မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝတ်ပြုရေး ကျွန်ုပ်၏ရွေးချယ်မှုလော၊ မိဘ၏ရွေးချယ်မှုလော

ဝတ်ပြုရေး ကျွန်ုပ်၏ရွေးချယ်မှုလော၊ မိဘ၏ရွေးချယ်မှုလော

ဝတ်ပြုရေး ကျွန်ုပ်၏ရွေးချယ်မှုလော၊ မိဘ၏ရွေးချယ်မှုလော

ပိုလန်နိုင်ငံတွင် လူများစွာက ယေဟောဝါသက်သေများအား “ငါမွေးကတည်းက ဒီဘာသာပဲ၊ သေတဲ့အထိ ဒီဘာသာမှာပဲနေမယ်” ဟုပြောကြသည်။ သူတို့အမြင်တွင် ဝတ်ပြုကိုးကွယ်မှုသည် မျိုးဆက်တစ်ဆက်မှတစ်ဆက်သို့ လက်ဆင့်ကမ်းခြင်းသဘောသက်ရောက်သည်။ ဝတ်ပြုရေးနှင့်ပတ်သက်၍ သင့်ဒေသတွင် အလားတူသဘောထားကို တွေ့ရသလော။ ထိုသို့သောရှုမြင်ချက်မှ အဘယ်ရလဒ်များဖြစ်ပေါ်လေ့ရှိသနည်း။ ဝတ်ပြုရေးသည် ဝတ်ကျေတမ်းကျေဖြစ်လာပြီး မိသားစုအစဉ်အလာတစ်ခုမျှသာဖြစ်လာသည်။ မိမိတို့၏မိဘ သို့မဟုတ် အဘိုးအဘွားတို့ထံမှ အလွန်ကောင်းသောဝိညာဉ်ရေးအမွေရခဲ့ကြသော ယေဟောဝါသက်သေတို့ကော ယင်းသို့ဖြစ်နိုင်ပါသလော။

တိမောသေအဖို့ ယင်းသို့မဖြစ်ခဲ့ပါ၊ သူသည် စစ်မှန်သောဘုရားသခင်ကို ယုံကြည်ကာ ချစ်မြတ်နိုးလာရန် ဝတ်ပြုရေးတွင်ထက်သန်သောသူ့မိခင်နှင့် အဘွား၏လမ်းညွှန်မှုခံခဲ့ရသည်။ တိမောသေသည် “နို့စို့အရွယ်မှစ၍” သန့်ရှင်းသောကျမ်းစာကိုသိခဲ့သည်။ အချိန်တန်သောအခါ တိမောသေသည် မိခင်၊ အဘွားတို့ကဲ့သို့ ခရစ်ယာန်ဘာသာသည် အမှန်တရားဖြစ်ကြောင်း ယုံကြည်လက်ခံလာခဲ့သည်။ သူသည် ယေရှုခရစ်နှင့်ပတ်သက်၍ ကျမ်းစာမှကြားသိခဲ့ရာများဖြစ်သော ‘‘ယုံကြည်စိတ်ချစေသောအရာများတွင်တည်မြဲ’’ ခဲ့သည်။ ထို့ကြောင့် ယနေ့ ခရစ်ယာန်မိဘများသည် မိမိတို့ကလေးများ ယေဟောဝါ၏ကျေးကျွန်ဖြစ်လာရန် အတတ်နိုင်ဆုံးကြိုးစားကြသော်လည်း ကိုယ်တော့်အမှုဆောင်လိုသည့်ဆန္ဒကို ကလေးများကိုယ်တိုင် မွေးမြူဖို့လိုသည်။—မာ. ၈:၃၄

လူတစ်ဦးသည် ယေဟောဝါကိုချစ်သည့်စိတ်ကြောင့် အမှုဆောင်ပြီး အဘယ်အရာပင်ဖြစ်ပါစေ သမာဓိစောင့်ထိန်းဖို့ဆိုလျှင် ယုံကြည်လက်ခံလောက်သောကျိုးကြောင်းဆင်ခြင်မှုအားဖြင့် ယုံကြည်ရန် သွေးဆောင်ခံရဖို့လိုအပ်သည်။ သို့မှသာ သူ၏ယုံကြည်ခြင်းခိုင်ခံ့ပြီး ကောင်းစွာအမြစ်တွယ်မည်ဖြစ်သည်။—ဧ. ၃:၁၇; ကော. ၂:၆၊ ၇

ကလေးများ၏အခန်းကဏ္ဍ

သက်သေခံမိသားစုတွင်ကြီးပြင်းလာခဲ့သူ အဲလ်ဘတ် * ဤသို့ရှင်းပြသည်– “ယေဟောဝါသက်သေတွေရဲ့ဝတ်ပြုရေးဟာ မှန်တယ်လို့ ကျွန်တော်အမြဲယူမှတ်တယ်၊ ဒါပေမဲ့ ကျွန်တော်အသက်ရှင်နေထိုင်သင့်ပုံနဲ့ပတ်သက်ပြီး သူတို့ပြောတာတွေကို လက်ခံဖို့ခက်နေတယ်။” သင်သည် လူငယ်တစ်ဦးဖြစ်ပါက သူ၏ထင်မြင်ချက်ကို လက်ခံပေမည်။ သို့ဆိုလျှင် ကျွန်ုပ်တို့ကို ဘုရားသခင်လျှောက်လှမ်းစေလိုသည့်အသက်တာလမ်းစဉ်တွင် အဘယ်အရာပါဝင်သည်ကို သိမြင်ရန်ကြိုးစားကြည့်ပြီး ကိုယ်တော့်အလိုတော်ဆောင်ခြင်းတွင် ပျော်မွေ့ပါလေ။ (ဆာ. ၄၀:၈) အဲလ်ဘတ် ဤသို့ပြောသည်– “ကျွန်တော် စပြီးဆုတောင်းကြည့်တယ်။ ပထမတော့ ခက်တယ်။ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ပြီးဆုတောင်းရတယ်။ ဒါပေမဲ့ သိပ်မကြာဘူး မှန်တာကိုလုပ်ဖို့ကြိုးစားမယ်ဆိုရင် ဘုရားသခင့်အမြင်မှာ တန်ဖိုးရှိသူဖြစ်နိုင်တယ်လို့ ခံစားလာတယ်။ အဲဒါက လိုအပ်တဲ့ပြောင်းလဲမှုတွေလုပ်ဖို့ ခွန်အားရှိစေခဲ့တယ်။” ယေဟောဝါနှင့် နှစ်ကိုယ်ကြားဆက်ဆံရေးပြုစုပျိုးထောင်ခြင်းဖြင့် ကိုယ်တော်တောင်းဆိုရာကို လုပ်ဆောင်လိုစိတ်ရှိလာနိုင်သည်။—ဆာ. ၂၅:၁၄; ယာ. ၄:၈

ကျားကွက်ကစားနည်း သို့မဟုတ် အားကစားတစ်ခုခုကဲ့သို့သော ကစားနည်းတစ်ခုကို စဉ်းစားကြည့်ပါ။ စည်းမျဉ်းများမသိပါက သို့မဟုတ် ကောင်းစွာမကစားတတ်ပါက ပျင်းစရာကောင်းပေလိမ့်မည်။ သို့သော် စည်းမျဉ်းများကိုသိလာပြီး ကောင်းစွာကစားတတ်လာပါက ကစားဖို့စောင့်မျှော်နေမည်မဟုတ်လော၊ ကစားရန်အခွင့်အရေးများပင် ဖန်တီးမည်မဟုတ်လော။ ခရစ်ယာန်လုပ်ဆောင်မှုများသည်လည်း အလားတူပင်ဖြစ်သည်။ ထို့ကြောင့် ခရစ်ယာန်အစည်းအဝေးများအတွက် ပြင်ဆင်ရန် အစပြုလုပ်ဆောင်ပါ။ ပါဝင်ပါ။ သင်သည် မည်သည့်အသက်အရွယ်ပင်ရှိပါစေ သင့်ပုံသက်သေအားဖြင့် အခြားသူများကို အားပေးနိုင်သည်။—ဟေဗြဲ ၁၀:၂၄၊ ၂၅

သင့်ယုံကြည်ခြင်းအကြောင်း အခြားသူများကိုပြောပြခြင်းသည်လည်း အလားတူပင်ဖြစ်သည်။ ယင်းသည် မလုပ်မနေရသဘောဖြင့်မဟုတ်ဘဲ ချစ်ခြင်းမေတ္တာ၏လှုံ့ဆော်မှုကြောင့် ဖြစ်သင့်သည်။ ကိုယ့်ကိုယ်ကိုယ်ဤသို့မေးပါ– ‘ယေဟောဝါအကြောင်း အခြားသူတွေကို ငါဘာကြောင့် ပြောပြချင်တာလဲ။ ကိုယ်တော်ကိုချစ်ဖို့ ငါ့မှာ ဘာအကြောင်းရင်းများရှိသလဲ။’ ယေဟောဝါကို မေတ္တာရှိသောဖခင်တစ်ဦးအဖြစ် သိရှိရန်လိုသည်။ ကိုယ်တော်သည် ယေရမိမှတစ်ဆင့် ဤသို့မိန့်တော်မူ၏– “ငါ့ကိုရှာသောအခါ စိတ်နှလုံးအကြွင်းမဲ့နှင့်ရှာလျှင် တွေ့ကြလိမ့်မည်။” (ယေ. ၂၉:၁၃၊ ၁၄) သင်အဘယ်အရာပြုလုပ်ဖို့လိုမည်နည်း။ ဂျာကို့ ဤသို့ပြောသည်– “ကျွန်တော့်ရဲ့စဉ်းစားပုံစဉ်းစားနည်းကို ပြောင်းဖို့လိုခဲ့တယ်။ ကျွန်တော်ဟာ ကလေးဘဝကတည်းက အစည်းအဝေးတွေကိုတက်ပြီး ဓမ္မအမှုမှာ ပါဝင်ခဲ့တယ်၊ ဒါပေမဲ့ ဒီလုပ်ဆောင်မှုတွေဟာ လုပ်ရိုးလုပ်စဉ်ဖြစ်လာခဲ့တယ်။ ယေဟောဝါကို ပိုသိကျွမ်းလာပြီး ကိုယ်တော်နဲ့ နှစ်ကိုယ်ကြားဆက်ဆံရေးတည်ဆောက်နိုင်တဲ့အခါကျမှ အမှန်တရားမှာ ကျွန်တော် တကယ်ပဲပါဝင်ပတ်သက်လာခဲ့တယ်။”

ကောင်းသော၊ တည်ဆောက်မှုဖြစ်စေသောပေါင်းသင်းမှုသည် သင့်ဓမ္မအမှုကို သင်မည်မျှနှစ်ခြိုက်သည်နှင့် များစွာဆက်စပ်နေသည်။ မှုတ်သွင်းခံပညာရှိစကားကဤသို့ဆိုသည်– “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။” (သု. ၁၃:၂၀) ထို့ကြောင့် ဝိညာဉ်ရေးပန်းတိုင်များကို လိုက်စားကြသူများ၊ ယေဟောဝါ၏လုပ်ငန်းတော်တွင် ပျော်ရွှင်ကြသူများနှင့် ကြိုးစားမိတ်ဖွဲ့ပါ။ ယိုလာ ဤသို့ပြောသည်– “ဝိညာဉ်ရေးစိတ်ဓာတ်ရှိတဲ့ လူငယ်အတော်များများနဲ့ပေါင်းဖော်တဲ့အတွက် အားရှိလာတယ်။ ဓမ္မအမှုမှာ မှန်မှန်ပါဝင်ရတာ များစွာပျော်ရွှင်လာတယ်။”

မိဘများ၏အခန်းကဏ္ဍ

“ကျွန်မရဲ့မိဘက ကျွန်မကို ယေဟောဝါအကြောင်းသင်ပေးတဲ့အတွက် သိပ်ကျေးဇူးတင်တယ်” ဟုယိုလာပြောသည်။ မှန်ပါသည်၊ မိဘများသည် ကလေးများ၏ရွေးချယ်မှုအပေါ် များစွာသြဇာသက်ရောက်နိုင်သည်။ တမန်တော်ပေါလု ဤသို့ရေးခဲ့သည်– ‘အဖဖြစ်သူတို့၊ သားသမီးများကို ယေဟောဝါ၏ ဆုံးမပဲ့ပြင်ခြင်းနှင့် စိတ်သဘောတော်အတိုင်း မွေးမြူလျက်နေကြလော့။’ (ဧ. ၆:၄) မိဘများ၏အခန်းကဏ္ဍမှာ မိမိတို့၏သဘောအတိုင်းမဟုတ်ဘဲ ယေဟောဝါ၏နည်းလမ်းအတိုင်း ကလေးများကို သွန်သင်ရန်ဖြစ်ကြောင်း ဤမှုတ်သွင်းခံအကြံပေးချက်က ရှင်းလင်းစွာဖော်ပြသည်။ သင်ဖြစ်မြောက်အောင်မြင်စေလိုရာကို ကလေးများ၏စိတ်ထဲရိုက်သွင်းမည့်အစား ယေဟောဝါ၏ရည်ရွယ်တော်မူချက်များနှင့်အညီအသက်ရှင်ခြင်းကို သူတို့၏ပန်းတိုင်ဖြစ်စေရန် သင်ကူညီပေးနိုင်ပါက အလွန်ကောင်းပါလိမ့်မည်။

သင်သည် သင့်ကလေးများစိတ်ထဲတွင် ယေဟောဝါ၏တရားစကားများကို စွဲမှတ်စေနိုင်ပြီး “အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ ထိုစကားကိုပြောရမည်။” (တရား. ၆:၆၊ ၇) သားသုံးယောက်ရှိသောအဲဗာနှင့် ရစ်ရှာဒ်တို့ ဤသို့ပြောသည်– “အချိန်ပြည့်ဓမ္မအမှုရဲ့အသွင်အမျိုးမျိုးကို ကျွန်တော်တို့ အများကြီးပြောဆိုခဲ့တယ်။” ရလဒ်ကား အဘယ်နည်း။ “ကလေးတွေဟာ ငယ်ရွယ်စဉ်ကတည်းက သီအိုကရက်တစ်ဓမ္မအမှုကျောင်းမှာ စာရင်းသွင်းချင်ကြတယ်၊ ကြေညာသူတွေဖြစ်ချင်ကြတယ်၊ နောက်ဆုံးမှာ နှစ်ခြင်းခံဖို့ သူတို့ကိုယ်တိုင်ဆုံးဖြတ်ခဲ့ကြတယ်။ နောက်ပိုင်းမှာ သူတို့ဟာ ဗေသလ ဒါမှမဟုတ် ရှေ့ဆောင်လုပ်ငန်းမှာ အမှုဆောင်ကြတယ်။”

မိဘများ၏ပုံသက်သေကောင်းသည် အရေးကြီး၏။ ရစ်ရှာဒ် ဤသို့ပြောသည်– “ကျွန်တော်တို့ဟာ အိမ်မှာတစ်မျိုး၊ အသင်းတော်မှာတစ်မျိုး နှစ်ဘဝစံမလုပ်မိအောင် စိတ်ပိုင်းဖြတ်ခဲ့ကြတယ်။” ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ်ဤသို့မေးပါ– ‘ငါ့အသက်တာမှာ ကလေးတွေ ဘာမြင်တွေ့ရသလဲ။ ယေဟောဝါကို တကယ်ချစ်တာကို သူတို့မြင်ရဲ့လား။ ငါ့ရဲ့ဆုတောင်းချက်တွေနဲ့ ကိုယ်ပိုင်လေ့လာမှုအလေ့အထတွေမှာ အဲဒီမေတ္တာကို သူတို့မြင်တွေ့ရဲ့လား။ လယ်ကွင်းလုပ်ငန်း၊ အပန်းဖြေမှု၊ ရုပ်ပစ္စည်းတွေအပေါ် ငါ့ရဲ့သဘောထားနဲ့ အသင်းတော်ရှိတခြားသူတွေအကြောင်း ငါပြောတဲ့စကားထဲမှာ အဲ့ဒီမေတ္တာကိုသူတို့မြင်ရဲ့လား။’ (လု. ၆:၄၀) ကလေးများသည် သင့်နေ့စဉ်အသက်တာကို အကဲခတ်လေ့လာမည်ဖြစ်ပြီး သင်ပြောသည့်အရာနှင့် လုပ်သည့်အရာ တစ်သမတ်တည်းရှိမရှိ သူတို့သိမှတ်ပါလိမ့်မည်။

ကလေးများပြုစုပျိုးထောင်ရာတွင် ဆုံးမပဲ့ပြင်ခြင်းသည် အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်သည်။ သို့သော် မှုတ်သွင်းခံဘုရားသခင့်တရားစကားတော်က “သူငယ်ကို မိမိသွားရမည်လမ်းအတိုင်း သွန်သင်ပဲ့ပြင်လော့” ဟုပြောထားသည်။ (သု. ၂၂:၆သမ္မာ) အဲဗာနှင့် ရစ်ရှာဒ်တို့ ဤသို့ပြောသည်– “ကလေးတစ်ယောက်စီကို သီးသန့်ကျမ်းစာသင်ပေးဖို့ အချိန်ယူခဲ့ရတယ်။” မှန်ပါသည်၊ ကလေးတစ်ယောက်စီကို သီးသန့်သင်ပေးရန်လိုမလိုဆုံးဖြတ်ရန်မှာ မိဘတို့၏တာဝန်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ ကလေးတစ်ယောက်ကို တစ်ယောက်ချင်းစီအနေနှင့် ဆက်ဆံဖို့လိုသည်။ ယင်းက ပြောင်းသာလဲသာရှိရန်နှင့် အကျိုးသင့်အကြောင်းသင့်ရှိရန် လိုအပ်သည်။ ဥပမာ၊ တေးဂီတအချို့သည် မကောင်းဟု ကလေးများကိုပြောရုံပြောပြမည့်အစား ပညာရှိဆုံးဖြတ်ချက်များချနိုင်ပုံနှင့် ကျမ်းစာမူများပါဝင်ပတ်သက်ပုံကို ပြောပြသင့်သည်မဟုတ်လော။

သင့်ကလေးများသည် သူတို့ထံမှသင်မျှော်လင့်ရာကို အတိအကျသိပေမည်၊ သင့်အလိုဆန္ဒများနှင့်အညီ ပြုမူနေထိုင်ပုံပေါက်ပေမည်။ သို့သော် သင်သည် သူတို့နှလုံးကို သိရှိရန်လို၏။ “လူစိတ်နှလုံး၌ ပညာအကြံသည် နက်သောရေနှင့်တူသော်လည်း ဉာဏ်ကောင်းသောသူသည် ခပ်ယူလိမ့်မည်” ဖြစ်ကြောင်း သတိရပါ။ (သု. ၂၀:၅) ထိုးထွင်းသိမြင်မှုရှိပါ၊ သင့်ကလေးနှလုံးတွင် ကိန်းအောင်းနေနိုင်သည့် ပြဿနာ၏လက္ခဏာများကို ရှာဖွေပြီး ချက်ချင်းလုပ်ဆောင်ပါလေ။ စွပ်စွဲပြောဆိုခြင်းမပြုဘဲ သင်စိုးရိမ်ပူပန်ကြောင်း တင်ပြပါ၊ သင့်လျော်သောမေးခွန်းများကို မေးပါ။ သို့တိုင် မေးခွန်းများများ မမေးမိရန် သတိပြုပါ။ သင်၏စိတ်ရင်းမှန်ဖြင့်စိုးရိမ်ပေးမှုက နှလုံးကိုထိမိမည်ဖြစ်ပြီး သူတို့ကို အကူအညီပေးရန် ဖြစ်စေလိမ့်မည်။

အသင်းတော်၏အခန်းကဏ္ဍ

ဘုရားသခင့်ကျေးကျွန်တစ်ဦးအနေနှင့် သင်သည် အသင်းတော်ရှိလူငယ်များကို သူတို့ရရှိခဲ့သည့်ဝိညာဉ်ရေးအမွေအနှစ်ကို လေးမြတ်တန်ဖိုးထားရန် ကူညီပေးနိုင်သလော။ မိမိတို့၏ကလေးများကို လေ့ကျင့်ပေးရန် မိဘများတွင်တာဝန်ရှိသော်လည်း အသင်းတော်ရှိအခြားသူတို့၊ အထူးသဖြင့် အကြီးအကဲများသည် မိဘတို့၏ကြိုးစားအားထုတ်မှုများကို ကူညီပေးနိုင်သည်။ ဝတ်ပြုရေးနောက်ခံမတူသောမိသားစုရှိသူတို့ကို အကူအညီပေးရန် အထူးသဖြင့်အရေးကြီးသည်။

လူငယ်များသည် ယေဟောဝါကိုချစ်ရန်၊ သူတို့ကိုလိုအပ်သည်၊ တန်ဖိုးရှိသည်ဟုခံစားရရန် အကြီးအကဲများ အဘယ်အရာပြုလုပ်နိုင်သနည်း။ ပိုလန်နိုင်ငံရှိ အသင်းတော်တစ်ခုတွင် ကြီးကြပ်မှူးတစ်ဦးအဖြစ်ထမ်းဆောင်သူ မားရီယုစ် ဤသို့ပြောသည်– “အကြီးအကဲများသည် လူငယ်များနှင့် ပြောဆိုဆက်သွယ်ဖို့ များစွာလိုအပ်သည်။ ပြဿနာဖြစ်လာမှသာမဟုတ်ဘဲ ဓမ္မအမှုတွင်၊ အစည်းအဝေးပြီးနောက်တွင် သို့မဟုတ် လက်ဖက်ရည်သောက်ချိန်တို့ဖြစ်သော အခြားအချိန်အခါများတွင်လည်း ပြောဆိုဆက်သွယ်မှုပြုသင့်သည်။” လူငယ်များအား အသင်းတော်တွင် သူတို့ပျော်မပျော် မေးမြန်းကြည့်ပါလေ။ ထိုသို့သောပွင့်ပွင့်လင်းလင်းပြောဆိုဆက်သွယ်မှုက လူငယ်များအား အသင်းတော်နှင့်နီးကပ်စေပြီး အသင်းတော်အဝင်ဖြစ်သည်ဟူ၍ခံစားစေသည်။

သင်သည် အကြီးအကဲဖြစ်ပါက သင့်အသင်းတော်ရှိလူငယ်များကို သိကျွမ်းဖို့ ကြိုးစားပါသလော။ အစပိုင်းတွင်ဖော်ပြခဲ့သော အဲလ်ဘတ်သည် ယခု အကြီးအကဲတစ်ဦးအဖြစ် အမှုဆောင်နေသော်လည်း မြီးကောင်ပေါက်အရွယ်တွင် စုံစမ်းမှုမျိုးစုံကြုံတွေ့ခဲ့ရသည်။ သူဤသို့ပြောသည်– “လူရွယ်တစ်ဦးအနေနဲ့ ကျွန်တော်ဟာ ပုဂ္ဂိုလ်ရေးသိုးထိန်းလည်ပတ်မှုလိုအပ်ခဲ့တယ်။” ထို့ပြင် အကြီးအကဲများသည် လူငယ်များ၏ဝိညာဉ်ရေးကောင်းကျိုးအတွက်ဆုတောင်းခြင်းဖြင့် သူတို့ကို ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုရှိကြောင်း တင်ပြနိုင်သည်။—၂ တိ. ၁:၃

လူငယ်များကို အသင်းတော်လုပ်ဆောင်မှုများတွင် ပါဝင်စေခြင်းသည်ကောင်း၏။ ယင်းသို့မဟုတ်ပါက သူတို့သည် လောကပန်းတိုင်များလိုက်စားခြင်းတွင် အာရုံရောက်သွားနိုင်သည်။ အသင်အသက်ကြီးသူတို့၊ ဓမ္မအမှုတွင် သူတို့နှင့်အတူလုပ်ဆောင်ပြီး မိတ်ဖွဲ့နိုင်သလော။ အပန်းဖြေချိန်ကို လူငယ်များနှင့်အတူအသုံးပြုကာ ယုံကြည်စိတ်ချမှုနှင့် ခင်မင်မှုရှိသောဝန်းကျင်ကို ဖန်တီးပါလေ။ ယိုလာဤသို့ပြန်ပြောပြသည်– “ရှေ့ဆောင်ညီအစ်မတစ်ဦးက ကျွန်မကို ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြခဲ့တယ်။ ဒါကြောင့် လိုလိုလားလားနဲ့ဦးဆုံးအကြိမ် ကျွန်မအမှုဆောင်ထွက်ခဲ့တာ သူနဲ့ပါပဲ။”

သင်၏ကိုယ်ပိုင်ရွေးချယ်မှု

လူငယ်တို့ ကိုယ့်ကိုယ်ကိုယ် ဤသို့မေးပါ– ‘ငါ့ရဲ့ပန်းတိုင်တွေက ဘာလဲ။ ငါဟာ နှစ်ခြင်းမခံသေးဘူးဆိုရင် နှစ်ခြင်းခံဖို့ ပန်းတိုင်ထားသလား။’ နှစ်ခြင်းခံဖို့ဆုံးဖြတ်ချက်ချခြင်းသည် မိသားစုအစဉ်အလာအရ တာဝန်ရှိ၍မဟုတ်ဘဲ ယေဟောဝါကို နက်နက်ရှိုင်းရှိုင်းချစ်သည့်မေတ္တာ၏လှုံ့ဆော်မှုကြောင့် ဖြစ်သင့်သည်။

ယေဟောဝါသည် သင်၏မိတ်ဆွေစစ်ဖြစ်ပြီး အမှန်တရားသည် သင်၏ဘဏ္ဍာဖြစ်ပါစေ။ ယေဟောဝါသည် ပရောဖက်ဟေရှာယမှတစ်ဆင့် ဤသို့ကြေညာခဲ့သည်– ‘မကြောက်နှင့်။ ငါသည် သင်၏ဘုရားသခင်ဖြစ်သည်။’ သင်သည် ယေဟောဝါ၏မိတ်ဆွေဖြစ်နေသရွေ့ကာလပတ်လုံး ကိုယ်တော်သည် သင်နှင့်အတူရှိလိမ့်မည်။ ကိုယ်တော်သည် သင့်ကို အမှန်ပင်ခွန်အားပေးမည်ဖြစ်ပြီး ‘ကိုယ်တော်၏ဖြောင့်မတ်သောလက်ယာလက်ဖြင့် ထောက်ပင့်မည်။’—ဟေရှာ. ၄၁:၁၀

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 နာမည်အချို့ပြောင်းထားသည်။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

သင့်ကလေးနှလုံးတွင် အဘယ်အရာရှိကြောင်း သိမြင်အောင်ကြိုးစားပါ

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

နှစ်ခြင်းခံရန်ဆုံးဖြတ်ချက်ချခြင်းသည် ယေဟောဝါကို နက်နက်ရှိုင်းရှိုင်းချစ်သည့်မေတ္တာ၏လှုံ့ဆော်မှုကြောင့် ဖြစ်သင့်