မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာမြေပေါ်ထာဝရအသက်—ဘုရားသခင်ပေးသောမျှော်လင့်ချက်

ကမ္ဘာမြေပေါ်ထာဝရအသက်—ဘုရားသခင်ပေးသောမျှော်လင့်ချက်

ကမ္ဘာမြေပေါ်ထာဝရအသက်—ဘုရားသခင်ပေးသောမျှော်လင့်ချက်

‘ဖန်ဆင်းခံအရာများသည် အချည်းနှီးဖြစ်ရသည်။ မျှော်လင့်ချက်ကြောင့်ဖြစ်ရ၏။’—ရော. ၈:၂၀

၁၊ ၂။ (က) ကမ္ဘာမြေပေါ်ထာဝရအသက်မျှော်လင့်ချက်သည် ကျွန်ုပ်တို့အတွက် အဘယ်ကြောင့်အရေးကြီးသနည်း။ (ခ) များစွာသောသူတို့သည် ကမ္ဘာမြေပေါ် ထာဝရအသက်ရှင်ခြင်းမျှော်လင့်ချက်နှင့်ပတ်သက်၍ အဘယ်ကြောင့် သံသယဝင်ကြသနည်း။

မဝေးတော့သည့်အနာဂတ်တွင် လူတို့သည် အိုမင်းခြင်း၊ သေခြင်းမရှိတော့ဘဲ ကမ္ဘာမြေပေါ် ထာဝစဉ်နေရမည်ဖြစ်ကြောင်း ဦးဆုံးသိရှိခဲ့ချိန်တွင် ခံစားခဲ့ရသည့်ရွှင်လန်းမှုကို သင်ပြန်အမှတ်ရပေမည်။ (ယော. ၁၇:၃; ဗျာ. ၂၁:၃၊ ၄) ကျမ်းစာပါယင်းမျှော်လင့်ချက်ကို အခြားသူတို့အားဝေမျှခြင်းတွင် သင်ပျော်မွေ့ခဲ့ပေမည်။ အမှန်ပင်၊ ထာဝရအသက်မျှော်လင့်ချက်သည် ကျွန်ုပ်တို့ဟောပြောသည့်သတင်းကောင်း၏ အရေးကြီးသောသွင်ပြင်တစ်ရပ်ဖြစ်သည်။ ယင်းမျှော်လင့်ချက်သည် ဘဝအပေါ်ကျွန်ုပ်တို့၏ရှုမြင်ပုံကိုလည်း ပုံသွင်းပေးသည်။

ခရစ်ယာန်ဘောင်ဘာသာတရားအများစုသည် ကမ္ဘာမြေပေါ် ထာဝရအသက်ရှင်ရန်မျှော်လင့်ချက်ကို အလေးမထားကြပါ။ လူသေပြီးနောက် အသက်ရှင်ကျန်ရစ်သည့်အရာမရှိဟု သမ္မာကျမ်းစာသွန်သင်သည့်တိုင် ချာ့ခ်ျအများစုက လူတွင် မသေနိုင်သောဝိညာဉ်ရှိပြီး လူသေဆုံးပြီးနောက် ဆက်အသက်ရှင်ကာ ဝိညာဉ်နယ်ပယ်တွင်နေထိုင်သည်ဟူ၍ ကျမ်းစာနှင့်မညီသောအယူဝါဒကို သွန်သင်ကြသည်။ (ယေဇ. ၁၈:၂၀) ထို့ကြောင့် များစွာသောသူတို့သည် ကမ္ဘာမြေပေါ်ထာဝရအသက်ရှင်မည်နှင့်ပတ်သက်၍ သံသယဝင်ကြသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့ဤသို့မေးနိုင်၏– သမ္မာကျမ်းစာသည် ယင်းမျှော်လင့်ချက်ကို အမှန်ပင်ထောက်ခံပါသလော။ ထောက်ခံပါက ဘုရားသခင်သည် လူသားတို့အား ယင်းမျှော်လင့်ချက်ကို အဘယ်အချိန်တွင် ဦးဆုံးဖော်ပြခဲ့သနည်း။

‘အချည်းနှီးဖြစ်ရသည်။ မျှော်လင့်ချက်ကြောင့်ဖြစ်ရ၏’

၃။ လူနှင့်ပတ်သက်သည့် ဘုရားသခင့်ရည်ရွယ်ချက်ကို လူ့သမိုင်းအစတွင် မည်သို့အထင်အရှားဖော်ပြခဲ့သနည်း။

လူသားတို့နှင့်ပတ်သက်သည့် ယေဟောဝါ၏ရည်ရွယ်ချက်ကို လူ့သမိုင်းအစတွင်ပင် အထင်အရှားဖော်ပြခဲ့ပြီးဖြစ်သည်။ အာဒံသာနာခံခဲ့မည်ဆိုလျှင် ထာဝစဉ်အသက်ရှင်မည်ဟု ဘုရားသခင်ရှင်းလင်းစွာဖော်ပြခဲ့သည်။ (က. ၂:၉၊ ၁၇; ၃:၂၂) အာဒံ၏အစောပိုင်းသားမြေးများသည် စုံလင်မှုမှလူသားကျဆင်းနေမှုကို အထင်အရှားတွေ့မြင်ခဲ့မည်မှာ ယုံမှားဖွယ်မရှိပါ။ ဧဒင်ဥယျာဉ်ဝင်ပေါက်ကိုပိတ်ထားပြီး လူတို့သည် အိုမင်းလာကာ သေဆုံးသွားကြသည်။ (က. ၃:၂၃၊ ၂၄) အချိန်ကုန်လွန်လာသည်နှင့်အမျှ လူ့သက်တမ်းသည် တဖြည်းဖြည်းတိုလာခဲ့သည်။ အာဒံသည် နှစ်ပေါင်း ၉၃၀ အသက်ရှင်ခဲ့သည်။ ရေလွှမ်းမိုးဘေးကိုကပ်ကျော်သူ ရှေမသည် နှစ်ပေါင်း ၆၀၀ နှင့် သူ့သားအာဖာဇဒ်သည် အသက် ၄၃၈ နှစ်သာအသက်ရှည်ခဲ့သည်။ အာဗြဟံအဖတေရသည် ၂၀၅ နှစ်အသက်ရှင်ခဲ့သည်။ အာဗြဟံ၏သက်တမ်းသည် ၁၇၅ နှစ်၊ သူ့သားဣဇာက်သည် ၁၈၀ နှစ်ဖြစ်ကာ ယာကုပ်သည် ၁၄၇ နှစ်ဖြစ်သည်။ (က. ၅:၅; ၁၁:၁၀-၁၃၊ ၃၂; ၂၅:၇; ၃၅:၂၈; ၄၇:၂၈) ထိုသို့သက်တမ်းတိုလာခြင်းကြောင့် ထာဝရအသက်ရှင်ရန်အလားအလာ ဆုံးရှုံးသွားပြီဟု များစွာသောသူတို့ ယူမှတ်ခြင်းဖြစ်ရမည်။ ထာဝရအသက်ပြန်ရနိုင်ကြောင်း မျှော်လင့်နိုင်သည့် အကြောင်းရင်းရှိပါသလော။

၄။ ဘုရားသခင်သည် အာဒံဆုံးရှုံးခဲ့သောကောင်းချီးများ ပြန်ပေးမည်ကိုယုံကြည်ရန် ရှေးကတည်ကြည်ခဲ့သောအမျိုးသားများတွင် အဘယ်အခြေခံအကြောင်းရင်းရှိခဲ့သနည်း။

ဘုရားသခင့်နှုတ်မြွက်တော်က ဤသို့ဆို၏– ‘ဖန်ဆင်းခံအရာများသည် အချည်းနှီးဖြစ်ရသည်။ မျှော်လင့်ချက်ကြောင့်ဖြစ်ရ၏။’ (ရော. ၈:၂၀) အဘယ်မျှော်လင့်ချက်နည်း။ သမ္မာကျမ်းစာပါ ဦးဆုံးပရောဖက်ပြုချက်တွင် ‘မြွေ၏ခေါင်းကိုကြိတ်’ မည့် “အမျိုးအနွယ်” အကြောင်း ဖော်ပြထားသည်။ (ကမ္ဘာဦး ၃:၁-၅၊ ၁၅ ကိုဖတ်ပါ။) တည်ကြည်သောလူသားတို့အဖို့ အမျိုးအနွယ်ဆိုင်ရာယင်းကတိတော်သည် လူသားတို့အတွက် မိမိ၏ရည်ရွယ်ချက်ကို ဘုရားသခင်စွန့်မည်မဟုတ်ကြောင်း မျှော်လင့်ချက်အတွက်အခြေခံဖြစ်ခဲ့သည်။ ယင်းသည် အာဗေလ၊ နောဧကဲ့သို့သောသူတို့အဖို့ ဘုရားသခင်သည် အာဒံဆုံးရှုံးခဲ့သောကောင်းချီးများပြန်ပေးမည်ကိုယုံကြည်ရန် အကြောင်းရင်းတစ်ခုဖြစ်ခဲ့သည်။ ‘အမျိုးအနွယ်၏ဖနောင့်ကိုကြိတ်’ ရာတွင် အသွေးသွန်းမှုရှိမည်ဖြစ်ကြောင်း ထိုသူတို့သိရှိခဲ့ပေမည်။—က. ၄:၄; ၈:၂၀; ဟေဗြဲ ၁၁:၄

၅။ ရှင်ပြန်ထမြောက်ခြင်းကို အာဗြဟံယုံကြည်ကြောင်း အဘယ်အရာက ဖော်ပြသနည်း။

အာဗြဟံကို သုံးသပ်ကြည့်ပါ။ အာဗြဟံသည် စမ်းသပ်ခံရသည့်အခါ “မိမိ၏တစ်ဦးတည်းသောသားကို ပူဇော်မည်ပြုလေ၏။” (ဟေဗြဲ ၁၁:၁၇) ထိုသို့ပြုရန် အဘယ်ကြောင့် သူတလိုတလားရှိခဲ့သနည်း။ (ဟေဗြဲ ၁၁:၁၉ ကိုဖတ်ပါ။) ရှင်ပြန်ထမြောက်ခြင်းကို သူယုံကြည်သောကြောင့်ဖြစ်သည်။ ရှင်ပြန်ထမြောက်ခြင်းကိုယုံကြည်ရန် အာဗြဟံတွင် အခြေခံအကြောင်းရင်းရှိသည်။ အမှန်မှာ၊ ယေဟောဝါသည် အာဗြဟံနှင့်သူ၏ဇနီးစာရာတို့ အိုမင်းရင့်ရော်ချိန်တွင် သားတစ်ဦးမွေးဖွားစေရန် မျိုးပွားနိုင်စွမ်းပြန်ရရှိစေခဲ့သည်။ (က. ၁၈:၁၀-၁၄; ၂၁:၁-၃; ရော. ၄:၁၉-၂၁) အာဗြဟံတွင် ယေဟောဝါ၏နှုတ်ထွက်စကားတော်လည်း ရှိထားသည်။ “ဣဇာက်၌သာ သင်၏အမျိုးတည်လိမ့်မည်” ဟု ဘုရားသခင် သူ့အားမိန့်တော်မူခဲ့၏။ (က. ၂၁:၁၂) ထို့ကြောင့် ဘုရားသခင်သည် ဣဇာက်ကို ရှင်ပြန်ထမြောက်ပေးမည်ဟုမျှော်လင့်ရန် အာဗြဟံတွင် အကြောင်းကောင်းရှိခဲ့သည်။

၆၊ ၇။ (က) ယေဟောဝါသည် အာဗြဟံနှင့် အဘယ်ပဋိညာဉ်ဖွဲ့ခဲ့သနည်း။ (ခ) အာဗြဟံအားပေးခဲ့သော ယေဟောဝါ၏ကတိတော်သည် မည်သို့အားဖြင့် လူသားတို့အတွက် မျှော်လင့်ချက်ဖြစ်သနည်း။

အာဗြဟံ၏ထူးခြားသောယုံကြည်ခြင်းကြောင့် ယေဟောဝါသည် အာဗြဟံ၏သားမြေး သို့မဟုတ် “အမျိုးအနွယ်” နှင့်စပ်လျဉ်း၍ သူနှင့်ပဋိညာဉ်ပြုခဲ့သည်။ (ကမ္ဘာဦး ၂၂:၁၈ ကိုဖတ်ပါ။) “အမျိုးအနွယ်” ၏အဓိကအပိုင်းသည် ယေရှုခရစ်ဖြစ်ကြောင်း ထင်ရှားလာခဲ့သည်။ (ဂလ. ၃:၁၆) ယေဟောဝါက အာဗြဟံ၏ “အမျိုးအနွယ်” သည် “ကောင်းကင်ကြယ်ကဲ့သို့လည်းကောင်း၊ သမုဒ္ဒရာသဲလုံးကဲ့သို့လည်းကောင်း” တိုးပွားများပြားမည်ဟူ၍ မိန့်တော်မူခဲ့ရာ အရေအတွက်မည်မျှရှိမည်ကို အာဗြဟံမသိခဲ့ပါ။ (က. ၂၂:၁၇) သို့သော် နောက်ပိုင်းတွင် ယင်းအရေအတွက်ကို ဖွင့်ပြခဲ့သည်။ ယေရှုခရစ်နှင့် ကိုယ်တော်နှင့်အတူ ဘုရားသခင့်နိုင်ငံတော်တွင်အုပ်ချုပ်မည့် ၁၄၄,၀၀၀ တို့ဖြင့် “အမျိုးအနွယ်” ကိုဖွဲ့စည်းထားသည်။ (ဂလ. ၃:၂၉; ဗျာ. ၇:၄; ၁၄:၁) မေရှိယနိုင်ငံတော်အားဖြင့် “လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်။”

အာဗြဟံသည် ယေဟောဝါ မိမိနှင့်ဖွဲ့ခဲ့သောပဋိညာဉ်၏ အဓိပ္ပာယ်အပြည့်အဝကို နားလည်နိုင်ခဲ့မည်မဟုတ်ပါ။ သို့သော် “စစ်မှန်သည့်အုတ်မြစ်များရှိသော၊ ဘုရားသခင်တည်ထောင်ပြုစုသောမြို့ကို သူစောင့်မျှော်လျက်နေ၏။” (ဟေဗြဲ ၁၁:၁၀) ယင်းမြို့မှာ ဘုရားသခင့်နိုင်ငံတော်ဖြစ်သည်။ ထိုနိုင်ငံတော်အောက် ကောင်းချီးများကိုခံစားရရန် အာဗြဟံသည် တစ်ဖန်ပြန်၍ အသက်ရှင်ရပါလိမ့်မည်။ သူ့အတွက် ကမ္ဘာမြေပေါ်ထာဝရအသက်ရှင်ရန်မှာ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ဖြစ်နိုင်ပါလိမ့်မည်။ ထို့ပြင် ထာဝရအသက်သည် အာမဂေဒုန်ကိုကပ်ကျော်သူများ သို့မဟုတ် သေခြင်းမှ ရှင်ပြန်ထမြောက်လာသူတို့အတွက် ဖြစ်နိုင်ပါလိမ့်မည်။—ဗျာ. ၇:၉၊ ၁၄; ၂၀:၁၂-၁၄

‘စွမ်းအားတော်သည် ငါ့ကိုဖိအားပေး၏’

၈၊ ၉။ ယောဘကျမ်းသည် အမျိုးသားတစ်ဦးကြုံခဲ့ရသည့် စုံစမ်းမှုများအကြောင်းမှတ်တမ်းမျှသာ အဘယ်ကြောင့်မဟုတ်သနည်း။

အာဗြဟံ၏မြစ်ဖြစ်သူ ယောသပ်နှင့် ပရောဖက်မောရှေတို့ အသက်ရှင်ခဲ့သည့်ကြားကာလအတွင်း ယောဘအမည်ရှိသူတစ်ဦး သက်ရှိထင်ရှားခဲ့သည်။ မောရှေရေးခဲ့ဖွယ်ရှိသော ယောဘကျမ်းတွင် ယောဘဆင်းရဲဝေဒနာခံစားရရန် ယေဟောဝါအဘယ်ကြောင့်ခွင့်ပြုခဲ့ကြောင်းနှင့် အခြေအနေများ မည်သို့ပြောင်းလဲသွားကြောင်းတို့ကို ဖော်ပြထားသည်။ သို့သော် ယောဘကျမ်းသည် အမျိုးသားတစ်ဦးကြုံခဲ့ရသည့် စုံစမ်းမှုများအကြောင်း မှတ်တမ်းမျှသာမဟုတ်ပါ၊ စကြဝဠာအရေးကိစ္စအကြောင်း အလေးပေးဖော်ပြထားသည်။ ယင်းကျမ်းက ယေဟောဝါသည် မိမိ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ဖြောင့်မတ်သောနည်းဖြင့်တင်ပြကြောင်း ထိုးထွင်းသိမြင်စေပြီး ဘုရားသခင်၏ မြေကြီးပေါ်ရှိကျေးကျွန်အားလုံး၏သမာဓိနှင့် အသက်ရှင်ခွင့်အလားအလာသည် ဧဒင်တွင်ပေါ်ပေါက်ခဲ့သောအရေးကိစ္စနှင့် ပတ်သက်ကြောင်းတို့ကို ဖွင့်လှစ်ပြသည်။ ယင်းအရေးကိစ္စကို ယောဘသဘောမပေါက်ခဲ့သော်လည်း သူ၏အဖော်သုံးဦးက သူသည် သမာဓိစောင့်သိသူအဖြစ်မှ ကျရှုံးသွားပြီဟု ယူမှတ်စေရန်ပြုလုပ်သည်ကို သူလက်မခံခဲ့ပါ။ (ယောဘ ၂၇:၅) ယင်းက ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုခိုင်ခံ့စေသည့်ပြင် ကျွန်ုပ်တို့သည် မိမိတို့၏သမာဓိကို စောင့်ထိန်းနိုင်ပြီး ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ထောက်ခံနိုင်ကြောင်းသိမှတ်ရန် ထောက်ကူသည်။

နှစ်သိမ့်ပေးသူများဟုဆိုကြသူ ယောဘ၏အဖော်သုံးဦးတို့ပြောဆိုပြီးနောက် “ဗုဇအမျိုး ဗာရခေလသား ဧလိဟုမြွက်ဆို” လေ၏။ သူစကားပြောစေရန် အဘယ်အရာက လှုံ့ဆော်ခဲ့သနည်း။ ‘ငါ၌ ပြောစရာစကားများနှင့် ပြည့်ဝ၏။ ငါ၏ကိုယ်တွင်းတွင် စွမ်းအားတော်သည် ငါ့ကိုဖိအားပေး၏’ ဟုသူပြောခဲ့သည်။ (ယောဘ ၃၂:၅၊ ၆၊ ၁၈ကဘ) စွမ်းအားတော်၏လှုံ့ဆော်မှုအောက် ဧလိဟုပြောခဲ့သည့်စကားများသည် ယောဘခံရသည့် စုံစမ်းမှုများပြီးဆုံးသွားချိန်တွင် ပြည့်စုံခဲ့သော်လည်း သူ၏စကားများသည် အခြားသူတို့အတွက်လည်း များစွာအဓိပ္ပာယ်ပြည့်ဝသည်။ ယင်းတို့သည် သမာဓိစောင့်ထိန်းသူအားလုံးအတွက် မျှော်လင့်ချက်ဖြစ်သည်။

၁၀။ တစ်ခါတစ်ရံ လူတစ်ဦးအားပေးသည့် ယေဟောဝါ၏သတင်းစကားသည် လူသားထုတစ်ရပ်လုံးနှင့် ကျယ်ကျယ်ပြန့်ပြန့်သက်ဆိုင်ကြောင်း အဘယ်အရာက တင်ပြသနည်း။

၁၀ တစ်ခါတစ်ရံ ယေဟောဝါသည် လူတစ်ဦးတစ်ယောက်အား သတင်းတစ်ရပ်ပေးပြီး ယင်းသတင်းသည် လူသားထုတစ်ရပ်လုံးနှင့်လည်း ကျယ်ကျယ်ပြန့်ပြန့်သက်ဆိုင်တတ်သည်။ ယင်းကို ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ၏ ဧရာမသစ်ပင်ကြီးခုတ်လှဲခြင်းအိပ်မက်ဆိုင်ရာ ဒံယေလပရောဖက်ပြုချက်တွင် တွေ့မြင်နိုင်သည်။ (ဒံ. ၄:၁၀-၂၇) ယင်းအိပ်မက်သည် နေဗုခဒ်နေဇာနှင့်ပတ်သက်၍ ပြည့်စုံခဲ့သော်လည်း ယင်းသည် သာ၍ကြီးမြတ်သောအရာကို ဖော်ပြသည်။ ယင်းမှာ ဘုရင်ဒါဝိဒ်မျိုးရိုးမှဆင်းသက်သည့် နိုင်ငံတစ်ခုဖြင့်မှတ်သားဖော်ပြသော မြေကြီးပေါ်ဘုရားသခင်၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုသည် ဘီစီအီး ၆၀၇ မှရေတွက်လျှင် နှစ်ပေါင်း ၂,၅၂၀ ကြာညောင်းပြီးနောက် တစ်ဖန်ပြန်ပေါ်လာမည်ကို ဖော်ပြသည်။ * ၁၉၁၄ ခုနှစ်တွင် ယေရှုခရစ်ကို ကောင်းကင်ဘုရင်အနေနှင့်ခန့်အပ်ခြင်းဖြင့် ကျွန်ုပ်တို့ကမ္ဘာပေါ် ဘုရားသခင်၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုသည် အသစ်စတင်၍ အခိုင်အမာတည်ရှိလာသည်။ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုသည် မကြာမီ နာခံမှုရှိသောလူသားတို့၏မျှော်လင့်ချက် မည်သို့ပြည့်စုံစေမည်ကို တွေးတောကြည့်ပါလေ။

“သင်္ချိုင်းတွင်းထဲသို့ ထိုသူကိုမဆင်းစေဘဲ ကယ်တင်လော့”

၁၁။ ဧလိဟု၏စကားများက ဘုရားသခင်နှင့်ပတ်သက်၍ အဘယ်အရာဖော်ပြသနည်း။

၁၁ ယောဘအား ပြန်၍တုံ့ပြန်ပြောကြားရာတွင် ဧလိဟုသည် “လူတို့အား တရားလမ်းကိုပြစေခြင်းငှာ တစ်ထောင်တွင်အထွတ်ဖြစ်၍ တရားစကားကိုပြန်တတ်သောတမန်” အကြောင်း ပြောထားသည်။ ထိုတမန်သည် “ဘုရားသခင်ကိုဆုတောင်း၍ ကျေးဇူးတော်ကိုခံရ” သူဖြစ်လျှင်မည်သို့ဖြစ်မည်နည်း။ ဧလိဟုဤသို့ဆို၏– “ဘုရားသခင်က ‘သင်္ချိုင်းတွင်းထဲသို့ ထိုသူကိုမဆင်းစေဘဲ ကယ်တင်လော့။ ရွေးရာအကြောင်းကိုငါတွေ့ပြီ’ ဟု ကရုဏာစိတ်ရှိ၍ မိန့်တော်မူသောအားဖြင့် ထိုသူသည် သူငယ်ထက်အသားအရေနုထွား၍ ပျိုသောအသက်နှင့်တစ်ဖန်ပြည့်စုံလိမ့်မည်။” (ယောဘ ၃၃:၂၃-၂၆) ထိုစကားများက နောင်တရသောလူသားတို့အကျိုးအလို့ငှာ “ရွေးရာအကြောင်း [“ရွေးနုတ်ဖိုး၊” ကဘ]” သို့မဟုတ် ဖုံးအုပ်ရာကိုလက်ခံရန် ဘုရားသခင်၏တလိုတလားရှိမှုကို ဖော်ပြသည်။—ယောဘ ၃၃:၂၄

၁၂။ ဧလိဟု၏စကားများသည် လူသားထုအတွက် အဘယ်မျှော်လင့်ချက်ကို ဖော်ပြသနည်း။

၁၂ ပရောဖက်များသည် မိမိတို့ရေးထားသမျှကို အပြည့်အဝနားမလည်ခဲ့ကြသကဲ့သို့ပင် ဧလိဟုသည် ရွေးနုတ်ဖိုး၏အဓိပ္ပာယ်အပြည့်အဝကို သဘောပေါက်ခဲ့မည်မဟုတ်ပေ။ (ဒံ. ၁၂:၈; ၁ ပေ. ၁:၁၀-၁၂) သို့တိုင် ဧလိဟု၏စကားများက ဘုရားသခင်သည် တစ်နေ့သောအခါတွင် ရွေးနုတ်ဖိုးကိုလက်ခံမည်ဖြစ်ပြီး လူသားကို အိုမင်းခြင်းနှင့် သေခြင်းဆိုးကျိုးများမှ လွတ်မြောက်စေမည့်မျှော်လင့်ချက်ကို ဖော်ပြသည်။ ဧလိဟု၏စကားများသည် အံ့ချီးဖွယ်ထာဝရအသက်အလားအလာကို ဖော်ပြသည်။ ယောဘကျမ်းသည် ရှင်ပြန်ထမြောက်ခြင်းရှိမည်ကိုလည်း ဖော်ပြသည်။—ယောဘ ၁၄:၁၄၊ ၁၅

၁၃။ ဧလိဟု၏စကားများတွင် အဘယ်အဓိပ္ပာယ်ကို ခရစ်ယာန်များတွေ့ရှိရသနည်း။

၁၃ ယနေ့၊ လက်ရှိလောကစနစ်ပျက်စီးခြင်းမှ ကပ်ကျော်ရန်မျှော်လင့်သော သန်းနှင့်ချီသောခရစ်ယာန်များအတွက် ဧလိဟု၏စကားများသည် အဓိပ္ပာယ်ရှိဆဲဖြစ်သည်။ ကပ်ကျော်သူများထဲမှ သက်ကြီးရွယ်အိုများသည် လူငယ့်အားမာန်ကို တစ်ဖန်ပြန်ရရှိကြမည်။ (ဗျာ. ၇:၉၊ ၁၀၊ ၁၄-၁၇) ထို့ပြင် ရှင်ပြန်ထမြောက်လာကြသူတို့သည် လူငယ့်ဘဝဖြင့်ဆက်၍ရှင်သန်သွားကြသည်ကို တွေ့မြင်ရမည့်အလားအလာသည် တည်ကြည်သူတို့အဖို့ အထူးနှစ်မြို့စရာပင်။ အမှန်မှာ ဘိသိက်ပေးခံရသောခရစ်ယာန်များအတွက် ကောင်းကင်တွင်မသေနိုင်သောအသက်ရရှိရန်နှင့် ယေရှု၏ “အခြားသိုးများ” အတွက် မြေကြီးပေါ်တွင် ထာဝရအသက်ရရှိရန်မှာ ခရစ်တော်၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို ယုံကြည်ကြောင်းတင်ပြခြင်းအပေါ် မူတည်သည်။—ယော. ၁၀:၁၆; ရော. ၆:၂၃

သေခြင်းကို ကမ္ဘာမြေပေါ်မှ နစ်မွန်းဆုံးရှုံးစေ

၁၄။ ဣသရေလလူမျိုးသည် ထာဝရအသက်မျှော်လင့်ချက်ကို နှလုံးပိုက်ထားရန်မှာ မောရှေပညတ်ထက်သာ၍ကြီးမြတ်ရာလိုအပ်ကြောင်း အဘယ်အရာကဖော်ပြသနည်း။

၁၄ အာဗြဟံ၏သားမြေးများသည် ဘုရားသခင်နှင့်ပဋိညာဉ်ဆက်ဆံရေးစတင်ချိန်တွင် လွတ်လပ်သောလူမျိုးတစ်မျိုး ဖြစ်လာခဲ့သည်။ သူတို့အား ပညတ်တရားပေးချိန်တွင် ယေဟောဝါဤသို့မိန့်တော်မူခဲ့၏– “ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ရကြမည်။ ထိုအကျင့်ကိုကျင့်သောသူသည် ထိုအကျင့်အားဖြင့်အသက်ရှင်လိမ့်မည်။” (ဝတ်. ၁၈:၅) သို့သော် ဣသရေလလူမျိုးသည် ပညတ်တရား၏စုံလင်သောစံနှုန်းနှင့်အညီ မနေထိုင်နိုင်ကြသောကြောင့် သူတို့သည် ပညတ်တရား၏အပြစ်ပေးမှုကိုခံရပြီး ထိုအပြစ်ပေးမှုမှလွတ်မြောက်ဖို့ လိုအပ်ခဲ့သည်။—ဂလ. ၃:၁၃

၁၅။ အဘယ်အနာဂတ်ကောင်းချီးအကြောင်းရေးရန် ဒါဝိဒ်လှုံ့ဆော်ခံခဲ့ရသနည်း။

၁၅ မောရှေနောက်ပိုင်းတွင် ယေဟောဝါသည် ထာဝရအသက်မျှော်လင့်ချက်အကြောင်းဖော်ပြရန် အခြားကျမ်းရေးသူများကို လှုံ့ဆော်ခဲ့သည်။ (ဆာ. ၂၁:၄; ၃၇:၂၉) ဥပမာ၊ ဇိအုန်တောင်တွင် မှန်သောဝတ်ပြုကိုးကွယ်သူများ၏စည်းလုံးမှုကို ဆာလံဆရာဒါဝိဒ်က ဆာလံတစ်ပုဒ်တွင် ဤစကားများဖြင့် နိဂုံးချုပ်ထား၏– ‘ထိုသို့နေကြသောအရပ်၌ ထာဝရဘုရားသခင်သည် အစဉ်အမြဲအသက်ရှင်ခြင်းအခွင့်တည်းဟူသော ကောင်းချီးမင်္ဂလာကို စီရင်တော်မူ၏။’—ဆာ. ၁၃၃:၃

၁၆။ ယေဟောဝါသည် ဟေရှာယမှတစ်ဆင့် “မြေကြီးတစ်ပြင်လုံး” ၏အနာဂတ်နှင့်ပတ်သက်၍ အဘယ်ကတိပေးခဲ့သနည်း။

၁၆ မြေကြီးပေါ်ထာဝရအသက်အကြောင်း ပရောဖက်ပြုရန် ဟေရှာယကို ယေဟောဝါလှုံ့ဆော်ခဲ့သည်။ (ဟေရှာယ ၂၅:၇၊ ၈ ကိုဖတ်ပါ။) မွန်းကျပ်စေသော “မျက်နှာဖုံး”—စောင်တစ်ထည်—ကဲ့သို့ပင် အပြစ်နှင့်သေခြင်းသည် လူသားတို့အပေါ် လေးလံစွာဝန်ပိနေခဲ့သည်။ “မြေကြီးတစ်ပြင်လုံး၌” အပြစ်နှင့်သေခြင်းကို နစ်မွန်းဆုံးရှုံးစေမည် သို့မဟုတ် ပယ်ရှားမည်ဟု မိမိ၏လူတို့ကို ယေဟောဝါစိတ်ချစေသည်။

၁၇။ မေရှိယနှင့်ပတ်သက်သော ပရောဖက်ပြုချက်ဆိုင်ရာ အဘယ်ကဏ္ဍက ထာဝရအသက်လမ်းကိုဖွင့်ပေးသနည်း။

၁၇ လွတ်လပ်လဟာသို့လွှတ်သော  ဆိတ်နှင့်ပတ်သက်၍ မောရှေပညတ်တွင်ပြဋ္ဌာန်းထားသည့် လုပ်ထုံးလုပ်နည်းကိုလည်း သုံးသပ်ကြည့်ပါ။ တစ်နှစ်လျှင်တစ်ကြိမ် အပြစ်ဖြေရာနေ့တွင် ယဇ်ပုရောဟိတ်မင်းသည် ‘အသက်ရှင်သောဆိတ်ခေါင်းပေါ်မှာ လက်နှစ်ဖက်ကိုတင်လျက် ဣသရေလအမျိုးသားတို့၏ ပြစ်မှားသောအပြစ်အမျိုးမျိုးရှိသမျှတို့ကိုဖော်ပြ၍ ဆိတ်ခေါင်းပေါ်မှာတင်ထားပြီးလျှင် သူတို့အပြစ်ရှိသမျှကို လူမနေသောအရပ်သို့ဆောင်သွားသောထိုဆိတ်ကို တော၌လွှတ်လိုက်ရသည်။’ (ဝတ်. ၁၆:၇-၁၀၊ ၂၁၊ ၂၂) အလားတူကဏ္ဍကိုလုပ်ဆောင်မည့် မေရှိယကြွလာခြင်းအကြောင်း ဟေရှာယ၏ကြိုဟောချက်တွင် ကိုယ်တော်သည် “လူများတို့၏အပြစ်” နှင့် “အနာရောဂါဝေဒနာများ” ကို ယူတင်ကာဆောင်သွားသည်ဟုဆိုထားရာ ယင်းကြောင့် ထာဝရအသက်လမ်းပွင့်သွားသည်။—ဟေရှာယ ၅၃:၄-၆၊ ၁၂ ကိုဖတ်ပါ။

၁၈၊ ၁၉။ ဟေရှာယ ၂၆:၁၉ နှင့် ဒံယေလ ၁၂:၁၃ သည် အဘယ်မျှော်လင့်ချက်ကို ပေါ်လွင်အောင်ဖော်ပြထားသနည်း။

၁၈ ဟေရှာယမှတစ်ဆင့် ဣသရေလလူမျိုးကို ယေဟောဝါဤသို့မိန့်တော်မူခဲ့၏– “လူသေတို့သည် အသက်ရှင်ကြပါလိမ့်မည်။ ငါ၏အသေကောင်တို့သည်လည်း ထမြောက်ကြပါလိမ့်မည်။ မြေမှုန့်၌နေသောသူတို့ နိုး၍ သီချင်းဆိုကြလော့။ အကြောင်းမူကား ကိုယ်တော်၏နှင်းသည် မြက်ပင်တို့ကိုပေါက်စေသောနှင်းကဲ့သို့ဖြစ်၍ မြေသည်လည်း မိမိသင်္ချိုင်းသားတို့ကို ထုတ်ဖော်ရပါလိမ့်မည်။” (ဟေရှာ. ၂၆:၁၉) ဟေဗြဲကျမ်းစောင်များသည် ရှင်ပြန်ထမြောက်ခြင်းနှင့် ကမ္ဘာမြေပေါ်အသက်ရှင်ခွင့်မျှော်လင့်ချက်ရှိကြောင်း အထင်အရှားဖော်ပြသည်။ ဥပမာ၊ ဒံယေလသည် အသက် ၁၀၀ နီးပါးရှိချိန်တွင် ယေဟောဝါသည် သူ့အားဤသို့အာမခံခဲ့၏– “[သင်သည်] အနားယူပြီးမှ နေ့ရက်ကာလအဆုံး၌ ကိုယ့်ဝေပုံကိုခံယူရန် မတ်တတ်ထရလိမ့်မည်။”—ဒံ. ၁၂:၁၃ကဘ။

၁၉ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကြောင့် မာသသည် သေဆုံးသွားသောမောင်ဖြစ်သူနှင့်ပတ်သက်၍ ယေရှုအား ဤသို့ပြောနိုင်ခဲ့ခြင်းဖြစ်၏– “နောက်ဆုံးသောနေ့၌ ရှင်ပြန်ထမြောက်ရာကာလတွင် သူသည် ထမြောက်လိမ့်မည်ကို ကျွန်မသိပါသည်။” (ယော. ၁၁:၂၄) ယေရှု၏သွန်သင်ချက်များနှင့် ကိုယ်တော့်တပည့်များ၏ မှုတ်သွင်းခံကျမ်းစောင်များသည် ယင်းမျှော်လင့်ချက်ကို ပြောင်းလဲလိုက်သလော။ ကမ္ဘာမြေပေါ်ထာဝရအသက်သည် လူသားတို့အား ယေဟောဝါကမ်းလှမ်းသည့် မျှော်လင့်ချက်ဖြစ်နေဆဲလော။ ယင်းမေးခွန်းများ၏အဖြေများကို နောက်ဆောင်းပါးတွင် သုံးသပ်ကြပါမည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 ဒံယေလ၏ပရောဖက်ပြုချက်ကို ဂရုပြုလော့စာအုပ် အခန်း ၆ ကိုရှု။

သင်ရှင်းပြနိုင်သလော

• ဖန်ဆင်းခံလူသားသည် အဘယ်မျှော်လင့်ချက်ကြောင့် “အချည်းနှီး” ဖြစ်ခဲ့ရသနည်း။

• အာဗြဟံသည် ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်ခဲ့ကြောင်း အဘယ်အရာကဖော်ပြသနည်း။

• ယောဘအားပြောသည့် ဧလိဟု၏စကားများက လူသားတို့အတွက် အဘယ်မျှော်လင့်ချက်ရှိကြောင်း ဖော်ပြသနည်း။

• ဟေဗြဲကျမ်းစောင်များသည် ရှင်ပြန်ထမြောက်ခြင်းနှင့် ကမ္ဘာမြေပေါ်ထာဝရအသက်မျှော်လင့်ချက်အကြောင်း မည်သို့အလေးပေးဖော်ပြသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၅ ပါ ပုံစာ]

ယောဘအားပြောသည့် ဧလိဟု၏စကားများက လူသည် အိုမင်းခြင်းနှင့် သေခြင်းဆိုးကျိုးများမှ လွတ်မြောက်မည့် မျှော်လင့်ချက်ကိုဖော်ပြ

[စာမျက်နှာ ၆ ပါ ပုံစာ]

ဒံယေလသည် “နေ့ရက်ကာလအဆုံး၌ ကိုယ့်ဝေပုံကိုခံယူရန် မတ်တတ်ထရလိမ့်မည်” ဟုအာမခံချက်ရရှိခဲ့