မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“စွမ်းအားတော်ဖြင့် စိတ်ထက်သန်ကြလော့”

“စွမ်းအားတော်ဖြင့် စိတ်ထက်သန်ကြလော့”

“စွမ်းအားတော်ဖြင့် စိတ်ထက်သန်ကြလော့”

“သင်တို့၏လုပ်ငန်းဆောင်တာများတွင် ရေသာမခိုကြနှင့်။ စွမ်းအားတော်ဖြင့် စိတ်ထက်သန်ကြလော့။ ယေဟောဝါဘုရားကို အစေခံကြလော့။”—ရော. ၁၂:၁၁

၁။ တိရစ္ဆာန်ပူဇော်ရာယဇ်တွေနဲ့ တခြားပူဇော်ရာတွေကို အစ္စရေးလူတွေ ဘာကြောင့်ပူဇော်ခဲ့သလဲ။

ယေဟောဝါသည်ကိုယ်တော်၏ကျေးကျွန်များ ကိုယ်တော်ကိုချစ်မြတ်နိုးကြောင်း၊ အလိုတော်ကိုလက်အောက်ခံကြောင်း တင်ပြရန် တလိုတလားပူဇော်သောယဇ်များကို တန်ဖိုးထားတော်မူ၏။ ရှေးအချိန်က ကိုယ်တော်သည် တိရစ္ဆာန်ပူဇော်ရာယဇ်များနှင့် အခြားပူဇော်ရာအမျိုးမျိုးကို လက်ခံခဲ့သည်။ အစ္စရေးလူတို့သည် အပြစ်များခွင့်လွှတ်ခံရရန်နှင့် ကျေးဇူးတော်ချီးမွမ်းရန် မောရှေပညတ်အရ ထိုသို့ပူဇော်ကြသည်။ ခရစ်ယာန်အသင်းတော်တွင် ထိုသို့သောယဇ်များကိုပူဇော်ရန် ယေဟောဝါ မတောင်းဆိုတော့ပါ။ သို့သော် ရောမမြို့ရှိခရစ်ယာန်များထံ တမန်တော်ပေါလုရေးသောစာ၏အခန်းကြီး ၁၂ တွင် ဘုရားသခင်သည် ကျွန်ုပ်တို့ထံမှ ပူဇော်ရာယဇ်များမျှော်လင့်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းကို သုံးသပ်ကြည့်ကြစို့။

အသက်ရှင်သောယဇ်

၂။ ခရစ်ယာန်တွေအနေနဲ့ ကျွန်ုပ်တို့က ဘယ်လိုအသက်တာမျိုးနဲ့ အသက်ရှင်ကြသလဲ၊ အဲဒီလိုအသက်ရှင်ရာမှာ ဘာတွေပါဝင်သလဲ။

ရောမ ၁၂:၁၊ ၂ ကိုဖတ်ပါ။ ဘိသိက်ခံခရစ်ယာန်များသည် ဂျူးလူမျိုးဖြစ်စေ၊ လူမျိုးခြားဖြစ်စေ အကျင့်အားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်ရာသို့ရောက်ကြကြောင်း ပေါလုက သူ၏စာအစပိုင်းတွင် ရှင်းလင်းစွာဖော်ပြခဲ့သည်။ (ရော. ၁:၁၆; ၃:၂၀-၂၄) အခန်းကြီး ၁၂ တွင် ပေါလုက ခရစ်ယာန်များသည် မိမိတို့အသက်တာကို ယဇ်အဖြစ်ပေးဆက်ခြင်းဖြင့် မိမိတို့၏ကျေးဇူးတင်မှုကို တင်ပြသင့်ကြောင်း ရှင်းပြ၏။ ယင်းသို့ပြုနိုင်ရန် ကျွန်ုပ်တို့၏စိတ်သဘောကို ပြုပြင်ပြောင်းလဲကြရမည်။ မစုံလင်မှုကိုအမွေရထားသောကြောင့် ကျွန်ုပ်တို့သည် “အပြစ်တရားနှင့်သေခြင်းတရား” အောက်တွင် ရှိကြသည်။ (ရော. ၈:၂) ထို့ကြောင့် ကျွန်ုပ်တို့၏စိတ်သဘောကို လုံးလုံးပြောင်းလဲခြင်းဖြင့် “[ကျွန်ုပ်တို့၏] စိတ်ကိုစေ့ဆော်ပေးသောအစွမ်းကို အသစ်ပြုပြင်” ဖို့လိုသည်။ (ဧ. ၄:၂၃၊ အောက်ခြေမှတ်ချက်) ဘုရားသခင်နှင့် ကိုယ်တော့်စွမ်းအားတော် အကူအညီဖြင့်သာ ထိုသို့လုံးလုံးပြောင်းလဲနိုင်မည်။ ကျွန်ုပ်တို့၏ “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကိုအသုံးပြုကာ ကျွန်ုပ်တို့ဘက်မှ စိတ်ပိုင်းဖြတ်၍ ကြိုးစားအားထုတ်ဖို့လည်းလိုသည်။ ယင်းသည် “လောကစနစ်၏ပုံစံ” နှင့် ယင်း၏ယိုယွင်းသောကိုယ်ကျင့်တရား၊ ယုတ်ညံ့သည့်အပန်းဖြေမှု၊ မှားယွင်းသောအတွေးအခေါ်များနောက် “မလိုက်ကြ” ရန် အစွမ်းကုန်လုပ်ဆောင်ခြင်းကို ဆိုလိုသည်။—ဧ. ၂:၁-၃

၃။ ခရစ်ယာန်လုပ်ဆောင်မှုတွေမှာ ကျွန်ုပ်တို့ ဘာကြောင့်ပါဝင်ကြသလဲ။

“ဘုရားသခင့်အလိုတော်အတိုင်း ကောင်းမြတ်တော်မူသောအရာ၊ လက်ခံတော်မူဖွယ်သောအရာ၊ စုံလင်တော်မူသောအရာ” တို့ကိုသိမှတ်နိုင်ရန် “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကိုအသုံးပြုဖို့လည်း ကျွန်ုပ်တို့ကို ပေါလုဖိတ်ခေါ်ထားသည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုခြင်း၊ ဖတ်ရှုရာကို တွေးတောဆင်ခြင်ခြင်း၊ ဆုတောင်းခြင်း၊ ခရစ်ယာန်အစည်းအဝေးများ တက်ရောက်ခြင်း၊ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းတို့ကို အဘယ်ကြောင့် လုပ်ဆောင်ကြသနည်း။ အသင်းတော်အကြီးအကဲများက တိုက်တွန်းခြင်းကြောင့်လော။ အကြီးအကဲများ၏ အထောက်အကူပြုသော သတိပေးနှိုးဆော်ချက်များအတွက် ကျွန်ုပ်တို့ကျေးဇူးတင်ကြသည်မှာ မှန်ပါသည်။ သို့သော် ခရစ်ယာန်လုပ်ဆောင်မှုများတွင် ကျွန်ုပ်တို့ပါဝင်ခြင်းမှာ ယေဟောဝါအား ကျွန်ုပ်တို့၏နှလုံးအကြွင်းမဲ့ချစ်မြတ်နိုးမှုကို တင်ပြရန် ဘုရားသခင့်စွမ်းအားတော်၏ လှုံ့ဆော်မှုခံရသောကြောင့်ဖြစ်သည်။ ထို့ပြင် ထိုသို့လုပ်ဆောင်ရန် ဘုရားသခင်အလိုတော်ရှိကြောင်း ကျွန်ုပ်တို့ကိုယ်တိုင် ယုံကြည်စိတ်ချသောကြောင့်ဖြစ်သည်။ (ဇာ. ၄:၆; ဧ. ၅:၁၀) ယင်းသို့ပြုခြင်းဖြင့် ကျွန်ုပ်တို့သည် ခရစ်ယာန်စစ်တစ်ဦး၏ အသက်တာဖြင့် အသက်ရှင်နေကြောင်းသိရှိရ၍ ရွှင်လန်းမှုနှင့် စိတ်ကျေနပ်မှုများစွာ ခံစားရပြီး ဘုရားသခင်၏ နှစ်သက်လက်ခံမှု ရရှိနိုင်ကြသည်။

ဆုကျေးဇူးအမျိုးမျိုး

၄၊ ၅။ ခရစ်ယာန်အကြီးအကဲတွေက သူတို့ရဲ့ဆုကျေးဇူးတွေကို ဘယ်လိုအသုံးပြုသင့်သလဲ။

ရောမ ၁၂:၆-၈၊ ၁၁ ကိုဖတ်ပါ။ ‘ပေးသနားတော်မူသော မဟာကြင်နာမှုအတိုင်း ငါတို့သည် ခြားနားသောဆုတော်များကိုရကြ’ သည်ဟု ပေါလုရှင်းပြသည်။ ပေါလုဖော်ပြသော နှိုးဆော်ခြင်း၊ ဦးစီးခြင်းနှင့်ဆိုင်သည့် ဆုကျေးဇူးအချို့သည် “ဝီရိယရှိစွာ” ဦးစီးရန် တိုက်တွန်းခံရသူ ခရစ်ယာန်အကြီးအကဲများနှင့် အထူးသဖြင့်သက်ဆိုင်သည်။

ကြီးကြပ်မှူးများသည် သွန်သင်ပေးသူများအနေနှင့် “အမှုတော်” ဆောင်ရွက်ရာတွင် ဝီရိယရှိစွာလုပ်ဆောင်သင့်ကြောင်း ပေါလုဖော်ပြသည်။ အထက်အောက်စကားအရ ဤတွင်ပေါလုဖော်ပြနေသည်မှာ “ခန္ဓာကိုယ်တစ်ခု” သို့မဟုတ် အသင်းတော်အတွင်း လုပ်ဆောင်နေသော “အမှုတော်” ကို ရည်ညွှန်းနေပုံရသည်။ (ရော. ၁၂:၄၊ ၅) ယင်းအမှုတော်မှာ တမန်တော် ၆:၄ တွင်ပါသော အမှုတော်နှင့် ဆင်တူသည်။ ထိုကျမ်းချက်တွင် တမန်တော်များက ‘ငါတို့မူကား ဆုတောင်းခြင်းနှင့် နှုတ်ထွက်စကားတော် ဟောပြောခြင်း အမှုတော်များ၌သာ မြဲမြံစွာဆောင်ရွက်ကြမည်’ ဟုပြောဆို၏။ (ကက်သလစ်ကျမ်းစာတော်မြတ်) ယင်းအမှုတော်တွင် အဘယ်အရာပါဝင်သနည်း။ ခရစ်ယာန်အကြီးအကဲများသည် မိမိတို့၏ဆုကျေးဇူးများကို အသင်းတော်သားများအား တည်ဆောက်ရန် အသုံးပြုကြသည်။ သူတို့သည် ဆုတောင်း၍ လေ့လာ၊ သုတေသနပြု၊ သွန်သင်၊ ထိန်းကျောင်းခြင်းတို့ဖြင့် သမ္မာကျမ်းစာမှ လမ်းညွှန်ချက်၊ ညွှန်ကြားချက်တို့ကို စိတ်အားထက်သန်စွာပေးသည့်အခါ ‘ထိုအမှုတော်ကိုဆောင်ရွက်’ ကြောင်း တင်ပြကြခြင်းဖြစ်သည်။ ကြီးကြပ်မှူးများသည် မိမိတို့၏ဆုကျေးဇူးများကို အသိစိတ်ရှိရှိအသုံးပြုပြီး သိုးတော်စုကို ဝမ်းမြောက်စွာ စောင့်ရှောက်သင့်သည်။—ရော. ၁၂:၇၊ ၈; ၁ ပေ. ၅:၁-၃

၆။ ဒီဆောင်းပါးရဲ့ အဓိကကျမ်းချက်ဖြစ်တဲ့ ရောမ ၁၂:၁၁ မှာပါတဲ့ ဆုံးမစကားကို ကျွန်ုပ်တို့ ဘယ်လိုလိုက်လျှောက်နိုင်သလဲ။

ပေါလု ဤသို့ ဆက်ဆို၏– “သင်တို့၏လုပ်ငန်းဆောင်တာများတွင် ရေသာမခိုကြနှင့်။ စွမ်းအားတော်ဖြင့် စိတ်ထက်သန်ကြလော့။ ယေဟောဝါဘုရားကို အစေခံကြလော့။” အမှုတော်တွင် စိတ်ထက်သန်မှုမရှိကြောင်း တွေ့မြင်ရပါက ကျွန်ုပ်တို့၏လေ့လာမှုပြုပုံကို ပြုပြင်ဖို့လိုသည်၊ ထို့ပြင် စိတ်မပါ့တပါဖြစ်မှုကို တွန်းလှန်ရာတွင်နှင့် ပို၍ဇွဲထက်သန်လာအောင် လုပ်ဆောင်ရာတွင် အထောက်အကူပြုနိုင်သည့် ယေဟောဝါ၏စွမ်းအားတော်ပေးရန် ပို၍ထက်ထက်သန်သန်၊ မကြာခဏ ဆုတောင်းဖို့လိုပေမည်။ (လု. ၁၁:၉၊ ၁၃; ဗျာ. ၂:၄; ၃:၁၄၊ ၁၅၊ ၁၉) သန့်ရှင်းသောစွမ်းအားတော်သည် “ဘုရားသခင်၏အံ့ဖွယ်အမှုများ” အကြောင်းပြောရန် ကနဦးခရစ်ယာန်များကို လှုံ့ဆော်ပေးခဲ့သည်။ (တ. ၂:၄၊ ၁၁) အလားတူ၊ စွမ်းအားတော်သည် အမှုတော်တွင် ဇွဲထက်သန်ရန်၊ “စွမ်းအားတော်ဖြင့် စိတ်ထက်သန်” ရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးနိုင်သည်။

နှိမ့်ချမှုနှင့် ကျိုးနွံမှု

၇။ ကျွန်ုပ်တို့ဟာ နှိမ့်ချမှု၊ ကျိုးနွံမှုနဲ့ ဘာကြောင့်အမှုဆောင်သင့်သလဲ။

ရောမ ၁၂:၃၊ ၁၆ ကိုဖတ်ပါ။ ကျွန်ုပ်တို့ရရှိထားနိုင်သည့် ဆုကျေးဇူးများသည် ယေဟောဝါ၏ ‘မဟာကြင်နာမှု’ ကြောင့်ဖြစ်သည်။ “ငါတို့သည် ဘုရားသခင်ကြောင့်သာ အရည်အချင်း ပြည့်မီကြခြင်းဖြစ်၏” ဟုပေါလုဆိုသည်။ (၂ ကော. ၃:၅) ထို့ကြောင့် ကျွန်ုပ်တို့သည် မိမိကိုယ်ကို ဂုဏ်မတင်သင့်ပါ။ အမှုတော်တွင်ရရှိနိုင်သည့် မည်သည့်အောင်မြင်မှုမဆိုသည် ကျွန်ုပ်တို့၏အစွမ်းအစကြောင့်မဟုတ်ဘဲ ဘုရားသခင့်ကောင်းချီးကြောင့်ဖြစ်ကြောင်း နှိမ့်ချစွာအသိအမှတ်ပြုသင့်သည်။ (၁ ကော. ၃:၆၊ ၇) ယင်းနှင့်အညီ ပေါလုဤသို့ဆို၏– “သင်တို့သည် ကိုယ်ကိုထင်သင့်သည်ထက် လွန်၍မထင် . . . ကြရန် . . . သင်တို့တွင် ရှိသမျှသောသူတို့ကို မှာထား၏။” ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းတွင် မိမိကိုယ်ကိုလေးစားမှု၊ ရွှင်လန်းမှုနှင့် စိတ်ကျေနပ်မှုရှိဖို့လိုသည်။ သို့သော် ကျိုးနွံမှုရှိခြင်း သို့မဟုတ် မိမိ၏အကန့်အသတ်ဖြစ်မှုကို သိရှိခြင်းသည် တစ်ယူသန်သူမဖြစ်လာစေရန် တားဆီးပေးမည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် “သင့်လျော်စွာထင်ကြရန်” အလိုရှိသည်။

၈။ ကိုယ့်ကိုယ်ကိုယ် “သတိပညာရှိ” သူလို့ ထင်မှတ်ခြင်းကို ဘယ်လိုရှောင်နိုင်သလဲ။

ကျွန်ုပ်တို့၏ အောင်မြင်ပြီးမြောက်မှုများကို ကြွားဝါခြင်းသည် မိုက်မဲရာရောက်ပေမည်။ “ကြီးထွားစေတော်မူသော ဘုရားသခင်သာလျှင် အရေးပါတော်မူ၏။” (၁ ကော. ၃:၇) ဘုရားသခင်သည် အသင်းတော်ရှိအသင်းသားတစ်ဦးစီ၏ “ယုံကြည်ခြင်းပမာဏအတိုင်း” ဝေမျှတော်မူသည်ဟု ပေါလုဖော်ပြသည်။ မိမိသည် ပိုသာသည်ဟု ယူမှတ်မည့်အစား အခြားသူတို့သည် သူတို့၏ယုံကြည်ခြင်းပမာဏအတိုင်း အောင်မြင်ပြီးမြောက်နေကြသည်ဟု ယူမှတ်သင့်သည်။ “မိမိအပေါ် မိမိထားသည့် စိတ်သဘောမျိုးကို သူတစ်ပါးအပေါ် ထားရှိကြလော့” ဟုပေါလုထပ်၍ဆိုသည်။ တမန်တော်က သူ၏နောက်စာတစ်စောင်တွင် ကျွန်ုပ်တို့ကို ဤသို့ဆို၏– “ဂုဏ်ပြိုင်လိုသောစိတ်ဖြင့်လည်းကောင်း၊ အတ္တစိတ်ဖြင့်လည်းကောင်း မည်သည့်အမှုကိုမျှ မပြုကြနှင့်။ သူတစ်ပါးသည် မိမိထက်သာလွန်သည်ဟု နှိမ့်ချသောစိတ်နှင့် ယူမှတ်ကြလော့။” (ဖိ. ၂:၃) ကျွန်ုပ်တို့၏ ညီအစ်ကိုညီအစ်မတစ်ဦးစီသည် တစ်နည်းနည်းဖြင့် ကျွန်ုပ်တို့ထက်သာလွန်သည်ဟုယူမှတ်ရန် စစ်မှန်သောနှိမ့်ချမှု၊ အသိစိတ်ဖြင့်ကြိုးစားအားထုတ်မှု လိုသည်။ နှိမ့်ချစိတ်က မိမိကိုယ်ကို “သတိပညာရှိသည်” ဟုမထင်မှတ်စေရန် တားဆီးပေးမည်။ အချို့သည် အသင်းတော်အတွင်းရှိ အထူးတာဝန်များကို အာရုံစိုက်နေမည်ဖြစ်သော်လည်း ကျွန်ုပ်တို့အားလုံးသည် များသောအားဖြင့် လူတို့သတိမပြုမိသော နိမ့်ကျသည့်တာဝန်များကို ပြီးမြောက်အောင်ဆောင်ရွက်ခြင်းမှ အလွန်ရွှင်လန်းမှုခံစားကြရပေမည်။—၁ ပေ. ၅:၅

ကျွန်ုပ်တို့၏ ခရစ်ယာန်စည်းလုံးမှု

၉။ ပေါလုက ဘာကြောင့် စွမ်းအားတော်နဲ့ဘိသိက်ပေးခံရတဲ့ ခရစ်ယာန်တွေကို ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ နှိုင်းယှဉ်ခဲ့သလဲ။

ရောမ ၁၂:၄၊ ၅၊ ၉၊ ၁၀ ကိုဖတ်ပါ။ ပေါလုက ဘိသိက်ပေးခံရသောခရစ်ယာန်များကို ဦးခေါင်းဖြစ်သောခရစ်တော်နှင့် တစည်းတလုံးတည်းလုပ်ဆောင်နေသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် နှိုင်းယှဉ်ခဲ့သည်။ (ကော. ၁:၁၈) ခန္ဓာကိုယ်တစ်ခုတည်း၌ ကိုယ်အင်္ဂါအများရှိ၍ ထိုအင်္ဂါအစိတ်အပိုင်းများသည် အလုပ်တာဝန်ချင်းမတူသကဲ့သို့ စွမ်းအားတော်ဖြင့်ဘိသိက်ပေးခံရသော ခရစ်ယာန်များသည် “လူအများဖြစ်သော်လည်း ခရစ်တော်၌ ခန္ဓာကိုယ်တစ်ခုတည်းဖြစ်” ကြောင်း ပေါလုသတိပေးသည်။ အလားတူပင် ဧဖက်မြို့ရှိ ဘိသိက်ပေးခံရသောခရစ်ယာန်များကို ပေါလုဤသို့တိုက်တွန်းခဲ့၏– “ငါတို့သည် . . . ဦးခေါင်းဖြစ်သောခရစ်တော်တွင် အရာရာ၌ ချစ်ခြင်းမေတ္တာအားဖြင့် ကြီးပွားကြစို့။ ကိုယ်တော်အားဖြင့် ခန္ဓာကိုယ်တစ်ခုလုံး၏ အဆစ်အပိုင်းများသည် လိုက်ဖက်စွာ စေ့စပ်ပေါင်းစည်းလျက် ပူးပေါင်းဆောင်ရွက်ကြ၏။ ကိုယ်အင်္ဂါအသီးသီးတို့သည် လိုအပ်သလို လှုပ်ရှားဆောင်ရွက်ခြင်းဖြင့် ခန္ဓာကိုယ်တစ်ခုလုံးကို ချစ်ခြင်းမေတ္တာ၌ တည်ဆောက်၍ ကြီးထွားလာစေ၏။”—ဧ. ၄:၁၅၊ ၁၆

၁၀။ “အခြားသိုးများ” ဟာ ဘယ်အခွင့်အာဏာကို အသိအမှတ်ပြုသင့်သလဲ။

၁၀ ခရစ်တော်၏ခန္ဓာကိုယ်တွင် “အခြားသိုးများ” မပါဝင်သော်လည်း သူတို့သည် ယင်းနှိုင်းယှဉ်ချက်မှ များစွာသင်ယူနိုင်ပါသည်။ (ယော. ၁၀:၁၆) ယေဟောဝါသည် “အရာခပ်သိမ်းကို ခရစ်တော်၏ခြေအောက်တွင် ချထားပြီး အသင်းတော်အတွက် ကိုယ်တော်အား အရာခပ်သိမ်းအပေါ် ဦးခေါင်းဖြစ်စေတော်မူ၏” ဟုပေါလုဖော်ပြသည်။ (ဧ. ၁:၂၂) ယနေ့၊ ယေဟောဝါသည် သားတော်၏ဦးဆောင်မှုအောက်၌ “အရာခပ်သိမ်း” ကိုချထားပြီး ယင်းတွင် အခြားသိုးများ ပါဝင်သည်။ သူတို့သည် “သစ္စာနှင့်သတိပညာရှိသောကျွန်” အား ခရစ်တော်အပ်နှံထားသည့် “ဥစ္စာ” များအဝင်လည်း ဖြစ်ကြသည်။ (မ. ၂၄:၄၅-၄၇) ထို့ကြောင့် မြေကြီးမျှော်လင့်ချက်ရှိသော ထိုသူတို့သည် ခရစ်တော်ကို မိမိတို့၏ဦးခေါင်းအဖြစ် အသိအမှတ်ပြုပြီး သစ္စာနှင့်သတိပညာရှိသောကျွန်၊ ၎င်း၏အုပ်ချုပ်ရေးအဖွဲ့နှင့် အသင်းတော်တွင် ကြီးကြပ်မှူးများအဖြစ် ခန့်အပ်ခံရသောအမျိုးသားများကို လက်အောက်ခံသင့်သည်။ (ဟေဗြဲ ၁၃:၇၊ ၁၇) ယင်းက ခရစ်ယာန်စည်းလုံးမှုကို ဖြစ်စေသည်။

၁၁။ ကျွန်ုပ်တို့ရဲ့စည်းလုံးမှုက ဘယ်အရာအပေါ် အခြေခံသလဲ၊ ဘယ်ဆုံးမစကားကို ပေါလုဆက်ပြောခဲ့သလဲ။

၁၁ ယင်းစည်းလုံးမှုသည် “စည်းလုံးခြင်းအတွက် ခိုင်မြဲသောနှောင်ကြိုး” ဖြစ်သည့် မေတ္တာအပေါ် အခြေခံသည်။ (ကော. ၃:၁၄) ယင်းကို ရောမအခန်းကြီး ၁၂ တွင် ပေါလုအလေးပေးဖော်ပြသည်၊ ကျွန်ုပ်တို့၏မေတ္တာသည် “ဟန်ဆောင်မှုကင်း” သင့်ပြီး “ညီရင်းအစ်ကိုကဲ့သို့ချစ်ခြင်းဖြင့် အချင်းချင်းချစ်ခင်စုံမက်” သင့်ကြောင်း ဆိုထား၏။ ယင်းက တစ်ဦးကိုတစ်ဦး လေးစားမှုရှိစေသည်။ “အချင်းချင်း ဂုဏ်တင်ရာတွင် ဦးဆောင်ကြလော့” ဟုတမန်တော်ကဖော်ပြသည်။ ကျွန်ုပ်တို့သည် ဤချစ်ခြင်းမေတ္တာကို စိတ်ကူးယဉ်အချစ်နှင့် မရောထွေးသင့်ပါ။ ကျွန်ုပ်တို့သည် အသင်းတော်သန့်ရှင်းမှုကို ထိန်းသိမ်းရန် အတတ်နိုင်ဆုံး လုပ်ဆောင်သင့်သည်။ မေတ္တာနှင့်ပတ်သက်၍ ဆုံးမသွန်သင်စဉ် ပေါလုဤသို့ဆက်ပြော၏– “ဆိုးညစ်သောအရာကို စက်ဆုပ်ရွံရှာကြလော့။ ကောင်းသောအရာကို မှီဝဲဆည်းကပ်ကြလော့။”

ဧည့်ဝတ်ပြုခြင်း

၁၂။ ဧည့်ဝတ်ပြုခြင်းနဲ့ပတ်သက်ပြီး ရှေးမက်ဆီဒိုးနီးယားမှာရှိတဲ့ ခရစ်ယာန်တွေဆီက ဘာသင်ယူနိုင်သလဲ။

၁၂ ရောမ ၁၂:၁၃ ကိုဖတ်ပါ။ ကျွန်ုပ်တို့ညီအစ်ကိုများကိုချစ်ခြင်းက “သန့်ရှင်းသူတို့ကို လိုအပ်သည့်အတိုင်း၊” ကျွန်ုပ်တို့တတ်နိုင်သလောက် “ဝေမျှ” ရန်လှုံ့ဆော်မည်။ ကျွန်ုပ်တို့တွင် လောကရုပ်ပစ္စည်း အနည်းငယ်သာရှိလျှင်ပင် ကျွန်ုပ်တို့တွင်ရှိသည့်အရာကို ဝေမျှနိုင်ကြသည်။ မက်ဆီဒိုးနီးယားရှိ ခရစ်ယာန်များထံရေးသော ပေါလု၏စာတွင် ဤသို့ဖော်ပြ၏– “သူတို့သည် ကြီးစွာသောစမ်းသပ်မှုကြောင့် ဒုက္ခရောက်နေလျက်ပင် အလွန်ဝမ်းမြောက်ခြင်းရှိကြ၏။ အလွန်ဆင်းရဲနွမ်းပါးလျက်ပင် အလွန်ရက်ရောကြ၏။ အကြောင်းမူကား သူတို့သည် အမှန်တတ်နိုင်သမျှသာမဟုတ်၊ တတ်နိုင်သည်ထက် သာ၍စွန့်ကြဲလိုစိတ်ရှိကြကြောင်း ငါသက်သေခံ၏။ ထိုညီအစ်ကိုများသည် [ယုဒပြည်ရှိ] သန့်ရှင်းသူတို့အား ပေးကမ်းစွန့်ကြဲနိုင်ခွင့်၊ ထောက်ပံ့နိုင်ခွင့်ကို သူတို့သဘောအတိုင်း ငါတို့ထံမှ အတန်တန်တောင်းဆိုကြ၏။” (၂ ကော. ၈:၂-၄) မက်ဆီဒိုးနီးယားရှိခရစ်ယာန်များသည် ဆင်းရဲနွမ်းပါးသော်လည်း အလွန်ရက်ရောခဲ့ကြသည်။ ယုဒပြည်ရှိ လိုအပ်နေသောညီအစ်ကိုတို့အား ဝေမျှပေးကမ်းခြင်းကို အခွင့်ထူးတစ်ခုဟု ယူမှတ်ခဲ့ကြသည်။

၁၃။ “ဧည့်သည်ဝတ်ကိုပြုမြဲပြု” ခြင်းဆိုတာ ဘာကိုဆိုလိုသလဲ။

၁၃ “ဧည့်သည်ဝတ်ကို ပြုမြဲပြုကြလော့” ဟူသည့်စကားစုသည် အစပြုလုပ်ဆောင်ခြင်းဟု အဓိပ္ပာယ်ရှိသော ဂရိအသုံးအနှုန်းကို ပြန်ဆိုထားခြင်းဖြစ်သည်။ ဂျေရုဆလင်ကျမ်းစာသစ်တွင် “ဧည့်ဝတ်ပြုရန် အခွင့်အရေးများရှာယူပါ” ဟူသည့်အသုံးအနှုန်းဖြင့် ပြန်ဆိုထားသည်။ မေတ္တာ၏လှုံ့ဆော်မှုကြောင့် တစ်စုံတစ်ဦးကို တစ်ခါတစ်ရံ ထမင်းတစ်နပ်ဖိတ်ကျွေးခြင်းဖြင့် ဧည့်ဝတ်ပြုသည့်အခါ ယင်းသည် ချီးမွမ်းဖွယ်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် အစပြုလုပ်ဆောင်မည်ဆိုပါက ဧည့်ဝတ်ပြုနိုင်သည့် အခြားနည်းလမ်းများစွာကို တွေ့ရှိပါလိမ့်မည်။ ကျွန်ုပ်တို့သည် ငွေကြေး သို့မဟုတ် ကျန်းမာရေးအခြေအနေ အကန့်အသတ်ဖြစ်၍ အခြားသူတို့အား ထမင်းတစ်နပ် မဖိတ်ကျွေးနိုင်ပါက ကော်ဖီ၊ လက်ဖက်ရည် သို့မဟုတ် အအေးတစ်မျိုးမျိုးတိုက်ခြင်းသည်လည်း ဧည့်ဝတ်ပြုသည့်နည်းတစ်နည်းဖြစ်သည်။

၁၄။ (က) “ဧည့်သည်ဝတ်ကိုပြု” ဆိုပြီးပြန်ဆိုထားတဲ့ ဂရိစကားလုံးက ဘယ်စကားလုံးတွေကို ပေါင်းစပ်ထားတာလဲ။ (ခ) ခရစ်ယာန်ဓမ္မအမှုမှာ ပါဝင်တဲ့အခါ တိုင်းတစ်ပါးသားတွေရဲ့အကျိုးကို လိုလားတယ်ဆိုတာ ဘယ်လိုတင်ပြနိုင်သလဲ။

၁၄ ဧည့်ဝတ်ပြုခြင်းတွင် ကျွန်ုပ်တို့၏သဘောထား ပါဝင်ပတ်သက်သည်။ “ဧည့်သည်ဝတ်ကိုပြု” ဟုပြန်ဆိုထားသော ဂရိစကားလုံးမှာ “မေတ္တာ” နှင့် “သူစိမ်း” ဟူသည့်အဓိပ္ပာယ်ရှိသော ရင်းမြစ်စကားလုံးနှစ်လုံး ပေါင်းစပ်ထားခြင်းဖြစ်သည်။ သူစိမ်းများ သို့မဟုတ် တိုင်းတစ်ပါးသားများအပေါ် ကျွန်ုပ်တို့၏သဘောထားမှာ အဘယ်နည်း။ နိုင်ငံအချို့တွင် ခရစ်ယာန်များသည် မိမိတို့၏အသင်းတော်ရပ်ကွက်သို့ ပြောင်းရွှေ့လာသည့် တိုင်းတစ်ပါးသားများကို သတင်းကောင်းဟောရန် အခြားဘာသာစကားသင်ယူဖို့ ကြိုးစားကြသည်။ ဧည့်သည်ဝတ်ကိုပြုမြဲပြုကြသူတို့ထဲတွင် ထိုသူတို့ကို အမှန်ပင် ရေတွက်နိုင်ပါသည်။ ကျွန်ုပ်တို့အများစုသည် အခြားဘာသာစကားသင်ယူရန် အခြေအနေမပေးသည်မှာ မှန်ပါသည်။ သို့သော် ကျွန်ုပ်တို့အားလုံးသည် ဘာသာစကားများစွာဖြင့် ကျမ်းစာသတင်းစကားပါရှိသော လူမျိုးအပေါင်းမှလူတို့အတွက် သတင်းကောင်းစာအုပ်ငယ်ကို ကောင်းစွာအသုံးပြုကာ တိုင်းတစ်ပါးသားများကို ကူညီရာတွင် အဓိပ္ပာယ်ရှိရှိပါဝင်နိုင်ကြသည်။ ခရစ်ယာန်ဓမ္မအမှုတွင် ယင်းစာအုပ်ငယ်ကိုအသုံးပြုခြင်းဖြင့် ရလဒ်ကောင်းများ ရရှိဖူးပါသလော။

စာနာစိတ်တင်ပြခြင်း

၁၅။ ရောမ ၁၂:၁၅ မှာပါတဲ့ အကြံပြုချက်အတွက် ယေရှု ဘယ်လိုပုံသက်သေပြခဲ့သလဲ။

၁၅ ရောမ ၁၂:၁၅ ကိုဖတ်ပါ။ ဤအခန်းငယ်တွင်ပါသော ပေါလု၏စကားကို စာနာမှုပြပါဟူ၍ အကျဉ်းချုံးနိုင်သည်။ အခြားသူတစ်ဦး၏ခံစားချက်များဖြစ်သော ရွှင်လန်းမှု သို့မဟုတ် ဝမ်းနည်းမှုကို နားလည်သဘောပေါက်ရန်နှင့် မျှဝေခံစားတတ်ရန်ပင် သင်ယူဖို့လိုသည်။ ကျွန်ုပ်တို့သည် စွမ်းအားတော်ဖြင့် စိတ်ထက်သန်ကြမည်ဆိုလျှင် ကျွန်ုပ်တို့၏ရွှင်လန်းမှု သို့မဟုတ် သနားစာနာမှု ထင်ရှားလာမည်။ ခရစ်တော်၏တပည့် ၇၀ သည် ဟောပြောခြင်းလုပ်ငန်းမှ ရွှင်လန်းစွာပြန်လာကြပြီး မိမိတို့လုပ်ငန်း၏ရလဒ်ကောင်းများကို ပြန်ပြောပြကြသည့်အခါ ယေရှုကိုယ်တော်တိုင် “သန့်ရှင်းသောစွမ်းအားတော်ကြောင့် အလွန်ဝမ်းမြောက်” ခဲ့သည်။ (လု. ၁၀:၁၇-၂၁) ကိုယ်တော်သည် သူတို့နှင့်အတူ ရွှင်လန်းခဲ့သည်။ အခြားတစ်ဖက်တွင်မူ ယေရှုသည် မိမိ၏မိတ်ဆွေလာဇရု သေဆုံးသွားသည့်အခါ “ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေး” ခဲ့သည်။—ယော. ၁၁:၃၂-၃၅

၁၆။ စာနာမှုကို ကျွန်ုပ်တို့ ဘယ်လိုတင်ပြနိုင်သလဲ၊ အထူးသဖြင့် ဘယ်သူတွေက စာနာမှုပြဖို့လိုသလဲ။

၁၆ စာနာမှုတင်ပြရာတွင် ယေရှု၏ပုံသက်သေကို ကျွန်ုပ်တို့လိုက်လျှောက်လိုကြသည်။ ခရစ်ယာန်ချင်းတစ်ဦး ဝမ်းမြောက်နေချိန်တွင် ကျွန်ုပ်တို့သည် သူနှင့်အတူ ဝမ်းမြောက်လိုကြသည်။ အလားတူ၊ ညီအစ်ကိုညီအစ်မတို့၏ နာကျင်ဝမ်းနည်းမှုများကိုလည်း အကင်းပါးပါး သိမြင်သင့်သည်။ စိတ်ထိခိုက်နေသော ယုံကြည်သူချင်းများ၏စကားကို စာနာမှုအပြည့်ဖြင့် အချိန်ပေးနားထောင်မည်ဆိုပါက ထိုသူတို့ကို များစွာသက်သာရာ ရစေနိုင်လေ့ရှိသည်။ တစ်ခါတစ်ရံ၊ ကျွန်ုပ်တို့သည် စိတ်ထိခိုက်လွန်းသဖြင့် မျက်ရည်ကျသည်အထိ စာနာစိတ် ဖြစ်မိပေမည်။ (၁ ပေ. ၁:၂၂) အထူးသဖြင့် အကြီးအကဲများသည် စာနာမှုတင်ပြရာတွင် ပေါလု၏ဆုံးမစကားကို လိုက်နာသင့်သည်။

၁၇။ ရောမအခန်းကြီး ၁၂ ကနေ ဘာတွေကို သင်ယူသိရှိခဲ့သလဲ၊ နောက်ဆောင်းပါးမှာ ဘာအကြောင်းကို သုံးသပ်ကြမလဲ။

၁၇ ရောမအခန်းကြီး ၁၂ ထဲမှ ကျွန်ုပ်တို့သုံးသပ်ခဲ့သော အခန်းငယ်များသည် ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့၏အသက်တာတွင်၊ ညီအစ်ကိုများနှင့်ကျွန်ုပ်တို့၏ ဆက်ဆံရေးတွင် ကျင့်သုံးနိုင်သော ဆုံးမစကားများဖြစ်သည်။ နောက်ဆောင်းပါးတွင် ယင်းအခန်းကြီးမှ ကျန်ရှိသောအခန်းငယ်များကို သုံးသပ်ကြမည်၊ ဆန့်ကျင်သူများနှင့် ညှဉ်းပန်းနှိပ်စက်သူများအပါအဝင် ခရစ်ယာန်အသင်းတော်ပြင်ပမှလူတို့ကို ကျွန်ုပ်တို့ မည်သို့ရှုမြင်၊ ဆက်ဆံသင့်ပုံကို ဆွေးနွေးသုံးသပ်ပါမည်။

ပြန်လည်သုံးသပ်ချက်

• “စွမ်းအားတော်ဖြင့် စိတ်ထက်သန်” ကြောင်း ကျွန်ုပ်တို့ ဘယ်လိုတင်ပြနိုင်သလဲ။

• ကျွန်ုပ်တို့ ဘာကြောင့် နှိမ့်ချမှု၊ ကျိုးနွံမှုတွေနဲ့ ဘုရားသခင့်အမှုတော်ဆောင်သင့်သလဲ။

• ယုံကြည်သူချင်းတွေကို စာနာထောက်ထားကြောင်း ဘယ်လိုနည်းတွေနဲ့ ပြသနိုင်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ဒီခရစ်ယာန်လုပ်ဆောင်မှုတွေမှာ ကျွန်ုပ်တို့ ဘာကြောင့် ပါဝင်ကြသလဲ

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

တိုင်းတစ်ပါးသားတွေ ဘုရားသခင့်နိုင်ငံတော်အကြောင်း သင်ယူနိုင်ဖို့ ကျွန်ုပ်တို့တစ်ဦးစီ ဘယ်လိုကူညီနိုင်သလဲ