မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အိတ္တဲ ၏တည်ကြည်မှုကိုတုပပါ

အိတ္တဲ ၏တည်ကြည်မှုကိုတုပပါ

အိတ္တဲ ၏တည်ကြည်မှုကိုတုပပါ

‘အတိုင်းအဆမဲ့တန်ခိုးရှင် ယေဟောဝါဘုရားသခင်၊ ကိုယ်တော်၏အမှုတော်တို့သည် ကြီးမြတ်၍အံ့သြဖွယ်ကောင်းလှပါ၏။ ထာဝရဘုရင်၊ ကိုယ်တော်၏နည်းလမ်းတော်တို့သည် ဖြောင့်မတ်၍ဟုတ်မှန်ပါ၏။ ယေဟောဝါဘုရားသခင်၊ ကိုယ်တော်တစ်ပါးတည်းသာလျှင် တည်ကြည်တော်မူသောကြောင့် အဘယ်သူသည် ကိုယ်တော်အား အမှန်မကြောက်ရွံ့ဘဲ၊ နာမတော်ကို မချီးမွမ်းဘဲ နေနိုင်ပါမည်နည်း။’ ‘သားရဲနှင့်သူ၏ရုပ်တုတို့မှ လွတ်မြောက်အောင်မြင်သူများ’ ကောင်းကင်တွင်သီဆိုခဲ့သော ယင်းသီချင်းက ဘုရားသခင်၏တည်ကြည်မှုကို အာရုံစိုက်စေသည်။ (ဗျာ. ၁၅:၂-၄) ယေဟောဝါသည် မိမိအားဝတ်ပြုကိုးကွယ်သူတို့ ဤနှစ်သက်ဖွယ်အရည်အသွေးတင်ပြရာတွင် မိမိကိုတုပရန်အလိုရှိတော်မူသည်။—ဧ. ၄:၂၄

အခြားတစ်ဖက်တွင်မူ မြေကြီးပေါ်ရှိဘုရားသခင့်ကျေးကျွန်များကို သူတို့ဝတ်ပြုကိုးကွယ်သော ဘုရားသခင်၏မေတ္တာတော်နှင့်ဝေးသွားစေရန် စာတန်အစွမ်းကုန်ကြိုးစားသည်။ သို့တိုင် များစွာသောသူတို့သည် အလွန်ကြမ်းတမ်းသောအခြေအနေအောက်တွင်ပင် ဘုရားသခင့်အပေါ် ဆက်၍တည်ကြည်ခဲ့သည်။ ထိုသို့သောကြည်ညိုကိုးကွယ်မှုကို ယေဟောဝါအလွန်တန်ဖိုးထားသည့်အတွက် ကျွန်ုပ်တို့ကျေးဇူးတင်ကြသည်။ မှန်ပါသည်၊ ‘ထာဝရဘုရားသခင်သည် တရားကိုနှစ်သက်တော်မူ၏။ မိမိသန့်ရှင်း [“တည်ကြည်၊” ကဘ] သူတို့ကိုလည်း စွန့်တော်မမူ’ ကြောင်းကျွန်ုပ်တို့စိတ်ချနိုင်သည်။ (ဆာ. ၃၇:၂၈) ကျွန်ုပ်တို့ဆက်၍တည်ကြည်နေရန်အထောက်အကူပြုဖို့ ကိုယ်တော်၏နှုတ်မြွက်တော်တွင် တည်ကြည်သူများစွာတို့၏လုပ်ရပ်မှတ်တမ်းကို ထည့်သွင်းပေးထားသည်။ ထိုသို့သောမှတ်တမ်းတစ်ခုမှာ ဂိတ္တိလူ အိတ္တဲ၏မှတ်တမ်းဖြစ်သည်။

‘လူမျိုးခြား ပြည်နှင်ခံတစ်ဦး’

အိတ္တဲသည် ကျော်ကြားသောဖိလိတ္တိပြည်၊ ဂါသမြို့သားဖြစ်သည်ဟုယူဆရသည်၊ ဂါသမြို့သည် ဣသရေလလူမျိုး၏ရန်သူများဖြစ်သော လူ့ဘီလူးကြီးဂေါလျတ်နှင့် အခြားကြောက်ဖွယ်ကောင်းသူများ နေထိုင်ရာမြို့ဖြစ်သည်။ နိဒါန်းပျိုးခြင်းမရှိဘဲ ဤစစ်အတွေ့အကြုံရှိသောအိတ္တဲအကြောင်းကို ဘုရင်ဒါဝိဒ်အား အဗရှလုံပုန်ကန်ချိန်၌ ဦးဆုံးအနေနှင့် သမ္မာကျမ်းစာတွင် တွေ့ရှိရသည်။ အိတ္တဲနှင့် သူ့နောက်လိုက် ဖိလိတ္တိလူ ၆၀၀ တို့သည် ထိုအချိန်က ယေရုရှလင်ဝန်းကျင်တွင် ပြည်နှင်ခံဘဝရောက်နေကြသည်။

အိတ္တဲနှင့် သူ့နောက်လိုက်များ၏အခြေအနေက ဒါဝိဒ်အား သူနှင့်ဣသရေလစစ်သည် ၆၀၀ တို့ ဖိလိတ္တိနယ်သို့ပြောင်းရွှေ့ပြီး ဂါသမင်းအာခိတ်ကြီးစိုးသည့်နယ်တွင်းသို့ဝင်ရောက်ကာ ပြည်နှင်ခံတစ်ဦးအဖြစ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် မိမိ၏နေ့ရက်ကာလကို ပြန်အမှတ်ရစေသည်။ (၁ ရာ. ၂၇:၂၊ ၃) သားတော်အဗရှလုံ၏ပုန်ကန်မှုကို ဒါဝိဒ်ရင်ဆိုင်ရချိန်တွင် အိတ္တဲနှင့်သူ့လူများ ဘာပြုလုပ်မည်နည်း။ သူတို့ အဗရှလုံဘက်ပါမည်လော၊ ကြားနေရပ်တည်မည်လော၊ သို့မဟုတ် ဒါဝိဒ်နှင့် ဒါဝိဒ်လူများနှင့်ပူးပေါင်းမည်လော။

ဒါဝိဒ်သည် ယေရုရှလင်မှထွက်ပြေးစဉ် “ဝေးလံသောအိမ်” ဟုအဓိပ္ပာယ်ရသော ဗေသာမေရက်အရပ်တွင်ရပ်တန့်ကြသည်ကို မြင်ယောင်ကြည့်ပါ။ ယင်းနေရာသည် သံလွင်တောင်ဘက်သို့သွားသည့် ကေဒြုန်ချိုင့်ဝှမ်းကိုမဖြတ်ကူးမီ ယေရုရှလင်ရှိနောက်ဆုံးအိမ်ဖြစ်ကောင်းဖြစ်မည်။ (၂ ရာ. ၁၅:၁၇) ထိုတွင် ဒါဝိဒ်သည် မိမိ၏စစ်တပ်ဖြတ်သွားစဉ် ကြည့်ရှုစစ်ဆေးနေသည်။ ကြည့်ပါ! မိမိနှင့်အတူ တည်ကြည်သောဣသရေလများသာမက ခေရသိလူ၊ ပေလသိလူအပေါင်းလည်း ရှိနေကြသည်။ ထို့ပြင် အိတ္တဲနှင့် ၆၀၀ ရှိသောသူ့စစ်သူရဲ ဂိတ္တိလူအပေါင်းပါရှိသည်။—၂ ရာ. ၁၅:၁၈

ဒါဝိဒ်က အိတ္တဲကို ဤသို့လှိုက်လှဲစာနာစွာဆို၏– ‘ငါတို့နှင့်အဘယ်ကြောင့်လိုက်သနည်း။ ဘုရင်မင်း [အဗရှလုံကိုဆိုလိုပုံရသည်] ထံသို့ပြန်၍နေလော့။ သင်သည်လူမျိုးခြားဖြစ်လျက် နေရင်းပြည်နှင့်ကွာဝေးသောသူ [“ပြည်နှင်ခံ၊” ကဘ] ဖြစ်၏။ မနေ့ကသာရောက်လာသည်ဖြစ်၍ ယနေ့ငါတို့နှင့်အတူလှည့်လည်ရမည်လော။ ငါသည်သွားရသောအခွင့်ရှိသည်အတိုင်း သွားရသောကြောင့် သင်သည် အမျိုးသားချင်းတို့ကိုခေါ်၍ပြန်လော့။ ယေဟောဝါသည် သင်အားချစ်ခင်ကြင်နာမှုနှင့် ကျေးဇူးပြုတော်မူပါစေသော။’—၂ ရာ. ၁၅:၁၉၊ ၂၀သမ္မာ။

အိတ္တဲက သူ၏မဆုတ်မနစ်တည်ကြည်ခြင်းကို ထုတ်ဖော်ပြောဆိုသည်။ သူဤသို့ပြန်ဖြေသည်– ‘ယေဟောဝါအသက်၊ အရှင်မင်းကြီးအသက်ရှင်တော်မူသည်အတိုင်း အကယ်၍ အရှင်မင်းကြီးအသက်တော်ဆုံးသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ ရှိတော်မူရာအရပ်၌ ကိုယ်တော်ကျွန်ရှိပါလိမ့်မည်။’ (၂ ရာ. ၁၅:၂၁) ထိုစကားသည် ဒါဝိဒ်အား သူ၏ဘေးမ ရုသပြောခဲ့သောအလားတူစကားများကို ပြန်သတိရစေပေမည်။ (ရု. ၁:၁၆၊ ၁၇) အိတ္တဲ၏ပြောဆိုချက်သည် ဒါဝိဒ်၏နှလုံးကိုထိမိခဲ့ရာ သူ့ကိုဒါဝိဒ်က ကေဒြုန်ချိုင့်ဝှမ်းကိုဖြတ်၍ “ချီသွားလော့” ဟု မိန့်တော်မူသည်။ ထိုအခါ “ဂိတ္တိလူအိတ္တဲသည် မိမိ၌ပါသောလူကြီးလူငယ်အပေါင်းတို့နှင့်တကွ ချီသွားလေ၏။”—၂ ရာ. ၁၅:၂၂

“ငါတို့ကိုဆုံးမသွန်သင်ရန်ဖြစ်၏”

“ကျမ်းစာတွင် ရေးထားနှင့်သမျှသည် ငါတို့ကိုဆုံးမသွန်သင်ရန်ဖြစ်၏” ဟု ရောမ ၁၅:၄ တွင်ဖော်ပြထားသည်။ ထို့ကြောင့် အိတ္တဲ၏ပုံသက်သေမှ ကျွန်ုပ်တို့အဘယ်သင်ခန်းစာ သင်ယူနိုင်သနည်းဟု မိမိကိုယ်ကိုမေးသင့်သည်။ ဒါဝိဒ်အပေါ်တည်ကြည်ရန် သူ့အား အဘယ်အရာကလှုံ့ဆော်သည်ကို သုံးသပ်ကြည့်ပါ။ အိတ္တဲသည် လူမျိုးခြားဖြစ်ပြီး ဖိလိတ္တိပြည်မှပြည်နှင်ခံရသူဖြစ်သော်လည်း သူသည် ယေဟောဝါကို အသက်ရှင်သောဘုရားသခင်အဖြစ်နှင့် ဒါဝိဒ်ကို ယေဟောဝါ၏ဘိသိက်ပေးခြင်းခံရသူအဖြစ် အသိအမှတ်ပြုခဲ့သည်။ အိတ္တဲသည် ဣသရေလနှင့်ဖိလိတ္တိလူတို့စပ်ကြားတည်ရှိခဲ့သော ရန်လိုမုန်းတီးမှုကို စိတ်စွန်းကွက်မှုမရှိခဲ့ချေ။ အိတ္တဲသည် ဒါဝိဒ်ကို ဖိလိတ္တိလူချန်ပီယံဂေါလျတ်နှင့် မိမိ၏နိုင်ငံသားချင်းများစွာကို သတ်သူတစ်ဦးအဖြစ်လောက်သာ မရှုမြင်ခဲ့ပါ။ (၁ ရာ. ၁၈:၆၊ ၇) အိတ္တဲသည် ဒါဝိဒ်ကို ယေဟောဝါအားချစ်မြတ်နိုးသူတစ်ဦးအဖြစ်ရှုမြင်ပြီး ဒါဝိဒ်၏ထူးခြားသောအရည်အသွေးတို့ကို သတိပြုခဲ့မည်မှာ ယုံမှားဖွယ်မရှိချေ။ အပြန်အလှန်အနေနှင့် ဒါဝိဒ်ကလည်း အိတ္တဲကို အလွန်လေးမြတ်ခဲ့သည်။ ထို့ကြောင့်ပင် အဗရှလုံစစ်တပ်နှင့် အပြီးသတ်စစ်တိုက်ရာတွင် ဒါဝိဒ်သည် သူ၏စစ်သားသုံးစုတစ်စုကို ‘အိတ္တဲ၌ပင်အပ်’ ခဲ့၏။—၂ ရာ. ၁၈:၂

ကျွန်ုပ်တို့လည်း ယဉ်ကျေးမှု၊ လူမျိုး သို့မဟုတ် လူမျိုးစုကွဲပြားမှုကြောင့် အရိုးစွဲနေသော မည်သည့်စိတ်စွန်းကွက်မှု၊ ရန်လိုမုန်းတီးမှုကိုမဆို ကျော်လွန်၍ကြည့်မြင်တတ်ရန်နှင့် အခြားသူတို့၏ကောင်းသောအရည်အသွေးများကို အသိအမှတ်ပြုရန် ကြိုးစားသင့်သည်။ ဒါဝိဒ်နှင့်အိတ္တဲတို့ကြား တည်ရှိခဲ့သောနှောင်ကြိုးက ကျွန်ုပ်တို့သည် ယေဟောဝါအကြောင်းသိရှိပြီး ကိုယ်တော်အားချစ်မြတ်နိုးလာသောအခါ ထိုသို့သောအတားအဆီးများကို အောင်မြင်ကျော်လွှားရန် အထောက်အကူပြုနိုင်ကြောင်း ဖော်ပြသည်။

အိတ္တဲ၏ပုံနမူနာကိုသုံးသပ်ကြစဉ် မိမိကိုယ်ကိုဤသို့မေးနိုင်သည်– ‘ကျွန်ုပ်သည် သာ၍ကြီးမြတ်သောဒါဝိဒ်ဖြစ်သူ ခရစ်တော်ယေရှုအပေါ် အလားတူတည်ကြည်မှုကိုတင်ပြပါသလော။ ကျွန်ုပ်သည် ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ဇွဲထက်သန်စွာပါဝင်ခြင်းဖြင့် မိမိ၏တည်ကြည်မှုကိုတင်ပြပါသလော။’ (မ. ၂၄:၁၄; ၂၈:၁၉၊ ၂၀) ‘ကျွန်ုပ်၏တည်ကြည်မှုကိုသက်သေပြရန် မည်မျှလိုလိုလားလားခံရပ်မည်နည်း။’

တည်ကြည်မှုရှိသောအိတ္တဲ၏ပုံသက်သေကို ဆင်ခြင်တွေးတောခြင်းက အိမ်ထောင်ဦးစီးတို့ကိုလည်း အကျိုးဖြစ်စေသည်။ အိတ္တဲသည် ဒါဝိဒ်အား သစ္စာခံခြင်းနှင့် ဘုရားသခင်ဘိသိက်ပေးသောဘုရင်နှင့်အတူသွားဖို့ သူ၏ဆုံးဖြတ်ချက်သည် အိတ္တဲအမျိုးသားများအပေါ် သက်ရောက်မှုရှိခဲ့သည်။ အလားတူပင် စစ်မှန်သောဝတ်ပြုကိုးကွယ်မှုကိုထောက်ခံသည့် အိမ်ထောင်ဦးစီးတို့၏ဆုံးဖြတ်ချက်များသည် မိမိ၏မိသားစုအပေါ်သက်ရောက်မှုရှိပြီး ယာယီအခက်အခဲများပင်ရှိစေပေမည်။ သို့သော် ကျွန်ုပ်တို့ ဤသို့စိတ်ချနိုင်သည်– ‘တည်ကြည်သောသူအား ယေဟောဝါသည် တည်ကြည်သောသဘောကိုပြတော်မူ၏။’—ဆာ. ၁၈:၂၅ကဘ။

အဗရှလုံနှင့်ဒါဝိဒ်၏စစ်ပွဲပြီးနောက် ကျမ်းစာတွင် အိတ္တဲအကြောင်းထပ်၍ဘာမျှပြောဆိုထားခြင်းမရှိချေ။ သို့သော် ဘုရားသခင့်နှုတ်မြွက်တော်တွင်ပါရှိသော သူ့အကြောင်းအနည်းငယ်သည် ဒါဝိဒ်၏အသက်တာခက်ခဲချိန်အတွင်း အိတ္တဲ၏စရိုက်လက္ခဏာကို မှတ်သားဖွယ်ထိုးထွင်းသိမြင်စေသည်။ မှုတ်သွင်းခံမှတ်တမ်းတွင် အိတ္တဲအကြောင်းပါဝင်စေခြင်းက ထိုသို့သောတည်ကြည်မှုကို ယေဟောဝါအသိအမှတ်ပြုပြီး ဆုချကြောင်းသက်သေပြသည်။—ဟေဗြဲ ၆:၁၀