မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဆုံးရောက်လာသောအခါ သင် အဘယ်နေရာ၌ရှိနေသင့်သနည်း

အဆုံးရောက်လာသောအခါ သင် အဘယ်နေရာ၌ရှိနေသင့်သနည်း

အဆုံးရောက်လာသောအခါ သင် အဘယ်နေရာ၌ရှိနေသင့်သနည်း

ယေဟောဝါသည် ဤလက်ရှိစနစ်ဆိုးကို အာမဂေဒုန်၌အဆုံးတိုင်စေသောအခါ ဖြောင့်မတ်သူများ မည်သို့ဖြစ်သွားကြမည်နည်း။ နယပုံပြင် ၂:၂၁၊ ၂၂ တွင်ဤသို့အဖြေပေးထားသည်– ‘ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ၌နေ၍ စုံလင်သောသူတို့သည် နေရာကျကြလိမ့်မည်။ မတရားသောလူတို့မူကား ပြည်တော် [“မြေကြီး၊” ကဘ] မှပယ်ရှင်းခြင်း၊ လွန်ကျူးသောသူတို့သည် နုတ်ပစ်ခြင်းကိုခံရကြလိမ့်မည်။’

သို့သော် စုံလင်သောသူတို့သည် မြေကြီးတွင် မည်သို့နေရာကျကြမည်နည်း။ သူတို့အတွက် လုံခြုံရာနေရာရှိမည်လော။ အဆုံးရောက်လာသောအခါ ဖြောင့်မတ်သောသူတို့သည် အဘယ်နေရာ၌ ရှိနေသင့်သနည်း။ လွတ်မြောက်ခြင်းဆိုင်ရာ ကျမ်းစာမှတ်တမ်းလေးခုက ဤအကြောင်းကို ရှင်းလင်းနားလည်စေသည်။

နေရာဒေသအရေးကြီးသောအခါ

ဘိုးဘေးနောဧနှင့် လောတ၏လွတ်မြောက်ခြင်းနှင့်ပတ်သက်၍ ၂ ပေတရု ၂:၅-၇ တွင်ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– ‘[ဘုရားသခင်သည်] ရှေးခေတ်လောကကိုလည်း အပြစ်မပေးဘဲနေတော်မမူ။ တရားမဲ့နေသောလောကကို ရေလွှမ်းမိုးချိန်က ဖြောင့်မတ်ခြင်းတရားဟောပြောသူ နောဧနှင့် လူခုနစ်ဦးတို့ကို ကယ်တင်တော်မူ၏။ သောဒုံမြို့နှင့် ဂေါမောရမြို့တို့ကို ပြာကျစေခြင်းအားဖြင့် ပြစ်ဒဏ်စီရင်တော်မူ၏။ သို့ဖြင့် တရားမဲ့သူတို့၌ ဖြစ်ရမည့်အရာများ၏ပုံနမူနာဖြစ်၏။ အကျင့်ပျက်သောတရားမဲ့သူတို့၏ ကာမဂုဏ်လိုက်စားခြင်းကြောင့် အလွန်စိတ်ဆင်းရဲရသည့် ဖြောင့်မတ်သောသူလောတကို ကယ်နုတ်တော်မူခဲ့၏။’

နောဧသည် ရေလွှမ်းမိုးဘေးမှ မည်သို့လွတ်မြောက်ခဲ့သနည်း။ ဘုရားသခင်သည် နောဧကို ဤသို့မိန့်တော်မူ၏– ‘သတ္တဝါအပေါင်းတို့၏အဆုံးသည် ငါ့မျက်မှောက်တွင်ပေါ်လာပြီ။ သူတို့ကြောင့်မြေကြီးသည် မကောင်းမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကိုငါဖျက်ဆီးမည်။ ဂေါဖရသစ်သားဖြင့် သင်္ဘောကိုကိုယ်ဖို့တည်လုပ်လော့။’ (က. ၆:၁၃၊ ၁၄) နောဧသည် ယေဟောဝါမှာထားတော်မူသည်အတိုင်း သင်္ဘောဆောက်ခဲ့သည်။ ရေလွှမ်းမိုးခြင်းမတိုင်မီ ခုနစ်ရက်အလိုတွင် ယေဟောဝါသည် သူ့အား တိရစ္ဆာန်များကို သင်္ဘောထဲသွင်းရန်နှင့် သူ့မိသားစုတစ်စုလုံး သင်္ဘောထဲဝင်ရန်ညွှန်ကြားခဲ့သည်။ ခုနစ်ရက်မြောက်နေ့တွင် သင်္ဘောတံခါးကို ပိတ်လိုက်သည်၊ “အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်မှာမိုးရွာလေ၏။” (က. ၇:၁-၄၊ ၁၁၊ ၁၂၊ ၁၆) နောဧနှင့် သူ့မိသားစုကို ‘ရေထဲမှကယ်တင်ခဲ့၏။’ (၁ ပေ. ၃:၂၀) သူတို့၏ကယ်တင်ခြင်းသည် သင်္ဘောထဲရှိနေခြင်းအပေါ် မူတည်ခဲ့သည်။ ကမ္ဘာပေါ် အခြားမည်သည့်နေရာကမှ လုံခြုံမှုမပေးနိုင်ပါ။—က. ၇:၁၉၊ ၂၀

လောတအဖြစ်တွင်မူ ညွှန်ကြားချက်များသည် အနည်းငယ်ကွာခြား၏။ ကောင်းကင်တမန်နှစ်ပါးသည် သူ့အား သူမရှိသင့်သည့်နေရာကို အသိပေးခဲ့သည်။ ကောင်းကင်တမန်နှစ်ပါးက လောတအား “[သောဒုံ] မြို့ထဲမှာသင်၌ရှိသမျှကို ဤအရပ်ကထုတ်ဆောင်လော့။ ဤအရပ်ကို ငါတို့သည်ဖျက်ဆီးရမည်။” သူတို့သည် ‘အသက်ချမ်းသာရခြင်းငှာ တောင်ပေါ်သို့ပြေး’ ကြရန်ဖြစ်သည်။—က. ၁၉:၁၂၊ ၁၃၊ ၁၇

နောဧနှင့် လောတ၏တွေ့ကြုံမှုများက ‘ယေဟောဝါသည် ဘုရားသခင်ဝတ်၌မွေ့လျော်သူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းထဲမှ မည်သို့ကယ်နုတ်ရမည်ကို သိတော်မူ၏။ မဖြောင့်မတ်သောသူတို့ကိုမူ တရားစီရင်ရာနေ့၌ ပြစ်ဒဏ်ခံစေရန်ထားတော်မူ’ ကြောင်းသက်သေထူသည်။ (၂ ပေ. ၂:၉) ကယ်နုတ်ခြင်းဆိုင်ရာ ဤအဖြစ်အပျက်နှစ်ခုစလုံးတွင် နေရာဒေသသည် အရေးကြီးသောအချက်ဖြစ်သည်။ နောဧသည် သင်္ဘောထဲသို့ဝင်ရန်လိုသည်၊ လောတသည် သောဒုံမြို့မှ ထွက်သွားရန်လိုသည်။ သို့သော် ယင်းသို့ အမြဲဖြစ်နေမည်လော။ ယေဟောဝါသည် ဖြောင့်မတ်သောသူတို့ မည်သည့်နေရာတွင်ရှိနေပါစေ ပြောင်းရွှေ့စရာမလိုဘဲ ကယ်တင်နိုင်သလော။ ယင်းမေးခွန်းကို ဖြေဆိုရန်မှာ ကယ်နုတ်ခြင်းနှင့်ပတ်သက်သော အခြားမှတ်တမ်းနှစ်ခုကို သတိပြုပါ။

နေရာဒေသသည် အမြဲတမ်းအရေးကြီးသလော

ယေဟောဝါသည် မောရှေခေတ်တွင် ကပ်ဘေးဆယ်ပါးကျရောက်စေခြင်းဖြင့် အီဂျစ်ပြည်ကို မဖျက်ဆီးမီ ကိုယ်တော်သည် ဣသရေလတို့အား မိမိတို့အိမ်၏တံခါးထုပ်နှင့်တံခါးတိုင်တို့တွင် ပသခါတိရစ္ဆာန်၏အသွေးကို သုတ်လိမ်းစေခဲ့သည်။ အဘယ်ကြောင့်နည်း။ ‘ယေဟောဝါသည် အဲဂုတ္တုလူတို့ကို ဒဏ်ခတ်ခြင်းငှာ ထုတ်ချင်းခတ်သွားတော်မူမည်။ တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဖက်၌ရှိသော အသွေးကိုမြင်သောအခါ၊ ကိုယ်တော်သည် တံခါးကိုလွန်သွားတော်မူမည်။ ဖျက်ဆီးသောသူသည် သင်တို့ကိုဒဏ်ခတ်ခြင်းငှာ၊ အိမ်ထဲသို့ဝင်ရသောအခွင့်ကို ပေးတော်မမူ။’ ယင်းညတွင်ပင် ‘ယေဟောဝါသည် နန်းထိုင်သောဖာရောဘုရင်၏သားဦးမှစ၍ ထောင်ထဲမှာအချုပ်ခံရသောသူ၏ သားဦးတိုင်အောင် အဲဂုတ္တုပြည်၌ သားဦးရှိသမျှကိုလည်းကောင်း၊ တိရစ္ဆာန်တို့၏သားဦးရှိသမျှကိုလည်းကောင်း ဒဏ်ခတ်တော်မူ၏။’ ဣသရေလတို့၏သားဦးများ တစ်ဦးတစ်ယောက်မျှ နေရာပြောင်းရွှေ့စရာမလိုဘဲ ကယ်တင်ခံခဲ့ကြရသည်။—ထွ. ၁၂:၂၂၊ ၂၃၊ ၂၉

ယေရိခေါမြို့တွင်နေထိုင်သော ပြည့်တန်ဆာရာခပ်၏အဖြစ်ကိုလည်း သုံးသပ်ကြည့်ပါ။ ကတိထားရာပြည်ကို ဣသရေလလူတို့သိမ်းပိုက်မည့်ဆဲဆဲတွင်ဖြစ်သည်။ ယေရိခေါမြို့ပျက်စီးကိန်းကြုံနေကြောင်း ရာခပ်သိသောအခါ ချီတက်လာကြသောဣသရေလတို့ကြောင့် မြို့သားများသည် ကြောက်လန့်အားကြီးနေကြကြောင်းကို ဣသရေလသူလျှိုနှစ်ဦးအား သူပြောပြခဲ့သည်။ သူသည် သူလျှိုတို့ကို ဝှက်ထားခဲ့ပြီး ယေရိခေါမြို့သိမ်းပိုက်ခံရသောအခါ သူနှင့် သူ့မိသားစုကို အသက်ချမ်းသာပေးရန်ကျိန်ဆိုဖို့ သူတို့ကိုတောင်းဆိုခဲ့သည်။ သူလျှိုတို့က ရာခပ်အား သူ့မိသားစုကို မြို့ရိုးပေါ်တွင်တည်ရှိသောသူ့အိမ်တွင်း၌စုရုံးထားရန် ညွှန်ကြားခဲ့သည်။ အိမ်မှထွက်သွားခြင်းက မြို့၏ကျန်အပိုင်းများနှင့်အတူ ဖျက်ဆီးခံရမည်ဖြစ်သည်။ (ယောရှု ၂:၈-၁၃၊ ၁၅၊ ၁၈၊ ၁၉) သို့သော် ယေဟောဝါသည် ယောရှုအား “မြို့ရိုးသည် အကုန်အစင်ပြိုလဲရလိမ့်မည်” ဟုနောက်ပိုင်းတွင် မိန့်တော်မူခဲ့သည်။ (ယောရှု ၆:၅) လုံခြုံရာနေရာအဖြစ် သူလျှိုများပြောခဲ့သည့်နေရာသည် ယခု ဘေးအန္တရာယ်ရှိပုံရနေသည်။ ရာခပ်နှင့် သူ့မိသားစုသည် မည်သို့ကယ်တင်ခံရမည်နည်း။

ယေရိခေါမြို့ကို သိမ်းပိုက်ဖို့အချိန်ရောက်လာသောအခါ ဣသရေလလူတို့သည် ကြွေးကြော်ပြီး တံပိုးများကို ဆက်၍မှုတ်ကြသည်။ ‘တံပိုးသံကိုကြား၍ ကျယ်သောအသံနှင့်ကြွေးကြော်ကြသောအခါ မြို့ရိုးသည် အကုန်အစင်ပြိုလဲ၏’ ဟုယောရှု ၆:၂၀ တွင်ဖော်ပြထားသည်။ မြို့ရိုးပြိုပျက်ခြင်းကို မည်သူမျှတားဆီး၍မရတော့ချေ။ သို့သော် အံ့ဩစရာမှာ မြို့ရိုးပြိုပျက်ခြင်းသည် ရာခပ်အိမ်ရောက်သောအခါ ရပ်တန့်သွားသည်။ ယောရှုသည် သူလျှိုနှစ်ဦးကို ဤသို့မိန့်မှာခဲ့သည်– “သင်တို့သည် ကျိန်ဆိုသည်အတိုင်း ပြည့်တန်ဆာမိန်းမအိမ်သို့သွား၍ သူနှင့်တကွ သူ၌ရှိသမျှတို့ကို ဆောင်ခဲ့ကြလော့။” (ယောရှု ၆:၂၂) ရာခပ်အိမ်တွင်ရှိသူအားလုံး အသက်ချမ်းသာရခဲ့ကြသည်။

အရေးကြီးဆုံးသောအရာမှာ အဘယ်နည်း

နောဧ၊ လောတ၊ မောရှေခေတ်က ဣသရေလလူတို့နှင့် ရာခပ်တို့၏ကယ်တင်ခြင်းမှ ကျွန်ုပ်တို့အဘယ်အရာသင်ယူနိုင်သနည်း။ ဤလက်ရှိစနစ်ဆိုး အဆုံးရောက်လာသောအခါ အဘယ်နေရာတွင် ကျွန်ုပ်တို့ရှိသင့်သည်ကို ပိုင်းဖြတ်ရန် ယင်းမှတ်တမ်းများက မည်သို့အထောက်အကူပြုသနည်း။

မှန်ပါသည်၊ နောဧသည် သင်္ဘောထဲတွင် ကယ်တင်ခြင်းခံခဲ့ရသည်။ သို့သော် သူသည် အဘယ်ကြောင့် ထိုနေရာတွင်ရှိခဲ့သနည်း။ သူသည် ယုံကြည်ခြင်းတင်ပြခဲ့ပြီး နာခံမှုရှိသောကြောင့် မဟုတ်လော။ သမ္မာကျမ်းစာဤသို့ဖော်ပြသည်– “မှာထားတော်မူသည်အတိုင်းလည်း နောဧပြုလေ၏။” (က. ၆:၂၂; ဟေဗြဲ ၁၁:၇) ကျွန်ုပ်တို့ကော အသို့နည်း။ ဘုရားသခင်မိန့်မှာသမျှကို ကျွန်ုပ်တို့လုပ်ဆောင်နေပါသလော။ နောဧသည် “ဖြောင့်မတ်ခြင်းတရား ဟောပြောသူ” လည်းဖြစ်၏။ (၂ ပေ. ၂:၅) နောဧကဲ့သို့ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ရပ်ကွက်တွင် တုံ့ပြန်မှုမရှိသည့်တိုင် ဟောပြောခြင်းလုပ်ငန်းတွင် ထက်သန်နေကြပါသလော။

လောတသည် သောဒုံမြို့မှထွက်ပြေးခြင်းအားဖြင့် ဖျက်ဆီးခြင်းမှလွတ်မြောက်ခဲ့သည်။ သူသည် ဘုရားသခင့်ရှေ့မှောက်တွင် ဖြောင့်မတ်သူဖြစ်သောကြောင့်နှင့် သောဒုံနှင့်ဂေါမောရမြို့ရှိ အကျင့်ပျက်သော တရားမဲ့သူတို့အားဖြင့် အလွန်စိတ်ဆင်းရဲခဲ့ခြင်းကြောင့် ကယ်တင်ခံခဲ့ရသည်။ ယနေ့ အလွန်ပျံ့နှံ့နေသောအကျင့်ပျက်မှုကြောင့် ကျွန်ုပ်တို့ တကယ်စိတ်အနှောင့်အယှက်ဖြစ်သလော။ သို့မဟုတ် ယင်းတို့ကို မြင်တွေ့ရသည်မှာ ကျွန်ုပ်တို့အား စိတ်အနှောင့်အယှက်မဖြစ်ဘဲ ကျင့်သားရနေပြီလော။ ကျွန်ုပ်တို့သည် “အစွန်းအထင်း၊ အပြစ်အနာအဆာမရှိဘဲ ငြိမ်သက်ခြင်းရှိစေရန်” အစွမ်းကုန်ကြိုးစားနေပါသလော။—၂ ပေ. ၃:၁၄

အီဂျစ်ပြည်တွင်ရှိသော ဣသရေလလူတို့နှင့် ယေရိခေါမြို့သူရာခပ်အတွက် ကယ်တင်ခြင်းသည် မိမိတို့အိမ်တွင်ရှိနေခြင်းအပေါ် မူတည်သည်။ ယင်းတွင် ယုံကြည်ခြင်းနှင့် နာခံမှုရှိဖို့လိုအပ်သည်။ (ဟေဗြဲ ၁၁:၂၈၊ ၃၀၊ ၃၁) အီဂျစ်အိမ်ထောင်စုတစ်ခုပြီးတစ်ခုတွင် “ကြီးစွာသောငိုကြွေးခြင်းဖြစ်” သောအခါ ဣသရေလမိသားစုတစ်စုစီသည် မိမိတို့၏သားဦးကို မပြတ်စောင့်ကြည့်နေရမည်ကို မြင်ယောင်ကြည့်ပါ။ (ထွ. ၁၂:၃၀) ယေရိခေါမြို့ရိုးပြိုပျက်နေသံ နီးသည်ထက်နီးလာသည်ကို ရာခပ်သိရှိခံစားရချိန်တွင် သူသည် သူ့မိသားစုနှင့် စုစုစည်းစည်းနေခဲ့ရမည်ကို မြင်ယောင်ကြည့်ပါ။ ဆက်၍နာခံမှုရှိရန်နှင့် ထိုအိမ်တွင်နေမြဲနေရန် သူ့တွင် ယုံကြည်မှုရှိဖို့လိုအပ်ခဲ့သည်။

မကြာမီတွင် စာတန်၏ဆိုးသွမ်းသောလောကအတွက် အဆုံးလာတော့မည်။ ယေဟောဝါသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော ‘ကိုယ်တော်အမျက်ထွက်တော်မူသောနေ့’ တွင်မိမိလူတို့အား မည်သို့ကာကွယ်မည်ကို ယခုအချိန်ထိ ကျွန်ုပ်တို့မသိရသေးပါ။ (ဇေ. ၂:၃) သို့သော် ထိုအချိန်တွင် ကျွန်ုပ်တို့ အဘယ်နေရာတွင်ရှိပါစေ၊ ကျွန်ုပ်တို့၏အခြေအနေမည်သို့ပင်ဖြစ်ပါစေ ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည် ယေဟောဝါအပေါ်ယုံကြည်ခြင်းနှင့် ကိုယ်တော့်ကိုနာခံခြင်းအပေါ်မူတည်မည်မှာ သေချာသည်။ ဤအချိန်တွင် ကျွန်ုပ်တို့၏ “အတွင်းခန်း” အဖြစ်ရည်ညွှန်းဖော်ပြသော ဟေရှာယ၏ပရောဖက်ပြုချက်နှင့်ပတ်သက်၍ သဘောထားမှန်ကို မွေးမြူသင့်သည်။

‘အတွင်းခန်းထဲသို့ဝင်ကြ’

“ငါ၏လူတို့ လာကြ။ အတွင်းခန်းထဲသို့ဝင်၍ သင်တို့ကိုကွယ်ကာသောတံခါးများကို ပိတ်ထားကြ။ အမျက်ကာလလွန်သည်တိုင်အောင် ခဏသာပုန်းရှောင်၍နေကြလော့” ဟူ၍ ဟေရှာယ ၂၆:၂၀ တွင်ဖော်ပြထားသည်။ ယင်းပရောဖက်ပြုချက်သည် ရှေးဗာဗုလုန်ကို မေဒိနှင့် ပါရှားတို့သိမ်းပိုက်သည့် ဘီစီအီး ၅၃၉ တွင်ပထမအကြိမ်ပြည့်စုံခဲ့ပေမည်။ ပါရှားဘုရင်ကုရုသည် ဗာဗုလုန်မြို့တွင်းသို့ဝင်လာသည့်အခါ လူတိုင်း မိမိတို့အိမ်တွင်း၌နေကြရန် အမိန့်ပေးခဲ့ဖွယ်ရှိသည်၊ အကြောင်းမှာ အိမ်ပြင်တွင်တွေ့ရှိသော မည်သူ့ကိုမဆို သတ်ပစ်ရန် မိမိစစ်တပ်ကို အမိန့်ပေးခဲ့သောကြောင့်ဖြစ်သည်။

ကျွန်ုပ်တို့အချိန်တွင် ယင်းပရောဖက်ပြုချက်ဆိုင်ရာ “အတွင်းခန်း” သည် ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများ၏ ၁၀၀,၀၀၀ ကျော်သောအသင်းတော်များနှင့် အနီးကပ်ပူးပေါင်းခြင်းဖြစ်နိုင်သည်။ ထိုသို့သောအသင်းတော်များသည် ကျွန်ုပ်တို့အသက်တာတွင် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်သည်။ ယင်းအသင်းတော်များသည် ‘ကြီးစွာသောဆင်းရဲခြင်း’ တစ်လျှောက်တွင် ဆက်၍အရေးပါလိမ့်မည်။ (ဗျာ. ၇:၁၄) ဘုရားသခင့်လူတို့သည် မိမိတို့၏ “အတွင်းခန်း” ထဲသို့ဝင်ကြရန်နှင့် “အမျက်ကာလလွန်သည်တိုင်အောင်” ပုန်းရှောင်၍နေကြရန် မိန့်မှာခံရကြသည်။ အသင်းတော်နှင့်ပတ်သက်၍ အကျိုးပြုသဘောထားကို မွေးမြူပြီး ဆက်ထိန်းသိမ်းရန်နှင့် အသင်းတော်နှင့် အနီးကပ်ပူးပေါင်းရန် အခိုင်အမာသန္နိဋ္ဌာန်ချဖို့ အရေးကြီးသည်။ ပေါလု၏ဤတိုက်တွန်းချက်ကို ကျွန်ုပ်တို့နှလုံးသွင်းနိုင်သည်– “မေတ္တာစိတ်ရှိ၍ အကျင့်ကောင်းများကျင့်စေရန် တိုက်တွန်းနှိုးဆော်နိုင်မည်အကြောင်း အချင်းချင်း ထောက်ထားစာနာကြစို့။ လူအချို့၏ထုံးစံရှိသည့်အတိုင်း အတူတကွစည်းဝေးခြင်းအမှုကို လျစ်လျူမရှုကြနှင့်။ အချင်းချင်းအားပေးကြလော့။ ထိုနေ့ရက် နီးလာသည်ကိုမြင်ရသောကြောင့် သာ၍ကြိုးစားအားထုတ်ကြလော့။”—ဟေဗြဲ ၁၀:၂၄၊ ၂၅

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

အတိတ်က ဘုရားသခင့်ကယ်နုတ်ခြင်းလုပ်ရပ်များမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

“အတွင်းခန်း” သည် မျက်မှောက်ခေတ်တွင် အဘယ်အရာကို ရည်ညွှန်းခြင်း ဖြစ်နိုင်သနည်း