မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝှက်ထားသောဘဏ္ဍာကို တွေ့ရှိခြင်း

ဝှက်ထားသောဘဏ္ဍာကို တွေ့ရှိခြင်း

ဝှက်ထားသောဘဏ္ဍာကို တွေ့ရှိခြင်း

မမျှော်လင့်သောနေရာတွင် ဝှက်ထားသောဘဏ္ဍာကို သင်တွေ့ ရှိဖူးပါသလော။ ၂၀၀၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် အက်စ်တိုးနီးယားမှ ယေဟောဝါသက်သေတစ်ဦးဖြစ်သူ အီဗိုလောက်ဒ်သည် ယင်းသို့ဖြစ်ခဲ့သည်။ သူသည် သက်ကြီးရွယ်အိုသက်သေခံတစ်ဦးဖြစ်သူ အဲလ်မာ ဗာဂျာ၏အိမ်အိုလေးကိုဖြိုဖျက်ရာတွင် ကူညီပေးနေသည်။ သူတို့သည် အပြင်နံရံကိုဖယ်ရှားစဉ် တိုင်တစ်တိုင်၏တစ်ဖက်တွင် ပျဉ်ချပ်တစ်ချပ်နှင့်ဖုံးအုပ်ထားသည်ကို သတိပြုမိခဲ့ကြသည်။ ပျဉ်ချပ်ကိုဖယ်ရှားလိုက်သည်နှင့် အကျယ် ၄ လက်မ၊ အရှည် လက်မ ၅၀၊ အနက် ၄ လက်မခန့်ရှိသောထွင်းကြောင်းတစ်ခုကိုတွေ့ ရှိခဲ့ကြပြီး ယင်းထွင်းကြောင်းကို တစ်ထပ်တည်းကျသောသစ်သားပိုင်းဖြင့် ဖုံးအုပ်ထားသည်။ (၁) ဘဏ္ဍာဝှက်ထားသောအကန့်ဖြစ်သည်။ အဘယ်ဘဏ္ဍာများနည်း။ ယင်းနေရာတွင်မည်သူဝှက်ထားခဲ့သနည်း။

အကန့်ထဲတွင် စက္ကူထူထူဖြင့်အသေအချာထုပ်ထားသည့် အထုပ်ငယ်အမြောက်အမြားရှိသည်။ (၂) အထုပ်ငယ်များတွင် ယေဟောဝါသက်သေများ၏စာပေများပါရှိပြီး အများအားဖြင့် ကင်းမျှော်စင်မှ လေ့လာရန်ဆောင်းပါးများဖြစ်ကာ ၁၉၄၇ ခုနှစ်ကဆောင်းပါးအချို့ပင်ပါရှိသည်။ (၃) ယင်းတို့သည် အက်စ်တိုးနီးယားဘာသာစကားဖြင့် ဂရုတစိုက်လက်နှင့်ရေးသားထားခြင်းဖြစ်သည်။ အချို့အထုပ်တွင် ယင်းနေရာ၌ မည်သူဝှက်ထားကြောင်းနှင့်စပ်လျဉ်းသည့် သဲလွန်စများပါရှိသည်။ ယင်းတို့သည် အဲလ်မာ၏ခင်ပွန်း ဗီလဲန်ဗာဂျာနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းထားသောမှတ်တမ်းများဖြစ်သည်။ တွေ့ ရှိရာများထဲတွင် သူထောင်ကျခဲ့သောနှစ်များနှင့်ပတ်သက်သည့် အချက်အလက်များလည်းပါရှိသည်။ သူအဘယ်ကြောင့်ထောင်ကျခဲ့သနည်း။

ဗီလဲန်ဗာဂျာသည် ယခင်ဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံအဝင်ဖြစ်သော အက်စ်တိုးနီးယားရှိ တာတူးအသင်းတော်နှင့် နောက်ပိုင်း အိုတီပါအသင်းတော်ရှိသက်သေခံများအကြားတွင် တာဝန်ရှိအမှုထမ်းတစ်ဦးအဖြစ်ထမ်းဆောင်ခဲ့သည်။ သူသည် ဒုတိယကမ္ဘာစစ်မတိုင်မီ သမ္မာကျမ်းစာအမှန်တရားကို သိရှိခဲ့ပုံရသည်။ နှစ်အနည်းငယ်အကြာဖြစ်သော ၁၉၄၈၊ ဒီဇင်ဘာ ၂၄ တွင် ကွန်မြူနစ်အစိုးရသည် ညီအစ်ကို ဗာဂျာကို သူ၏ဝတ်ပြုရေးလုပ်ဆောင်မှုကြောင့် ဖမ်းဆီးခဲ့သည်။ ယုံကြည်သူချင်းများ၏နာမည်များကိုပေးရန် ဖိအားပေးသည်အနေနှင့် လျှို့ဝှက်ရဲ၏ စစ်ဆေးမေးမြန်းညှဉ်းဆဲခြင်းကိုခံခဲ့ရသည်။ တရားရုံးတွင် မိမိကိုယ်ကိုကာကွယ်ရန် အခွင့်အရေးကိုငြင်းဆိုခဲ့ပြီးနောက် သူသည် ရုရှားအကျဉ်းစခန်းများတွင် ပြစ်ဒဏ်ဆယ်နှစ်ကျခဲ့သည်။

ဗီလဲန်ဗာဂျာသည် ၁၉၉၀၊ မတ်လ ၆ ရက် သူသေဆုံးသွားသည့်အထိ ယေဟောဝါအပေါ်တည်ကြည်ကြောင်းသက်သေပြခဲ့သည်။ စာပေစာတမ်းထောက်ပံ့မှုနှင့်ပတ်သက်၍ ဇနီးသည်ဘာမျှမသိခဲ့ပါ။ မေးမြန်းစစ်ဆေးခြင်းရှိလာလျှင် ဇနီးသည်ကို ကာကွယ်လိုသောကြောင့်ဖြစ်ရမည်။ စာပေများကို သူအဘယ်ကြောင့်ဝှက်ထားခဲ့သနည်း။ ဆိုဗီယက်အစိုးရလုံခြုံရေးကော်မတီ ကေဂျီဘီတို့သည် ခရစ်ယာန်ဘာသာရေးစာပေများရှာဖွေရန် ယေဟောဝါသက်သေများ၏အိမ်များကို ရုတ်တရက်ဝင်ရှာလေ့ရှိသောကြောင့် စာပေများကိုသူဝှက်ထားခဲ့ခြင်းဖြစ်သည်။ ကေဂျီဘီတို့ အားလုံးသိမ်းသွားခဲ့လျှင် ယုံကြည်သူများအတွက် ဝိညာဉ်ရေးအစာထောက်ပံ့မှုရရှိနိုင်ရန်သေချာစေဖို့ ညီအစ်ကိုဗာဂျာသည် စာပေများကိုဝှက်ထားခဲ့ခြင်းဖြစ်ဖွယ်ရှိသည်။ အစောပိုင်းကဖြစ်သော ၁၉၉၀ ပြည့်နှစ်နွေရာသီ၌ စာပေများဝှက်ထားသော အခြားအကန့်များကိုတွေ့ ရှိခဲ့ပြီးဖြစ်သည်။ တစ်ခုကို အက်စ်တိုးနီးယားတောင်ပိုင်းရှိ တာတူးမြို့တွင်တွေ့ ရှိခဲ့သည်။ ယင်းသည်လည်း ဗီလဲန်ဗာဂျာ ဝှက်ထားခဲ့ခြင်းဖြစ်သည်။

ယင်းစာပေများကို ဘဏ္ဍာများဟု ကျွန်ုပ်တို့အဘယ်ကြောင့်ခေါ်သနည်း။ အကြောင်းမှာ အပတ်တကုတ်ကြိုးစား၍လက်ဖြင့်ကူးရေးပြီး အသေအချာဝှက်ထားသောမိတ္တူများက ထိုအချိန်တွင်ရရှိနိုင်သောဝိညာဉ်ရေးအစာကို သက်သေခံများ မည်မျှတန်ဖိုးထားကြောင်း ဖော်ပြသောကြောင့်ဖြစ်သည်။ (မ. ၂၄:၄၅) ယခု သင့်ဒေသတွင်ရရှိနိုင်သော ဝိညာဉ်ရေးပြင်ဆင်ပေးချက်များကို သင်တန်ဖိုးထားပါသလော။ ယင်းတို့ထဲတွင် အက်စ်တိုးနီးယားဘာသာစကားအပြင် အခြားဘာသာစကား ၁၇၀ ကျော်ဖြင့်ရရှိသော ကင်းမျှော်စင်လည်းပါဝင်သည်။