မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လွှဲအပ်ခြင်း အဘယ်ကြောင့်နှင့် မည်သို့နည်း

လွှဲအပ်ခြင်း အဘယ်ကြောင့်နှင့် မည်သို့နည်း

လွှဲအပ်ခြင်း အဘယ်ကြောင့်နှင့် မည်သို့နည်း

လွှဲအပ်ခြင်းသည် ကမ္ဘာမြေမဖန်ဆင်းမီကတည်းကရှိခဲ့သည်။ ယေဟောဝါသည် မိမိ၏တစ်ပါးတည်းသောသားတော်ကိုဖန်ဆင်းပြီးနောက် စကြဝဠာဖန်ဆင်းရာတွင် သားတော်ကို “ကျွမ်းကျင်လုပ်သား” အဖြစ်အသုံးပြုခဲ့သည်။ (သု. ၈:၂၂၊ ၂၃၊ ၃၀ကဘ; ယော. ၁:၃) ဘုရားသခင်သည် ပထမလူသားမောင်နှံကို ဖန်ဆင်းခဲ့ချိန်တွင် သူတို့အား “မြေကြီးကိုပြည့်စေ၍နိုင်ကြလော့” ဟု မိန့်တော်မူခဲ့သည်။ (က. ၁:၂၈) ဖန်ဆင်းရှင်သည် လူသားတို့အား ဧဒင်ဥယျာဉ်ကို တစ်ကမ္ဘာလုံးသို့ တိုးချဲ့သွားရန် တာဝန်အပ်နှင်းခဲ့သည်။ မှန်ပါသည်၊ အစကနဦးကပင် လွှဲအပ်ခြင်းသည် ယေဟောဝါအဖွဲ့အစည်း၏ ထူးခြားသောအမှတ်လက္ခဏာဖြစ်သည်။

လွှဲအပ်ခြင်းတွင် မည်သည့်အရာပါဝင်သနည်း။ ခရစ်ယာန်အကြီးအကဲများသည် အခြားသူများအား အသင်းတော်တာဝန်တချို့လွှဲအပ်ရန် အဘယ်ကြောင့်သင်ယူသင့်ပြီး ယင်းကို သူတို့မည်သို့ပြုလုပ်နိုင်သနည်း။

လွှဲအပ်ခြင်းဟူသည် အဘယ်နည်း

“လွှဲအပ်ရန်” ဟူသည် “အခြားတစ်ဦးအား အပ်နှင်းခြင်း၊ မိမိကိုယ်စားလှယ်အဖြစ်ခန့်အပ်ခြင်း၊ တာဝန် သို့မဟုတ် အခွင့်အာဏာပေးခြင်း” ဟုအဓိပ္ပာယ်ရသည်။ (Merriam-Webster’s Collegiate Dictionary, 11th Edition) ထို့ကြောင့် လွှဲအပ်ခြင်းသည် ရည်မှန်းချက်ပြီးမြောက်ရန် အခြားသူတို့ပါဝင်စေဖို့ လိုအပ်သည်။ ယင်းသည် အခွင့်အာဏာကို မျှဝေခြင်းဖြစ်သည်။

ခရစ်ယာန်အသင်းတော်တွင် တာဝန်တစ်ခုပေးအပ်ခံရသူတို့သည် တာဝန်ကျေပွန်ရန်၊ တိုးတက်မှုမှတ်တမ်းပေးရန်နှင့် အများအားဖြင့် တာဝန်လွှဲအပ်သူနှင့်တိုင်ပင်ရန် မျှော်လင့်ခံရကြသည်။ သို့သော် အဓိကတာဝန်ရှိသူမှာ အလုပ်တာဝန်လွှဲပေးသည့် ခန့်အပ်ခံညီအစ်ကိုဖြစ်သည်။ သူသည် အလုပ်အခြေအနေတိုးတက်နေမှုကို ကြီးကြပ်ရန်လိုပြီး လိုအပ်ပါကအကြံဉာဏ်ပေးသည်။ သို့တိုင် အချို့က ‘အလုပ်ကို ကိုယ်တိုင်လုပ်ဆောင်နိုင်လျက်နှင့် အဘယ်ကြောင့်လွှဲအပ်ရသနည်း’ ဟုမေးပေမည်။

အဘယ်ကြောင့်လွှဲအပ်ရသနည်း

တစ်ပါးတည်းသောသားတော်ကို ယေဟောဝါဖန်ဆင်းတော်မူခြင်းနှင့် ကျန်ရှိသည့်ဖန်ဆင်းခြင်းလုပ်ငန်းတွင် သားတော်ကိုပါဝင်စေခြင်းတို့ကို စဉ်းစားကြည့်ပါ။ မှန်ပါသည်၊ “ကောင်းကင်နှင့်မြေကြီးပေါ်တွင် ရှိသမျှသောမြင်နိုင်သည့်အရာ၊ မမြင်နိုင်သည့်အရာခပ်သိမ်းသည် ကိုယ်တော်အားဖြင့် ဖန်ဆင်းခံကြရ၏။” (ကော. ၁:၁၆) ဖန်ဆင်းရှင်သည် ကိုယ်တော်တိုင်အရာခပ်သိမ်း ဖန်ဆင်းနိုင်သော်လည်း အကျိုးဖြစ်ထွန်းသောလုပ်ငန်းပြီးမြောက်သည့် ရွှင်လန်းမှုကို သားတော်အား မျှဝေခံစားစေလိုတော်မူသည်။ (သု. ၈:၃၁) ယင်းသည် သားတော်အား ဘုရားသခင်၏အရည်အသွေးများကို ပို၍လေ့လာရန် အထောက်အကူပြုခဲ့သည်။ တစ်နည်းအားဖြင့် ခမည်းတော်သည် တစ်ပါးတည်းသောသားတော်ကို လေ့ကျင့်ရန် အခွင့်အရေးယူခဲ့သည်။

မြေကြီးပေါ်ရှိစဉ် ယေရှုခရစ်သည် တာဝန်လွှဲအပ်ခြင်းတွင် ခမည်းတော်ကိုတုပခဲ့သည်။ ကိုယ်တော်သည် တပည့်များကို တဖြည်းဖြည်းလေ့ကျင့်ခဲ့သည်။ ကိုယ်တော်သည်တမန်တော် ၁၂ ပါးနှင့် နောက်ပိုင်း အခြားသောတပည့် ၇၀ ကိုဟောပြောခြင်းလုပ်ငန်းတွင်ဦးဆောင်ရန် မိမိ ရှေ့တွင်စေလွှတ်ခဲ့သည်။ (လု. ၉:၁-၆; ၁၀:၁-၇) နောက်ပိုင်း ယင်းနေရာများသို့ ယေရှုရောက်ရှိချိန်တွင် ကိုယ်တော်ဆက်၍တည်ဆောက်သွားရန် ကောင်းသောအုတ်မြစ်ချနှင့်ပြီးဖြစ်သည်။ ယေရှုသည် မြေကြီးမှထွက်ခွာခါနီးတွင် မိမိလေ့ကျင့်ပေးခဲ့သောတပည့်များကို ကမ္ဘာတစ်ခွင်ဟောပြောခြင်းလုပ်ငန်းအပါအဝင် သာ၍ကြီးလေးသည့်တာဝန်များ လွှဲအပ်ခဲ့သည်။—မ. ၂၄:၄၅-၄၇; တ. ၁:၈

လွှဲအပ်ခြင်းနှင့်လေ့ကျင့်ခြင်းသည် ခရစ်ယာန်အသင်းတော်၏သွင်ပြင်လက္ခဏာများဖြစ်လာခဲ့သည်။ တမန်တော်ပေါလုသည် တိမောသေကို ဤသို့ပြောခဲ့၏– ‘ငါ့ထံမှ ကြားနာရသောအရာများကို တည်ကြည်သောအမျိုးသားများအား လွှဲအပ်လော့။ သို့ဖြင့် သူတို့သည် အခြားသူများကို အရည်အချင်းပြည့်မီစွာ သွန်သင်ပေးနိုင်လိမ့်မည်။’ (၂ တိ. ၂:၂) မှန်ပါသည်၊ အတွေ့အကြုံရှိသူများက တခြားသူများကို တစ်ဆင့်ပြန်လည်လေ့ကျင့်ပေးမည့်သူများကို လေ့ကျင့်ပေးရန်ဖြစ်သည်။

အကြီးအကဲတစ်ဦးသည် မိမိအားအပ်နှင်းထားသည့်အလုပ်အချို့ကို လွှဲအပ်ပေးခြင်းဖြင့် သူသည် သွန်သင်ခြင်းနှင့်သိုးထိန်းခြင်း၏ရွှင်လန်းမှုကို အခြားသူတို့နှင့် မျှဝေခံစားနိုင်သည်။ လူ့စွမ်းရည်သည် အကန့်အသတ်ရှိကြောင်း အသိအမှတ်ပြုခြင်းက အသင်းတော်တာဝန်များကူညီပေးရန် အခြားသူတို့အားတောင်းဆိုဖို့ အကြီးအကဲတို့တွင် အကြောင်းရင်းပို၍ပင်ရှိသည်။ ကျမ်းစာကဤသို့ဆို၏– ‘ကျိုးနွံသောသူတို့၌ကား ဉာဏ်ပညာရှိ၏။’ (သု. ၁၁:၂ကဘ) ကျိုးနွံခြင်းတွင် မိမိ၏အကန့်အသတ်ရှိမှုကို သတိပြုခြင်းပါဝင်သည်။ အရာရာတိုင်းကို မိမိကိုယ်တိုင်လုပ်ဆောင်ရန်ကြိုးစားပါက နွမ်းလျလာနိုင်ပြီး အခြားတစ်ဖက်တွင် မိသားစုနှင့်အသုံးပြုနိုင်သည့်အချိန် ကင်းမဲ့စေမည်။ ထို့ကြောင့် ကြီးလေးသောတာဝန်များကို မျှဝေခြင်းသည် ပညာရှိလမ်းစဉ်အမှန်ပင်ဖြစ်သည်။ အကြီးအကဲအဖွဲ့၏ညှိနှိုင်းရေးမှူးအဖြစ်ထမ်းဆောင်နေသော ညီအစ်ကို၏ပုံနမူနာကို သုံးသပ်ကြည့်ပါ။ သူသည် အသင်းတော်စာရင်းအင်းများကိုစစ်ဆေးရန် အခြားအကြီးအကဲများကို တောင်းဆိုပေမည်။ မှတ်တမ်းများစစ်ဆေးခြင်းဖြင့် ထိုအကြီးအကဲများသည် သူတို့ကိုယ်တိုင် အသင်းတော်၏ငွေကြေးအခြေအနေနှင့် အကျွမ်းတဝင်ရှိလာနိုင်သည်။

လွှဲအပ်ခြင်းသည် အခြားသူတို့လိုအပ်သော ကျွမ်းကျင်မှုနှင့်အတွေ့အကြုံရဖို့ အခွင့်အရေးဖြစ်စေပြီး တာဝန်လွှဲပေးသူသည် တာဝန်ပေးအပ်ခံရသူတို့၏စွမ်းရည်ကို အကဲခတ်ခွင့်လည်းရစေသည်။ ဤသို့ဖြင့် အသင်းတော်တွင် သင့်လျော်သောတာဝန်များလွှဲအပ်ခြင်းဖြင့် အကြီးအကဲများသည် အလားအလာရှိသောဓမ္မအမှုထမ်းများကို ‘သင့်လျော်ခြင်းရှိမရှိ’ စမ်းသပ်နိုင်သည်။—၁ တိ. ၃:၁၀

နောက်ဆုံးအချက်အနေနှင့် အကြီးအကဲများသည် လွှဲအပ်ခြင်းဖြင့် အခြားသူများကို ယုံကြည်စိတ်ချကြောင်းပြသည်။ ပေါလုသည် တိမောသေကို ခရစ်ယာန်သာသနာပြုလုပ်ငန်းတွင် မိမိနှင့်အတူလုပ်ဆောင်စေခြင်းဖြင့် လေ့ကျင့်ပေးခဲ့သည်။ အမျိုးသားနှစ်ဦးစပ်ကြား ရင်းနှီးသောနှောင်ကြိုးဖြစ်ပေါ်ခဲ့သည်။ ပေါလုသည် တိမောသေကို “ယုံကြည်ခြင်း၌ သားစစ်” ဟုခေါ်ဆိုခဲ့သည်။ (၁ တိ. ၁:၂) အလားတူပင် ယေဟောဝါနှင့်ယေရှုသည် အခြားဖန်ဆင်းရာအားလုံးကို အတူတကွလုပ်ဆောင်ခဲ့စဉ် နှစ်ဦးစပ်ကြား ခိုင်မြဲသောနှောင်ကြိုးဖြစ်ပေါ်ခဲ့သည်။ အခြားသူတို့အား တာဝန်အပ်နှင်းခြင်းဖြင့် အကြီးအကဲများသည် သူတို့နှင့်ရင်းနှီးသောဆက်ဆံရေးကို တိုးတက်ဖြစ်ပေါ်စေနိုင်သည်။

အချို့ တုံ့ဆိုင်းရသည့်အကြောင်းရင်း

အကျိုးရှိသည်ကိုသိသော်လည်း အကြီးအကဲအချို့သည် တာဝန်လွှဲအပ်ရန် အခက်တွေ့ကြသည်၊ မိမိတို့၏အခွင့်အာဏာကို စွန့်လွှတ်လိုက်ရသည်ဟု ခံစားရသောကြောင့်ဖြစ်နိုင်သည်။ မိမိတို့ကိုယ်တိုင် အမြဲပင်ထိန်းချုပ်ထားရမည်ဟု သူတို့ယူဆပေမည်။ သို့သော် ယေရှုသည် ကောင်းကင်သို့မတက်ကြွမီ မိမိတပည့်များကို ကြီးလေးသောတာဝန်ထမ်းဆောင်ရန် အခွင့်အာဏာအပ်နှင်းခဲ့သည်ကို သတိရပါ၊ ကိုယ်တော်သည် မိမိပြီးမြောက်ခဲ့သောအမှုထက် သာ၍ကြီးသောအမှုတို့ကို တပည့်များပြီးမြောက်လိမ့်မည်ဖြစ်ကြောင်း အမြဲတမ်းသိနေသည်။—မ. ၂၈:၁၉၊ ၂၀; ယော. ၁၄:၁၂

အချို့အကြီးအကဲများသည် ယခင်က တာဝန်များလွှဲအပ်ပေးခဲ့ဖူးမည်ဖြစ်သော်လည်း ကျေနပ်ဖွယ်ရလဒ်ကောင်းများ မတွေ့ခဲ့ရချေ။ မိမိတို့ကိုယ်တိုင် အလုပ်ကို အကောင်းဆုံးနှင့်အမြန်ဆုံးလုပ်ဆောင်နိုင်သည်ဟု ခံစားရပေမည်။ သို့သော် ပေါလု၏ပုံနမူနာကို သုံးသပ်ကြည့်ပါ။ သူသည် လွှဲအပ်ခြင်း၏အကျိုးရှိမှုကို သိခဲ့သော်လည်း လေ့ကျင့်ခံရသူများသည် မိမိမျှော်လင့်ထားသည့်အတိုင်း အမြဲလုပ်ဆောင်လိမ့်မည်မဟုတ်ကြောင်းကိုလည်း အသိအမှတ်ပြုခဲ့သည်။ ပထမခရစ်ယာန်သာသနာပြုခရီးစဉ်တွင် ပေါလုသည် သူ၏ခရီးသွားဖော်လူငယ်မာကုကို လေ့ကျင့်ပေးခဲ့သည်။ မာကုသည် သူ့တာဝန်ကိုထားခဲ့ပြီး အိမ်သို့ပြန်သွားသည့်အတွက် ပေါလုအလွန်စိတ်ဓာတ်ကျခဲ့သည်။ (တ. ၁၃:၁၃; ၁၅:၃၇၊ ၃၈) သို့တိုင် ယင်းက ပေါလုအား အခြားသူများကိုမလေ့ကျင့်ပေးရန် မဖြစ်စေခဲ့ပါ။ ဖော်ပြခဲ့ပြီးသည့်အတိုင်း သူသည် ခရစ်ယာန်လူငယ်တိမောသေအား သူ၏ခရီးသွားဖော်အဖြစ် ဖိတ်ခေါ်ခဲ့သည်။ သာ၍ကြီးလေးသောတာဝန်များကို တိမောသေ ထမ်းဆောင်ရန်အသင့်ဖြစ်ချိန်တွင် ပေါလုသည် သူ့ကိုဧဖက်မြို့၌ချန်ထားခဲ့ပြီး အသင်းတော်ကြီးကြပ်မှူးများနှင့် ဓမ္မအမှုထမ်းများခန့်အပ်ရန် အခွင့်အာဏာအပ်နှင်းခဲ့သည်။—၁ တိ. ၁:၃; ၃:၁-၁၀၊ ၁၂၊ ၁၃; ၅:၂၂

အလားတူပင် မျက်မှောက်ခေတ် အကြီးအကဲများသည် ညီအစ်ကိုများကို လေ့ကျင့်ပေးရာတွင် သူတို့ထဲမှတစ်ဦး ကောင်းစွာမတုံ့ပြန်ရုံမျှနှင့် လက်မလျှော့သင့်ပါ။ အခြားသူတို့ကို ယုံကြည်စိတ်ချရန်နှင့်လေ့ကျင့်ပေးရန် သင်ယူခြင်းသည် အရေးကြီးပြီး ပညာရှိရာရောက်သည်။ သို့သော် အကြီးအကဲများသည် လွှဲအပ်သည့်အခါ အဘယ်အရာများ စိတ်စွဲမှတ်သင့်သနည်း။

မည်သို့လွှဲအပ်နိုင်

တာဝန်များလွှဲအပ်ရာတွင် သင့်စိတ်ထဲရှိ ညီအစ်ကိုများ၏အရည်အချင်းများကို သုံးသပ်ကြည့်ပါ။ ယေရုရှလင်တွင် နေ့စဉ်အစားအသောက်ဝေငှခြင်းအတွက် ဂရုစိုက်ပေးဖို့လိုအပ်သည့်အခါ တမန်တော်များသည် “စွမ်းအားတော်နှင့်လည်းကောင်း၊ ဉာဏ်ပညာနှင့်လည်းကောင်း ပြည့်စုံလျက် ဂုဏ်အသရေရှိသော လူခုနစ်ဦး” ကိုရွေးချယ်ခဲ့သည်။ (တ. ၆:၃) စိတ်မချရသူတစ်ဦးကို အလုပ်တစ်ခု ဆောင်ရွက်ရန် တောင်းဆိုပါက သူသည် ယင်းကိုလုပ်ဆောင်ရန် ပျက်ကွက်ပေမည်။ ထို့ကြောင့် ဦးစွာ သေးငယ်သောတာဝန်များကို လွှဲအပ်ပါ။ သူသည် သစ္စာရှိကြောင်းတင်ပြသည့်အခါ ထပ်ဆင့်တာဝန်များကို ကိုင်တွယ်နိုင်ပေမည်။

သို့တိုင် ထို့ထက်မက ပါဝင်ပါသေးသည်။ ပင်ကိုစရိုက်နှင့်စွမ်းရည်သည် မတူချေ။ အတွေ့အကြုံသည်လည်း တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားသည်။ ခင်မင်ရင်းနှီးတတ်သော၊ ဖော်ရွေတတ်သောညီအစ်ကိုသည် ဧည့်ကြိုအဖြစ် ကောင်းစွာလုပ်ဆောင်နိုင်မည်၊ စည်းစနစ်ကျသူတစ်ဦးသည် အသင်းတော်အတွင်းရေးမှူး၏လက်ထောက်အဖြစ် ပို၍ကူညီဖော်ရသူဖြစ်နိုင်သည်။ အနုပညာစွမ်းရည်ရှိသောညီအစ်မကို သတိရအောက်မေ့ပွဲအတွက် ပန်းများပြင်ဆင်ဖို့တာဝန်ပေးနိုင်မည်။

တာဝန်များပေးအပ်သည့်အခါ အဘယ်အရာမျှော်လင့်သည်ကို ရှင်းရှင်းလင်းလင်းဖော်ပြပါ။ နှစ်ခြင်းဆရာယောဟန်သည် ယေရှုထံ စေတမန်များမစေလွှတ်မီ သူအဘယ်အရာသိလိုကြောင်းရှင်းပြပြီး မေးမြန်းရမည့်စကားများကို ပြောပြခဲ့သည်။ (လု. ၇:၁၈-၂၀) အခြားတစ်ဖက်တွင်မူ ယေရှုသည် အံ့ဖွယ်နည်းဖြင့်ကျွေးမွေးခဲ့သော အစားအစာအကြွင်းအကျန်များစုသိမ်းရန် မိမိတပည့်များကိုညွှန်ကြားသည့်အခါ အသေးစိတ်လုပ်ဆောင်စရာများကို သူတို့အား ဆုံးဖြတ်လုပ်ကိုင်စေခဲ့သည်။ (ယော. ၆:၁၂၊ ၁၃) အလုပ်အမျိုးအစားနှင့် အကူအညီပေးသူ၏အရည်အချင်းပေါ် များစွာမူတည်သည်။ လွှဲအပ်သူနှင့် လွှဲအပ်ခံရသူနှစ်ဦးစလုံးသည် မျှော်လင့်ထားသည့်ရလဒ်များနှင့် တိုးတက်မှုကိုအကြောင်းပြန်ရမည့်အကြိမ်ပေါင်းကို သိရှိထားသင့်သည်။ အလုပ်တာဝန်လုပ်ဆောင်နေသူသည် မည်မျှပြုမူဆောင်ရွက်ခွင့်ရှိသည်ကို နှစ်ဦးစလုံးသိထားသင့်သည်။ အကယ်၍ တစ်စုံတစ်ရာသောရက်စွဲတွင် အလုပ်ပြီးစီးရမည်ဆိုပါက ယင်းရက်စွဲကိုချမှတ်မည့်အစား ပြီးစီးရမည့်ရက်စွဲကိုဆွေးနွေးပြီး သဘောတူညီချက်ရယူပါက ပို၍လုပ်ဆောင်လိုစိတ်ရှိပေမည်။

တာဝန်ပေးအပ်ခံရသူအား လိုအပ်သည့်ငွေ၊ ကိရိယာတန်ဆာများနှင့်အကူအညီတို့ကို ပေးထားသင့်သည်။ အခြားသူများသိရှိရန် အစီအစဉ်ပြုလုပ်ခြင်းသည် အထောက်အကူပြုပေမည်။ ယေရှုသည် ပေတရုကို “ကောင်းကင်နိုင်ငံတော်၏သော့များ” ပေးအပ်ခဲ့စဉ် အခြားတပည့်များရှေ့ ကိုယ်တော်မိန့်တော်ခဲ့သည်။ (မ. ၁၆:၁၃-၁၉) အလားတူပင် တစ်စုံတစ်ရာသောကိစ္စများတွင် အလုပ်တစ်ခုအတွက်မည်သူ၌တာဝန်ရှိကြောင်း အသင်းတော်ကို အသိပေးခြင်းသည် ကောင်းပေမည်။

သတိပြုရန်လည်းလိုသည်။ အလုပ်တစ်ခုကို တစ်စုံတစ်ယောက်အား သင်လွှဲပေးပြီးနောက် သင်ဆက်၍စီမံခန့်ခွဲရန်ကြိုးစားနေမည်ဆိုလျှင် “မင်းကို ငါမယုံဘူး” ဟုပြောရာရောက်ပေမည်။ မှန်ပါသည်၊ အကျိုးရလဒ်သည် သင်မျှော်လင့်သလို တိတိကျကျဖြစ်မလာသည့်အခါများရှိပေမည်။ သို့တိုင် တာဝန်ပေးအပ်ခံရသည့်ညီအစ်ကိုသည် ပြောင်းသာပြင်သာအချို့ပြုလုပ်ခွင့်ရထားသည်ဆိုလျှင် သူသည် ယုံကြည်စိတ်ချမှုနှင့်အတွေ့အကြုံ ရရှိလာနိုင်ဖွယ်ရှိသည်။ ယင်းသည် တာဝန်ကို သူမည်သို့ကိုင်တွယ်သည်နှင့်ပတ်သက်၍ စိတ်ဝင်စားခြင်းမရှိဟု မဆိုလိုပါ။ သားတော်အား ဖန်ဆင်းခြင်းအစီအစဉ်ကဏ္ဍတွင် အပ်နှံထားသော်လည်း ယေဟောဝါသည် မိမိကိုယ်တိုင်ဖန်ဆင်းရာလုပ်ငန်းတွင် ပါဝင်နေဆဲပင်ဖြစ်သည်။ ယေဟောဝါက ကျွမ်းကျင်လုပ်သားကိုဤသို့မိန့်တော်မူခဲ့သည်– “ငါတို့ပုံသဏ္ဌာန်နှင့်တညီတသဏ္ဌာန်တည်း လူကိုဖန်ဆင်းကြစို့။” (က. ၁:၂၆) ထို့ကြောင့် သင်၏စကား၊ လုပ်ရပ်များအားဖြင့် လုပ်ဆောင်လျက်ရှိသည့်အလုပ်ကို ထောက်ကူပေးပြီး သူ၏ကြိုးစားအားထုတ်မှုကို ချီးမွမ်းပါ။ အကျိုးရလဒ်ကို အကျဉ်းချုပ်သုံးသပ်ခြင်းသည် သူ့ကိုအထောက်အကူပြုနိုင်သည်။ အလုပ်ကို ကောင်းမွန်စွာမလုပ်ကိုင်ပါက ထပ်ဆင့်အကြံဉာဏ် သို့မဟုတ် အကူအညီပေးရန်မတွန့်ဆုတ်ပါနှင့်။ လွှဲအပ်သူအနေနှင့် နောက်ဆုံးတွင် သင့်၌တာဝန်ရှိကြောင်းသတိရပါ။—လု. ၁၂:၄၈

မိမိတို့ကို အမှန်တကယ်စိတ်ဝင်စားကြသည့် အကြီးအကဲများထံမှ အသင်းတော်တာဝန်များ လွှဲအပ်ခံရခြင်းကြောင့် များစွာသောသူတို့ အကျိုးခံစားကြရပြီ။ မှန်ပါသည်၊ ယေဟောဝါကိုတုပရာတွင် အကြီးအကဲအားလုံးသည် လွှဲအပ်ဖို့အဘယ်ကြောင့်လိုကြောင်းနှင့် မည်သို့လွှဲအပ်နိုင်ကြောင်းကို သင်ယူဖို့လိုသည်။

[စာမျက်နှာ ၂၉ ပါလေးထောင့်ကွက်]

လွှဲအပ်ခြင်းသည်

• ပြီးမြောက်သည့်ရွှင်လန်းမှုကို ဝေမျှသည့်နည်းလမ်းဖြစ်သည်

• ပို၍ပြီးမြောက်စေသည့်နည်းလမ်းဖြစ်သည်

• ပညာနှင့်ကျိုးနွံမှုရှိကြောင်းတင်ပြခြင်းဖြစ်သည်

• အခြားသူများကိုလေ့ကျင့်ပေးသည့်နည်းလမ်းဖြစ်သည်

• အခြားသူများကို ယုံကြည်စိတ်ချကြောင်းတင်ပြသည့်နည်းလမ်းဖြစ်သည်

[စာမျက်နှာ ၃၀ ပါလေးထောင့်တွက်]

မည်သို့လွှဲအပ်နိုင်

• အလုပ်တာဝန်အတွက် သင့်တော်မည့်သူကို ရွေးချယ်ပါ

• နားလည်အောင်ရှင်းပြ/ပြောဆိုပါ

• အဘယ်အရာပြီးမြောက်သင့်သည်ကို ရှင်းပြပါ

• လိုအပ်သည့်ရင်းမြစ်များကိုပေးပါ

• အလုပ်နှင့်ပတ်သက်၍စိတ်ဝင်စားမှုပြပါ၊ သင့်ယုံကြည်စိတ်ချမှုကိုဖော်ပြပါ

• နောက်ဆုံးတာဝန်ယူရန်ဆန္ဒရှိပါ

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

လွှဲအပ်ခြင်းတွင် တာဝန်တစ်ခုပေးအပ်ခြင်းနှင့် တိုးတက်မှုကို ဆက်၍ကြည့်ရှုပေးခြင်းပါဝင်