ကမ္ဘာမြေပေါ်ထာဝရအသက် —ပြန်လည်ဖော်ထုတ်ခဲ့သောမျှော်လင့်ချက်
ကမ္ဘာမြေပေါ်ထာဝရအသက် —ပြန်လည်ဖော်ထုတ်ခဲ့သောမျှော်လင့်ချက်
“သင်ဒံယေလမူကား ဆုံးခန်းကာလတိုင်အောင် ဤစကားတော်ကို လျှို့ဝှက်ထား . . . လော့။ လူအများတို့သည် လှည့်လည်သွားလာကြ၍ မှန်သောအသိပညာ တိုးပွားလိမ့်မည်။”—ဒံ. ၁၂:၄၊ ကဘ။
၁၊ ၂။ ဤဆောင်းပါးတွင် အဘယ်မေးခွန်းများကို သုံးသပ်ကြမည်နည်း။
ယနေ့ သန်းနှင့်ချီသောသူတို့သည် မြေကြီးပရဒိသုတွင် ထာဝစဉ်အသက်ရှင်မည်ဟူသော ကျမ်းစာအခြေပြုမျှော်လင့်ချက်ကို ရှင်းရှင်းလင်းလင်းနားလည်ကြသည်။ (ဗျာ. ၇:၉၊ ၁၇) လူ့သမိုင်းအစတွင် ဘုရားသခင်သည် လူကို နှစ်အနည်းငယ်အသက်ရှင်စေပြီး သေဆုံးသွားရန်မဟုတ်ဘဲ ထာဝစဉ်အသက်ရှင်ရန် ဖန်ဆင်းထားခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောခဲ့သည်။—က. ၁:၂၆-၂၈။
၂ အာဒံဆုံးရှုံးခဲ့သောစုံလင်မှုကို လူသားတို့ပြန်လည်ရရှိခြင်းသည် ဣသရေလလူတို့၏မျှော်လင့်ချက်တွင် ပါဝင်ခဲ့သည်။ မြေကြီးပရဒိသုပေါ် လူသားတို့ထာဝစဉ်အသက်ရှင်နိုင်ရန် ဘုရားသခင်လုပ်ဆောင်မည့်နည်းလမ်းများကို ခရစ်ယာန်ဂရိကျမ်းစောင်များတွင် ရှင်းပြထားသည်။ သို့ဖြစ်လျှင် လူ့မျှော်လင့်ချက်ကို အဘယ်ကြောင့် ပြန်လည်ဖော်ထုတ်ဖို့ လိုအပ်ခဲ့ရသနည်း။ ယင်းကိုမည်သို့ဖော်ထုတ်ခဲ့ပြီး သန်းနှင့်ချီသောသူတို့ မည်သို့သိရှိခဲ့သနည်း။
မျှော်လင့်ချက် မှေးမှိန်ခဲ့
၃။ လူသားတို့၏ ကမ္ဘာမြေပေါ်ထာဝရအသက်မျှော်လင့်ချက် မှေးမှိန်ခဲ့ခြင်းမှာ အဘယ်ကြောင့်အံ့အားသင့်စရာမဟုတ်သနည်း။
၃ ယေရှုက ပရောဖက်အတုအယောင်တို့သည် ကိုယ်တော်၏သွန်သင်ချက်များကို ပျက်စီးယိုယွင်းစေကြပြီး လူအများစုကို လှည့်ဖြားကြမည်ဟု ကြိုဟောခဲ့သည်။ (မ. ၂၄:၁၁) “သင်တို့တွင်လည်း ဆရာအတုအယောင်များ ရှိလိမ့်မည်” ဟုခရစ်ယာန်များအား တမန်တော်ပေတရု သတိပေးခဲ့၏။ (၂ ပေ. ၂:၁) “လူတို့သည် အကျိုးဖြစ်ထွန်းသောသွန်သင်ချက်ကို နားမထောင်လိုတော့ဘဲ မိမိတို့ကြားလိုရာများ ပြောပေးမည့်ဆရာတို့ကို ရှာဖွေကြမည့်အချိန်ကာလ” အကြောင်း တမန်တော်ပေါလုပြောခဲ့သည်။ (၂ တိ. ၄:၃၊ ၄) စာတန်သည် လူများကိုလှည့်ဖြားရာတွင်ပါဝင်ခဲ့ပြီး လူသားနှင့်ကမ္ဘာမြေအတွက် ဘုရားသခင့်ရည်ရွယ်ချက်ဆိုင်ရာ နှလုံးနွေးထွေးဖွယ်အမှန်တရားကို မှေးမှိန်သွားစေရန် အယူဖောက်ပြန်သောခရစ်ယာန်ဘာသာကို အသုံးပြုခဲ့သည်။—၂ ကောရိန္သု ၄:၃၊ ၄ ကိုဖတ်ပါ။
၄။ အယူဖောက်ပြန်သော ဝတ်ပြုရေးခေါင်းဆောင်များက လူသားတို့၏အဘယ်မျှော်လင့်ချက်ကို ငြင်းပယ်ခဲ့ကြသနည်း။
၄ ဘုရားသခင်နိုင်ငံတော်ဟူသည် လူ့အုပ်ချုပ်မှုအားလုံးကို အစတုံးဖျက်ဆီးမည့် ကောင်းကင်အစိုးရဖြစ်ကြောင်း သမ္မာကျမ်းစာက ရှင်းပြသည်။ (ဒံ. ၂:၄၅) ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်ချိန်အတွင်း စာတန်ကို တွင်းနက်ကြီးထဲတွင် ဖမ်းချုပ်ထားမည်ဖြစ်ကာ သေလွန်သူများ ရှင်ပြန်ထမြောက်လာကြပြီး လူသားတို့သည် ကမ္ဘာမြေပေါ် စုံလင်ခြင်းအဖြစ်သို့ ပြန်လည်ရောက်ရှိလာကြမည်။ (ဗျာ. ၂၀:၁-၃၊ ၆၊ ၁၂; ၂၁:၁-၄) သို့သော် အယူဖောက်ပြန်သော ခရစ်ယာန်ဘောင်ဘာသာရေးခေါင်းဆောင်တို့သည် အခြားသောအယူအဆများကို ယုံကြည်လက်ခံခဲ့ကြသည်။ ဥပမာ၊ တတိယရာစုမှ ချာ့ခ်ျဖခင် အလက်ဇန္ဒြီယားမြို့သား ဩရီဂျင်က အနှစ်တစ်ထောင်အုပ်ချုပ်မှုသည် မြေကြီးပေါ်ကောင်းချီးများဖြစ်စေမည်ဟု ယုံကြည်သူတို့အား ပြစ်တင်ရှုတ်ချခဲ့သည်။ ကက်သလစ်ဓမ္မပညာရှင် ဟစ်ပိုမြို့မှ ဩဂတ်စတင်း (စီအီး ၃၅၄-၄၃၀) က “အနှစ်တစ်ထောင်အုပ်ချုပ်မှုရှိမည်မဟုတ်ဟူသည့် အယူအဆကို ထောက်ခံခဲ့သည်” ဟု ကက်သလစ်စွယ်စုံကျမ်းကဆို၏။ *
၅၊ ၆။ ဩရီဂျင်နှင့် ဩဂတ်စတင်းတို့သည် အနှစ်တစ်ထောင်ယုံကြည်ချက်ကို အဘယ်ကြောင့် ဆန့်ကျင်ခဲ့ကြသနည်း။
၅ ဩရီဂျင်နှင့် ဩဂတ်စတင်းတို့သည် အနှစ်တစ်ထောင်ယုံကြည်ချက်ကို အဘယ်ကြောင့်ဆန့်ကျင်ခဲ့ကြသနည်း။ ဩရီဂျင်သည် ဂရိထုံးတမ်းစဉ်လာမှ ဝိညာဉ်စိုးလ်မသေအယူအဆကိုလက်ခံသူ အလက်ဇန္ဒြီးယားမြို့သား ကလီးမင့်၏ တပည့်တစ်ဦးဖြစ်သည်။ ဝိညာဉ်စိုးလ်နှင့်ပတ်သက်၍ ပလေတို၏အယူအဆ အကြီးအကျယ်လွှမ်းမိုးမှုခံရကာ ဩရီဂျင်သည် “ပလေတိုထံမှရယူခဲ့သည့် ဝိညာဉ်စိုးလ်နှင့်ပတ်သက်သော ဇာတ်လမ်းရှည်တစ်ပိုဒ်လုံးကို ခရစ်ယာန်အယူဝါဒတွင်းသို့ ထည့်သွင်းခဲ့သည်” ဟုဓမ္မပညာရှင် ဗာနာ ယေဂါက ဖော်ပြသည်။ သို့ဖြင့် ဩရီဂျင်သည် အနှစ်တစ်ထောင်တွင်
ခံစားရသည့်မည်သည့်ကောင်းချီးမဆိုသည် မြေကြီးပေါ်တွင်မဟုတ်ဘဲ ဝိညာဉ်နယ်ပယ်တွင်ဖြစ်ရမည်ဟု သွန်သင်ခဲ့သည်။၆ “ခရစ်ယာန်ဘာသာ” သို့မပြောင်းမီ အသက် ၃၃ နှစ်တွင် ဩဂတ်စတင်းသည် တတိယရာစုတွင် ပလိုတီနပ်စ်ထွန်းကားစေခဲ့သော ပလေတို၏အတွေးအခေါ်ဖော်ပြချက်ကိုလိုက်စားသူ နီရိုပလေတိုနစ္စတစ်ဦးဖြစ်လာခဲ့သည်။ ဩဂတ်စတင်းသည် ဘာသာပြောင်းပြီးနောက် သူ၏အတွေးတွင် ပလေတို၏အယူဝါဒများ ဆက်ရှိနေခဲ့သည်။ “သူသည် ဓမ္မသစ်ကျမ်းမှအယူဝါဒများကို ဂရိအတွေးအခေါ်ပလေတို၏အယူအဆများနှင့် တစ်ထပ်တည်းဖြစ်အောင်ရောစပ်ရာတွင် အဓိကဖြစ်သည်” ဟုဗြိတဲန်နီကာစွယ်စုံကျမ်းသစ်ကဆိုသည်။ ဩဂတ်စတင်းက ဗျာဒိတ်ကျမ်း အခန်းကြီး ၂၀ တွင်ပုံဖော်ထားသော အနှစ်တစ်ထောင်အုပ်ချုပ်ချိန်သည် “ပုံဆောင်ချက်တစ်ရပ်မျှသာ” ဖြစ်သည်ဟုရှင်းပြကြောင်း ကက်သလစ်စွယ်စုံကျမ်းတွင် ဖော်ပြထား၏။ ဤသို့ထပ်ဆင့်ဆိုထား၏– “ယင်းရှင်းပြချက်ကို . . . ဆက်၍ပေါ်လာသော အနောက်တိုင်းဓမ္မပညာရှင်များက ခံယူခဲ့ကြပြီး အနှစ်တစ်ထောင်နှင့်ပတ်သက်သော အစောပိုင်းယုံကြည်ချက်ကို ထောက်ခံမှုမရှိတော့ပါ။”
၇။ အဘယ်မှားယွင်းသောယုံကြည်ချက်သည် ကမ္ဘာမြေပေါ်ထာဝရအသက်ရှင်ခြင်းဖြစ်သော လူ့မျှော်လင့်ချက်ကို မှေးမှိန်စေခဲ့သနည်း၊ မည်သို့အားဖြင့်နည်း။
၇ ရှေးဗာဗုလုန်နှင့် ကမ္ဘာတစ်ဝန်းတွင်ပျံ့နှံ့နေသော အယူအဆတစ်ခုဖြစ်သည့် လူ့ကိုယ်ခန္ဓာတွင် မသေနိုင်သောဝိညာဉ် ကိန်းအောင်းနေသည်ဟူသည့် အယူအဆကြောင့် လူသားတို့၏ ကမ္ဘာမြေပေါ်ထာဝစဉ်အသက်ရှင်ရန် မျှော်လင့်ချက်သည် မှေးမှိန်ခဲ့ရသည်။ ခရစ်ယာန်ဘောင်သည် ယင်းအယူအဆကို လက်ခံခဲ့ချိန်တွင် ဓမ္မပညာရှင်များသည် ကောင်းကင်မျှော်လင့်ချက်အကြောင်း ဖော်ပြသောကျမ်းချက်များကို လူကောင်းအားလုံး ကောင်းကင်သွားကြောင်းသွန်သင်သည်ဟု ကျမ်းစာကို မလိမ့်တစ်ပတ်လှည့်ခဲ့ကြသည်။ ယင်းရှုမြင်ချက်အရ ကမ္ဘာမြေပေါ်လူတစ်ဦး၏အသက်တာသည် ကောင်းကင်တွင် အသက်ရှင်ထိုက်သူဟုတ်မဟုတ် ပိုင်းဖြတ်စမ်းသပ်ရန် ယာယီရည်ရွယ်ချက်အတွက်ဖြစ်သည်။ ကမ္ဘာမြေပေါ်ထာဝရအသက်ရှင်ခြင်းဆိုင်ရာ ဂျူးတို့၏မူလမျှော်လင့်ချက်လည်း အလားတူအဖြစ်မျိုး ဖြစ်ခဲ့သည်။ ဂျူးများသည် ဂရိတို့၏ဝိညာဉ်မသေအယူအဆကို တဖြည်းဖြည်းလက်ခံယုံကြည်လာသည်နှင့် ကမ္ဘာမြေပေါ်အသက်တာဖြစ်သော မိမိတို့၏မူလမျှော်လင့်ချက် မှေးမှိန်ခဲ့သည်။ လူနှင့်ပတ်သက်၍ သမ္မာကျမ်းစာဖော်ပြချက်နှင့် အလွန်ကွာခြားသွားခဲ့သည်။ လူသည် ရုပ်ခန္ဓာရှိသောသတ္တဝါဖြစ်သည်၊ ဝိညာဉ်သတ္တဝါမဟုတ်ပါ။ ယေဟောဝါက ပထမလူသားကို “သင်သည် မြေမှုန့်ဖြစ်” သည်ဟုမိန့်တော်မူခဲ့၏။ (က. ၃:၁၉) လူ၏ထာဝရစံအိမ်မှာ ကမ္ဘာမြေဖြစ်သည်၊ ကောင်းကင်မဟုတ်ပါ။—ဆာလံ ၁၀၄:၅; ၁၁၅:၁၆ တို့ကိုဖတ်ပါ။
အမှောင်ထဲတွင် အမှန်တရားအလင်းထွန်းလင်း
၈။ ၁၆၀၀ ပြည့်လွန်နှစ်များမှ ကျမ်းပညာရှင်အချို့သည် လူ့မျှော်လင့်ချက်နှင့်ပတ်သက်၍ အဘယ်အရာဆိုခဲ့ကြသနည်း။
၈ ခရစ်ယာန်ဟုဆိုကြသောဘာသာတရားအများစုသည် ကမ္ဘာမြေပေါ် ထာဝရအသက်မျှော်လင့်ချက်ကို ငြင်းပယ်ကြသော်လည်း စာတန်သည် အမှန်တရားကို မှေးမှိန်စေရာတွင် အမြဲမအောင်မြင်ခဲ့ပါ။ ခေတ်ကာလတစ်လျှောက် သမ္မာကျမ်းစာကို အသေအချာဖတ်ရှုသူအနည်းငယ်သည် လူသားတို့ကို စုံလင်ခြင်းသို့ ဘုရားသခင်မည်သို့ပြန်လည်ရောက်ရှိစေမည်နှင့်ဆိုင်သော အသွင်အပြင်တချို့ကို နားလည်ခြင်းဖြင့် အမှန်တရားအလင်းကို တွေ့မြင်ခဲ့ကြသည်။ (ဆာ. ၉၇:၁၁; မ. ၇:၁၃၊ ၁၄; ၁၃:၃၇-၃၉) ၁၆၀၀ ပြည့်လွန်နှစ်များတွင် သမ္မာကျမ်းစာဘာသာပြန်ခြင်းနှင့် ပုံနှိပ်ခြင်းကြောင့် သမ္မာကျမ်းစာကို ပို၍ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ခဲ့သည်။ ၁၆၅၁ ခုနှစ်တွင် ကျမ်းပညာရှင်တစ်ဦး ဤသို့ရေးခဲ့၏– အာဒံအားဖြင့် လူသားတို့သည် “ပရဒိသုနှင့် ကမ္ဘာမြေပေါ်ထာဝရအသက်ကို ဆုံးရှုံးခဲ့” သောကြောင့် ခရစ်တော်အားဖြင့် “လူသားအားလုံးသည် ကမ္ဘာမြေပေါ်တွင် အသက်ရှင်ရန်ဖြစ်စေပါလိမ့်မည်; တခြားအရာနှင့်နှိုင်းယှဉ်ခြင်းသည် မသင့်လျော်ပါ။” (၁ ကောရိန္သု ၁၅:၂၁၊ ၂၂ ကိုဖတ်ပါ။) အင်္ဂလိပ်စကားပြောလောကတွင် နာမည်ကြီးကဗျာဆရာတစ်ဦးဖြစ်သူ ဂျွန် မီလ်တန် (၁၆၀၈-၁၆၇၄) က ပရဒိသုပျောက်ဆုံးခြင်းစာအုပ်ရေးခဲ့ပြီး ပရဒိသုပြန်လည်ရရှိခြင်းစာအုပ်ဆက်ရေးခဲ့ သည်။ မြေကြီးပရဒိသုတွင် တည်ကြည်သူတို့ရရှိမည့်ဆုကျေးဇူးအကြောင်း မိမိ၏ရေးသားရာများတွင် မီလ်တန်ရည်ညွှန်းခဲ့သည်။ မီလ်တန်သည် သူ၏အသက်တာအများစုကို သမ္မာကျမ်းစာလေ့လာမှုတွင် မြှုပ်နှံခဲ့သော်လည်း ခရစ်တော်ရောက်ရှိနေခြင်းအချိန်မတိုင်မီ သမ္မာကျမ်းစာအမှန်တရားကို အပြည့်အဝနားလည်သဘောပေါက်မည်မဟုတ်ဟု သူအသိအမှတ်ပြုခဲ့သည်။
၉၊ ၁၀။ (က) အိုက်ဇက် နယူတန်သည် လူ့သားတို့၏မျှော်လင့်ချက်အကြောင်း အဘယ်အရာရေးသားခဲ့သနည်း။ (ခ) နယူတန်အဖို့ ခရစ်တော်ရောက်ရှိနေခြင်းအချိန်သည် အဝေးတွင်ရှိပုံရခြင်းမှာ အဘယ်ကြောင့်နည်း။
၉ နာမည်ကျော်သင်္ချာပညာရှင် ဆာ အိုက်ဇက် နယူတန် (၁၆၄၂-၁၇၂၇) သည်လည်း သမ္မာကျမ်းစာကို လွန်စွာစိတ်ဝင်စားခဲ့သည်။ သန့်ရှင်းသူတို့သည် ကောင်းကင်အသက်တာသို့ ထမြောက်ကြမည်ဖြစ်ပြီး ခရစ်တော်နှင့်အတူ မျက်မြင်မရအုပ်ချုပ်ကြမည်ကို သူသဘောပေါက်ခဲ့သည်။ (ဗျာ. ၅:၉၊ ၁၀) ဘုရားသခင့်နိုင်ငံတော်လက်အောက်ခံများနှင့်ပတ်သက်၍ သူဤသို့ရေးခဲ့၏– “တရားစီရင်ရာနေ့ပြီးနောက်တွင် ကမ္ဘာမြေကြီးသည် လူသားတို့မှီတင်းနေထိုင်ရာနေရာ ဆက်ဖြစ်မည်ဖြစ်ပြီး အနှစ် ၁၀၀၀ သာမဟုတ်ပါ၊ ထာဝရတည်ရှိမည်။”
၁၀ ခရစ်တော်ရောက်ရှိနေခြင်းသည် ရာစုနှစ်များစွာလိုသေးကြောင်း နယူတန်သိရှိခဲ့သည်။ “ဘုရားသခင့်နိုင်ငံတော်သည် အလွန်ဝေးလှသောအနာဂတ်တွင်ရှိသည်ဟု နယူတန်ယူမှတ်ခဲ့ရသည့်အကြောင်းရင်းတစ်ခုမှာ သူ့ပတ်လည်တွင်တွေ့ရသော ရှုပ်ထွေးသည့်သုံးပါးပေါင်းတစ်ဆူကိုယုံကြည်သည့် အယူဖောက်ပြန်မှုကို သူလုံးလုံးအဆိုးမြင်သောကြောင့်ဖြစ်သည်” ဟုသမိုင်းပညာရှင် စတီဗင် စနိုဘလန်ကဆိုသည်။ သတင်းကောင်းသည် ဖုံးအုပ်ခံရဆဲဖြစ်ခဲ့သည်။ သတင်းကောင်းဟောပြောခြင်းဖြစ်နိုင်သော ခရစ်ယာန်လှုပ်ရှားမှုတစ်စုံတစ်ရာကိုမျှ နယူတန်မတွေ့ရှိခဲ့ပါ။ သူဤသို့ရေးခဲ့၏– “ဒံယေလနှင့် ယောဟန် [ဗျာဒိတ်ကျမ်းတွင်မှတ်တမ်းတင်ထားသောစာ] တို့၏ပရောဖက်ပြုချက်များကို နောက်ဆုံးသောကာလမရောက်မချင်း နားလည်မည်မဟုတ်ပါ။” နယူတန် ဤသို့ရှင်းပြခဲ့၏– “‘သို့ဖြစ်၍ လူအများတို့သည် လှည့်လည်သွားလာကြ၍ အသိပညာ တိုးပွားလိမ့်မည်’ ဟုဒံယေလပြောခြင်းဖြစ်သည်။ ကြီးစွာသောဆင်းရဲခြင်းနှင့် လောကစနစ်မကုန်ဆုံးမီ လူမျိုးအပေါင်းတို့အား သတင်းကောင်းဟောရမည်ဖြစ်သည်။ ကြီးစွာသောဆင်းရဲခြင်းမတိုင်မီ သတင်းကောင်းဟောပြောခြင်းမရှိခဲ့ပါက ကြီးစွာသောဆင်းရဲခြင်းမှထွက်လာကြသည့် စွန်ပလွံခက်ကိုင်ဆောင်ထားသော အုပ်စုကြီးသည် လူမျိုးအားလုံးထဲမှ မရေမတွက်နိုင်သောသူများ ဖြစ်နိုင်မည်မဟုတ်ပါ။”—ဒံ. ၁၂:၄; မ. ၂၄:၁၄; ဗျာ. ၇:၉၊ ၁၀။
၁၁။ မီလ်တန်နှင့် နယူတန်တို့ခေတ်တွင် များစွာသောသူတို့အတွက် လူသားတို့၏မျှော်လင့်ချက်သည် အဘယ်ကြောင့် မှေးမှိန်ဆဲဖြစ်ခဲ့သနည်း။
၁၁ မီလ်တန်နှင့် နယူတန်တို့ခေတ်တွင် ချာ့ခ်ျ၏တရားဝင်အယူဝါဒနှင့် ဆန့်ကျင်သည့်အယူအဆများကို ဖော်ပြခြင်းသည် အန္တရာယ်ရှိသည်။ ထို့ကြောင့် သမ္မာကျမ်းစာရှာဖွေတွေ့ရှိချက်များအကြောင်း သူတို့၏ ရေးသားထားချက်များစွာသည် သူတို့သေဆုံးပြီးနောက်ပိုင်းအထိ မထုတ်ဝေဖြစ်ခဲ့ပါ။ ၁၆ ရာစုပြုပြင်ပြောင်းလဲမှုက ဝိညာဉ်မသေသွန်သင်ချက်ကို ဖယ်ရှားရန်ပျက်ကွက်ခဲ့ပြီး ပင်မ,ပရိုတက်စတင့်ချာ့ခ်ျများက အနှစ်တစ်ထောင်အုပ်ချုပ်မှုသည် အနာဂတ်တွင်မဟုတ်ဘဲ အတိတ်တွင်ဖြစ်ခဲ့ပြီဟူသည့် ဩဂတ်စတင်း၏အယူအဆကို ဆက်၍သွန်သင်ခဲ့ကြသည်။ ဆုံးခန်းကာလတွင် အသိပညာတိုးပွားခဲ့ပြီလော။
“မှန်သောအသိပညာ တိုးပွားလိမ့်မည်”
၁၂။ မှန်သောအသိပညာသည် အဘယ်အချိန်တွင် တိုးပွားလာခဲ့သနည်း။
၁၂ ဒံယေလသည် “ဆုံးခန်းကာလ” နှင့်စပ်လျဉ်း၍ အလွန်အပြုသဘောဆောင်သော တိုးတက်ဖြစ်ပေါ်မှုအကြောင်း ကြိုဟောခဲ့သည်။ (ဒံယေလ ၁၂:၃၊ ၄၊ ၉၊ ၁၀ ကိုဖတ်ပါ။) “ထိုအခါ ဖြောင့်မတ်သူတို့သည် . . . နေကဲ့သို့ ထွန်းလင်းကြလိမ့်မည်” ဟုယေရှုမိန့်တော်မူခဲ့သည်။ (မ. ၁၃:၄၃) ဆုံးခန်းကာလတွင် မှန်သောအသိပညာသည် မည်သို့တိုးပွားလာခဲ့သနည်း။ ဆုံးခန်းကာလစတင်သည့်နှစ်ဖြစ်သော ၁၉၁၄ မတိုင်မီ ဆယ်စုနှစ်များအတွင်း သမိုင်းဝင်တိုးတက်ဖြစ်ပေါ်မှုအချို့ကို သုံးသပ်ကြည့်ပါ။
၁၃။ ချားလ်စ် တေ့ဇ် ရပ်စယ်လ်သည် လူသားတို့ စုံလင်ခြင်းသို့ပြန်လည်ရောက်ရှိခြင်းအကြောင်း ဆန်းစစ်ပြီးနောက် အဘယ်အရာရေးသားခဲ့သနည်း။
၁၃ ၁၈၀၀ ပြည့်လွန်နှစ်များကုန်ဆုံးခါနီးတွင် စိတ်ရိုးဖြောင့်သူများစွာသည် “အကျိုးဖြစ်ထွန်းသော တရားစကားတော်ပုံစံ” ကိုနားလည်သဘောပေါက်ရန် ရှာဖွေလေ့လာခဲ့ကြသည်။ (၂ တိ. ၁:၁၃) ထိုသူတို့ထဲမှတစ်ဦးမှာ ချားလ်စ် တေ့ဇ် ရပ်စယ်လ်ဖြစ်သည်။ ၁၈၇၀ ပြည့်နှစ်တွင် သူနှင့် အမှန်တရားရှာဖွေကြသော အခြားသူအနည်းငယ်သည် ကျမ်းစာလေ့လာမှုသင်တန်းတစ်ခုကို ဖွဲ့စည်းခဲ့သည်။ ၁၈၇၂ ခုနှစ်တွင် သူတို့သည် လူသားတို့ စုံလင်ခြင်းသို့ပြန်လည်ရောက်ရှိခြင်းအကြောင်း ဆန်းစစ်ခဲ့ကြသည်။ နောက်ပိုင်း ရပ်စယ်လ်ဤသို့ရေးခဲ့၏– “ယခုစမ်းသပ်ခံနေရသောချာ့ခ်ျ၏ဆုကျေးဇူးနှင့် တည်ကြည်သောသာမန်လူသားတို့၏ဆုကျေးဇူးအကြား အလွန့်အလွန်ကွဲပြားခြားနားမှုကို ကျွန်ုပ်တို့ ယခုအချိန်အထိ ရှင်းလင်းစွာမတွေ့မြင်ခဲ့ကြပါ။” တည်ကြည်သောသာမန်လူသားတို့၏ဆုကျေးဇူးမှာ “သူတို့၏ဘိုးဘေးကြီးအာဒံ တစ်ချိန်က ဧဒင်တွင်ပျော်မွေ့ခဲ့သော လူ့စုံလင်မှုသို့ ပြန်လည်ရောက်ရှိခြင်း” ဖြစ်ပါလိမ့်မည်။ ရပ်စယ်လ်က မိမိ၏ကျမ်းစာလေ့လာမှု တွင် အခြားသူတို့၏အကူအညီရရှိခဲ့ကြောင်း အသိအမှတ်ပြုခဲ့သည်။ ထိုသူတို့မှာ မည်သူတို့နည်း။
၁၄။ (က) ဟင်နရီ ဒါန်သည် တမန်တော် ၃:၂၁ ကို မည်သို့သဘောပေါက်ခဲ့သနည်း။ (ခ) မည်သူတို့သည် ကမ္ဘာမြေပေါ် ထာဝစဉ်အသက်ရှင်ကြမည်ဟု ဒါန်ဆိုခဲ့သနည်း။
၁၄ ဟင်နရီ ဒါန်သည် ထိုသူတို့ထဲမှတစ်ဦးဖြစ်သည်။ သူသည် “ရှေးခေတ်မှ သန့်ရှင်းသောပရောဖက်တို့၏နှုတ်ဖြင့် ဘုရားသခင် မိန့်မြွက်တော်မူခဲ့သည့်အတိုင်း အရာခပ်သိမ်းကို အသစ်တစ်ဖန်ပြုပြင်ရာကာလ” အကြောင်း ရေးသားခဲ့သည်။ (တ. ၃:၂၁) အသစ်တစ်ဖန်ပြုပြင်ခြင်းတွင် ခရစ်တော်၏ အနှစ်တစ်ထောင်အုပ်ချုပ်ချိန်အတွင်း လူသားတို့သည် ကမ္ဘာမြေပေါ် စုံလင်သည့်အဖြစ်သို့ ပြန်လည်ရောက်ရှိခြင်းပါဝင်ကြောင်း ဒါန်သိရှိခဲ့သည်။ များစွာသောသူတို့အဖို့ပဟေဠိဖြစ်သော ကမ္ဘာမြေပေါ်မည်သူတို့ထာဝစဉ်နေထိုင်ကြမည်နည်း မေးခွန်းကိုလည်း ဒါန်ဆန်းစစ်ခဲ့သည်။ သန်းနှင့်ချီသောသူများ ထမြောက်လာကြမည်ဖြစ်ပြီး အမှန်တရားသင်ယူကြရမည်ဖြစ်ကာ ခရစ်တော်ကိုယုံကြည်ကြောင်းတင်ပြရန် အခွင့်အရေးရရှိကြမည်ဟု သူရှင်းပြခဲ့သည်။
၁၅။ ဂျော့ခ်ျ စတောစ်သည် ရှင်ပြန်ထမြောက်ခြင်းအကြောင်း အဘယ်အရာသိရှိခဲ့သနည်း။
၁၅ မဖြောင့်မတ်သူတို့သည် ထာဝရအသက်ရှင်ခွင့်ရရန် ရှင်ပြန်ထမြောက်ကြလိမ့်မည်ဟု ၁၈၇၀ ပြည့်နှစ်တွင် ဂျော့ခ်ျ စတောစ်ကလည်း ကောက်ချက်ချခဲ့သည်။ ရှင်ပြန်ထမြောက်လာသူတစ်ဦးသည် ယင်းအခွင့်ထူးကို လက်ခံရန်ပျက်ကွက်ပြီး “‘အပြစ်ရှိသောသူသည် အသက်တစ်ရာရှိ’ လျှင်ပင် သေခြင်းတွင်လမ်းဆုံးသွားမည်” ကိုလည်းသမ္မာကျမ်းစာမှ သူတွေ့ရှိခဲ့သည်။ (ဟေရှာ. ၆၅:၂၀) စတောစ်သည် ဘရွတ်ကလင်၊ နယူးယောက်တွင်နေထိုင်ပြီး ကျမ်းစာဆန်းစစ်လေ့လာသူမဂ္ဂဇင်းကို ကြီးကြပ်ပုံနှိပ်ထုတ်ဝေခဲ့သည်။
၁၆။ အဘယ်အရာက ကျမ်းစာကျောင်းသားများကို ခရစ်ယာန်ဘောင်နှင့် တသီးတခြားဖြစ်စေခဲ့သနည်း။
၁၆ သတင်းကောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင်ပြုလုပ်ဖို့ အချိန်ကာလရောက်ရှိလာပြီဖြစ်ကြောင်း သမ္မာကျမ်းစာမှ ရပ်စယ်လ်သိရှိခဲ့သည်။ သို့ဖြစ်၍ သူသည် ၁၈၇၉ ခုနှစ်တွင် ယခု ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်းဟုခေါ်သော ဇိအုန်ကင်းမျှော်စင်နှင့် ခရစ်တော်ရောက်ရှိနေခြင်း၏သံတော်ဆင့်ကို စတင်ထုတ်ဝေခဲ့သည်။ ယခင်က လူသားတို့၏မျှော်လင့်ချက်နှင့်ပတ်သက်သော အမှန်တရားကို လူအနည်းငယ်သာ သဘောပေါက်ခဲ့ကြသော်လည်း ယခု နိုင်ငံများစွာရှိ ကျမ်းစာကျောင်းသားအုပ်စုများသည် ကင်းမျှော်စင်ကိုလက်ခံရရှိပြီး လေ့လာနေကြပြီဖြစ်သည်။ အနည်းငယ်သောသူတို့သာ ကောင်းကင်သို့သွားမည်ဖြစ်၍ သန်းပေါင်းများစွာသည် ကမ္ဘာမြေပေါ်တွင် စုံလင်သောလူ့အသက်ရရှိကြမည်ဟူသည့် ယုံကြည်ချက်က ကျမ်းစာကျောင်းသားများအား ခရစ်ယာန်ဘောင်များစွာမှ တသီးတခြားဖြစ်စေခဲ့သည်။
၁၇။ မှန်သောအသိပညာ မည်သို့တိုးပွားလာခဲ့သနည်း။
၁၇ ကြိုဟောထားသော “ဆုံးခန်းကာလ” သည် ၁၉၁၄ ခုနှစ်တွင်စတင်ခဲ့သည်။ လူသားတို့၏မျှော်လင့်ချက်နှင့်ပတ်သက်သည့် မှန်သောအသိပညာ တိုးပွားလာခဲ့သလော။ (ဒံ. ၁၂:၄၊ ကဘ) ၁၉၁၃ ခုနှစ်တွင် ရပ်စယ်လ်၏ဟောပြောချက်များကို သတင်းစာ ၂,၀၀၀ တွင်ပုံနှိပ်ထုတ်ဝေခဲ့ပြီး စာဖတ်သူစုစုပေါင်း ၁၅,၀၀၀,၀၀၀ ဖတ်ရှုခဲ့သည်။ ၁၉၁၄ ခုနှစ်ကုန်ခါနီးတွင် တိုက်ကြီးသုံးတိုက်ရှိ လူပေါင်း ၉,၀၀၀,၀၀၀ ကျော်သည် ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်ချိန်အကြောင်း ရှင်းပြထားသည့် ရုပ်ရှင်နှင့် ဆလိုက်ဓာတ်ပုံများပါသည့် “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” အစီအစဉ်ကို ကြည့်ရှုခဲ့ကြသည်။ ၁၉၁၈ မှ ၁၉၂၅ ခုနှစ်အထိ၊ ကမ္ဘာမြေပေါ်ထာဝရအသက်မျှော်လင့်ချက်အကြောင်း ရှင်းပြထားသည့် “ယနေ့အသက်ရှင်သူ လူသန်းပေါင်းများစွာ ဘယ်တော့မျှမသေတော့” ဟောပြောချက်ကို ကမ္ဘာတစ်ဝန်းတွင် ဘာသာစကား ၃၀ ကျော်ဖြင့် ယေဟောဝါ၏ကျေးကျွန်များ တင်ဆက်ခဲ့ကြသည်။ ၁၉၃၄ ခုနှစ်တွင်၊ ကမ္ဘာမြေပေါ်ထာဝရအသက်ရှင်ရန် မျှော်လင့်သူများသည် နှစ်ခြင်းခံသင့်ကြောင်း ယေဟောဝါသက်သေများ သိရှိခဲ့ကြသည်။ ယင်းသို့နားလည်သဘောပေါက်ခြင်းက ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းအတွက် သူတို့ကို ဇွဲသစ်လောင်းခဲ့သည်။ ယနေ့၊ ကမ္ဘာမြေပေါ်ထာဝရအသက်ရှင်မည့် အလားအလာကြောင့် သန်းနှင့်ချီသောသူတို့သည် ယေဟောဝါကို အလွန်ကျေးဇူးတင်ကြသည်။
“ထူးမြတ်သောလွတ်ခြင်းချမ်းသာ” ရှေ့တွင်ရှိ
၁၈၊ ၁၉။ ဟေရှာယ ၆၅:၂၁-၂၅ တွင် အဘယ်အသက်တာမျိုးကို ကြိုဟောထားသနည်း။
၁၈ ပရောဖက်ဟေရှာယသည် ဘုရားသခင့်လူမျိုး ကမ္ဘာမြေပေါ်ပျော်မွေ့ရမည့် အသက်တာမျိုးအကြောင်းရေးသားရန် မှုတ်သွင်းခံခဲ့ရသည်။ (ဟေရှာယ ၆၅:၂၁-၂၅ ကိုဖတ်ပါ။) ယင်းစကားများကို ဟေရှာယရေးသားချိန် လွန်ခဲ့သောနှစ်ပေါင်း ၂,၇၀၀ ခန့်က ရှင်သန်ပေါက်ရောက်ခဲ့သော အပင်တချို့သည် ယနေ့အချိန်အထိ သက်ရှိထင်ရှားဆဲဖြစ်သည်။ ခွန်အားရှိပြီး ကျန်းကျန်းမာမာဖြင့် ထိုမျှအသက်ရှင်သည်ဟု မိမိကိုယ်ကို မြင်ယောင်ကြည့်နိုင်သလော။
၁၉ တိုတောင်းသောလက်ရှိလူ့သက်တမ်းအစား တည်ဆောက်၊ စိုက်ပျိုး၊ သင်ယူရန် အဆုံးမဲ့အသက်ရှင်ခွင့်ကို ရရှိပါလိမ့်မည်။ သင်မိတ်ဖွဲ့နိုင်မည့် မိတ်ဆွေများကို စဉ်းစားကြည့်ပါ။ ထိုသို့မေတ္တာပါပေါင်းသင်းမှုသည် အချိန်ကာလအကန့်အသတ်မရှိ ဆက်၍ကြီးထွားသွားပါလိမ့်မည်။ ‘ဘုရားသခင့် သားသမီးတို့’ ကမ္ဘာမြေပေါ်ပျော်မွေ့ရမည့် “ထူးမြတ်သောလွတ်ခြင်းချမ်းသာ” ဖြစ်ပါလိမ့်မည်။—ရော. ၈:၂၁၊ သမ္မာကျမ်း။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 4 သြဂတ်စတင်းက ဘုရားသခင့်နိုင်ငံတော် အနှစ်တစ်ထောင်အုပ်ချုပ်မှုသည် အနာဂတ်တွင်မဟုတ်ဘဲ ချာ့ခ်ျတည်ထောင်ချိန်မှစတင်ခဲ့ပြီဟု အခိုင်အမာဆိုခဲ့၏။
သင်ရှင်းပြနိုင်သလော
• ကမ္ဘာမြေပေါ်အသက်ရှင်ရန် လူသားတို့၏မျှော်လင့်ချက်သည် မည်သို့မှေးမှိန်ခဲ့သနည်း။
• ၁၆၀၀ ပြည့်လွန်နှစ်များတွင် ကျမ်းစာဖတ်ရှုသူအချို့သည် အဘယ်အရာကို နားလည်သဘောပေါက်ခဲ့ကြသနည်း။
• ၁၉၁၄ ခုနှစ်နီးကပ်လာသည်နှင့်အမျှ လူသားတို့၏စစ်မှန်သောမျှော်လင့်ချက်သည် မည်သို့ပို၍ရှင်းလင်းလာခဲ့သနည်း။
• မြေကြီးမျှော်လင့်ချက်အကြောင်း အသိပညာသည် မည်သို့တိုးပွားလာခဲ့သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၃ ပါ ပုံစာ]
ကဗျာဆရာ ဂျွန် မီလ်တန် (ဘယ်) နှင့် သင်္ချာပညာရှင် အိုက်ဇက် နယူတန် (ညာ) တို့သည် ကမ္ဘာမြေပေါ် ထာဝရအသက်မျှော်လင့်ချက်အကြောင်း သိရှိခဲ့ကြ
[စာမျက်နှာ ၁၅ ပါ ပုံစာ]
လူသားတို့၏စစ်မှန်သောမျှော်လင့်ချက်ကို ကမ္ဘာတစ်ဝန်းသိရှိစေရန် အချိန်ကာလဖြစ်ကြောင်း အစောပိုင်းကျမ်းစာကျောင်းသားများသည် သမ္မာကျမ်းစာမှ သိရှိခဲ့ကြ