ယေဟောဝါကို ဘယ်လိုကျေးဇူးဆပ်နိုင်မှာလဲ
ယေဟောဝါကို ဘယ်လိုကျေးဇူးဆပ်နိုင်မှာလဲ
ရုသ် ဒါနာ ပြောပြသည်
၁၉၃၃ ခုနှစ်ဟာ ဘေးဆိုးဝင်တဲ့နှစ်လို့ အမေက ဟာသနှောပြီးပြောလေ့ရှိတယ်၊ အဲ့ဒီနှစ်က ဟစ်တလာ အာဏာရလာတဲ့နှစ်၊ ပုပ်ရဟန်းမင်းက သန့်ရှင်းရာနှစ်လို့ကြေညာတဲ့နှစ်၊ ပြီးတော့ ကျွန်မမွေးတဲ့နှစ်ဖြစ်လို့ပါ။
ကျွန်မရဲ့မိဘတွေဟာ ဂျာမနီနယ်စပ်နား၊ ပြင်သစ်သမိုင်းဝင်နယ်မြေတစ်ခုဖြစ်တဲ့ လော်ရင်းပြည်နယ်၊ ယုဇ်မြို့ငယ်လေးမှာ နေထိုင်ခဲ့ကြတယ်။ ၁၉၂၁ ခုနှစ်မှာ ထက်သန်တဲ့ကက်သလစ်တစ်ဦးဖြစ်သူ အမေဟာ ပရိုတက်စတင့်တစ်ဦးဖြစ်တဲ့ အဖေနဲ့ လက်ထပ်ခဲ့တယ်။ ၁၉၂၂ ခုနှစ်မှာ ကျွန်မအစ်မ ဟယ်လင်မွေးဖွားလာပြီး မိဘတွေဟာ အစ်မနို့စို့အရွယ်မှာပဲ ကက်သလစ်ချာ့ခ်ျမှာ နှစ်ခြင်းပေးခဲ့တယ်။
၁၉၂၅ ခုနှစ်၊ နေ့တစ်နေ့မှာ အဖေဟာ ဂျာမန်ဘာသာစကားနဲ့ ဘုရားသခင့်စောင်းတော်စာအုပ်ကို ရရှိခဲ့တယ်။ အဲ့ဒီစာအုပ်ကိုဖတ်တဲ့အခါ အမှန်တရားတွေ့ပြီဆိုပြီး အဖေယုံကြည်စိတ်ချသွားတယ်။ စာအုပ်ထုတ်ဝေသူတွေဆီ အဖေစာရေးခဲ့တဲ့အတွက် သူတို့က အဖေ့ကို ဘီဘဲလ်ဖောရှယ်နဲ့ ဆက်သွယ်ပေးခဲ့တယ်၊ အဲ့ဒီတုန်းက ဂျာမနီက ယေဟောဝါသက်သေတွေကို ဘီဘဲလ်ဖောရှယ်လို့သိကြတယ်။ ချက်ချင်းပါပဲ အဖေဟာ သိရှိခဲ့တာတွေကို စဟောပြောတယ်။ အဲ့ဒါကို အမေမကြိုက်ဘူး။ “ရှင်ကြိုက်တာ ဘာမဆိုလုပ်ပါ၊ ဒါပေမဲ့ ဘီဘဲလ်ဖောရှယ်တွေဆီ မသွားပါနဲ့” ဆိုပြီး အမေ့ရဲ့ ချစ်စရာကောင်းတဲ့ဂျာမန်စကားနဲ့ စိတ်ဆိုးမာန်ဆိုးပြောပါတယ်။ ဒါပေမဲ့ အဖေက ဆုံးဖြတ်ပြီးသားဖြစ်တဲ့အတွက် ၁၉၂၇ ခုနှစ်မှာ ဘီဘဲလ်ဖောရှယ်တစ်ဦးအနေနဲ့ နှစ်ခြင်းခံခဲ့တယ်။
ရလဒ်ကတော့ အမေဘက်ကအဘွားဟာ အဖေနဲ့ကွာရှင်းဖို့ အမေ့ကိုဖိအားပေးတော့တယ်။ မားစ်ပွဲနေ့တစ်ရက်မှာ ခရစ်ယာန်ဘုန်းကြီးက အသင်းသားတွေကို “အယူမှားပရောဖက် ဒါနာနဲ့ ဝေးဝေးနေပါ” ဆိုပြီးသတိပေးခဲ့တယ်။ မားစ်ပွဲကနေ အိမ်ပြန်ရောက်တဲ့အခါ အဘွားက အဖေ့ကို အိမ်အပေါ်ထပ်ကနေ ပန်းအိုးနဲ့ပစ်ပေါက်ခဲ့တယ်။ ပစ်ပေါက်လိုက်တဲ့ပန်းအိုးကြီးဟာ အဖေ့ရဲ့ပခုံးကိုလာမှန်တယ်၊ ခေါင်းထိဖို့နည်းနည်းပဲလိုတယ်။ အဲ့ဒီအဖြစ်အပျက်ကြောင့် အမေဒီလိုတွေးခဲ့တယ်– “လူတွေကို လူသတ်သမားဖြစ်အောင်လုပ်တဲ့ ဝတ်ပြုရေးဟာ မှန်တဲ့ဝတ်ပြုရေးမဖြစ်နိုင်ဘူး။” ဒါနဲ့ ယေဟောဝါသက်သေတွေရဲ့စာပေတွေကို အမေစဖတ်တော့တယ်။ မကြာခင်မှာပဲ အမှန်တရားတွေ့ပြီဆိုတာ ယုံကြည်စိတ်ချခဲ့ပြီး ၁၉၂၉ ခုနှစ်မှာ နှစ်ခြင်းခံခဲ့တယ်။
မိဘတွေက အစ်မနဲ့ကျွန်မအတွက် ယေဟောဝါဟာ တကယ့်ပုဂ္ဂိုလ်ဖြစ်လာဖို့ အတတ်နိုင်ဆုံးလုပ်ဆောင်ခဲ့ကြတယ်။ ကျွန်မတို့ကို ကျမ်းစာပုံပြင်ဖတ်ပြပြီး ကျမ်းစာဇာတ်ကောင်တွေ ဘာကြောင့်ဒီလိုပြုမူခဲ့ကြသလဲဆိုပြီးမေးတယ်။ အဲ့ဒီအချိန်တုန်းက အဖေဟာ ညပိုင်း ဒါမှမဟုတ် ညဆိုင်းအလုပ်ဆင်းဖို့ ငြင်းဆိုခဲ့တယ်၊ အဲ့ဒါက မိသားစုဝင်ငွေ တော်တော်လေးဆုံးရှုံးစေတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ ခရစ်ယာန်အစည်းအဝေးတွေ၊ အမှုဆောင်လုပ်ငန်းနဲ့ ကလေးတွေနဲ့အတူလေ့လာမှုလုပ်ဖို့ အချိန်ပေးချင်တဲ့အတွက်ဖြစ်တယ်။
မိုးမှောင်ကျချိန်
မိဘတွေဟာ ဆွစ်ဇလန်နဲ့ ပြင်သစ်ကလာတဲ့ နယ်လှည့်ကြီးကြပ်မှူးတွေ၊ ဗေသလအိမ်သားတွေကို အမြဲပုံမှန်ဧည့်ဝတ်ပြုခဲ့ကြတယ်၊ သူတို့က ကျွန်မတို့အိမ်ကနေ မိုင်အနည်းငယ်အကွာမှာရှိတဲ့ ဂျာမနီရှိယုံကြည်သူချင်းတွေ ကြုံတွေ့နေရတဲ့အခက်အခဲတွေကို ပြောပြကြတယ်။ နာဇီအစိုးရက ယေဟောဝါသက်သေမိဘ
တွေကို ချွေးတပ်စခန်းတွေဆီပို့ခဲ့ကြပြီး သူတို့ကလေးတွေနဲ့ခွဲထားကြတယ်။ဟယ်လင်နဲ့ကျွန်မကို ရှေ့မှာကြုံတွေ့ရမယ့် တုန်လှုပ်ချောက်ချားစရာအတွေ့အကြုံကိုရင်ဆိုင်ဖို့ ပြင်ဆင်ပေးခဲ့ကြတယ်။ ကျွန်မတို့ကို လမ်းညွှန်ပေးမှာဖြစ်တဲ့ ကျမ်းချက်တွေကို အလွတ်ရအောင် မိဘတွေကူညီခဲ့ကြတယ်။ ဒီလိုပြောခဲ့သလိုပါပဲ– “ဘာလုပ်ရမယ်မှန်း မသိဘူးဆိုရင် နယပုံပြင် ၃:၅၊ ၆ ကိုစဉ်းစားပါ။ ကျောင်းကစမ်းသပ်မှုတွေကြောင့် ကြောက်လာရင် ၁ ကောရိန္သု ၁၀:၁၃ ကိုသုံးပါ။ မိဘတွေနဲ့ခွဲထားခံရရင် နယပုံပြင် ၁၈:၁၀ ကိုရွတ်ပါ။” ကျွန်မက ဆာလံ ၂၃ နဲ့ ၉၁ ကို အလွတ်ကျက်ခဲ့ပြီး ယေဟောဝါဟာ ကျွန်မကို အမြဲကာကွယ်မေးမယ်ဆိုတာ ယုံကြည်စိတ်ချလာခဲ့တယ်။
၁၉၄၀ ပြည့်နှစ်မှာ နာဇီဂျာမနီတွေဟာ အဲလ်စပ်စ်-လော်ရင်းပြည်နယ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အစိုးရအသစ်က အရွယ်ရောက်သူအားလုံး နာဇီပါတီထဲဝင်ဖို့ တောင်းဆိုခဲ့တယ်။ အဖေငြင်းတဲ့အတွက် ဂတ်စတာပိုက အဖေ့ကိုဖမ်းမယ်လို့ ခြိမ်းခြောက်တယ်။ အမေက စစ်ယူနီဖောင်းတွေကို မချုပ်ပေးတဲ့အခါ ဂတ်စတာပိုက အမေ့ကိုလည်းဖမ်းမယ်လို့ ခြိမ်းခြောက်တယ်။
ကျောင်းဟာ ကျွန်မအတွက် အိပ်မက်ဆိုးဖြစ်လာခဲ့တယ်။ နေ့တိုင်း ကျွန်မတို့အခန်းက ဟစ်တလာအတွက်ဆုတောင်း၊ “ဟိုင်းလ် ဟစ်တလာ” ဆိုပြီးအလေးပြု၊ ညာဘက်လက်ကိုဆန့်ထားပြီး အမျိုးသားသီချင်းဆိုတာနဲ့စတင်တယ်။ မိဘတွေဟာ ဟစ်တလာကိုအလေးမပြုနဲ့လို့ သင်ပေးမယ့်အစား ကျွန်မရဲ့ကိုယ်ကိုကိုယ်သိတဲ့စိတ်ကို လေ့ကျင့်ပေးခဲ့တယ်။ ဒါကြောင့် ကျွန်မဘာသာ နာဇီကိုအလေးမပြုဖို့ ဆုံးဖြတ်ခဲ့တယ်။ ဆရာမတွေ ကျွန်မကိုရိုက်တယ်၊ ကျောင်းထုတ်ပစ်မယ်လို့ ခြိမ်းခြောက်ကြတယ်။ ကျွန်မခုနစ်နှစ်အရွယ်မှာ ကျောင်းကဆရာ၊ ဆရာမ ၁၂ ယောက်ရှေ့ မတ်တတ်ရပ်နေခဲ့ရတယ်။ သူတို့က ကျွန်မ ဟစ်တလာကိုအလေးပြုဖို့ ကြိုးစားဖိအားပေးခဲ့ကြတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့အကူအညီနဲ့ ကျွန်မ အခိုင်အမာရပ်တည်ခဲ့တယ်။
ဆရာမတစ်ယောက်က ကျွန်မရဲ့ခံစားချက်ကို အလိမ္မာနည်းနဲ့ဉာဏ်ဆင်ခဲ့တယ်။ သူက ကျွန်မဟာ တော်တဲ့ကျောင်းသူဖြစ်တဲ့အတွက် သူကျွန်မကို သဘောကျတဲ့အကြောင်း၊ ကျွန်မကျောင်းထုတ်ခံရရင် သူဝမ်းနည်းမှာဖြစ်တဲ့အကြောင်း ပြောတယ်။ “သမီးရဲ့လက်ကို ဆန့်ထားစရာမလိုဘူး။ နည်းနည်းလောက်ပဲမထားပါ။ ‘ဟိုင်းလ် ဟစ်တလာ’ ဆိုပြီး အသံထွက်ပြောစရာမလိုဘူး။ ဟန်ဆောင်ပန်ဆောင်နှုတ်ခမ်းလေးပဲလှုပ်ပါ” လို့ပြောပါတယ်။
ဆရာမပြောတာကို အမေ့ကိုပြောပြတဲ့အခါ ကျမ်းစာမှတ်တမ်းထဲက ဗာဗုလုန်ရှင်ဘုရင်တည်ထားတဲ့ရုပ်တုရှေ့ရောက်နေတဲ့ ဟေဗြဲလူငယ်သုံးဦးအကြောင်း ကျွန်မကိုပြန်သတိပေးခဲ့တယ်။ “သူတို့ဘာလုပ်ရမလဲ” လို့အမေမေးတယ်။ “ပျပ်ဝပ်” ရမှာလို့ ကျွန်မပြန်ဖြေတယ်။ “နေဗုခဒ်နေဇာရဲ့ရုပ်တုကြီးရှေ့ပျပ်ဝပ်ရမယ့်အချိန်မှာ သူတို့ဟာ ခါးကုန်းပြီး ဖိနပ်ကြိုးချည်နေမယ်ဆိုရင် မှန်ပါ့မလား။ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ပါ၊ မှန်တယ်လို့ထင်တာကိုလုပ်ပါ။” ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့လိုပဲ ကျွန်မရဲ့တည်ကြည်မှုကို ယေဟောဝါတစ်ပါးတည်းကိုပဲပေးဖို့ ဆုံးဖြတ်ခဲ့တယ်။—ဒံ. ၃:၁၊ ၁၃-၁၈။
ဆရာ၊ ဆရာမတွေဟာ ကျွန်မကို ခဏခဏကျောင်းထုတ်ခဲ့ပြီး မိဘတွေနဲ့ခွဲထားမယ်လို့ ခြိမ်းခြောက်ခဲ့ကြတယ်။ ကျွန်မ အရမ်းကိုစိတ်အနှောင့်အယှက်ဖြစ်ခဲ့ပေမဲ့ မိဘတွေက ကျွန်မကို အမြဲအားပေးခဲ့တယ်။ အိမ်ကနေကျောင်းကိုသွားတဲ့အခါ ယေဟောဝါ ကျွန်မကိုကာကွယ်ပေးဖို့ ကျွန်မနဲ့အတူ အမေဆုတောင်းပေးတယ်။ အမှန်တရားဘက် ကျွန်မအခိုင်အမာရပ်တည်ဖို့ ကိုယ်တော်ကျွန်မကို ခွန်အားပေးမယ်ဆိုတာ ကျွန်မသိတယ်။ (၂ ကော. ၄:၇) ဖိအားပေးတာအရမ်းပြင်းထန်လာတဲ့အခါ အိမ်ပြန်လာဖို့မကြောက်နဲ့ဆိုပြီး အဖေပြောတယ်။ “အဖေတို့ သမီးကိုချစ်တယ်။ သမီးဟာ အမြဲတမ်း အဖေတို့ရဲ့သမီးပါ။ ဒီအရေးကိစ္စက သမီးနဲ့ယေဟောဝါကြားကကိစ္စဖြစ်တယ်” လို့ပြောပါတယ်။ အဲ့ဒီစကားတွေက ဆက်ပြီးသမာဓိစောင့်ထိန်းဖို့ ကျွန်မရဲ့ဆန္ဒကို ခွန်အားပေးခဲ့တယ်။—ယောဘ ၂၇:၅။
ဂတ်စတာပိုတွေဟာ သက်သေခံတွေရဲ့စာပေတွေကိုရှာဖွေဖို့နဲ့ မိဘတွေကိုမေးမြန်းစစ်ဆေးဖို့ ကျွန်မတို့အိမ်ကို မကြာခဏလာကြတယ်။ သူတို့ဟာ အမေ့ကို နာရီနဲ့ချီကြာတဲ့အထိ ခေါ်ထုတ်သွားတယ်၊ အစ်မနဲ့အဖေကိုလည်း သူတို့ရဲ့အလုပ်ကနေ ခေါ်ထုတ်သွားတတ်ကြတယ်။ ကျွန်မကျောင်းကနေ အိမ်ပြန်ရောက်တဲ့အခါ အိမ်မှာအမေရှိမရှိဆိုတာ တစ်ခါမှမသိဘူး။ တစ်ခါတလေ အိမ်နီးချင်းတစ်ယောက်က “မင်းအမေကို သူတို့တွေခေါ်သွားကြတယ်” လို့ပြောမယ်။ အဲ့ဒီအခါ ကျွန်မအိမ်ထဲမှာပုန်းနေပြီး “အမေ့ကို သူတို့နှိပ်စက်ညှဉ်းဆဲနေကြလား။ အမေ့ကို ပြန်မှ တွေ့ရပါတော့မလား” ဆိုပြီး ကိုယ့်ဘာသာမေးနေမိတယ်။
ပြည်နှင်ခံရခြင်း
၁၉၄၃၊ ဇန်နဝါရီ ၂၈၊ နံနက်သုံးနာရီခွဲမှာ ဂတ်စတာပိုတွေဟာ ကျွန်မတို့ကိုလာနှိုးပါတယ်။ ကျွန်မမိဘတွေ၊ အစ်မနဲ့ ကျွန်မတို့ဟာ နာဇီပါတီထဲဝင်မယ်ဆိုရင် ပြည်နှင်ခံရမှာမဟုတ်ဘူးလို့ပြောတယ်။ ပြင်ဆင်ချိန်သုံးနာရီပေးတယ်။ ပြည်နှင်ခံရမှာဖြစ်လို့ အမေက လှဲလှယ်ဖို့အဝတ်အစားတွေနဲ့ ကျမ်းစာအုပ်တစ်အုပ်ကို အိတ်ထဲထည့် ထုပ်ပိုးပြင်ဆင်တယ်၊ ကျွန်မတို့တွေ ဆုတောင်းပြီး တစ်ယောက်ကိုတစ်ယောက် အားပေးကြတယ်။ ‘ဘယ်အရာကမှ ဘုရားသခင်ရဲ့မေတ္တာနဲ့ ငါတို့ကိုမကွာစေနိုင်ဘူး’ ဆိုပြီး အဖေ ကျွန်မတို့ကိုအားပေးခဲ့တယ်။—ရော. ၈:၃၅-၃၉။
ဂတ်စတာပိုတွေ ပြန်ရောက်လာတယ်။ သက်ကြီးညီအစ်မ အန်ဂလိဒ်ဟာ မျက်ရည်လည်ရွဲနဲ့ ကျွန်မတို့ကိုလက်ပြနှုတ်ဆက်နေတာကို ကျွန်မဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ ဂတ်စတာပိုတွေဟာ ကျွန်မတို့ကို မက်စ်မြို့ဘူတာရုံအထိ ကားမောင်းပို့ပေးတယ်။ သုံးရက်ရထားစီးပြီးတဲ့နောက် ပိုလန်နိုင်ငံ၊ အော့ဇ်ဝစ်ချွေးတပ်စခန်း လက်အောက်မှာရှိတဲ့ ကိုချိုလ်ဝစ်စီစခန်းကို ရောက်ရှိလာတယ်။ နှစ်လကြာပြီးနောက် ဂလီဝစ်စီကိုပြောင်းရွှေ့ခံရတယ်၊ အဲ့ဒါက အလုပ်ကြမ်းစခန်းအဖြစ်ပြောင်းလိုက်တဲ့ ခရစ်ယာန်သီလရှင်ကျောင်းဖြစ်တယ်။ ကျွန်မတို့တစ်ဦးစီဟာ ယုံကြည်ခြင်းကိုစွန့်လွှတ်ကြောင်း သက်သေခံကတ်ပြားပေါ် လက်မှတ်ထိုးမယ်ဆိုရင် ကျွန်မတို့ကိုလွှတ်ပေးမှာဖြစ်ပြီး အိမ်ပြန်ခိုင်းမယ်လို့ နာဇီတွေကပြောပါတယ်။ အဖေနဲ့အမေကငြင်းဆိုတဲ့အတွက် စစ်သားတွေက “မင်းတို့ ဘယ်တော့မှ အိမ်ပြန်ရမှာမဟုတ်ဘူး” လို့ပြောတယ်။
ဇွန်လရောက်တော့ ကျွန်မတို့တွေ ဆွဇ်တိုချိုလ်ဝစ်စီနယ်ကို ပြောင်းရွှေ့ခံရပြီး အဲ့ဒီကနေရခဲ့တဲ့ ခေါင်းကိုက်ဝေဒနာကို အခုထိခံစားနေရတုန်းပဲ။ ကျွန်မရဲ့လက်ချောင်းတွေမှာ ပိုးဝင်သွားတဲ့အတွက် ဆရာဝန်တစ်ဦးက မေ့ဆေး၊ ထုံဆေးတွေမသုံးဘဲ ကျွန်မရဲ့လက်သည်းခွံတော်တော်များများကို ခွာထုတ်ခဲ့တယ်။ ကောင်းတဲ့အချက်လေးတစ်ခုကတော့ အစောင့်တွေအတွက် တောက်တိုမယ်ရပြေးလွှားလုပ်ပေးရလို့ မကြာခဏဆိုသလို မုန့်ဖိုကိုရောက်သွားတတ်တယ်။ မုန့်ဖိုကအမျိုးသမီးတစ်ဦးက စားစရာတစ်ခုခုပေးပါတယ်။
အဲ့ဒီအချိန်အထိ ကျွန်မတို့ဟာ တခြားအကျဉ်းသားတွေနဲ့ခွဲပြီး မိသားစုလိုက်နေခဲ့ရတယ်။ ၁၉၄၃၊ အောက်တိုဘာလမှာ ဇက်ဘ်ကိုဝစ်စီစခန်းကို ပို့ခံခဲ့ရတယ်။ အမျိုးသား၊ အမျိုးသမီး၊ ကလေးအားလုံးပေါင်း ၆၀ လောက်နဲ့အတူ ထပ်ခိုးတစ်ခုရှိအိပ်စင်တွေပေါ်မှာ ကျွန်မတို့အိပ်ခဲ့ကြရတယ်။ အက်စ်အက်စ်စစ်သားတွေဟာ အစားအစာတွေသိုးခါနီး၊ ပုပ်ခါနီးမှပဲ ကျွန်မတို့ကိုပေးခဲ့တယ်။
အခက်အခဲတွေကြားမှာ ကျွန်မတို့ တစ်ခါမှမျှော်လင့်ချက်မပျောက်သွားခဲ့ဘူး။ ဟောပြောခြင်းလုပ်ငန်းကြီးကို စစ်ပြီးတဲ့နောက် ဆက်လုပ်ဆောင်ဖို့ရှိတယ်ဆိုတာကို ကင်းမျှော်စင်မှာ ကျွန်မတို့ဖတ်ခဲ့ရတယ်။ ဒါကြောင့် ကျွန်မတို့ ဘာကြောင့်ဆင်းရဲခက်ခဲမှုကြုံနေရတယ်၊ အခက်အခဲတွေ မကြာခင်အဆုံးတိုင်တော့မယ်ဆိုတာကို သိထားကြတယ်။
မဟာမိတ်တပ်တွေ ချီတက်လာတယ်ဆိုတဲ့သတင်းကြောင့် နာဇီတွေစစ်ရှုံးနေပြီဆိုတာ သိလိုက်ရတယ်။ ၁၉၄၅ ခုနှစ်အစောပိုင်းမှာ အက်စ်အက်စ်စစ်သားတွေဟာ ကျွန်မတို့စခန်းကနေဆုတ်ခွာဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာစပြီး မိုင် ၁၅၀ လောက်ရှိတဲ့ခရီးကိုနှင်ခဲ့ရတယ်။ လေးပတ်ကြာပြီးတဲ့နောက် ဂျာမနီနိုင်ငံ စတိန်ဖီလ်မြို့ကိုရောက်လာတယ်၊ အဲ့ဒီမှာ အစောင့်တွေက အကျဉ်းသားတွေကို မိုင်းတွင်းတစ်ခုထဲ အတင်းအကျပ်ဝင်ခိုင်းတယ်။ လူအများစုကတော့ ကျွန်မတို့တွေ အသတ်ခံရတော့မယ်လို့ ထင်ခဲ့ကြတာ။ ဒါပေမဲ့ အဲ့ဒီနေ့မှာပဲ မဟာမိတ်တပ်တွေရောက်လာတဲ့အတွက် အက်စ်အက်စ်စစ်သားတွေ ထွက်ပြေးသွားကြပြီး ကျွန်မတို့ရဲ့ တုန်လှုပ်ချောက်ချားစရာအတွေ့အကြုံဟာ အဆုံးသတ်သွားတယ်။
ပန်းတိုင်သို့ရောက်ရှိ
နှစ်နှစ်ခွဲလောက်အကြာဖြစ်တဲ့ ၁၉၄၅၊ မေ ၅ ရက်နေ့မှာ သန်းတွေတစ်ကိုယ်လုံးပြည့်နေပြီး ညစ်ညစ်ပေပေနဲ့ ယုဇ်မြို့ကအိမ်ကိုပြန်ရောက်လာတယ်။ ဖေဖော်ဝါရီလကတည်းက အဝတ်မလဲခဲ့ရတဲ့အတွက် ဝတ်ထားတဲ့အဝတ်တွေကို မီးရှို့ပစ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အမေ ကျွန်မကိုပြောတာ မှတ်မိသေးတယ်– “ဒီနေ့ဟာ သမီးရဲ့အသက်တာမှာ အလှပဆုံးနေ့တစ်ခုဖြစ်ပါစေ။ အမေတို့ဆီမှာ ဘာမှတော့မရှိဘူး။ ဝတ်ထားတဲ့အဝတ်တွေတောင် အမေတို့အပိုင်မဟုတ်ဘူး။ ဒါပေမဲ့ အမေတို့လေးယောက်စလုံး တည်ကြည်စွာပြန်လာခဲ့ကြတယ်။ အမေတို့တွေ အလျှော့ပေးလိုက်လျောခဲ့တာလည်းမရှိခဲ့ဘူး။”
ဆွစ်ဇလန်မှာ နာလန်ထူချိန်သုံးလကြာပြီးနောက် ကျွန်မကျောင်းပြန်တက်တယ်၊ ကျောင်းထုတ်ခံရမှာကို စိုးရိမ်စရာမလိုတော့ဘူး။ အခုဆိုရင် ညီအစ်ကို၊ ညီအစ်မတွေနဲ့ လွတ်လွတ်လပ်လပ်စည်းဝေးနိုင်၊ ဟောပြောနိုင်ပြီ။ ကျွန်မအသက် ၁၃ နှစ်ဖြစ်တဲ့ ၁၉၂၇၊ ဩဂုတ် ၂၈ ရက်နေ့မှာ လွန်ခဲ့တဲ့နှစ်တွေတုန်းက ယေဟောဝါထံအပ်နှံထားပြီးဖြစ်တဲ့ ကျွန်မရဲ့ကတိကို လူထုရှေ့မှာတင်ပြခဲ့တယ်။ မိုစဲလ်မြစ်ထဲမှာ အဖေ ကျွန်မကို နှစ်ခြင်းပေးခဲ့တယ်။ ကျွန်မ ချက်ချင်းရှေ့ဆောင်လုပ်ချင်ပေမဲ့ အဖေက လက်မှုပညာတစ်ခုသင်ယူဖို့ တိုက်တွန်းခဲ့တယ်။ အဲ့ဒါနဲ့ ကျွန်မ အပ်ချုပ်ပညာသင်ယူခဲ့တယ်။ ၁၉၅၁၊ အသက် ၁၇ နှစ်မှာ သီယောန်ဗီလာနယ်နားမှာအမှုဆောင်ဖို့ ရှေ့ဆောင်တစ်ဦးအဖြစ် ခန့်အပ်ခံခဲ့ရတယ်။
အဲ့ဒီနှစ်မှာပဲ ပဲရစ်မြို့က စည်းဝေးပွဲတစ်ခုကို တက်ရောက်ခဲ့ပြီး ခရစ်ယာန်သာသနာပြုလုပ်ငန်းအတွက် လျှောက်လွှာတင်ခဲ့တယ်။ ကျွန်မအသက်ငယ်သေးပေမဲ့ ညီအစ်ကို နေသန် နောရ်က “နောက်အကြိမ်မြောက်မှာ” ကျွန်မရဲ့လျှောက်လွှာကို ထည့်ပေးမယ်လို့ပြောပါတယ်။ ၁၉၅၂၊ ဇွန်လမှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ လန်စင်းတောင်ပိုင်းမှာကျင်းပတဲ့ ၂၁ ကြိမ်မြောက် ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်းကို တက်ရောက်ဖို့ဖိတ်ခေါ်စာ ရခဲ့တယ်။
ဂိလဒ်နှင့် နောက်ပိုင်းအခြေအနေ
တကယ့်အတွေ့အကြုံတစ်ခုပါပဲ။ ကျွန်မဟာ ကျွန်မရဲ့ကိုယ်ပိုင်ဘာသာစကားနဲ့ လူထုရှေ့စကားပြောရတာ အခက်တွေ့လေ့ရှိတယ်။ အခုက အင်္ဂလိပ်စကားနဲ့ ပြောနေရတယ်။ ဒါပေမဲ့ ပို့ချသူတွေဟာ ကျွန်မကို မေတ္တာနဲ့ထောက်မခဲ့ကြတယ်။ ကျွန်မရှက်တဲ့အခါ မျက်နှာကပြုံးနေတဲ့အတွက် ညီအစ်ကိုတစ်ယောက်က ကျွန်မကို နိုင်ငံတော်အပြုံးဆိုပြီး ချစ်စနိုးနာမည်ပေးထားတယ်။
ကျောင်းဆင်းပွဲကို ၁၉၅၃၊ ဇူလိုင် ၁၉ ရက်နေ့မှာ နယူးယောက်မြို့က ရန်ကီးအားကစားကွင်းမှာ ကျင်းပခဲ့ပြီး ကျွန်မက အက်ဒါ ကန်ဒပ်စို (နောက်ပိုင်း စိဂ်နိုဘိုစ်) နဲ့အတူ ပဲရစ်မှာတာဝန်ကျခဲ့တယ်။ ဥစ္စာကုံလုံတဲ့ပဲရစ်မြို့သားတွေကို ဟောပြောရမှာ စိုးရွံ့ခဲ့ပေမဲ့ နှိမ့်ချတဲ့သူများစွာနဲ့ ကျမ်းစာသင်အံမှုလုပ်နိုင်ခဲ့တယ်။ အက်ဒါအိမ်ထောင်ကျပြီး ၁၉၅၆ ခုနှစ်မှာ အာဖရိကကို ထွက်ခွာသွားပေမဲ့ ကျွန်မကတော့ ပဲရစ်မှာနေခဲ့တယ်။
၁၉၆၀ ပြည့်နှစ်မှာ ဗေသလကညီအစ်ကိုတစ်ယောက်နဲ့ ကျွန်မလက်ထပ်ခဲ့ပြီး ချောန်မောန့်နဲ့ ဗစ်ချီနယ်တွေမှာ အထူးရှေ့ဆောင်အနေနဲ့ အမှုဆောင်ခဲ့ကြတယ်။ ငါးနှစ်ကြာပြီးတဲ့နောက် ကျွန်မ ချောင်းဆိုးသွေးပါရောဂါရခဲ့တဲ့အတွက် ရှေ့ဆောင်နားခဲ့ရတယ်။ ကလေးဘဝကတည်းက ကျွန်မရဲ့ပန်းတိုင်က အချိန်ပြည့်လုပ်ငန်းထဲဝင်ပြီး ဆက်လုပ်ဆောင်သွားဖို့ဖြစ်တဲ့အတွက် ကျွန်မအရမ်းခံစားခဲ့ရတယ်။ နောက်သိပ်မကြာခင်မှာ ကျွန်မရဲ့ခင်ပွန်းက နောက်မိန်းမယူဖို့ ကျွန်မကိုထားခဲ့တယ်။ အဲ့ဒီအမှောင်ဖုံးတဲ့နှစ်တွေအတွင်းမှာ ဝိညာဉ်ရေးညီအစ်ကို၊ ညီအစ်မတွေရဲ့ ထောက်မမှုက အထောက်အကူဖြစ်ခဲ့တဲ့အပြင် ယေဟောဝါဟာ ကျွန်မရဲ့ဝန်ကို ဆက်ပြီးကူထမ်းပေးခဲ့တယ်။—ဆာ. ၆၈:၁၉။
အခု ကျွန်မ နော်မဲန်ဒီပြည်နယ် လူဗီယာမှာနေထိုင်တယ်၊ ပြင်သစ်ဌာနခွဲရုံးနဲ့ နီးနီးလေးပဲ။ ကျန်းမာရေးပြဿနာရှိတဲ့ကြားကနေ ကျွန်မရဲ့အသက်တာမှာ ယေဟောဝါရဲ့လက်တော်ကိုမြင်ရတာ ကျွန်မဝမ်းသာတယ်။ ကျွန်မရရှိခဲ့တဲ့ မိဘတွေရဲ့ကျွေးမွေးပဲ့ပြင်မှုက ဒီနေ့အထိ သဘောထားမှန်ကိုဆက်ထိန်းသိမ်းဖို့ အထောက်အကူပြုတယ်။ ယေဟောဝါဟာ ကျွန်မချစ်မြတ်နိုးနိုင်တဲ့၊ ကျွန်မစကားပြောဆိုနိုင်တဲ့၊ ကျွန်မရဲ့ဆုတောင်းချက်တွေကို ဖြေကြားပေးတဲ့ တကယ့်ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာကို မိဘတွေ သင်ပေးခဲ့တယ်။ တကယ်ပါပဲ၊ ‘ငါ၌ ယေဟောဝါပြုတော်မူသော ကျေးဇူးအလုံးစုံတို့ကို ဘယ်လိုဆပ်နိုင်မှာလဲ။’—ဆာ. ၁၁၆:၁၂။
[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]
“ကျွန်မရဲ့အသက်တာမှာ ယေဟောဝါရဲ့လက်တော်ကို မြင်ရတာ ကျွန်မဝမ်းသာတယ်”
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
အသက်ခြောက်နှစ်တုန်းက ဓာတ်ငွေ့ကာမျက်နှာဖုံးနှင့်
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
အသက် ၁၆ နှစ်တုန်းက အထူးဟောပြောခြင်းကင်ပိန်းအတွက် လပ်စ်ဇမ်းဘတ်ခ်မှ ခရစ်ယာန်သာသနာပြုများ၊ ရှေ့ဆောင်များနှင့်အတူ
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
၁၉၅၃ ခုနှစ်၊ စည်းဝေးကြီးတစ်ခုတွင် အဖေ၊ အမေနှင့်အတူ