မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

နယပုံပြင် ၂၄:၂၇ သည် အဘယ်သင်ခန်းစာပေးသနည်း။

လူငယ်တစ်ဦးကိုအကြံပေးရာတွင် ကျမ်းရေးသူတစ်ဦး ဤသို့ပြောသည်– “ပြင်အရပ်မှာ သင်၏အလုပ်ကိုပြင်လော့။ လယ်တော၌ ကိုယ်အဖို့ပြင်ဆင်လော့။ နောက်မှ သင်၏နေရာအိမ်ကို  ဆောက်လော့။”  စွမ်းအားတော်လမ်းညွှန်မှုဖြင့်ရေးထားသော ဤပညာရှိစကားက အဘယ်အချက်ကို ဖော်ပြသနည်း။ အမျိုးသားတစ်ဦးသည် အိမ်ထောင်ပြုခြင်း၊ ကိုယ်ပိုင်မိသားစုစတင်ထူထောင်ခြင်းနှင့်ဒွန်တွဲနေသည့် တာဝန်ဝတ္တရားများကို အသိအမှတ်ပြုလျက် အိမ်ထောင်မပြုမီ ကောင်းစွာပြင်ဆင်သင့်သည်။

ခင်ပွန်းနှင့်ဖခင်တစ်ဦးသည် လောကအလုပ်ကို လုပ်ဆောင်ရမည်သာမက ဘုရားသခင်နှင့်သမ္မာကျမ်းစာအကြောင်း သွန်သင်ပေးခြင်းဖြင့် မိသားစုကို အားပေးတည်ဆောက်ရမည်ဟူသော အဓိပ္ပာယ်ဖြင့် ဤအခန်းငယ်ကို ယခင်က ရှင်းပြခဲ့သည်။ ယင်းယူဆချက်သည် မှန်ကန်ပြီး ကျမ်းစာနှင့်ညီသော်လည်း ဤကျမ်းချက်၏ အဓိကအချက် ဖြစ်ပုံမရပေ။ အဘယ်ကြောင့်နည်း။ အချက်နှစ်ချက်ကို သုံးသပ်ကြည့်ပါ။

ဦးစွာ၊ ထိုကျမ်းချက်သည် လက်ရှိမိသားစုတစ်စုကို အားပေးတည်ဆောက်ခြင်းအကြောင်း ပြောနေခြင်းမဟုတ်ပါ။ ယင်းအစား ပကတိအိမ်တစ်လုံးဆောက်လုပ်ခြင်းကို ဆိုလိုသည်။ “ဆောက်လော့”  ဟူသောစကားလုံးသည် ပုံဆောင်ချက်လည်း ဖြစ်နိုင်သည်၊ အိမ်ထောင်တစ်ခုကို တည်ထောင်ခြင်း သို့မဟုတ် အိမ်ထောင်သားမွေးခြင်းကိုလည်း ဆိုလိုနိုင်သည်။

ဒုတိယ၊ ထိုကျမ်းချက်သည် အရာရာကို အစီအစဉ်တကျလုပ်ဆောင်ရန် အလေးပေးခြင်းဖြစ်သည်၊ ပြောရလျှင် “အရင်ဆုံး ဒါလုပ်၊ ပြီးမှ ဟိုဟာလုပ်” ဟုဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် ပညာရှိစကားက ဘုရားသခင်ပေးသောတာဝန်များကို မလုပ်ဆောင်မီ လောကတာဝန်များကို လုပ်ဆောင်ဖို့ အကြံပြုနေခြင်းဖြစ်နိုင်သလော။ လုံးဝမဟုတ်ပါ။

ကျမ်းစာခေတ်တွင် အမျိုးသားတစ်ဦး “[သူ၏] အိမ်ကိုဆောက်” လိုပါက သို့မဟုတ် အိမ်ထောင်ပြုခြင်းအားဖြင့် မိသားစုထူထောင်လိုပါက မိမိကိုယ်ကို ဤသို့မေးရန် လိုသည်– ‘ဇနီးသည်နဲ့ နောက်ပိုင်းရလာနိုင်တဲ့သားသမီးတွေကို ပြုစုထောက်ပံ့ဖို့ ငါအသင့်ရှိပြီလား။’ သူသည် မိသားစုဘဝမစတင်မီ မိမိ၏လယ် သို့မဟုတ် သီးနှံများကိုပြုစုစောင့်ရှောက်သည့် အလုပ်,လုပ်ရန်ဖြစ်သည်။ ထို့ကြောင့် ထိုကျမ်းချက်ကို ခေတ်သုံး မြန်မာသမ္မာကျမ်းစာတွင် ရှင်းရှင်းလင်းလင်းတိုက်ရိုက် ဤသို့ဖော်ပြသည်– “သင်သည် မိမိလုပ်ကိုင်ရန် လယ်ယာများအသင့်ရှိ၍ အသက်မွေးဝမ်းကျောင်းနိုင်ရန် သေချာပြီးမှ အိုးအိမ်ထောင်လော့။” အလားတူမူသည် ယနေ့သက်ဆိုင်ပါသလော။

သက်ဆိုင်ပါသည်။ အိမ်ထောင်ပြုလိုသောအမျိုးသားတစ်ဦးသည် ထိုတာဝန်အတွက် ကောင်းစွာပြင်ဆင်ဖို့လိုသည်။ သူသည် ကျန်းမာနေသရွေ့ အလုပ်,လုပ်ရမည်။ အမှန်မှာ၊ အမျိုးသားတစ်ဦးသည် မိသားစုကိုပြုစုစောင့်ရှောက်ရာတွင် ရုပ်ပိုင်းပစ္စည်းထောက်ပံ့ရန် ကြိုးစားရုံဖြင့် မလုံလောက်ပေ။ လူတစ်ဦးသည် မိသားစုလိုအပ်ရာဖြစ်သော ကာယရေး၊ စိတ်ဓာတ်ရေးနှင့် ဝတ်ပြုရေးတို့ကို မကြည့်ရှုမစောင့်ရှောက်ပါက ယုံကြည်ခြင်းတရားမရှိသူထက်ပင် သာ၍ဆိုးကြောင်း ကျမ်းစာတွင် ဖော်ပြသည်။ (၁ တိ. ၅:၈) အိမ်ထောင်ပြုရန်နှင့် မိသားစုဘဝထူထောင်ရန် ပြင်ဆင်နေသော လူငယ်တစ်ဦးသည် မိမိကိုယ်ကို ဤသို့မေးသင့်သည်– ‘မိသားစုရဲ့ရုပ်ပိုင်းလိုအပ်ရာကို ထောက်မဖို့ ငါ ပြင်ဆင်ပြီပြီးလား။ မိသားစုရဲ့ဝတ်ပြုရေးကို ဦးဆောင်ဖို့ အသင့်ဖြစ်ပြီလား။ ဇနီး၊ သားသမီးတွေနဲ့ မှန်မှန်ကျမ်းစာလေ့လာရမယ်ဆိုတဲ့တာဝန်ကို ကျေပွန်နိုင်မလား။’ သမ္မာကျမ်းစာက ဤအရေးကြီးသောတာဝန်များကို အမှန်ပင်အလေးပေးဖော်ပြထားသည်။—တရား. ၆:၆-၈; ဧ. ၆:၄

ထို့ကြောင့် အိမ်ထောင်ပြုရန်စိတ်ကူးနေသော လူငယ်သည် နယပုံပြင် ၂၄:၂၇ တွင်တွေ့ရသည့်မူကို အလေးအနက်စဉ်းစားသင့်သည်။ အလားတူ၊ အမျိုးသမီးငယ်တစ်ဦးသည် ဇနီး၊ မိခင်တစ်ဦး၏တာဝန်များကို ထမ်းဆောင်ဖို့ ပြင်ဆင်ပြီးပြီလောဟု မိမိကိုယ်ကိုမေးသင့်သည်။ ငယ်ရွယ်သောမောင်နှံစုံသည် သားသမီးယူဖို့ စဉ်းစားသည့်အခါ မိမိတို့ကိုယ်ကို အလားတူမေးခွန်းများ မေးနိုင်သည်။ (လု. ၁၄:၂၈) ထိုလမ်းညွှန်မှုကို လိုက်နာခြင်းဖြင့် ဘုရားသခင့်လူမျိုးသည် ကြေကွဲမှုများစွာကို ရှောင်နိုင်ပြီး မိသားစုဘဝ၏ဆုကျေးဇူးကို ပျော်မွေ့နိုင်ပါသည်။

[စာမျက်နှာ ၁၂ ပါ ပုံစာ]

လူငယ်တစ်ဦးသည် အိမ်ထောင်ပြုခြင်းနှင့် ပတ်သက်၍ မိမိကိုယ်ကို အဘယ်မေးခွန်းများ မေးသင့်သနည်း