မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုဝတ်ပြုမှု—ကယ်တင်ခြင်းအတွက်အရေးပါ

မိသားစုဝတ်ပြုမှု—ကယ်တင်ခြင်းအတွက်အရေးပါ

မိသားစုဝတ်ပြုမှု—ကယ်တင်ခြင်းအတွက်အရေးပါ

‘အတိုင်းအဆမဲ့တန်ခိုးရှင်ဘုရားသခင်၏နေ့ကြီးတွင် တိုက်မည့်စစ်ပွဲ’ သည် မည်မျှကြောက်မက်ဖွယ်ကောင်းမည်ကို စဉ်းစားကြည့်ပါ။ (ဗျာ. ၁၆:၁၄) ပရောဖက်မိက္ခာသည် ပုံဆောင်စကားဖြင့် ဤသို့ ကွက်ကွက်ကွင်းကွင်းရေးခဲ့သည်– “မီးရှေ့မှာ ဖယောင်းကဲ့သို့လည်းကောင်း၊ ချောက်ကြီးမှဆင်းသောရေကဲ့သို့လည်းကောင်း . . . တောင်တို့သည် အရည်ဖြစ်၍ ချိုင့်တို့သည်လည်း အက်ကွဲကြလိမ့်မည်။” (မိ. ၁:၄) ယေဟောဝါ၏အမှုကို မဆောင်သူတို့အတွက် အဘယ်အန္တရာယ်ရှိမည်နည်း။ ကျမ်းစာက ဤသို့ဆိုသည်– ‘ထိုအခါ ယေဟောဝါကွပ်မျက်တော်မူခြင်းကို ခံရသောသူတို့သည် မြေကြီးတစ်ဖက်မှတစ်ဖက်တိုင်အောင် နှံ့ပြားကြလိမ့်မည်။’—ယေ. ၂၅:၃၃

ထိုသတိပေးချက်များကိုထောက်သော် အိမ်ထောင်ဦးစီး၊ အများအားဖြင့် ကြင်ဖော်မဲ့မိဘတို့သည် စဉ်းစားဆင်ခြင်နိုင်သည့်အရွယ်ရှိသော သားသမီးတို့နှင့်ပတ်သက်၍ မိမိတို့ကိုယ်ကို ဤသို့မေးသင့်သည်– ‘အာမဂေဒုန်မှာ သူတို့တွေလွတ်ပါ့မလား။’ ထိုသို့ကြုံလာသည့်အခါ သူတို့၏အသက်အရွယ်အလိုက် ဘုရားသခင်နှင့်ဆက်ဆံရေး ကောင်းနေမည်ဆိုလျှင် လွတ်မြောက်လိမ့်မည်ဟု ကျမ်းစာက အာမခံသည်။—မ. ၂၄:၂၁

မိသားစုဝတ်ပြုမှုအတွက် အချိန်ဖယ်ထားခြင်း၏ အရေးကြီးမှု

မိဘတစ်ဦးအနေနှင့် သင့်သားသမီးများကို ‘ယေဟောဝါ၏ ဆုံးမပဲ့ပြင်ခြင်းနှင့် စိတ်သဘောတော်အတိုင်း’ အတတ်နိုင်ဆုံး ပြုစုပျိုးထောင်နေကြောင်း သေချာစေပါ။ (ဧ. ၆:၄) သင့်သားသမီးတို့နှင့်အတူ ကျမ်းစာလေ့လာခြင်း၏အရေးကြီးမှုကို လျှော့မတွက်ပါနှင့်။ ကျွန်ုပ်တို့၏လူငယ်များကို ဖိလိပ္ပိမြို့ရှိ ခရစ်ယာန်များကဲ့သို့ ဖြစ်စေလိုသည်၊ ထိုသူတို့သည် ယေဟောဝါကို တလိုတလားနာခံသည့်အတွက် ပေါလု ချီးမွမ်းခဲ့သည်။ သူဤသို့ရေးခဲ့၏– “ချစ်ရသောသူတို့၊ သင်တို့သည် ငါရှိစဉ်အချိန်၌သာမက၊ ယခု ငါမရှိစဉ်အချိန်၌လည်း သာ၍ပင် နာခံ၍ အစဉ်နာခံခဲ့ကြသည့်နည်းတူ ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့် သင်တို့ကိုယ်တိုင်၏ ကယ်တင်ခြင်းအတွက် ကြိုးစားဆောင်ရွက်နေကြလော့။”—ဖိ. ၂:၁၂

သားသမီးများသည် သင့်မျက်ကွယ်ရာတွင် ယေဟောဝါ၏ပညတ်များကို နာခံပါသလော။ ကျောင်းတွင် ရှိနေချိန်၌ကော အသို့နည်း။ သင့်မျက်ကွယ်၌ပင် ယေဟောဝါ၏ပညတ်များကို လိုက်နာခြင်းသည် ပညာရှိလမ်းစဉ်ဖြစ်ကြောင်း သားသမီးတို့ ယုံကြည်စိတ်ချလာစေရန် သင်မည်သို့ကူညီပေးနိုင်သနည်း။

သင့်သားသမီး၏ယုံကြည်ခြင်းကို တည်ဆောက်ရာတွင် မိသားစုဝတ်ပြုမှုသည် အလွန်အရေးကြီးသောကဏ္ဍ၌ ပါဝင်သည်။ ထို့ကြောင့် အကျိုးရှိသော မိသားစုကျမ်းစာလေ့လာမှုပြုလုပ်ရန် အခြေခံကျသော သော့ချက်သုံးချက်ကို ဆွေးနွေးကြည့်ကြစို့။

ပုံမှန်လုပ်ဆောင်ပါ

ဘုရားသခင်သည် မိမိ၏သားများဖြစ်သော ကောင်းကင်တမန်တို့ကို ချိန်းချက်သောအချိန်တွင် ကိုယ်တော်ရှေ့မှောက်ခစားကြရန် ဖိတ်ခေါ်ကြောင်း ကျမ်းစာတွင် ဖော်ပြထားသည်။ (ယောဘ ၁:၆) သင့်သားသမီးတို့နှင့် အလားတူပြုလုပ်ပါ။ မိသားစုဝတ်ပြုမှုညချမ်းအတွက် နေ့ရက်နှင့်အချိန်ကိုသတ်မှတ်ပြီး မပျက်မကွက်ပြုလုပ်ပါ။ ထို့ပြင် ကြိုတင်မမြင်နိုင်သောအခြေအနေများ ပေါ်လာနိုင်သည့်အတွက် နောက်ထပ်အချိန်တစ်ချိန်ကို သတ်မှတ်ထားပါ။

လများကုန်လွန်လာသည်နှင့်အမျှ မိသားစုကျမ်းစာလေ့လာမှုကို ရံဖန်ရံခါမှလုပ်လျှင်လည်း ရသည်ဟူသောသဘောထား မဝင်ပါစေနှင့်။ သင့်သားသမီးများသည် သင်၏အရေးကြီးဆုံး ကျမ်းစာသင်သားများဖြစ်ကြောင်း သတိရပါ။ ထို့ပြင် စာတန်သည် သူတို့ကို သားကောင်ဖြစ်စေလိုသည်။ (၁ ပေ. ၅:၈) ဤအရေးပါသော မိသားစုဝတ်ပြုမှုညချမ်းကို ရုပ်မြင်သံကြားကြည့်ရှုခြင်း သို့မဟုတ် အခြားအရေးမကြီးသည့် လုပ်ဆောင်မှုအချို့ကြောင့် ပျက်ကွက်မည်ဆိုလျှင် စာတန်အနိုင်ရသွားမည်ဖြစ်သည်။—ဧ. ၅:၁၅၊ ၁၆; ၆:၁၂; ဖိ. ၁:၁၀

လက်တွေ့ကျကျပြုလုပ်ပါ

မိသားစုဝတ်ပြုမှုညချမ်းသည် အကြောင်းအရာများလေ့လာခြင်းထက်မက ဖြစ်သင့်သည်။ လက်တွေ့ကျဖို့ကြိုးစားရန် လိုသည်။ မည်သို့အားဖြင့်နည်း။ လာမည့်နေ့ရက်များ သို့မဟုတ် သီတင်းပတ်များတွင် သင့်သားသမီးများ ရင်ဆိုင်ရမည့်အရာနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို ရွေးချယ်ရသည့်အခါများ ရှိပေမည်။ ဥပမာ၊ ဓမ္မအမှုအတွက် လက်တွေ့လေ့ကျင့်သည့်အစီအစဉ်များ ပါဝင်စေပါ။ လူငယ်တို့သည် မိမိတို့ ကောင်းစွာလုပ်ဆောင်နိုင်သည့်အရာများတွင် ပျော်မွေ့ကြသည်။ တင်ဆက်နည်းများကို လေ့ကျင့်ထားခြင်းနှင့် ကန့်ကွက်ချက်များကို တုံ့ပြန်သည့်နည်းများ စဉ်းစားထားခြင်းသည် ဟောပြောခြင်းလုပ်ငန်း ပုံစံအမျိုးမျိုးတွင်ပါဝင်စဉ် ပို၍စိတ်ချယုံကြည်မှုရှိလာရန် အထောက်အကူပြုပါလိမ့်မည်။—၂ တိ. ၂:၁၅

ရွယ်တူချင်းဖိအားကို သင့်သားသမီးတို့ ကိုင်တွယ်ဖြေရှင်းရန် အထောက်အကူပြုမည့် လက်တွေ့လေ့ကျင့်မှုများလည်း ထည့်သွင်းနိုင်သည်။ သင့်ကလေး လွတ်လပ်စွာပြောဆိုနိုင်ရန် အခွင့်အရေးရစေသော အားရှိစရာဆွေးနွေးခန်းများပြုလုပ်ဖို့ ကြိုးစားပါ။ အဘယ်အခက်အခဲများကို သူရင်ဆိုင်နေရကြောင်း၊ အဘယ်နေရာတွင် ရင်ဆိုင်ရကြောင်း၊ လက်လျှော့အရှုံးပေးလိုက်လျှင် ဘာဖြစ်နိုင်ကြောင်း၊ တွန်းလှန်လျှင် ဘာဖြစ်နိုင်ကြောင်းစသည့်မေးခွန်းများ မေးနိုင်သည်။ သူတို့ရင်ဆိုင်ရသည့် အခက်အခဲများကို မည်သို့တုံ့ပြန်နိုင်ကြောင်း အစမ်းလေ့ကျင့်ခြင်းပင် ပြုလုပ်နိုင်သည်။

မိသားစုဝတ်ပြုမှုသည် ဝတ်ပြုရေးနှင့်ဆိုင်သည့်ပန်းတိုင်များထားရှိခြင်း၏ အကျိုးကျေးဇူးများကို အလေးပေးပြောဆိုရန် မိဘများအား အခွင့်အရေးရရှိစေသည်။ ယင်းနှင့်ပတ်သက်၍ “လူငယ်တို့သင်တို့အသက်တာကို မည်သို့အသုံးပြုကြမည်နည်း” ဟူသော ဝေစာတွင် အလွန်ကောင်းသော အကြောင်းအရာပါရှိသည်။ ဤအကြောင်းကိုဆွေးနွေးစဉ် လူတစ်ဦး၏ဘဝတွင် ယေဟောဝါအမှုဆောင်ခြင်းကို အဓိကထားခြင်းသည် အကောင်းဆုံးလမ်းစဉ်ဖြစ်ကြောင်း သဘောပေါက်ရန် သင့်ကလေးကို ကူညီပေးပါ။ ကလေး၏နှလုံးထဲတွင် ရှေ့ဆောင်လုပ်ခြင်း၊ ဗေသလတွင်အမှုဆောင်ခြင်း၊ ဓမ္မအမှုသင်တန်းကျောင်းတက်ခြင်း သို့မဟုတ် အခြားအချိန်ပြည့်အမှုဆောင်ခြင်းတစ်မျိုးမျိုးတွင် ပါဝင်လိုသောဆန္ဒရှိရန် ပြုစုပျိုးထောင်ပေးပါ။

သတိပြုစရာ– ရည်ရွယ်ချက်ကောင်းရှိသောမိဘအချို့သည် သားသမီးလုပ်ဆောင်နေသည့်အရာကို အသိအမှတ်ပြုရန် ပျက်ကွက်ပြီး ကလေးကို မိမိတို့ဖြစ်စေလိုသည့်အရာတွင်သာ အာရုံစိုက်တတ်ကြသည်။ ထို့ကြောင့် သင့်သားသမီးများကို ဗေသလလုပ်ငန်း၊ ခရစ်ယာန်သာသနာပြုလုပ်ငန်းနှင့် အလားတူပန်းတိုင်ကောင်းများထားရှိရန် တိုက်တွန်းခြင်းသည် ကောင်း၏။ သို့သော် ထိုသို့ပြုရာတွင် သင့်မျှော်လင့်ချက်များကြောင့် သင့်ကလေး ဒေါသမထွက်စေရန်၊ စိတ်မပျက်စေရန် သတိပြုပါ။ (ကော. ၃:၂၁) သင်၏သား သို့မဟုတ် သမီးသည် သင့်ကြောင့်မဟုတ်ဘဲ သူတို့၏စိတ်နှလုံးထဲမှ ယေဟောဝါကိုချစ်တတ်လာရမည်ကို အမြဲသတိရပါ။ (မ. ၂၂:၃၇) ထို့ကြောင့် သင့်သား သို့မဟုတ် သမီး ကောင်းစွာလုပ်ဆောင်နေသည့်အရာကို ချီးမွမ်းရန်နည်းလမ်းများရှာပြီး မလုပ်ဆောင်သည့်အရာကိုလုပ်ဖို့ တွန်းအားမပေးပါနှင့်။ ယေဟောဝါလုပ်ဆောင်ပေးရာခပ်သိမ်းကို လေးမြတ်ရန် အားပေးပါ။ ထို့နောက် ယေဟောဝါ၏ကောင်းမြတ်မှုကို သင့်ကလေး၏စိတ်နှလုံးမှ တုံ့ပြန်ပါလေစေ။

ပျော်စရာဖြစ်စေပါ

အကျိုးရှိသော မိသားစုဝတ်ပြုမှုညချမ်းဖြစ်ရန် တတိယသော့ချက်မှာ ပျော်စရာဖြစ်အောင်ပြုလုပ်ခြင်းဖြစ်သည်။ ယင်းကို မည်သို့ပြုလုပ်နိုင်သနည်း။ ဤအခါသမယတွင် အသံသွင်းပြဇာတ်တစ်ခုကို နားထောင်နိုင်သည် သို့မဟုတ် ယေဟောဝါသက်သေများထုတ်ဝေသည့် ဗီဒီယိုတစ်ခွေကို ကြည့်ရှုပြီး ဆွေးနွေးနိုင်သည်။ သို့မဟုတ် ကျမ်းစာမှ အပိုင်းတစ်ပိုင်းကို အတူတကွဖတ်ရှုရာတွင် မိသားစုဝင်များကို ဇာတ်ကောင်အလိုက် တာဝန်ပေးဖတ်ရှုစေနိုင်သည်။

ကျွန်ုပ်တို့၏ကင်းမျှော်စင်နှင့် နိုးလော့! တို့တွင် ပုံမှန်ဆောင်းပါးများပါရှိပြီး ယင်းတို့သည် မိသားစုဆွေးနွေးမှုအတွက် အလွန်ကောင်းသော အကြောင်းအရာများဖြစ်သည်။ ဥပမာ၊ နိုးလော့! မဂ္ဂဇင်း၏စာမျက်နှာ ၂၃ ရှိ “သင်မည်သို့ဖြေဆိုမည်နည်း” ခေါင်းစဉ်ပါအကြောင်းအရာကို သင်အသုံးပြုနိုင်သည်။ လစဉ်ထုတ်ကင်းမျှော်စင်၏ လူထုစာစောင်တွင် “လူငယ်စာရှုသူများအတွက်” ဆောင်းပါးနှင့် ငယ်ရွယ်သူယောက်ျားလေး၊ မိန်းကလေးများအတွက် “သားသမီးတို့ကို သွန်သင်လော့” ဆောင်းပါးများ အလှည့်ကျပါရှိသည်။

နိုးလော့!တွင်ပါသော “လူငယ်များအမေး” ဆောင်းပါးများနှင့် လူငယ်များအမေး၊ အတွဲ ၁ စာအုပ်ကို မြီးကောင်ပေါက်တို့၏မိဘများ အထူးစိတ်ဝင်စားမည်ဖြစ်သည်။ ထိုဆောင်းပါးကို အသုံးပြုသည့်အခါ ဆောင်းပါး၏အဆုံး၌ပါသော “ချင့်တွေးစရာ” လေးထောင့်ကွက်ကို လျစ်လျူမရှုပါနှင့်။ ထိုလေးထောင့်ကွက်ပါမေးခွန်းများသည် ပြန်လည်သုံးသပ်ရန်အတွက်သာ မဟုတ်ဘဲ မိသားစုဆွေးနွေးမှုအတွက် အသုံးပြုနိုင်သည်။

သို့သော် မိသားစုလေ့လာမှုကို စုံစမ်းမေးမြန်းချိန်မဖြစ်သွားစေရန် သတိပြုပါ။ ဥပမာ၊ မိဘများအနေနှင့် သားသမီးများကို မိသားစုလိုက်ဆွေးနွေးသည့်အကြောင်းအရာနှင့်ပတ်သက်၍ မှတ်တမ်းမှတ်ရာထားရန်၊ သူတို့၏ယူဆချက်နှင့်ခံစားချက်များရင်ဖွင့်ရန်၊ ဘဝတွင် မည်သို့ကျင့်သုံးနိုင်ကြောင်း ပြောပြရန် အားပေးပါ။ သို့သော် သင့်သားသမီးရေးထားသော မှတ်တမ်းမှတ်ရာများကို အသံကျယ်ကျယ်ဖြင့်ဖတ်ပြရန်  ဖိအားပေးဖို့ မကြိုးစားပါနှင့်။ ထိုသို့ဖိအားပေးခြင်းက အမှန်ကိုအမှန်အတိုင်းရေးရန် တွန့်ဆုတ်သွားစေမည်။  ပွင့်ပွင့်လင်းလင်းရေးရန်  သင့်ကလေးကို တိုက်တွန်းပါ။

သင့်မိသားစုဝတ်ပြုမှုကို ပုံမှန်နှင့် လက်တွေ့ကျကျလုပ်ဆောင်ပြီး ပျော်ရွှင်စရာဖြစ်စေပါက သင့်ကြိုးစားမှုကို ယေဟောဝါကောင်းချီးပေးပါလိမ့်မည်။ ဤမိသားစုဝတ်ပြုမှုသည် သင်ချစ်မြတ်နိုးရသူများ၏ ယုံကြည်ခြင်းကို ရှင်သန်ခိုင်မြဲစေပါလိမ့်မည်။

[စာမျက်နှာ ၃၁ ပါလေးထောင့်ကွက်]

တီထွင်ဖန်တီးပါ

“ကျွန်မခင်ပွန်းနဲ့ကျွန်မက အသင်းတော်အစည်းအဝေးအတွက် ပြင်ဆင်ဖို့ အကြောင်းအရာတွေကို ဆွေးနွေးပြီးတဲ့နောက် ကျွန်မတို့ရဲ့သမီးငယ်တွေနဲ့ လေ့လာမှုပြုတဲ့အခါ သင်ခန်းစာအကျဉ်းချုပ်ကို သူတို့ကို ပုံဆွဲခိုင်းတယ်။ တစ်ခါတလေ၊ ကျမ်းစာဇာတ်ကွက်တွေကို သရုပ်ဆောင်ကြတယ် ဒါမှမဟုတ် လယ်ကွင်းလုပ်ငန်းတင်ဆက်ပုံတွေကို လေ့ကျင့်ကြတယ်။ သူတို့ရဲ့အသက်အရွယ်အလိုက် လေ့လာမှုကို စိတ်ဝင်စားစရာ၊ တည်ဆောက်စရာ၊ ပျော်ရွှင်စရာဖြစ်အောင် ပြုလုပ်ကြတယ်။” —ဂျေ.အမ်.၊ အမေရိကန်ပြည်ထောင်စု။

“ကျမ်းစာခေတ်က ကျမ်းလိပ်အသုံးပြုပုံကို ကျွန်တော့်ကျမ်းစာသင်သားရဲ့သား နားလည်အောင် ကူညီပေးဖို့ အခန်းကြီးအခန်းငယ်နံပါတ်တွေမပါဘဲ ဟေရှာယကျမ်းကို ကျွန်တော်တို့ပုံနှိပ်ခဲ့တယ်။ ပြီးတော့ စာမျက်နှာတွေကိုဆက်လိုက်ပြီး အစွန်းတစ်ဖက်စီကို ပိုက်လုံးနဲ့ကပ်ပြီး လိပ်လိုက်တယ်။ အဲ့ဒီနောက် သားက နာဇရက်မြို့တရားဇရပ်မှာ ယေရှုလုပ်တဲ့အတိုင်း လုပ်ကြည့်တယ်။ လုကာ ၄:၁၆-၂၁ မှာ ယေရှုဟာ ‘[ဟေရှာယ] ကျမ်းစာလိပ်ကိုဖွင့်ပြီး ကျမ်းချက်ကို ရှာတွေ့’ တယ်လို့ ဖော်ပြထားတယ်။ (ဟေရှာ. ၆၁:၁၊ ၂) ဒါပေမဲ့ ရှည်လျားတဲ့ကျမ်းလိပ်ထဲမှာ အခန်းကြီးအခန်းငယ်မပါဘဲ ဟေရှာယ ၆၁ ကို ရှာတွေ့ ဖို့ခက်တယ်ဆိုတာ သားသိသွားတယ်။ ကျမ်းလိပ်ကိုကိုင်တွယ်ရာမှာ ယေရှုရဲ့ ကျွမ်းကျင်မှုကို အထင်ကြီးပြီး သားက ‘ယေရှုက အရမ်းတော်တာပဲ’ လို့ပြောခဲ့တယ်။”—ဝိုင်. တီ.၊ ဂျပန်။

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

လက်တွေ့လေ့ကျင့်တဲ့အစီအစဉ်တွေက ရွယ်တူချင်းဖိအားကို သင့်သားသမီးများရင်ဆိုင်ရာမှာ အထောက်အကူပြုနိုင်

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

မိသားစုဝတ်ပြုမှုညချမ်းကို ပျော်ရွှင်စရာဖြစ်အောင် ကြိုးစားပါ