာများကို ဆင်ခြင်သုံးသပ်လော့။ . . . ထိုအရာများကို စွဲမှတ်လော့။” (၁ တိ. ၄:၁၃၊ ၁၅) တိုးတက်ရန် လုံ့လဝီရိယရှိရှိ ကိုယ်ပိုင်လေ့လာဖို့လိုသည်။ “စွဲမှတ်” ဟူသည့်အသုံးအနှုန်းက လုပ်ဆောင်မှုတစ်ရပ်တွင် အာရုံနှစ်မြှုပ်နေသည့်သဘောသက်ရောက်သည်။ သင်၏လေ့လာမှုအလေ့အကျင့် မည်သို့ရှိသနည်း။ သင်သည် “ဘုရားသခင်၏နက်နဲရာတို့ကို” စွဲမှတ်ပါသလော။ (၁ ကော. ၂:၁၀) သို့မဟုတ် အနည်းငယ်မျှသာ အားထုတ်သလော။ သင်လေ့လာသည့်အရာကို ဆင်ခြင်သုံးသပ်ခြင်းက သင့်စိတ်နှလုံးကို လှုံ့ဆော်ပါလိမ့်မည်။—သု. ၂:၁-၅ ကိုဖတ်ပါ။

၁၇၊ ၁၈။ (က) အဘယ်အရည်အသွေးများကို ပြုစုပျိုးထောင်ဖို့ ကြိုးစားသင့်သနည်း။ (ခ) တိမောသေ၏စိတ်ထားမျိုးရှိရန် ကြိုးစားခြင်းက သင့်အား ဓမ္မအမှုတွင် မည်သို့အထောက်အကူပြုမည်နည်း။

၁၇ မီရှဲလ်အမည်ရှိ လူငယ်ရှေ့ဆောင်တစ်ဦး ဤသို့ဆို၏– “ဓမ္မအမှုမှာ တကယ်ထိရောက်ဖို့ ကျွန်မ ကိုယ်ပိုင်လေ့လာမှုအတွက် ကောင်းကောင်းဇယားဆွဲထားပြီး အစည်းအဝေးတွေကို မှန်မှန်တက်တယ်။ အဲ့ဒီလိုလုပ်လို့ ကျွန်မ ဝိညာဉ်ရေးမှာ တိုးတက်လာတယ်။” ရှေ့ဆောင်တစ်ဦးအဖြစ်အမှုဆောင်ခြင်းသည် ဓမ္မအမှုတွင် သမ္မာကျမ်းစာကိုအသုံးပြုသည့်စွမ်းရည် တိုးတက်စေရန်နှင့် ဝိညာဉ်ရေးတွင်တိုးတက်စေရန် အမှန်အထောက်အကူပြုမည်။ ကောင်းစွာဖတ်တတ်သူဖြစ်ရန်၊ ခရစ်ယာန်အစည်းအဝေးများတွင် အဓိပ္ပာယ်ပြည့်ဝသော မှတ်ချက်များပေးရန် ကြိုးစားပါ။ သင်၏ဝိညာဉ်ရေးတိုးတက်မှုကို ထင်ရှားစေရန် သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် အသိပညာပေးသောကျောင်းသားတာဝန်များ ပြင်ဆင်ရာ၌ တာဝန်ကျအကြောင်းအရာအပေါ် အနီးကပ်လိုက်လျှောက်သင့်သည်။

၁၈ ‘ဧဝံဂေလိတရားဟောပြောသူ၏အမှုကို ဆောင်ရွက်ခြင်း’ ဟူသည် သင်၏ဓမ္မအမှုကို ပို၍ထိရောက်စေရန် လုပ်ဆောင်ခြင်း၊ အခြားသူများ ကယ်တင်ခြင်းရရန် ကူညီခြင်းကို ဆိုလိုသည်။ ယင်းတွင် “သွန်သင်ခြင်းနည်းပညာ” တိုးတက်အောင်လုပ်ဖို့လိုသည်။ (၂ တိ. ၄:၂) တိမောသေသည် ပေါလုနှင့်အတူအမှုဆောင်ခြင်းမှ သင်ယူခဲ့သကဲ့သို့ သင်သည် ဓမ္မအမှုတွင် အတွေ့အကြုံရှိသူတို့နှင့် အတူပါဝင်ရန်စီစဉ်ခြင်းဖြင့် သူတို့၏သွန်သင်ခြင်းနည်းလမ်းများမှ သင်ယူနိုင်သည်။ (၁ ကော. ၄:၁၇) မိမိကူညီခဲ့သောသူတို့ကိုရည်ညွှန်းကာ ပေါလုက မိမိသည် သူတို့ကို သတင်းကောင်းသာ ဝေမျှခဲ့ခြင်းမဟုတ်ဘဲ မိမိ၏ “အသက်” ကိုပင်ပေးခဲ့သည်ဟုဆိုခဲ့၏၊ ဆိုလိုသည်မှာ သူတို့ကိုချစ်မြတ်နိုးလာသောကြောင့် သူတို့ကိုကူညီပေးရန် မိမိ၏အသက်တာကိုအသုံးပြုခဲ့သည်။ (၁ သက်. ၂:၈) သင်သည် ဓမ္မအမှုတွင် ပေါလု၏ပုံသက်သေကိုလိုက်လျှောက်ရန်မှာ အခြားသူတို့အကျိုးကို အမှန်လိုလားပြီး “သတင်းကောင်းပျံ့နှံ့စေရန် ကိုယ့်ကိုယ်ကိုပေးဆက်” ခဲ့သော တိမောသေ၏စိတ်ထားမျိုးရှိရမည်။ (ဖိလိပ္ပိ ၂:၁၉-၂၃ ကိုဖတ်ပါ။) သင်သည် ဓမ္မအမှုတွင် ယင်းသို့သောကိုယ်ကျိုးစွန့်စိတ်ဓာတ် တင်ပြပါသလော။

တိုးတက်မှုက အမှန်စိတ်ကျေနပ်မှုဖြစ်စေ

၁၉၊ ၂၀။ ဝိညာဉ်ရေးတိုးတက်အောင်လုပ်ခြင်းသည် အဘယ်ကြောင့် ရွှင်လန်းစေသနည်း။

၁၉ ဝိညာဉ်ရေးတိုးတက်အောင်လုပ်ရာတွင် ကြိုးစားအားထုတ်မှုလိုသည်။ သို့သော် သင်၏သွန်သင်ခြင်းစွမ်းရည်ကို စိတ်ရှည်စွာပြုစုပျိုးထောင်ခြင်းဖြင့် အချိန်တန်သည့်အခါ သင်သည် “လူအများကို” ဝိညာဉ်ရေးတွင် “ချမ်းသာ” စေသည့်အခွင့်ထူးရရှိမည်ဖြစ်ပြီး ထိုသူတို့သည် သင်၏ “ဝမ်းမြောက်ခြင်း၊ ဝါကြွားခြင်း၏သရဖူ” ဖြစ်လာကြမည်။ (၂ ကော. ၆:၁၀; ၁ သက်. ၂:၁၉) အချိန်ပြည့်ဓမ္မအမှုဆောင် ဖရဒ်က ဤသို့ရှင်းပြ၏– “အရင်ကထက်ပိုပြီး ကျွန်တော့်ရဲ့အချိန်တွေကို တခြားသူတွေကို ကူညီပေးတဲ့နေရာမှာ အသုံးပြုတယ်။ ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပြီးပျော်ရွှင်တယ်ဆိုတာ တကယ်မှန်တယ်။”

၂၀ ဒက်ဖနီအမည်ရှိသော လူငယ်ရှေ့ဆောင်တစ်ဦးသည် ဝိညာဉ်ရေးတိုးတက်ခြင်းမှ ခံစားရသည့် ရွှင်လန်းမှု၊ စိတ်ကျေနပ်မှုတို့နှင့်ပတ်သက်၍ ဤသို့ပြော၏– “ယေဟောဝါကို ပုဂ္ဂိုလ်တစ်ပါးအနေနဲ့ ကျွန်မပိုပြီးသဘောပေါက်လေ ကိုယ်တော်နဲ့ ပိုရင်းနှီးလာလေပဲ။ တတ်စွမ်းနိုင်တဲ့အတိုင်းအတာနဲ့ ယေဟောဝါမျက်နှာသာရဖို့လုပ်ဆောင်တဲ့အခါ တကယ်ကိုကျေနပ်နှစ်သိမ့်မှုခံစားရတယ်။” ဝိညာဉ်ရေးတိုးတက်မှုကို လူတို့အမြဲအသိအမှတ်ပြုကြမည်မဟုတ်သော်လည်း ယေဟောဝါ အမြဲတွေ့မြင်တော်မူပြီး တန်ဖိုးထားတော်မူသည်။ (ဟေဗြဲ ၄:၁၃) အသင်ခရစ်ယာန်လူငယ်များသည် ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ကို ဘုန်းထင်ရှားစေနိုင်၊ ချီးမွမ်းနိုင်သည်မှာ ယုံမှားဖွယ်မရှိပါ။ သင်တို့၏တိုးပွားမှုကို အမှန်တကယ်ထင်ရှားစေသည်နှင့်အမျှ ကိုယ်တော်၏နှလုံး အစဉ်ရွှင်လန်းနေမည်။—သု. ၂၇:၁၁

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 7 နာမည်အချို့ပြောင်းထားသည်။

^ အပိုဒ်၊ 13 လူငယ်များအမေး—တာသွားသည့်အဖြေစာအုပ် အတွဲ ၂ [လိပ်] ပါ “သူဟာ ငါ့အတွက် တကယ်ပဲသင့်တော်တဲ့သူလား”၊ ကင်းမျှော်စင် မေ ၁၅၊ ၂၀၀၁ ပါ “အိမ်ထောင်ဖက်ရွေးချယ်ခြင်းအတွက် မြင့်မြတ်သောလမ်းညွှန်ချက်”နိုးလော့! စက်တင်ဘာ ၂၂၊ ၁၉၈၃ [လိပ်] ပါ “ဆယ်ကျော်သက်အိမ်ထောင်ပြုခြင်း မည်မျှပညာရှိရာရောက်သနည်း” တို့ဖြစ်သည်။

သင်အဘယ်အရာသိရှိခဲ့သနည်း

• ဝိညာဉ်ရေးတိုးတက်ဖို့ပြုလုပ်ခြင်းတွင် အဘယ်အရာ ပါဝင်သနည်း။

• သင်၏တိုးတက်မှုထင်ရှားစေရန် မည်သို့ပြုလုပ်နိုင်သနည်း။

ပြဿနာနှင့်ရင်ဆိုင်ရချိန်တွင်

အိမ်ထောင်ပြုရန်ပြင်ဆင်ရာတွင်

ဓမ္မအမှုတွင်

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဆုတောင်းခြင်းသည် အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းရန် အထောက်အကူပြုနိုင်

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

လူငယ်ကြေညာသူများသည် ထိရောက်သောသွန်သင်ခြင်းနည်းလမ်းများတွင် မည်သို့တိုးတက်နိုင်သနည်း