မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝေးလံသောဒေသများသို့ အမှန်တရားမျိုးစေ့ ရောက်ရှိ

ဝေးလံသောဒေသများသို့ အမှန်တရားမျိုးစေ့ ရောက်ရှိ

ဝေးလံသောဒေသများသို့ အမှန်တရားမျိုးစေ့ ရောက်ရှိ

ရုရှားရှိ တူဗားသမ္မတနိုင်ငံသည် ဆိုက်ဘေးရီးယားတောင်ဘက်စွန်းတွင်တည်ရှိပြီး အရှေ့နှင့်တောင်ဘက်တွင် မွန်ဂိုလီးယားနိုင်ငံရှိသည်။ တူဗားတွင် များစွာသောလူတို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းရောက်ရန်ခက်ခဲသည့် ဝေးလံခေါင်သီသောအရပ်ဒေသများတွင် နေထိုင်ကြသည်။ သို့သော် မကြာသေးမီက လူတစ်စုသည် တူဗား၏ဝေးလံသောနေရာအသီးသီးမှ ယင်း၏မြို့တော်ခဲယ်ဇီရာယ်သို့ နှီးနှောဖလှယ်ပွဲတစ်ခုတက်ရောက်ရန် ခရီးထွက်လာခဲ့ကြသည်။ ခဲယ်ဇီရာယ်မှရှေ့ဆောင်တစ်ဦးဖြစ်သူ မာရီယာသည် သူတို့လာကြောင်းကိုသိရှိရ၍ ယင်းကို သူတို့အားသတင်းကောင်းဝေမျှရန် ကြုံတောင့်ကြုံခဲသောအခွင့်အရေးအဖြစ် သူယူမှတ်ခဲ့သည်။

အဘယ်အရာဖြစ်ပျက်ခဲ့သည်ကို မာရီယာပြောပြသည်– “ကျွန်မ ဆရာမလုပ်တဲ့ကျောင်းမှာ မူးယစ်ဆေးဝါးအလွဲသုံးခြင်းနဲ့ဆိုင်တဲ့ နှီးနှောဖလှယ်ပွဲတစ်ခုစီစဉ်ထားတယ်။ တူဗားအစွန်အဖျားဒေသက လူ ၅၀ လောက်တက်ရောက်မှာဖြစ်တယ်။ အဲ့ဒီအုပ်စုမှာ ကျောင်းဆရာ/ဆရာမတွေ၊ စိတ်ပညာရှင်တွေ၊ ကလေးစောင့်ရှောက်ရေးအရာရှိတွေနဲ့ အခြားသူတွေပါတယ်။” ယင်းအစည်းအဝေးသည် မာရီယာအတွက် အခွင့်အရေးတစ်ခုဖြစ်ပြီး စိန်ခေါ်ချက်လည်းဖြစ်သည်။ သူဤသို့ရှင်းပြသည်– “ကျွန်မဟာ ရှက်တတ်တဲ့သူတစ်ယောက်ဖြစ်ပြီး အလွတ်သဘောသက်သေခံဖို့ ခက်နေတယ်။ ဒါပေမဲ့ ကြောက်တတ်တဲ့စိတ်ကိုကျော်လွှားနိုင်အောင်၊ သက်သေခံဖို့ ဒီအခွင့်အရေးကိုအသုံးပြုနိုင်အောင် ခွန်အားပေးပါလို့ ယေဟောဝါဆီဆုတောင်းခဲ့တယ်။” သူအောင်မြင်ခဲ့ပါသလော။

မာရီယာ ဤသို့ဆက်ပြောသည်– “အကြောက်လွန်ခြင်းအကြောင်း ဆွေးနွေးထားတဲ့ နိုးလော့မဂ္ဂဇင်းတစ်စောင်ကို ကျွန်မတွေ့ရှိခဲ့တယ်။ ‘ဒီမဂ္ဂဇင်းကို စိတ်ပညာရှင်တစ်ဦးစိတ်ဝင်စားလိမ့်မယ်’ လို့ ကျွန်မယူဆတဲ့အတွက် အဲ့ဒီမဂ္ဂဇင်း ကျောင်းကိုယူခဲ့တယ်။ အဲ့ဒီနေ့မှာ နှီးနှောဖလှယ်ပွဲတက်ရောက်သူတွေထဲက ဆရာမတစ်ယောက်ဟာ ကျွန်မရဲ့ရုံးခန်းထဲဝင်လာတယ်၊ ကျွန်မ သူ့ကိုမဂ္ဂဇင်းပေးလိုက်တယ်။ သူဝမ်းသာစွာပဲလက်ခံခဲ့တယ်။ အမှန်မှာ သူကိုယ်တိုင်အကြောက်လွန်သူဖြစ်ကြောင်းပြောပြတယ်။ နောက်နေ့ သူ့အတွက် လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁ စာအုပ်ယူသွားပေးတယ်။ အဲ့ဒါကိုလည်း သူဝမ်းသာစွာပဲလက်ခံခဲ့တယ်။ သူရဲ့အပြုသဘောပါပါတုံ့ပြန်မှုက အဲ့ဒီစာပေကို တခြားဆရာ/ဆရာမတွေလည်းစိတ်ဝင်စားကြလိမ့်မယ်လို့ ကျွန်မကိုယူဆစေခဲ့တယ်။ ဒါကြောင့် လူငယ်များအမေး စာအုပ်ပုံးတစ်ပုံးနဲ့ အခြားစာပေတွေ ကျောင်းကိုယူသွားတယ်။” သိပ်မကြာပါ၊ စာအုပ်ပုံးတစ်ပုံးလုံးကုန်သွားသည်။ မာရီယာက အဘယ်အရာဖြစ်ပျက်ခဲ့သည်ကို ဤသို့ဖော်ပြသည်– “လူငယ်များအမေး စာအုပ်ကို ကျွန်မပေးခွင့်ရခဲ့တဲ့ ဆရာ/ဆရာမအတော်များများဟာ ကျွန်မရုံးခန်းကိုလာပြီး ‘စာအုပ်တွေကို ဘယ်မှာဝေပေးနေတာလဲ’ လို့မေးကြတဲ့သူတွေဖြစ်တယ်။” သူတို့ နေရာမှန်သို့ ရောက်လာခဲ့ကြခြင်းဖြစ်သည်။

ဆွေးနွေးပွဲ၏နောက်ဆုံးနေ့သည် စနေနေ့ဖြစ်သည်။ ယင်းနေ့သည် မာရီယာ၏နားရက်ဖြစ်သည်၊ ထို့ကြောင့် သူသည် သူ့ရုံးခန်းရှိစားပွဲအတော်များများပေါ်တွင် စာပေစာတမ်းများကိုတင်ထားခဲ့သည်။ သင်ပုန်းပေါ်တွင် သူဤသို့ရေးခဲ့သည်– “ချစ်လှစွာသောဆရာ/ဆရာမများ၊ သင်နှင့် သင်တို့၏မိတ်ဆွေတို့အတွက် စာပေစာတမ်းများကို ယူသွားနိုင်ပါသည်။ ဤအလွန်ကောင်းမွန်သောစာပေများသည် သင်တို့၏အလုပ်တွင်အောင်မြင်မှုရရန်၊ သင်တို့မိသားစုခိုင်မြဲစေရန် အထောက်အကူပြုပါလိမ့်မည်။” တုံ့ပြန်မှုကား အဘယ်နည်း။ “အဲ့ဒီနေ့ ကျွန်မရုံးခန်းကိုသွားတဲ့အခါ စာပေစာတမ်းအတော်များများ မရှိတော့တာကိုတွေ့ခဲ့ရတယ်။ စာအုပ်တွေနဲ့မဂ္ဂဇင်းတွေကို ကျွန်မ မြန်မြန်ပဲထပ်ယူခဲ့တယ်။” နှီးနှောဖလှယ်ပွဲအပြီးတွင် မာရီယာသည် မဂ္ဂဇင်းစောင်ရေ ၃၈၀၊ စာအုပ် ၁၇၃ အုပ်နှင့် ဘရိုရှာ ၃၄ စောင်တို့ကိုဝေငှခဲ့ရသည်။ နှီးနှောဖလှယ်ပွဲတက်ရောက်လာသူတို့သည် သူတို့နေထိုင်လုပ်ကိုင်ကြသည့် အစွန်အဖျားဒေသသို့ပြန်သွားသောအခါ သူတို့နှင့်အတူ စာပေစာတမ်းများ ပါသွားခဲ့ကြသည်။ မာရီယာ ဤသို့ပြောသည်– “အခု တူဗားအစွန်အဖျားကျတဲ့နေရာတွေကို အမှန်တရားမျိုးစေ့ရောက်ရှိသွားတဲ့အတွက် ကျွန်မအရမ်းကိုပျော်ပါတယ်။”—ဒေ. ၁၁:၆

[စာမျက်နှာ ၃၂ ပါမြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ရုရှား

တူဗားသမ္မတနိုင်ငံ