မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပူးပေါင်းလုပ်ဆောင်ခြင်းက ဝိညာဉ်ရေးတိုးတက်မှုကို အထောက်အကူပြု

ပူးပေါင်းလုပ်ဆောင်ခြင်းက ဝိညာဉ်ရေးတိုးတက်မှုကို အထောက်အကူပြု

ပူးပေါင်းလုပ်ဆောင်ခြင်းက ဝိညာဉ်ရေးတိုးတက်မှုကို အထောက်အကူပြု

ဝိညာဉ်ရေးစိတ်ထားရှိသော မိသားစုတည်ဆောက်ရာတွင် တိုးတက်လိုသူများအတွက် ပူးပေါင်းလုပ်ဆောင်လိုစိတ် မရှိမဖြစ်လိုအပ်သည်။ ယေဟောဝါသည် ပထမဇနီးမောင်နှံကိုဖန်ဆင်းတော်မူသောအခါ ပူးပေါင်းလုပ်ဆောင်မှုလိုအပ်ကြောင်း ကိုယ်တော်အလေးပေးဖော်ပြခဲ့သည်။ ဧဝသည် အာဒံ၏ “အထောက်အမ” အဖြစ် သူနှင့်အတူ အလုပ်လုပ်ရန်ဖြစ်သည်။ (က. ၂:၁၈) အိမ်ထောင်ရေးသည် ယောက်ျားနှင့်မိန်းမ တစ်ဦးကိုတစ်ဦးထောက်မကြသည့် တွဲဖက်တစ်ခုဖြစ်သင့်သည်။ (ဒေ. ၄:၉-၁၂) မိဘနှင့် ကလေးများကို ယေဟောဝါပေးအပ်ထားသည့်တာဝန်ကျေပွန်ရန် ပူးပေါင်းလုပ်ဆောင်မှုလိုအပ်သည်။

မိသားစုလိုက် ဝတ်ပြုကိုးကွယ်မှု

ဘယ်ရီနှင့် ဟိုင်ဒီတို့တွင် ကလေးငါးယောက်ရှိသည်။ မိသားစုကျမ်းစာသင်အံမှုပုံမှန်ကျင်းပရန် အတူတကွလုပ်ဆောင်ခြင်းက တိုးတက်ရန် အထောက်အကူပြုကြောင်း သူတို့တွေ့ ရှိသည်။ ဘယ်ရီ ဤသို့ရှင်းပြသည်– “မိသားစုသင်အံမှုအတွက် ကလေးတွေကို တာဝန်ငယ်လေးတွေ အခါအားလျော်စွာပေးထားတယ်။ နိုးလော့!ထဲကဆောင်းပါးတွေကို အခြေခံပြီး မှတ်ချက်တချို့ပြင်ဆင်ဖို့ သူတို့ကို ကျွန်တော်တောင်းဆိုတယ်။ ဒါ့ပြင် ကျွန်တော်တို့မှာ လယ်ကွင်းလုပ်ငန်းအတွက် လေ့ကျင့်တဲ့အချိန်လည်းရှိတယ်၊ ဒါကြောင့် ကလေးတစ်ယောက်စီဟာ တင်ဆက်မှုတစ်ခုစီပြင်ဆင်ကြတယ်။” ဟိုင်ဒီ ဤသို့ပြောသည်– “ကျွန်မတို့အားလုံး ကိုယ်တက်လှမ်းချင်တဲ့ဝိညာဉ်ရေးပန်းတိုင်တွေကို ရေးမှတ်ထားကြတယ်၊ ကျွန်မတို့ ဘာတွေတိုးတက်နေသလဲဆိုတာကိုသိဖို့ မိသားစုသင်အံမှုပြုလုပ်ချိန်အတွင်း အဲဒါတွေကို အခါအားလျော်စွာ ပြန်သုံးသပ်ကြတယ်။” ရုပ်မြင်သံကြားမကြည့်သည့် ပုံမှန်ညများထားရှိခြင်းက မိသားစုတစ်စုလုံးကို ဆိတ်ငြိမ်စွာစာဖတ်ရန် အခွင့်အရေးရရှိစေသည်ကိုလည်း ဤဇနီးမောင်နှံတွေ့ ရှိသည်။

အသင်းတော်အစည်းအဝေးများ

မိုက်ခ်နှင့် ဒနိစ်တို့သည် ကလေးလေးယောက်ကို ပြုစုပျိုးထောင်ခဲ့သည်။ သူတို့မိသားစုသည် အတူတကွလုပ်ဆောင်ခြင်းမှ မည်သို့အကျိုးရရှိခဲ့သနည်း။ မိုက်ခ် ဤသို့ပြောပြသည်– “အကောင်းဆုံးစီစဉ်ထားတာတောင်မှ မအောင်မြင်တဲ့အခါတွေရှိပါတယ်၊ ဒါပေမဲ့ ပူးပေါင်းလုပ်ဆောင်တာက အစည်းအဝေးကိုအချိန်မီရောက်နိုင်အောင် အထောက်အကူပြုတာကို တွေ့ရတယ်။” ဒနိစ် ဤသို့ ရှင်းပြသည်– “ကလေးတွေ ကြီးပြင်းလာနေစဉ်အတွင်း ယောက်တိုင်းမှာလုပ်စရာလေးတွေရှိကြတယ်။ ကျွန်မတို့ရဲ့သမီး ကင်းမ်ဟာ အချက်အပြုတ်နဲ့ ထမင်းပွဲပြင်တာတွေ ကူလုပ်တယ်။” သူတို့၏သား မိုက်ကယ်သည် မိမိမှတ်မိရာများကို ဤသို့ပြန်ပြောပြသည်– “အင်္ဂါနေ့ညမှာ ကျွန်တော်တို့အိမ်မှာ အသင်းတော်အစည်းအဝေးတစ်ခုရှိတယ်။ ဒါကြောင့် အခန်းကို သန့်ရှင်းရေးလုပ်ကြတယ်၊ ကြမ်းပြင်ကို ဖုန်စုပ်တယ်၊ ပြီးတော့ ခုံတွေစီထားကြတယ်။” နောက်သားတစ်ယောက်ဖြစ်သူ မက်သယူးက ဤသို့ထပ်ပြောပြသည်– “အဖေဟာ အစည်းအဝေးရှိတဲ့ညတွေမှာဆိုရင် အစည်းအဝေးအတွက်အဆင်သင့်ဖြစ်ရအောင် ကျွန်တော်တို့ကိုကူညီဖို့ အလုပ်ကနေ စောစောအိမ်ပြန်ရောက်တတ်တယ်။” အဘယ်အကျိုးရလဒ်များရှိသနည်း။

ကြိုးစားအားထုတ်ရကျိုးနပ်

မိုက်ခ် ဤသို့ပြန်ပြောပြသည်– “၁၉၈၇ ခုနှစ်မှာ ကျွန်တော်နဲ့ ဒနိစ်ဟာ ရှေ့ဆောင်တွေအဖြစ် စတင်အမှုဆောင်ခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ရဲ့ကလေးသုံးယောက်ဟာ အိမ်မှာပဲ ရှိနေသေးတယ်။ ကလေးတွေထဲကနှစ်ယောက်က ရှေ့ဆောင်တွေဖြစ်လာကြပြီး နောက်နှစ်ယောက်ကတော့ ဗေသလဆောက်လုပ်ရေးစီမံကိန်းတွေမှာ လုပ်ဆောင်ခဲ့ကြတယ်။ ကျွန်တော်တို့မိသားစုအတွက် ထပ်တိုးလာတဲ့ပျော်ရွှင်မှုကတော့ လူအယောက် ၄၀ ကို မိမိတို့ကိုယ်ကိုအပ်နှံပြီး နှစ်ခြင်းခံတဲ့အထိ ကူညီပေးနိုင်ခဲ့ခြင်းပါပဲ။ ဆောက်လုပ်ရေးစီမံကိန်းတွေမှာ မိသားစုလိုက်လုပ်ဆောင်ရတဲ့ အခွင့်ထူးလည်းရရှိတယ်၊ တခြားနိုင်ငံတွေတောင် သွားခဲ့ရတယ်။”

မှန်ပါသည်၊ မိသားစုလိုက်ပူးပေါင်းလုပ်ဆောင်ခြင်းသည် ကြိုးစားအားထုတ်ရကျိုးနပ်သည်။ သင့်မိသားစုတွင် တစ်ဦးနှင့်တစ်ဦးပူးပေါင်းလုပ်ဆောင်နိုင်သည့် အခြားနည်းလမ်းများကို တွေ့ ရှိနိုင်သလော။ ပူးပေါင်းလုပ်ဆောင်လိုစိတ်ရှိခြင်းက သင့်မိသားစုအား ထပ်ဆင့်ဝိညာဉ်ရေးတိုးတက်မှုရှိရန် အထောက်အကူပြုမည်ကို စိတ်ချနိုင်သည်။

[စာမျက်နှာ ၂၈ ပါရုပ်ပုံ]

လေ့ကျင့်မှုအစီအစဉ်များသည် လယ်ကွင်းဓမ္မအမှုတွင်တိုးတက်ဖို့ အထောက်အကူပြု