မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ကိုကယ်နုတ်ရန် ယေဟောဝါလုပ်ဆောင်ခဲ့ရာများကို တန်ဖိုးထားသလော

သင့်ကိုကယ်နုတ်ရန် ယေဟောဝါလုပ်ဆောင်ခဲ့ရာများကို တန်ဖိုးထားသလော

သင့်ကိုကယ်နုတ်ရန် ယေဟောဝါလုပ်ဆောင်ခဲ့ရာများကို တန်ဖိုးထားသလော

‘အစ္စရေးလူမျိုး၏ဘုရားသခင် ယေဟောဝါသည် ချီးမွမ်းခံရပါစေ။ အကြောင်းမူကား မိမိလူမျိုးတော်ကို ကယ်နုတ်ရန် အကြည့်အရှု ကြွလာတော်မူပြီ။’—လု. ၁:၆၈

၁၊ ၂။ ကျွန်ုပ်တို့၏စိုးရိမ်စရာလက်ရှိအခြေအနေကို မည်သို့ဥပမာပေးနိုင်သနည်း၊ အဘယ်မေးခွန်းများကို ကျွန်ုပ်တို့ဆွေးနွေးကြမည်နည်း။

သင်သည် ဆေးရုံခုတင်ပေါ် လဲနေသည်ဟု မြင်ယောင်ကြည့်ပါ။ ကုသနည်းမရှိသေးသည့် သေစေနိုင်သောရောဂါတစ်မျိုး ခံစားနေရသူတို့လူနာဆောင်တွင် သင်ရှိနေသည်။ ဆရာဝန်တစ်ဦးသည် ကုသနည်းကိုကြိုးစားရှာဖွေရာတွင် ဦးဆောင်နေကြောင်း သင်သိလိုက်ရသည့်အခါ မျှော်လင့်ချက်ရှိလာသည်။ သင်သည် ဆရာဝန်၏သုတေသနပြုမှုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ထက်သန်စွာစောင့်မျှော်နေသည်။ တစ်နေ့ ကုသနည်းကိုရှာတွေ့ပြီဟု သင်သိလိုက်ရသည်။ ကုသနည်းကို ရှာတွေ့သူဆရာဝန်သည် ကုသနိုင်ရန် ကြီးမားသောစွန့်လွှတ်မှုများပြုခဲ့ရသည်။ သင်မည်သို့ခံစားရမည်နည်း။ သင်နှင့် များစွာသောသူတို့ကို သေခြင်းမှကယ်နုတ်ရန် လမ်းဖွင့်ပေးခဲ့သည့် ထိုဆရာဝန်ကို နက်ရှိုင်းစွာလေးစား၊ ကျေးဇူးတင်မည်မှာ သေချာသည်။

ယင်းအခြေအနေသည် ပုံကြီးချဲ့ပြောဆိုပုံပေါက်ပေမည်၊ သို့သော် ယင်းသည် ကျွန်ုပ်တို့အားလုံးရင်ဆိုင်နေရသည့် အဖြစ်မှန်နှင့်အလားတူသည်။ ကျွန်ုပ်တို့ယောက်စီသည် အထက်တွင်ဖော်ပြသည့်အခြေအနေထက် သာ၍စိုးရိမ်စရာအခြေအနေတွင် ရှိကြသည်။ ကျွန်ုပ်တို့သည် ကယ်နုတ်ရှင်တစ်ဦးအလွန်လိုအပ်နေသည်။ (ရောမ ၇:၂၄ ကိုဖတ်ပါ။) ကျွန်ုပ်တို့ကိုကယ်နုတ်ရန် ယေဟောဝါသည် များစွာစွန့်လွှတ်ခဲ့ရသည်။ ကိုယ်တော့်သားတော်လည်း ကြီးမားသောစွန့်လွှတ်မှုများ ပြုလုပ်ခဲ့သည်။ သို့ဆိုလျှင် အဓိကကျသောမေးခွန်းလေးခုကို သုံးသပ်ကြည့်ကြစို့။ ကျွန်ုပ်တို့ကယ်နုတ်ခံရရန် အဘယ်ကြောင့်လိုသနည်း။ ကျွန်ုပ်တို့ကယ်နုတ်ခံရရန် ယေရှု အဘယ်အရာစွန့်လွှတ်ခဲ့ရသနည်း။ ယေဟောဝါ အဘယ်အရာအနစ်နာခံခဲ့ရသနည်း။ ဘုရားသခင့်ကယ်နုတ်ခြင်းကို ကျွန်ုပ်တို့တန်ဖိုးထားကြောင်း မည်သို့တင်ပြနိုင်သနည်း။

ကျွန်ုပ်တို့ကယ်နုတ်ခံရရန် အဘယ်ကြောင့်လိုအပ်

၃။ အပြစ်တရားကို ကူးစက်ရောဂါနှင့် မည်သို့ခိုင်းနှိုင်းနိုင်သနည်း။

မကြာသေးမီကခန့်မှန်းချက်တစ်ခုအရ လူ့သမိုင်းတွင် အဆိုးရွားဆုံးကူးစက်ရောဂါတစ်ခုမှာ ၁၉၁၈ ခုနှစ် စပိန်တုတ်ကွေးဖြစ်ပြီး လူသန်းပေါင်းများစွာကို သေစေခဲ့သည်။ အမှန်မှာ အခြားရောဂါများသည် ပို၍သေစေနိုင်၏။ လူနည်းစုသာ ယင်းရောဂါများခံစားရမည်ဖြစ်သော်လည်း ကူးစက်ခံရသူအများစု သေဆုံးကြသည်။ * သို့သော် အပြစ်တရားကို ယင်းသို့သောကူးစက်ရောဂါတစ်ခုနှင့်ခိုင်းနှိုင်းပါက အသို့နည်း။ ရောမ ၅:၁၂ ပါဤစကားကို ပြန်သတိရပါ– “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ ဝင်လာ၏။ သေခြင်းတရားသည်လည်း အပြစ်တရားအားဖြင့် ဝင်လာ၏။ သို့ဖြစ်၍ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းတရားသည် လူအပေါင်းတို့ထံ ပြန့်ပွားရ၏။” မစုံလင်သောလူသားအားလုံး အပြစ်ရှိသောကြောင့် အပြစ်၏ကူးစက်မှုနှုန်းသည် ၁၀၀ ရာခိုင်နှုန်းဖြစ်သည်။ (ရောမ ၃:၂၃ ကိုဖတ်ပါ။) ထို့ပြင် အပြစ်တရားကြောင့် လူမည်မျှသေဆုံးသနည်း။ အပြစ်တရားသည် “လူအပေါင်းတို့” ကိုသေစေသည်ဟု ပေါလုရေးခဲ့သည်။

၄။ ကျွန်ုပ်တို့၏သက်တမ်းနှင့်စပ်လျဉ်း၍ ယေဟောဝါ၏ ရှုမြင်ချက်ကား အဘယ်နည်း၊ ကိုယ်တော်၏အမြင်သည် ယနေ့လူများစွာ၏အမြင်နှင့် မည်သို့ကွာခြားသနည်း။

ယနေ့ လူများစွာသည် အပြစ်နှင့်သေခြင်းကို ဖြစ်ရိုးဖြစ်စဉ်ဟုမြင်ကြသည်။ သူတို့သည် သူတို့အခေါ် အချိန်မတန်မီသေဆုံးခြင်းကို စိုးရိမ်ကြသော်လည်း လူတို့အသက်အရွယ်တဖြည်းဖြည်းကြီးရင့်ခြင်းကြောင့် သေဆုံးကြသည်ကိုမူ “သဘာဝ” ဟုသဘောထားကြသည်။ လူတို့အတွက် ဖန်ဆင်းရှင်၏ရှုမြင်ပုံကိုမေ့ပျောက်ရန် အလွန်လွယ်ကူလှသည်။ ကျွန်ုပ်တို့၏သက်တမ်းသည် ကိုယ်တော်ရည်ရွယ်ထားသည်ထက် များစွာတိုတောင်းလှသည်။ အမှန်တွင် မည်သည့်လူသားမျှ ယေဟောဝါ၏အမြင်တွင် “တစ်ရက်” ပင်အသက်မရှင်ခဲ့ပါ။ (၂ ပေ. ၃:၈) ထို့ကြောင့် ကျွန်ုပ်တို့၏အသက်သည် မြက်ပင် သို့မဟုတ် အခိုးအငွေ့ကဲ့သို့ တစ်ခဏတည်ရှိသည်ဟု ဘုရားသခင့်တရားစကားတော်ကဖော်ပြသည်။ (ဆာ. ၃၉:၅; ၁ ပေ. ၁:၂၄) ကျွန်ုပ်တို့သည် ယင်းရှုမြင်ချက်ကို စိတ်ထဲထားဖို့လိုသည်။ အဘယ်ကြောင့်နည်း။ ကျွန်ုပ်တို့အား ဖိစီးနှိပ်စက်သော “ရောဂါ” ၏ပြင်းထန်မှုကို နားလည်သဘောပေါက်ပါက ကျွန်ုပ်တို့ကိုကယ်နုတ်ခြင်းဖြစ်သည့် “ကုသမှု” ၏တန်ဖိုးကို ပို၍လေးမြတ်တန်ဖိုးထားနိုင်မည်ဖြစ်သည်။

၅။ အပြစ်တရားကြောင့် ကျွန်ုပ်တို့ယောက်တိုင်း အဘယ်အရာဆုံးရှုံးခဲ့ရသနည်း။

ကျွန်ုပ်တို့သည် အပြစ်၏ပြင်းထန်မှုနှင့် ယင်း၏ထိခိုက်မှုများကိုသဘောပေါက်ရန် အပြစ်တရားကြောင့် ကျွန်ုပ်တို့ဆုံးရှုံးခဲ့ရာများကို နားလည်သဘောပေါက်ဖို့ ကြိုးစားရမည်။ ယင်းသည် အစပိုင်းတွင်ခက်ခဲပေမည်၊ အကြောင်းမှာ အပြစ်တရားကြောင့် ကျွန်ုပ်တို့တစ်ခါမျှမတွေ့ကြုံဖူးသည့်တစ်စုံတစ်ခုကို ဆုံးရှုံးခဲ့သောကြောင့်ဖြစ်၏။ အာဒံနှင့်ဧဝသည် အစအဦး၌ စုံလင်သောလူ့ဘဝကို မွေ့လျော်ခံစားခဲ့ကြသည်။ သူတို့သည် ကိုယ်စိတ်နှစ်ဖြာစုံလင်သောကြောင့် မိမိတို့၏အတွေး၊ ခံစားချက်နှင့် လုပ်ရပ်များကိုထိန်းချုပ်ရန် ရွေးချယ်နိုင်ကြသည်။ ထို့ကြောင့် သူတို့သည် ယေဟောဝါဘုရားသခင်၏ကျေးကျွန်များအနေနှင့် ကောင်းမြတ်လှသောအရည်အသွေးများကို ဆက်၍မွေးမြူနိုင်ကြသည်။ ယင်းအစား သူတို့သည် တန်ဖိုးရှိဆုကျေးဇူးကို လွှင့်ပစ်ခဲ့ကြသည်။ ယေဟောဝါကိုပြစ်မှားရန် ရွေးချယ်ခြင်းဖြင့် သူတို့အတွက် ယေဟောဝါရည်ရွယ်ထားသောအသက်တာမျိုးကို မိမိတို့ကိုယ်တိုင်အတွက်ရော သူတို့၏သားသမီးများအတွက်ပါ ဆုံးရှုံးခဲ့ကြသည်။ (က. ၃:၁၆-၁၉) တစ်ချိန်တည်းတွင် သူတို့သည် ကျွန်ုပ်တို့ဆွေးနွေးနေသည့်ထိတ်လန့်ဖွယ် “ရောဂါ” ကို သူတို့ကိုယ်တိုင်နှင့် ကျွန်ုပ်တို့အပေါ် စွဲကပ်စေခဲ့သည်။ ယေဟောဝါသည် သူတို့ကိုအပြစ်ပေးခဲ့သည်။ သို့သော် ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် ကယ်နုတ်ခြင်းမျှော်လင့်ချက်ကို ကမ်းလှမ်းတော်မူသည်။—ဆာ. ၁၀၃:၁၀

ကျွန်ုပ်တို့ကယ်နုတ်ခံရရန် ယေရှုစွန့်လွှတ်ခဲ့သည့်အရာ

၆၊ ၇။ (က) ကျွန်ုပ်တို့ကယ်နုတ်ခံရရန် များစွာစွန့်လွှတ်ဖို့လိုမည်ဖြစ်ကြောင်း ဦးစွာ ယေဟောဝါမည်သို့ဖော်ပြခဲ့သနည်း။ (ခ) အာဗေလနှင့် ပညတ်တရားမပေါ်မီကအသက်ရှင်ခဲ့သောဘိုးဘေးတို့ ပူဇော်ခဲ့သည့်ယဇ်များမှ ကျွန်ုပ်တို့အဘယ်အရာသင်ယူနိုင်သနည်း။

အာဒံနှင့်ဧဝ၏သားသမီးများကိုကယ်နုတ်ရန် များစွာစွန့်လွှတ်ရမည်ကို ယေဟောဝါသိတော်မူ၏။ ကမ္ဘာဦး ၃:၁၅ တွင်မှတ်တမ်းတင်ထားသောပရောဖက်ပြုချက်တွင် ကယ်နုတ်ခြင်းအတွက် အဘယ်အရာလိုကြောင်း ကျွန်ုပ်တို့သိရသည်။ ယေဟောဝါသည် တစ်နေ့ စာတန်ကိုလုံးလုံးပပျောက်သွားအောင် ဖျက်ဆီးပစ်မည့် ကယ်တင်ရှင်တစ်ဦးဖြစ်သော “အမျိုးအနွယ်” ကိုပြင်ဆင်မည်ဖြစ်သည်။ သို့သော် ထိုကယ်တင်ရှင်သည် တောက်လျှောက်ဆင်းရဲဝေဒနာခံစားရမည်ဖြစ်ရာ ပုံဆောင်သဘောအရ ဖနောင့်တွင် ဒဏ်ရာရရှိခြင်းဖြစ်၏။ ယင်းသည် နာကျင်ပြီး အားယုတ်စေမည့်ပုံဖြစ်သည်၊ သို့သော် အဘယ်အရာကိုဆိုလိုသနည်း။ ယေဟောဝါရွေးချယ်တော်မူသောသူသည် အဘယ်အရာကို ခံနိုင်ရည်ရှိရမည်နည်း။

လူသားများကို အပြစ်တရားမှကယ်နုတ်ရန်အလို့ငှာ ကယ်တင်ရှင်သည် အပြစ်၏အကျိုးဆက်များကိုပယ်ဖျက်ခြင်းဖြင့် လူသားများကို ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်စေမည့် အပြစ်ဖြေခြင်းကို ပြုလုပ်ဖို့လိုသည်။ ယင်းတွင် အဘယ်အရာပါဝင်မည်နည်း။ ပူဇော်ရာယဇ်တစ်ခုလိုမည်ဖြစ်ကြောင်း အစောပိုင်းဖော်ပြချက်များရှိခဲ့သည်။ ပထမဆုံးတည်ကြည်သူအာဗေလသည် ယေဟောဝါထံ တိရစ္ဆာန်ယဇ်များပူဇော်သောအခါ သူသည် ကိုယ်တော်၏မျက်နှာသာကို ရရှိခဲ့သည်။ နောက်ပိုင်းတွင် နောဧ၊ အာဗြဟံ၊ ယာကုပ်နှင့် ယောဘတို့ကဲ့သို့သော ဘုရားသခင်ကိုကြောက်ရွံ့သည့်ဘိုးဘေးတို့သည် ဘုရားသခင်နှစ်သက်သောအလားတူယဇ်များကို ပူဇော်ခဲ့ကြသည်။ (က. ၄:၄; ၈:၂၀၊ ၂၁; ၂၂:၁၃; ၃၁:၅၄; ယောဘ ၁:၅) ရာစုနှစ်များစွာကြာပြီးနောက်တွင် မောရှေပညတ်ကြောင့် ယဇ်ပူဇော်ခြင်းကိစ္စကို လူတို့ပိုသိလာခဲ့ကြသည်။

၈။ ယဇ်ပုရောဟိတ်မင်းသည် နှစ်စဉ်အပြစ်ဖြေရာနေ့တွင် အဘယ်အရာပြုလုပ်ခဲ့ရသနည်း။

ပညတ်တရားတောင်းဆိုသည့်ပူဇော်ရာယဇ်များတွင် အရေးကြီးဆုံးပူဇော်ရာယဇ်မှာ နှစ်စဉ်အပြစ်ဖြေရာနေ့တွင် ပူဇော်သည့်ယဇ်များပါဝင်သည်။ ထိုနေ့တွင် ယဇ်ပုရောဟိတ်မင်းသည် ပုံဆောင်လုပ်ဆောင်မှုများစွာ ပြုလုပ်ခဲ့သည်။ သူသည် အပြစ်ဖြေဖို့အတွက် ယေဟောဝါထံ ယဇ်များပူဇော်ခဲ့သည်၊ ဦးစွာ ယဇ်ပုရောဟိတ်အတန်းအစားတွင်ပါဝင်သူတို့အတွက်၊ ထို့နောက် ယဇ်ပုရောဟိတ်အတန်းအစားမဟုတ်သူတို့အတွက်ဖြစ်သည်။ ယဇ်ပုရောဟိတ်မင်းသည် တဲတော် သို့မဟုတ် ဝတ်ပြုရာအိမ်တော်၏ အသန့်ရှင်းဆုံးအခန်းထဲ ဝင်ခဲ့သည်၊ ယင်းသည် သူတစ်ဦးတည်းသာ နှစ်၏ထိုနေ့ရက်တစ်ရက်တွင်သာ သွားနိုင်သည့်နေရာဖြစ်သည်။ သူသည် ထိုတွင်ရှိသောပဋိညာဉ်သေတ္တာတော်ရှေ့တွင် ပူဇော်ရာယဇ်များ၏အသွေးကို ဖျန်းခဲ့ရသည်။ ထိုမြင့်မြတ်သောသေတ္တာတော်အထက်တွင် ယေဟောဝါဘုရားသခင်တည်ရှိကြောင်းဖော်ပြသည့် ထွန်းလင်းတောက်ပသောမိုးတိမ် တစ်ခါတစ်ရံပေါ်တတ်သည်။—ထွ. ၂၅:၂၂; ဝတ်. ၁၆:၁-၃၀

၉။ (က) အပြစ်ဖြေရာနေ့တွင် ယဇ်ပုရောဟိတ်မင်းသည် မည်သူ့ကိုပုံဆောင်သနည်း၊ သူပူဇော်ခဲ့သောယဇ်များသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။ (ခ) ယဇ်ပုရောဟိတ်မင်း အသန့်ရှင်းဆုံးအခန်းထဲဝင်ခြင်းသည် အဘယ်အရာကို ကိုယ်စားပြုခဲ့သနည်း။

တမန်တော်ပေါလုသည် ယင်းပုံဆောင်လုပ်ဆောင်မှုများနောက်ကွယ်ရှိအဓိပ္ပာယ်ကို ဖော်ပြရန်မှုတ်သွင်းခံခဲ့ရသည်။ ယဇ်ပုရောဟိတ်မင်းသည် မေရှိယဖြစ်သော ယေရှုခရစ်ကိုပုံဆောင်ကြောင်း၊ ယဇ်ပူဇော်ရာများက ပူဇော်ရာယဇ်အဖြစ် ခရစ်တော်၏သေခြင်းကို ပုံဆောင်ကြောင်း သူဖော်ပြခဲ့သည်။ (ဟေဗြဲ ၉:၁၁-၁၄) ယင်းစုံလင်သောယဇ်က လူအုပ်စုနှစ်စုအတွက် စစ်မှန်သောအပြစ်ဖြေခြင်းကို ဖြစ်စေလိမ့်မည်၊ ခရစ်တော်၏ဘိသိက်ပေးခံရသည့်ညီအစ်ကိုများဖြစ်သော ယဇ်ပုရောဟိတ်အတန်းအစားဖြစ်သည့် ၁၄၄,၀၀၀ အတွက်နှင့် “အခြားသိုး” အတွက်ဖြစ်သည်။ (ယော. ၁၀:၁၆) ယဇ်ပုရောဟိတ်မင်းသည် အသန့်ရှင်းဆုံးအခန်းထဲဝင်ခြင်းသည် ရွေးနုတ်ဖိုးပူဇော်ရာယဇ်၏တန်ဖိုးကို ယေဟောဝါဘုရားသခင်ရှေ့ဆက်သရန် ကောင်းကင်သို့ခရစ်တော်ဝင်ရောက်ခြင်းကို ရှေ့ပြေးပုံရိပ်ပြခဲ့သည်။—ဟေဗြဲ ၉:၂၄၊ ၂၅

၁၀။ မေရှိယသည် အဘယ်အရာကြုံတွေ့မည်ဟု ကျမ်းစာပရောဖက်ပြုချက်က ဖော်ပြသနည်း။

၁၀ အာဒံနှင့်ဧဝ၏သားသမီးများကယ်နုတ်ခံရရန် များစွာပေးဆပ်မှုလိုအပ်မည်မှာ ရှင်းနေသည်။ မေရှိယသည် မိမိအသက်ကို ပေးရန်ဖြစ်၏။ ဟေဗြဲကျမ်းစောင်များမှပရောဖက်များသည် ယင်းအမှန်တရားအကြောင်း ပို၍အသေးစိတ်ဖော်ပြခဲ့သည်။ ဥပမာ၊ “ခရစ်တော်သခင်” သည် “အပြစ်ကိုဖြေရှင်း” ရန်အလို့ငှာ “အသေသတ်ခြင်း” ခံရမည်ဖြစ်ကြောင်း ပရောဖက်ဒံယေလတိုက်ရိုက်ဖော်ပြခဲ့သည်။ (ဒံ. ၉:၂၄-၂၆) မေရှိယသည် မစုံလင်သောလူသားတို့၏အပြစ်ကိုယူဆောင်ရာတွင် ငြင်းပယ်၊ နှိပ်စက်၊ အသေသတ် သို့မဟုတ် နာကျင်စွာထိုးခြင်းခံရမည်ဖြစ်ကြောင်း ဟေရှာယကြိုဟောခဲ့သည်။—ဟေရှာ. ၅၃:၄၊ ၅၊

၁၁။ ယေဟောဝါ၏သားတော်သည် ကျွန်ုပ်တို့ကယ်နုတ်ခံရရန် မိမိကိုယ်ကိုပေးဆပ်ဖို့ လိုလိုလားလားရှိကြောင်း အဘယ်နည်းများဖြင့် တင်ပြခဲ့သနည်း။

၁၁ ဘုရားသခင်၏တစ်ပါးတည်းသောသားတော် မြေကြီးသို့မလာမီ ကိုယ်တော်သည် ကျွန်ုပ်တို့ကယ်နုတ်ခံရရန် မိမိပေးဆပ်ရမည့်အရာကို သိတော်မူသည်။ ကိုယ်တော်သည် နာကျင်စွာဝေဒနာခံစားရမည်၊ ထို့နောက် သေဆုံးရမည်ဖြစ်သည်။ ယင်းအမှန်တရားများကို မိမိအား ခမည်းတော်သွန်သင်ပေးချိန်တွင် ကိုယ်တော်သည် နောက်ဆုတ် သို့မဟုတ် ပုန်ကန်ခဲ့ပါသလော။ ယင်းသို့ဖြစ်မည့်အစား ကိုယ်တော်သည် ခမည်းတော်၏ညွှန်ကြားချက်ကို တလိုတလားလက်အောက်ခံခဲ့သည်။ (ဟေရှာ. ၅၀:၄-၆) အလားတူပင်၊ ကမ္ဘာပေါ်ရှိစဉ် ယေရှုသည် ခမည်းတော်၏အလိုတော်ကို နာခံမှုရှိရှိဆောင်ရွက်ခဲ့သည်။ အဘယ်ကြောင့်နည်း။ ဤစကားများဖြင့် အဖြေတစ်ခုကို ကိုယ်တော်ပေးခဲ့သည်– ‘ငါသည် ခမည်းတော်ကိုချစ်၏။’ နောက်အဖြေတစ်ခုကို ဤသို့ပေးခဲ့သည်– “ကိုယ့်မိတ်ဆွေတို့အတွက် အသက်ကိုစွန့်သောမေတ္တာထက် သာ၍ကြီးမြတ်သောမေတ္တာမရှိ။” (ယော. ၁၄:၃၁; ၁၅:၁၃) ထို့ကြောင့် ကျွန်ုပ်တို့ကယ်နုတ်ခံရခြင်းသည် ယေဟောဝါ၏သားတော်တင်ပြသောချစ်ခြင်းမေတ္တာအပေါ် များစွာမူတည်နေသည်။ မိမိ၏စုံလင်သောလူ့အသက်ကို ပေးဆပ်ရန်ဖြစ်သော်လည်း ကိုယ်တော်သည် ကျွန်ုပ်တို့ကယ်နုတ်ခံရဖို့အတွက် ယင်းသို့လုပ်ရသည်ကို နှစ်သက်တော်မူ၏။

ကျွန်ုပ်တို့ကယ်နုတ်ခံရရန် ယေဟောဝါအနစ်နာခံခဲ့ရာ

၁၂။ ရွေးနုတ်ဖိုးသည် မည်သူ၏အလိုတော်ဖော်ပြချက်ဖြစ်သနည်း၊ ကိုယ်တော်သည် ယင်းကို အဘယ်ကြောင့် ပြင်ဆင်ပေးခဲ့သနည်း။

၁၂ ယေရှုသည် ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကိုအစပြုလုပ်ဆောင်သောအရှင် သို့မဟုတ် ရည်ရွယ်တော်မူသောအရှင်မဟုတ်ပါ။ ယင်းအစား ယင်းကယ်တင်ခြင်းအစီအစဉ်သည် ယေဟောဝါအလိုတော်၏အဓိကကျသောအပိုင်းတစ်ခုဖြစ်သည်။ ပူဇော်ရာယဇ်များပူဇော်သည့် ဝတ်ပြုရာအိမ်တော်ရှိယဇ်ပလ္လင်သည် ယေဟောဝါ၏အလိုတော်ကို ကိုယ်စားပြုသည်ဟု တမန်တော်ပေါလုဖော်ပြခဲ့သည်။ (ဟေဗြဲ ၁၀:၁၀) ထို့ကြောင့် ခရစ်တော်၏ပူဇော်ရာယဇ်အားဖြင့် ကျွန်ုပ်တို့ရရှိသောကယ်နုတ်ခြင်းအတွက် ယေဟောဝါကို ဦးဆုံးနှင့် အဓိကကျေးဇူးတင်ရန်ဖြစ်သည်။ (လု. ၁:၆၈) ယင်းသည် လူသားတို့အတွက် ကိုယ်တော်၏စုံလင်သောအလိုတော်နှင့် ကြီးမြတ်သောမေတ္တာဖော်ပြချက်ဖြစ်သည်။—ယောဟန် ၃:၁၆ ကိုဖတ်ပါ။

၁၃၊ ၁၄။ အာဗြဟံ၏ပုံနမူနာသည် ကျွန်ုပ်တို့အကျိုးအတွက် ယေဟောဝါပြုလုပ်ခဲ့ရာကို လေးမြတ်တန်ဖိုးထားရန် မည်သို့အထောက်အကူပြုနိုင်သနည်း။

၁၃ ယေဟောဝါသည် ကျွန်ုပ်တို့ကိုချစ်သောမိမိမေတ္တာကို ဤနည်းဖြင့်ဖော်ပြရန် အဘယ်အရာစွန့်လွှတ်ခဲ့သနည်း။ ယင်းသည် ကျွန်ုပ်တို့အတွက် နားလည်ရခက်သည်။ သို့သော် ယင်းအကြောင်းကို ပို၍ရှင်းလင်းစွာနားလည်နိုင်ရန် ကျွန်ုပ်တို့ကိုထောက်ကူပေးသည့် ကျမ်းစာမှတ်တမ်းတစ်ခုရှိသည်။ ယေဟောဝါသည် တည်ကြည်သူအာဗြဟံအား သူ၏သားဣဇာက်ကိုပူဇော်ရန်တောင်းဆိုခဲ့ပြီး ယင်းသည် သူ့အတွက် အလွန်ခက်ခဲသောအရာဖြစ်ခဲ့သည်။ အာဗြဟံသည် မေတ္တာရှိသောဖခင်တစ်ဦးဖြစ်၏။ ဣဇာက်နှင့်ပတ်သက်၍ ယေဟောဝါက အာဗြဟံအား ‘သင်အလွန်ချစ်သော တစ်ယောက်တည်းသောသား’ ဟုမိန့်တော်မူခဲ့သည်။ (က. ၂၂:၂) သို့တိုင် ယေဟောဝါအလိုတော်ဆောင်ခြင်းသည် မိမိသားဣဇာက်ကိုချစ်သည့်မေတ္တာထက် ပိုအရေးကြီးကြောင်း အာဗြဟံသိရှိခဲ့သည်။ အာဗြဟံသည် ဆက်လုပ်ဆောင်ခဲ့ပြီး နာခံမှုပြခဲ့သည်။ သို့သော် ယေဟောဝါသည် တစ်နေ့ မိမိကိုယ်တော်တိုင်ပြုလုပ်မည့်အရာကို အာဗြဟံအား ပြုလုပ်ရန်ခွင့်မပြုခဲ့ပါ။ အာဗြဟံသည် မိမိသားကို မပူဇော်မီလေးတွင် သူ့ကိုရပ်တန့်စေဖို့ ကောင်းကင်တမန်တစ်ပါးကို ဘုရားသခင်စေလွှတ်ခဲ့သည်။ အာဗြဟံသည် ခက်ခဲလှသောယင်းစမ်းသပ်မှုတွင် မိမိ၏ဘုရားသခင်ကိုနာခံရန် မည်မျှဆုံးဖြတ်ထားသနည်းဟူမူ ဤလူငယ်ပြန်အသက်ရှင်သည်ကိုမြင်တွေ့ရန် တစ်ခုတည်းသောမျှော်လင့်ချက်မှာ ရှင်ပြန်ထမြောက်ခြင်းအားဖြင့်ဖြစ်မည်ဟု သေချာပေါက်ခံစားခဲ့ရသည်။ သို့သော် ဘုရားသခင်သည် ယင်းသို့ရှင်ပြန်ထမြောက်ပေးမည်ကို သူလုံးဝယုံကြည်ခဲ့သည်။ အမှန်တွင် အာဗြဟံသည် ဣဇာက်ကို “ပုံဆောင်သဘောအရ” ရှင်ပြန်ထမြောက်ခြင်းဖြင့် ပြန်ရခဲ့သည်ဟု ပေါလုပြောခဲ့သည်။—ဟေဗြဲ ၁၁:၁၉

၁၄ အာဗြဟံသည် မိမိသားကိုပူဇော်ရန်ပြင်ဆင်နေစဉ် သူ၏စိတ်နာကျင်ခံစားမှုကို မြင်ယောင်ကြည့်နိုင်သလော။ ထို့ကြောင့် အာဗြဟံ၏အတွေ့အကြုံသည် “ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သား” ဟုယေဟောဝါခေါ်ဆိုခဲ့သူကိုပူဇော်ရာတွင် ကိုယ်တော်၏ခံစားမှုကိုဖော်ပြရန် အထောက်အကူပြုသည်။ (မ. ၃:၁၇) သို့သော် ယေဟောဝါ၏စိတ်နာကျင်ခံစားမှုသည် ပိုပြင်းထန်ဖွယ်ရှိသည်ကို သတိရပါ။ ကိုယ်တော်နှင့် သားတော်သည် မရေတွက်နိုင်သည့်နှစ်များ၊ နှစ်သန်းထောင်ချီပင်ဖြစ်နိုင်သည့်နှစ်များတွင် အတူတကွပေါင်းသင်းခြင်း၌ ပျော်မွေ့ခဲ့ကြသည်။ သားတော်သည် ခမည်းတော်ချစ်မြတ်နိုးသော “ကျွမ်းကျင်လုပ်သား” အဖြစ်၊ ကိုယ်တော်၏ပြောရေးဆိုခွင့်ရှိသူ ‘နှုတ်မြွက်တော်’ အဖြစ်ကိုယ်တော်နှင့်အတူ ရွှင်လန်းစွာအလုပ်လုပ်ခဲ့သည်။ (သု. ၈:၂၂၊ ၃၀၊ ၃၁; ယော. ၁:၁) ယေဟောဝါသည် မိမိသားတော် ရာဇဝတ်သားတစ်ဦးအဖြစ် ညှဉ်းပန်းနှိပ်စက်ခံရ၊ ကဲ့ရဲ့ပြောင်လှောင်ခံရ၊ အသေသတ်ခံခဲ့ရချိန်တွင် ကျွန်ုပ်တို့သိနိုင်သည်ထက် များစွာသည်းခံခဲ့သည်။ ယေဟောဝါသည် ကျွန်ုပ်တို့ကယ်နုတ်ခံရရန် အလွန်အနစ်နာခံခဲ့သည်။ သို့ဆိုလျှင် ယင်းကယ်နုတ်ခြင်းကို တန်ဖိုးထားကြောင်း ကျွန်ုပ်တို့မည်သို့တင်ပြနိုင်သနည်း။

ကယ်နုတ်ခံရခြင်းကို သင်တန်ဖိုးထားကြောင်း မည်သို့တင်ပြနိုင်သနည်း

၁၅။ ယေရှုသည် ကြီးမြတ်သောအပြစ်ဖြေခြင်းလုပ်ရပ်ကို မည်သို့အပြီးသတ်ခဲ့သနည်း၊ ယင်းက အဘယ်အရာကို ဖြစ်စေနိုင်ခဲ့သနည်း။

၁၅ ယေရှုသည် ကောင်းကင်သို့ထမြောက်ခဲ့ပြီးနောက် ကြီးမြတ်သောအပြစ်ဖြေခြင်းလုပ်ရပ်ကို အပြီးသတ်ခဲ့သည်။ ကိုယ်တော်သည် ချစ်မြတ်နိုးသောခမည်းတော်နှင့် ပြန်လည်ပေါင်းစည်းကာ မိမိ၏ပူဇော်ရာယဇ်တန်ဖိုးကို ခမည်းတော်ထံပေးဆက်ခဲ့သည်။ ကြီးမားသောကောင်းချီးများ လိုက်ပါလာခဲ့သည်။ လုံးလုံးလျားလျားအပြစ်လွှတ်ခံရဖို့ဖြစ်လာခဲ့ပြီး ဦးဆုံး ခရစ်တော်၏ဘိသိက်ပေးခံရသောညီများအတွက်ဖြစ်၏၊ ထို့နောက် “တစ်လောကလုံး” အတွက်ဖြစ်သည်။ ယင်းပူဇော်ရာယဇ်ကြောင့် မိမိတို့အပြစ်များကို စိတ်ရင်းမှန်နှင့်နောင်တရကာ ခရစ်တော်နောက်လိုက်စစ်ဖြစ်လာသူအားလုံးသည် ယေဟောဝါဘုရားသခင်ရှေ့ စင်ကြယ်သောအနေအထားတွင်ရှိကြသည်။ (၁ ယော. ၂:၂) ယင်းသည် သင်နှင့် မည်သို့သက်ဆိုင်သနည်း။

၁၆။ ကျွန်ုပ်တို့အတွက် ယေဟောဝါပြင်ဆင်ပေးခဲ့သောကယ်နုတ်ခြင်းကို အဘယ်ကြောင့်ကျေးဇူးတင်လေးမြတ်သင့်ကြောင်း မည်သို့ဥပမာပေးနိုင်သနည်း။

၁၆ အစပိုင်းတွင်ဖော်ပြခဲ့သော ဥပမာသို့ပြန်သွားကြစို့။ ရောဂါကုသနည်းကိုရှာတွေ့သောဆရာဝန်သည် သင့်လူနာဆောင်ရှိရောဂါသည်များထံချဉ်းကပ်ကာ ဤသို့ကမ်းလှမ်းလိုက်သည်– ကုသမှုကိုလက်ခံပြီး ဆေးညွှန်းအတိုင်းလိုက်လျှောက်သူ ရောဂါသည်မည်သူမဆို သေချာပေါက်ရောဂါပျောက်ကင်းလိမ့်မည်။ သင့်လူနာဖော်အများစုသည် ဆရာဝန်၏ညွှန်ကြားချက်ကို လိုက်လျှောက်ဖို့ငြင်းဆန်ခဲ့ကြပြီး ဆေးသောက်ဖို့ သို့မဟုတ် ဆေးညွှန်းအတိုင်းလိုက်လျှောက်ဖို့ ခက်ခဲလွန်းမည်ဟု ဆင်ခြေပေးကြပါက အသို့နည်း။ ကုသနည်းသည် အမှန်ပင်ရောဂါပျောက်စေကြောင်း ယုံကြည်လောက်သောအထောက်အထားရှိလျက်ပင် သင်သည် သူတို့ကဲ့သို့ပင် ဆင်ခြေပေးမည်လော။ လုံးဝပေးမည်မဟုတ်! သင်သည် ကုသနည်းအတွက် ကျေးဇူးတင်ကြောင်းဖော်ပြမည်ဖြစ်ပြီး ဆရာဝန်၏ညွှန်ကြားချက်များကို ဂရုတစိုက်လိုက်လျှောက်မည်ဖြစ်သည်၊ သင့်ရွေးချယ်မှုနှင့်ပတ်သက်၍ အခြားသူများကို ပြောပြသည်အထိပင်ဖြစ်ပေမည်။ မိမိသားတော်၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်အားဖြင့် ယေဟောဝါပြင်ဆင်ပေးခဲ့သောကယ်နုတ်ခြင်းကို အလွန်ကျေးဇူးတင်လေးမြတ်ကြောင်း ကျွန်ုပ်တို့တစ်ဦးစီ သာ၍တင်ပြလိုစိတ်ရှိသင့်သည်။—ရောမ ၆:၁၇၊ ၁၈ ကိုဖတ်ပါ။

၁၇။ သင့်ကိုကယ်နုတ်ရန် ယေဟောဝါလုပ်ဆောင်ခဲ့ရာများအတွက် လေးမြတ်တန်ဖိုးထားကြောင်း အဘယ်နည်းများဖြင့်တင်ပြနိုင်သနည်း။

၁၇ အပြစ်နှင့်သေခြင်းမှ ကျွန်ုပ်တို့အားကယ်နုတ်ရန် ယေဟောဝါနှင့် သားတော်ပြုခဲ့ရာကို ကျွန်ုပ်တို့လေးမြတ်တန်ဖိုးထားပါက ယင်းကို ကျွန်ုပ်တို့တင်ပြပါလိမ့်မည်။ (၁ ယော. ၅:၃) ကျွန်ုပ်တို့သည် အပြစ်ပြုလိုသည့်သဘောကို တိုက်လှန်ပါလိမ့်မည်။ အယောင်ဆောင်နှစ်ဘဝစံအဖြစ်သို့ရောက်စေတတ်သော စိတ်လိုကိုယ်လျောက်အပြစ်ပြုသည့်အကျင့်ကို ဘယ်တော့မျှအရှုံးပေးမည်မဟုတ်ပါ။ ယင်းလမ်းစဉ်သည် ရွေးနုတ်ဖိုးကို ကျွန်ုပ်တို့လုံးဝလေးမြတ်တန်ဖိုးထားခြင်းမရှိဟု ပြောခြင်းနှင့်တူသည်။ ယင်းအစား ကျွန်ုပ်တို့သည် ဘုရားသခင့်အမြင်တွင် စင်ကြယ်စွာနေဖို့ကြိုးစားခြင်းဖြင့် ကျွန်ုပ်တို့၏လေးမြတ်တန်ဖိုးထားမှုကို တင်ပြကြမည်။ (၂ ပေ. ၃:၁၄) ကျွန်ုပ်တို့သည် ကယ်နုတ်ခြင်းဆိုင်ရာ အံ့ချီးဖွယ်မျှော်လင့်ချက်အကြောင်း အခြားသူများကိုဝေမျှခြင်းဖြင့် ယင်းကို လေးမြတ်တန်ဖိုးထားကြောင်း တင်ပြကြမည်၊ သို့မှသာ သူတို့လည်း ယေဟောဝါရှေ့ စင်ကြယ်သောအနေအထားတွင်ရှိကြပြီး ထာဝရအနာဂတ်အတွက် မျှော်လင့်ချက်ရှိမည်ဖြစ်သည်။ (၁ တိ. ၄:၁၆) မှန်ပါသည်၊ ယေဟောဝါနှင့်သားတော်သည် ကျွန်ုပ်တို့ပေးဆက်နိုင်သည့် အချိန်နှင့်ခွန်အားရှိသမျှဖြင့်ချီးမွမ်းမှုကို ရထိုက်တော်မူ၏။ (မာ. ၁၂:၂၈-၃၀) စဉ်းစားကြည့်ပါလေ။ အပြစ်မှ လုံးလုံးလွတ်ကျွတ်သွားမည့်အချိန်ကို ကျွန်ုပ်တို့မျှော်လင့်နိုင်ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ရည်ရွယ်သည့်အတိုင်း စုံလင်မှုဖြင့် ထာဝစဉ်အသက်ရှင်နိုင်ကြ၏၊ ယင်းတို့အားလုံးသည် ကျွန်ုပ်တို့အားကယ်နုတ်ရန် ယေဟောဝါလုပ်ဆောင်ခဲ့ရာများကြောင့်ဖြစ်သည်။—ရော. ၈:၂၁

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 စပိန်တုတ်ကွေးသည် ထိုအချိန်က ကမ္ဘာ့လူဦးရေ၏ ၂၀ မှ ၅၀ ရာခိုင်နှုန်းအထိ ကူးစက်ပျံ့နှံ့ခဲ့သည်ဟုဆိုကြသည်။ ယင်းဗိုင်းရတ်စ်သည် ကူးစက်ခံရသူ ၁ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအတွင်းသေစေခဲ့သည်။ ယင်းနှင့်ဆန့်ကျင်လျက် အီဘိုလာဗိုင်းရတ်စ်သည် အလွန်တွေ့ရခဲသောရောဂါဖြစ်သည်၊ သို့သော် ယင်းရောဂါဖြစ်ပွားသည့်နေရာအချို့တွင် ကူးစက်ခံရသူ ၉၀ ရာခိုင်နှုန်းနီးပါး သေဆုံးခဲ့သည်။

သင်မည်သို့ဖြေဆိုမည်နည်း

• သင်သည် အဘယ်ကြောင့် အရေးတကြီးကယ်နုတ်ခံရဖို့လိုသနည်း။

• ယေရှု၏ကိုယ်ကျိုးစွန့်လုပ်ရပ်သည် သင့်အပေါ် မည်သို့သက်ရောက်မှုရှိသနည်း။

• ရွေးနုတ်ဖိုးဆိုင်ရာ ယေဟောဝါ၏လက်ဆောင်နှင့်ပတ်သက်၍ သင်မည်သို့ခံစားရသနည်း။

• သင့်ကိုကယ်နုတ်ခြင်းအတွက် ယေဟောဝါ၏ပြင်ဆင်ပေးမှုများကိုတုံ့ပြန်ရန် အဘယ်အရာက သင့်ကိုလှုံ့ဆော်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

အပြစ်ဖြေရာနေ့တွင် ဣသရေလယဇ်ပုရောဟိတ်မင်းသည် မေရှိယနှင့်ဆိုင်သော သက်ရှိပုံနမူနာတစ်ခုဖြစ်လာ

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

အာဗြဟံသည် မိမိသားကို ပူဇော်ရန်တလိုတလားရှိခြင်းက ယေဟောဝါပြုတော်မူသည့် သာ၍ကြီးမြတ်သော ယဇ်ပူဇော်မှုအကြောင်း များစွာသင်ပေး