မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စည်းဝေးကြီးသုံးခုက ကျွန်တော့်ရဲ့အသက်တာလမ်းစဉ်ကို ပုံသွင်းပေးခဲ့ပုံ

စည်းဝေးကြီးသုံးခုက ကျွန်တော့်ရဲ့အသက်တာလမ်းစဉ်ကို ပုံသွင်းပေးခဲ့ပုံ

စည်းဝေးကြီးသုံးခုက ကျွန်တော့်ရဲ့အသက်တာလမ်းစဉ်ကို ပုံသွင်းပေးခဲ့ပုံ

ဂျော့ဂ်ျ ဝေါ်ရင်ချော့ခ် ပြောပြသည်

စည်းဝေးကြီးတစ်ခုမှာကြားခဲ့တဲ့အရာက သင့်ဘဝကို အကြီးအကျယ်ပြောင်းလဲစေတဲ့အထိ လှုံ့ဆော်မှုဖြစ်ခဲ့ဖူးပါသလား။ ကျွန်တော်ကတော့ အဲဒီလိုဖြစ်ခဲ့ဖူးတယ်။ နောက်ကြောင်းပြန်ကြည့်ရင် အထူးသဖြင့် စည်းဝေးကြီးသုံးခုက ကျွန်တော့်ရဲ့အသက်တာလမ်းစဉ်ကို ပုံသွင်းပေးခဲ့တယ်ဆိုတာ တွေ့ရတယ်။ ပထမက ရှက်ကြောက်တဲ့စိတ်လျော့နည်းအောင်၊ ဒုတိယက ပိုပြီးရောင့်ရဲတတ်အောင်၊ တတိယက ပိုပြီးပေးကမ်းတတ်အောင် ကူညီပေးခဲ့တယ်။ ဒါပေမဲ့ ဒီအပြောင်းအလဲတွေအကြောင်းမပြောခင် အဲဒီစည်းဝေးကြီးတွေမတိုင်ခင်က ကျွန်တော့်ငယ်စဉ်ဘဝရဲ့ အဖြစ်အပျက်တချို့ကို ပြောပြပါရစေ။

ကျွန်တော့်ကို ၁၉၂၈ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ကလေးသုံးယောက်ထဲမှာ အငယ်ဆုံးပါ။ အစ်မတွေဖြစ်တဲ့ မာဂျီ၊ အော်လ်ဂါနဲ့ ကျွန်တော်တို့ဟာ အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ တောင်ပိုင်းဘောင်းဘရုတ်ခ်မြို့မှာ ကြီးပြင်းလာပြီး အဲဒီတုန်းက ဒီမြို့ငယ်လေးမှာ လူဦးရေ ၂,၀၀၀ လောက်ပဲရှိတယ်။ ကျွန်တော်တို့က ဆင်းရဲပေမဲ့ အမေဟာ ရက်ရောတဲ့သူဖြစ်တယ်။ အမေ့မှာ ငွေရှိပြီဆိုရင် အထူးအစားအစာပြင်ဆင်ပြီး အိမ်နီးချင်းတွေကို ဝေငှတတ်တယ်။ ကျွန်တော်ကိုးနှစ်အရွယ်မှာ အမေ့ဆီကို သက်သေခံတစ်ယောက် လာလည်ပတ်တယ်၊ သူက အမေ့ရဲ့ဘာသာစကားဖြစ်တဲ့ ဟန်ဂေရီစကားနဲ့ သမ္မာကျမ်းစာသတင်းစကားကိုပြောလို့ အမေနားထောင်ခဲ့တယ်။ အဲဒီနောက် အသက် ၂၀ ကျော်စအရွယ် ညီအစ်မဗာသာရ်က အမေ့ကို ကျမ်းစာဆက်သင်ပေးပြီး ယေဟောဝါရဲ့ကျေးကျွန်တစ်ဦးဖြစ်လာအောင် ကူညီပေးခဲ့တယ်။

ကျွန်တော်က အမေနဲ့မတူဘူး၊ ရှက်ကြောက်တတ်တယ်၊ ယုံကြည်စိတ်ချမှုမရှိဘူး။ အမေက ကျွန်တော့်ကို နှိမ်ပြီးပြောတော့ ပိုဆိုးသွားတယ်။ “ဘာဖြစ်လို့ ကျွန်တော့်ကို အမြဲအပြစ်ရှာရတာလဲ” လို့ အမေ့ကို ကျွန်တော်ငိုပြီးမေးတဲ့အခါ အမေက ကျွန်တော့်ကိုချစ်ပေမဲ့ ဘဝင်မြင့်သူတစ်ဦး မဖြစ်စေချင်လို့ဆိုပြီး ပြောတယ်။ အမေ့ရည်ရွယ်ချက်ကတော့ ကောင်းပေမဲ့ ချီးမွမ်းမခံရတဲ့အတွက် ကျွန်တော် သိမ်ငယ်စိတ်ဝင်ခဲ့တယ်။

တစ်နေ့မှာ ကျွန်တော့်ကို ကြင်ကြင်နာနာပြောဆိုလေ့ရှိတဲ့ အိမ်နီးချင်းက သူ့သားတွေနဲ့အတူ သူတို့ချာ့ခ်ျက ဆန်းဒေးစကူးတက်ဖို့ ကျွန်တော့်ကိုပြောတယ်။ လိုက်သွားမယ်ဆိုရင် ယေဟောဝါမနှစ်သက်မှန်း ကျွန်တော်သိရက်နဲ့ ကြင်နာတတ်တဲ့ အဲဒီအိမ်နီးချင်းကို မငြင်းဝံ့ခဲ့ဘူး။ ကျွန်တော့်စိတ်မလုံမလဲဖြစ်ပေမဲ့လည်း လတော်တော်ကြာတဲ့အထိ ချာ့ခ်ျသွားတက်ခဲ့တယ်။ ကျောင်းမှာလည်း လူကိုကြောက်တဲ့အတွက် ကျွန်တော့်ရဲ့ ကိုယ့်ကိုယ်ကိုယ်သိတဲ့စိတ်နဲ့ ဆန့်ကျင်တဲ့အရာကို လုပ်ခဲ့မိတယ်။ အာဏာပြတတ်တဲ့ကျောင်းအုပ်ကြီးက ကလေးအားလုံး အလံအလေးပြုဖို့ ဆရာဆရာမတွေကို သေချာမှာထားတယ်။ ကျွန်တော်လည်း အလေးပြုခဲ့တယ်။ တစ်နှစ်လောက်ကြာပြီးနောက် အပြောင်းအလဲတစ်ခု ဖြစ်လာခဲ့တယ်။

ရဲစွမ်းသတ္တိရှိဖို့ သင်ခန်းစာ

၁၉၃၉ ခုနှစ်တုန်းက ကျွန်တော်တို့အိမ်မှာ စာအုပ်ကြီးသင်တန်းအုပ်စုတစ်ခု စပြီးစည်းဝေးလုပ်ခဲ့ကြတယ်။ လူငယ်ရှေ့ဆောင်ညီအစ်ကို ဘင် မီဇ်ကယ်စကီက ဦးဆောင်ခဲ့တယ်။ ကျွန်တော်တို့က သူ့ကို ဘင်ကြီးလို့ခေါ်ကြတယ်၊ ခေါ်ရတဲ့အကြောင်းလည်းရှိတယ်။ ကျွန်တော့်အတွက်ဆို သူ့အရပ်နဲ့ကိုယ်ခန္ဓာက ကျွန်တော်တို့အိမ်ရှေ့ တံခါးပေါက်လောက်ရှိတယ်။ သူ့ကိုယ်ခန္ဓာအရွယ်အစားက လန့်စရာဖြစ်ပုံရပေမဲ့ သူဟာ နူးညံ့တဲ့နှလုံးသားပိုင်ရှင်ဖြစ်ပြီး သူ့ရဲ့နွေးထွေးတဲ့အပြုံးကြောင့် ကျွန်တော် မြန်မြန်ပဲ သက်သောင့်သက်သာရှိလာတယ်။ ဒါကြောင့် ဘင်က လယ်ကွင်းလုပ်ငန်းမှာ သူနဲ့အတူလိုက်ဖို့ပြောတဲ့အခါ ကျွန်တော် ဝမ်းသာအားရလက်ခံခဲ့တယ်။ ကျွန်တော်တို့ မိတ်ဆွေတွေဖြစ်လာခဲ့ကြတယ်။ ကျွန်တော်စိတ်ဓာတ်ကျတဲ့အခါ ဂရုစိုက်တတ်တဲ့အစ်ကိုကြီးက ညီဖြစ်သူကို စကားပြောသလိုမျိုး သူကျွန်တော့်ကိုပြောဆိုတယ်။ ဒါက ကျွန်တော့်ကိုအရမ်းအကျိုးပြုတဲ့အတွက် သူ့ကို ကျွန်တော်ချစ်ခင်လာခဲ့တယ်။

၁၉၄၁ ခုနှစ်မှာ ဘင်က မစ်ဆူရီပြည်နယ်၊ စိန့်လူးဝစ္စမြို့မှာကျင်းပတဲ့ စည်းဝေးကြီးကို သူ့ကားနဲ့လိုက်ဖို့ ကျွန်တော်တို့မိသားစုကိုပြောတယ်။ ကျွန်တော် ဘယ်လောက်စိတ်လှုပ်ရှားမယ်ဆိုတာ စဉ်းစားကြည့်ပါ။ အိမ်ကနေမိုင် ၅၀ ထက်ပိုပြီး ကျွန်တော်ခရီးမသွားဖူးဘူး၊ အခုတော့ မိုင် ၉၀၀ ကျော်ခရီးကိုသွားရပြီ။ ဒါပေမဲ့ စိန့်လူးဝစ္စမြို့မှာ ပြဿနာတက်နေတယ်။ သက်သေခံတွေကို အိမ်မှာတည်းခိုခွင့်ပေးဖို့ အစီအစဉ်လုပ်ထားတာကို ဖျက်သိမ်းပါဆိုပြီး ဓမ္မဆရာတွေက သူ့အသင်းသားတွေကို အမိန့်ပေးတယ်။ အတော်များများက ဖျက်သိမ်းခဲ့ကြတယ်။ ကျွန်တော်တို့တည်းခိုဖို့ အစီအစဉ်လုပ်ထားတဲ့မိသားစုလည်း ခြိမ်းခြောက်ခံရတယ်။ ဒါတောင် သူတို့က ကျွန်တော်တို့ကို ကြိုဆိုခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့အိမ်ရှင်က အခန်းပေးမယ်ဆိုတဲ့ကတိကို ဖျက်မှာမဟုတ်ဘူးလို့ပြောတယ်။ သူတို့ရဲ့ ရဲစွမ်းသတ္တိကို ကျွန်တော်အထင်ကြီးလေးစားသွားတယ်။

အဲဒီစည်းဝေးကြီးမှာ ကျွန်တော့်အစ်မတွေ နှစ်ခြင်းခံခဲ့တယ်။ အဲဒီနေ့မှာပဲ ဘရွတ်ကလင်ဗေသလက ညီအစ်ကိုရပ်သဖော့ဒ်က စိတ်တက်ကြွစရာဟောပြောချက်တစ်ခု ပေးပြီး ဘုရားသခင့်အလိုတော်ဆောင်ချင်တဲ့ ကလေးအားလုံး မတ်တတ်ရပ်ကြဖို့ တောင်းဆိုခဲ့တယ်။ ၁၅,၀၀၀ လောက် မတ်တတ်ရပ်ခဲ့ကြတယ်။ ကျွန်တော်လည်း မတ်တတ်ရပ်ခဲ့တယ်။ ဟောပြောခြင်းလုပ်ငန်းမှာ အတတ်နိုင်ဆုံးပါဝင်ဖို့ သဘောတူတဲ့သူတွေကို “တူပါတယ်” လို့ပြောဖို့ တောင်းဆိုတယ်။ တခြားကလေးတွေနဲ့အတူ ကျွန်တော်လည်း “တူပါတယ်” လို့ ကြွေးကြော်ခဲ့တယ်။ အဲဒီနောက် လက်ခုပ်အကျယ်ကြီးတီးခဲ့ကြတယ်။ ကျွန်တော် အရမ်းစိတ်လှုပ်ရှားခဲ့တယ်။

စည်းဝေးကြီးပြီးတဲ့နောက် ကျွန်တော်တို့ဟာ အနောက်ဗာဂျီးနီးယားက ညီအစ်ကိုတစ်ယောက်ဆီ လည်ပတ်ခဲ့ကြတယ်။ တစ်ခါက သူဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်နေတုန်း ဒေါသထွက်နေတဲ့လူအုပ်က သူ့ကိုရိုက်နှက်ပြီး ကတ္တရာစေးနဲ့လောင်း၊ ငှက်မွေးတွေကပ်ပေးခဲ့တယ်လို့ ပြောပြတယ်။ ကျွန်တော် ပါးစပ်အဟောင်းသားနဲ့ နားထောင်နေခဲ့တယ်။ “ဒါပေမဲ့ ကျွန်တော် ဆက်ပြီးဟောပြောမှာပဲ” လို့ ညီအစ်ကိုကပြောတယ်။ ညီအစ်ကိုဆီကပြန်လာတဲ့အခါ ဒါဝိဒ်လို ကျွန်တော်ခံစားရတယ်။ ဂေါလျတ်နဲ့တူတဲ့ ကျောင်းအုပ်ကြီးကို ရင်ဆိုင်ဖို့ ကျွန်တော်အသင့်ဖြစ်နေပြီ။

ကျောင်းပြန်ရောက်တဲ့အခါ ကျောင်းအုပ်ကြီးဆီ ကျွန်တော်သွားတယ်။ သူက ကျွန်တော့်ကို စူးစိုက်ကြည့်တယ်။ အကူအညီအတွက် ယေဟောဝါဆီ ကျွန်တော် အသံတိတ်ဆုတောင်းတယ်။ ပြီးတဲ့နောက် “ယေဟောဝါသက်သေတွေရဲ့ စည်းဝေးကြီးတစ်ခုကို ကျွန်တော်တက်ခဲ့တယ်။ ကျွန်တော် အလံကို အလေးပြုတော့မှာမဟုတ်ဘူး” လို့ ​မြန်မြန်ပဲပြောလိုက်တယ်။ တော်တော်ကြာတိတ်ဆိတ်သွားတယ်။ ကျောင်းအုပ်ကြီးက သူ့ခုံကနေ ဖြည်းဖြည်းချင်းရပ်လိုက်ပြီး ကျွန်တော့်ဆီလျှောက်လာတယ်။ သူ့မျက်နှာက ဒေါသကြောင့်နီနေတယ်။ ​“အလံကိုအလေးပြုမလား၊ ကျောင်းထုတ်ခံမလား” လို့အော်ပြောတယ်။ ဒီတစ်ခါတော့ ကျွန်တော်အလျှော့မပေးခဲ့ဘူး၊ ဒါကြောင့် တစ်ခါမှ မခံစားဖူးတဲ့ ရွှင်လန်းမှုကို ခံစားခဲ့ရတယ်။

ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ဘင်ကို ချက်ချင်းပြောပြချင်လို့ ကျွန်တော်နေမထိထိုင်မသာတောင် ဖြစ်ခဲ့တယ်။ ဘုရားသခင့်နိုင်ငံတော်ခန်းမမှာ သူ့ကိုတွေ့တာနဲ့ “ကျွန်တော် အလံအလေးမပြုလို့ ကျွန်တော့်ကိုကျောင်းထုတ်လိုက်ပြီ” ဆိုပြီးပြောပြလိုက်တယ်။ ဘင်က ကျွန်တော့်ကိုဖက်ရင်း “ယေဟောဝါ မင်းကိုချစ်မှာသေချာတယ်” လို့ ပြုံးပြီးပြောတယ်။ (တရား. ၃၁:၆) အဲဒီစကားကြောင့် ကျွန်တော် အားရှိသွားတယ်။ ၁၉၄၂၊ ဇွန် ၁၅ ရက်မှာ ကျွန်တော် နှစ်ခြင်းခံခဲ့တယ်။

ရောင့်ရဲခြင်း၏လျှို့ဝှက်ချက်ကို သင်ယူခြင်း

ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် တိုင်းပြည်စီးပွားရေး ရုတ်ခြည်းတိုးတက်လာပြီး တစ်နိုင်ငံလုံးမှာ ရုပ်ဝါဒလိုက်စားမှု ပျံ့နှံ့ခဲ့တယ်။ ကျွန်တော့်မှာ အလုပ်ကောင်းကောင်းရှိတဲ့အတွက် ဝယ်နိုင်မယ်လို့ မထင်ခဲ့တဲ့ပစ္စည်းတွေကို ဝယ်နိုင်ခဲ့တယ်။ သူငယ်ချင်းတချို့မှာ မော်တော်ဆိုင်ကယ်တွေရှိလာတယ်၊ တခြားသူတွေဆိုရင် သူတို့ရဲ့အိမ်တွေကို ပြန်မွမ်းမံကြတယ်။ ကျွန်တော်လည်း ကားသစ်တစ်စီးဝယ်လိုက်တယ်။ မကြာခင်မှာပဲ ရုပ်ပစ္စည်းတွေ ပိုပိုင်ဆိုင်လိုတဲ့ဆန္ဒကြောင့် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားအပေါ် ကျွန်တော် အာရုံမစိုက်တော့ဘူး။ ကျွန်တော် လမ်းမှားဘက် ဦးတည်နေပြီဆိုတာ သိလိုက်တယ်။ တော်သေးတယ်၊ ၁၉၅၀ ပြည့်နှစ်၊ နယူးယောက်မြို့မှာကျင်းပတဲ့ စည်းဝေးကြီးတစ်ခုက ကျွန်တော့်ရဲ့လမ်းစဉ်ကို ပြုပြင်ပြောင်းလဲဖို့ အထောက်အကူပြုခဲ့တယ်။

အဲဒီစည်းဝေးကြီးမှာ ဟောပြောသူတွေက ပရိသတ်ကို ဟောပြောခြင်းလုပ်ငန်းမှာ တိုးပြီးလုပ်ဆောင်ဖို့ အားပေးခဲ့ကြတယ်။ ဟောပြောသူတစ်ယောက်က “ပြေးပွဲမှာ အခြေခံလိုအပ်ရာတွေလောက်နဲ့ပဲ ပြေးပါ” လို့တိုက်တွန်းတယ်။ သူ ကျွန်တော့်ကို ပြောနေသလိုပါပဲ။ ဒါ့အပြင် ဂိလဒ်သင်တန်းကျောင်းဆင်းပွဲတစ်ခုကိုလည်း မြင်တွေ့ခဲ့ရတဲ့အတွက် ‘ငါ့အသက်အရွယ်လောက်ပဲရှိတဲ့ ဒီသက်သေခံအုပ်စုဟာ တိုင်းတစ်ပါးမှာအမှုဆောင်ဖို့ စည်းစိမ်ဥစ္စာတွေကို စွန့်လွှတ်နိုင်ခဲ့ရင် ငါလည်း အိမ်မှာနေရင်း ဒီလိုလုပ်ဖို့ တလိုတလားရှိသင့်တယ်’ လို့အတွေးဝင်လာတယ်။ ဒီစည်းဝေးကြီးပြီးတဲ့နောက် ရှေ့ဆောင်လုပ်ဖို့ ကျွန်တော်စိတ်ပိုင်းဖြတ်ခဲ့တယ်။

ဒီအတောအတွင်း  ကျွန်တော်တက်နေတဲ့အသင်းတော်က ထက်သန်တဲ့ညီအစ်မ အီဗလီန်မွန်ဒက်ခ်ကို စပြီးပိုးပန်းခဲ့တယ်။ အီဗလီန်ရဲ့အမေက ကလေးခြောက်ယောက်ကို ပြုစုပျိုးထောင်ခဲ့သူဖြစ်ပြီး သတ္တိရှိသူဖြစ်တယ်။ သူဟာ ရိုမန်ကက်သလစ်ချာ့ခ်ျကြီးရှေ့ လမ်းပေါ်သက်သေခံတာကို နှစ်သက်တယ်။ ဒေါသထွက်နေတဲ့ ခရစ်ယာန်ဘုန်းကြီးက သူ့ကိုဘယ်လောက်ပဲမောင်းထုတ်ပေမဲ့ နေရာကနေ နည်းနည်းတောင်မရွှေ့ခဲ့ဘူး။ သူ့အမေလိုပဲ အီဗလီန်လည်း လူကိုမကြောက်ဘူး။—သု. ၂၉:၂၅

၁၉၅၁ ခုနှစ်မှာ အီဗလီန်နဲ့ကျွန်တော် လက်ထပ်ပြီးနောက် အလုပ်ကနေထွက်ပြီး ရှေ့ဆောင်စလုပ်ကြတယ်။ နယူးယောက်မြို့ကနေ မိုင်တစ်ရာအကွာမှာရှိတဲ့ အတ္တလန္တိတ်ကမ်းရိုးတန်းပေါ်က အာမေဂန်စက်ရွာကို ပြောင်းရွှေ့ဖို့ တိုက်နယ်ကြီးကြပ်မှူးတစ်ဦးက အားပေးတယ်။ ကျွန်တော်တို့အတွက် နေရာထိုင်ခင်းမရှိတဲ့အကြောင်း အသင်းတော်ကအသိပေးတဲ့အခါ ကျွန်တော်တို့ဟာ နောက်တွဲယာဉ်တစ်စီးကိုရှာကြပေမဲ့ တတ်နိုင်တာထက်များနေလို့ မဝယ်နိုင်ခဲ့ဘူး။ နောက်တော့ နောက်တွဲယာဉ်အဟောင်းတစ်စီးကို ရှာတွေ့ခဲ့ကြတယ်။ ပိုင်ရှင်က ဒေါ်လာ ၉၀၀ တောင်းတယ်။ မင်္ဂလာလက်ဖွဲ့ရထားတဲ့ငွေနဲ့ ကွက်တိပဲ။ အဲဒါကို ကျွန်တော်တို့ဝယ်ပြီး ပြုပြင်လိုက်တယ်၊ ပြီးတော့ ကျွန်တော်တို့ရပ်ကွက်အသစ်ဆီကို ဆွဲသွားတယ်။ ဒါပေမဲ့ ဟိုကိုရောက်တော့ ငွေတစ်ပြားမှမရှိလို့ ရှေ့ဆောင်တွေအနေနဲ့ ဘယ်လိုများအသက်ဆက်ကြမလဲလို့ တွေးပူခဲ့ကြတယ်။

အီဗလီန်က အိမ်တွေမှာ သန့်ရှင်းရေးလုပ်တယ်၊ ကျွန်တော်ကတော့ အီတလီစားသောက်ဆိုင်တစ်ဆိုင်မှာ ညဉ့်နက်ပိုင်းသန့်ရှင်းရေးလုပ်ခဲ့တယ်။ “ကျန်တဲ့အစားအသောက်တွေကို မင်းဇနီးအတွက် ယူသွားပါ” လို့ပိုင်ရှင်ကပြောတယ်။ ဒါကြောင့် မနက်နှစ်နာရီ ကျွန်တော်အိမ်ပြန်ရောက်တဲ့အချိန်ဆိုရင် နောက်တွဲယာဉ်ထဲမှာ ပီဇာတွေ၊ အီတလီခေါက်ဆွဲတွေရဲ့အနံ့နဲ့ မွှေးကြိုင်နေတာပဲ။ အထူးသဖြင့် ဆောင်းတွင်းဆိုရင် အေးစိမ့်နေတဲ့နောက်တွဲယာဉ်ထဲ ခိုက်ခိုက်တုန်ချမ်းနေချိန်မှာ ပြန်နွှေးထားတဲ့ အဲဒီအစားအသောက်တွေက တကယ့်ကို စားချင်စရာပဲ။ တစ်ခါတလေ၊ အသင်းတော်က ညီအစ်ကိုတွေဟာ နောက်တွဲယာဉ်လှေကားမှာ ငါးကြီးတစ်ကောင် လာထားတတ်တယ်။ အာမေဂန်စက်က ချစ်စရာကောင်းတဲ့ညီအစ်ကိုတွေနဲ့အတူ အမှုဆောင်ခဲ့တဲ့နှစ်တွေအတွင်း ဘ၀မှာ အခြေခံလိုအပ်ရာတွေနဲ့ ရောင့်ရဲတာက ပျော်ရွှင်ကျေနပ်စရာပဲဆိုတာ သိခဲ့ရတယ်။ ပျော်စရာကောင်းတဲ့နှစ်တွေပါပဲ။

ပိုအမှုဆောင်ဖို့ လှုံ့ဆော်ခံခဲ့ရ

၁၉၅၃၊ ဇူလိုင်လမှာ နယူးယောက်မြို့မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးကိုတက်ရောက်ဖို့ တိုင်းတစ်ပါးတာဝန်ကျရာဒေသကနေ ပြန်လာကြတဲ့ ရာနဲ့ချီတဲ့ခရစ်ယာန်သာသနာပြုတွေနဲ့ ကျွန်တော်တို့ တွေ့ဆုံခဲ့ရတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ အတွေ့အကြုံတွေကို သူတို့ပြန်ပြောပြတဲ့အခါ ကျွန်တော်တို့လည်း စိတ်တက်ကြွလာတယ်။ ဒါ့အပြင် စည်းဝေးကြီးဟောပြောသူတစ်ယောက်က သတင်းကောင်းမရောက်သေးတဲ့ ဒေသအတော်များများရှိတဲ့အကြောင်း အလေးပေးဟောပြောသွားတဲ့အခါ ကျွန်တော်တို့ရဲ့ဓမ္မအမှုကို တိုးချဲ့ပြီး ပိုအမှုဆောင်ရမယ်ဆိုတာ သိလာတယ်။ ဒါနဲ့ အဲဒီစည်းဝေးကြီးမှာ ခရစ်ယာန်သာသနာပြုသင်တန်းကျောင်းအတွက် လျှောက်လွှာဖြည့်ခဲ့ကြတယ်။ ဒါနဲ့ပဲ ၁၉၅၄၊ ဖေဖော်ဝါရီမှာစတင်မယ့် ၂၃ ကြိမ်မြောက် ဂိလဒ်သင်တန်းကျောင်းကိုတက်ရောက်ဖို့ ဖိတ်ခေါ်ခံရတယ်။ တကယ့်အခွင့်ထူးတစ်ခုပါပဲ။

ဘရာဇီးမှာ အမှုဆောင်ဖို့တာဝန်ကျတယ်လို့ သိရတဲ့အခါ ကျွန်တော်တို့စိတ်လှုပ်ရှားခဲ့ကြတယ်။ မီးသင်္ဘောနဲ့ ၁၄ ရက်ကြာ ရေကြောင်းခရီးမစတင်ခင်  ဗေသလကတာဝန်ရှိ  ညီအစ်ကိုတစ်ယောက်က “ညီအစ်ကိုတို့ဇနီးမောင်နှံနဲ့အတူ တစ်ကိုယ်ရေ ခရစ်ယာန်သာသနာပြု ညီအစ်မကိုးယောက်လည်း ဘရာဇီးကိုသွားကြလိမ့်မယ်။ သူတို့တွေကို ဂရုစိုက်စောင့်ရှောက်ပေးပါ” ဆိုပြီးပြောတယ်။ ကျွန်တော့်နောက်မှာ အမျိုးသမီးငယ်ဆယ်ယောက်လိုက်ပါလာပြီး သင်္ဘောပေါ် ကျွန်တော်တို့တန်းစီတက်လာတာကိုမြင်တဲ့ သင်္ဘောသားတွေရဲ့ ရယ်ချင်နေတဲ့မျက်နှာကို မြင်ယောင်ကြည့်ပါ။ ဒါပေမဲ့ ညီအစ်မတွေက အခြေအနေကိုကိုင်တွယ်ရာမှာ ဘာပြဿနာမှမရှိခဲ့ဘူး။ ဘရာဇီးမြေပေါ် ခြေချနိုင်တော့မှပဲ ကျွန်တော်စိတ်အေးသွားတော့တယ်။

ပေါ်တူဂီဘာသာစကားကို သင်ယူပြီးတဲ့နောက် ဘရာဇီး တောင်ပိုင်းပြည်နယ်တစ်ခုဖြစ်တဲ့ ရီယိုဂရဲန်ဒါဆူလ်မှာ တိုက်နယ်လုပ်ဖို့ တာဝန်ရခဲ့တယ်။ ကျွန်တော်မရောက်ခင် အဲဒီမှာအမှုဆောင်ခဲ့တဲ့ တစ်ကိုယ်ရေသမား တိုက်နယ်ကြီးကြပ်မှူးက– “အိမ်ထောင်သည်ဇနီးမောင်နှံကို ဒီနေရာကိုစေလွှတ်တာ အံ့ဩစရာပဲ။ ဒီနယ်မြေက အရမ်းကြမ်းတာ” လို့ကျွန်တော်တို့ကိုပြောတယ်။ အသင်းတော်တွေဟာ ကြီးမားကျယ်ပြောတဲ့ ကျေးလက်ဒေသတစ်ခွင်မှာ ပြန့်ကျဲနေပြီး တချို့ဆိုရင် ထရပ်ကားနဲ့ပဲ ရောက်နိုင်တယ်။ ကားသမားအတွက် အစားအစာပါမှပဲ သူ့ရဲ့ထရပ်ကားပေါ် တက်ခွင့်ပြုတယ်။ မြင်းစီးရသလိုပဲ ကုန်စည်တွေရဲ့အပေါ်မှာ ခွထိုင်ရပြီး ပစ္စည်းထုပ်တွေကို ချည်ထားတဲ့ သားရေကြိုးတွေကို လက်နှစ်ဖက်စလုံးနဲ့ ဆုပ်ကိုင်ထားရတယ်။ ကားကွေ့တဲ့အခါတိုင်း ပြုတ်ကျမသွားအောင် တင်းတင်းဆုပ်ကိုင်ထားရတယ်၊ မို့မောက်နေတဲ့ကုန်စည်တွေ ယိုင်သွားတဲ့အခါ လျှိုမြောင်ချောက်နက်ကြီးတွေကိုတောင် မြင်ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရောက်လာမှာကို စိတ်ထက်ထက်သန်သန်စောင့်နေကြတဲ့ ညီအစ်ကိုတွေရဲ့ ပျော်ရွှင်နေတဲ့မျက်နှာကိုမြင်ရတဲ့အခါ အဲဒီလို တစ်နေကုန် ခရီးနှင်ပြီး လာရကျိုးနပ်သွားတယ်။

ညီအစ်ကိုတွေရဲ့အိမ်တွေမှာပဲ ကျွန်တော်တို့ တည်းကြတယ်။ သူတို့က အရမ်းဆင်းရဲပေမဲ့ ရက်ရောတယ်။ သီးခြားဒေသတစ်ခုမှာဆိုရင် ညီအစ်ကိုအားလုံးဟာ အသားထုပ်ပိုးတဲ့စက်ရုံမှာ အလုပ်လုပ်ကြတယ်။ လုပ်ခနည်းနည်းပဲရတဲ့အတွက် တစ်နေ့ကို တစ်နပ်ပဲစားနိုင်ကြတယ်။ တစ်ရက်အလုပ်မဆင်းဘူးဆိုရင် လုပ်ခမရဘူး။ ဒါတောင် သူတို့က ကျွန်တော်တို့လည်ပတ်ချိန်တွေအတွင်း အသင်းတော်လုပ်ဆောင်မှုတွေမှာ ထောက်ကူပေးဖို့ အလုပ်ကနေ ခွင့်နှစ်ရက်ယူခဲ့ကြတယ်။ ယေဟောဝါကို သူတို့ယုံကြည်ကိုးစားခဲ့ကြတယ်။ နှိမ့်ချတဲ့ ဒီညီအစ်ကိုတွေက ဘုရားသခင့်နိုင်ငံတော်အတွက် စွန့်လွှတ်မှုတွေပြုလုပ်ဖို့ ကျွန်တော်တို့ကို သင်ပေးခဲ့တယ်၊ အဲဒါကို ကျွန်တော်တို့ ဘယ်တော့မှမေ့မှာမဟုတ်ဘူး။ ဘယ်ကျောင်းကမှ မရနိုင်တဲ့ပညာရေးကို သူတို့ဆီကနေ ရရှိခဲ့တယ်။ နောက်ကြောင်းကို ပြန်စဉ်းစားတဲ့အခါတိုင်း အဲဒီညီအစ်ကိုတွေကို သတိရလို့ ဝမ်းသာမျက်ရည်ဝဲလာတုန်းပဲ။

မမာမကျန်းဖြစ်နေတဲ့ ကျွန်တော့်အမေကို ပြုစုစောင့်ရှောက်ဖို့ ၁၉၇၆ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုကို ပြန်လာကြတယ်။ ဘရာဇီးကိုမခွဲခွာချင်ပေမဲ့ ဒီနိုင်ငံမှာ ကြေညာသူတွေ၊ အသင်းတော်တွေ ထူးထူးခြားခြားတိုးတက်တာကို တွေ့မြင်ရလို့ ပီတိဖြစ်ရပါတယ်။ ဘရာဇီးကနေ စာတွေရောက်လာတဲ့အခါတိုင်း ကျွန်တော်တို့ အဲဒီမှာနေခဲ့တဲ့အချိန်က ပျော်စရာ၊ အမှတ်ရစရာတွေ ပြန်ပေါ်လာတယ်။

ဝမ်းမြောက်ဖွယ်ရာ ပြန်လည်ပေါင်းစည်းမှုများ

အမေ့ကိုပြုစုရင်းနဲ့ ကျွန်တော်တို့ သန့်ရှင်းရေးအလုပ်လုပ်ပြီး ရှေ့ဆောင်လုပ်ကြတယ်။ ၁၉၈၀ ပြည့်နှစ်မှာ အမေဟာ ယေဟောဝါအပေါ်သစ္စာရှိရှိ သေဆုံးသွားတယ်။ အဲဒီနောက် ကျွန်တော်ဟာ အမေရိကန်ပြည်ထောင်စုမှာ တိုက်နယ်တာဝန်ထမ်းဆောင်ဖို့ ဖိတ်ခေါ်ခံရတယ်။ ၁၉၉၀ ပြည့်နှစ်မှာ ကျွန်တော်တို့ဇနီးမောင်နှံက ကော်နက်တီကပ်ပြည်နယ်မှာရှိတဲ့ အသင်းတော်တစ်ခုကိုလည်ပတ်ခဲ့ပြီး အဲဒီမှာ အထူးပုဂ္ဂိုလ်တစ်ဦးနဲ့ ဆုံတွေ့ခဲ့ရတယ်။ အသင်းတော်အကြီးအကဲတွေထဲက တစ်ယောက်ကတော့ ဘင်ပါပဲ။ လွန်ခဲ့တဲ့အနှစ် ၅၀ လောက်တုန်းက ကျွန်တော် ယေဟောဝါဘက်ရပ်တည်အောင် အကူအညီပေးခဲ့တဲ့သူပါ။ ကျွန်တော်တို့ပွေ့ဖက်နှုတ်ဆက်တဲ့အခါ ကျွန်တော်တို့ရဲ့ရွှင်လန်းမှုကို မြင်ယောင်ကြည့်ပါ။

၁၉၉၆ ခုနှစ်ကစပြီး အီဗလီန်နဲ့ ကျွန်တော်ဟာ နယူးဂျာစီပြည်နယ်၊ အဲလစ်ဇဘက်မြို့က ပေါ်တူဂီဘာသာစကားပြောအသင်းတော်မှာ အိုမင်းမစွမ်း အထူးရှေ့ဆောင်တွေအဖြစ် အမှုဆောင်ခဲ့တယ်။ ကျွန်တော့်မှာ ကျန်းမာရေးပြဿနာတွေရှိပေမဲ့လည်း ကျွန်တော့်ချစ်ဇနီးရဲ့ ထောက်မမှုကြောင့် တတ်နိုင်သလောက် ခရစ်ယာန်ဓမ္မအမှုမှာပါဝင်တယ်။ အီဗလီန်ဟာ ခွန်အားနည်းနေတဲ့ သက်ကြီးအိမ်နီးချင်းတစ်ဦးကိုလည်း ကူညီပေးတယ်။ သူဘယ်သူလဲ သိလား။ လွန်ခဲ့တဲ့အနှစ် ၇၀ ကျော်တုန်းက အမေ့ကို ယေဟောဝါရဲ့ကျေးကျွန်တစ်ဦးဖြစ်အောင် ကူညီပေးခဲ့တဲ့ ဗာသာရ်ပါ။ ကျွန်တော်တို့မိသားစုကို အမှန်တရားသိရှိလာအောင် ကူညီပေးခဲ့တာအားလုံးကို ကျေးဇူးတင်ကြောင်းဖော်ပြနိုင်တဲ့ အခွင့်အရေးအတွက် ကျွန်တော်တို့ဝမ်းသာကြတယ်။

မှန်တဲ့ဝတ်ပြုရေးဘက်ရပ်တည်ဖို့၊ အသက်တာကိုရိုးရှင်းစေဖို့နဲ့ ခရစ်ယာန်ဓမ္မအမှုကိုတိုးချဲ့ဖို့ လှုံ့ဆော်ပေးခဲ့တဲ့ အဲဒီအစောပိုင်း စည်းဝေးကြီးတွေအတွက် ကျွန်တော်ကျေးဇူးတင်တယ်။ ဟုတ်ပါတယ်၊  အဲဒီစည်းဝေးကြီးတွေက ကျွန်တော့်ရဲ့အသက်တာလမ်းစဉ်ကို ပုံသွင်းပေးခဲ့တာပါ။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

အီဗလီန်ရဲ့အမေ (ဘယ်) နဲ့ ကျွန်တော့်အမေ

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ကျွန်တော့်သူငယ်ချင်းဘင်

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ဘရာဇီးမှာရှိစဉ်

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ကနေ့ အီဗလီန်နဲ့အတူ