မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တစ်ကိုယ်ရေဘဝ ဆုကျေးဇူးတွင် ရွှင်လန်းမှုရှာတွေ့နိုင်ပုံ

တစ်ကိုယ်ရေဘဝ ဆုကျေးဇူးတွင် ရွှင်လန်းမှုရှာတွေ့နိုင်ပုံ

တစ်ကိုယ်ရေဘဝ ဆုကျေးဇူးတွင် ရွှင်လန်းမှုရှာတွေ့နိုင်ပုံ

“သူတို့လက်ထပ်လိုက်ကြပြီး ပျော်ရွှင်စွာနေထိုင်သွားကြလေသတည်း။” ကလေးပုံပြင်များစွာတွင် ထိုကဲ့သို့သောစကားလုံးများဖြင့် နိဂုံးချုပ်ထားသည်။ အချစ်ရုပ်ရှင်ဇာတ်လမ်းများနှင့် ဝတ္ထုများတွင်လည်း အိမ်ထောင်ပြုပြီး ပျော်ရွှင်သွားကြသည်ဟူသည့် အလားတူဆိုလိုချက်မျိုး ပါလေ့ရှိသည်။ ထို့ပြင် ယဉ်ကျေးမှုအများစုတွင် လူရွယ်ပိုင်းအရွယ်တို့ကို အိမ်ထောင်ပြုရန် အတင်းဖိအားပေးတတ်ကြသည်။ ၂၅ နှစ်အရွယ် ဒက်ဘီဤသို့ပြော၏– “မိန်းကလေးတစ်ယောက်အတွက် တစ်ခုတည်းသောပန်းတိုင်ဟာ အိမ်ထောင်ပြုခြင်းပဲလို့ လူတွေကယူမှတ်စေချင်ကြတယ်။ အိမ်ထောင်ပြုပြီးမှ ဘဝစတယ်ဆိုပြီးပြောကြတယ်။”

ဝိညာဉ်ရေးရှိသူတစ်ဦးသည် ကိစ္စရပ်များကို ထိုသို့လုပ်သင့်သည်၊ မလုပ်သင့်ဟူသော တစ်ဖက်စွန်းရောက်သဘောဖြင့် မရှုမြင်ပါ။ ဣသရေလလူတို့အလယ်တွင် အိမ်ထောင်ပြုခြင်းသည် သမားရိုးကျဖြစ်သော်လည်း အလွန်အကျိုးဖြစ်စေသောဘဝကိုပိုင်ဆိုင်ခဲ့ကြသည့် တစ်ကိုယ်ရေအမျိုးသား၊ အမျိုးသမီးများအကြောင်းကို သမ္မာကျမ်းစာ၌ ဖော်ပြထား၏။ ယနေ့၊ အခြားသူများစွာသည် အခြေအနေများကြောင့် တစ်ကိုယ်ရေနေကြသော်လည်း ခရစ်ယာန်အချို့သည် တစ်ကိုယ်ရေနေရန် ရွေးချယ်ခဲ့ကြသည်။ တစ်ကိုယ်ရေနေခြင်း၏အကြောင်းရင်းသည် မည်သို့ပင်ဖြစ်ပါစေ အရေးပါသည့်မေးခွန်းမှာ ဤသို့ပင်ဖြစ်သည်– ခရစ်ယာန်တစ်ဦးသည် တစ်ကိုယ်ရေဘဝတွင်အောင်မြင်မှုရှိရန် မည်သို့ပြုလုပ်နိုင်သနည်း။

ယေရှုကိုယ်တော်တိုင်သည် အိမ်ထောင်မပြုခဲ့ပါ၊ ကိုယ်တော်ရရှိထားသောတာဝန်ကိုထောက်ရှုသော် ယင်းကိုနားလည်နိုင်ပါသည်။ မိမိနောက်လိုက်တချို့သည်လည်း တစ်ကိုယ်ရေဘဝကို “ခံယူ” ကြလိမ့်မည်ဟု တပည့်များကို ကိုယ်တော်မိန့်တော်မူခဲ့သည်။ (မ. ၁၉:၁၀-၁၂) သို့ဖြစ်၍ တစ်ကိုယ်ရေဘဝတွင်အောင်မြင်မှုရှိရန်မှာ ကျွန်ုပ်တို့၏စိတ်နှလုံးတွင် ယင်းဘဝလမ်းစဉ်ကို လက်ခံ သို့မဟုတ် ခံယူရမည်ဟု ယေရှုဖော်ပြခဲ့သည်။

ယေရှု၏ဆုံးမစကားသည် သီအိုကရက်တစ်တာဝန်များကို အပြည့်အဝအာရုံစိုက်နိုင်ရန် တစ်သက်တာလုံး တစ်ကိုယ်ရေနေဖို့ တမင်ရွေးချယ်သူတို့နှင့်သာ သက်ဆိုင်သလော။ (၁ ကော. ၇:၃၄၊ ၃၅) ထိုသို့ယူမှတ်ဖို့မလိုပါ။ အိမ်ထောင်ပြုလိုမည်ဖြစ်သော်လည်း ယခုလောလောဆယ် သင့်တော်သည့်အိမ်ထောင်ဖက်မတွေ့နိုင်သော ခရစ်ယာန်တစ်ဦး၏အခြေအနေကို သုံးသပ်ကြည့်ပါ။ အသက် ၃၀ ကျော်၊ တစ်ကိုယ်ရေညီအစ်မဖြစ်သူ အန်းဤသို့ပြော၏– “မကြာသေးခင်က သက်သေခံမဟုတ်တဲ့ အလုပ်ဖော်တစ်ဦးက မမျှော်လင့်ပဲ ကျွန်မကိုလက်ထပ်ဖို့ကမ်းလှမ်းလာတယ်။ နည်းနည်းတော့ စိတ်ထဲမှာပျော်သွားသလိုပဲ၊ ဒါပေမဲ့ ယေဟောဝါနဲ့ကျွန်မကို ပိုပြီးရင်းနှီးစေမယ့်သူနဲ့ပဲ ကျွန်မလက်ထပ်ချင်တဲ့အတွက် အဲ့ဒီစိတ်ကို ချက်ချင်းချိုးနှိမ်လိုက်တယ်။”

“သခင်၌ရှိသောသူကိုသာ” ထိမ်းမြားမည်ဟူသောဆန္ဒက အန်းကဲ့သို့ပင် မယုံကြည်သူနှင့်ထိမ်းမြားခြင်းကိုရှောင်ရန် ညီအစ်မများစွာကို အထောက်အကူပြုသည်။ * (၁ ကော. ၇:၃၉; ၂ ကော. ၆:၁၄) ဘုရားသခင့်ဆုံးမစကားကို အလေးဂရုပြုခြင်းက အနည်းဆုံး ယခုလောလောဆယ် တစ်ကိုယ်ရေဘဝကိုခံယူစေသည်။ ယင်းကို မည်သို့အောင်မြင်စွာလုပ်ဆောင်နိုင်သနည်း။

အပြုသဘောရှုမြင်တတ်ရန် သင်ယူပါ

အခြေအနေတစ်ရပ်သည် ကျွန်ုပ်တို့နှစ်သက်ရာမဟုတ်သည့်တိုင် ယင်းကိုလက်ခံရန်မှာ ကျွန်ုပ်တို့၏သဘောထားအပေါ် များစွာမူတည်သည်။ “ရှိတဲ့ဘဝနဲ့ပဲ ကျွန်မပျော်မွေ့တယ်၊ မရှိတဲ့ဟာကို အိပ်မက်မက်မနေဘူး” ဟုအသက် ၄၀ ကျော်၊ တစ်ကိုယ်ရေညီအစ်မ ကာမန်ပြောသည်။ အထီးကျန်သည့်အခါ သို့မဟုတ် စိတ်ပျက်သည့်အခါများရှိနိုင်သည်မှာ မှန်ပါသည်။ သို့သော် ကမ္ဘာချီညီအစ်ကိုအသင်းအပင်းရှိ အခြားသူများစွာလည်း အလားတူအဖြစ်များနှင့် ကြုံတွေ့ကြရသည်ကိုသိထားခြင်းက ယုံကြည်စိတ်ချမှုဖြင့် ရှေ့ချီတက်ရန် ခွန်အားဖြစ်နိုင်ပါသည်။ တစ်ကိုယ်ရေဘဝကို အောင်မြင်စေရန်နှင့် အခြားစိန်ခေါ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် များစွာသောသူတို့ကို ယေဟောဝါကူညီခဲ့သည်။—၁ ပေ. ၅:၉၊ ၁၀

ခရစ်ယာန်ညီအစ်ကိုညီအစ်မများစွာသည် တစ်ကိုယ်ရေဘဝ၏ အကျိုးကျေးဇူးများကို တွေ့ရှိခဲ့ကြသည်။ “ပျော်ရွှင်မှုရဲ့လျှို့ဝှက်ချက်ကတော့ ကိုယ့်ရဲ့အခြေအနေဘယ်လိုပဲရှိပါစေ အပြုသဘောထားနဲ့ပျော်မွေ့နိုင်ခြင်းပဲလို့ ကျွန်မထင်တယ်” ဟုအသက် ၃၅ နှစ်ရှိပြီဖြစ်သော တစ်ကိုယ်ရေညီအစ်မ အက်စတာပြောသည်။ ကာမန်က ဤသို့ထပ်ဖြည့်သည်– “ကျွန်မ အိမ်ထောင်ပြုပြု မပြုပြု ဘုရားသခင့်နိုင်ငံတော်ကို ရှေးဦးထားမယ်ဆိုရင် ကျွန်မအတွက် ကောင်းတဲ့အရာတွေကို ယေဟောဝါထိန်ချန်ထားမှာမဟုတ်ဘူးလို့ ကျွန်မယုံကြည်တယ်။” (ဆာ. ၈၄:၁၁) “ကျွန်မရည်ရွယ်ထားတဲ့ဘဝပုံစံ တစ်ထပ်တည်းကိုတော့ ပိုင်ဆိုင်မှာမဟုတ်ပေမဲ့ ကျွန်မပျော်တယ်၊ ဆက်ပြီးလည်းပျော်ရွှင်သွားမှာပါ။”

သမ္မာကျမ်းစာမှ တစ်ကိုယ်ရေဘဝပုံသက်သေများ

ယေဖသ၏သမီးသည် တစ်ကိုယ်ရေဘဝနှင့်နေဖို့ မရည်ရွယ်ခဲ့ပါ။ သို့သော် ဖခင်၏သစ္စာကတိကြောင့် သူ၏လူငယ်ဘဝမှ အသက်တာတစ်လျှောက်လုံး သန့်ရှင်းရာဌာနတွင်အမှုဆောင်ခဲ့သည်။ မျှော်လင့်မထားသောဤတာဝန်က သူ၏ကိုယ်ပိုင်အစီအစဉ်များကို ပြောင်းလဲစေခဲ့ပြီး သူ၏ရင်တွင်းခံစားချက်နှင့် တလွဲဖြစ်ခဲ့သည်မှာ ယုံမှားဖွယ်မရှိပါ။ အိမ်ထောင်ပြုပြီး မိသားစုတစ်ခုပိုင်ဆိုင်တော့မည်မဟုတ်ကြောင်း သူသိလိုက်ရသည့်အခါ နှစ်လကြာငိုကြွေးမြည်တမ်းခဲ့သည်။ သို့သော် သူသည် အခြေအနေအသစ်ကိုလက်ခံခဲ့ပြီး ကျန်ရှိသည့်သူ၏အသက်တာတစ်လျှောက်လုံး လိုလိုလားလားအမှုဆောင်ခဲ့သည်။ အခြားဣသရေလအမျိုးသမီးများက သူ၏ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို နှစ်စဉ်ချီးမွမ်းခဲ့ကြသည်။—သူကြီး. ၁၁:၃၆-၄၀

ဟေရှာယခေတ်ရှိ မိန်းမစိုးတချို့သည် မိမိတို့၏အခြေအနေများကြောင့် စိတ်ပျက်ခဲ့ကြပေမည်။ ထိုသို့မိန်းမစိုးများဖြစ်ရသည့် အကြောင်းရင်းကို သမ္မာကျမ်းစာ၌ မဖော်ပြထားပါ။ မိန်းမစိုးဖြစ်၍ ထိုသူတို့သည် အင်္ဂါစုံဣသရေလပရိသတ်တွင်မပါဝင်နိုင်သကဲ့သို့ လက်ထပ်ပြီးဖခင်ဖြစ်ခွင့်လည်း မရနိုင်ခဲ့ကြပါ။ (တရား. ၂၃:၁) သို့တိုင် ယေဟောဝါသည် သူတို့၏ခံစားချက်ကိုနားလည်ခဲ့ပြီး မိမိ၏ပဋိညာဉ်ကို သူတို့အကြွင်းမဲ့နာခံမှုကို ချီးမွမ်းခဲ့သည်။ ထိုသူတို့ကို ကိုယ်တော်၏အိမ်တော်တွင် “မြတ်သောအရာ” နှင့် “မပျောက်နိုင်သောထာဝရနာမ” ကိုပေးမည်ဟုမိန့်တော်မူခဲ့သည်။ တစ်နည်းဆိုရလျှင် ထိုတည်ကြည်သောမိန်းမစိုးတို့သည် ယေရှု၏မေရှိယနိုင်ငံတော်အုပ်ချုပ်မှုအောက် ထာဝရအသက်တွင်ပျော်မွေ့ကြမည့် သေချာသောမျှော်လင့်ချက်ရှိကြမည်။ ယေဟောဝါသည် သူတို့ကို ဘယ်တော့မျှမေ့လျော့မည်မဟုတ်ပါ။—ဟေရှာ. ၅၆:၃-၅

ယေရမိ၏အခြေအနေများမှာမူ အလွန်ကွဲပြားခြားနားခဲ့သည်။ ယေရမိသည် ပရောဖက်တစ်ပါးအနေနှင့် တာဝန်ဆောင်ရွက်ပြီးနောက် ဘုရားသခင်က ယေရမိအား တစ်ကိုယ်ရေဘဝဖြင့်ဆက်နေရန် ညွှန်ကြားခဲ့သည်၊ အကြောင်းမှာ သူအသက်ရှင်နေရသည်မှာ ခဲယဉ်းကျပ်တည်းသောကာလဖြစ်သောကြောင့်နှင့် သူ့တာဝန်၏သဘောသဘာဝကြောင့်ဖြစ်သည်။ “သင်သည် ဤအရပ်၌ စုံဖက်ခြင်းကိုမပြုရ။ သားသမီးကိုမဖွားမမြင်ရ” ဟုယေဟောဝါမိန့်တော်မူခဲ့သည်။ (ယေ. ၁၆:၁-၄) ယင်းညွှန်ကြားချက်နှင့်ပတ်သက်၍ ယေရမိ၏ကိုယ်ပိုင်ခံစားချက် မည်သို့ရှိသည်ကို သမ္မာကျမ်းစာတွင်မဖော်ပြထားသော်လည်း သူသည် ယေဟောဝါ၏စကားတော်ကို အထူးနှစ်သက်သူဖြစ်သည်မှာ သေချာပါသည်။ (ယေ. ၁၅:၁၆) နောက်ပိုင်းနှစ်များဖြစ်သော ယေရုရှလင်မြို့ကို ၁၈ လကြာဝိုင်းရံထားသည့် ကြောက်ခမန်းလိလိအချိန်ကို ယေရမိခံရပ်ခဲ့ချိန်တွင် တစ်ကိုယ်ရေဘဝဖြင့်ဆက်နေရန် ယေဟောဝါ၏အမိန့်တော်ကိုနာခံခြင်းသည် ပညာရှိရာရောက်ကြောင်း သူတွေ့မြင်ခဲ့သည်မှာ ဧကန်အမှန်ပင်။—မြည်. ၄:၄၊ ၁၀

သင့်အသက်တာကိုကြွယ်ဝစေသည့် နည်းလမ်းများ

အထက်ဖော်ပြပါ  ကျမ်းစာဇာတ်ကောင်များသည် တစ်ကိုယ်ရေသမားများဖြစ်ကြသော်လည်း ယေဟောဝါ၏ထောက်မမှုတွင် ပျော်မွေ့ခဲ့ကြပြီး ကိုယ်တော့်အမှုတော်တွင် မိမိတို့ကိုယ်ကို နှစ်မြှုပ်ထားခဲ့ကြသည်။ ယနေ့လည်းအလားတူပင် အဓိပ္ပာယ်ပြည့်ဝသောလုပ်ဆောင်မှုသည် ကျွန်ုပ်တို့၏အသက်တာကို များစွာကြွယ်ဝစေနိုင်သည်။ သတင်းကောင်းပြောသောမိန်းမများသည် တပ်မဟာကြီးတစ်ခုဖြစ်လာလိမ့်မည်ဟု သမ္မာကျမ်းစာတွင်ကြိုဟောထားသည်။ (ဆာ. ၆၈:၁၁ကဘ) ထိုလူစုကြီးထဲတွင် တစ်ကိုယ်ရေညီအစ်မ ထောင်နှင့်ချီပါရှိသည်။ သူတို့၏ဓမ္မအမှုသီးပွင့်လာသည်နှင့်အမျှ များစွာသောသူတို့သည် ဝိညာဉ်ရေးသားသမီးများရရှိခြင်းကောင်းချီးကို ခံစားကြရသည်။—မာ. ၁၀:၂၉၊ ၃၀; ၁ သက်. ၂:၇၊ ၈

ထိုသို့သောလုပ်ငန်းတွင် ၁၄ နှစ်အမှုဆောင်ပြီးနောက် လိုလီဤသို့ရှင်းပြ၏– “ရှေ့ဆောင်လုပ်ခြင်းက ကျွန်မအသက်တာကို လမ်းညွှန်ပေးတယ်။ တစ်ကိုယ်ရေညီအစ်မတစ်ယောက်အနေနဲ့ အလုပ်များနေတဲ့အသက်တာက အထီးကျန်စိတ်မပေါ်အောင် အထောက်အကူပြုတယ်။ တစ်ရက်ကုန်သွားတိုင်း စိတ်ကျေနပ်မှုခံစားရတယ်၊ ကျွန်မရဲ့ဓမ္မအမှုက လူတွေကို တကယ်ပဲအထောက်အကူပြုတယ်ဆိုတာ တွေ့ရလို့ပါ။ ဒါက ကျွန်မကို များစွာရွှင်လန်းစေပါတယ်။”

ညီအစ်မများစွာသည် ဘာသာစကားအသစ်တစ်ခုကို သင်ယူနိုင်ကြသည်၊ နိုင်ငံခြားဘာသာစကားပြောသူတို့ကို ဟောပြောခြင်းဖြင့် မိမိတို့ဓမ္မအမှုကို တိုးချဲ့ခဲ့ကြသည်။ “ကျွန်မနေတဲ့မြို့မှာ ထောင်နဲ့ချီတဲ့တိုင်းတစ်ပါးသားတွေရှိတယ်” ဟုအစပိုင်းတွင်ဖော်ပြခဲ့သော အန်းကပြောသည်။ သူသည် ပြင်သစ်စကားပြောသူတို့ကိုဟောပြောရာတွင် ပျော်မွေ့လျက်ရှိသည်။ “ဘာသာစကားတစ်ခုကိုသင်ယူတာက အဲ့ဒီစကားပြောတဲ့လူများစွာနဲ့ ပြောဆိုဆက်သွယ်နိုင်ပြီး လယ်ကွင်းအသစ်ရရှိခဲ့တဲ့အတွက် ကျွန်မရဲ့ဟောပြောခြင်းလုပ်ငန်းဟာ အရမ်းစိတ်ဝင်စားစရာကောင်းတယ်။”

တစ်ကိုယ်ရေဘဝသည် မိသားစုတာဝန်များပို၍နည်းလေ့ရှိသောကြောင့် အချို့သူတို့သည် သာ၍လိုအပ်သောဒေသများတွင်အမှုဆောင်ရန် မိမိတို့၏အခြေအနေကို အခွင့်ကောင်းယူခဲ့ကြသည်။ အခြားနိုင်ငံများရှိ သာ၍လိုအပ်သောဒေသတွင်အမှုဆောင်နေသူ အသက် ၃၅ နှစ်အရွယ် တစ်ကိုယ်ရေညီအစ်မ လစ်ဒီယာနာက ဤသို့ဆို၏– “ယေဟောဝါရဲ့အမှုတော်မှာ ပိုပြီးလုပ်ဆောင်လေ၊ ရင်းနှီးတဲ့မိတ်ဆွေဖွဲ့ဖို့ ပိုပြီးလွယ်ကူလေ၊ အချစ်ခံရတယ်လို့ ခံစားရလေဖြစ်တယ်ဆိုတာ အခိုင်အမာယုံကြည်တယ်။ နောက်ခံချင်း၊ လူမျိုးချင်းမတူတဲ့သူများစွာနဲ့ ရင်းနှီးတဲ့မိတ်ဆွေဖြစ်လာပြီး အဲ့ဒီမိတ်ဖွဲ့မှုက ကျွန်မရဲ့အသက်တာကို ပိုပြီးကြွယ်ဝစေတယ်။”

သမ္မာကျမ်းစာတွင် ဖိလိပ္ပုကို ပရောဖက်ပြုသောသမီးကညာလေးဦးရှိသည့် ဧဝံဂေလိတရားဟောပြောသူဟု ဖော်ပြထားသည်။ (တ. ၂၁:၈၊ ၉) ထိုသမီးတို့တွင် ဖခင်၌ရှိသောဇွဲမျိုးရှိခဲ့ရမည်။ သူတို့သည် ကဲသရိမြို့ရှိ ခရစ်ယာန်ချင်းများအကျိုးအတွက် ပရောဖက်ပြုခြင်းဆုကျေးဇူးကို အသုံးပြုခဲ့ခြင်းဖြစ်မည်လော။ (၁ ကော. ၁၄:၁၊) ယနေ့လည်းအလားတူပင် တစ်ကိုယ်ရေညီအစ်မများစွာသည် ခရစ်ယာန်စည်းဝေးများကိုပုံမှန်တက်ကာ ပါဝင်ဖြေဆိုခြင်းဖြင့် အခြားသူတို့ကို အားပေးတည်ဆောက်ကြသည်။

အခြားတစ်ဖက်တွင်မူ၊ လုဒိသည် ဖိလိပ္ပိမြို့မှ ကနဦးခရစ်ယာန်တစ်ဦးဖြစ်ခဲ့ပြီး သမ္မာကျမ်းစာက သူ၏ဧည့်ဝတ်ပြုမူကို ချီးမွမ်းထားသည်။ (တ. ၁၆:၁၄၊ ၁၅၊ ၄၀) တစ်ကိုယ်ရေ သို့မဟုတ် မုဆိုးမဖြစ်ဖွယ်ရှိသောလုဒိသည် အလွန်ရက်ရောမှုကြောင့် ပေါလု၊ သိလနှင့် လုကာကဲ့သို့သော နယ်လှည့်ကြီးကြပ်မှူးတို့နှင့် အကျိုးပြုသောပေါင်းသင်းဆက်ဆံခွင့် ရရှိခဲ့သည်။ ယနေ့လည်း ထိုကဲ့သို့သောစိတ်ထားရှိခြင်းက အလားတူကောင်းချီးများရရှိစေသည်။

ချစ်မြတ်နိုးခံလိုမှုကို ပြေစေခြင်း

ကျွန်ုပ်တို့၏အသက်တာကို အဓိပ္ပာယ်ပြည့်ဝသောလုပ်ဆောင်မှုနှင့် ဖြည့်ထားခြင်းအပြင် ကျွန်ုပ်တို့အားလုံးသည် မေတ္တာနှင့် ချစ်ခင်မြတ်နိုးမှုရဖို့ လိုအပ်သည်။ တစ်ကိုယ်ရေသမားများသည် ထိုလိုအပ်ချက်ကို မည်သို့ဖြည့်နိုင်ကြသနည်း။ ဦးဆုံး၊ ယေဟောဝါသည် ကျွန်ုပ်တို့ကို အစဉ်ချစ်မြတ်နိုးပြီး ခွန်အားပေးကာ နားထောင်သောအရှင်ဖြစ်သည်။ ဘုရင်ဒါဝိဒ်က မိမိသည် “တစ်ယောက်တည်းကျန်ကြွင်း၍ နှိမ့်ချခြင်းကိုခံရ” သည်ဟု ခံစားရသည့်အခါများရှိခဲ့သော်လည်း ထောက်မမှုအတွက် ယေဟောဝါကိုအမြဲကိုးစားနိုင်ကြောင်း သူသိရှိထားသည်။ (ဆာ. ၂၅:၁၆; ၅၅:၂၂) ‘ကိုယ်မိဘတို့သည် အကျွန်ုပ်ကိုစွန့်သော်လည်း ယေဟောဝါသည် အကျွန်ုပ်ကိုချီယူတော်မူမည်’ ဟုသူရေးသားခဲ့သည်။ (ဆာ. ၂၇:၁၀) ဘုရားသခင်သည် ကျေးကျွန်အားလုံးကို မိမိထံချဉ်းကပ်ရန်၊ ကိုယ်တော်နှင့် ရင်းနှီးသောမိတ်ဆွေများဖြစ်လာရန် ဖိတ်ခေါ်ထားသည်။—ဆာ. ၂၅:၁၄; ယာ. ၂:၂၃; ၄:၈

ထို့ပြင် ကျွန်ုပ်တို့သည် ကမ္ဘာချီညီအစ်ကိုအသင်းအပင်းအတွင်း ဝိညာဉ်ရေးဖခင်များ၊ မိခင်များ၊ ညီအစ်ကိုများ၊ ညီအစ်မများကိုလည်း ရှာတွေ့နိုင်ပြီး သူတို့၏မေတ္တာက ကျွန်ုပ်တို့၏အသက်တာကို ကြွယ်ဝစေပါလိမ့်မည်။ (မ. ၁၉:၂၉; ၁ ပေ. ၂:၁၇) တစ်ကိုယ်ရေခရစ်ယာန်များစွာသည် ‘ကောင်းသောအကျင့်၊ စွန့်ကြဲခြင်းအကျင့်နှင့်ပြည့်စုံသူ’ ဒေါ်ကာ၏ပုံသက်သေကိုလိုက်လျှောက်ခြင်းဖြင့် စိတ်ကျေနပ်မှုများစွာတွေ့ရှိရသည်။ (တ. ၉:၃၆၊ ၃၉) လိုလီဤသို့ရှင်းပြ၏– “ကျွန်မဘယ်ကိုပဲသွားသွား အသင်းတော်မှာ ကျွန်မကိုချစ်မြတ်နိုးပြီး ကျွန်မစိတ်ဓာတ်ကျတဲ့အခါ ထောက်မပေးမယ့် မိတ်ဆွေစစ်တွေကိုရှာဖွေတယ်။ အဲ့ဒီမိတ်ဖွဲ့မှုကိုခိုင်မြဲစေဖို့ တခြားသူတွေအပေါ် မေတ္တာနဲ့စိတ်ဝင်စားမှုကို ကျွန်မကြိုးစားတင်ပြတယ်။ အသင်းတော်ရှစ်ခုမှာ ကျွန်မအမှုဆောင်ခဲ့ပါပြီ၊ မိတ်ဆွေစစ်တွေကို အမြဲတွေ့ခဲ့ရတယ်။ များသောအားဖြင့်တော့ သူတို့ဟာ ကျွန်မနဲ့သက်တူညီအစ်မတွေမဟုတ်ကြဘူး၊ တစ်ခါတလေ အဖွားတွေ ဒါမှမဟုတ် ဆယ်ကျော်သက်တွေဖြစ်တယ်။” အသင်းတော်တိုင်းတွင် ချစ်ခင်မြတ်နိုးမှုနှင့် မိတ်ဖွဲ့ပေါင်းသင်းမှုလိုအပ်သူများရှိပါသည်။ ထိုကဲ့သို့သောသူတို့ကို စိတ်ရင်းခံနှင့်စိတ်ဝင်စားမှုတင်ပြခြင်းက သူတို့အတွက် ကြီးစွာအထောက်အကူဖြစ်စေနိုင်ပြီး ကိုယ်ကိုယ်တိုင်၏ ချစ်မြတ်နိုးလိုသော၊ အချစ်ခံလိုသောဆန္ဒကိုလည်း ပြေစေနိုင်ပါသည်။—လု. ၆:၃၈

ဘုရားသခင် မေ့လျော့မည်မဟုတ်ပါ

ကျွန်ုပ်တို့အသက်ရှင်နေရသည့်အချိန်သည် ခက်ခဲသောကာလဖြစ်သောကြောင့် ခရစ်ယာန်အားလုံး တစ်စုံတစ်ရာကိုယ်ကျိုးစွန့်ရမည်ဟု သမ္မာကျမ်းစာကဖော်ပြသည်။ (၁ ကော. ၇:၂၉-၃၁) သခင်၌ရှိသောသူကိုသာထိမ်းမြားပါဟူသည့် ဘုရားသခင့်အမိန့်ကိုနာခံရန် စိတ်ပိုင်းဖြတ်ထားမှုကြောင့် တစ်ကိုယ်ရေဘဝနှင့်ဆက်နေသူတို့သည် အထူးလေးစားမှုနှင့် ထောက်ထားစာနာမှု အမှန်ပင်ခံထိုက်သည်။ (မ. ၁၉:၁၂) သို့သော် ချီးမွမ်းခံထိုက်သောယင်းကိုယ်ကျိုးစွန့်မှုကြောင့် သူတို့သည် အပြည့်အဝမပျော်ရွှင်နိုင်ဟု အဓိပ္ပာယ်မသက်ရောက်ပါ။

လစ်ဒီယာနာ ဤသို့ဆို၏– “ယေဟောဝါနဲ့ကျွန်မရဲ့ဆက်ဆံရေး၊ ကိုယ်တော့်အမှုတော်ဆောင်ရွက်ခြင်းပေါ်မူတည်တဲ့ ကျေနပ်ပျော်ရွှင်တဲ့အသက်တာကို ကျွန်မပိုင်ဆိုင်တယ်။ ပျော်ရွှင်တဲ့အိမ်ထောင်သည်တွေကိုရော တခြားမပျော်ရွှင်တဲ့အိမ်ထောင်သည်တွေကိုပါ ကျွန်မသိထားတယ်။ အဲ့ဒီအဖြစ်မှန်က ကျွန်မရဲ့ပျော်ရွှင်မှုဟာ အနာဂတ်မှာ ကျွန်မအိမ်ထောင်ပြုခြင်း၊ မပြုခြင်းပေါ်မူမတည်ဘူးဆိုတာကို ယုံကြည်စိတ်ချစေတယ်။” ယေရှုထောက်ပြခဲ့သကဲ့သို့ ပျော်ရွှင်မှုသည် အထူးသဖြင့် ခရစ်ယာန်အားလုံးလုပ်ဆောင်နိုင်သည့်အရာဖြစ်သော ပေးကမ်းခြင်းနှင့် အစေခံခြင်းပေါ်မူတည်ပါသည်။—ယော. ၁၃:၁၄-၁၇; တ. ၂၀:၃၅

ယေဟောဝါ၏အလိုတော်ဆောင်ရန် ကျွန်ုပ်တို့၏မည်သည့်ကိုယ်ကျိုးစွန့်မှုကိုမဆို ကိုယ်တော်ကောင်းချီးပေးမည်ကိုသိထားခြင်းသည် ရွှင်လန်းမှုဖြစ်စေသည့် အကြီးမားဆုံးအကြောင်းရင်းဖြစ်သည်။ သမ္မာကျမ်းစာက ဤသို့အာမခံ၏– “ဘုရားသခင်သည် သင်တို့၏လုပ်ရပ်များနှင့် နာမတော်အတွက် သင်တို့ပြသောမေတ္တာကို မေ့လျော့တော်မူသည်တိုင်အောင် မဖြောင့်မတ်သည်မဟုတ်။”—ဟေဗြဲ ၆:၁၀

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 ဤတွင် ကျွန်ုပ်တို့သည် ခရစ်ယာန်ညီအစ်မများကို ရည်ညွန်းဖော်ပြသော်လည်း မူများသည် ညီအစ်ကိုများနှင့်လည်း သက်ဆိုင်သည်။

[စာမျက်နှာ ၂၅ ပါ အကျဉ်းဖော်ပြချက်]

“ရှိတဲ့ဘဝနဲ့ပဲ ကျွန်မပျော်မွေ့တယ်၊ မရှိတဲ့ဟာကို အိပ်မက်မက်မနေဘူး။”—ကာမန်

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

လိုလီနှင့် လစ်ဒီယာနာသည် သာ၍လိုအပ်သောဒေသတွင် ရွှင်လန်းစွာအမှုဆောင်နေကြ

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

ဘုရားသခင်သည် ကျေးကျွန်အားလုံးကို မိမိထံချဉ်းကပ်ရန် ဖိတ်ခေါ်ထား