မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်တော် ဘဝအဓိပ္ပာယ်ကို တွေ့ရှိခဲ့

ကျွန်တော် ဘဝအဓိပ္ပာယ်ကို တွေ့ရှိခဲ့

ကျွန်တော် ဘဝအဓိပ္ပာယ်ကို တွေ့ရှိခဲ့

ဂဲစ်ပါ မာတီနက်စ် ပြောပြသည်

ကျွန်တော့်အကြောင်းကတော့ မြို့မှာချမ်းသာသူတစ်ဦးဖြစ်လာတဲ့ ကျေးလက်ဆင်းရဲသားပုံပြင်လေးလိုပါပဲ။ ဒါပေမဲ့ ကျွန်တော်စုဆောင်းခဲ့တဲ့ကြွယ်ဝချမ်းသာမှုဟာ ကျွန်တော်မျှော်လင့်ခဲ့ရာလုံးလုံးမဟုတ်ဘူးဆိုတာ သင်တို့တွေ့ရပါလိမ့်မယ်။

ကျွန်တော်ဟာ ၁၉၃၀ ပြည့်လွန်နှစ်တွေအတွင်း စပိန်မြောက်ပိုင်းရိုင်ဂျာဒေသ သီးနှံမဖြစ်ထွန်းတဲ့အစွန်အဖျားဒေသမှာကြီးပြင်းခဲ့တယ်။ အသက်ဆယ်နှစ်မှာ ကျောင်းကထွက်ခဲ့ရပေမဲ့ အရေးအဖတ်ကိုသင်ယူခဲ့တယ်။ မောင်နှမခြောက်ယောက်နဲ့အတူ ကွင်းပြင်မှာသိုးတွေကိုထိန်းကျောင်းရင်း ဒါမှမဟုတ် ကျွန်တော်တို့ရဲ့မြေကွက်ငယ်လေးမှာထွန်ယက်စိုက်ပျိုးရင်းနဲ့ ကျွန်တော့်ရဲ့နေ့ရက်တွေကိုအသုံးပြုခဲ့တယ်။

ဆင်းရဲခြင်းက ရုပ်ပစ္စည်းဟာပဓာနပဲလို့ ကျွန်တော်တို့ကိုထင်စေခဲ့တယ်။ ကျွန်တော်တို့ထက်ပိုပြီးချမ်းသာသူတွေကို မနာလိုဖြစ်ခဲ့တယ်။ တစ်ခါမှာ ခရစ်ယာန်ဂိုဏ်းအုပ်က ကျွန်တော်တို့ရွာဟာ “သူအုပ်ချုပ်တဲ့နယ်မှာ ဘာသာတရားအကိုင်းရှိုင်းဆုံးရွာ” လို့မှတ်ချက်ချခဲ့တယ်။ ဒါပေမဲ့ အချိန်တန်ရင် လူအများဟာ ချာ့ခ်ျကိုစွန့်သွားကြမယ်ဆိုတာ သူမသိခဲ့ဘူး။

သာ၍ကောင်းသောအရာကို ရှာဖွေ

တစ်ရွာတည်းနေအမျိုးသမီးလေး မာစေသေစ်နဲ့ကျွန်တော် လက်ထပ်ခဲ့တယ်။ မကြာခင်မှာ ပြုစုစောင့်ရှောက်ရမယ့်သားလေးတစ်ယောက်ရခဲ့တယ်။ ၁၉၅၇ ခုနှစ်မှာ ကျွန်တော်တို့ဟာ အနီးနားက လာဂရိုနယိုမြို့ကိုပြောင်းရွှေ့ခဲ့ကြပြီး နောက်ဆုံး ကျွန်တော့်မိသားစုအားလုံးလည်းပြောင်းရွှေ့ခဲ့ကြတယ်။ ကျွမ်းကျင်မှုမရှိတဲ့အလုပ်သမားတစ်ယောက်အနေနဲ့ ကျွန်တော်ဟာ လုံလောက်တဲ့လုပ်ခကြေးငွေရဖို့ မျှော်လင့်ချက်နည်းတယ်ဆိုတာ မကြာခင်သိရှိခဲ့ရတယ်။ လမ်းညွှန်မှုကိုဘယ်မှာရှာရမလဲဆိုပြီး တွေးတောခဲ့တယ်။ ဒေသခံစာကြည့်တိုက်မှာ စပြီးရှာခဲ့ပေမဲ့ ဘာကိုရှာရမလဲဆိုတာအသေအချာမသိခဲ့ဘူး။

နောက်ပိုင်း စာပေးစာယူနဲ့ ကျမ်းစာလေ့လာတဲ့သင်တန်းကမ်းလှမ်းကြောင်း ရေဒီယိုအစီအစဉ်ကနေ ကြားခဲ့ရတယ်။ မကြာခင်သင်တန်းပြီးသွားပြီးနောက် ပရိုတက်စတင့်ဧဝံဂေလိဟောပြောသူအချို့ ကျွန်တော်နဲ့ဆက်သွယ်ခဲ့တယ်။ သူတို့ဝတ်ပြုတဲ့နေရာကို နှစ်ခါသွားပြီးနောက် အုပ်စုရဲ့ထင်ပေါ်တဲ့အဖွဲ့ဝင်အချင်းချင်း ပြိုင်ဆိုင်တာကိုတွေ့ခဲ့ရတယ်။ ကျွန်တော်ပြန်မသွားတော့ဘူး၊ ဝတ်ပြုရေးအားလုံး အတူတူပဲဖြစ်ရမယ်လို့ ကောက်ချက်ချလိုက်တယ်။

ကျွန်တော့်မျက်စိမှ အကြေးများကွာကျ

၁၉၆၄ ခုနှစ်မှာ အေသြကန်ယိုလို့ခေါ်တဲ့ လူငယ်တစ်ယောက် ကျွန်တော်တို့အိမ်ကိုလာလည်ပတ်ခဲ့တယ်။ သူဟာ ယေဟောဝါသက်သေတစ်ယောက်ဖြစ်ပြီး ဒီဘာသာကို အရင်က ကျွန်တော်တစ်ခါမှမကြားခဲ့ဖူးဘူး။ ဒါပေမဲ့ ကျွန်တော်က ကျမ်းစာနဲ့ပတ်သက်ပြီး တအားပြောချင်တဲ့ဆန္ဒရှိတယ်။ ကျွန်တော့်မှာ ကျမ်းစာနဲ့ပတ်သက်ပြီးအသိပညာကောင်းကောင်းရှိတယ်လို့ထင်ခဲ့တယ်။ စာပေးစာယူသင်တန်းနဲ့ ကျွန်တော်လေ့လာခဲ့တဲ့ကျမ်းချက်အနည်းငယ်ကိုသုံးပြီး သူ့ကိုတုံ့ပြန်ခဲ့တယ်။ ပရိုတက်စတင့်အယူဝါဒအချို့ကိုကာကွယ်ဖို့ ကျွန်တော်ကြိုးစားခဲ့ပေမဲ့ ကျွန်တော့်စိတ်ထဲမှာ အဲ့ဒါတွေကို အမှန်တကယ်မယုံကြည်ခဲ့ဘူး။

စကားစမြည်အကြာကြီးနှစ်ခါပြောပြီးနောက် အေသြကန်ယိုဟာ သမ္မာကျမ်းစာကို ကျွမ်းကျင်သူတစ်ဦးလိုကိုင်တွယ်ကြောင်း ကျွန်တော်ဝန်ခံခဲ့တယ်။ သူ့ရဲ့ကျောင်းပညာရေးဟာ ကျွန်တော့်လောက်မရှိပေမဲ့ ကျမ်းချက်တွေကို သူရှာနိုင်ပြီး သက်ဆိုင်ပုံကိုကျိုးကြောင်းဆင်ခြင်ပြတာကို ကျွန်တော်အံ့သြခဲ့တယ်။ အေသြကန်ယိုက ကျွန်တော်တို့ဟာ နောက်ဆုံးကာလမှာအသက်ရှင်နေကြောင်း၊ မကြာခင် ဘုရားသခင့်နိုင်ငံတော်က ကမ္ဘာကိုပရဒိသုဖြစ်စေမယ်အကြောင်း ကျမ်းစာကနေပြောပြခဲ့တယ်။ ကျွန်တော်စိတ်ဝင်စားခဲ့တယ်။—ဆာ. ၃၇:၁၁၊ ၂၉; ဟေရှာ. ၉:၆၊ ၇; မ. ၆:၉၊ ၁၀

ကျမ်းစာလေ့လာဖို့ ကျွန်တော်ချက်ချင်းလက်ခံခဲ့တယ်။ ကျွန်တော်သင်ယူခဲ့သမျှအရာအားလုံးဟာ အသစ်ဖြစ်ပြီး ကျွန်တော့်နှလုံးကိုထိမိခဲ့တယ်။ ကျွန်တော့်ရှေ့မှာမျှော်လင့်ချက်အသစ်တွေရှိခဲ့ပြီး အဲ့ဒါတွေက အသက်ရှင်ရကျိုးနပ်စေခဲ့တယ်။ ကျွန်တော့်ရှာဖွေမှုအဆုံးတိုင်ခဲ့တယ်။ အခု ကျွန်တော်ရဲ့လူနေမှုအဆင့်အတန်းတိုးတက်ဖို့ ကြိုးစားတာဟာ ဘာမှမဟုတ်တော့သလိုဖြစ်ပြီး အလုပ်ပြဿနာဖြေရှင်းရတဲ့ ကျွန်တော့်ကြိုးစားမှုဟာ အရေးမကြီးတဲ့အရာဖြစ်လာခဲ့တယ်။ ဖျားနာခြင်းနဲ့သေခြင်းကိုတောင် အနိုင်ယူမှာဖြစ်တယ်။—ဟေရှာ. ၃၃:၂၄; ၃၅:၅၊ ၆; ဗျာ. ၂၁:၄

ချက်ချင်းပဲ ဆွေမျိုးတွေကို ကျွန်တော်လေ့လာသင်ယူနေတဲ့အကြောင်းတွေကို စပြောပြခဲ့တယ်၊ ကမ္ဘာကိုပရဒိသုဖြစ်စေပြီး အဲ့ဒီမှာတည်ကြည်တဲ့လူသားတွေ ထာဝစဉ်အသက်ရှင်နိုင်မယ်ဆိုတဲ့ဘုရားသခင့်ကတိတွေကို သူတို့ကိုထက်ထက်သန်သန်ရှင်းပြခဲ့တယ်။

သမ္မာကျမ်းစာအမှန်တရားကို ကျွန်တော့်မိသားစုလက်ခံ

မကြာခင်မှာ တစ်ဒါဇင်လောက်ရှိတဲ့ကျွန်တော်တို့ဟာ ကျမ်းစာမှာပါတဲ့ကတိတော်တွေကိုဆွေးနွေးဖို့ ကျွန်တော့်ရဲ့ဦးလေးအိမ်မှာ တနင်္ဂနွေနေ့,နေ့လယ်တိုင်းတွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒီဆွေးနွေးမှုကို အပတ်စဉ်နှစ်နာရီ ဒါမှမဟုတ် သုံးနာရီကြာပြုလုပ်ခဲ့ကြတယ်။ ကျွန်တော့်ရဲ့ဆွေမျိုးအုပ်စုကြီးဟာ ကျမ်းစာကိုစိတ်ဝင်စားကြောင်း အေသြကေန်ယိုတွေ့မြင်တဲ့အခါ မိသားစုတစ်စုစီကိုအာရုံစိုက်ဖို့ သူအစီအစဉ်ပြုလုပ်ခဲ့တယ်။

မိုင် ၈၀ လောက်ဝေးတဲ့ဒူရန်ဂိုမြို့ငယ်မှာ ကျွန်တော့်ရဲ့တခြားဆွေမျိုးတွေရှိပြီး အဲ့ဒီမှာ သက်သေခံတွေမရှိဘူး။ သုံးလကြာပြီးနောက် သူတို့ဆီသွားလည်ပတ်ပြီး ကျွန်တော်သိရှိတဲ့ယုံကြည်ချက်အသစ်ကိုရှင်းပြဖို့ ခွင့်နှစ်ရက်ယူခဲ့တယ်။ အဲ့ဒီတုန်းက ကျွန်တော်တို့ဆယ်ယောက်လောက်ဟာ ညနေတိုင်းအတူတကွစုရုံးခဲ့ကြတယ်၊ မနက်မိုးလင်းခါနီးအထိ သူတို့နဲ့စကားပြောခဲ့တယ်။ သူတို့အားလုံးကောင်းကောင်းနားထောင်ကြတယ်။ ကျွန်တော့်ရဲ့လည်ပတ်မှုပြီးဆုံးသွားတဲ့အခါ သူတို့ဆီမှာ ကျမ်းစာနဲ့ကျမ်းစာ,စာပေတွေထားခဲ့တယ်။ အဲ့ဒီနောက် ကျွန်တော်တို့အမြဲဆက်သွယ်ခဲ့ကြတယ်။

အရင်က ဘယ်သူမှမဟောခဲ့ဖူးတဲ့ ဒူရန်ဂိုမြို့ကို သက်သေခံတွေရောက်လာတဲ့အခါ လူ ၁၈ ယောက်ဟာ ကျမ်းစာလေ့လာဖို့ခုံခုံမင်မင်စောင့်နေတာကို သူတို့တွေ့ခဲ့ကြတယ်။ သက်သေခံတွေဟာ မိသားစုတစ်စုစီကို ကျမ်းစာလေ့လာဖို့စီစဉ်ပေးခဲ့ကြတယ်။

အဲ့ဒီအချိန်အထိ မာစေသေစ်ဟာ အမှန်တရားကိုမလေ့လာချင်ဘူး၊ ကျမ်းစာသွန်သင်ချက်တွေကိုလက်ခံဖို့ထက် လူကိုပိုကြောက်တဲ့အတွက် တွန့်ဆုတ်နေတယ်။ အဲ့ဒီအချိန်တုန်းက စပိန်မှာ ယေဟောဝါသက်သေတွေရဲ့လုပ်ငန်းကို ပိတ်ပင်ထားတယ်၊ ဒါကြောင့် ကျွန်တော်တို့ရဲ့ကလေးနှစ်ယောက်ကို အာဏာပိုင်တွေ ကျောင်းကနေထုတ်ပစ်မယ်၊ ကျွန်တော်တို့အားလုံး အပယ်ခံရမယ်လို့သူထင်ခဲ့တယ်။ ဒါပေမဲ့ မိသားစုတစ်စုလုံး ကျမ်းစာအမှန်တရားလက်ခံနေတာကိုသူမြင်တဲ့အခါ သူလည်းလေ့လာချင်ခဲ့တယ်။

နှစ်နှစ်အတွင်း ကျွန်တော့်မိသားစုဝင်အယောက် ၄၀ ဟာသက်သေခံတွေဖြစ်လာကြပြီး ဘုရားသခင့်အမှုတော်ဆောင်ဖို့ ကိုယ့်ကိုယ်ကိုအပ်နှံတဲ့အထိမ်းအမှတ်အနေနဲ့ နှစ်ခြင်းခံခဲ့ကြတယ်။ မှန်ပါတယ်၊ ကျွန်တော့်မိသားစုဟာ ကျွန်တော့်လိုပဲ ပန်းတိုင်၊ ဘဝရည်ရွယ်ချက်တွေရှိလာခဲ့ကြတယ်။ အမှန်ပဲအဖိုးထိုက်တဲ့အရာကို ကျွန်တော်ရရှိခဲ့တယ်လို့ခံစားမိတယ်။ ကျွန်တော်တို့ဟာ ဝိညာဉ်ရေးကြွယ်ဝမှုအများကြီးခံစားခဲ့ကြရတယ်။

အသက်ကြီးလာသည်နှင့်အမျှ ဘဝပို၍ကြွယ်ဝလာ

နောက်အနှစ် ၂၀ လုံးလုံး ကျွန်တော်တို့ရဲ့သားနှစ်ယောက်ကိုပြုစုပျိုးထောင်ရာမှာနဲ့ ဒေသခံအသင်းတော်ကိုကူညီရာမှာ အာရုံစိုက်ခဲ့တယ်။ မာစေသေစ်နဲ့ကျွန်တော် လာဂရိုနယိုမြို့ကိုပြောင်းခဲ့ချိန်တုန်းက မြို့သူမြို့သား ၁၀၀,၀၀၀ လောက်မှာ သက်သေခံ ၂၀ လောက်ပဲရှိခဲ့တယ်။ မကြာခင်မှာ ကျွန်တော်ဟာ အသင်းတော်မှာတာဝန်တွေအများကြီးရရှိခဲ့တယ်။

ကျွန်တော်အသက် ၅၆ နှစ်မှာ ကျွန်တော်အလုပ်,လုပ်တဲ့ကုမ္ပဏီဟာ မမျှော်လင့်ဘဲစက်ရုံပိတ်လိုက်တဲ့အတွက် ကျွန်တော်အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်။ ကျွန်တော်ဟာ ဓမ္မအမှုမှာအချိန်ပြည့်လုပ်ချင်တဲ့ဆန္ဒအမြဲရှိခဲ့တယ်၊ ဒါကြောင့် ရှေ့ဆောင်တစ်ယောက်ဖြစ်လာဖို့ ဒီအခြေအနေသစ်ကို အခွင့်အရေးယူခဲ့တယ်။ ကျွန်တော်ရတဲ့ပင်စင်လစာဟာနည်းတဲ့အတွက် အသက်ရှင်ဖို့တော့သိပ်မလွယ်ကူဘူး။ မာစေသေစ်က သန့်ရှင်းရေးအလုပ်,လုပ်ပြီးကူညီပေးခဲ့တယ်။ ကျွန်တော်တို့မိသားစုကို ထောက်ပံ့နိုင်ခဲ့ပြီး လိုအပ်ရာများ ဘယ်တော့မှမချို့တဲ့ခဲ့ဘူး။ ကျွန်တော်ဟာ ရှေ့ဆောင်တစ်ယောက်ဖြစ်ပြီး မာစေသေစ်လည်းအရန်ရှေ့ဆောင်အဖြစ် မကြာမကြာလုပ်ဆောင်တယ်၊ သူဟာ ဟောပြောခြင်းလုပ်ငန်းကို အလွန်နှစ်သက်တယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက မာစေသေစ်ဟာ မာချယ်အမည်ရှိအမျိုးသမီးငယ်တစ်ဦးကို ကျွန်တော်တို့ရဲ့မဂ္ဂဇင်းမှန်မှန်ပေးခဲ့တယ်၊ သူဟာ ငယ်ငယ်တုန်းက ကျမ်းစာကိုလေ့လာခဲ့တဲ့သူဖြစ်တယ်။ မာချယ်ဟာ ကျွန်တော်တို့မဂ္ဂဇင်းကို စိတ်ဝင်တစားဖတ်တယ်၊ မာချယ်ရဲ့နှလုံးထဲမှာ ကျမ်းစာအမှန်တရားကို လေးစားတန်ဖိုးထားဆဲဖြစ်ကြောင်း မာစေသေစ်သတိပြုမိခဲ့တယ်။ နောက်ဆုံး မာချယ်ဟာ ကျမ်းစာသင်အံမှုကိုလက်ခံခဲ့ပြီး ကောင်းကောင်းတိုးတက်လာတယ်။ ဒါပေမဲ့ သူ့ခင်ပွန်း ဗီစန်တာဟာ အရက်တအားသောက်ပြီး ပုံမှန်အလုပ်မလုပ်နိုင်ဘူး။ ရလဒ်အနေနဲ့ သူဟာ ဇနီးသည်ကို ငွေကြေးမထောက်ပံ့ခဲ့ဘူး၊ အရက်ကိုတလွဲသုံးတာကြောင့် သူတို့အိမ်ထောင်ရေးပြိုကွဲဖို့ အန္တရာယ်ကြုံနေတယ်။

ဗီစန်တာကို ကျွန်တော်နဲ့စကားပြောဖို့ ကျွန်တော့်ဇနီးက မာချယ်ကိုအကြံပေးခဲ့ပြီး နောက်ဆုံး ဗီစန်တာ ကျွန်တော်နဲ့စကားပြောခဲ့တယ်။ အတော်ကြာကြာလည်ပတ်ပြီးနောက် သူကျမ်းစာလေ့လာဖို့ လက်ခံခဲ့တယ်။ တစ်ခါတစ်ခါ နေ့ရက်အတော်ကြာကြာအရက်မသောက်ဘဲနေပြီး ဗီစန်တာဟာ စတင်ပြောင်းလဲခဲ့တယ်။ ဒါနဲ့အရက်မသောက်တဲ့အချိန်တွေဟာ တစ်ပတ် ဒါမှဟုတ် ဒီထက်ပိုပြီးကြာခဲ့တယ်။ နောက်ဆုံးတော့ သူလုံးဝအရက်ဖြတ်လိုက်တယ်။ သူ့ရဲ့မျက်နှာပုံပန်းဟာ သိသိသာသာတိုးတက်ခဲ့ပြီး သူ့မိသားစုလည်းစည်းလုံးလာတယ်။ သူ့ဇနီးနဲ့သမီးအပါအဝင် မိသားစုတစ်စုလုံးဟာ အခုသူတို့နေထိုင်နေကြတဲ့ ကနေရီကျွန်းစုရှိအသင်းတော်ငယ်ကို များစွာထောက်ကူပေးနေကြတယ်။

အဓိပ္ပာယ်ပြည့်ဝသောဘဝကို ပြန်ပြောင်းသုံးသပ်ခြင်း

လွန်ခဲ့တဲ့နှစ်တွေတုန်းက သမ္မာကျမ်းစာသွန်သင်ချက်တွေကို သင်ယူခဲ့ကြတဲ့ဆွေမျိုးတချို့ အခုသေဆုံးသွားကြပေမဲ့ ကျွန်တော့်ဆွေမျိုးရင်းချာတွေဟာ ဆက်တိုးတက်ခဲ့ပြီး ဘုရားသခင်ဟာ ကျွန်တော်တို့ကိုကြွယ်ဝစွာကောင်းချီးပေးနေပါတယ်။ (သု. ၁၀:၂၂) လွန်ခဲ့တဲ့အနှစ် ၄၀ ကစတင်ပြီးကျမ်းစာလေ့လာခဲ့သူအားလုံး သူတို့ရဲ့ကလေးတွေ၊ မြေးတွေနဲ့အတူ ယေဟောဝါကို ဆက်တည်တည်ကြည်ကြည်ဝတ်ပြုနေကြတာကိုတွေ့ရတာ အရမ်းကိုကျေနပ်အားရမိတယ်။

သက်သေခံတွေဖြစ်တဲ့သွေးသားရင်းချာဆွေမျိုးအများကြီး အခု ကျွန်တော့်မှာရှိပြီး သူတို့ထဲကအများစုဟာ အကြီးအကဲတွေ၊ ဓမ္မအမှုထမ်းတွေ၊ ရှေ့ဆောင်တွေအနေနဲ့အမှုထမ်းဆောင်နေကြတယ်။ ကျွန်တော့်ရဲ့သားကြီးနဲ့သူ့ဇနီးဟာ စပိန်နိုင်ငံ၊ မဒရစ်မြို့ရှိ ယေဟောဝါသက်သေတွေရဲ့ဌာနခွဲရုံးမှာ အမှုဆောင်နေကြတယ်။ ကျွန်တော်သက်သေခံဖြစ်လာချိန်က စပိန်မှာ သက်သေခံ ၃,၀၀၀ လောက်ပဲရှိခဲ့တယ်။ အခုဆို ၁၀၀,၀၀၀ ကျော်ရှိသွားပြီ။ ကျွန်တော် အချိန်ပြည့်ဓမ္မအမှုကို တကယ်နှစ်ခြိုက်ပြီး ကိုယ်တော်ရဲ့လုပ်ငန်းတော်မှာ ကောင်းမြတ်တဲ့အသက်တာအတွက် ဘုရားသခင်ကို အများကြီးကျေးဇူးတင်မိတယ်။ ကျွန်တော်ဟာ ကျောင်းပညာရေးနည်းနည်းပဲရှိပေမဲ့ မကြာမကြာ အရန်တိုက်နယ်ကြီးကြပ်မှူးအနေနဲ့ ထမ်းဆောင်ခွင့်ရတယ်။

ကျွန်တော်ကြီးပြင်းခဲ့တဲ့ရွာဟာ လူသူကင်းမဲ့သလောက်ဖြစ်သွားပြီဆိုတာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က သိခဲ့ရတယ်။ ဆင်းရဲနွမ်းပါးခြင်းဟာ နောက်ဆုံး ရွာသူရွာသားအားလုံးကို မိမိတို့လယ်တွေ၊ အိမ်တွေကိုစွန့်ပစ်စေပြီး ပိုကောင်းတဲ့အသက်တာကိုရှာဖွေဖို့ တကယ်ပဲတွန်းအားဖြစ်စေခဲ့တယ်။ ဝမ်းသာစရာက ကျွန်တော်အပါအဝင် ပြောင်းရွှေ့သူအတော်များများဟာ ဝိညာဉ်ရေးဘဏ္ဍာတွေကိုတွေ့ရှိခဲ့ကြတယ်။ ဘဝဆိုတာအဓိပ္ပာယ်ရှိကြောင်း၊ ယေဟောဝါအမှုတော်ဆောင်ခြင်းဟာ ပျော်ရွှင်မှုအပေးဆုံးဖြစ်ကြောင်း ကျွန်တော်တို့ သိရှိခဲ့ကြပါတယ်။

[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]

ညီအစ်ကို မာတီနက်စ်၏မိသားစုအားလုံးနီးပါး အမှန်တရားတွင်ရှိသည်