မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

ယေရှုသည် ဣသရေလနိုင်ငံတစ်လျှောက် လှည့်လည်ဟောပြောတော်မူခဲ့သည်။ ထို့ကြောင့် ဂျူးတို့နှင့် သူတို့၏မင်းအရာရှိများသည် ကိုယ်တော်အားကွပ်မျက်ရာတွင် “မသိနားမလည်ဘဲ ပြုခဲ့ကြသည်” ဟုတမန်တော်ပေတရု မည်သို့ပြောနိုင်သနည်း။—တ. ၃:၁၇

မေရှိယ၏သေခြင်းတွင် သူတို့ပါဝင်ပတ်သက်မှုအကြောင်း ဂျူးအုပ်စုကိုရည်ညွှန်းပြောဆိုရာ၌ တမန်တော်ပေတရုက ဤသို့ပြောခဲ့သည်– “သင်တို့၏မင်းအရာရှိများနည်းတူ သင်တို့လည်း မသိနားမလည်ဘဲ ပြုခဲ့ကြသည်ကို ငါသိ၏။” (တ. ၃:၁၄-၁၇) ဂျူးတချို့သည် ယေရှုနှင့် ကိုယ်တော့်သွန်သင်ချက်တို့ကို နားမလည်ခဲ့ခြင်းသာဖြစ်ပေမည်။ အခြားသူတို့အတွက်မူ မသိနားမလည်ဘဲပြုခဲ့ကြသည့်အကြောင်းရင်းများတွင် ဘုရားသခင့်စိတ်တော်နှင့်တွေ့လိုသည့်ဆန္ဒမရှိခြင်း၊ စိတ်စွန်းကွက်ခြင်း၊ မနာလိုခြင်းနှင့် လုံးလုံးမုန်းတီးခြင်းတို့ပါဝင်ခဲ့သည်။

ယေဟောဝါစိတ်တော်နှင့်တွေ့လိုသည့်ဆန္ဒမရှိခြင်းက ယေရှု၏သွန်သင်ချက်နှင့်ပတ်သက်၍ များစွာသောသူတို့၏အမြင်အပေါ် မည်သို့သက်ရောက်မှုရှိခဲ့ကြောင်း သုံးသပ်ကြည့်ပါ။ ယေရှုသည် ပုံဥပမာများဖြင့် သွန်သင်လေ့ရှိပြီး ထပ်သိလိုသူအပေါင်းအား ယင်းကို ရှင်းပြခဲ့၏။ သို့သော် အချို့သူတို့သည် နားလည်ရန်မကြိုးစားဘဲ ထွက်သွားကြသည်။ တစ်ကြိမ်တွင် တပည့်အချို့ပင် ယေရှုအသုံးပြုသောတင်စားချက်တစ်ခုကြောင့် စိတ်ပျက်သွားခဲ့ကြ၏။ (ယော. ၆:၅၂-၆၆) ယေရှု၏ပုံဥပမာများက သူတို့၏စဉ်းစားတွေးခေါ်ပုံနှင့် အပြုအမူများကို ပြောင်းလဲလိုစိတ်ရှိမရှိစမ်းသပ်ခဲ့သည်ကို ထိုသူတို့ နားမလည်ခဲ့ကြပါ။ (ဟေရှာ. ၆:၉၊ ၁၀; ၄၄:၁၈; မ. ၁၃:၁၀-၁၅) ထို့ပြင် သူတို့သည် မေရှိယ၏သွန်သင်ချက်များတွင် ပုံဥပမာများအသုံးပြုမည့်အကြောင်း ပရောဖက်ပြုချက်ကို လျစ်လျူရှုခဲ့ကြသည်။—ဆာ. ၇၈:၂

အခြားသူတို့မှာမူ စိတ်စွန်းကွက်မှုကြောင့် ယေရှု၏သွန်သင်ချက်ကို ငြင်းပယ်ခဲ့ကြသည်။ ကိုယ်တော်သည် မိမိ၏နေရင်းမြို့ဖြစ်သော နာဇရက်မြို့ရှိတရားဇရပ်တွင် သွန်သင်တော်မူသောအခါ လူတို့ “အလွန်အံ့သြ” ခဲ့ကြသည်။ သို့သော် သူတို့သည် ယေရှုကို မေရှိယအဖြစ်လက်ခံဖို့ဝေးစွ၊ ကိုယ်တော်၏နောက်ခံနှင့်ပတ်သက်၍ ဤသို့မေးခွန်းထုတ်ခဲ့ကြသည်– “ဤသူသည် ဤအရာတို့ကို အဘယ်ကရသနည်း။ . . . သူသည် လက်သမား မဟုတ်လော။ မာရိ၏သား မဟုတ်လော။ ယာကုပ်၊ ယောသပ်၊ ယုဒ၊ ရှိမုန်တို့၏အစ်ကို မဟုတ်လော။ သူ၏နှမများလည်း ငါတို့နှင့်အတူ ဤအရပ်တွင် ရှိကြသည်မဟုတ်လော။” (မာ. ၆:၁-၃) ယေရှုသည် သာမန်မိသားစုမှ ကြီးပြင်းလာခြင်းက နာဇရက်မြို့သားတို့အတွက် ကိုယ်တော်၏သွန်သင်ခြင်းသည် တန်ဖိုးမရှိဖြစ်ခဲ့သည်။

ဘာသာရေးခေါင်းဆောင်များကော အသို့နည်း။ သူတို့အများစုသည် အလားတူအကြောင်းရင်းများကြောင့်ပင် ယေရှု၏စကားကို အာရုံမစိုက်ခဲ့ကြပါ။ (ယော. ၇:၄၇-၅၂) ကိုယ်တော်၏သွန်သင်ခြင်းကိုလည်း သူတို့ငြင်းပယ်ခဲ့ကြသည်၊ ယေရှုသည် လူတို့၏အာရုံစိုက်မှုကိုရရှိခြင်းကြောင့် ကိုယ်တော်ကို မနာလိုဖြစ်ခဲ့ကြသည်။ (မာ. ၁၅:၁၀) ထို့ပြင် ကိုယ်တော်သည် ထင်ရှားကျော်ကြားသူများစွာတို့၏အရေခြုံမှုနှင့် လိမ်လည်မှုကို လူသိရှင်ကြားပြစ်တင်ပြောဆိုသောအခါ သူတို့သည် အမှန်ပင်ဆိုးရွားစွာတုံ့ပြန်ခဲ့ကြသည်။ (မ. ၂၃:၁၃-၃၆) ယေရှုသည် သူတို့၏တမင်တကာမသိနားမလည်လိုစိတ်ကို တော်မှန်စွာပြစ်တင်ရှုတ်ချကာ ဤသို့မိန့်တော်မူ၏– “ပညတ်ကျမ်းကို နှံ့စပ်သူတို့၊ သင်တို့၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့သည် အသိပညာဖွင့်သောသော့ကို သိမ်းထားကြပြီ။ ကိုယ်တိုင်လည်း [ဘုရားသခင့်နိုင်ငံတော်သို့] မဝင်၊ ဝင်မည့်သူတို့ကိုလည်း တားဆီးကြ၏။”—လု. ၁၁:၃၇-၅၂

ယေရှုသည် မြေကြီးပေါ် သုံးနှစ်ခွဲကြာ သတင်းကောင်းဟောပြောတော်မူခဲ့သည်။ ယင်းလုပ်ငန်းတွင်ပါဝင်ရန် အခြားသူများစွာကိုလည်း လေ့ကျင့်ပေးတော်မူခဲ့၏။ (လု. ၉:၁၊ ၂; ၁၀:၁၊ ၁၆၊ ၁၇) ယေရှုနှင့် ကိုယ်တော့်တပည့်များ မည်မျှထိရောက်ခဲ့သနည်းဟူမူ ဖာရိရှဲများ ဤသို့ညည်းညူသည်အထိဖြစ်၏– “တစ်လောကလုံးသည် ထိုသူနောက်သို့ လိုက်သွားပါပြီတကား။” (ယော. ၁၂:၁၉) ထို့ကြောင့် ဂျူးအများစုသည် လုံးဝမသိနားမလည်ခဲ့ခြင်းမဟုတ်ပါ။ သို့တိုင် ယေရှုသည် မေရှိယဖြစ်သည်ကို အခြေခံအားဖြင့် သူတို့ “မသိနားမလည်ဘဲ” ဖြစ်ခဲ့သည်။ သူတို့သည် မေရှိယနှင့်ဆိုင်သောအသိပညာနှင့် ကိုယ်တော်ကိုချစ်သည့်မေတ္တာ ပို၍နက်ရှိုင်းစေရန် လုပ်နိုင်ခဲ့ကြ၏၊ သို့သော် ထိုသို့မလုပ်ခဲ့ကြပါ။ အချို့သည် ယေရှု၏သေခြင်းတွင် ကြံရာပါသူများဖြစ်လာခဲ့ကြသည်။ ထို့ကြောင့် တမန်တော်ပေတရုသည် သူတို့အများစုကို ဤသို့တိုက်တွန်းခဲ့သည်– ‘ထို့ကြောင့် သင်တို့၏အပြစ်များကို ပယ်ဖျက်စေလိုလျှင် နောင်တရ၍ ပြောင်းလဲကြလော့။ သို့ပြုလျှင် ယေဟောဝါဘုရားသခင် ကိုယ်တော်တိုင်ထံမှ လန်းဆန်းစေသောအချိန်ကာလရောက်လာ၍ သင်တို့အတွက် ခန့်ထားသောခရစ်တော်တည်းဟူသော ယေရှုကို စေလွှတ်တော်မူလိမ့်မည်။’ (တ. ၃:၁၉၊ ၂၀) မှတ်သားစရာမှာ “ယဇ်ပုရောဟိတ် အမြောက်အမြားတို့” အပါအဝင် ထောင်နှင့်ချီသောဂျူးတို့ အာရုံစိုက်လာခဲ့ကြသည်။ သူတို့သည် မသိနားမလည်ဘဲ မပြုကြတော့ပါ။ ယင်းအစား သူတို့သည် နောင်တရခဲ့ကြပြီး ယေဟောဝါ၏မျက်နှာသာရရှိခဲ့ကြသည်။—တ. ၂:၄၁; ၄:၄; ၅:၁၄; ၆:၇