မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မြင့်မြတ်သောပညာရေး၏ သာလွန်ထူးမြတ်မှု

မြင့်မြတ်သောပညာရေး၏ သာလွန်ထူးမြတ်မှု

မြင့်မြတ်သောပညာရေး၏ သာလွန်ထူးမြတ်မှု

“ခရစ်တော်ယေရှုနှင့်ပတ်သက်သော အသိပညာသည် သာလွန်ထူးမြတ်သောကြောင့် အရာခပ်သိမ်းကို ရှုံးစေသောအရာဟု ငါယူမှတ်၏။”—ဖိ. ၃:၈

၁၊ ၂။ ခရစ်ယာန်အချို့သည် အဘယ်ရွေးချယ်မှုပြုလုပ်ကြသနည်း၊ အဘယ်ကြောင့်နည်း။

ရောဘတ်သည် ငယ်စဉ်ကတည်းက ကျောင်းတွင် ထူးချွန်သူတစ်ဦးဖြစ်ခဲ့သည်။ ရှစ်နှစ်သာရှိသေးချိန်တွင် သူ၏ဆရာမတစ်ဦး သူ့အိမ်သို့ အထူးလာရောက်လည်ပတ်ခဲ့ပြီး မည်သည့်အရာကိုမဆို သူအောင်မြင်နိုင်ကြောင်းပြောခဲ့သည်။ သူသည် တစ်နေ့ ဆရာဝန်တစ်ဦးဖြစ်လာမည်ဟု မျှော်လင့်ကြောင်း ဆရာမပြောခဲ့သည်။ အထက်တန်းကျောင်းသားတစ်ဦးအနေနှင့် သူ၏ကျောင်းသားဘဝအောင်မြင်မှုများက သူ့နိုင်ငံအတွင်းရှိ အကောင်းဆုံးတက္ကသိုလ်များတွင်တက်ရောက်ရန် အရည်အချင်းပြည့်စေခဲ့သည်။ သို့သော် ရောဘတ်သည် မှန်မှန်ရှေ့ဆောင်တစ်ဦးအဖြစ် အမှုဆောင်ခြင်းဖြစ်သော သူ့ပန်းတိုင်ကိုလိုက်စားဖို့ တစ်သက်မှာတစ်ခါသာရသည့်အခွင့်အရေးအဖြစ် လူအများရှုမြင်သည့်အရာကို စွန့်လွှတ်ရန် ရွေးချယ်လိုက်သည်။

ရောဘတ်ကဲ့သို့ပင် ခရစ်ယာန်လူငယ်လူကြီးများစွာသည် လက်ရှိလောကစနစ်တွင် တိုးတက်ဖို့အခွင့်အလမ်းများရှိကြသည်။ အချို့သည် ဤအခွင့်အရေးများကို အပြည့်အဝမသုံးရန် ရွေးချယ်ကြသည်၊ သို့မှသာ ဝိညာဉ်ရေးပန်းတိုင်များကို သူတို့လိုက်စားနိုင်မည်ဖြစ်သည်။ (၁ ကော. ၇:၂၉-၃၁) ဟောပြောခြင်းလုပ်ငန်းတွင်အသုံးတော်ခံရန် ရောဘတ်ကဲ့သို့သောခရစ်ယာန်များကို အဘယ်အရာက လှုံ့ဆော်သနည်း။ အဓိကအကြောင်းရင်းဖြစ်သော ယေဟောဝါကိုချစ်သည့်စိတ်အပြင် သူတို့သည် မြင့်မြတ်သောပညာရေး၏သာလွန်ထူးမြတ်မှုကို လေးမြတ်တန်ဖိုးထားသောကြောင့်ဖြစ်သည်။ အမှန်တရားအသိပညာကို မသင်ယူခဲ့ပါက သင့်ဘဝမည်သို့ဖြစ်နိုင်သည်ကို မကြာသေးမီက စဉ်းစားခဲ့ပါသလော။ ယေဟောဝါ၏သွန်သင်မှုခံရခြင်းကြောင့် ကျွန်ုပ်တို့ခံစားရသော ကောင်းမွန်လှသည့်ကောင်းချီးအချို့ကိုစဉ်းစားခြင်းက သတင်းကောင်းကို အမြဲလေးမြတ်တန်ဖိုးထားရန်နှင့် ယင်းကို အခြားသူများအားဝေမျှရာတွင်ထက်သန်မှုရှိရန် အထောက်အကူပေးမည်။

ဘုရားသခင်၏သွန်သင်မှုခံရခြင်းသည် အခွင့်ထူးဖြစ်

၃။ ယေဟောဝါသည် မစုံလင်သောလူသားများကိုသွန်သင်ရန် တလိုတလားရှိကြောင်း ကျွန်ုပ်တို့ အဘယ်ကြောင့်စိတ်ချနိုင်သနည်း။

ယေဟောဝါ၏ကောင်းမြတ်မှုကြောင့် ကိုယ်တော်သည် မစုံလင်သောလူသားများကိုသွန်သင်ရန် တလိုတလားရှိတော်မူသည်။ ဘိသိက်ပေးခံရသောခရစ်ယာန်များနှင့်ပတ်သက်၍ ဟေရှာယ ၅၄:၁၃ တွင်ဤသို့ပရောဖက်ပြုထား၏– ‘သင်၏သားသမီးအပေါင်းတို့သည် ယေဟောဝါဆုံးမသွန်သင်တော်မူသောသူဖြစ်၍ များစွာသောစည်းစိမ်ချမ်းသာနှင့် ပြည့်စုံကြလိမ့်မည်။’ ယင်းစကားများသည် မူအားဖြင့် ခရစ်တော်၏ “အခြားသိုး” နှင့်လည်းသက်ဆိုင်သည်။ (ယော. ၁၀:၁၆) ယင်းသို့ဖြစ်ကြောင်း ကျွန်ုပ်တို့ခေတ်တွင် ပြည့်စုံလျက်ရှိသောပရောဖက်ပြုချက်တစ်ခုက ထင်ရှားစေသည်။ လူမျိုးအပေါင်းမှလူတို့သည် စစ်မှန်သောဝတ်ပြုရေးသို့ တဖွဲဖွဲတက်သွားကြသည်ကို စိတ်အာရုံတွင် ဟေရှာယမြင်တွေ့ခဲ့သည်။ သူတို့အချင်းချင်းပြောဆိုနေသည့်အရာနှင့်စပ်လျဉ်း၍ ဟေရှာယဤသို့ဖော်ပြသည်– ‘ယေဟောဝါ၏တောင်တော်၊ ယာကုပ်အမျိုး၏ဘုရားသခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကိုပြသသွန်သင်တော်မူ၍ ငါတို့သည် ခြေရာသို့ လိုက်သွားကြမည်။’ (ဟေရှာ. ၂:၁-၃) ဘုရားသခင်၏သွန်သင်မှုခံရခြင်းသည် အခွင့်ထူးပင်!

၄။ ယေဟောဝါသည် မိမိသွန်သင်ပေးတော်မူသောသူတို့ထံမှ အဘယ်အရာတောင်းဆိုတော်မူသနည်း။

ကျွန်ုပ်တို့သည် မြင့်မြတ်သောပညာရေးမှအကျိုးခံစားရရန် အဘယ်အရာလိုအပ်သနည်း။ အဓိကလိုအပ်ချက်မှာ လူတစ်ဦးသည် နှိမ့်ချပြီး သွန်သင်ပေး၍ရသူဖြစ်ခြင်းဖြစ်သည်။ ဆာလံဆရာဤသို့ရေးခဲ့သည်– ‘ယေဟောဝါသည် ကောင်းသောသဘောနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ နှိမ့်ချလျက်ရှိသောသူတို့အား ခရီးတော်တို့ကိုသွန်သင်တော်မူ၏။’ (ဆာ. ၂၅:၈၊ ၉) ထို့ပြင် ယေရှုဤသို့မိန့်တော်မူခဲ့သည်– “ကောင်းကင်နှင့် မြေကြီးကို အစိုးရတော်မူသောအဖ၊ ကိုယ်တော်သည် ဤအကြောင်းအရာတို့ကို ပညာရှိသောသူနှင့် ဉာဏ်ကောင်းသောသူတို့ မသိစေရန်ဝှက်ထားလျက် သူငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကိုယ်တော်အား ချီးမွမ်းပါ၏။” (လု. ၁၀:၂၁) ‘စိတ်နှိမ့်ချသောသူတို့ကို မဟာကြင်နာမှုပေးသနားတော်မူ’ သောဘုရားသခင်ထံဆွဲဆောင်ခံရသည်ဟု သင်မခံစားရပေလော။—၁ ပေ. ၅:၅

၅။ ကျွန်ုပ်တို့သည် ဘုရားသခင်အားသိကျွမ်းခြင်းပညာကို မည်သို့အားဖြင့်သာ သိရှိလာနိုင်သနည်း။

ယေဟောဝါ၏ကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့အမှန်တရားကိုသိလာရခြင်းမှာ မိမိတို့၏ကိုယ်ပိုင်အစွမ်းအစကြောင့်လော။ မဟုတ်ပါ။ အမှန်တွင် ကျွန်ုပ်တို့၏အစွမ်းအစနှင့် ဘုရားသခင်အားသိကျွမ်းခြင်းပညာကို ဘယ်တော့မျှသိလာကြမည်မဟုတ်ချေ။ ယေရှုဤသို့ပြောခဲ့သည်– “ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည် သွေးဆောင်တော်မမူလျှင် မည်သူမျှငါ့ထံသို့မလာနိုင်။” (ယော. ၆:၄၄) ယေဟောဝါသည် ဟောပြောခြင်းလုပ်ငန်းနှင့် သန့်ရှင်းသောစွမ်းအားတော်အားဖြင့် “လူမျိုးအပေါင်းတို့နှစ်သက်ဖွယ်သောအရာ” ဖြစ်သည့်သိုးကဲ့သို့သောသူများကို သွေးဆောင်တော်မူ၏။ (ဟဂ္ဂဲ ၂:၇) သင်သည် ကိုယ်တော့်သားတော်ထံသို့ ယေဟောဝါသွေးဆောင်ခဲ့သူများအဝင်ဖြစ်ရခြင်းကို ကျေးဇူးတင်လေးမြတ်သည်မဟုတ်လော။—ယေရမိ ၉:၂၃၊ ၂၄ ကိုဖတ်ပါ။

အသက်တာကိုတိုးတက်ကောင်းမွန်စေသော တန်ခိုးတော်

၆။ ‘ယေဟောဝါကိုသိကျွမ်းခြင်းပညာ’ ဆည်းပူးခြင်းက လူတို့အပေါ် အဘယ်မှတ်သားဖွယ်အကျိုးသက်ရောက်မှုရှိသနည်း။

အလွန်ထိမိသည့်ပုံဖော်ပြချက်ကို အသုံးပြုလျက် ဟေရှာယ၏ပရောဖက်ပြုချက်တွင် ကျွန်ုပ်တို့အချိန်တွင်ဖြစ်ပျက်နေသော လူသားတို့၏ဥပဓိရုပ်ပြုပြင်ပြောင်းလဲခြင်းကို ဖော်ပြသည်။ ယခင်က လူကြမ်းများသည် ငြိမ်သက်အေးဆေးသူများဖြစ်လာခဲ့ကြသည်။ (ဟေရှာယ ၁၁:၆-၉ ကိုဖတ်ပါ။) လူမျိုး၊ နိုင်ငံသား၊ လူမျိုးနွယ် သို့မဟုတ် အခြားယဉ်ကျေးမှုနောက်ခံအချို့ကြောင့် တစ်ချိန်က အချင်းချင်းရန်ဘက်ဖြစ်ခဲ့သူတို့သည် စည်းလုံးစွာအတူတကွနေထိုင်ရန် သင်ယူခဲ့ကြသည်။ ပုံဆောင်သဘောအရပြောရလျှင် သူတို့သည် “သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေ” ခဲ့ကြသည်။ (ဟေရှာ. ၂:၄) ထူးခြားလှသောဤပြောင်းလဲမှုများအတွက် အကြောင်းရင်းကား အဘယ်နည်း။ လူတို့သည် ‘ယေဟောဝါကိုသိကျွမ်းခြင်းပညာ’ ကိုဆည်းပူးခဲ့ကြပြီး မိမိတို့အသက်တာတွင် ကျင့်သုံးခဲ့ကြသည်။ ဘုရားသခင့်ကျေးကျွန်များသည် မစုံလင်ကြသော်လည်း သူတို့သည် စစ်မှန်သော အပြည်ပြည်ဆိုင်ရာညီအစ်ကိုအသင်းအပင်းတစ်ခုကို ဖွဲ့စည်းကြသည်။ လူခပ်သိမ်းကို သတင်းကောင်းကဆွဲဆောင်နိုင်စွမ်းနှင့် ယင်းသတင်းကောင်းကြောင့် သီးပွင့်သောအသီးကောင်းများက မြင့်မြတ်သောပညာရေး၏သာလွန်မြင့်မြတ်မှုကို ဖော်ပြသည်။—မ. ၁၁:၁၉

၇၊ ၈။ (က) မြင့်မြတ်သောပညာရေးက လူတို့ကို အောင်မြင်ကျော်လွှားစေသည့် “အခိုင်အမာအမြစ်စွဲနေသောအရာ” အချို့ကား အဘယ်နည်း။ (ခ) မြင့်မြတ်သောပညာရေးသည် ယေဟောဝါအားချီးမွမ်းစေကြောင်း အဘယ်အရာကဖော်ပြသနည်း။

တမန်တော်ပေါလုသည် ဘုရားသခင့်ကျေးကျွန်များ၏ဓမ္မအမှုကို ဝိညာဉ်ရေးစစ်ပွဲနှင့် ဆက်စပ်ခဲ့သည်။ သူဤသို့ရေးခဲ့သည်– “စစ်တိုက်ရာ၌ ငါတို့သုံးစွဲသောလက်နက်သည် ဇာတိပကတိလက်နက်မဟုတ်။ ဘုရားသခင့်တန်ခိုးနှင့်ပြည့်စုံ၍ အခိုင်အမာ အမြစ်စွဲနေသောအရာများကို ဖြိုဖျက်နိုင်သောလက်နက်ဖြစ်၏။ အကြောင်းမူကား ငါတို့သည် မှားယွင်းသောအတွေးအခေါ်များကိုလည်းကောင်း၊ ဘုရားသခင်နှင့်ဆိုင်သောအသိပညာကို ဆန့်ကျင်သည့်ထောင်လွှားသောအရာ ရှိသမျှကိုလည်းကောင်း မှောက်လှန်ကြ၏။” (၂ ကော. ၁၀:၄၊ ၅) မြင့်မြတ်သောပညာရေးက လူတို့အား လွတ်မြောက်စေသည့် “အခိုင်အမာအမြစ်စွဲနေသောအရာ” အချို့ကား အဘယ်နည်း။ မှားယွင်းသောသွန်သင်ချက်များ၏ဝန်ထုပ်ဝန်ပိုး၊ အယူသီးခြင်းနှင့် လူ့အတွေးအခေါ်တို့သည် ဥပမာအနည်းငယ်သာဖြစ်သည်။ (ကော. ၂:၈) မြင့်မြတ်သောပညာရေးသည် လူတို့အား အကျင့်ဆိုးများကိုကျော်လွှားရန်နှင့် ဘုရားသခင်နှစ်သက်သော အရည်အသွေးများမွေးမြူရန် အထောက်အကူပြုသည်။ (၁ ကော. ၆:၉-၁၁) ယင်းက မိသားစုဘဝကို တိုးတက်ကောင်းမွန်စေသည်။ ထို့ပြင် မျှော်လင့်ချက်မဲ့နေသူတို့အား ဘဝတွင် စစ်မှန်သောရည်ရွယ်ချက်ကိုပေးသည်။ ယင်းသည် ယနေ့လိုအပ်နေသည့်ပညာရေးမျိုးပင်ဖြစ်သည်။

အောက်ဖော်ပြပါတွေ့ကြုံမှုအရ လူတို့တိုးတက်လာရန် ယေဟောဝါထောက်မကူညီပေးသည့်အရည်အသွေးတစ်ခုမှာ ရိုးသားခြင်းဖြစ်သည်။ (ဟေဗြဲ ၁၃:၁၈) အိန္ဒိယနိုင်ငံရှိအမျိုးသမီးတစ်ဦးသည် ကျမ်းစာသင်အံမှုလက်ခံခဲ့ပြီး အချိန်တန်သောအခါ နှစ်ခြင်းမခံသေးသောကြေညာသူတစ်ဦးအဖြစ် အရည်အချင်းပြည့်မီခဲ့သည်။ တစ်နေ့ ဘုရားသခင့်နိုင်ငံတော်ခန်းမဆောက်လုပ်ရေးစီမံကိန်းတွင် အလုပ်လုပ်ပြီးအိမ်အပြန် ဘတ်စကားမှတ်တိုင်အနီးတွင် (အမေရိကန်) ဒေါ်လာရှစ်ရာတန်ရွှေဆွဲကြိုးတစ်ကုံးကို သူတွေ့ရှိခဲ့သည်။ သူသည် ဆင်းရဲသော်လည်း ဆွဲကြိုးကို ရဲစခန်းသို့ယူသွားပြီးအပ်လိုက်သည်။ ထိုတွင်ရှိရဲအရာရှိသည် မယုံနိုင်အောင်ဖြစ်ခဲ့သည်! နောက်ပိုင်းတွင် နောက်အရာရှိတစ်ဦးက ညီအစ်မကို ဤသို့မေးသည်– “ဆွဲကြိုးကို ဘာကြောင့်မယူထားတာလဲ။” သူဤသို့ပြန်ရှင်းပြသည်– “ကျမ်းစာသွန်သင်ချက်တွေက ကျွန်မကို ပြုပြင်ပြောင်းလဲစေခဲ့တယ်၊ ဒါကြောင့် အခု ကျွန်မဟာ ရိုးသားတဲ့သူတစ်ဦးဖြစ်နေပြီ။” အထင်ကြီးစွဲမှတ်သွားကာ ရဲစခန်းသို့ ညီအစ်မနှင့်အတူလာသော ခရစ်ယာန်အကြီးအကဲအား သူဤသို့ပြောခဲ့သည်– “ဒီပြည်နယ်မှာ လူ ၃၈ သန်းကျော်ရှိတယ်။ ဆယ်ဦးကို ဒီအမျိုးသမီးလိုဖြစ်လာအောင် ခင်ဗျားလုပ်နိုင်မယ်ဆိုရင် ဒါဟာ တကယ့်ကြီးမားတဲ့အောင်မြင်မှုကြီးဖြစ်လိမ့်မယ်။” မြင့်မြတ်သောပညာရေးကြောင့် တိုးတက်ကောင်းမွန်ခဲ့သည့် သန်းနှင့်ချီသောသူတို့၏အသက်တာကို ကျွန်ုပ်တို့သုံးသပ်သောအခါ ယေဟောဝါကိုချီးမွမ်းရန် အကြောင်းကောင်းများစွာရှိသည်မဟုတ်လော။

၉။ လူတို့သည် မိမိတို့အသက်တာတွင် ကြီးမားသည့်ပြောင်းလဲမှုများပြုလုပ်ရန် မည်သို့ဖြစ်နိုင်သနည်း။

ယေဟောဝါပြင်ဆင်ပေးသည့် သန့်ရှင်းသောစွမ်အားတော်၏အကူအညီနှင့်အတူ ဘုရားသခင့်တရားစကားတော်၏ပြောင်းလဲစေနိုင်စွမ်းသည် လူတို့၏အသက်တာတွင် ကြီးမားသည့်ပြောင်းလဲမှုများ ပြုလုပ်စေနိုင်သည်။ (ရော. ၁၂:၂; ဂလ. ၅:၂၂၊ ၂၃) ကောလောသဲ ၃:၁၀ တွင်ဤသို့ဖော်ပြထားသည်– “ဖန်ဆင်းတော်မူသောအရှင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ တိကျမှန်ကန်သောအသိပညာဖြင့် အသစ်ပြုပြင်သောစရိုက်သစ်ကို ဝတ်ဆင်ကြလော့။” ဘုရားသခင့်တရားစကားတော် သမ္မာကျမ်းစာတွင်တွေ့ရသောသတင်းစကားသည် လူတစ်ဦး၏အတွင်းလူအမှန်ကို ဖော်ပြနိုင်စွမ်းရှိပြီး သူ၏စဉ်းစားပုံနှင့် သူ၏ခံစားချက်များကိုပါ ပြောင်းလဲစေနိုင်သည်။ (ဟေဗြဲ ၄:၁၂ ကိုဖတ်ပါ။) လူတစ်ဦးသည် ကျမ်းစာ၏တိကျမှန်ကန်သောအသိပညာကိုသိလာခြင်း၊ မိမိဘဝကို ယေဟောဝါ၏ဖြောင့်မတ်သောစံနှုန်းများနှင့် ညီညွတ်စေခြင်းအားဖြင့် သူသည် ထာဝရအသက်ရှင်ခြင်းမျှော်လင့်ချက်နှင့်အတူ ဘုရားသခင်၏မိတ်ဆွေတစ်ဦးဖြစ်လာနိုင်သည်။

အနာဂတ်အတွက် ပြင်ဆင်ခြင်း

၁၀။ (က) အဘယ်ကြောင့် ယေဟောဝါတစ်ပါးတည်းသာ ကျွန်ုပ်တို့အနာဂတ်ကို ပြင်ဆင်နိုင်သနည်း။ (ခ) မကြာမီ ကမ္ဘာတစ်ခုလုံး အဘယ်သိသာထင်ရှားသောပြောင်းလဲမှုများ ဖြစ်တော့မည်နည်း။

၁၀ အနာဂတ်အတွက်ပြင်ဆင်ရာတွင် ယေဟောဝါတစ်ပါးတည်းသာလျှင် ကျွန်ုပ်တို့ကိုကူညီပေးနိုင်သည်၊ အကြောင်းမှာ ကိုယ်တော်သည် အနာဂတ်တွင်အဘယ်အရာဖြစ်ပျက်မည်ကို သိထားသောကြောင့်ဖြစ်သည်။ လူသားတို့၏အနာဂတ် အဘယ်အရာဖြစ်မည်ကို ကိုယ်တော်ဆုံးဖြတ်တော်မူသည်။ (ဟေရှာ. ၄၆:၉၊ ၁၀) ကျမ်းစာပရောဖက်ပြုချက်က ‘ယေဟောဝါ၏နေ့ကြီးနီးပြီ’ ဖြစ်ကြောင်း ဖော်ပြသည်။ (ဇေ. ၁:၁၄) ထိုနေ့နှင့်ပတ်သက်၍ နယပုံပြင် ၁၁:၄ ပါဤစကားများမှန်ကန်ပါလိမ့်မည်– ‘အမျက်ဒေါသထွက်သောကာလ၌ စည်းစိမ်ဥစ္စာသည်အကျိုးမပေးနိုင်။ ဖြောင့်မတ်ခြင်းမူကား သေခြင်းမှကယ်တင်တတ်၏။’ စာတန့်လောကအပေါ် ယေဟောဝါတရားစီရင်မည့်အချိန်ရောက်လာသောအခါ ဘုရားသခင့်မျက်နှာသာရခြင်းသည် အရေးအကြီးဆုံးအရာဖြစ်လိမ့်မည်။ ငွေကြေးများ တန်ဖိုးမဲ့သွားပါလိမ့်မည်။ အမှန်တွင် ယေဇကျေလ ၇:၁၉ တွင်ဤသို့ဆိုထားသည်– “သူတို့ငွေကိုလမ်းသို့ပစ်၍ ရွှေကိုညစ်ညူးသောအရာကဲ့သို့ မှတ်ကြလိမ့်မည်။” ယင်းသို့ကြိုသိထားခြင်းက ယခုအချိန်တွင် ပညာရှိရှိပြုမူရန် အထောက်အကူပြုနိုင်သည်။

၁၁။ မြင့်မြတ်သောပညာရေးက အနာဂတ်အတွက် ကျွန်ုပ်တို့ကိုပြင်ဆင်ပေးသည့်နည်းတစ်နည်းမှာ အဘယ်နည်း။

၁၁ မြင့်မြတ်သောပညာရေးက ရောက်လာမည့်ယေဟောဝါ၏နေ့အတွက် ကျွန်ုပ်တို့ကိုပြင်ဆင်ပေးသည့် ထင်ရှားသောနည်းတစ်နည်းမှာ ဦးစားထားရမည့်အရာများကို တော်လျော်စွာသတ်မှတ်စေရန် ထောက်ကူပေးခြင်းအားဖြင့်ဖြစ်သည်။ တမန်တော်ပေါလုသည် တိမောသေအား ဤသို့စာရေးခဲ့သည်– “လက်ရှိလောကစနစ်တွင် ချမ်းသာကြွယ်ဝသူတို့သည် စိတ်နေမြင့်ခြင်းမရှိရန်လည်းကောင်း၊ မမြဲသောစည်းစိမ်ကို မကိုးစားဘဲ . . . ဘုရားသခင်အား ကိုးစားရန်လည်းကောင်း သူတို့ကိုမိန့်မှာလော့။” ကျွန်ုပ်တို့သည် ဥစ္စာဓနမကြွယ်ဝလျှင်ပင် ယင်းမြင့်မြတ်သောမှုတ်သွင်းခံအကြံပေးချက်မှ အကျိုးရရှိနိုင်သည်။ ယင်းတွင် အဘယ်အရာပါဝင်သနည်း။ ရုပ်ပစ္စည်းများကို စုဆောင်းမည့်အစား ကျွန်ုပ်တို့သည် “ကောင်းမှုပြုခြင်း၊ မွန်မြတ်သောအကျင့်၌ ကြွယ်ဝခြင်း” ရှိရန်ကြိုးစားသင့်သည်။ ကျွန်ုပ်တို့ဘဝအသက်တာတွင် ဝိညာဉ်ရေးရာများကို ဦးစားထားခြင်းဖြင့် “အနာဂတ်အတွက် အုတ်မြစ်ကောင်းဖြစ်သောဘဏ္ဍာကို မိမိတို့အတွက် သိမ်းဆည်းခြင်း” ဖြစ်သည်။ (၁ တိ. ၆:၁၇-၁၉) ထိုသို့သော ကိုယ်ကျိုးစွန့်သည့်လမ်းစဉ်က လက်တွေ့ကျသောဉာဏ်ပညာရှိကြောင်း ဖော်ပြသည်၊ အကြောင်းမှာ ယေရှုဤသို့ပြောခဲ့၍ဖြစ်သည်– “လူသည် တစ်လောကလုံးကို အပိုင်ရ၍ မိမိအသက်ရှုံးလျှင် အဘယ်အကျိုးရှိမည်နည်း။” (မ. ၁၆:၂၆၊ ၂၇) ယေဟောဝါ၏နေ့နီးသည်ကိုထောက်ရှုသော် ကျွန်ုပ်တို့တစ်ဦးစီ ဤသို့စဉ်းစားသင့်သည်– ‘ဘယ်နေရာမှာ ဘဏ္ဍာကို ငါစုဆောင်းနေသလဲ။ ငါဟာ ဘုရားသခင်ရဲ့အစေကိုခံနေတာလား ဒါမှမဟုတ် စည်းစိမ်ချမ်းသာရဲ့အစေကို ခံနေတာလား။’—မ. ၆:၁၉၊ ၂၀၊ ၂၄

၁၂။ ကျွန်ုပ်တို့၏ဓမ္မအမှုကို အချို့သူတို့အထင်သေးပါက အဘယ်ကြောင့် စိတ်ဓာတ်မကျသင့်သနည်း။

၁၂ ခရစ်ယာန်များအတွက် ဘုရားသခင့်တရားစကားတော်တွင်ဖော်ပြထားသည့် “မွန်မြတ်သောအကျင့်” တွင်အရေးကြီးဆုံးမှာ အသက်ကယ်လုပ်ငန်းဖြစ်သော ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းဖြစ်သည်။ (မ. ၂၄:၁၄; ၂၈:၁၉၊ ၂၀) ပထမရာစုတွင်ကဲ့သို့ပင် အချို့တို့သည် ကျွန်ုပ်တို့၏ဓမ္မအမှုကို အထင်သေးကြပေမည်။ (၁ ကောရိန္သု ၁:၁၈-၂၁ ကိုဖတ်ပါ။) သို့သော် ယင်းကြောင့် ကျွန်ုပ်တို့သတင်းစကား၏တန်ဖိုးမပြောင်းလဲသွားပါ၊ ထို့ပြင် အချိန်ရှိနေသေးစဉ် ယင်းသတင်းစကားကိုယုံကြည်ကြောင်းတင်ပြရန် လူတိုင်းကို အခွင့်အရေးပေးရခြင်း၏အရေးကြီးမှုကို လျော့နည်းမသွားစေပါ။ (ရော. ၁၀:၁၃၊ ၁၄) ကျွန်ုပ်တို့သည် မြင့်မြတ်သောပညာရေးမှ အခြားသူများအကျိုးခံစားရရန် ကူညီပေးနေစဉ် ကောင်းချီးများစွာခံစားရပါလိမ့်မည်။

စွန့်လွှတ်မှုများအတွက် ကောင်းချီးခံစားရ

၁၃။ တမန်တော်ပေါလုသည် သတင်းကောင်းအတွက် အဘယ်စွန့်လွှတ်မှုများပြုလုပ်ခဲ့သနည်း။

၁၃ ခရစ်ယာန်တစ်ဦးဖြစ်မလာမီ တမန်တော်ပေါလုသည် ဂျူးအစီအစဉ်စနစ်တွင် အောင်မြင်မှုရရန် လေ့ကျင့်ခံခဲ့ရသည်။ သူသည် အလွန်လေးစားခံရသောပညတ်ကျမ်းဆရာ ဂါမလျေလလက်အောက်တွင် ပညာသင်ကြားရန် မိမိ၏ဇာတိမြို့ဖြစ်သောတာရှုမြို့မှ ဂျေရုဆလင်မြို့သို့ပြောင်းရွှေ့ချိန်တွင် အသက် ၁၃ နှစ်မကျော်သေးပုံရသည်။ (တ. ၂၂:၃) အချိန်တန်သောအခါ ပေါလုသည် မိမိ၏တစ်ခေတ်တည်းသားများထဲတွင် ထင်ပေါ်လာပြီး ထိုသို့ဆက်သွားပါက သူသည် ဂျူးဘာသာတွင် ထင်ပေါ်ကျော်ကြားလာနိုင်သည်။ (ဂလ. ၁:၁၃၊ ၁၄) သူသည် သတင်းကောင်းလက်ခံပြီး ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်လာသောအခါ ယင်းတို့အားလုံးကို စွန့်လွှတ်ခဲ့သည်။ ပေါလုသည် မိမိ၏ရွေးချယ်မှုကြောင့် နောင်တရခဲ့ပါသလော။ မရခဲ့ပါ။ အမှန်တွင် သူဤသို့ရေးခဲ့သည်– “ငါ၏သခင် ခရစ်တော်ယေရှုနှင့်ပတ်သက်သော အသိပညာသည် သာလွန်ထူးမြတ်သောကြောင့် အရာခပ်သိမ်းကို ရှုံးစေသောအရာဟု ငါယူမှတ်၏။ ကိုယ်တော်ကြောင့် ငါသည် အရာခပ်သိမ်းကို အရှုံးခံ၍ အမှိုက်သရိုက်ကဲ့သို့ ယူမှတ်၏။”—ဖိ. ၃:၈

၁၄၊ ၁၅။ ကျွန်ုပ်တို့သည် “ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်” များအနေနှင့် အဘယ်ကောင်းချီးများ တွေ့ကြုံခံစားကြရသနည်း။

၁၄ ပေါလုကဲ့သို့ပင် ယနေ့ခရစ်ယာန်များသည် သတင်းကောင်းအတွက် ကိုယ်ကျိုးစွန့်မှုများပြုလုပ်ကြသည်။ (မာ. ၁၀:၂၉၊ ၃၀) ယင်းသို့ပြုလုပ်ကြသောကြောင့် ကျွန်ုပ်တို့ တစ်စုံတစ်ရာဆုံးရှုံးပါသလော။ အစပိုင်းတွင်ဖော်ပြခဲ့သော ရောဘတ်သည် များစွာသောအခြားသူတို့ကဲ့သို့ ခံစားရကြောင်း သူဤသို့ပြောပြသည်– “ကျွန်တော်လုံးဝနောင်တမရဘူး။ အချိန်ပြည့်ဓမ္မအမှုက ကျွန်တော့်ကို ရွှင်လန်းမှုနဲ့ကျေနပ်မှုပေးတယ်၊ ပြီးတော့ ‘ယေဟောဝါသည် ကောင်းမြတ်တော်မူသည်အကြောင်းကို မြည်းစမ်း’ ခွင့်ရရှိစေခဲ့တယ်။ ဝိညာဉ်ရေးပန်းတိုင်လိုက်စားဖို့အတွက် ရုပ်ပစ္စည်းစွန့်လွှတ်ရတဲ့အခါတိုင်း ယေဟောဝါက ကျွန်တော်စွန့်လွှတ်လိုက်တဲ့အရာထက်ပိုပြီး အမြဲကောင်းချီးပေးခဲ့တယ်။ အဲဒါက ကျွန်တော် ဘာမှတကယ်မစွန့်လွှတ်ခဲ့သလို ခံစားစေတယ်။ ကျွန်တော်ရတာချည်းပဲရှိတယ်။”—ဆာ. ၃၄:၈; သု. ၁၀:၂၂

၁၅ သင်သည် ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းတွင် အတော်အတန်ပါဝင်ခဲ့သည်ဆိုပါက ယေဟောဝါသည် ကောင်းမြတ်တော်မူကြောင်း မြည်းစမ်းကြည့်ဖို့ သင့်အတွက်လည်း အခွင့်အရေးများရရှိခဲ့မည်မှာ သံသယရှိစရာမလိုပါ။ သတင်းကောင်းတင်ဆက်ချိန်တွင် ကိုယ်တော်၏စွမ်းအားတော်အကူအညီ သင်ခံစားခဲ့ရသည့်အချိန်အခါများရှိဖူးသလော။ အခြားသူတို့ သတင်းစကားကိုအာရုံစိုက်နားထောင်ရန် သူတို့၏နှလုံးကို ယေဟောဝါဖွင့်ပေးခဲ့စဉ် သူတို့၏မျက်လုံးများတောက်ပနေသည်ကို မြင်တွေ့ဖူးသလော။ (တ. ၁၆:၁၄) အခက်အခဲများကို အောင်မြင်ကျော်လွှားရန် သင့်ကို ယေဟောဝါကူညီခဲ့ဖူးသလော၊ သင့်ဓမ္မအမှုကို တိုးချဲ့ဖို့နည်းလမ်းဖွင့်ပေးခြင်းဖြစ်ပေမည်။ ကိုယ်တော့်အမှုတော်ကို ထမ်းဆောင်ရာတွင် ခွန်အားကုန်ခန်းသွားပြီဟုခံစားရသည့် ခက်ခဲချိန်များတွင် ဆက်၍အမှုဆောင်နိုင်ရန် ကိုယ်တော်သည် သင့်ကိုထောက်မခဲ့ပါသလော။ (ဖိ. ၄:၁၃) ကျွန်ုပ်တို့သည် ဓမ္မအမှုတွင်ပါဝင်နေကြစဉ် ယေဟောဝါ၏ထောက်မကူညီပေးမှုကို ကိုယ်တိုင်တွေ့ကြုံခံစားရသောအခါ ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် ပို၍တကယ့်ပုဂ္ဂိုလ်ဖြစ်လာပြီး ကိုယ်တော်နှင့်ပိုနီးကပ်သည်ဟုပင် ခံစားကြရသည်။ (ဟေရှာ. ၄၁:၁၀) မြင့်မြတ်သောပညာရေး၏ကြီးမြတ်သောလုပ်ငန်းတွင် “ဘုရားသခင်၏ လုပ်ဖော်ဆောင်ဖက်” အဝင်တစ်ဦးဖြစ်ခွင့်ရခြင်းသည် ကောင်းချီးမဟုတ်ပေလော။—၁ ကော. ၃:၉

၁၆။ မြင့်မြတ်သောပညာရေးနှင့်ဆက်စပ်၍ သင်၏ကြိုးစားအားထုတ်မှုများ၊ စွန့်လွှတ်မှုများနှင့်ပတ်သက်၍ သင်မည်သို့ခံစားရသနည်း။

၁၆ လူများစွာတို့သည် မိမိတို့၏အသက်တာအတွင်း တည်မြဲပြီးအဓိပ္ပာယ်ရှိသောတစ်စုံတစ်ခုကို ပြီးမြောက်အောင်မြင်ရန် မျှော်လင့်ကြသည်။ ယနေ့လောကတွင် ထူးခြားလှသောအောင်မြင်မှုများပင် မကြာမီမေ့ပျောက်သွားလေ့ရှိကြောင်း ကျွန်ုပ်တို့တွေ့ရှိကြရသည်။ သို့သော် ယေဟောဝါ၏နာမတော်သန့်ရှင်းမြင့်မြတ်ရေးနှင့်ဆက်စပ်၍ ကိုယ်တော်ပြီးမြောက်စေခဲ့သော မျက်မှောက်ခေတ်လုပ်ဆောင်မှုများသည် ထာဝစဉ်တည်တံ့သောမှတ်တမ်းတွင် သီအိုကရက်တစ်သမိုင်းဝင်အဖြစ်ထိန်းသိမ်းခံရမည်မှာ သံသယရှိစရာမလိုပေ။ ယင်းတို့ကို ထာဝစဉ်သတိရသွားမည်ဖြစ်သည်။ (သု. ၁၀:၇; ဟေဗြဲ ၆:၁၀) မြင့်မြတ်သောပညာရေးဆိုင်ရာ သမိုင်းဝင်လုပ်ငန်းတွင် ပါဝင်ရသည့်အခွင့်ထူးကို ကျွန်ုပ်တို့မြတ်နိုးနိုင်ကြပါစေ။

သင်မည်သို့ဖြေဆိုမည်နည်း

• ယေဟောဝါသည် မိမိသွန်သင်ပေးသူတို့ထံမှ အဘယ်အရာတောင်းဆိုတော်မူသနည်း။

• မြင့်မြတ်သောပညာရေးသည် လူတို့၏အသက်တာကို မည်သို့တိုးတက်ကောင်းမွန်စေသနည်း။

• မြင့်မြတ်သောပညာရေးမှအကျိုးခံစားရရန် အခြားသူများကို ကျွန်ုပ်တို့ကူညီပေးခြင်းကြောင့် အဘယ်နည်းများဖြင့် ကောင်းချီးခံစားကြရသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ယေဟောဝါ၏သွန်သင်မှုခံရသူတို့သည် စစ်မှန်သော အပြည်ပြည်ဆိုင်ရာညီအစ်ကိုအသင်းအပင်းတစ်ခုကို ဖွဲ့စည်းကြ

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

“ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်” တစ်ဦးဖြစ်ရခြင်းသည် ကောင်းချီးတစ်ခုမဟုတ်ပေလော